လုပ်ငန်းဟောင်း
Vol. 16 Ch. 215
အခန်း(၂၁၅) : လုပ်ငန်းဟောင်း
ဝမ်ဝေ့က ဝူဟုန်ဆီမှ အကြည့်လွဲလိုက်ပြီး လူသန်းချီရှေ့မှောက်တွင် သူ့အား လှမ်းခေါ်သူကို ကြည့်လိုက်သည်။ ဖြစ်ချင်တော့ ကျီစုန့် ဖြစ်နေ၏။
ကောင်းပြီလေ … ဒါမျိုးက ထင်ထားပြီးသားပဲ
ဝမ်ဝေ့က သူ့ဘာသာ တွေးလိုက်မိသည်။
ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးမှုက အလွန်အရေးကြီး၍ လူများစွာ တက်ရောက်ကြသလို စောင့်ကြည့်နေကြသည်။ နမူနာအားဖြင့် စစ်ဆေးမှုကို တက်ရောက်သူ လူ သန်းပေါင်း ၁၅ သန်းလောက်ရှိပြီး လူတချို့က အလွှာနိမ့်မှ ရောက်လာကြသူများ ဖြစ်၏။
ပို၍ အရေးကြီးသည်ကား ကမ္ဘာရှိ ကျင့်ကြံသူအများစုက လက်ရှိ ဒီစစ်ဆေးမှုကို ကြည့်နေကြလေသည်။
ထိုလူများစွာ စစ်ဆေးမှု တက်ရောက်ကြသည့် အကြောင်းအရင်းတစ်ချက်မှာ ဂုဏ်သတင်းနှင့် နာမည်ကျော်ဇောမှု အခွင့်အလမ်းအတွက် ဖြစ်၏။ လူသန်းပေါင်းများစွာ၏ ကိုးကွယ်ယုံကြည်မှုကို ခံရမည့် အခွင့်အရေးမျိုး၊ သူတို့၏ စွမ်းအားနဲ့ ခွန်အားကို ကမ္ဘာထံ ချပြကာ ဂုဏ်သတင်း တိုးလာနိုင်မည့် အခွင့်အရေးမျိုး ဖြစ်သည်။
ကျင့်ကြံရေးလောက၌ ဂုဏ်သတင်းက နာမည်ကြီးခြင်းတင် မကဘဲ အများ၏ လက်ခံယုံကြည်မှုလည်း ရရှိကြလေသည်။ ဂုဏ်သတင်းက လွှမ်းမိုးမှုအဖြစ် ပြောင်းလဲနိုင်ပြီး လွှမ်းမိုးမှုက အရှိန်အဝါအဖြစ် ကူးပြောင်းသွားလိမ့်မည်။ ပြိုင်ပွဲအတွင်း တစ်ဖက်လူကို ခြိမ်းခြောက်နိုင်သည့် အရှိန်အဝါမျိုး ဖြစ်၏။ အရှိန်အဝါက ကျင့်ကြံဆင့် အတားအဆီးများကို ချိုးဖောက်ရာတွင် အခွင့်အလမ်း တိုးမြင့်လာစေလိမ့်မည်။
ပို၍ အရေးကြီးသည်က ဂုဏ်သတင်းက လူတစ်ယောက်၏ ချီကံကောင်းမှု သို့မဟုတ် ကံကြမ္မာကို တိုးလာစေနိုင်သည်။
ကျီစုန့်က ဝမ်ဝေ့၏ အကြည့်ကို ခံစားမိပြီး “ ငါ မင်းနဲ့ ပြန်တိုက်ခိုက်ရဖို့ စောင့်နေတာ ဆယ်စုနှစ် ငါးခု ရှိသွားပြီ။ အခု မင်းက ဒီစစ်ဆေးမှုမှာ မပါဝင်ဘူးတဲ့လား။ ငါနဲ့ ပြန်တိုက်ရဖို့ အဲလောက်တောင် ကြောက်နေပြီလား ”
သူ့အသံက ကျယ်ကာ လူသန်းချီရှိသည့် ပွဲကြည့်စင်တစ်ခုလုံးကို လွှမ်းသွားလေသည်။
ဝမ်ဝေ့က သူ့ကို ခတ္တမျှ စိုက်ကြည့်လိုက်ပြီးနောက် သူ့လိုမျိုး ကျယ်ကျယ်လောင်လောင် ပြောလိုက်သည် “မင်းက ဘယ်သူလဲ ”
ကျီစုန့်၏ မျက်နှာထားက ချက်ချင်းပျက်ယွင်းသွားကာ အော်ပြောလိုက်သည် “ ဘာပြောချင်တာလဲ ”
“အိုး … အားနာပါရက်။ ငါ ရိုင်းပြဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ငါ့ဆီ တစ်ခါမက ရှုံးနိမ့်ထားတဲ့ တစ်ယောက်ယောက် နာမည်ကို မမှတ်မိတတ်တဲ့ ရောဂါရှိလို့ … ” ဝမ်ဝေ့က သူ့မျက်နှာအထက် တွေးဆဆဖြင့် ပြန်ပြောလိုက်သည်။
ထိုစဉ် ပွဲကြည့်သူအားလုံးက ထိုအရာကို ကြားပြီး အသက်ပြင်းပြင်းရှုလိုက်ကြပြီး အာရုံပိုစိုက်ထားလိုက်ကြသည်။ ဤသည်မှာ သူတို့ ဒီလို စစ်ဆေးမှုကို တက်ရောက်လာသည့် အကြောင်းအရင်း ဖြစ်၏။
ကောင်းကင်ရွေးချယ်ခံများ တစ်ယောက်နဲ့ တစ်ယောက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအရပါ ဆွဲဖြဲတာကို ကြည့်ရဖို့ …
“ သရော်တာ တော်လောက်ပြီ” ကျီစုန့်က ပြန်ပြောလိုက်သည် “ မင်း ဒီစစ်ဆေးမှုထဲ ဝင်ပါပြီး ငါနဲ့ တိုက်ခိုက်မှာလား”
“ မင်းက ငါနဲ့ တိုက်ဖို့ အဲလောက်တောင် စိတ်ဝင်စားနေရတာလဲဆိုတာ ပိုသိချင်မိတယ်”
“ငါတို့အဆင့်တွေအတွက် အားကောင်းတဲ့ ပြိုင်ဘက်နဲ့ တိုက်ခိုက်တာ ပုံမှန်ပဲ မဟုတ်ဘူးလား။ မင်းနဲ့ငါ့ကြား သွေးကြွေးရှိတာကို မေ့မထားနဲ့ဦး”
“ အဲလိုတော့ ဟုတ်ပါရဲ့” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည် “ဒါပေမဲ့ အဲဒါက မင်းရဲ့ ရည်ရွယ်ချက် အစစ်အမှန် မဟုတ်ဘူးလို့ ဘာလို့ခံစားမိနေပါ့လိမ့်။ မင်းက ငါနဲ့ တိုက်ဖို့ အပြင်းအထန် တောင်းဆိုနေတာက … ကြည့်ရတာ မင်းဘာသာ သက်သေပြဖို့ ကြိုးစားနေသလိုပဲ ”
“ဒါပေါ့ … ငါက ကျရှုံးမှုနည်းနည်းလောက်က ဧကရာဇ်လမ်းစဉ်မှာ ဘာကိုမှ ကိုယ်စားမပြုဘူးဆိုတာကို သက်သေပြမှာ။ စစ်မှန်တဲ့ ကောင်းကင်ရွေးချယ်ခံ တစ်ယောက်အနေနဲ့ ငါက တဖန်ပြန်လည် မြင့်တက်နိုင်တယ် ”
ခဏကြာတိတ်ဆိတ်သွားပြီးနောက် ဝမ်ဝေ့က ရုတ်ချည်း ကောက်ပြောလိုက်သည် “ငါက မင်းရဲ့ စိတ်နတ်ဆိုး ဖြစ်လာတာမလား”
ကျီစုန့်၏ မျက်နှာထားက တည်တည်ငြိမ်ငြိမ် တည်ရှိနေသော်လည်း နှလုံးခုန်နှုန်း တစ်ချက်မြန်သွားလေသည်။ ဝမ်ဝေ့ ပြောသည်က အမှန် ဖြစ်နေ၏။ သူ ဒုတိယအကြိမ် ရှုံးနိမ့်ပြီးသည့်နောက် သူ့အနေနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားဖို့ ကြာမြင့်ခဲ့သည်။ ထိုသို့ဆိုလျှင်ပင် သူက အပြည့်အဝ ပြန်မကောင်းသေးပေ။
သိပ်မကြာခင် သူက ဝမ်ဝေ့သည် သူ့စိတ်နတ်ဆိုး ဖြစ်လာကြောင်း သတိထားမိခဲ့သည်။ အကယ်၍ သူ့ကို အနိုင်မယူလျှင် သို့မဟုတ် ထိုအရာကို ဖယ်ရှားပစ်ဖို့ နည်းလမ်းမရှာနိုင်လျှင် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်မည် မဟုတ်ချေ။
“ငါနဲ့ တိုက်မှာလား မတိုက်ဘူးလား” ကျီစုန့်က မေးခွန်းကို လျစ်လျူရှုကာ မေးလိုက်သည်။
“ဘာလို့ တိုက်ရမှာလဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည် “ မင်း ပြဿနာကို ငါက ဘာလို့ကူညီဖြေရှင်းပေးရမှာလဲ”
ကျီစုန့်က မျက်မှောင်ကြုတ်ရင်း ထပ်စဉ်းစားလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းဖျား၌ ခနှဲ့သည့် အပြုံးမျိုး ထွက်ပေါ်လာသည်။
“ မင်းရဲ့ အနိုင်လိုချင်တဲ့ စိတ်မျိုးနဲ့ စိန်ခေါ်မှုကို ဒီလိုအသေးအမွှားအကြောင်းပြချက်မျိုးနဲ့ ငြင်းမဲ့ လူစားမျိုး မဟုတ်ဘူး။ မင်းရဲ့ အရင်စကားတွေနဲ့ အပြုအမူတွေအရ မင်းက ရန်သူကို မျှားခေါ်ပြီးတော့ မင်း လိုချင်တာရဖို့ စီစဉ်နေပြီဆိုတာ ငါ ပြောနိုင်တယ်။ မင်းနဲ့ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး။ အဲဒါကြောင့် ငါ့စိန်ခေါ်မှုကို လက်ခံဖို့ မင်းလိုချင်တာကို ပြောလိုက်”
ဝမ်ဝေ့က ကျီစုန့်၏ စကားများကို ကြားပြီး မျက်မှောင်ကြုတ်သွားလေသည်။ ထို့နောက် သူက အသာပြုံးလိုက်၏။ သူက ရန်သူသည် မိမိထက် မိမိအကြောင်း သိနေကြောင်း ပြောကြသည်မှာ အမှန်ဖြစ်နေကြောင်း သဘောပေါက်သွားသည်။
“ ပြိုင်ပွဲပြီးသွားရင် တိုက်ကြမယ်။ အဲဒီအနေနဲ့ ငါ လိုချင်တာက တာအိုကျောက်ပြားတွေ ထားတဲ့ လျို့ဝှက်နယ်မြေထဲ မင်းရဲ့ ဝင်ခွင့်နေရာကို ရဖို့ … ”
ဤတစ်ကြိမ် ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ဖြင့် ဆက်သွယ်လိုက်ကာ တခြားသူများအား သူတို့ဆွေးနွေးချက်ကို မကြားနိုင်အောင် တားဆီးထားလိုက်သည်။
ကျီစုန့်က မျက်မှောင်ကြုတ်စဉ်းစားလိုက်သည်။ သူက ထိုအပေးအယူကြောင့် အံ့အားသင့်သွားမိသည်။ သူက ဝမ်ဝေ့သည် သူ့ကျင့်စဉ်လိုမျိုး အရာကို တောင်းဆိုလာလိမ့်မည်ဟု ထင်ထားခဲ့သည်။ သူက အခွင့်ကောင်းယူခံရခြင်းမှ ကာကွယ်ဖို့ ညှိနှိုင်းဖို့ပင် ပြင်ဆင်ထားသေးသည်။
ခဏကြာ စဉ်းစားလိုက်ပြီးနောက် သူက အံ့ဖွယ်အသိစိတ်ဖြင့် ပြန်ဖြေလိုက်သည် “ကောင်းပြီ … တကယ်လို့ ငါ နိုင်ရင် မင်းရဲ့ သွေးအဆီအနှစ်ကို လိုချင်တယ်”
ဝမ်ဝေ့က တစ်ချက်ကြည့်ကာ သူ့အတွေးကို တန်းမှန်းဆမိလိုက်သည်။ ကျီစုန့်က ထိုအခွင့်အရေးကို အသုံးချကာ စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုတုန်းကအတိုင်း လက်စားပြန်ချေလိုခြင်း ဖြစ်၏။ ထို့နောက် သူ့သွေးအဆီအနှစ်ကို သူ့အင်အား တိုးတက်လာအောင် အသုံးပြုလိမ့်မည်။
“ကောင်းပြီ” ဝမ်ဝေ့က ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်သည်။ သူက သူ့အင်အားသူ ယုံကြည်ချက်ရှိသည်ထက် ပိုသည်။
ကျီစုန့်က ခေါင်းညိတ်လိုက်ပြီးနောက် မျက်လုံးမှိတ်ကာ နောက်လာမည့် ပြိုင်ပွဲအတွက် အာရုံစိုက်ထားလိုက်သည်။ ဝမ်ဝေ့က သူ့တစ်ဦးတည်းသော ရန်သူ မဟုတ်ပေ။
ပွဲကြည့်ပရိသတ်များက သူတို့အပေးအယူအကြောင်း သေချာမသိသော်လည်း အကောင်ကြီးနှစ်ကောင် တိုက်တော့မည် ဖြစ်၍ စိတ်လှုပ်ရှားလာကြ၏။ ဧကရာဇ် ဉာဏ်အလင်းပွင့်ကျောင်းတော်မှ လူများအတွက်မူ တချို့က ကျီစုန့် သဘောတူလိုက်သည့် အပေးအယူအကြောင်း မှန်းဆမိကာ မျက်စိမျက်နှာပျက်လာကြသည်။
သူတို့က သူ့ကို တာအိုကျောက်ပြားများ ထားရာဆီ ဝင်ခွင့်မရဖို့အတွက် အများကြီး ကြိုးစားအားထုတ်ခဲ့ရသော်လည်း သူ့တွင် အခွင့်အရေး ရသွားသေး၏။
ဟူး ကိစ္စတွေက လွယ်လွယ်လေး အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူး …
ကျောင်းအုပ် ပိုင်ဟန်က တိတ်တခိုး တွေးလိုက်မိသည်။ ထို့နောက် သူက ဖွင့်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပလိုက်သည်။
သို့သော်လည်း နောက်တစ်ယောက်က နှောင့်ယှက်လိုက်ပြန်သည်။ ဤတစ်ကြိမ် ဓားရေးစံအိမ်မှ ဓားဝိဇ္ဇာငယ် ကျန့်ဝူရွှမ်း ဖြစ်၏။
“အမွေခံသားတော် ဝမ်ဝေ့ … မင်းက ဒီပြိုင်ပွဲကို ဝင်မပါဘူးဆိုတော့ ငါလည်း ဒီအခွင့်အရေးကို အသုံးချပြီး မင်းကို စိန်ခေါ်ချင်တယ် ”
“ အိုး ငါ မှတ်မိသလောက် မင်းနဲ့ငါ့ကြား ရန်ငြိုးမရှိပါဘူး” ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်စွာ ပြန်ဖြေလိုက်သည်။
“ မင်းနဲ့ငါ့ကြား မရှိပေမဲ့ ငါတို့ဂိုဏ်းကြားမှာ ရှိတယ်။ မင်းအဖေနဲ့ ငါတို့ဓားရေးစံအိမ်ကြားက ဖြစ်ခဲ့တာတွေကို မင်းလည်း သိမှာပါ ”
ဝမ်ဝေ့က ကျန့်ဝူရွှမ်း၏ ရုတ်ချည်း စိန်ခေါ်မှုနောက်ကွယ်မှ အကြောင်းအရင်းအား သဘောပေါက်သွားသည်။ အရင်မျိုးဆက်၌ သူ့အဖေကို ကျင့်ကြံသူအားလုံးက အားအကောင်းဆုံး ဓားသမား ဟု ခေါ်ဆိုကာ အကြွင်းမဲ့ ပိုင်းဖြတ်ခြင်း ဓားနတ်ဘုရားဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့သည်။
အထူးသဖြင့် ဓားကျင့်ကြံသူများက တခြားတစ်ယောက်ယောက်ကို ထိုဂုဏ်ပုဒ် ရှိစေဖို့ ခွင့်မပြုနိုင်ကြပေ။ ဓားနတ်ဘုရား ဂုဏ်ပုဒ်က ဓားတာအို ကျင့်ကြံကြသည့် ကျင့်ကြံသူများကြား ဓားဧကရာဇ်ပြီးလျှင် အမြင့်ဆုံး ဖြစ်၏။
ဓားကို အသုံးပြုကြသည့် မဟာဧကရာဇ်တိုင်းပင် ထိုဓားဧကရာဇ် ဂုဏ်ပုဒ်ကို မရနိုင်ကြပေ။ သူတို့က ထိုခေါင်းစဉ် ရရှိစေရန် တာအိုကို ဓားဖြင့် သက်သေပြဖို့ လိုအပ်၏။ ထို့အပြင် ဓားနတ်ဘုရား ဂုဏ်ပုဒ်က လူတိုင်းကို ပေးခြင်း မဟုတ်ပေ။
တချို့ ဓားဧကရာဇ်များပင် သူတို့ငယ်ရွယ်စဉ်အခါက ထိုဂုဏ်ပုဒ်မျိုး မရရှိခဲ့ကြပေ။ ဧကရာဇ်က ဓားဖြင့် တာအိုကိုသက်သေပြနိုင်သရွေ့ ဓားဧကရာဇ် ဟူသော ဂုဏ်ပုဒ်ကို ရရှိနိုင်လေသည်။
သို့သော် ဓားနတ်ဘုရားကား မျိုးဆက်များစွာ၏ ဓားကျင့်ကြံသူများကြား အားအကောင်းဆုံးနှင့် အတော်ဆုံးလူကို ဆိုလိုခြင်း ဖြစ်၏။ သူတို့က ဓားရေးတွင် ထိပ်ဆုံးသို့ ရောက်ရှိရပြီး ကျော်လွန်နေရမည်။ သူတို့က သူတို့၏ ဓားတာအိုသည် ကမ္ဘာရှိ ဓားကျင့်ကြံသူများထံ အကောင်းဆုံးဖြစ်ကြောင်း သက်သေပြရမည်။
ထို့ကြောင့် လူများစွာက ဓားနတ်ဘုရား ဂုဏ်ပုဒ်ကို ဝမ်ထျန်းဆီ ရောက်သွားခြင်းအား မကြိုက်ကြပေ။ ထိုလူများ မှားယွင်းနေကြောင်း သက်သေပြဖို့ ဝမ်ထျန်းက ကမ္ဘာအနှံ့ ခရီးသွားကာ ဓားသမားအားလုံးကို စိန်ခေါ်ခဲ့သည်။
သူ့ကို ဘယ်သူမှ မရပ်တန့်နိုင်ပေ။ သူ့ကို မည်သူ စိန်ခေါ်စေကာမူ သူ့အကြွင်းမဲ့ ပိုင်းဖြတ်ခြင်း တာအိုဖြင့် အနိုင်ယူပစ်ခဲ့၏။ အဆုံးသတ်၌ အသင်္ချေအင်ပါယာကမ္ဘာအတွင်း ဓားသမားများ၏ တော်ဝင်နယ်မြေဟု ဆိုနိုင်သည့် ဓားရေးစံအိမ်က ရှေ့ထွက်ကာ ဝမ်ထျန်းကို တားဖို့ လုပ်ခဲ့သည်။
သို့သော် သူတို့ ကျရှုံးခဲ့၏။ ပို၍ဆိုးရွားသည်က ဝမ်ထျန်းက အရှေ့ပိုင်း နဂါးပြာကုန်းမြေအထိ ရောက်လာကာ စံအိမ်မှ လူအားလုံးကို စိန်ခေါ်ခဲ့ပြီး အားလုံးကို ဓားရေးဖြင့် အနိုင်ပိုင်းပစ်ခဲ့သည်။
ထိုလူများထဲတွင် ယခု ကျန့်ဝူရွှမ်း၏ ဆရာ ဖြစ်သလို ဓားရေးစံအိမ်၏ လက်ရှိခေါင်းဆောင်လည်း ဖြစ်သည့် ကျန့်ယီလည်း ပါဝင်၏။
“လူအများစု မသိကြတာက မင်းအဖေက ငါ့ဆရာကို ဓားရေးနဲ့ အနိုင်ပိုင်းပစ်တဲ့နောက်မှာ အိပ်စက်နေတဲ့ ဘိုးဘေးကိုပါ စိန်ခေါ်ပြီး အနိုင်ရခဲ့တာပဲ။ သူတို့က သူ့ထက် ကျင့်ကြံဆင့်အရ အားကောင်းပေမဲ့ ဓားဆန္ဒနဲ့ တာအိုနဲ့ ပတ်သက်လာတဲ့အခါ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ကြဘူး။ အဲဒါကြောင့် ဒီနေ့ ငါ သူတို့ရဲ့ ဂုဏ်သတင်းကို ပြန်လည်ထိန်းသိမ်းဖို့ စိန်ခေါ်တယ် ”