အရှေ့ပင်လယ်ရေတွေ အကုန်သောက်
Vol. 28 Ch. 392
အခန်း (၃၉၂) အရှေ့ပင်လယ်ရေတွေ အကုန်သောက်
ရန်ကျောက်ကဲက လျှပ်စီးကဲ့သို့ လျှင်မြန်သည့်အရှိန်အဟုန်ဖြင့် ကောင်းကင်မိုးကြိုးစိမ်းအရံအတားဆီသို့ ဝင်ရောက်သွားသည်။ သူ့လက်ထဲတွင် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို ကိုင်ဆောင်ထားပြီး အစိမ်းရောင်မိုးကြိုးအလင်းတန်းများရှိရာ အရှေ့ဆီသို့ အလျားလိုက်တွန်းထုတ်လိုက်၏။
လင်ကျိုး မကျေမချမ်းဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။
“ရန်ကျောက်ကဲ...”
မိုးခြိမ်းသံပမာ ကျယ်လောင်သော ကြုံးဝါးသံနှင့်အတူ လင်ကျိုးက သူ၏ဘယ်ဘက်မျက်လုံးကို စည်းနှောင်ထားသည့် အဝတ်ဖြူစကို ဆွဲချွတ်လိုက်သည်။
မြောက်ဖျားဒေသတွင် ရန်ကျောက်ကဲလက်ချက်ဖြင့် ကန်းသွားခဲ့သော လင်ကျိုး၏ ဘယ်ဘက်မျက်လုံး ထွက်ပေါ်လာသည်။
မျက်လုံးအခေါင်းပေါက်ကြီးက ပကတိအနက်ရောင်ဖြစ်ပြီး မျက်ဆံလည်းမရှိတော့သလို အလင်းရောင်လည်းမရှိဘဲ မှောင်အတိကျနေလေသည်။
လင်ကျိုးက သူ၏ဘယ်ဘက်မျက်လုံးကို ထိကိုင်လိုက်သည်နှင့် ပတ်ဝန်းကျင်တွင်ရှိနေသော အလင်းရောင်များအားလုံး ဝါးမျိုခံလိုက်ရသည့်ပမာ ချက်ချင်း ပျောက်ကွယ်သွား၏။
ထိုအရာက အတိတ်ဆိတ်ဆုံး ၊ အသန့်စင်ဆုံး ညဉ့်ယံ၏အမှောင်ထုပမာ ဖြစ်သည်။
ရန်ကျောက်ကဲမှာ အဆုံးမဲ့အမှောင်ထုထဲသို့ ရောက်ရှိသွားသည့်အလား ခံစားလိုက်ရသည်။
အသံမရှိ၊ အလင်းရောင်မရှိ၊ အာကာသမရှိ၊ အချိန်ကာလမရှိ။
အဆုံမဲ့အကြောက်တရားနှင့် ကပ်ဘေးအရိပ်အယောင်များသာ ပြည့်နက်နေသည်။
သို့သော် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက တုန်ခါသွားပြီး ထူးဆန်းသောစုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာကာ ထိုအမှောင်ထုကို ဝါးမျိုပစ်လိုက်သည်။
ပကတိအမှောင်ထု လွင့်ပြယ်သွားသည့်အခါ အဆုံးမရှိသော အလင်းရောင်ထွက်ပေါ်လာပြီး ငွေဖြူရောင်လျှပ်စီးကြောင်းများ လင်းလက်လာသည်။
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင်းရင်း...
“မအံ့သြတော့ပါဘူး ၊ ဒါက ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုးသိုင်းပညာရပ်ထဲက ‘ထာဝရညမိုးကြိုး’ စွမ်းအားပဲ မဟုတ်လား”
‘ထာဝရမိုးကြိုးစွမ်းအား’ ဆိုသည်က ကမ္ဘာတစ်ခုလုံးကို အမှောင်ထုအဖြစ် ပြောင်းလဲကာ မြင်ကွင်းများ ၊ အသံများအားလုံးကို ပျောက်ကွယ်စေပြီး ရှည်လျားသော ထာဝရညအဖြစ် ယူဆောင်ပြောင်းလဲပေးသည်။
ထာဝရညမိုးကြိုးသံ ပဲ့တင်ထပ်ထွက်ပေါ်လာသည့်အခါ အသန့်စင်ဆုံး ၊ အခြေခံအကျဆုံး မိုးကြိုးလျှပ်စီးစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး မိုးမြေတစ်ခွင်ကို လှိုင်းထအက်ကွဲသွားစေမည် ဖြစ်သည်။
လျှပ်စီးတစ်ချက်ပြက်သည်နှင့် အမှောင်ထုဆင်းသက်လာပြီး ရန်သူ၏ အမြင် ၊ အကြား ၊ အနံ့ ၊ အရသာ ၊ အထိအတွေ့ နှင့် အခြားသော အာရုံခံနိုင်စွမ်းအားလုံးကို ဖိနှိပ်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသူတစ်ယောက်ပမာ အသက်ပျောက်သွားပေမည်။
သို့ပေသိ ‘ထာဝရညမိုးကြိုး’ စွမ်းအားကို ‘ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေး’ က စုပ်ယူလိုက်သည့်အခါ လင်ကျိုး ဒဏ်ရာရသွားပြီး ညည်းညူအော်ဟစ်လိုက်သည်။ သူ၏ ဘယ်ဘက်မျက်လုံး အခေါင်းပေါက်ကြီးမှ သွေးများစီးဆင်းကျလာ၏။
တစ်ချိန်တည်းမှာပင် ငွေဖြူရောင်အလင်းတန်းတစ်ခု သူ၏ ဘယ်ဘက်မျက်လုံး အခေါင်းပေါက်ထဲမှ ထွက်ပေါ်လာပြီး လင်ကျိုး၏ ဦးခေါင်းထက်တွင် လှည့်ပတ်နေသည်။ ထိုအရာက ‘ငွေဖြူရောင်မိုးကြိုးစွမ်းအား’ ဖြင့် ဖန်ဆင်းထားသည့် ဓားဝိညာဉ်တစ်ခုပင်။
လင်ကျိုး၏ဓားဝိညာဥ်က ပိတ်ဆို့တားဆီးလိုက်သဖြင့် ရန်ကျောက်ကဲ ခြေလှမ်းများတုံ့ဆိုင်းသွားစဉ် သူ့နောက်သို့ မဟာမီးတောက်မိစ္ဆာကြီးက ချက်ချင်းရောက်ရှိလာသည်။
ထိုသတ္တဝါကြီးက သူ၏လက်ရှစ်ဖက်ကို တစ်ပြိုင်နက်တည်းမြှောက်လိုက်ပြီး အဖျက်စွမ်းအားများနှင့်ပြည့်နက်နေသည့် မီးလျှံလှံရှည် ရှစ်ချောင်းအား ရန်ကျောက်ကဲထံသို့ ဦးတည်ပစ်ခတ်လိုက်သည်။
ထိုမဟာမီးတောက်မိစ္ဆာကြီးက ကြုံးဝါးသံတစ်ချက် ပြုလိုက်စဉ် ရန်ကျောက်ကဲ တည်ငြိမ်စွာဖြင့် နောက်ထပ်အရိပ်ကျုံ့အိတ်တစ်လုံးကို ဖွင့်လိုက်သည်။
ထိုအရိပ်ကျုံ့အိတ်ထဲမှ တိုင်လုံးကြီး (၂)လုံး ပျံသန်းထွက်ပေါ်လာပြီး တိုင်လုံးအရွယ်အစားများက ချက်ချင်းပင် ကြီးမားလာသည်။
တစ်ခုက နဂါးအစစ်ရုပ်အလောင်းကြီးကို ချိတ်ပိတ်ထားသော ရေခဲတိုင်လုံးကြီးဖြစ်ပြီး ကျန်တစ်ခုကတော့ အလင်းရောင်များတောက်ပနေသည့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးပင် ဖြစ်သည်။
ရန်ကျောက်ကဲက ရေခဲတိုင်လုံးကြီးပေါ်တွင်ဖိနှိပ်ထားသော ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီး၏စွမ်းအားကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
ထိုအခါ ရေခဲတိုင်လုံးကြီးထဲတွင် အလုံပိတ်ထားသော နဂါးအစစ်ရုပ်အလောင်းကြီးမှ ထိန်းချုပ်ခံထားရသည့် ဝိညာဉ်စွမ်းအားများ ချက်ချင်းပျံ့နှံ့လာသည်။
မဟာမီးတောက်မိစ္ဆာကြီးပစ်လွှတ်လိုက်သည့် မီးလျှံလှံရှည်မှ အဖျက်စွမ်းအားအပြည့်ပါဝင်သော မီးတောက်များက ရေခဲတိုင်လုံးကြီးကို ထိမှန်သွားသည့်အခါ ရေခဲနဂါးရုပ်အလောင်းကြီးအား နှိုးဆွလိုက်သလို ဖြစ်သွား၏။
ရေခဲတိုင်လုံးကြီး တုန်လှုပ်သွားပြီး အတွင်းထဲမှ နဂါးရောင်ဝါထွက်ပေါ်လာလေရာ ချိတ်ပိတ်ခံထားရသည့် ရေခဲနဂါးကြီး အသက်ဝင်လာသကဲ့သို့ ထင်မှတ်ရသည်။
ရေခဲနှင့်မီးက ထိုခဏတွင် ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ရေခဲတိုင်လုံးကြီးမှထွက်ပေါ်နေသည့် နဂါးရောင်ဝါကို ရင်မဆိုင်နိုင်ဘဲ မီးတောက်မိစ္ဆာကြီး နောက်သို့လွင့်ထွက်သွားသည်။
ရန်ကျောက်ကဲက ထိုအခွင့်အရေးကို အသုံးချကာ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးဖြင့် မဟာမီးတောက်မိစ္ဆာကြီးဆီသို့ အပြင်းအထန် ရိုက်နှက်လိုက်သည်။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးက အရွယ်အစားကြီးမားသည့်အပြင် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများလည်း ထွန်းလင်းတောက်ပလျှက် ရှိသည်။
ခြေလေးချောင်း ၊ လက်ရှစ်ဖက် ပါရှိသော မဟာမီးတောက်မိစ္ဆာကြီးမှာ ကျောက်တိုင်ကြီးဖြင့် အရိုက်ခံရပြီး ခေါင်းများမူးဝေကာ နောက်သို့ ယိုင်လဲသွားတော့၏။
ရန်ကျောက်ကဲက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ဖမ်းယူဆုပ်ကိုင်လိုက်သည်။
ထို့နောက် ရေခဲနဂါး ရုပ်အလောင်းထည့်ထားသည့် ရေခဲတိုင်လုံးကြီးကို ထိုကျောက်တိုင်ကြီးဖြင့် ပြန်လည်ဖိနှိပ်လိုက်ပြီး အရိပ်ကျုံ့အိတ်ကိုဖွင့်ကာ တိုင်လုံးကြီးနှစ်ခုကို ပြန်လည်သိမ်းဆည်းလိုက်သည်။
တစ်ရန်အေးသွားသော်လည်း ပိုမိုကြီးမားသောအန္တရယ်တစ်ခုက သူ့ရှေ့သို့ ရောက်ရှိနေပေပြီ။
ချောက်နက်ကြီးအတွင်းမှ အထက်သို့တက်လာသော ရေဝဲဂယက်ကြီးက ပတ်ဝန်းကျင်နေရာအားလုံးကို ဝါးမျိုသွားပြီး ရန်ကျောက်ကဲထံသို့ရောက်ရှိလုနီးပါး ဖြစ်လာပေပြီ။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြောင့် နောက်ပြန်လွင့်ထွက်သွားသော မဟာမီးတောက်မိစ္ဆာကြီးမှာ ဒေါသနှင့် တုန်လှုပ်ခြောက်ခြားမှုများ ရောယှက်လျှက် ညည်းတွားအော်မြည်လိုက်သည်။
ရေဝဲဂယက်ကြီးက မရပ်မနား မြင့်တက်လာပြီး လမ်းတစ်လျှောက်တွင်ရှိနေသောအရာအားလုံးကို ဝါးမျိုလျှက်ရှိသည်။ ယခု ဝဲဂယက်ကြီးက ရန်ကျောက်ကဲနှင့် ဆံချည်တစ်မျှင်မျှသာ အလှမ်းဝေးတော့၏။
ကောင်းကင်မိုးကြိုးစိမ်းအရံအတားအလယ်တွင် မတ်တတ်ရပ်နေသော လင်ကျိုးက သွေးထွက်နေသည့် ဘယ်ဘက်မျက်လုံးကို လက်တစ်ဖက်ဖြင့် အုပ်ထားပြီး ကျန်လက်တစ်ဖက်က လက်ညိုးလက်ခလယ် လက်နှစ်ချောင်းဖြင့် ရန်ကျောက်ကဲထံသို့ ထိုးညွှန်လိုက်သည်။
ထိုအခါ သူ၏ဦးခေါင်းထက်တွင်လှည့်ပတ်နေသော ‘ထာဝရညမိုးကြိုးဓား’ က ရန်ကျောက်ကဲထံဝင်ရောက်လာပြီး ခုတ်ပိုင်းချလိုက်သည်။
ကြောက်မက်ဖွယ်ရာ ရေဝဲဂယက်ကြီးက ကောင်းကင်မိုးကြိုးစိမ်းအရံအတားအနားသို့ ရောက်ရှိလာပြီဖြစ်သော်လည်း လင်ကျိုးက အံတင်းတင်းကြိတ်လျှက် တောင့်ခံထားပြီး နောက်ပြန်ဆုတ်ရန် မကြိုးစားခဲ့ပေ။
သူက တစ်ဖက်တည်းသောညာဘက်မျက်လုံးဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။
“ရန်ကျောက်ကဲ... ဒီနေ့ မင်းသေရင်သေ ၊ မသေရင် ငါသေပဲ”
လင်ကျိုး၏မျက်နှာက တစ္ဆေတစ်ကောင်ပမာ ဖြူဖျော့နေသော်လည်း မျက်နှာအမူအရာကတော့ ခက်ထန်တင်းမာလျှက်ပင်။
“ဒီနေ့ မင်း ဒီနေရာက အသက်ရှင်လျှက် ထွက်သွားနိုင်မယ်ဆိုရင် ငါ အရှေ့ပင်လယ်ရေတွေအကုန်ခမ်းခြောက်တဲ့အထိ သောက်ပစ်မယ်”
‘ထာဝရညမိုးကြိုးဓား’ ၏ ထူးဆန်းသောငွေဖြူရောင်အလင်းတန်းက ရန်ကျောက်ကဲကို ဝါးမျိုတော့မည့်အလား တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။ မိုးမြေတစ်ခွင်ရှိ ကောင်းကင်နှင့်နေရောင်ခြည်အားလုံး ဖုံးကွယ်သွားပြီး တစ်လောကလုံး အမှောင်ကျသွားသည်။
‘ထာဝရညမိုးကြိုးဓား’ က ရန်ကျောက်ကဲကို ဝင်ရောက်တိုက်ခိုက်စဉ် ကောင်းကင်မိုးကြိုးစိမ်းအရံအတားက ရန်ကျောက်ကဲကို ပိတ်ဆို့ထားသည်။ အနောက်ဘက်မှ ရေဝဲဂယက်ကြီးအတွင်းသို့ ရန်ကျောက်ကဲ ကျရောက်သွားစေရန် လင်ကျိုးက အားကုန်သုံး တိုက်ခိုက်လိုက်၏။
ရေဝဲဂယက်ကြီးအတွင်းသို့ ခန္ဓာကိုယ်တစ်ဝက်ရောက်ရှိနေပြီဖြစ်သော မီးတောက်မိစ္ဆာကြီးက မီးလျှံလှံရှည်များဖြင့် ရန်ကျောက်ကဲထံသို့ အဆက်မပြတ် ပစ်ခတ်နေဆဲ ဖြစ်သည်။
သူက ရန်ကျောက်ကဲကို သူနှင့်အတူ သေရွာအပါခေါ်သွားရန် စိတ်ပိုင်းဖြတ်ထားဟန် ရှိသည်။
ရန်ကျောက်ကဲက တစ်ဖက်သို့လှည့်လိုက်ပြီး မီးလျှံလှံရှည်များကို ‘ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေး’ ဖြင့် ကာကွယ်လိုက်သည်။ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများဖြင့် ပြည့်နက်နေသည့် မီးတောက်များကို အမွှေးတိုင်အိုးလေးက အကုန်အစင် စုပ်ယူလိုက်သည်။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲက သူ၏ညာဘက်အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရင့်ရှောင်ရှိသော အဆစ်သုံးဆစ်ပါရှိသည့် ဝါးကိုင်းရှည်တစ်ချောင်း သူ့လက်ဖဝါးထက်တွင် ပေါ်လာသည်။
ဝါးကိုင်းကို ဆွဲထုတ်လိုက်သည်နှင့် နေရာတိုင်းတွင် အလင်းရောင်များ တောက်ပသွားပြီး ငွေဖြူရောင်အလင်းတန်းများ ပေါက်ကွဲထွက်သွားသည်။ အစိမ်းရောင်ဝါးကိုင်းလေးက ‘ထာဝရညမိုးကြိုးဓား’ ကို နောက်ဆုတ်သွားစေသည်။
လင်ကျိုး နာကျင်စွာအော်ဟစ်ရင်း နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
သို့သော် သူက လဲကျသွားခြင်းမရှိဘဲ တောင့်ခံထားကာ ကောင်းကင်မိုးကြိုးစိမ်းအရံအတားအား တည်ငြိမ်စေပြီး ရန်ကျောက်ကဲကို ပိတ်ဆို့ထားဆဲပင်။
ထိုအချိန် ကြောက်မက်ဖွယ်ရာကောင်းသော ရေဝဲဂယက်က ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်နှင့် ထိတွေ့တော့မည် ဖြစ်သလို အစိမ်းရောင်လျှပ်စီးကြောင်းများက ရန်ကျောက်ကဲရှေ့တွင် တားဆီးလျှက် ရှိသည်။
ရေဝဲဂယက်ကြီး၏အစွန်းက အစိမ်းရောင်လျှပ်စီးကြောင်းများဖြင့် ထိစပ်နေပေပြီ။
ထိုစဉ်...
ဂိုဏ်းတူအစ်ကို’လော့’ က...
“ဂိုဏ်းတူညီလေး’လင်ကျိုး’ ၊ နောက်ပြန်ဆုတ်ကြရအောင်ပါ”
လင်ကျိုးက...
“ခဏစောင့်ပါဦး...”
ဂိုဏ်းတူအစ်ကို’လော့’ ဘေးနားတွင်ရှိနေသည့် ဂိုဏ်းတူအစ်ကို’ကျန်’ က...
“ငါတို့ ထပ်မစောင့်နိုင်တော့ဘူး”
လင်ကျိုးက ဒေါသတကြီးဖြင့်...
“ငါက ခဏစောင့်ဖို့ပြောတာကို မင်းက ဘာဖြစ်နေတာလဲ”
သူ့စကားကြောင့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများမှ ကြက်သေသေသွားကြသည်။
ထိုအချိန်...
သူတို့အားလုံးမျက်စိရှေ့မှာပင် ဂိုဏ်းတူအစ်ကို’ကျန်’ ၏လက်မှ လက်သည်းများရှည်ထွက်လာပြီး ဂိုဏ်းတူအစ်ကို’လော့၏ လည်ပင်းကိုဆုပ်ကိုင်ကာ ပြင်းပြင်းထန်ထန် လိမ်ချိုးလိုက်သည်။
ဂိုဏ်းတူအစ်ကို’လော့’ က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ လျှပ်စီးများလက်ကာ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
သို့သော် ဂိုဏ်းတူအစ်ကို’ကျန်’ ၏ ကြယ်တာရာချီစွမ်းအားများက ပြင်းထန်စွာဝင်ရောက်လာပြီး ကြောက်မက်ဖွယ်ရာ အနက်ရောင်မုန်တိုင်းတစ်ခု ဖြစ်တည်လာသည်။ ထိုအနက်ရောင်မုန်တိုင်းထဲတွင် ခရမ်းရောင်အလင်းတန်းများ စီးဆင်းလျှက် ရှိ၏။
ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်ကျားတစ်ကောင်က ဂိုဏ်းတူအစ်ကို’လော့’ ၏နောက်တွင် ပေါ်လာပြီး ကြုံးဝါးသံတစ်ချက်ပြုလုပ်ကာ ‘လော့’ မျိုးနွယ်လူရွယ်၏လည်ပင်းကို ချိုးချလိုက်ပြီး ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားစေသည်။
လင်ကျိုး မျက်လုံးပြူးသွားပြီး ခဏမျှ စကားမဆိုနိုင် ဖြစ်သွားသည်။
“အနက်ရောင်အိပ်မက်ဆိုးလေပွေမုန်တိုင်း ၊ နတ်ကျားတစ္ဆေလက်သဲသိုင်း”
လင်ကျိုးရေရွတ်လိုက်၏။
ထို့နောက် မယုံကြည်နိုင်စွာဖြင့် ခေါ်လိုက်သည်။
“ဂိုဏ်းတူအစ်ကို’ကျန်’”
ပိန်ပိန်ပါးပါးကိုယ်နေဟန်ရှိသော ဂိုဏ်းတူအစ်ကို’ကျန်’ ဆိုသူက ကျယ်လောင်စွာ ရယ်မောရင်း...
“ငါက အဲဒီကောင်မဟုတ်ဘူး ၊ မင်းရဲ့အဘိုး ‘အားဟူ’ ကွ”
သူက ကျယ်လောင်စွာရယ်မောရင်းဖြင့်ပင် ဂိုဏ်းတူအစ်ကို’လော့’ ကျန်ခဲ့သော အစိမ်းရောင်အလံကို ဆွဲယူကာ အစိတ်စိတ်အမွှာမွှာ ရိုက်ချိုးပစ်လိုက်သည်။
ထိုအခါ အပေါ်ဘက်တွင်ရှိနေသော ကောင်းကင်မိုးကြိုးစိမ်းအရံအတားက ချက်ချင်းပင် ပြိုကျသွားသည်။
ရန်ကျောက်ကဲက ပန်ပန်၏ကိုယ်ပေါ်တွင်ထိုင်ရင်း ရှေ့သို့အလျှင်အမြန်ရောက်လာကာ လင်ကျိုးကို အေးစက်စွာကြည့်လိုက်သည်။
“အရှေ့ပင်လယ်ကရေတွေ အကုန်သောက်ချင်သပဆိုရင် အခု စ သောက်လို့ ရပြီ”