ရှုံးထွက်ပွဲစဉ် စတင်ခြင်း
Vol. 16 Ch. 219
အခန်း (၂၁၉) : ရှုံးထွက်ပွဲစဉ် စတင်ခြင်း
ကျောင်းအုပ် ပိုင်ဟန်က အလယ်ပိုင်း ဧကရာဇ်ခေတ်ကာလတွင် မွေးဖွားခဲ့သူ ဖြစ်ပြီး သူ့အဖေက ဧကရာဇ်ခုံ ဖြစ်၏။ ထို့ကြောင့် သူ့နာမည်အရင်းက ခုံဟန် ဖြစ်ပြီး ကျောင်းတော် တည်ထောင်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူလည်း ဖြစ်ပေသည်။
သို့သော်လည်း သူ့တစ်ဘဝလုံး သူ့အဖေ၏ အရိပ်အောက်၌သာ နေထိုင်ခဲ့ရသည်။ လူများစွာက သူ့ကို သူ့အဖေနှင့်သာ နှိုင်းယှဉ်လေ့ရှိသည်။ သူ မည်မျှအောင်မြင်စေကာမူ လုံလုံလောက်လောက် မကောင်းတာမျိုး ဒါမှမဟုတ် ဧကရာဇ်ခုံ၏ သားဖြစ်နေသည့်အချက်ကိုသာ ချီးကျူးကြသည်။ ထို့ကြောင့် သူ့အဖေနှင့် ဆက်ဆံရေးက အစကတည်းက မကောင်းခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ အားလုံးက ပိုင်ဟန်၏ ကံကြမ္မာဝဋ်ကြွေးကို သူ့ဖခင်က ရှင်းပေးနိုင်သောကြောင့် သူ့ကို ကျောင်းတော်၏ နောက်ဧကရာဇ် ဖြစ်လလိမ့်မည်ဟု မျှော်လင့်ထားကြသည်။
သို့သော် သူ့အမေ သေဆုံးသွားပြီးနောက် ကိစ္စများက ပြောင်းလဲသွားလေသည်။ သူ့အဖေက ကာကွယ်ခြင်း မရှိသလို သေရာမှ ပြန်လည်ခေါ်ဆောင်ခြင်းလည်း မရှိပေ။
ပိုင်ဟန်အနေနှင့် ထိုနေ့ရက်တုန်းက သူ့ဖခင်၏ မပြောင်းမလဲ မျက်နှာထားနှင့် စကားကို မှတ်မိနေသေးသည်။
“ မင်း အရာအားလုံးကို ရေးကြီးခွင်ကျယ် လိုက်လုပ်နေဖို့ မလိုဘူး။ သူမက မသေဘူး။ သံသရာစက်ဝန်းထဲ ဝင်ရောက်သွားရုံပဲ ”
ပိုင်ဟန်က သူ့ဖခင်ကို ရက်စက်သည့်အတွက် ကျိန်ဆဲလိုက်ပြီးနောက် အိမ်မှ အပြီးတိုင် ထွက်လာကာ သူနှင့် စကား ထပ်မပြောတော့ပေ။ သူက သူ့မိခင်၏ မျိုးရိုးကို ပြောင်းလဲခံယူခဲ့သည်။ သူ့အဖေ ထွက်သွားပြီးမှ ကျောင်းတော်ကို ပြန်ရောက်လာခဲ့သည်။
တကယ်တော့ ဧကရာဇ်ခုံက အေးစက်စက် မထူးမခြားနား လုပ်နေခြင်း မဟုတ်ရပေ။ မဟာဧကရာဇ်တစ်ယောက်အနေနှင့် သူက အဆင့်မြင့် သက်ရှိ ဖြစ်နေပြီဖြစ်ရာ ကိစ္စများကို သာမန် သေမျိုးကျင့်ကြံသူများနှင့် ကွဲပြားစွာ မြင်ရုံမျှ ဖြစ်၏။
အားလုံးက သေခြင်းတရားကို အဆုံးသတ်ဟု မြင်ကြသော်လည်း သူကတော့ စတင်မှု နောက်တစ်ခုဟုသာ မြင်သည်။ သူ့ဇနီးကို သံသရာထဲ ဝင်ရောက်စေကာ ဘဝအသစ် ပြန်လည်ဝင်စားလာသည့်အခါ သွားတွေ့လို့ ရလေသည်။ ယခင်ဘဝမှ မှတ်ဉာဏ်များကို ပြန်လည်နှိုးဆွပေး၍ ရ၏။
တစ်ချိန်တည်းဆိုသလို မဟာဧကရာဇ်၊ တာအိုဘိုးဘေး သို့မဟုတ် ထာဝရအရှင် ဖြစ်လာခြင်း မရှိဘဲ သူမက ပြန်လည်ဝင်စားခြင်း နှောင်ကြိုးများမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိလေသည်။
ဧကရာဇ်ခုံက သူ့ဇနီးသည် နောက်ကျင့်ကြံဆင့် နှစ်ခု ရအောင် ကူညီမပေးသည့် အကြောင်းအရင်းမှာ သူမကိုယ်တိုင်က ပြန်လည်ဝင်စားပြီးနောက် မဟာဧကရာဇ် ဖြစ်လာနိုင်မည့် အခွင့်အရေးကို လိုချင်၍ ဖြစ်သည်။ ထို့ကြောင့် သူက သူမကို တခြားကောင်းကင်အလိုဆန္ဒ ကမ္ဘာတွင် မွေးဖွားစေဖို့အထိ စီစဉ်ပေးထားသည်။
ကံဆိုးစွာဖြင့် သူ့သားနှင့် အဆက်အသွယ် နည်းပါးမှုကြောင့် သားဖြစ်သူက နားလည်မှုလွဲကာ အိမ်မှ ထွက်ပြေးသွားလေသည်။
ပိုင်ဟန်အနေနှင့် ကမ္ဘာကြီးထဲ နှစ်များစွာ သွားလာနေပြီးနောက် သူ့အမေ ကူညီတည်ထောင်ပေးခဲ့သည့် ကျောင်းတော်ကိုသာ အိမ်အဖြစ် ခံစားရ၍ ပြန်ရောက်လာခြင်း ဖြစ်၏။
ပိုင်ဟန်က သူ့အမေကို ပြန်လည်အသက်သွင်းဖို့အတွက် မဟာဧကရာဇ် ဖြစ်လာဖို့ လိုအပ်လေသည်။ သို့သော်လည်း သူက သူ့အဖေကို သူ့ကံကြမ္မာဝဋ်ကြွေးများ ဖယ်ရှားခွင့် မပြုမိလိုက်သောကြောင့် နောက်ကောင်းကင်အလိုဆန္ဒ တိုက်ပွဲတွင် ပါဝင်မယှဉ်ပြိုင်နိုင်ပေ။
ထို့ကြောင့် သူက သွေးကျောက်တုံးထဲ စည်းပိတ်ကာ ယခင်မျိုးဆက်ကမှ ပြန်လည်နှိုးထလာခြင်း ဖြစ်၏။ သို့သော်လည်း သူက ဧကရာဇ်ခုံ၏ သားဖြစ်ကြောင်း စိတ်အတားအဆီးကို မဖြတ်ကျော်နိုင်သေးပေ။
ထို့ကြောင့် သူက လျို့ဝှက်ကျင့်စဉ် အသုံးပြုကာ အမျိုးသမီး တစ်ယောက်ထံ ပြန်လည်မွေးဖွားစေလိုက်သည်။ သူက သူ့ခန္ဓာကိုယ်၊ အားကောင်းသည့် သွေးမျိုးဆက်နှင့် ကျင့်စဉ်များကို စွန့်ကာ ကလေးငယ်အဖြစ် ပြောင်းလဲစေလိုက်သည်။ သူက မှတ်ဉာဏ်များနှင့်အတူ ကလေးငယ်လေးအဖြစ် မွေးဖွားလာခဲ့သည်။
ဤသည်က သူ မွေးဖွားပြီးပြီးချင်း စကားပြောနိုင်သည့် အကြောင်းအရင်း ဖြစ်၏။ ကျောင်းတော်က သူ့ကို ပညာရှိဝိဇ္ဇာအဖြစ် မွေးဖွားလာသည်ဟု ယုံကြည်ကြသည်။
ပိုင်ဟန်က ထိုမျှော်လင့်ချက်များအပေါ် နေထိုင်ခဲ့ရ၏။ သူ့ကို ထာဝရဧကရာဇ်ကိုယ်တိုင် သင်ကြားပြသထားသောကြောင့် သူ့အနေနှင့် တခြားလူများ၏ ကျင့်ကြံရေးပြဿနာများအား အလွယ်တကူ ညွှန်ပြပေးနိုင်သည်။
ရှေးဟောင်းခေတ်ကာလမှ အသိဉာဏ်များနှင့် အမြင်အာရုံများဖြင့် အထွတ်အထိပ်နယ်ပယ်အဆင့် ပြန်ရောက်လာသည့်အခါ ကျောင်းတော်ရှိ သူ့အဆင့်အတန်းက ကြီးထွားလာပြီး ကျောင်းအုပ်အထိ ဖြစ်လာခဲ့သည်။
ပိုင်ဟန်အတွက် ကံမကောင်းသည်က သူကား အတော်လေး ကံဆိုးနေလေသည်။
ပထမဦးစွာ သူက ကောင်းကင်သွေဖယ်နေသည့် ဝမ်ထျန်းနှင့် တွေ့ဆုံရပြီး ရှုံးနိမ့်သွားရသည်။ သူ့ယခင်ကျင့်စဉ်နှင့် နက်နဲလှသော အသိပညာများပင် သူ့ကို ကူညီမပေးနိုင်ပေ။ ထို့နောက် သူက သူ့မျိုးဆက်တွင် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲ ရှိမည် မဟုတ်ကြောင်း သိခဲ့ရုံသာမက နောက်မျိုးဆက်အတွက် လမ်းဖောက်ရန် ယခု အထွတ်အထိပ်လမ်းစဉ်ပင် ပိတ်ဆို့ဖြတ်တောက်ခံမည် ဖြစ်ကြောင်း သိခဲ့ရသည်။
ပိုင်ဟန်က ကောင်းကင်ဘုံသည် သူ့ကို မမျှမတ လုပ်နေသည်ဟု နာရီများစွာ ထိုင်ငြီးငြူခဲ့သေးသည်။ သူက သူ့အဖေ၏ အကူအညီကို လက်မခံခဲ့သည့်အတွက် နောင်တရလာမိသည်။ ထိုသို့ဆိုလျှင် သူ့အနေနှင့် တာအိုကို သက်သေပြ၍ သူ့မိခင်ကို ကယ်တင်ပြီးလောက်လေပြီ။
ပိုင်ဟန်က နောက်တစ်ခါ ပြန်လည်စည်းပိတ်ဖို့ စဉ်းစားခဲ့သော်လည်း မလုပ်ချင်တော့ပေ။ စည်းပိတ်ခံရခြင်းက သဘောကျစရာကောင်းသည့် အတွေ့အကြုံမျိုးတော့ မဟုတ်ပေ။ အထူးသဖြင့် မျိုးဆက်များစွာ နေထိုင်လာရသူထံတွင် ဖြစ်၏။
စည်းပိတ်ခြင်း နှစ်မျိုး ရှိပြီး တစ်ခုက သေခါနီးလူများအတွက် သူတို့အင်အားကို ဂိုဏ်းအတွက် နောက်ဆုံးအနေနှင့် အသုံးပြုပေးချင်တာမျိုးအတွက် ဖြစ်၏။ ထိုလူများကို လုံးဝ စည်းပိတ်ထားပြီး သူတို့နိုးထလာသည်နှင့် မည်မျှကြာကြာ အသက်ရှင်မည်ကို သူတို့သာ သိလိမ့်မည်။
နောက်တစ်မျိုးကာ သူတို့ကံကြမ္မာဝဋ်ကို သန့်စင်ဖို့အတွက် နောက်မျိုးဆက်မှ နိုးထလာချင်သူများ ဖြစ်၏။ သူတို့က သူတို့ကံကြမ္မာဝဋ်ကို သန့်စင်နိုင်ရန်အတွက် အခက်အခဲများကို ကြုံတွေဖို့ လိုအပ်သောကြောင့် အသိစိတ်အမျှင်လေးကို ထိန်းထားရသည်။
ထိုဖြစ်စဉ်က နှိပ်စက်မှုတစ်မျိုး ဖြစ်၏။ သူတို့က တိတ်ဆိတ်နေသည့် အမှောင်ထုထဲ သူတို့အတွေးကလွဲ၍ ဘာဆိုဘာမှမရှိသည့်အတွက် ကမ္ဘာချီကြာမြင့်သလို ခံစားရလေသည်။
ထိုဖြစ်စဉ်က မျှော်နန်းဆောင်အတွင်း ဒုတိယစစ်ဆေးမှုနှင့် တူညီလေသည်။ သို့သော် နှစ်ရာချီ ကုန်ဆုံးမည့်အစား ထိုလူများက နှစ်သန်းချီ သန်းချီ၍ ကုန်ဆုံးကြရသည်။ သူတို့အများစုက ဖြစ်စဉ်အတွင်း ရူးသွပ်သွားကြပြီး တချို့က အချိန်မတိုင်ခင် နိုးထလာကြကာ သဘာဝအတိုင်း သက်တမ်းကုန်ဆုံးသွားစေပြီး သေဆုံးသွားကြသည်။
လူတချို့သာ ဖြစ်စဉ် ပြီးဆုံးသည့်အထိ စောင့်နိုင်ကြသည်။
ပိုင်ဟန်က ထိုအတွေ့အကြုံကို ထပ်မံ မခံစားလိုပေ။ သူ့တာအိုနှလုံးသားက ဒီအထီးကျန်ဖြစ်စဉ်ကို ဒုတိယအကြိမ် ခံစားနိုင်ဖို့အတွက် မသန်မာတော့ပေ။
ထို့ကြောင့် သူက လင်းဖန်ကို ပြုစုပျိုးထောင်ပေးဖို့ ဆုံးဖြတ်ပေးလိုက်သည့်အချက် ဖြစ်၏။ လင်းဖန်သာ မဟာဧကရာဇ် ဖြစ်လာလျှင် သူ့အတွက် ကံကြမ္မာဝဋ်ကြွေး သန့်စင်ပေးပြီး သူ့အနေနှင့် နောက်မျိုးဆက်၏ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လာနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။
…………....
ကျောင်းတော်ရှိ ဆရာများက ဆွေးနွေးနေကြစဉ် ရှုံးထွက်ပွဲစဉ်ကား စတင်ပြီးနေလေပြီ။
မိုရှင်းယွင်က လျို့ဝှက်နယ်မြေထဲမှ ကြုံရာကျပန်း နေရာတစ်ခုဆီ ပို့ဆောင်ခံလိုက်ရသည်။ သူမအနားတွင် သတ်ဖြတ်ရေး မိစ္ဆာသားရဲများ လဲကျသေဆုံးနေသည်။ ထိုသားရဲများက သေဆုံးနေသော်လည်း သွေးတစ်စက်မှ မရှိသလို ဒဏ်ရာလည်း မရှိချေ။
သူတို့က သွေးနှင့် အတွင်းအင်္ဂါများ ခြောက်သွေ့သွားအောင် စုပ်ယူခံလိုက်ရသည့် မံမီအလောင်းလို ဖြစ်နေသည်။
သူမက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ရင်း သူမဘာသာ တွေးလိုက်သည်။
ဇူဇကာဝါးမျိုခြင်း ကျမ်း မရှိရင် ငါ့ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာက ဘိုးဘေးအဆင့်လောက် ရောက်လာနိုင်မှာ မဟုတ်ဘူး …
ဒါပေမဲ့ သူ့ထက် အရေးသာတာ ရှိတာက ဒီမျိုးဆက်မှာ ကောင်းကင်ရုပ်ခန္ဓာ ထိပ်တန်း ဆယ်ယောက်လုံး မွေးဖွားလာတာပဲ …
အသင်္ချေအင်ပါယာကမ္ဘာ သမိုင်းကြောင်းတစ်လျှောက် ထိုသို့အရာမျိုး ဖြစ်ဖူးသည့် အခေါက်ရေကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်သည်။ ရုပ်ခန္ဓာအသစ်များ ပေါ်ထွက်လာသည့် အကြောင်းကို ထည့်မပြောရသေးပေ။
တကယ်လို့ ငါသာ သူတို့အားလုံးကို ဝါးမျိုနိုင်ရင် ငါ့ဘိုးဘေးထက်တောင် အားကောင်းသွားမှာ …
ဒါပေမဲ့ အဲဒီထိပ်ဆုံးက လူတွေက သွားရှုပ်ဖို့ မလွယ်ဘူး … အောက်ခြေ ရုပ်ခန္ဓာတွေကနေ စလိုက်တာပေါ့
မိုမိသားစု နောက်ခံရှိနေတာဆိုတော့ အလွှာနိမ့်ကလူတွေကို ဝါးမျိုလိုက်လည်း ပြဿနာ မရှိလောက်ဘူး … တာအိုကိုးကွယ်ကျောင်းတော်တစ်ခုပဲ နည်းနည်းပြဿနာ တက်နိုင်တယ်
ကျစ် … ငါ မိစ္ဆာကျင့်ကြံသူက ဘယ်တုန်းက တခြားဂိုဏ်းရဲ့ တုံ့ပြန်မှုတွေကို လိုက်ဂရုစိုက်နေတာလဲ … သူတို့ကို ပွင့်လင်းမြင်သာ ဝါးမျိုပစ်လိုက်မယ်
သူတို့အားနည်းနေတာတော့ ငါ့ကို လာအပြစ်တင်လို့ မရဘူး …
ငါသာ ဒီစစ်ဆေးမှုထဲ ထိပ်ဆုံးအယောက် ၃၀ ထဲ ရောက်ခဲ့ရင် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် မတိုင်ခင်အထိ ပြဿနာ မရှိတော့ဘူး
မိုရှင်းယွင်က ထိုအရာကို တွေးလိုက်ပြီးနောက် နေရာတစ်ခုဆီ ပြေးသွားလိုက်ပြီး ပစ်မှတ်ကို နောက်ယောင်ခံလိုက်သည်။ သူမက ထိုစစ်ဆေးမှုထဲ သူတို့ကို မြင့်တက်နိုင်ခွင့် ပေးမည် မဟုတ်ပေ။
ထိုစဉ် မိုရှင်းယွင်နှင့် အလှမ်းကွာသည့် နေရာတစ်ခုတွင် တော်ဝင်နယ်မြေမှ လူငယ်ကျင့်ကြံသူလေးက ဖြည်းဖြည်းချင်း တစ်ဖက်ကို လှည့်ကြည့်လာသည်။ အကယ်၍ တစ်ယောက်ယောက်သာ သူ့ကို သေချာကြည့်လိုက်ပါက သူ့မျက်ဝန်းမှ ထုံထိုင်းထိုင်း အခြေအနေကို မြင်တွေ့နိုင်လေသည်။
ကြည့်ရသည်မှာ သူက တစ်ယောက်ယောက် ထိန်းချုပ်တာ ခံထားရသည့် ရုပ်သေးရုပ်လိုမျိုး ဖြစ်နေပြီး သူ့ကိုယ်ပိုင်အတွေး မရှိပေ။
ထိုလူ၏ အသိစိတ်ပင်လယ်အတွင်း အရိပ်တစ်ခုက သူ့ဝိညာဉ်ကို ဖိနှိပ်ကာ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေလေသည်။
အရိပ်က ခန္ဓာကိုယ် လှည့်ထားသည့်ဘက်ကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။
“ နောက်ဆုံးတော့ ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာပိုင်ရှင်ကို ရှာတွေ့ပြီ။ သူမရဲ့ အကူအညီနဲ့ဆိုရင် ငါ့အစီအစဉ်တွေက နောက်ဆုံး အကောင်အထည် ပေါ်လာတော့မယ်။ ငါ ဒီနေ့အတွက် စောင့်နေတာကြာလှပြီ ”