← Chapters

မိုရှင်းယွင်

Vol. 16 Ch. 218

မိုရှင်းယွင်

Vol. 16 Ch. 218

အခန်း(၂၁၈) :  မိုရှင်းယွင်

ဆရာများက အမူအရာ ပျက်ယွင်းသွားစဉ် သူတို့က ရှုံးထွက်ပွဲစဉ်အတွင်း ယှဉ်ပြိုင်နေသည့် လူတစ်ယောက်ထံမှ အကြည့်မလွဲနိုင်ကြပေ။

ထိုသူက ဆံပင်နီနီ၊ မျက်ဝန်းနီနီနှင့် မိန်းမလှတစ်ဦး ဖြစ်သော်လည်း နှင်းဆီရောင်ထက် ဖျော့သည့် စုယာ၏ ဆံပင်အနီရောင်နှင့် မတူဘဲ သူမ၏ အနီရောင်က သွေးထက် ပိုတောက်လေသည်။ သူမ ဆံပင် တစ်ခုတည်း မဟုတ်ပေ။ သူမက အနီရောင် ဟန်ဖုဝတ်စုံကို ဝတ်ဆင်ထားပြီး သွေးဆာသည့် အငွေ့အသက်များဖြင့် ခြုံလွှမ်းထားလေသည်။

ထိုအရှိန်အဝါအရ သူမ လူ ဘယ်လောက်သတ်ခဲ့ကြောင်း ပြောနိုင်လေသည်။ များလွန်းလို့ ရေတွက်ဖို့ပင် မဖြစ်နိုင်လောက်ပေ။

သူမတွင် လှပသော မျက်နှာလေးရှိသော်လည်း နှုတ်ခမ်းဖျားက မိစ္ဆာဆန်ဆန် လှောင်ပြုံးမျိုး ချိတ်ဆွဲထား၏။ ထို့ကြောင့် သူမကို ဆွဲဆောင်မှုရှိစေသလို ကြောက်ရွံ့မှုကိုလည်း ဖြစ်စေသည်။

သူမ၏ နာမည်က မိုရှင်းယွင် ဖြစ်ပြီး မိုမိသားစု၏ မျိုးဆက် ဖြစ်ပေသည်။

ကျောင်းတော်၏ ရုံငယ်အတွင်း တိတ်ဆိတ်သွားပြီးနောက် ဆရာတစ်ယောက်က ဝင်ပြောလိုက်သည်  “စည်းမျဉ်းတွေအရ သူမက နောက်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိတယ် ”

မိုရှင်းယွင်ကို အမြင်မကြည့်သည့်သူက ထပ်ပြောလိုက်သည်။

“ သူမက ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာ နိုးထလာပြီဆိုတာ သိသာနေတာပဲ။ ခင်ဗျားတို့တွေ သူမက သူမရဲ့ဘိုးဘေးလမ်းစဉ်အတိုင်း လိုက်မှာကို မစိုးရိမ်ကြဘူးလား ”

အခန်းက တဖန်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ဤတစ်ကြိမ် လူများစွာက မကောင်းသည့်အရာတစ်ခုကို မှတ်မိသွားဟန်ဖြင့် အမူအရာ ပျက်ယွင်းနေကြသည်။

ခဏကြာ တုံ့ဆိုင်းနေပြီးနောက် ဆရာတစ်ယောက်က ပြောလိုက်သည် “ဒီမျိုးဆက်မှာ ထာဝရဧကရာဇ် မွေးဖွားလာနိုင်ခြေ ရှိတယ်။ တကယ်လို သူမသာ နောက်ဆုံး အနိုင်ရသူ ဖြစ်သွားခဲ့ရင် မိုမိသားစုမှာ တာအိုအခွင့်အလမ်းဂိုဏ်းလိုမျိုး ထာဝရဧကရာဇ် နှစ်ယောက် ရှိသွားလိမ့်မယ်။ ”

“ ပါးစပ်ပိတ်ထား” ဆရာတစ်ယောက်က အော်ပြောလိုက်သည် “အရင်ခေတ်ကာလမှာ ထာဝရဧကရာဇ် တစ်ယောက်ပဲ ရှိတယ်။ အဲဒါ ငါတို့ကျောင်းတော်ရဲ့ တည်ထောင်သူ ဧကရာဇ်ခုံပဲ”

ဤတစ်ကြိမ် ဆရာအများစု၏ စိတ်အခြေအနေက ထိတ်လန့်သွားကြလေသည်။ အကြောင်းမှာ ကျောင်းတော်၏ အကြီးမားဆုံး လျို့ဝှက်ချက်များ ပါဝင်လာ၍ ဖြစ်၏။

ယခင်ခေတ်ကာလမှာ ထာဝရဧကရာဇ် နှစ်ယောက် ပေါ်ထွက်ခဲ့ပြီး အသင်္ချေအင်ပါယာကမ္ဘာထံ ရှေးဟောင်းဧကရာဇ် ခေတ်ကာလပြီးနောက် ပထမဆုံးအကြိမ် ဖြစ်ဖူးခြင်း ဖြစ်၏။

တစ်ယောက်က ဧကရာဇ်ခုံ ဖြစ်ပြီး‌ နောက်တစ်ယောက်က မိုမိသားစုမှ ဖြစ်ပေသည်။ သူ့ကို ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ဟု ခေါ်ဆိုသည်။

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးအတွက် အိပ်မက်ဆိုးကြီး ဖြစ်ပေသည်။ အင်အားနှင့် ခွန်အားနောက် လိုက်ဖို့သာ ဂရုစိုက်သည့် မိစ္ဆာကျင့်ကြံသူတစ်ဦးအနေနှင့် ဧကရာဇ်များကြားမှ အမြင့်ဆုံးဖြစ်သည့် ထာဝရဧကရာဇ် ဖြစ်လာသည့်အခါ ကမ္ဘာကြီးအတွက် ကပ်ဘေး ဖြစ်လာသည်။

သူက တာအိုကို သက်သေပြပြီးနောက် ကမ္ဘာကြီးထံ ကောင်းကျိုးသယ်ဆောင်လာခြင်း မရှိပေ။ တကယ်တော့ သူက သူ့မျိုးနွယ်ကို တစ်ကမ္ဘာလုံးအား အုပ်စိုးဖို့လည်း ကူညီမပေးပေ။ ထို့အစား သူက တစ်ခုကိုသာ ကြိုးစားခဲ့သည်။ ကမ္ဘာကြီးကို ဝါးမျိုပစ်ဖို့ ဖြစ်၏။

အတိအကျဆိုရလျှင် ကမ္ဘာကြီး၏ အရင်းအမြစ်ကို ဝါးမျိုလိုက်ခြင်း ဖြစ်၏။ ဝါးမျိုခြင်း တာအိုကို ကျင့်ကြံထားသူတစ်ဦးအနေနှင့် သူက မိုးမြေကြား အရာအားလုံးကို ဝါးမျိုပစ်သည့် လမ်းစဉ်နောက်လိုက်လေသည်။

ကမ္ဘာကြီး၏ အရင်းအမြစ်က အဆုံးမဲ့ လေဟာနယ်အတွင်း တည်ရှိနေသည့် အမြင့်ဆုံး စွမ်းအားပုံစံ ဖြစ်ပေသည်။ ထိုအရာက ကမ္ဘာ၏ အဆင့်ကို သတ်မှတ်ပေးခြင်းလည်း ဖြစ်၏။

နမူနာအားဖြင့် အသင်္ချေအင်ပါယာကမ္ဘာ၏ ကမ္ဘာအရင်းအမြစ် အများစုကို ဝါးမျိုလိုက်ပြီးနောက် တစ်ကမ္ဘာလုံးက တာအိုအဆုံးသတ် ခေတ်ကာလထဲ ရောက်သွားလေသည်။

ထိုခေတ်ကာလကား အလယ်ပိုင်းဧကရာဇ် ခေတ်နှင့် ခေတ်သစ် ဧကရာဇ် ခေတ်အတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပြီး မျိုးဆက် တစ်ရာကျော်ကြာ ကောင်းကင်အလိုဆန္ဒ မရှိသောကြောင့် ကမ္ဘာအတွင်း ထာဝရအသက်ရှည်ခြင်းလည်း မတည်ရှိတော့ပေ။

ထိုအချိန်အတွင်း အမြင့်ဆုံး ရောက်ရှိနိုင်သည့် ကျင့်ကြံဆင့်မှာ အထွတ်အထိပ်အဆင့်သာ ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် ပါရမီရှိသူတချို့သာ ရောက်နိုင်သည့်အတွက် အလွန်ခက်ခဲလှသည်။

ကောင်းကင်အလိုဆန္ဒ မရှိသည့်အတွက် မဟာဧကရာဇ်လည်း မရှိချေ။ မဟာဧကရာဇ် မရှိ၍ ထာဝရအရှင်လည်း မရှိသလို တာအိုဘိုးဘေးလည်း မရှိတော့ပေ။ ထိုမျှော်လင့်ချက်ကုန်ခမ်းဖွယ် အချိန်ကာလအတွင်း ကျင့်ကြံသူများစွာက ထာဝရတည်ရှိမှုနောက်လိုက်ဖို့ တခြားနည်းလမ်းကို ကြိုးစားခဲ့ကြသော်လည်း ကျရှုံးခဲ့ရသည်။ အဆုံးသတ်၌ အများစုက တခြားကမ္ဘာဆီ သွားပြီး ကောင်းကင်အလိုဆန္ဒအတွက် ယှဉ်ပြိုင်ရလေသည်။ သို့သော်လည်း တစ်ယောက်မှ ပြန်ရောက်မလာကြပေ။ မဟာဧကရာဇ်များပင် အပါအဝင် ဖြစ်၏။

တခြားလူများက ကောင်းကင်အလိုဆန္ဒ ပေါ်လာသည့် အချိန်မှ နောက်မျိုးဆက်တွင် ပြန်လည်နိုးထလာဖို့ သူတို့ဘာသာ အရိုးကျောက်တုံးထဲ စည်းပိတ်လိုက်ကြသည်။ ထိုစဉ် လူများစွာက ကမ္ဘာကြီးသည် ပြန်ကောင်းလာနိုင်ပါ့မလား၊ ကောင်းကင်အလိုဆန္ဒ ပေါ်ထွက်လာနိုင်ပါ့မလားဆိုတာ သေချာမသိခဲ့ကြပေ။

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်အတွက်မူ သူက ကမ္ဘာကြီးကို အပြီးတိုင် မဖျက်ဆီးလိုက်နိုင်သည့် အကြောင်းအရင်းမှာ ကောင်းကင်တာအို၏ နှောင့်ယှက်မှုကြောင့် ဖြစ်ပေသည်။

ပထမက နတ်ဘုရား အပြစ်ဒဏ်မိုးကြိုးကို အသုံးပြုခဲ့သည်။ သို့သော် ထာဝရဧကရာဇ်အပေါ် သက်ရောက်မှု မရှိချေ။ ထို့နောက် လူသားတည်တံရေး အစီအရင်နှင့် နတ်ဆိုးတည်တံရေး အစီအရင်အားလုံးကို အသက်သွင်းလိုက်ပြီး အိပ်စက်နေသည့် ထာဝရအရှင်များနှင့် တာအိုဘိုးဘေးများအားလုံးကိုပါ နိုးထစေခဲ့သည်။ သို့သော်လည်း အသုံးမဝင်ပေ။

တခြားနည်းလမ်းများလည်း အသုံးမဝင်ခဲ့ပေ။ အဆုံးသတ်၌ ကောင်းကင်တာအိုက ကမ္ဘာရှိ ဧကရာဇ်မျိုးနွယ်အားလုံးအား သူတို့၏ ဧကရာဇ်အစီအရင်များနှင့် အသုံးအဆောင်များကို အသုံးပြုဖို့ တောင်းဆိုခဲ့သည်။

သူတို့အားလုံးကို အတူတကွပေါင်းစည်းလိုက်သည့်အခါ ကောင်းကင်တာအိုက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကို အဆုံးမဲ့လေဟာနယ်ထဲမှ နှင်ထုတ်နိုင်သွားသည်။ ထိုလူက အရမ်းအားကောင်းလွန်းသောကြောင့် ပြန်မလာနိုင်သည့် နေရာဆီသို့သာ နှင်ထုတ်လိုက်နိုင်သည်။

လူအများစုက သူ ဘယ်နေရာဆီ နှင်ထုတ်ခံလိုက်ရမှန်း မသိထားသော်လည်း သူ ဘယ်တော့မှ ပြန်မရောက်လာနိုင်သည့်အတွက်သာ ကံကောင်းသည်ဟု ယူဆနေကြသည်။

ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က သူ့မျိုးဆက်နှင့် ပတ်သက်ပြီး မုန်းတီးမှုထားရှိသည့် အကြောင်းအရင်းမှာ ထိုအတွေ့အကြုံအတွင်း သူတို့က အများဆုံး ခံစားခဲ့ရ၍ ဖြစ်သည်။ ပြောရလျှင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က မိုမိသားစုဝင် ဖြစ်သော်လည်း ကျောင်းတော်ကိုလည်း တက်ရောက်ခဲ့ဖူးသည်။ အစောပိုင်းအခြေအနေများတွင် အရှုပ်အထွေးများကြောင့် မိသားစုက သူ့ကို မကြိုဆိုခဲ့ကြပေ။ ထို့ကြောင့် သူက ကျောင်းတော်ဆီ ဝင်ရောက်ခဲ့သည်။

နောက်ပိုင်းတွင် သူ အားကောင်းလာပြီးနောက် မိုမိသားစုနှင့် ပြန်လည်ပြေလည်သွားသော်လည်း လူအများစုက သူ့ကို ကျောင်းတော်မှ လူ ဟုသာ မှတ်ယူထားကြသည်။ ထို့အပြင် သူ့ကို နောက်တက်မည့် ကျောင်းအုပ်အလောင်းအလျာထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ထားကြသည်။

သို့သော်လည်း ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ကျောင်းတော်အနေနှင့် သူ အနိမ့်ကျဆုံးအချိန်တွင် လက်ခံပေးခဲ့သည့် အချက်ကို ဂရုမစိုက်ပေ။ သူ့နောက်ခံဖြင့် ကျောင်းအုပ် ဖြစ်လာနိုင်ခြေ နည်းပါးကြောင်း သိထားလေသည်။

တစ်ဖက်တွင် မိုမိသားစု၏ ခေါင်းဆောင် ဖြစ်လာဖို့အတွက် အားကောင်းဖို့သာ လိုအပ်လေသည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ ထွက်သွားလေ၏။

သို့သော် ထိုအရာက သူ တာအိုကို သက်သေပြပြီး ဧကရာဇ် ဖြစ်မလာခင် မည်မျှသွေးအေးကြောင်း သက်သေမပြရသေးပေ။

ထိုစဉ် သူ့အား ဆန့်ကျင်ဖို့ရာ တစ်ကမ္ဘာလုံးဘက်မှ ခေါင်းဆောင်က တာအိုအခွင့်အလမ်းဂိုဏ်း မဟုတ်ဘဲ ကျောင်းတော် ဖြစ်နေခဲ့သည်။ ထိုအချိန်ကို ဉာဏ်အလင်းပွင့် ကျောင်းတော် အချိန်ကာလဟု ခေါ်ဆိုခဲ့ပြီး တာအိုအခွင့်အလမ်းဂိုဏ်းက ကျိန်စာသင့်ကာ နောက်ထပ် ဧကရာဇ် မပျိုးထောင်ပေးနိုင်တော့ကြောင်း ကောလဟာလများ ထွက်နေသည့် အချိန်ဖြစ်၏။

ထို့အပြင် ထိုအချိန် တာအိုအခွင့်အလမ်းဂိုဏ်း၏ ဂိုဏ်းချုပ်က ယန်းမိသားစုမှ ဖြစ်ပြီး သတိကြီးသော အမျိုးသမီး တစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် သူမက အင်အားကို တတ်နိုင်သမျှ ခြွေတာကာ သိုသိုသိပ်သိပ်နေဖို့ ဆုံးဖြတ်ခဲ့သည်။

ကျောင်းတော်အတွက်မူ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်နှင့် ရင်ဆိုင်စဉ်အတွင်း သူတို့အုတ်မြစ်များ ဖျက်ဆီးခံရလုနီးပါး ဖြစ်သွားသောကြောင့် အရှုံးကြီး ရှုံးခဲ့ရသည်။ တကယ်တော့ ကျောင်းတော်က ဧကရာဇ်လက်ထဲတွင် ဖျက်ဆီးခံရလုနီးပါးအထိ ဖြစ်ခဲ့သည်။

သူတို့အတွက် ကံကောင်းသည်က ထိုသူ့ကို ကောင်းကင်တာအို အကူဖြင့် နှင်ထုတ်လိုက်နိုင်ခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့ကို တာအိုအဆုံးသတ် အချိန်ကာလအတွင်း အသက်ရှင်နိုင်ပြီး ခေတ်သစ် ဧကရာဇ်ခေတ်ကာလ အစောပိုင်းအတွင်း ပြန်လည်အားဖြည့်နိုင်ရန် ချီကံကောင်းမှု အမြောက်အများ ဆုချီးမြင့်ခဲ့သည်။

စစ်ပွဲကြီးအဆုံးသတ်တွင် ကျောင်းတော်နှင့် နေရာများစွာရှိ လူများက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်အား ထာဝရဧကရာဇ်အဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ကြသည်။ သူတို့၏ အသိအမှတ်ပြုခြင်း၊ မပြုခြင်းက အဓိပ္ပါယ်တော့ မရှိပေ။ ထာဝရဧကရာဇ် အနေအထားက သေမျိုးများ ဆုံးဖြတ်ပေးနိုင်သည့် အရာမျိုး မဟုတ်ပေ။

မဟာဧကရာဇ်များ အမြင်၌ အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင် နှစ်သန်းချီ နေနိုင်သည့် သေမျိုးအပြင် မပိုပေ။ သူတို့ဘာသာပင် ထာဝရဧကရာဇ် ဟုတ်၊ မဟုတ် ဆုံးဖြတ်ပိုင်ခွင့် မရှိလေရာ သေမျိုးများကို ထည့်ပြောနေဖို့ မလိုတော့ပေ။ ထို့ကြောင့် ကောင်းကင်တာအိုပင် ထိုအရာကို မဆုံးဖြတ်နိုင်ခဲ့ပေ။

……………....

ဆရာတစ်ယောက်က ယခင်ပြောလိုက်သူကို ဆူလိုက်ပြီးနောက် ကျောင်းအုပ်က ဝင်ပြောလာသည်  “ မင်းတို့တွေလည်း ဒီအကြောင်းအရာက ကျောင်းတော်ထဲ တားမြစ်ချက်ဆိုတာ သိမှာပါ။ အဲဒါကြောင့် ထပ်မပြောကြနဲ့။ မိုရှင်းယွင်က ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာ ရှိနေရင်တောင် သင့်တော်တဲ့ ကျမ်းမရှိဘဲနဲ့ သူမဘိုးဘေးလောက် ခြိမ်းခြောက်မှု ဖြစ်လာမှာ မဟုတ်ဘူး။ ပြီးတော့ ဒီမျိုးဆက်ထဲ ကောင်းကင်သွေဖယ်နေတဲ့ ပါရမီရှင်တွေနဲ့ ပြည့်နေတာလည်း မမေ့ကြနဲ့ဦး ”

ဆရာအားလုံးက သူတို့ဘာသာ သက်ပြင်းချပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့က ဘာမှမပြောကြတော့ပေ။

တကယ်တော့ ကျောင်းတော်၏ လျို့ဝှက် အစစ်အမှန်က ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ် သူတို့ကို လုပ်ခဲ့သည့်အရာ မဟုတ်ပေ။ တစ်ကမ္ဘာလုံးက ထိုသမိုင်းကြောင်းကို သိထားပြီးသား ဖြစ်၏။

တကယ့် လျို့ဝှက်ချက်ကား ယခင်ခေတ်တွင် ထာဝရဧကရာဇ် နှစ်ယောက် ပေါ်ထွက်ခဲ့သည့် အချက် ဖြစ်၏။ တကယ်တော့ ဧကရာဇ်ခုံက တကယ့်အစစ်အမှန် ထာဝရဧကရာဇ် မဟုတ်ဘဲ အတု ဖြစ်၏။

သူ့ကို အတု ထာဝရဧကရာဇ်ဟု ယူဆခြင်းမှာ သူက ထိုအဆင့်ရောက်ဖို့ အလွန်နီးကပ်နေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အနည်းဆုံးတော့ သူ့ဘာသာ မအောင်မြင်ခဲ့ပေ။

အသင်္ချေအင်ပါယာကမ္ဘာထံ သူ့အကျိုးပြုမှုများကြောင့် ကောင်းကင်တာအိုက သူ့ကို ထာဝရဧကရာဇ် ဖြစ်လာအောင် ကုသိုလ်ကနေ အကူအညီပေးလိုက်ခြင်း ဖြစ်၏။

ထာဝရဧကရာဇ်တချို့က ဧကရာဇ်ခုံအား သူတို့လိုမျိုးအဖြစ် လက်ခံဖို့ ငြင်းဆန်ကြစဉ် တခြားလူများက ဂရုပင် မစိုက်ကြပေ။ တခြားသော မဟာဧကရာဇ်များအတွက်မူ သူ့အင်အားက တကယ့် ထာဝရဧကရာဇ်အဆင့် ဖြစ်နေသောကြောင့် သူ့ရှေ့ ဘာမှမပြောရဲကြပေ။

ကျောင်းတော်အတွက်မူ ယုံကြည်ရသည့် ဆရာတချို့သာ ထိုအချက်အလက်ကို သိထားကြပြီး ထိုလျို့ဝှက်ချက်ကို မဖော်ထုတ်မိစေရန် နှောင်ကြိုးစာချုပ်များ၊ ကျမ်းသစ္စာများဖြင့် ကာကွယ်ထားသည်။ မဟုတ်ပါက သေတာထက် ဆိုးသည့်အရာ စောင့်ကြိုနေနိင်သည်။

ကျောင်းအုပ် ပိုင်ဟန်က ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အများဆုံး သိသူ ဖြစ်၏။ အကြောင်းမှာ သူက ဧကရာဇ်ခုံ၏ သား ဖြစ်သောကြောင့် သူ့ကို ဧကရာဇ်မျိုးရိုးအဖြစ် မှတ်ယူနိုင်လေသည်။

All Chapters