တာအိုလက်တွဲဖော်
Vol. 16 Ch. 211
အခန်း(၂၁၁) : တာအိုလက်တွဲဖော်
ဝမ်ဝေ့က သူ့အနာဂတ် အပြုအမူနှင့် ပတ်သက်ပြီး မေးခွန်းကို ကြားလိုက်သည့်အခါ သူ့မျက်နှာအထက် တွေးဆဆ အမူအရာ ထွက်ပေါ်လာသည်။ သူ့တွင် အစီအစဉ် ရှိထားသော်လည်း သူ ကြိုးစားမကြည့်မချင်း အလုပ်ဖြစ်မည်လား မသေချာပေ။
ထို့နောက် သူက တခြားလူများနှင့် အသေးစိတ်ကို ပြင်ဆင်ဖို့ ဆွေးနွေးလိုက်သည်။ နာရီပိုင်းကြာမြင့်ပြီးနောက် အစီအစဉ်က နောက်ဆုံးတွင် အတည်ပြုသွားလေသည်။ ဂိုဏ်းချုပ်ဝမ်ထျန်းနှင့် သူ့သားကသာ ဆက်သွယ်ရေး အစီအရင်မှ တစ်ယောက်နှင့် တစ်ယောက် စကားပြောဆိုနေခြင်းဖြစ်၏။
“ဝေ့အာ တစ်ခုခုရှိသေးလား” ဝမ်ထျန်းက နားမလည်စွာ မေးလိုက်သည်။
“ အဖေ ဝူဟုန်နဲ့ ပတ်သက်ပြီး ဘာသတင်းရထားသေးလဲ” ဝမ်ဝေ့က တည်ငြိမ်စွာ မေးလိုက်သည်။ သို့သော်လည်း သူ့စကားက အခန်းကို တိတ်ဆိတ်သွားကာ နေရခက်လာစေသည်။
“ဝေ့အာ … ဂိုဏ်းက မင်းအပေါ် မျှော်လင့်ထားတာတွေကို နားလည်တယ်မလား။ အဲဒါကြောင့် ငါတို့အားလုံး မင်းနဲ့ ပတ်သက်လာရင် အရမ်းဂရုစိုက်ကြတယ်။ အထူးသဖြင့် မင်းရဲ့ အနာဂတ် တာအိုလက်တွဲဖော်နဲ့ ပတ်သက်လာရင်ပေါ့”
“ ကျွန်တော်က စိတ်ခံစားချက် အလေးပေးပြီး အလျှင်စလို ပြုမူမဲ့ ကလေးလည်း မဟုတ်တော့ပါဘူး။ သူမအကြောင်းနဲ့ ရည်ရွယ်ချက်ကို သိချင်လို့ မေးကြည့်ရုံလေးပါ ”
ဝမ်ထျန်းက ထိုအရာကို ကြားပြီး သက်ပြင်းချလိုက်သည်။ သူ့အနေနှင့် သူ့အပြုအမူများသည် သူနှင့် သူ့သားကြား ကတောက်ကဆ ဖြစ်လာစေမည်ကို စိုးရိမ်နေမိသည်။
နှလုံးသားရေးရာနှင့် ပတ်သက်လာသည့်အခါ နဂိုက စဉ်းစားဆင်ခြင်တတ်သည့် သူ့သားက စိတ်ခံစားချက် အလိုလိုက်မည်ကို စိုးထိတ်နေမိသည်။ သူ့သား၏ ခေါင်းမာပုံအရ ဝူဟုန်ကို ဂိုဏ်းနှင့် မိသားစုအပါအဝင် အရာအားလုံးထက် အလေးပေးလိုက်လျှင်ပင် သူ့အနေနှင့် ဘာမှတတ်နိုင်သည့်အရာ မရှိပေ။
ထိုဖြစ်နိုင်ခြေက ယုံကြည်နိုင်ခြေ ကောင်းသောကြောင့် မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။ သူ့မျိုးဆက်တုန်းကလည်း ဝမ်ထျန်းသည် သူ့လက်ရှိဇနီးသည်နှင့် ပတ်သက်ပြီး သူ့အဖေနှင့် အချေအတင်များစွာ ဖြစ်ခဲ့ရသည်။ သူတို့က မတူညီသော အင်အားစုများမှ ဖြစ်သည့်အပြင် ယှဉ်ပြိုင်သူများ ဖြစ်သည့်အချက်ကြောင့် သူတို့အတူတကွ ရှိနေဖို့ အလွန်ခက်ခဲ့သည်။
အကယ်၍ သူတို့ ကျိန်ဆိုခဲ့သည့် တာအိုကျမ်းသစ္စာကြောင့်နှင့် သူတို့မိသားစုများကို ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် တစ်ယောက်နှင့် တစ်ယောက် မျှမျှတတ တိုက်ခိုက်ပြီး ရလဒ်က သူတို့ဆက်ဆံရေးအပေါ် သက်ရောက်မှု မရှိစေရကြောင်း ကတိပေးထားလိုက်သည့်အချက်ကြောင့်သာ မဟုတ်လျှင် သူတို့အင်အားစုများဆီမှ ကောင်းချီကို ရရှိမည် မဟုတ်ပေ။
အဆုံးသတ်၌ သူတို့က ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို တိုက်ခိုက်ခွင့် ဆုံးရှုံးလိုက်ရသောကြောင့် ကျမ်းသစ္စာက အချည်းနှီးဖြစ်သွားရသည်။
“ ငါတို့ ရထားသလောက် အချက်အလက်တွေအရတော့ သူမက သာမန်သေမျိုး မိသားစုကနေ မွေးဖွားလာတယ်။ အဲဒီနောက် သိပ်မကြာခင် သူ့မိဘတွေက သေဆုံးသွားပြီး သူမကို အိမ်နီးချင်းတွေက ပြုစုပျိုးထောင်လာခဲ့တယ်။ သူမ ၁၅ နှစ်ရောက်တော့ ဧကရီဝူရဲ့ အမွေအနှစ်ကို တွေ့သွားပြီးတော့ ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်။ ဒါပေမဲ့ … ”
“ ဒါပေမဲ့ ကိစ္စတွေက ထင်ရသလောက် မရိုးရှင်းဘူး” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“ ဟုတ်တယ်” ဝမ်ထျန်းက ပြောလိုက်သည် “ သူမကို ကြည့်လိုက်ရုံနဲ့ ဧကရီဝူ ပုံတူအလား ထင်းထွက်နေတယ်။ မတူညီတာတစ်ခုက စိတ်သဘောထားပဲ။ ငါတို့ ပထမဆုံးကောက်ချက်ချလိုက်တာက သူမက ဧကရီဝူရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်နိုင်တယ်လို့ … ဒါပေမဲ့ အဲဒီအအတွေးက သူမရဲ့ တိုက်ပွဲတစ်ခုကို မြင်ပြီးတဲ့နောက်မှာ ပြောင်းလဲသွားတယ်။ အတိအကျပြောရရင်တော့ သူမရဲ့ တိုက်ပွဲ မှတ်တမ်းပဲ ဆိုပါတော့။
သဘာဝလွန်နယ်ပယ်အဆင့်မှာ သူမက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် တစ်ပိုင်း ကျင့်ကြံသူကို အလွယ်လေး အနိုင်ပိုင်းလိုက်နိုင်တယ်။ အဲဒီတိုက်ပွဲမှာ ထူးဆန်းတာက သူမအင်အား မဟုတ်ဘဲနဲ့ ဧကရီဝူရဲ့ စည်းပိတ်ခြင်းကျမ်း ကျင့်စဉ်ကို အတော်လေး ချောမွေ့နေတဲ့အချက်ပဲ။ ကျင့်စဉ်နဲ့ ပြီးပြည့်စုံလောက်အောင် တစ်သားတည်း ဖြစ်နေရုံတင်မကဘူး။ သူမ ကိုယ်တိုင်လုပ်ထားသလိုမျိုးပဲ”
ဝမ်ထျန်းက သူ့သားကို စဉ်းစားဖို့ အချိန်ပေးလိုက်သည်။
စက္ကန့်ပိုင်းကြာပြီးနောက် ဝမ်ဝေ့က မေးလာသည် “ အဲဆိုတော့ အဖေတို့က သူမကို ဧကရီဝူ ပြန်လည်ဝင်စားလာတယ်လို့ ယုံနေတာလား ”
“အခုလတ်တလော ကောက်ချက်ချထားသလောက်ပဲ။ ဧကရီဝူက ထိပ်ဆုံးရောက်နေတုန်း လျို့ဝှက်ဆန်းကြယ် ပျောက်ဆုံးသွားတာလေ။ ဘယ်သူမှ အဲဒီအကြောင်းအရင်းကို မသိကြဘူး ”
“ တကယ့်မေးခွန်းက ဧကရီဝူလို ထာဝရဧကရာဇ်တစ်ပါးက ဘာလို့ပြန်လည်ဝင်စားဖို့ လိုတာလဲဆိုတာပဲ” ဝမ်ဝေ့က သူ့ဘာသာ ရေရွတ်လိုက်သည်။ သို့သော်လည်း သူ ဝူဟုန်ဆီမှ ရရှိထားသည့် အချက်အလက်အနည်းငယ်ဖြင့် ကိစ္စများက သူ့အဖေ ပြောသလောက် မရိုးရှင်းကြောင်း မှန်းဆနိုင်သည်။
ဝမ်ဝေ့က အတွေးများကို စုစည်းလိုက်ပြီးနောက် သူ့အဖေ၏ အမူအရာက တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေသည်ကို သတိထားမိလိုက်ပြီး “ အဖေဆီမှာ ပြောစရာရှိသေးရင် ပြောလိုက်ပါ ”
“အရှင်းဆုံးပြောရရင် သူမသာ ဧကရီဝူ ပြန်လည်ဝင်စားတာ ဖြစ်နေခဲ့ရင် သူမက သိုသိုသိပ်သိပ်လေး နေပေမဲ့ သူမရဲ့အင်အားက မင်းနဲ့ တိထျန်းတို့နှစ်ယောက်လုံးထက် ပိုအားကောင်းပြီး ကြောက်ဖို့ကောင်းမှာ အသေအချာပဲ။ မင်းတို့နှစ်ယောက် တာအိုလက်တွဲဖော် ဖြစ်လာဖို့ ဆုံးဖြတ်လိုက်ရင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ငါနဲ့ မင်းအမေလိုမျိုး တာအိုကျမ်းသစ္စာ ကျိန်ဆိုရလိမ့်မယ်”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး ခေါင်းညိတ်လိုက်သော်လည်း သူ့အဖေ၏ စကားများကို အလေးအနက် မမှတ်ယူပေ။ ယခင်ရက်ပိုင်း သူ ဝူဟုန်နှင့် စကားပြောကြည့်နေစဉ်အတွင်း သူမ၏ ရည်ရွယ်ချက်က သူ့နှင့် တွေ့ဆုံပြီး ကူညီရုံသပ်သပ်ဖြစ်ကြောင်း ထူးထူးဆန်းဆန်း ခံစားမိနေသည်။
သူက နောင်အခါ ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် တိုက်ခိုက်ဖို့ ဖြစ်လာမည့်အရေးကိုလည်း ပူပင်မိ၏။ ထို့ကြောင့် ဝမ်ဝေ့က သူမကို ဝေ့ဝိုက်ကာ ပြောကြည့်ဖူးလေသည်။ သို့သော်လည်း သူမဆီမှ ရသည့် ခံစားချက်အရ သူမက ထိုကောင်းကင်အလိုဆန္ဒတိုက်ပွဲအား လုံးလုံး ဂရုမစိုက်ပေ။ ပြောရလျှင် သူမက ထိုအရာကို လမ်းဘေးတွင် တွေ့နေရတတ်သည့် ပုံမှန်ပစ္စည်းလိုမျိုး အဖတ်မတန်သလို သဘောထားနေသေးသည်။
ဝမ်ဝေ့က သူတို့ အနာဂတ် ပြိုင်ဘက်ဖြစ်လာနိုင်ခြေနှင့် ပတ်သက်၍ တိတိကျကျ အဖြေမရှိသော်လည်း ထိုအခြေအနေကို လက်ရှိ စိတ်မပူတော့ပေ။ သူတို့တွေ့ဆုံတာ ရက်ပိုင်းမျှသာ ရှိသေးသည် မဟုတ်ပါလော။
သူတို့က တစ်ယောက်နှင့် တစ်ယောက် ထူးဆန်းစွာ နှစ်သက်မှုရှိနေကြသော်လည်း ဆင်ခြင်တုံတရားရှိသူအနေနှင့် သူတို့က တာအိုလက်တွဲဖော် ဖြစ်လာမည့် ကိစ္စနှင့် ပတ်သက်လာသည့်အခါ အလျှင်စလို ပြုမူကြမည် မဟုတ်ချေ။
ဤလောကထဲ တာအိုလက်တွဲဖော်နှင့် ဇနီးသည်က တူညီသည့်အရာ မဟုတ်ပေ။ မယားပြိုင်ယူလေ့ရှိသော ဓလေ့ကြောင့် အသင်္ချေအင်ပါယာကမ္ဘာရှိ ကျင့်ကြံသူများက သူတို့လိုချင်သလောက် ဇနီးများစွာကို ယူနိုင်သော်လည်း တာအိုလက်တွဲဖော်ကား တစ်ယောက်တည်းသာ ရှိနိုင်လေသည်။
နာမည်အတိုင်း တာအိုလက်တွဲဖော်ဆိုသည်မှာ သူတို့တာအိုလမ်းကို လျှောက်လှမ်းစဉ် ဘေးကနေ အဖော်ပြုမည့်သူ ဖြစ်၏။ ထို့ကြောင့် ထိုလူ့အပေါ် သေခြင်းရှင်ခြင်းကို ကျော်လွန်၍ ယုံကြည်မျိုး ဖြစ်သည့် အကြွင်းမဲ့ ယုံကြည်မှု ထားရှိကြသည်။
ကျင့်ကြံသူများစွာက သေခြင်းတရားကို မကြောက်ကြသော်လည်း သူတို့တာအို သို့မဟုတ် ရှေ့ဆက်ရမည့်လမ်း ပျောက်ဆုံးသွားမည်ကို ကြောက်ကြသည်။ ထို့ကြောင့် သူတို့တာအိုလက်တွဲဖော်က သူတို့ကိုယ်ပိုင်တာအိုဖြင့် အပြန်အလှန် ကာကွယ်ဖေးမပေးကြဖို့ တာဝန်ရှိသည်။
ထို့ကြောင့် ကျင့်ကြံသူတိုင်းက တစ်ယောက်ယောက်အပေါ် ဒီလောက်အထိ ယုံကြည်ချက် မထားလိုကြပေ။ တကယ်တော့ တာအိုလက်တွဲဖော် အစပိုင်းသဘောတရားကို ကမ္ဘာကြီးထံ မိတ်ဆက်ပေးလိုက်စဉ်အခါက တာအိုလက်တွဲဖော်များကြား သစ္စာဖောက်မှုအမျိုးမျိုး ဖြစ်ခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် ယင်စန္ဒာနန်းဆောင်၏ မဟာဧကရာဇ် သဟဇာတက တာအိုလက်တွဲဖော်များ တစ်ယောက်နှင့် တစ်ယောက် ဘဝမျှဝေမည့် နေရာတွင် အခမ်းအနားတစ်ခု ကျင်းပခဲ့သည်။ ဤနည်းဖြင့် သူတို့က တစ်ယောက်နှင့် တစ်ယောက် ထောက်ပံ့ပေးနိုင်ပြီး တစ်ဖက်က ပျောက်ကွယ်သွားပါက သေပင် သေဆုံးသွားနိုင်သည်။
……………....
ဝမ်ဝေ့က အတွေးများကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် မေးလိုက်သည် “ အဖေ … ဒါက အရိပ်ဆီကနေ ရထားတဲ့ သတင်းတွေပေါ် မူတည်ပြီ ကောက်ချက်ချတာ မဟုတ်ဘူးလို့ ကျွန်တော် ဘာလို့ခံစားမိနေပါ့လိမ့်”
ဂိုဏ်းချုပ်ဝမ်ထျန်းက ထိုမေးခွန်းကို ကြားသည့်အခါ မျက်နှာအမူအရာ မပြောင်းသွားသော်လည်း နှလုံးခုန်နှုန်း တစ်ချက်မြန်သွားခဲ့သည်။ သူက သူ့သားသည် ထူးထူးဆန်းဆန်း အာရုံမျိုး ရှိပြီး သတိမထားမိသည့်အရာ မရှိသလောက် ရှားပါးကြောင်း မေ့လျော့သွားခဲ့သည်။
သူက ရှုံ့မဲ့ပြုံးလိုက်ရင်း “ အချက်အလက်တွေဖတ်ပြီးတော့ သူမအကြောင်း သိချင်လာလို့ ကျောင်းတော်ဆီ သွားပြီး သူမကို ကိုယ်တိုင်သွားကြည့်ခဲ့တယ်”
“ပြီးတော့ရော ” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြန်မေးလိုက်သည်။
“ ငါ့ဓားသမား အသိစိတ်နဲ့ သူမက ဘယ်လောက်အားကောင်းမှန်း သိလာတာ။ သား မင်းလည်း ကြိုးစားရမယ်”
“ပြီးတော့ရော” ဝမ်ဝေ့က ပြုံးထားရင်း ဆက်မေးလိုက်သည်။
ဝမ်ထျန်းက ချောင်းအသာဟန့်လိုက်ပြီး သူ့ပါးပြင်တစ်လျှောက်လုံး အနီရောင်သမ်းလာသည် “ကောင်းပြီ မင်း နိုင်တယ်။ သူမအနား ရောက်သွားတာနဲ့ ငါ့ကို ရှာတွေ့သွားတယ်။ ငါက ကိုယ်ပိုင်ပိုင်နက်ထဲမှာ ပုန်းနေတာတောင် တွေ့သွားတာ … ဒါပေမဲ့ ငါ့ကို ထုတ်ဖော်မဲ့အစား သူမက ငါ့ကို လျစ်လျူရှုပြီး ငါကိုယ်တိုင် ထွက်မလာခင်အထိ သူမက ငါမရှိသလို ဟန်ဆောင်ပေးခဲ့တယ်။ အခြေအနေတစ်ခုလုံးက မျက်နှာပူစရာပဲ ”
ဝမ်ထျန်းက အမှန်တကယ် ရှက်နေမိသည်။ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့်အပြင် သူ့မျိုးဆက်အတွင်း အားအကောင်းဆုံး ကောင်းကင်ရွေးချယ်ခံတစ်ယောက်အနေနှင့် သူ့ကို သဘာဝလွန်နယ်ပယ်အဆင့် ကလေးက ရှာတွေ့သွားလေသည်။ သူမကို ထာဝရဧကရာဇ် ပြန်လည်ဝင်စားလာတာဟု ယုံကြည်ထားလျှင်ပင် သူ့အတွက် မျက်နှာပူစရာ ဖြစ်နေသေး၏။
“သူမကို ဘယ်လိုထင်လဲ” ဝမ်ဝေ့က အားရစွာ ပြုံးရင်း မေးလိုက်သည်။
“သူမက အတော်လေး ဆန်းကြယ်တဲ့ပုံပဲ။ သူမကို ထိုးဖောက်မမြင်နိုင်ဘူး။ ပြီးတော့ သူမက ငါနဲ့ မင်းအမေကိုလည်း ကောင်းကောင်းသိနေတဲ့ ခံစားချက်မျိုး ရနေတယ်”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး သေချာစဉ်းစားလိုက်သည်။
အဲဆိုတော့ ငါတစ်ယောက်တည်း ဒီလိုခံစားရတာ မဟုတ်ဘူးပဲ … သူမက အချိန်ကူးပြောင်းသူ ဖြစ်ပြီးတော့ ငါနဲ့သူမက နောင်အနာဂတ်မှာ ပတ်သက်ဆက်နွယ်နေတာများလား …
ဒီလိုသာ အမှန်ဖြစ်ရင် သူမက အချိန်မီ ပြန်သွားဖို့ လိုတယ်မလား …
ဧကရီဝူက ဒီကိစ္စနဲ့ ဘာပတ်သက်နိုင်မှာလဲ … ကြည့်ရတာ ငါ သူမ အချိန်ခရီးသွားတဲ့ လက္ခဏာအရိပ်အယောင်ကို လိုက်ရှာရမယ်
သူ့အဖေနှင့် မိနစ်ပိုင်းလောက် စကားထပ်ပြောပြီးနောက် ဝမ်ဝေ့က ဆက်သွယ်ရေး အစီအရင်ကို ရပ်တန့်လိုက်သည်။
“အကြီးအကဲချုပ် ”
“ဟုတ် သခင်လေး”
“ကျောင်းတော်က အထက်ပိုင်းတွေနဲ့ ကျွန်တော့်အတွက် အစည်းအဝေးတစ်ခုလောက် စီစဉ်ပေးပါဦး”
“ပြဿနာမရှိပါဘူး ”