← Chapters

ညှိနှိုင်းခြင်း

Vol. 16 Ch. 212

ညှိနှိုင်းခြင်း

Vol. 16 Ch. 212

အခန်း(၂၁၂) :  ညှိနှိုင်းခြင်း

ကျောင်းတော်နှင့် အစည်းအဝေး သတ်မှတ်ပြီးနောက် ဝမ်ဝေ့က လတ်တလော သူ့ဆီ ဖြစ်လာသည့် ကိစ္စများကို စတင်စဉ်းစားမိကာ မပျော်မရွင်ဖြစ်လာမိသည်။ သူက သူ့ပတ်ဝန်းကျင်တွင် ထူးထူးဆန်းဆန်း အရာများ ဆက်တိုက် ဖြစ်နေပြီး သူ့အနေနှင့် ထိန်းချုပ်နိုင်ခြင်း မရှိသည်ကို သတိထားမိသည်။

ထိုစာအုပ်နှင့် ပတ်သက်၍ စိတ်နတ်ဆိုး စမ်းသပ်ချက် နှစ်ကြိမ် ကြုံတွေ့ခဲ့ရခြင်းနှင့်အတူ သူ့အနား ထူးဆန်းကာ မထိန်းချုပ်နိုင်သည့် ဖြစ်ရပ်များ ဖြစ်နေပြီး သတင်းအချက်အလက် လစ်ဟာနေခြင်းက သူ့အား အတော်လေး စိတ်ရှုပ်စေသည်။

သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည့် တစ်စုံတစ်ခု ဖြစ်လာတော့မည်မှန်း ခံစားနေရပြီး သူနှင့် သက်ဆိုင်နေသော်လည်း သူ့အနေနှင့် ဘာမှလုပ်ဆောင်နိုင်ခြင်း မရှိပေ။

ဝမ်ဝေ့အနေနှင့် သူ့ကိုယ်သူ ထိန်းချုပ်ရတာကို ကြိုက်နှစ်သက်သူတစ်ဦးဟု မယုံပေ။ သူ ရာစုနှစ်အနည်းငယ် အသက်ရှင်လာသည့် သက်တမ်းတစ်လျှောက် ကိစ္စများက ထိန်းချုပ်မှုအောက် ကင်းလွတ်သွားသည့် အခြေအနေအများအပြား ဖြစ်ခဲ့ဖူးသည်။ သူ့နတ်ဘုရား အပြစ်ဒဏ်မိုးကြိုးသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။

သို့သော်လည်း ထိုဖြစ်ရပ်များအတွင်း သူက သူ့အသက်ရှင်နိုင်ခြေကို သေချာစေဖို့ အစီအစဉ်များ သေချာရေးဆွဲရုံသာမက အခြေအနေကိုလည်း အခွင့်ကောင်းယူ၍ အကျိုးမြတ်များထွက်အောင် လုပ်ခဲ့သည်။ သို့သော် လတ်တလော အဖြစ်အပျက်များက သူ့အား နလပိန်တုံးလို ဖြစ်လာစေသည်။

ထိုအရာများကို တွေးလိုက်ပြီးနောက် သူက လက်စွပ်ထဲမှ အဆောင်တစ်ရွက်ကို ထုတ်လိုက်သည်။ ဤသည်မှာ သူဖုန်းစားအိုကြီး ပေးခဲ့သည့် အဆောင် ဖြစ်၏။ သူက သူဖုန်းစားအိုကြီးသည် သူ့ဆီ ဖြစ်လာတော့မည့်အကြောင်းအရာများကို ရိပ်ဖမ်းသံဖမ်း သိထားပုံရကြောင်း ခံစားနေမိသည်။

သို့သော် သူက အဆောင်ကို အသက်မသွင်းလိုက်သေးပေ။ ယခုကား အချိန်မကျသေးကြောင်း ခံစားနေမိ၏။

နောက်တစ်ရက်၌ ဝမ်ဝေ့က စောစီးစွာ နိုးလာခဲ့သည်။ ထို့နောက် ကျောင်းတော်မှ အထက်လူကြီးများနှင့် စီစဉ်ထားသည့် အစည်းအဝေးဆီ အကြီးအကဲချုပ်ယန်းချန်နှင့်အတူ သွားလိုက်သည်။

သူက အခန်းငယ်လေးထဲ ဝင်လာသည့်အခါ ဆံဖြူဖြူ လူအိုကြီးနှင့်အတူ ဆရာတချို့က အခင်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်ရသည်။ သူက ပညာရှိနှင့်တူသည့် ထိုလူအိုကြီးက ကျောင်းတော်၏ ကျောင်းအုပ် ပိုင်ဟန် ဖြစ်ကြောင်း မှတ်မိလိုက်သည်။

ကျောင်းအုပ်က တကယ်တမ်း သူ့အဖေမျိုးဆက်တုန်းက သူ့အဖေ၏ ရန်သူတော်ကြီး ဖြစ်၏။ သူ့နာမည်က ကောင်းကင်တာအိုကာကွယ်ရေး စာအုပ်ပေါ်တွင် ဒုတိယနေရာ ယူထားနိုင်ခဲ့သည်။

အခန်းထဲ ဝင်လာသည့်အခါ ဝမ်ဝေ့က အခန်းအလယ်တွင် စားပွဲငယ်လေးနှင့်အတူ အခင်းလေး ချထားသည်ကို မြင်လိုက်ရသည်။ အခင်းက တခြားဆရာများနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသော်လည်း အနေအထားက သူတို့ထက် နိမ့်ကျနေသည်။

သူ အခန်းထဲဝင်လာသည်နှင့် အားပြင်းပြင်း အရှိန်အဝါများက သူ့ကို လွှမ်းခြုံဖို ကြိုးစားနေသည်ကို သတိထားမိလိုက်သည်။ တကယ်တော့ အကြီးအကဲယန်းချန်ပင် တခြားအစစ်အမှန် အုပ်ချုပ်သူများ၏ ဖိအားအောက် ကျရောက်နေသည်။ သို့သော်လည်း မည်သူကမှ ထိုအရာကို ဂရုမစိုက်ပေ။

ယန်းချန်က ထိုအပြုအမူကို တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်တို့ကြား ပြိုင်ဆိုင်မှုအဖြစ် အသားကျနေပြီ ဖြစ်၏။ သူတို့ဂိုဏ်း၏ နောက်ဆုံး မဟာဧကရာဇ်က မိစ္ဆာခေတ်ကာလတွင် ဖြစ်ခဲ့စဉ် ကျောင်းတော်၏ နောက်ဆုံး မဟာဧကရာဇ်ကား ခေတ်သစ် ဧကရာဇ်ခေတ်ကာလ၏ အစပိုင်းတွင် ဖြစ်ခဲ့သည်။

ထိုစဉ်ကတည်းက ဂိုဏ်းနှစ်ဂိုဏ်းက နှစ်သန်းချီကြာသည့်တိုင် အမြဲလိုလို ယှဉ်ပြိုင်နေတတ်ကြသည်။

ဝမ်ဝေ့အတွက်မူ ထိုလူများ၏ အရှိန်အဝါကို ဂရုမစိုက်ပေ။ ကောင်းကင်တာအို၏ အမျက်ဒေါသကို ရင်ဆိုင်ဖူးပြီး‌ အောင်မြင်သူတစ်ဦးအနေနှင့် သူတော်စင်အဆင့်လောက် အရှိန်အဝါကို ဂရုမစိုက်ပေ။ ထို့ကြောင့် သူက အခန်းအလယ်တွင် ဝင်ထိုင်ကာ သူတို့တည့်ခင်းထားသည့် အစားအစာများကို အရသာခံလိုက်သည်။

ယန်းချန်အတွက်မူ လေဟာနယ်ထဲ ဝင်ရောက်သွားပြီး ညှိနှိုင်းမှုများကို သူ့သခင်လေးဆီသာ အပ်ထားခဲ့လိုက်သည်။

“ အမွေခံသားတော် ဝမ်ဝေ့ ဒီကို ဘာကိစ္စရှိလို့လဲ” ပိုင်ဟန်က ညင်ညင်သာသာ ပြုံးရင်း မေးလိုက်သည်။ သူက မြေးများကို အလိုလိုက်တတ်သည့် အဘိုးတစ်ယောက်လိုမျိုး ဖြစ်၏။

ဝမ်ဝေ့က သူ့အပြုအမူကြောင့် ဘာမှမခံစားရပေ။ ထိုလူများ သူ့အပေါ် လုပ်ခဲ့သည့် လုပ်ဆောင်ချက်တချို့ကို မေ့ထားလိုက်လျှင်ပင် အားအကောင်းဆုံး နေရာတွင် တာဝန်ယူထားနိုင်သူက ဒုက္ခမပေးနိုင်သည့် အဘိုးကြီးတစ်ယောက်ဟု မယုံပေ။

“ကျောင်းအုပ်ကို ပြောစရာလေးရှိလို့ပါ။ ကျွန်တော်က ပြဿနာ နည်းနည်ကြုံနေရတယ်။ အဲဒါကို ဖြေရှင်းပေးစေချင်လို့ပါ”

“အဲလိုများလား။ ငါတို့ကျောင်းတော်ရဲ့ ကြိုဆိုလက်ခံတာကို သဘောမကျလို့လား။ ငါတို့ဘက်က တစ်ခုခုလုပ်ပေးနိုင်တာရှိရင် ပြောလိုက်ပါ”

“မဟုတ်ပါဘူး။ ကျောင်းတော်ဘက်က ဧည့်ခံမှုက ကျေနပ်တာထက် ပိုပါတယ်။ ကျွန်တော့်ဂိုဏ်းကတောင် အဲထက် ပိုကောင်းအောင် လုပ်နိုင်မယ် မထင်ဘူး။ ကျွန်တော့်ပြဿနာက နာမည်ကို ကောင်းကင်တာအို ကာကွယ်ရေး စာအုပ်အပေါ်မှာ မထားခဲ့ဘဲ တာအိုကျောက်ပြားတွေကို ကြည့်ခွင့်ရမလားလို့ သိချင်လို့ပါ”

လူတော်တော်များများက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်သွားကြသည်။ ယမန့်နေ့ညက တာအိုအခွင့်အလမ်းဂိုဏ်းမှ တောင်းဆိုချက်ကို ကြားပြီး ညတွင်းချင်း အစည်းအဝေးထိုင်ခဲ့ကြသည်။ လူအများစုက ရုတ်ချည်း တောင်းဆိုချက်အတွက် အကြောင်းပြချက်များစွာ စဉ်းစားခဲ့ကြသော်လည်း ဤအရာ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ငါတို့က မင်းကို တစ်ခုခုအကွက်ချဖို့ ကျောင်းတော်ရဲ့ ဂုဏ်သတင်းညစ်နွမ်းအောင် လုပ်မယ် ထင်နေတာလား” ဆရာတစ်ယောက်က ရုတ်ချည်း ဝင်ပြောလိုက်သည်။

“ အဲလိုမဟုတ်ပါဘူး။ ကျောင်းတော်ရဲ့ ဂုဏ်သတင်းကို ယုံပါတယ်။ ကျွန်တော့်အဖေ၊ အမေနဲ့ အဘိုးအဘွားတွေ နာမည်လည်း စာအုပ်ထဲမှာ ချန်ထားခဲ့တာပါပဲ”

“အဲဆို မင်းက တခြားပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ဖို့ ကြောက်နေတာလား” ထိုဆရာက နောက်ထပ် ထပ်မေးလိုက်သည်။ သူ့အသံတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ပါဝင်နေ၏။

“ မဟုတ်ပါဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်  “ ကျောင်းတော်က အလိုရှိတဲ့အတိုင်း စစ်ဆေးမှုထဲ ပါဝင်တိုက်ခိုက်ဖို့ ပျော်တာထက် ပိုပါတယ်။ ဒါပေမဲ့ နာမည်ကို စာအုပ်ပေါ်မှာ မချန်ထားခဲ့ချင်ရုံပါ။ ကျွန်တော်က အဲလိုမလုပ်ဘဲနဲ့ တာအိုကျောက်ပြားတွေကို မြင်တွေ့ခွင့်ရဖို့ တောင်းဆိုနေတာပါ”

“အမွေခံသားတော်” ပိုင်ဟန်က တခြားဆရာများကို ထပ်မပြောနိင်အောင် လက်ဟန်ပြကာ တားလိုက်ရင်း  “ မေးပါရစေဦး … ဒါပေမဲ့ မင်းရဲ့ တောင်းဆိုချက်ကို မစဉ်းစားခင် အဲဒီအပြုအမူအကြောင်း ရှင်းပြပေးဖို့ လိုမယ်တူတယ် ”

မြေခွေးအိုကြီး ဘာကတိမှ မပေးဘဲ ငါ့ဆီကနေ သတင်းနှိုက်ချင်နေတယ် …

ဝမ်ဝေ့က တိတ်တဆိတ် တွေးလိုက်မိသည်။

သူက အဖန်ရည် သောက်လိုက်ရင်း   “ ခင်ဗျားတို့သိတဲ့အတိုင်း နတ်ဘုရားအပြစ်ဒဏ်မိုးကြိုး ခံယူပြီးတဲ့နောက်ပိုင်း ကောင်းကင်တာအိုနဲ့ ကျွန်တော်ကြားက ဆက်ဆံရေးက ကောင်းတာ မဟုတ်ဘူး။ အဲဒါကြောင့် သူ့လက်ထဲမှာ ကျွန်တော့်ဘေးကင်းမှုကို မထားချင်ရုံပါ”

ဆရာများက ထိုအရာကို ကြားပြီး ခေါင်းညိတ်လိုက်ကြသည်။ တကယ့်အခြေအနေက ပြောသည်ထက် ပိုရှုပ်ထွေးနေမှန်း မှန်းဆနိုင်သော်လည်း နောက်ကွယ်မှ အကြောင်းအရင်းကို နားလည်နိုင်သေးသည်။ အမွေခံသားတော်က အမှန်အတိုင်း ပြောနေခြင်းသာ ဖြစ်နေသည်။

ပိုင်ဟန်အတွက်မူ တိတ်တဆိတ် တွေးလိုက်ရင်း မျက်မှောင်ကြုတ်လာမိသည်။

ခဏနေပါဦး … အဲဒီဝမ်ဝေ့က ကောင်းကင်တာအိုနဲ့ ဆက်ဆံရေးဆိုးရှိပြီးတော့ သူက ကံကြမ္မာတာအိုကို ကျင့်ကြံချင်ပုံပဲ …

အဲဆို သူက ဝရမ်းပြေးများ ဖြစ်နေမလား … ငါ့လူအိုကြီးက အဲဒါနဲ့ ပတ်သက်ပြီး ပြောခဲ့ဖူတယ်

ဒါပေမဲ့ ကြာလှပြီ ဖြစ်တဲ့အပြင် ငါလည်း အာရုံမစိုက်မိခဲ့ဘူး ….

ဒါပေမဲ့ ဝမ်ဝေ့သာ ဝရမ်းပြေး ဖြစ်နေရင် သူ့ခြိမ်းခြောက်နိုင်နှုန်းက အတော်လေး လျော့ကျသွားမှာပဲ …

“အမွေခံသားတော်” ပိုင်ဟန်က အခန်းထဲရှိ အစစ်အမှန် အုပ်ချုပ်သူများကိုပင် သတိမထားမိစေဘဲ အဆောင်တစ်ရွက်ကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။

“ ကံမကောင်းတာက မင်းရဲ့ တောင်းဆိုချက်ကို လက်မခံနိုင်ဘူး။ ကျောင်းတော်ရဲ့ စည်းမျဉ်းတွေအရ ကောင်းကင်ရွေးချယ်ခံ ထိပ်တန်း အယောက် ၃၀ က တာအိုကျောက်ပြားတွေကို မကြည့်ခင် သူတို့နာမည်ကို ကောင်းကင်တာအို ကာကွယ်ရေး စာအုပ်ထဲမှာ ချန်ထားခဲ့ရမယ်”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး မအံ့ဩမိပေ။ ပြောရလျှင် ကျောင်းတော်၏ ချီကံကောင်းမှုများ ပါဝင်နေသည် မဟုတ်ပါလော။ သို့သော်လည်း သူက လွယ်လွယ်လက်လျော့မည် မဟုတ်ပေ။

“ ကောင်းပြီလေ …. အဲဆို အလဲအလှယ်လုပ်ကြရင်ရော”  ဝမ်ဝေ့က တည်ငြိမ်နေဆဲ ဖြစ်၏။

“ ပြောကြည့်ပါဦး” ပိုင်ဟန်က ညင်သာသည့် အပြုံးကို ပန်ဆင်ထားရင်း ပြောလိုက်သည်။

“ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အရင်းအမြစ်နဲ့ တာအိုကျောက်ပြားရှိရာ လျို့ဝှက်နယ်မြေထဲ ဝင်ခွင့်အနေနဲ့ သုံးမယ်။ တကယ်လို့ ကျွန်တော် မှတ်မိတာသာ မှန်ရင် ကျောင်းတော်မှာ အမွေခံတပည့်အတွက် နေရာအနည်းငယ်ရှိဦးမှာပဲ”

ဝမ်ဝေ့ ရထားသည့် သတင်းအရ ကျောင်းတော်သည် တပည့်များကို အမျိုးအစား လေးခု ခွဲထားလေသည်။ အပြင်စည်းတပည့်၊ အတွင်းစည်းတပည့်၊ ပင်မတပည့်နှင့် အမွေခံတပည့်တို့ ဖြစ်ကြသည်။ နောက်ထပ် အစစ်အမှန်တပည့်လည်း ရှိသေး၏။

အမွေခံတပည့်များက တာအိုအခွင့်အလမ်းဂိုဏ်း၏ အပြိုင်အမွေခံသားတော်များနှင့် တူညီပြီး အစစ်အမှန် တပည့်ကား အမွေခံသားတော်နှင့် တူညီသည်။ လင်းဖန်က လက်ရှိ ထိုရာထူးကို ကိုင်ဆောင်ထား၏။

“ အဖြေက ငြင်းရဦးမှာမလို့ စိတ်မကောင်းပါဘူး ”

“ကျောင်းအုပ် သေချာရဲ့လား။ ဒီမျိုးဆက်ရဲ့ အမွေခံသားတော်အနေနဲ့ ကျွန်တော့်ဆီမှာ ဂိုဏ်းရဲ့ ထောက်ပံ့မှုအပြည့်အဝ ရထားတယ်။ ဧကရာဇ်အသုံးအဆောင်ကလွဲရင် ကြိုက်တာ တောင်းဆိုလို့  ရတယ်။  ဧကရာဇ်ဆေးပင်၊ သတ္တုနဲ့ အဆောင်တွေကတော့ ကန့်သတ်ချက် မရှိဘူး။ ဗလာခေတ်ကာလတုန်းကနေ ရှင်သန်ခဲ့တဲ့ ရှားပါး ပင်ကိုရတနာတွေတောင် ဂိုဏ်းက ဒီအခွင့်အရေးနဲ့ လဲလှယ်ဖို့ ဆန္ဒရှိတယ်။

ကျောင်းတော်က ကမ္ဘာမှာ ဒုတိယအားအကောင်းဆုံး အင်အားစုဆိုပေမဲ့ သမိုင်းကြောင်းက အလယ်ပိုင်း ဧကရာဇ်ခေတ်ကာလမှ စတယ်ဆိုရင်လည်း မမှားဘူးလေ။ အဲဒါကြောင့် ခင်ဗျားတို့ဆီမှာ ပင်ကိုရတနာတွေ ရှိပါ့မလား …  ”

အခန်းက ဝမ်ဝေ့စကားကို ကြားပြီးနောက် ချက်ချင်း တိတ်ဆိတ်သွားလေသည်။ အများစုက တံတွေးမျိုချမိလိုက်ကြပြီး သူ့တို့မျက်ဝန်း၌ လောဘအရိပ်အယောင် ထင်ဟပ်လာသည်။

ကျောင်းအုပ်အတွက်မူ နှလုံးခုန်တစ်ချက် မြန်သွားခဲ့သော်လည်း မြန်မြန် ပြန်ထိန်းနိုင်ခဲ့သည်။ ထို့နောက် သူက ညင်ညင်သာသာ ပြုံးလိုက်ရင်း “ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဖြေကတော့ အတူတူပါပဲ”

“ကျောင်းအုပ် တခြားဆရာတွေကို မတိုင်ပင်ဘဲနဲ့ ဒီလိုလေးနက်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို အလွယ်တကူ ချလိုက်တာလား” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

မြေခွေးလေး မင်းက ကျောင်းတော်က ဆရာတွေကြား ကတောက်ကဆ ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတာပဲ …

ပိုင်ဟန်က အပြုံးကို ဆက်လက်ထိန်းထားရင်း တွေးလိုက်သည်။

“ငါ လုပ်နိုင်တာပေါ့”

“ဟုတ်တယ်။ ကျုပ်တို့ ကျောင်းအုပ်ကို ထောက်ခံပါတယ်”

“ကျောင်းအုပ်က ဒီလိုလုပ်ဖို့ အာဏာနဲ့ လုပ်ပိုင်ခွင့် ရှိပါတယ်”

ထိုဆရာများက ငတုံး မဟုတ်ကြပေ။ သူတို့က ချက်ချင်း လောဘစိတ်မှ အသိပြန်ကပ်လာသည်။ သူတို့က ဝမ်ဝေ့ လုပ်ဖို့ ကြိုးစားနေသည့်အရာကို သိလိုက်ကြသည်။

“ဒါဆိုရင်တော့ ကံမကောင်းတာပေါ့” ဝမ်ဝေ့က ဝမ်းနည်းဟန်ဖြင့် ပြောလိုက်သည်။ သို့သော်လည်း သူ အမှန်အတိုင်းပြောနေလား၊ မပြောနေဘူးလားဆိုတာတော့ မည်သူမှ မပြောနိုင်ပေ။

“ကျွန်တော်တို့ ညှိနှိုင်းချက်က အချည်းနှီးဖြစ်သွားတယ်ဆိုတော့ ဆက်ပြောစရာ မလိုတော့ဘူးပဲ။ အဖန်ရည်အတွက် ကျေးဇူးပါ ”

ထိုသို့ပြောပြီးနောက် သူက လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်ရင်း တည်တည်ငြိမ်ငြိမ် ထွက်လာလိုက်သည်။

ဝမ်ဝေ့က အစည်းအဝေးခန်းထဲမှ ထွက်လာသည့်နောက် သူ့အံ့ဖွယ်အသိစိတ်ဖြင့် အစစ်အမှန် အုပ်ချုပ်သူယန်းချန်ကို ဆက်သွယ်လိုက်သည်။

“ ကျွန်တော်တို့ အရန်အစီအစဉ်ရော ဘယ်လိုလဲ”

“စိတ်မကောင်းပါဘူး သခင်လေး … အဲဒါလည်း ကျရှုံးသွားပါတယ် ”

All Chapters