← Chapters

မက်မွန်ပွင့်ကျိန်စာ(1): ဘိုးဘွားများ၏ ကောင်းချီးမင်္ဂလာ + ပီယအဆောင်(4)

Vol. 42 Ch. 420

မက်မွန်ပွင့်ကျိန်စာ(1): ဘိုးဘွားများ၏ ကောင်းချီးမင်္ဂလာ + ပီယအဆောင်(4)

Vol. 42 Ch. 420

ကုကျစ်စုန့် ထိုအရာနှစ်ခုလုံးက ကာကွယ်ခြင်းအတွက် အသုံးပြုသည့် မှော်ကိရိယာများပင် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။

ပထမတစ်ခုက ဘုန်းကြီးကျောင်းတွင် မန်းမှုတ်သန့်စင်ထားသော ပုတီးကုံးတစ်ကုံးဖြစ်ပြီး ကျန်တစ်ခုသည်က မကောင်းဆိုးဝါးဝိဉာဉ်များကို ဖိနှိပ်ပေးနိုင်သည့် ရှေးဟောင်းကျောက်စိမ်းဖြစ်သည်။

ယခုအချိန်တွင်တော့ ထိုအရာနှစ်ခုလုံးက မကောင်းဆိုးဝါးများအား နှင်ပေးပြီးနောက် မီးခိုးရောင်အလွှာပါးတစ်ခုဖြင့် ဖုံးလွှမ်းနေခဲ့သည်။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ အံကို ကြိတ်ကာ ပြောလိုက်သည်။

“ခုနက ကုတောက်ကျန့် ကျွန်မမှာ မက်မွန်ပန်းပွင့်ကံကြမ္မာရှိတယ်လို့ ပြောလိုက်တာကြားလိုက်တယ်၊ ရှင် ဘာကို ပြောချင်တာလဲဆိုတာ ကျွန်မ သဘောပေါက်ပါတယ်

ကျွန်မ အခု ကြုံတွေ့နေရသမျှအားလုံးက အဲ့ဒီကံကြမ္မာကြောင့် ဖြစ်နေတာလို့ ပြောချင်တာမဟုတ်လား? အဖေ ခေါ်လာတဲ့ ဆရာကလည်း အဲ့လိုတစ်ပုံစံတည်း ပြောခဲ့တာ!”

“ကျွန်မ အခုအချိန်ထိ ကြုံတွေ့နေရသမျှအားလုံး၊ ဒီမကောင်းတာတွေရဲ့ ခြောက်လှန့်ခံနေရတာတွေအားလုံးက ဘာကြောင့်လဲဆိုတော့ အရူးတစ်ကောင်ကြောင့်ပဲ!”

ကုကျစ်စုန့် မငြင်းဆန်သကဲ့သို့ အတည်လည်း မပြုခဲ့ပေ။ တီးတိုးသာ ရေရွတ်လိုက်သည်။

“အမ်..”

“ကြည့်ရတာ အကူအညီတောင်းသူက စိတ်ကို ဆုံးဖြတ်ထားပြီးပြီထင်တယ်”

“ရှင့်ရဲ့ မျက်နှာပေါ်မှာ မကောင်းတဲ့အနံ့အသက်စွဲကပ်နေပြီး ရှင်က စိတ်ဓာတ်ကျ၊ ကြောက်လန့်နေခဲ့တယ်၊ ရှင့်ရဲ့ ကံကြမ္မာမှာ မကောင်းဆိုးဝါးဝိဉာဉ်တွေ ရှိနေပြီးတော့ အဲဒါတွေက မက်မွန်ပန်းပွင့်နဲ့ သွားပြီး ထိခိုက်နေခဲ့တယ်

ဒီတော့ ရှင့်ရဲ့ အခုလက်ရှိ အခြေအနေ ဆိုးဝါးနေရခြင်းက မက်မွန်ပန်းပွင့်ကြောင့်ပဲဆိုတာကို ပြနေတာပဲ”

“ရှင့်ရဲ့ ‘မျက်ရည်လမ်းကြောင်း’က အပြာရောင်ဖြစ်နေတယ် အမျိုးသား၊ အမျိုးသမီးနန်းတော်တွေကလည်း အစီအစဉ်မကျ ရောနေခဲ့တယ်

ပြောရရင် အလင်း အချစ်လမ်းကြောင်းနဲ့ အမှောင်အချစ်လမ်းကြောင်းတစ်ခု ရှိနေသလိုပဲ၊ ဖြစ်နိုင်တာက ရှင်က လူနှစ်ယောက်နဲ့ ပတ်သတ်ပြီးတော့များ အခုကိစ္စကို စိတ်ပူနေရတာလား?”

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ပြောလိုက်သည်။

“အဲဒီလိုမဟုတ်ပါဘူး ကုတောက်ကျန့်။ ကျွန်မမှာ ချစ်သူရှိတယ်၊ သူနဲ့ ကျွန်မက အကုန်အဆင်ပြေသင့်မြတ်တယ် ကျွန်မလည်း သူ့ကို အရမ်းချစ်တာ၊

ရှင်ပြောတဲ့ ကျွန်မက နောက်လူတစ်ယောက်နဲ့ပါ ဆက်နွယ်နေတယ်ဆိုတာ.. ကျွန်မက ဖောက်ပြန်တာမဟုတ်ဘူးနော် အဲဒီလူက တကယ့်ကို ဆိုက်ကိုကောင်၊ သူက ကျွန်မကို ကျိန်စာတိုက်သွားတာ၊ ကျွန်မ သူ့ကို နည်းနည်းလေးမှကို သဘောမကျဘူး!”

အမျိူးသမီးငယ်လေး သူမ၏ ဖြစ်စဉ်အား ဒေါသသံ ယှက်၍ ပြန်ပြောင်း ပြောဆိုလာခဲ့သည်။

သူမသည်က သူမအား ကျိန်စာတိုက်သွားသူကို ကောင်းကောင်းသိသည်။

ပြန်စဉ်းစားကြည့်လျှင် သူတို့က ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ တစ်ဖက်ကောင်လေး၏ မိသားစုသည်လည်း စီးပွားရေးလုပ်ကိုင်ကြသူများ ဖြစ်သည်။ သူတို့နှစ်ဦးက အသက်အရွယ် မတိမ်းမယိမ်းဖြစ်သောကြောင့် မူကြိုမှစ၍ အတူတူ ကျောင်းတက်ခဲ့ကြသည်။

အလယ်တန်း၊ အထက်တန်းလည်း အတူတူပင်။

မူလတန်းမှ အလယ်တန်းအထိ ထိုကောင်လေးက သူမ၏အနားတွင်သာ ကပ်တွယ်နေတတ်ပြီး သူတို့က ငယ်ငယ်ကတည်းက စေ့စပ်ထားသူများဖြစ်ကြောင်း၊ အရွယ်ရောက်လာရင် လက်ထပ်ကြမည်ဖြစ်ကြောင်း ပြောဆိုလေ့ရှိသည်။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သည်က ငယ်စဉ်ကတည်းက မိသားစု၏ မင်းသမီးလေးဖြစ်ပေသည်။

သူမ လိုချင်သည့်အရာရှိလျှင် မရသည်ဟူ၍ မရှိခဲ့ချေ။ သူမသည်က အမြင်ဖြင့် ဆုံးဖြတ်တတ်သူလည်း ဖြစ်သည်။

ချောမောခန့်ညားသည့် ကောင်လေးများကိုသာ သဘောကျသည်။

သို့သော် တစ်ဖက်မှ ကောင်လေး၏ ခန္ဓာကိုယ်က အတော်လေးဝသည်။ သူသည်က မူလတန်းတွင်တော့ ပြည့်ပြည့်ဖောင်းဖောင်းဖြင့် ချစ်စရာကောင်းသော်လည်း အရွယ်ရောက်လာပြီး အလယ်တန်း၊ အထက်တန်းတွင်လည်း ခန္ဓာကိုယ်က ပြောင်းလဲသွားခြင်းမရှိပေ။

အချုပ်ဆိုရလျှင် ထိုကောင်လေးက လုံးဝ ချောမောခြင်းမရှိပါချေ။

ထို့အပြင် သူသည် မိသားစုထဲတွင် အငယ်ဆုံးသားဖြစ်၍ အလိုလိုက်ခံထားရသူဖြစ်သည်။ အင်မတန် ရှက်တတ်ပြီး အပေါင်းအသင်းဝင်ဆံ့သူ မဟုတ်ပေ။ သူမ ကြိုက်တတ်သည့် စတိုင်မျိုး မဟုတ်ပါချေ။

သို့သော် ထိုကောင်လေးသည်က ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ နောက်သို့ တကောက်ကောက်လိုက်နေတတ်ပြီး အင်မတန်လည်း ခေါင်းမာသူဖြစ်သည်။

အထက်တန်းကျောင်းမှာပင် မိဘများအား သူမတက်နေသည့် ပုဂ္ဂလိကကျောင်းသို့ ပြောင်းပေးရန် ဖိအားပေးခဲ့သည်။ သူမနှင့် တစ်တန်းတည်းပင် အတူဖြစ်အောင် လုပ်ယူခဲ့သည်။ သူသည် အုန်းကပ်စေးကဲ့သို့ပင် ရှိနေပြီး သူမ၏အနားမှ ခွာ၍ မရခဲ့ချေ။

သူမနှင့် ရင်းနှီးသော သူငယ်ချင်းများပင် ထိုကောင်လေးက သူမအား အင်မတန် စွဲလမ်းနေကြောင်း သိကြသည်။

အချိန်ကြာလာသည်နှင့်အမျှ အချိန်တိုင်း စောင့်ကြည့်ခံနေရပြီး နှောင့်ယှက်ခံနေရခြင်းသည် အင်မတန် စိတ်ရှုပ်ဖွယ်ကောင်းလာရသည်။

သူမ ထိုကောင်လေးအား အကြိမ်ပေါင်းများစွာ ငြင်းဆိုခဲ့ပြီးဖြစ်သည်။

သို့သော် တစ်ဖက်လူသည်က သူမ၏အနီးသို့ ပို၍ နီးစပ်နိုင်ရန်သာ စိတ်ဝင်စားနေခဲ့ပြီး နောက်ဆုတ်ရန် အစီအစဉ်မရှိပေ။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သည်က မိဘများအား အကြိမ်ပေါင်းများစွာ ပြောပြခဲ့သော်လည်း မိဘများမှ သူမအား ပြုံး၍သာ နှစ်သိမ့်ပေးခဲ့ကြသည်။

တစ်ဖက်ကောင်လေး၏ မိသားစုသည်လည်း စီးပွားရေး အသိုင်းအဝိုင်းမှ ဖြစ်ပြီး မိသားစုနှစ်စု စီးပွားရေး တွဲဖက်လုပ်ကိုင်ကြသည်များလည်း ရှိကြောင်း၊ မိတ်ပျက်၍ မကောင်းကြောင်းသာ ပြောဆိုခဲ့ကြသည်။

ထိုကိစ္စနှင့် ပတ်သတ်၍ မိဘများနှင့် ပြဿနာဖြစ်ပေါင်းလည်း မနည်းတော့ပေ။

နောက်ပိုင်း ကောလိပ်ဝင်ခွင့်ဖြေဆိုရာတွင် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သည်က အဆင့်ကောင်းသောကြောင့် နာမည်ကြီး တက္ကသိုလ် ဝင်ခွင့်ရခဲ့သည်။

သူမသည်က မိဘများ၏ အသိုင်းအဝိုင်းတွင်လည်း ထူးချွန်သူဖြစ်သောကြောင့် မိသားစုဂုဏ်ယူရသူလည်း ဖြစ်ပေသည်။

ထိုကောင်လေးမှာတော့ မိသားစုအများစု၏ သားအငယ်ဆုံးကဲ့သို့ပင်။ သူသည် ပညာရေးတွင် ထူးချွန်မှုမရှိ။ စာလေ့လာနေသည့် အချိန်များတွင် အနုပညာကို သွားရောက် လေ့လာတတ်သောကြောင့် ကျောင်းကောင်းကောင်း တက်ခွင့်မရခဲ့ပေ။

ထိုအချိန်တွင် သူက ခန္ဓာကိုယ်ခပ်ထွားထွား၊ ခပ်ဝဝ ဖြစ်သော်လည်း အရပ်ရှည်၍ အားကောင်းသည်။

သို့သော် မျက်နှာတစ်ခုလုံးတွင်လည်း ဝက်ခြံများ ပြည့်နေခဲ့သည်။ စကားပြောလျှင် တုံ့ဆိုင်းဆိုင်းဖြင့် တွေဝေနေတတ်ပြီး မည်သည့်အရာကိုမဆို ငွေဖြင့် ဖြေရှင်းတတ်သူဖြစ်ပေသည်။

သူက ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ မည်သည့်အချိန်တွင်မှ စိတ်မဝင်စားနိုင်မည့် ကောင်လေးမျိုးဖြစ်သည်။

ထိုကောင်လေးက ကောလိပ်ဝင်ခွင့်ဖြေဆိုရာတွင် ကျရှုံးခဲ့ပြီး မိဘများမှ နိုင်ငံရပ်ခြားတွင် စာသင်ရန် စေလွှတ်မည်ကိုလည်း ငြင်းဆိုခဲ့သည်ဟု ကြားရသည်။ သူက တရုတ်တွင်သာ နေ၍ ပညာသင်မည်ဟု ပြောဆိုခဲ့ပြီး အနုပညာကောလိပ်ကျောင်းတစ်ခုအား ဝင်ခွင့်ရရန် ငွေသုံး၍ တက်ရောက်နေခဲ့သည်။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ၏ သူငယ်ချင်းများက သူ့အကြောင်းကိုပြောတိုင်း စနောက်သည့် လေသံဖြင့် ပြောဆိုလေ့ရှိကြသည်။

‘ကျူးကျုး၊ နင့်ရဲ့ ငယ်သူငယ်ချင်းလေးက တော်တော်ကြီးကို အစွဲအလမ်းကြီးတာနော်၊ နင့်ကြောင့် နိုင်ငံခြားကိုတောင် မသွားဘူးလို့ ကြားတယ်’

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သည်လည်း အမြဲလိုလို စိတ်ဆိုးလေ့ရှိသည်။

‘သူ့အကြောင်းတွေ ငါ့ကို လာလာ မပြောကြစမ်းပါနဲ့၊ သူ့ဘာသာသူ သေသေရှင်ရှင် ငါနဲ့ ဘာဆိုင်လို့လဲ? အရမ်း စိတ်ရှုပ်ဖို့ ကောင်းတာပဲ!’

ကံကောင်းစွာပင် သူတို့နှစ်ဦး ကျောင်းမတူကြပေ။ ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ မှာ နောက်ဆုံးတော့ ထိုအုန်းကပ်စေးအား ခွာချနိုင်ခဲ့ပြီဟု တွေးလိုက်ရင်း တက္ကသိုလ်ကျောင်းသားဘဝ ပျော်ပျော်နေထိုင်ရန် ဆုံးဖြတ်ထားခဲ့သည်။

ရံဖန်ရံခါ ထိုကောင်လေးက သူမကျောင်းသို့ လာ၍ နှုတ်ဆက်တတ်ပြီး မက်ဆေ့ချ်များလည်း ပို့လေ့ရှိသည်။ သို့သော် သူမသည် ထိုစာများကို မမြင်သည့်အတိုင်း သဘောထား၍ ‌ကျော်သွားတတ်သည်။

တက္ကသိုလ်ကျောင်းသစ်တွင် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ က သူမ ချစ်မိသွားသည့် လက်ရှိချစ်သူကောင်လေးနှင့် တွေ့ဆုံခဲ့ရသည်။

ချစ်သူဖြစ်သူ၏အကြောင်းကို ပြောဆိုနေချိန်တွင် သူမ၏ မျက်နှာအား မမြင်နိုင်သော်လည်း ကုကျစ်စုန့်နှင့် ကြည့်ရှုသူများအားလုံးသည် လေသံပြောင်းသွားသည်ကို သတိထားမိလိုက်ကြသည်။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’၏ ပြောစကားအရ ချစ်သူကောင်လေးသည်က သူမ၏ စီနီယာဖြစ်ပြီး ကျောင်းတွင်လည်း လူသိများသူတစ်ဦးဖြစ်သည်။

ရုပ်ရည်ချောမောသည်၊ အရပ်သည်လည်း ၁၈၅ စင်တီမီတာ ရှိပြီး ခန္ဓာကိုယ်အချိုးအစားမှာလည်း ကြည့်ကောင်းသူဖြစ်သည်။

တီဗီအစီအစဉ် ရိုက်ကူးရန်အတွက် ရွေးချယ်ခံရလောက်သည်ထိ ချောမောသူဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ သူသည်က အင်မတန် သဘောထားကောင်း၍ စိတ်အားထက်သန်သူဖြစ်နေခဲ့သည်။ သူကိုယ်တိုင် အွန်လိုင်းအကောင့်တစ်ခု ဖွင့်ထားပြီး ထိုအကောင့်တွင် ကျောင်းတွင်း၌ ရိုက်ကူးထားသည့် ဗီဒီယိုအချို့ တင်လေ့ရှိသည်။

ပရိတ်သတ်များလည်း ရှိပေသည်။ သူက ဝက်ဆိုက်တစ်ခုတွင် အင်တာနက်ဆယ်လီတစ်ယောက်ပင် ဖြစ်နေခဲ့သည်။ တစ်ကျောင်းလုံးတွင် သူ့အား မသိသူမရှိပေ။

လူအများက သူ့အကြောင်းနှင့်ပတ်သက်လျှင် ရုပ်ရည်ချောမော၍ ပရိတ်သတ်များ ရှိသော်လည်း သူ၏ အကျင့်စရိုက်က သဘောကောင်း၍ စိတ်ထားကောင်းသူတစ်ဦးအဖြစ် ပြောဆိုကြသည်။

ပရိတ်သတ်များ၊ အမျိုးသမီးအတန်းဖော်များနှင့်လည်း ရောယှက်နေတတ်သူမဟုတ်။ ပိုက်ဆံရှာရန်သာ အားသန်သူဖြစ်သည်။

ကျောင်းထဲတွင် ပန်းရောင်းခြင်း၊ အအေးရောင်းခြင်းတို့ကိုပါ လုပ်ကိုင်တတ်သည်။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ၏ မျက်လုံးထဲတွင် ချစ်သူ၏ မိသားစုက သာမန်မိသားစုသာ ဖြစ်သော်ငြား သူသည်က ရုပ်ရည်ချောမော၍ အလုပ်ကြိုးစားသူဖြစ်သည်။

သူ ကောလိပ်တွင် ရှာဖွေထားသည့် ငွေပမာဏနှင့်ပင် အိမ်တစ်လုံး၊ ကားတစ်စီး ဝယ်ယူနိုင်လောက်ပြီပင်။

ထိုငွေပမာဏသည်က သူမအတွက် များပြားသည့် ပမာဏ မဟုတ်သော်လည်း မိဘ၏ ငွေကြေးကို သုံးဖြုန်းကာ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေကြသည့် လူများနှင့် ယှဉ်လျှင် သူမ၏ချစ်သူက အင်မတန် ထူးချွန်သူတစ်ဦး ဖြစ်ပေသည်။

ထိုစီနီယာအား ချစ်မိသွားပြီးနောက် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’မှ စ၍ ထိုကောင်လေးကို ချစ်ရေးဆိုခဲ့ခြင်းဖြစ်ကာ ဇွဲမလျှော့ ကြိုးစားခဲ့သောကြောင့် သူ၏အချစ်အား ဆွတ်ခူးနိုင်ခဲ့ခြင်းပင်ဖြစ်သည်။

သူတို့နှစ်ဦး ချစ်သူဖြစ်သွားပြီးနောက် သူမက Wechat တွင် ပို့စ်တင်ခဲ့သည်။

သူမ၏ ငယ်သူငယ်ချင်းအား block ထားသော်လည်း သူတို့နှစ်ဦးလုံးနှင့် ရင်းနှီးသော သူငယ်ချင်းများက screenshot များ ရိုက်၍ ပို့ခဲ့ကြသည်။

ထိုနေ့ညက ငယ်သူငယ်ချင်းက သူမထံသို့ sms များ ပို့ခဲ့သည်။

တချို့မက်ဆေ့ချ်များမှာ ရူးသွပ်နေသည်လားဟုပင် ထင်ရလောက်စေသော စာများ ဖြစ်ပင်သည်။

သူမက အဘယ်ကြောင့် တခြားသူတစ်ဦးနှင့် ချစ်သူဖြစ်နေသည်လဲဟု မေးမြန်းသည်၊ သူမက ‘ဖောက်ပြန်’နေခြင်းဖြစ်ကြောင်း၊ ထိုချစ်သူနှင့် လမ်းမခွဲပါက နောင်တွင် နောင်တရလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သည်လည်း ထိုမက်ဆေ့ချ်များအား မြင်တွေးပြီးနောက် ကြောက်ရွံ့သွားခဲ့ပြီး ဤကောင်လေးသည် စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ဟု သတ်မှတ်ကာ ချက်ချင်း contact ကို ဖျက်ပစ်လိုက်သည်။

သူမ၏ ချစ်သူနှင့် တွဲပြီး အချိန်မကြာသေးခင်မှာပင် ပြဿနာဖြစ်လိမ့်မည်ဟု မည်သူထင်ထားလိမ့်မည်နည်း?

မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်များကို ပြန်တွေးကြည့်ရင်း အခန်းထဲတွင် ထိုင်နေသည့် မိန်းကလေးမှာ ကြောက်ရွံ့မိကာ ကြက်သီးထသွားခဲ့ရသည်။

All Chapters