သတိပေးချက်
Vol. 16 Ch. 210
အခန်း(၂၁၀) : သတိပေးချက်
နဂါးစင်စစ် တည်းခိုဆောင် တွေ့ဆုံပွဲအပြီး ရက်အနည်းငယ် ကြာမြင့်သွားပြီ ဖြစ်၏။ ဝမ်ဝေ့က အချိန်အများစုကို ကျောင်းတော်၏ ပင်မမြို့တော်အတွင်းသာ ကုန်ဆုံးလေ့ရှိပြီ ပါမောက္ခအမျိုးမျိုး၏ သင်ကြားပို့ချချက်များကို လေ့လာနေသည်။ သူက ကျောင်းတော်၏ သင်ခန်းစာများ၌ အစီအရင်၊ အဆောင်လက်ဖွဲ့နှင့် လက်နက်သန့်စင်ခြင်းတို့အကြောင်းကို စိတ်ဝင်စားလေသည်။
ထိုရက်ပိုင်းအတွင်း သူက ဝူဟုန်နှင့်လည်း အချိန်ကုန်ဆုံးကာ စကားပြောဆိုဖြစ်ခဲ့သည်။ တွေ့ဆုံပွဲအပြီးတွင် သူတို့က အချင်းချင်း ဆက်သွယ်ရေးအဆောင်များ လဲလှယ်ထားလိုက်ကြပြီး တစ်ယောက်နှင့် တစ်ယောက် မရပ်မနား စကားများပြောခဲ့ကြ၏။
သို့သော်လည်း ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးမှု မစတင်ခင် တစ်စုံတစ်ခု ဖြစ်သွားခဲ့သည်။
ဝမ်ဝေ့က နေရာတစ်ခုဆီ သွားရောက်ဖို့ ဆုံးဖြတ်ပြီးနောက် ထွက်လာခဲ့သည်။ ထိုနေရာက ကောင်းကင်တာအို ကာကွယ်ရေး စာအုပ် တည်ရှိရာ သို့မဟုတ် လူအများ မြင်နိုင်ရန် ပြသထားသည့် နေရာ ဖြစ်ပေသည်။
ထိုစာအုပ်က လူအများ မြင်နိုင်သည့် ရင်ပြင်ပေါ်တွင် တည်ရှိ၏။ ထိုစာအုပ်ကို ကာကွယ်ပေးထားသည့် ဖန်အလွှာလိုမျိုး အစီအရင်တစ်ခုပါ ရှိနေသည်။
စာအုပ်ကိုယ်တိုင်က ရွှေရောင်စာအုပ် အထူတစ်အုပ် ဖြစ်ပြီး အလိုလို စာရွက်များ လှန်နေသည်။ တစ်ရွက်ချင်းစီတွင် ဝမ်ဝေ့က အမြင့်ဆုံးမှ အနိမ့်ဆုံးအထိ စီစဉ်ထားသည့် နာမည်သုံးဆယ်ကျော် စာရင်းကို မြင်လိုက်ရသည်။
ယခင်နှစ်ရွက်ပေါ်တွင် ဝမ်ဝေ့က သူ့မိသားစုဝင်များ၏ နာမည်ကို မြင်လိုက်ရ၏။ သူ့အဘိုးနှင့် အဖေတို့က သူတို့စာရွက်များတွင် ပထမအဆင့် ဖြစ်ကြသည်။ သူ့အဘိုး ယုကျွမ်းနှင့် သူ့အဘွားတို့က အဆင့် ၉ နှင့် အဆင့် ၁၃ ဖြစ်ကြသည်။ နှစ်ယောက်လုံးက သူ့အဘိုးဝမ်ချန်နှင့် စာရွက် တစ်မျက်နှာတည်း ဖြစ်လေသည်။
သူ့အမေ ယုယန်ကလည်း သူ့အဖေနှင့်အတူတူ တစ်ရွက်တည်းတွင် ဖြစ်ပြီး အဆင့် ၅ ဖြစ်၏။ သူက ပြစ်ဒဏ်ခန်းမဆောင်၏ မဟာအကြီးအကဲယန်းမိန်ကိုပင် သူ့အမေ၏ နောက် အဆင့် ၆ နေရာတွင် မြင်လိုက်ရသည်။
စာအုပ်က အလယ်ပိုင်းဧကရာဇ်ခေတ်ကာလကတည်းက မှတ်တမ်းဟောင်းများကို ပြန်လည်ပြသနေခြင်း ဖြစ်သည်။ ထို့နောက် အဆင့်တွေသာ ပါပြီး နာမည်မပါရှိသေးသည့် စာရွက်လွတ်ဆီ ရောက်ရှိလာသည်။
ဝမ်ဝေ့က ထိုစာရွက်သည် ယခုမျိုးဆက်အတွက် နာမည်များထားရစ်ဖို့ စာရွက်ဖြစ်ကြောင်း သိပေသည်။ သူက သူ့နာမည်ကို သူ့အဘိုးနှင့် အဖေကဲ့သို့ ပထမနေရာတွင် ထားဖို့ ယုံကြည်ချက်အပြည့်ရှိလေသည်။
ထိုနေရာကို ရရှိပြီးနောက် ဝမ်ဝေ့က တာအိုကျောက်ပြား သုံးထောင်ကို ကြည့်ရှုခွင့် ရကာ သူ့ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာအတွက် ပြီးပြည့်စုံစေမည့် ကျင့်စဉ်ကို ဖန်တီးနိုင်လာလိမ့်မည်။
ဝမ်ဝေ့က ကောင်းကင်တာအိုကာကွယ်ရေး စာအုပ်ကို ကြည့်နေရင်း ရုတ်ချည်း မျက်မှောင်ကြုတ်မိလိုက်သည်။ သူ့ဆီ ပြင်းထန်သည့် အန္တရာယ်သတိပေးချက် ရောက်ရှိလာပြန်သည်။
ဝမ်ဝေ့က တစ်ခုခုများ မှားနေတာလားဟု ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် ဘာမှမမြင်ရပေ။ ပို၍အရေးကြီးသည်က သူ့အနားတွင် အစစ်အမှန်အုပ်ချုပ်သူ ယန်းချန် ရှိနေလေရာ မည်သည့်အန္တရာယ် ရောက်လာနိုင်မည်နည်း။
သူက တစ်စက္ကန့်လောက် စဉ်းစားလိုက်ပြီးနောက် သူ့ဘာသာ တွေးလိုက်သည်။
ငါ့နာမည်ကို စာအုပ်အပေါ် ထားမယ်ဆိုတဲ့ အတွေးကြောင့် အန္တရာယ်သတိပေးချက် ခံစားမိတာများလား …
ထိုအတွေး ဝမ်ဝေ့ စိတ်ထဲ ဝင်ရောက်လာသည်နှင့် သူ့အလိုလိုသိစိတ်က တဖန်ပြန်လည်တက်ကြွလာကာ သတိပေးချက်က ပိုပြင်းထန်လာသည်။ ထို့ကြောင့် သူက မှန်နေကြောင်း သိလိုက်၏။ သို့သော်လည်း ပြဿနာ ဖြစ်လာလေသည်။
သူက ထိုစာရင်းနှင့် ဘာမှားနေမှန်း မသိရပေ။
ဒါက ကျောင်းတော်ရဲ့ အကွက်ချမှုလား …
သူက ဒီနေရာတွင် အဖြေမရှာနိုင်မှန်း သိ၍ သူ့နေရာဆီ ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့အခန်းထဲ ဝင်လိုက်ပြီးနောက် ပြောလိုက်သည်။
“အကြီးအကဲချုပ် ကျေးဇူးပြုပြီး ဒီအခန်းတစ်ခုလုံးကို သီးခြားပိုင်းခြားပေးပါ ”
“ဟုတ်ကဲ့ပါ သခင်လေး” ယန်းချန်က ဖြေလိုက်သည်။ ထို့နောက် လျို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက ဝမ်ဝေ့ရှိရာ အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားကာ အပြင်ဘက် နားများ၊ မျက်လုံးများနှင့် ခွဲထားပေးလိုက်သည်။
ထို့နောက် ဝမ်ဝေ့က အစီအရင်အလံများစွာကို ထုတ်ကာ အစီအရင်တစ်ခု ခင်းကျင်းလိုက်သည်။ ပြောရလျှင် ဆက်သွယ်ရေး အစီအရင် ဖြစ်၏။
ဝမ်ဝေ့ရှေ့မှောက် ထူးထူးဆန်းဆန်း သင်္ကေတများ ဗဟိုပြုကာ စက်ဝန်းများစွာ ပေါ်ထွက်လာသည်။ ထို့နောက် သူ့စီစဉ်မှုအောက်တွင် သူတို့က အတူတကွ ပေါင်းစပ်သွားသည်။ အစီအရင် ခင်းကျင်းပြီးသွားသည်နှင့် သူက အသက်သွင်းလိုက်သည်။
“ဝေ့အာ တစ်ခုခုများ ဖြစ်လို့လား” ဝမ်ဝေ့၏ ဖခင်ဖြစ်သူ ဝမ်ထျန်း၏ သုံးဖက်မြင် ပုံရိပ်က ပေါ်လာသည်။
“ဟုတ်တယ် … ကျွန်တော့်နာမည်ကို ကောင်းကင်တာအို ကာကွယ်ရေးစာအုပ်မှာ ရေးထွင်းမယ်ဆိုပြီး တွေးမိလိုက်တာနဲ့ အန္တရာယ်ခံစားမိလာတယ်။ အဲဒီစာအုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေများ ရှိနေလား ”
ဝမ်ထျန်းက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ့သား၏ အလိုလိုသိစိတ်က မည်မျှတိကျကြောင်း သိထားသူ ဖြစ်ရာ သံသယမဝင်ပေ။
“ ငါတို့သိရသလောက် အဲဒီစာအုပ်က ဧကရာဇ်ခုံ ကိုယ်တိုင် သန့်စင်မွမ်းမံခဲ့တာတဲ့ … သူ ဘယ်လိုလုပ်ခဲ့လဲဆိုတာတော့ ကျောင်းတော်ပဲ သိလိမ့်မယ်။ အဲဒါက သူတို့ရဲ့ ဧကရာဇ်အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်ပြီးတော့ ကျောင်းတော်တစ်ခုလုံးရဲ့ ချီကံကောင်းမှုကို ချုပ်ထိန်းထားတဲ့ ကံကောင်းမှု စုစည်းရေး ပစ္စည်းပဲ …
ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးမှုစတင်တိုင်း အဲဒီပါရမီရှင်တွေရဲ့ ချီအနည်းငယ်ကို ကောင်းကင်တာအို ကာကွယ်စွမ်းအတွက် လဲလှယ်ရတယ်။ အဖေနာမည်နဲ့ အဘိုးနာမည်လည်း အဲဒီစာအုပ်ထဲမှာ ရှိတယ်။
မင်းရဲ့ အဘေးနာမည်တောင် ပါသေးတယ်။ တကယ်တော့ မျိုးဆက်များစွာ ငါတို့ဝမ်မျိုးနွယ်က နာမည်ကို စာအုပ်ထဲ ရေးထွင်းနိုင်ခဲ့ပေမဲ့ ဘာမှတော့ မဖြစ်ခဲ့ဘူး။ အနည်းဆုံးတော့ မတော်တဆ ဖြစ်တဲ့သူတွေတောင် အဲဒီစာအုပ်နဲ့ တိုက်ရိုက်ပတ်သက်နေတာတော့ မဟုတ်ဘူးပေါ့”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး ပို၍ မျက်မှောင်ကြုတ်လာမိသည်။
“အဲဆို အဲလိုဖြစ်လာနိုင်ခြေရှိတဲ့ အကြောင်းအရင်းကိုရော အဖေ တွေးမိသေးလား ”
ဝမ်ထျန်းက ခေါင်းခါလိုက်သည် “ခဏလေးစောင့်ဦး”
ထို့နောက် သူက အစီအရင်ပိုင်နက်မှ ပျောက်ကွယ်သွားလေသည်။ မိနစ်ပိုင်းကြာပြီးနောက် ဂိုဏ်းချုပ်ဝမ်ထျန်းက ဂိုဏ်း၏ အကြီးပိုင်းများနှင့်အတူ သူ့အဖေ ဝမ်ချန်ကိုပါ ခေါ်လာခဲ့သည်။ တခြားအစစ်အမှန်အုပ်ချုပ်သူများက သူတို့အံ့ဖွယ်အသိစိတ်မှ စကားဝိုင်းကို နားထောင်နေကြသည်။
အခြေအနေအားလုံးကို အကြမ်းဖျင်းရှင်းပြလိုက်ပြီးနောက် အားလုံးက ထိုအခြေအနေအတွက် ဖြစ်နိုင်ခြေအဖြေကို ဖော်ထုတ်ဖို့ ကြိုးစားနေကြသည်။
ပထမဆုံး ပြောလိုက်သူက မဟာအကြီးအကဲ ယန်းမိန် ဖြစ်၏။
“ကောင်းကင်တာအိုကာကွယ်ရေး စာအုပ်က ကောင်းကင်တာအိုနဲ့ ဆက်နွယ်နေတာ။ သခင်လေးက ၁၃ လွှာမြောက် အတားအဆီးကို ချိုးဖောက်ပြီးကတည်းက ကတောက်ကဆ ရှိထားတော့ ကောင်းကင်တာအိုက သခင်လေးအပေါ် သဘောမကျတာတွေက မဖြစ်နိုင်တာ မဟုတ်ဘူး ”
“ပြောတာ အဓိပ္ပါယ်ရှိတယ်” လီကျွင်း၏ အဖေဖြစ်သူ လီကျန်းက ပြောလိုက်သည် “ ဒါပေမဲ့ ကောင်းကင်တာအိုမှာလည်း စည်းမျဉ်းတွေ၊ ဥပဒေတွေ ရှိတယ်။ သူက သခင်လေးကို မကြိုက်ရင်တောင် အကြောင်းအရင်းမရှိဘဲ နာကျင်အောင် လုပ်လို့ မရဘူး။ သခင်လေးက နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးအောက်မှာ အသက်ရှင်ခဲ့ပြီးပြီဆိုတော့ သူ့အပြစ်ကြွေးက ကျေသွားပြီ။ သခင်လေး အခုလတ်တလော ကောင်းကင်တာအိုကို ရန်စထားတာ ရှိသေးလား”
“ဟမ်” ဝမ်ဝေ့က မေးခွန်းကြောင့် နည်းနည်း အံ့ဩသွားကာ သေချာတွေးလိုက်သည် “ရှိတယ်တော့ မထင်မိဘူး။ အခုတလော ကျင့်ကြံတာနဲ့ ခရီးသွားတာအပြင် ဘာမှထူးထူးခြားခြား မလုပ်မိသေးဘူး ”
အားလုံးက ခေါင်းညိတ်လိုက်ကြသော်လည်း အဖြေကို မစဉ်းစားနိုင်ကြသေးပေ။
“ အဲဆို ငါတို့ဂိုဏ်းရဲ့ ဧကရာဇ်ကိုးပါး ကျိန်စာနဲ့များ ဆိုင်နေမလား” တစ်ယောက်က ဝင်မေးလိုက်သည်။
ဤသည်က ဖြစ်နိုင်ခြေ ရှိသော်လည်း ဝမ်ချန်က ငြင်းပယ်လိုက်သည်။
“ဖြစ်နိုင်ပေမဲ့ အဲလိုတော့ မဟုတ်ဘူး။ ဝေ့အာရဲ့ အစစ်အမှန် စိတ်ဆန္ဒစွမ်းရည်က သူ့အပေါ်က ကျိန်စာကို ဖယ်ရှားနိုင်တယ်။ သူ အစစ်အမှန် စိတ်ဆန္ဒစွမ်းအား တိုးလာတိုင်း ကျိန်စာစွမ်းအားက ဆက်တိုက် လျော့ကျလာပြီ”
ယခုအရာအားလုံးက မူလစမှတ်သို့ ပြန်ရောက်သွားပြန်သည်။
“အဲဆို …” မဟာအကြီးအကဲ ယန်းမိန်က ပြောလိုက်သည် “ သခင်လေးသာ သူ့နာမည်ကို စာအုပ်အပေါ်မှာ မထားသရွေ့ ဒီမူမမှန်တဲ့နောက်ကွယ်က အကြောင်းအရင်းက ကိစ္စတော့ မရှိပါဘူး ”
“အခု တကယ့်ပြဿနာက သခင်လေး ဘာလုပ်မလဲဆိုတာပဲ။ စစ်ဆေးမှုမှာ မပါဘဲ နာမည်ကို မချန်ထားနိုင်ရင် တာအိုကျောက်ပြားသုံးထောင်ကို လေ့လာခွင့်ရမှာ မဟုတ်ဘူး။ အဲဆို သခင်လေးအတွက် သင့်တော်မဲ့ ကျင့်စဉ်ကို ဖန်တီးနိုင်မှာ မဟုတ်ဘူး။
သခင်လေးရဲ့ နားလည်နိုင်စွမ်းနဲ့ ဂိုဏ်းရဲ့ အရင်းအမြစ်တွေ၊ လက်ထဲကျန်နေသေးတဲ့ ချီကံကောင်းမှု စစ်ဆေးမှုတုန်းက ကုသိုလ်တွေနဲ့ဆိုရင် သခင်လေးက ကိုယ့်ဘာသာ ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်ပေမဲ့ အဲဒါနဲ့တော့ အတူတူဖြစ်မှာ မဟုတ်ဘူးဆိုတာ အာမခံနိုင်တယ်။
သခင်လေး အဖေရဲ့ အကြွင်းမဲ့ဓား ပိုင်းဖြတ်ခြင်းကျမ်းကို မြင်ဖူးမှာပါ။ သူသာ အဲဒီတာအိုကျောက်ပြားတွေအပေါ် နားလည်နိုင်စွမ်း မပါရင် ဓားရေးမှာ သူ့ပါရမီက ဘယ်လောက်ကောင်းကင်သွေဖယ်နေပါစေ ဒီလောက်အဆင့် ကျမ်းမျိုးကို ဖန်တီးနိုင်မှာ မဟုတ်ဘူး ”
“ဝေ့အာ … သူမ ပြောတာ မှန်တယ်” ဝမ်ထျန်းက ထပ်ပြောလိုက်သည်။ ဝမ်ချန်ပင် ထောက်ခံလာ၏။ ထိုလူများက အားကောင်းသည့် ကျမ်းများ ဖန်တီးနိုင်ခြင်းမှာ ထိုကျောက်ပြားမှ ဉာဏ်အလင်းပွင့်မှုများကြောင့် ဖြစ်၏။
ဝမ်ဝေ့က မဟာအကြီးအကဲ ယန်းမိန်၏ စကားကို ကြားကာ စဉ်းစားလိုက်သည်။ သူက ထိုကျောက်ပြားများသည် သူ့အတွက် မည်သို့အရေးပါကြောင်း နားလည်လေသည်။ ထို့ကြောင့် သူအနေနှင့် ရကိုရရမည်။
အကယ်၍ တခြားယှဉ်ပြိုင်သူများက ထိုကျောက်ပြားများဖြင့် ဉာဏ်အလင်းပွင့်သွားခဲ့ပြီး သူသာ ကျန်နေခဲ့လျှင် ယခင်အတိတ်တုန်းက သူ့တွင် ရှိခဲ့သမျှ အရေးသာချက်အားလုံး ဆုံးရှုံးသွားနိုင်သည်။
အထူးသဖြင့် တိထျန်းနှင့် ပတ်သက်လာသည့်အခါတွင် ဖြစ်၏။ ယခင်ရက်ပိုင်းအတွင်း ဝမ်ဝေ့က တိထျန်းအကြောင်း အချက်အလက်များကို ဖတ်ရှုနေခဲ့သည်။ ထိုအချက်အလက်က အလွန်နည်းပါး၍ မူမမှန်နိုင်လောက်အောင် နည်းပါးလွန်းနေသည်။ ဝမ်ဝေ့က ထိုလူသည် ဧကရာဇ်လမ်းစဉ်ထံ သူ့အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်လာလိမ့်မည်ဟု ခံစားချက်ရနေသည်။