ပဋိပက္ခ
Vol. 16 Ch. 216
အခန်း(၂၁၆) : ပဋိပက္ခ
ဝမ်ဝေ့က ကျန့်ဝူရွှမ်းတစ်ယောက် ဂိုဏ်း၏ လျို့ဝှက်ချက်များကို လူအများရှေ့ ထုတ်ဖော်လိုက်သည့်အတွက် အနည်းငယ် အံ့အားသင့်မိသွားသည်။ ဂိုဏ်းအများစုက သူတို့ရှက်ရွံစရာ သို့ဟုတ် လူသိမခံချင်သည့် လျို့ဝှက်ချက်များကို ကမ္ဘာကြီးဆီမှ ဝှက်ထားကြလိမ့်မည်။ သို့သော် သူက ခဏတာတွေးလိုက်ပြီးနောက် အကြောင်းအရင်းကို မှန်းဆမိသွားသည်။
ဓားသမားအများစုက တည့်တိုးဆန်ကြသည့် အကျင့်စရိုက်မျိုး ရှိကြပြီး အပြင်လူ၏ အမြင်ကို ဂရုမစိုက်ကြပေ။ သူတို့ ဂရုစိုက်သည်ကား ဓားတာအိုနှင့် သူတို့ဂုဏ်သတင်းကိုသာ ဖြစ်၏။
တခြားဓားသမားတစ်ယောက်ထံ ရှုံးနိမ့်ခြင်းက မျက်နှာပျက်စရာဟု ယူဆနိုင်သော်လည်း ထိုလူက သူတို့လေးစားမှုနှင့် အမှန်တကယ် ထိုက်တန်နေလျှင် ကိစ္စမရှိချေ။ ဝမ်ဝေ့၏ အဖေ လုပ်ခဲ့သလိုမျိုး ဖြစ်၏။
ဝမ်ဝေ့က ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ ဓားဝိဇ္ဇာငယ် ကျန့်ဝူရွှမ်းရဲ့ စိန်ခေါ်မှုကို လက်မခံနိုင်မှာကို စိုးမိတယ် ”
ကျန့်ဝူရွှမ်းက ထိုအရာကို ကြားပြီးနောက် မျက်မှောင်ကြုတ်ကာ ဆက်မေးလိုက်သည် “အမွေခံသားတော် … တကယ်လို့ မင်းဆီမှာ အိမ်ရှေ့စံ ကျီစုန့်နဲ့ အလောင်းအစား လုပ်သလိုမျိုး တောင်းဆိုချက်တွေ ရှိနေရင် ငါ့ဘက်က သဘောတူနိုင်တာထက် ပိုပါတယ် ”
သို့သော်လည်း ဝမ်ဝေ့က ပြန်မဖြေခင် ခေါင်းအသာယမ်းကာ “ အဲဒါက လောင်းကြေးတွေ၊ တောင်းဆိုချက်တွေကြောင့် မဟုတ်ပါဘူး။ တကယ်လို့ ငါ့ကို စိန်ခေါ်ချင်ရင် ငါ့ဘက်ကလည်း မင်းနဲ့လက်ရည်စမ်းဖို့ လိုလားပါတယ်။ ဒါပေမဲ့ မင်းက ဓားတာအိုနဲ့ စိန်ခေါ်ချင်တယ်ဆိုရင်တော့ ငါက ဓားသမား မဟုတ်တော့ မင်းပဲ စိတ်ပျက်သွားရလိမ့်မယ် ”
ကျန့်ဝူရွှမ်းက ဝမ်ဝေ့၏ ဆိုလိုရင်းကို နားလည်လိုက်သည့်အတွက် မျက်မှောင်ကြုတ်မိသွားသည်။ သူက ယခင်မျိုးဆက်မှ အရှက်ရမှုကို ချေဖျက်ကာ ဓားရေးဖြင့် ဂိုဏ်း၏ ဂုဏ်သတင်းအား ပြန်အဖတ်ဆယ်ပေးလိုသော်လည်း တစ်ဖက်လူက ဓားသမား မဟုတ်သည့်အခါ အနိုင်ရလျှင်ပင် အဓိပ္ပါယ်မရှိတော့ချေ။
ကျန့်ဝူရွှမ်းက ဝမ်ဝေ့ကို အနိုင်ရသွားလျှင်ပင် ကောင်းကင်ရွေးချယ်ခံ တစ်ယောက်က နောက်တစ်ယောက်ကို အနိုင်ရသွားရုံမျှသာ ဖြစ်ပြီး ဓားရေးစံအိမ်၏ ဓားတာအိုက တာအိုအခွင့်အလမ်းဂိုဏ်း၏ ဓားတာအိုကို အနိုင်ရသွားခြင်း မဟုတ်ပေ။
ကျန့်ဝူရွှမ်းက တွေးနေစဉ် အံ့ဖွယ်ခန္ဓာအဆင့်ရှိသည့် သူ့စီနီယာတစ်ယောက်က ရှေ့ထွက်လာကာ အော်ပြောလိုက်သည် “ မင်း တိုက်ဖို့ ကြောက်ရင် ကြောက်တယ်ပေါ့။ တခြားအကြောင်းပြချက်တွေ သုံးမနေနဲ့ ”
နေရာတစ်ခုလုံး တဖန် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ အားလုံးက တအံ့တဩဖြင့် ဘာဆက်ဖြစ်လာမလဲ စောင့်ဆိုင်းနေကြသည်။ သူတို့က ကြာကြာမစောင့်လိုက်ရပေ။
ဝမ်ဝေ့၏ အကြည့်က စကားပြောလိုက်သူထံ ရောက်လာသည်။ ထို့နောက် နေရာတစ်ဝိုက်လုံးကို လွှမ်းခြုံသွားသည့် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါက ရှေးခေတ်အချိန် ကမ္ဘာထဲ လှည့်လည်သွားလာနေသည့် ရှေးဟောင်းသားရဲ သို့မဟုတ် ကမ္ဘာဦးနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်၏။
ထိုကမ္ဘာဦးသက်ရှိက နဂါးများနှင့် ဇာမဏီများကိုပင် မနက်စာနှင့် ညစာအတွက် အမဲလိုက်ခဲ့သူများ ဖြစ်ပေသည်။ သူက ကြယ်တာရာများကို အဆာပြေအဖြစ် စားသုံးပြီး မိုးမြေကို အချိုပွဲအဖြစ် သတ်မှတ်ထားသူ ဖြစ်၏။ သူက အစားအစာကွင်းဆက်၏ ထိပ်ဆုံးတွင် တည်ရှိသူ ဖြစ်ပေသည်။
ထိုအရှိန်အဝါက ဓားရေးစံအိမ်မှ စီနီယာကို လွှမ်းခြုံသွားသည်နှင့် သွေးအန်လိုက်ရပြီး မြေပေါ် လဲကျသွားကာ မေ့သွားလေသည်။ အကယ်၍ ကျန့်ဝူရွှမ်းသာ သူ့ဓားအငွေ့အသက်ဖြင့် ထိုစီနီယာကို ကာကွယ်ပေးမထားလျှင် နေရာမှာတင် အသက်ပျောက်သွားနိုင်သည်။
ကျန့်ဝူရွှမ်းက မြေပေါ်မှ စီနီယာအစ်ကိုကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။ သူက ဓားရေးစံအိမ်မှ တပည့်အများစုသည် တာအိုအခွင့်အလမ်းဂိုဏ်းကို ရန်သူအဖြစ် သတ်မှတ်ထားကြောင်း သိလေသည်။ ဤသည်ကို ယခင်မျိုးဆက်အတွင်း ဖြစ်ခဲ့သည့် အရှက်ရမှုကို ပြန်လည်အဖတ်ဆယ်ဖို့ရန် သူတို့အား ကောင်းကောင်းလေ့ကျင့်စေမည့် လှုံ့ဆော်မှုအဖြစ် အသုံးပြုထားသည်။
ထို့ကြောင့် လူများစွာက တာအိုအခွင့်အလမ်းဂိုဏ်းရှိ လူများအပေါ် အမုန်းတရား နက်ရှိုင်းကြသည်။ ကျန့်ဝူရွှမ်းက ထိုအကြောင်းကို ကောင်းကောင်းသိထား၏။ မည်သို့ပင်ဆိုစေကာမူ သူက သူတို့ကို ဝမ်ဝေ့အား ကောင်းကောင်းဆက်ဆံဖို့ အမြဲတမ်း သတိပေးထားလေ့ရှိသည်။ အကြောင်းမှာ ဝမ်ဝေ့က စစ်မှန်သည့် အားကောင်းသော ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ဖြစ်၍ ထိုအရာနှင့် ထိုက်တန်လေသည်။
နဂါးစင်စစ် တည်းခိုဆောင်ထဲတွင် ဒီလိုမျိုး ဖြစ်လာမည်ကို စိုးရိမ်ကာ သူ့လူများအား အကောင်းဆုံးပြုမူဖို့ သတိပေးထားခဲ့သေးသည်။ သို့သော်လည်း ဒီတစ်ယောက်က သူ့စကားကို ဆန့်ကျင်ပြီး နားထောင်ဖို့ ငြင်းဆန်လေသည်။ ထို့ကြောင့် သူက သူ့ကို နဂါးစစ်စစ် တည်းခိုဆောင်ကို ခေါ်မသွားခဲ့ပေ။
ကျန့်ဝူရွှမ်းက သူ့အံ့ဖွယ်အသိစိတ်ဖြင့် ထိုလူ အဆင်ပြေကြောင်း စစ်ဆေးလိုက်ပြီးနောက် လျစ်လျူရှုထားကာ ဝမ်ဝေ့အား မေးလိုက်သည် “အမွေခံသားတော် … ငါတို့ကြားက ပဋိပက္ခကို ဘယ်လိုဖြေရှင်းကြမလဲ ”
“ရှင်းရှင်းလေးပါ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည် “ မင်းက ငါ့အဖေနဲ့ အဆင့်တူအောင်အထိ စောင့်ပြီး သူ့ကို စိန်ခေါ်လိုက်ပေါ့။ အဲဒီနည်းနဲ့ သူလည်း မင်းကို လူငယ်မျိုးဆက်ဆိုပြီး မင်းရဲ့ စိန်ခေါ်မှုကို ငြင်းလို့ မရတော့ဘူး ”
အကယ်၍ တစ်ယောက်ယောက်သာ ဝမ်ဝေ့၏ မျက်နှာကို မြင်လိုက်ရလျှင် သူ့မျက်နှာအထက် ပျော်ရွင်မြူးနေသည့် အရိပ်အယောင်ကို မြင်နိုင်လေသည်။
သူက သူ့အဖေ ပြဿနာများကို မရှင်းလိုပေ။ သူ့အဖေသည် ယခင်မျိုးဆက်အတွင်း လူများစွာကို အတော်လေး ရန်စထားခဲ့ကြောင်း သိလေသည်။
သူ့အပြုအမူများက ပြဿနာများကို သူ့ဆီ လာမပေးဘဲ ပြဿနာအရင်းအမြစ်ဆီ သွားဖို့ ပြောနေသည်။
ဝူဟုန်က ဝမ်ဝေ့၏ အမူအရာကို မြင်ကာ ရယ်မောလိုက်မိသည်။
ထိုအခါမှ ဝမ်ဝေ့က အခန်းထဲတွင် သူ တစ်ယောက်တည်း မဟုတ်ကြောင်း အမှတ်ရသွားလေ၏။
သူက သူ နှစ်သက်မိသည့် ကောင်မလေးကို သူ့၏ မနှစ်မြို့ဖွယ်ရာ ဘက်အခြမ်းကို ပြသမိသွား၍ နည်းနည်းမျက်နှာပူမိသွားသော်လည်း အရေထူသူ ဖြစ်၍ ဘာမှမဖြစ်သလိုသာ ဆက်နေနေလိုက်သည်။
ထိုစဉ် ဂိုဏ်းအတွင်း ဝမ်ထျန်းက နဖူးပေါ် သွေးကြောများ ထင်းလာကာ မဲ့ရွဲ့သွားလေသည်။ သူ့သားက သူ့ကို ဒီလိုရောင်းစားသွားလိမ့်မည်ဟု မယုံနိုင်ပေ။ ယခင်မျိုးဆက် သူ့အလှည့်တုန်းက သူ့အဖေ၏ ရန်သူများထံ လက်စားချေပေးဖို့ သွားခဲ့ရသည့် ကိစ္စများကိုပါ အမှတ်ရသွားလေသည်။
ဝမ်ထျန်းက သူ့သား၏ အပြုအမူကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူ့ကို စိတ်ဆိုးဒေါသထွက်စေသည်က သူ့သား၏ အပြုအမူများ မဟုတ်ဘဲ သူ့အလှည့်တုန်းက ဒီနည်းလမ်းကို မတွေးမိခဲ့၍ ဖြစ်သည်။ ထို့နောက် သူက ဘေးတွင် မထိန်းနိုင်လောက်အောင် ရယ်နေသည့် ဇနီးသည်ကို ကြည့်လိုက်သည်။
“ဘာလို့ အဲလောက်တောင် ရယ်နေရတာလဲ” ဝမ်ထျန်းက ပြောလိုက်သည် “အဲဒါ ရှင်မရဲ့ ရန်သူတွေကိုလည်း ပြောလိုက်တာပဲ မဟုတ်ဘူးလား ”
“ ရှင်နဲ့ မတူဘူးလေ။ ကျွန်မရဲ့ ရန်သူအများစုက သံသရာစက်ဝန်းထဲ ရောက်ကုန်ကြပြီ။ အဲဒီတော့ ကျွန်မဆီမှာ ဘာမှစိုးရိမ်စရာ မရှိဘူး” ယုယန်က သူ့မဘာသာ တည်ငြိမ်အောင် ထိန်းလိုက်ရင်း ပြောလိုက်သည်။
…………
ဧကရာဇ် ဉာဏ်အလင်းပွင့် ကျောင်းတော်
ကျန့်ဝူရွှမ်းက ဝမ်ဝေ့၏ အစီအစဉ်အား သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဝမ်ဝေ့အား ဘာမှမပြောတော့ဘဲ သူ့လူများကိုသာ သတိမေ့နေသူကို ပြန်သယ်သွားခိုင်းလိုက်သည်။
ထိုစဉ် ပွဲကြည့်ပရိသတ်အများစုက ဝမ်ဝေ့ ခန္ဓာကိုယ်ဆီမှ ထုတ်လွှင့်သည့် အားကောင်းကောင်း အရှိန်အဝါကြောင့် ထိတ်လန့်နေကြဆဲ ဖြစ်၏။ ထိုအရှိန်အဝါက သူ့ခန္ဓာကိုယ်သပ်သပ်မှ ထွက်လာခြင်း ဖြစ်၏။ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းက သွေးကမ္ဘာတားမြစ်နယ်မြေထဲတွင် အိပ်စက်နေသည့် ရှေးဟောင်းကမ္ဘာဦး နတ်ဘုရားတစ်ပါးကို တုပထားခြင်း ဖြစ်ပေသည်။
ကျောင်းအုပ် ပိုင်ဟန်က အနှောင့်အယှက် မရှိတော့သည်ကို မြင်ပြီး ဖွင့်ပွဲအခမ်းအနား ဆက်လက် ကျင်းပလိုက်သောကြောင့် အားလုံးက ဝမ်ဝေ့၏ အရှိန်အဝါကြောင့် ထိတ်လန့်နေရာမှ ပြန်အသိဝင်လာကြသည်။
ဝမ်ဝေ့က သူ့ရုံငယ်လေးအတွင်း ရုတ်ချည်းဆိုသလို သွေးတစ်ပွက် အန်လိုက်ရသည်။ သူက သွေးများကို ကြည့်ကာ မျက်မှောင်ကြုတ်သွားမိ၏။ ထို့နောက် သူက နှုတ်ခမ်းထောင့်မှ သွေးစများကို သန့်ရှင်းဖို့ ပြင်လိုက်သည်။
သို့သော်လည်း ဝူဟုန်က သူ့ထက် မြန်ကာ ပိုးလက်ကိုင်ပဝါလေးဖြင့် သုတ်ပေးလာသည်။
“ရှင် မြေဆွဲအား လေ့ကျင့်ခန်းကို လျော့လုပ်သင့်ပြီ” ဝူဟုန်က ကူကာ သန့်ရှင်းပေးလိုက်ရင်း ပြောလိုက်သည်။
သူမ ထိုစကားများ ပြောလိုက်သည့် အကြောင်းအရင်းမှာ ဝမ်ဝေ့က သူ့အတွင်းအင်္ဂါများ လေ့ကျင့်ဖို့အတွက် သူ့အဝတ်များတွင် အားကောင်းသည့် မြေဆွဲအား အစီအရင် ကပ်ထား၍ ဖြစ်သည်။ ထို့ကြောင့် သူက အမြဲတမ်းလိုလို လေ့ကျင့်နေသည့် အနေအထားထဲ ကျရောက်နေသည်။ ထိုအရာကို ဟန်လီနှင့် တိုက်ပွဲကတည်းက စတင်ခဲ့ခြင်း ဖြစ်၏။
“မတတ်နိုင်ဘူးလေ … အခုတလော စိတ်ကြီးဝင်မိပြီး ကိုယ့်ဘာသာ အလျော့ပေးသလို ဖြစ်နေတာကို သတိထားမိလိုက်လို့ ” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲဒါ တိထျန်းကြောင့်လား”
ဝမ်ဝေ့က တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် … သူ့နဲ့ တွေ့ပြီးကတည်းက ကိုယ့်ကန့်သတ်ချက်ကို ကျော်လွန်ပြီး မြန်မြန် အားကောင်းမလာရင် အန္တရာယ်ကြား ကျရောက်လိမ့်မယ်လို့ ခံစားနေမိတယ် … ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မတိုင်ခင်ပေါ့ ”
“ရှင့်ဘာသာ တွန်းအားပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ ရှင့်အနေနဲ့ ဘယ်အချိန် ရပ်တန့်ရမလဲဆိုတာလည်း သိဖို့ လိုတယ်”
“စိတ်မပူပါနဲ့ … ကိုယ့်ဆီမှာ အရမ်းအားကောင်းတဲ့ ပြန်လည်ကုစားနိုင်စွမ်း ရှိပါတယ် ”
“ ရှင်သာ ကိုယ့်ဘာသာ အတင်းတွန်းအားပေးလွန်းရင် ရှင့်ရဲ့ ကုသနိုင်စွမ်းက အသက်ဓာတ်ကိုပါ စုပ်ယူသွားမှာကို ကျွန်မ သတိပေးဖို့ မလိုဘူးမလား ”
ဝမ်ဝေ့က ထိုအကြောင်းကို သိထားသော်လည်း သူ့အကြံအစည်က လေ့ကျင့်နေရင်း အသက်ဓာတ် အားဖြည့်ပေးသည့် အရင်းအမြစ်အမြောက်အများ သုံးစွဲဖို့ ဖြစ်၏။
ဝူဟုန်က ထိုစကားများကို ပြောလိုက်ပြီးနောက် ဝမ်ဝေ့ ကျောဘက်ပေါ် လက်တင်လိုက်လိုက်သည်။ သူမ လက်ပေါ်တွင် သင်္ကေတအမြောက်အများ ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်။
ထို့နောက် သူ့နာကျင်မှုအားလုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ သူက ပြန်လည်လန်းဆန်းကာ အားပြည့်လာသည်။
သူ့ခန္ဓာကိုယ်မှ အပြောင်းအလဲကို ခံစားလိုက်ပြီးနောက် ဝမ်ဝေ့က ဝူဟုန်သည် သူ့နာကျင်မှုနှင့် ဒဏ်ရာများကို စည်းပိတ်ကာ ဖယ်ရှားပေးလိုက်ကြောင်း သဘောပေါက်သွားသည်။
တကယ်ကို ဧကရီဝူရဲ့ စည်းပိတ်ခြင်း ကျမ်းပဲ …
မိုးမြေကြားက အရာအားလုံးကို စည်းပိတ်လိုက်နိုင်တယ် …
ဝမ်ဝေ့က တိတ်တဆိတ် တွေးလိုက်ပြီးနောက် သူ့အကြည့်များ တောက်ပလာကာ ပြောလိုက်သည် “ အဲဒါဆို ကိုယ့်ရဲ့ လက်ရှိပြဿနာကို မင်း ကူညီပေးနိုင်လောက်တယ် ”