ဧကရီဝူ
Vol. 16 Ch. 222
အခန်း(၂၂၂) : ဧကရီဝူ
ထိုအကြောင်းအရာကို ကြားလိုက်ပြီးနောက် ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ သူက သူမ၏ ဆိုလိုရင်းကို အကြမ်းဖျင်း နားလည်လိုက်သော်လည်း မေးလိုက်သည် “ဘာကိုပြောချင်တာလဲ”
ထိုသို့ပြောပြီးနောက် ဝမ်ဝေ့က သူ့စွမ်းအားကို ပြန်လည်အားဖြည့်ဖို့အတွက် သူတော်စင်အဆင့် ရွှေငှက်ကြီး၏ လက်ကျန် အသားကင်ကို ထုတ်လိုက်သည်။ တစ်ရက်အတွင်း သူ့ထံ ကိစ္စများစွာ ဖြစ်ပွားသွားလေသည်။
သူက ဝူဟုန်အတွက်လည်း တစ်ပန်းကန် တည်ခင်းပေးလိုက်သည်။ သို့သော် သူမက ဆာလောင်နေဟန် မပေါ်ပေ။
“ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ချိုးဖောက်တာနဲ့ ပတ်သက်ပြီး ရှင် ဘာသိထားလဲ” ဝူဟုန်က အဖြေကို တန်းမဖြေဘဲ ပြန်မေးလိုက်သည်။
“ အရှင်းဆုံးပြောရရင်တော့ ကျင့်ကြံသူတစ်ယောက်က ကံကြမ္မာကောင်း မီးတောက်ကို အသုံးပြုပြီး သူတို့ခန္ဓာကိုယ်ထဲ စည်းမျဉ်းစွမ်းအားကို ခံနိုင်ရည်ရှိစေဖို့အတွက် မွမ်းမံပေးရမယ်။ အဲဒါဆိုရင် သူတို့က အံ့ဖွယ်ခန္ဓာအဆင့် ရောက်ပြီ။ အဲဒီနောက် သူတို့က တူညီတဲ့ မီးတောက်ကို အသုံးပြုပြီး ဝိညာဉ်ကို ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် မွမ်းမံသန့်စင်ပေးရမယ်။ စည်းမျဉ်းစွမ်းအားကို ခံနိုင်ရည် ရှိစေဖို့အတွက်ပေါ့ … ”
ထိုသို့ပြောလိုက်ပြီးနောက် ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ သူ့အနေနှင့် ပြန်အသိကပ်လာဖို့ အချိန်အနည်းငယ် ယူလိုက်ရသည်။
“အဲဆိုတော့ ရှင် သဘောပေါက်ပြီလား” ဝူဟုန်က မေးလိုက်သည်။
“ရှင့်ရဲ့ အားကောင်းလှတဲ့ စံပြဝိညာဉ်ကို ကံကြမ္မာကောင်း မီးတောက်နဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် မွမ်းမံသန့်စင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှင် စံပြဝိညာဉ်အရည်အသွေးကို မစွန့်လွှတ်သရွေ့ပေါ့ ”
ဝမ်ဝေ့က သူ့အတွက် စံပြဝိညာဉ်မှာ နာကျင်မှုကလွဲ၍ ဘာမှမဟုတ်ဘူးဆိုလျှင်ပင် ထိုသို့အရာမျိုး လုပ်မည် မဟုတ်ချေ။ သူသာ ဒုက္ခများကြားမှ ဖြတ်ကျော်နိုင်လျှင် ထိုအရာမှ နောင်အခါ အကျိုးမြတ်များစွာ ရရှိမည်မှန်း သိနေသည်။
ဝမ်ဝေ့က ခဏတာ တွေးလိုက်ပြီးနောက် လက်ဝေ့လိုက်သည့်အခါ သူ့ကံကြမ္မာကောင်း မီးတောက်က လက်ဝါးထဲ ပေါ်ထွက်လာသည်။
“ကိုယ့်ကံကြမ္မာကောင်းမီးတောက်က သာမန်နဲ့ မတူဘူး။ ဒီလောက်ဆိုရင်ရော မလုံလောက်ဘူးလား” သူက မေးလိုက်သည်။
အကောင်းဆုံး ကံကြမ္မာကောင်း မီးတောက်က ၁၂ ရောင်သာ ရှိသော်လည်း သူ့တွင် အပိုတစ်ရောင် ရှိနေ၍ သူ့သာလွန်မှုကို ညွှန်ပြနေလေသည်။
ဝူဟုန်က ၁၃ ရောင် မီးတောက်ကို ကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်သည် “ ၉ က အဆုံးအစွန်၊ ၁၂ က ပြီးပြည့်စုံမှု … ၁၃ က အစွဲကင်းခြင်း … ”
ဝမ်ဝေ့က ထိုစကားကို ကြားဖူးသော်လည်း နောက်ဆုံးပိုင်းတော့ မပါပေ။ သူက အစွဲကင်းခြင်း ဆိုသော အဓိပ္ပါယ်ကို မေးလိုသော်လည်း ယခင်အမှားမှ သင်ယူကာ ပါးစပ်ပိတ်နေဖို့ ဆုံးဖြတ်လိုက်သည်။ သူက တစ်ရက်အတွင်း သင်ယူခဲ့ရသော အရာအားလုံးထံမှ စိတ်ပိုင်းဆိုင်ရာ ဖိအားအတော်အတန် များနေပြီ ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ထပ်မလိုသေးပေ။
ထို့အပြင် သူက ဝူဟုန်သည် ဒီတစ်ခါ ပြန်ဖြေမည် မဟုတ်ကြောင်း သိနေ၏။
“အဲဒါဆိုရင် ကိုယ့်ကံကြမ္မာကောင်း မီးတောက်က ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းဖို့ ဖြစ်နိုင်မလား” ဝမ်ဝေ့က မေးလိုက်သည်။
“အဲဒါက …” ဝူဟုန်က ငေးမောနေရာမှ ပြန်အသိကပ်လာသည် “အဲဒါက ရှင့်အခွင့်အရေးကိုပဲ တိုးသွားစေနိုင်မှာ။ အဲဒီလောက်ပဲ။ သူ့ဘာသာဆိုရင် ရှင့်အနေနဲ့ အဆင့်တက်ဖို့ မဖြစ်နိုင်သေးဘူး ”
“အဲဆို ကိုယ် ဘာလုပ်ရမလဲ …” ဝမ်ဝေ့က မေးလိုက်သည်။
“ ကံမကောင်းစွာနဲ့ ကျွန်မလည်း မပြောတတ်ဘူး” ဝူဟုန်က ပြန်ဖြေလိုက်သည် “ပြီးတော့ ရှင်က ကျွန်မဆီကနေ အကူအညီ မလိုပါဘူး။ ကျွန်မတို့စကားပြောနေတုန်း ရှင် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတချို့ စဉ်းစားပြီးလောက်ပါပြီ”
သူမက ပြုံးရင်း ပြောလိုက်သည်။
ဝမ်ဝေ့က သဘောတူစွာ ခေါင်းညိတ်လိုက်၏။ သူ့တွင် အစီအစဉ်တချို့ ရှိထားသည်မှာ အမှန် ဖြစ်လေသည်။ သူတို့ အလုပ်ဖြစ်ပါ့မလား သေချာမသိသော်လည်း ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် မချိုးဖောက်ခင် သူ့အနေနှင့် နှစ်ထောင်ချီ မဟုတ်လျှင်ပင် နှစ်ရာချီ အချိန်ရသေး၏။
ထို့ကြောင့် သူ့တွင် ပိုကောင်းသည့် ဖြေရှင်းနည်း ရှိလာနိုင်ဖို့ရာ အချိန်များစွာ ရှိနေသေး၍ စိတ်မပူမိပေ။
သို့သော်လည်း သူက တစ်ခုခုနှင့် ပတ်သက်ပြီး စိတ်ပူလာမိသည်။ သူ ဝူဟုန်နှင့် တွေ့ဆုံပြီးနောက်ပိုင်း သူ့စိတ်ပိုင်းဆိုင်ရာက ပြောင်းလဲလာကြောင်း သိလာခဲ့သည်။ အချိန်တိုအတွင်း သူက သူမအပေါ် စတင် မှီခိုလွန်းလာသည်။
ဝမ်ဝေ့က ဝူဟုန်သည် သူ့ထက် များစွာ ပိုသိသော်လည်း သူ့အနေနှင့် သူမအပေါ် လုံးဝ လိုအပ်လာတာ မဟုတ်ပါက မမှီခိုမိစေရန် သူ့ဘာသာ ပြန်သတိပေးနေရသည်။
အကယ်၍ သူသာ ဒီလိုမျိုး ဖြစ်သွားခဲ့လျှင် သူ့အနေနှင့် ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းဖို့ မဖြစ်နိုင်တော့ပေ။ စစ်မှန်သည့် ဧကရာဇ်တစ်ပါးက မိုးမြေကို ပခုံးပေါ် ထမ်းထားနိုင်သည့် လူစားမျိုး ဖြစ်၏။
သူတို့က တခြားလူများဆီမှ အကူအညီ လက်ခံသော်လည်း တစ်ယောက်ယောက်အပေါ် အများကြီး မမှီခိုသင့်ပေ။
ထိုအရာများ သဘောပေါက်လာပြီးနောက် ဝမ်ဝေ့က သူ့စိတ်အခြေအနေသည် အနည်းငယ် နူးညံ့လာကြောင်း ခံစားမိလိုက်သည်။ ယခင်ရက်ပိုင်းအတွင်း သူ့ထံ ဖြစ်ပွားခဲ့သည့် ကိစ္စများစွာက သူ တွေးထားသလောက် ကြီးကြီးမားမား မဟုတ်တော့ကြောင်း သဘောပေါက်သွားသည်။
သူ လုပ်ဖို့ လိုအပ်သည်ကား အရာအားလုံးကို ကျော်လွှားဖို့ ဖြစ်၏။ မည်သည့်အခြေအနေတွင် ဖြစ်နေပါစေ သူ့အနေနှင့် တည်ငြိမ်နေဖို့ လိုအပ်ပြီး သူ့အတွက် သို့မဟုတ် သူ့အနာဂတ် လုပ်ဆောင်ချက်ကို အကျိုးရှိစေမည့် အစီအစဉ်ကို စဉ်းစားရမည်။
ဝမ်ဝေ့က သဘောပေါက်လာပြီးနောက် အသက်ပြင်းပြင်းရှုကာ တည်ငြိမ်အောင် ထိန်းလိုက်သည်။
ထိုစဉ် ဝူဟုန်က အသာပြုံးလိုက်၏။ သူမက ဝမ်ဝေ့သည် သူမအပေါ် စတင် မှီခိုလာကြောင်း သတိပြုမိလေသည်။ သူမက ဘာမှမပြောသည့် အကြောင်းအရင်းမှာ သူ့ဘာသာ သတိပြုမိသွားပြီး သူကိုယ်တိုင် ဖြေရှင်းမည်ကို သိနေ၍ ဖြစ်သည်။
ဧကရာဇ်ငယ်လို တာအိုနှလုံးသား အားကောင်းသည့် လူများက သူတို့စိတ်ခံစားချက်များသာမက သူတို့စိတ်အခြေအနေနှင့်လည်း သဟဇာတ ဖြစ်နေတတ်ကြသည်။ သူတို့ထံ တစ်ခုခုလွဲမှားသွားပါက အလွယ်တကူ သတိထားမိကြပြီး ပြဿနာ သို့မဟုတ် အပြောင်းအလဲအတွက် စစ်ဆေးကာ သူတို့ဘာသာ ဖြေရှင်းကြသည်။
ဝမ်ဝေ့က စိတ်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ခေါင်းစဉ်ပြောင်းကာ တခြားအကြောင်း ပြောဖို့ ဆုံးဖြတ်လိုက်သည်။
“ဧကရီဝူအကြောင်း ပြောပြပေးလို့ ရမလား။ အဲဒါကတော့ လျို့ဝှက်ချက်ကြီး မဟုတ်ဘူးမလား” ဝမ်ဝေ့က မေးလိုက်သည်။
“မဟုတ်ပါဘူး … ရှင် ဘာကိုသိချင်တာလဲ” ဝူဟုန်က မေးလိုက်သည်။
“ သူမ အမြင့်ဆုံးအခြေအနေမှာ ရှိနေတုန်း ဘာလို့ ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ”
ဝူဟုန်က ခေါင်းညိတ်ကာ သူမအတွေးများကို ပြန်လည်စုစည်းလိုက်သည်။
“ အဲဆို မိစ္ဆာခေတ်ကာလအကြောင်း ရှင် သိထားတာ အရင်ပြောပြလိုက်ပါ့လား” သူမက မေးလိုက်သည်။
“ကောင်းပြီလေ … အကြွင်းမဲ့ စတင်ခြင်း ဧကရာဇ်က ယုံကြည်မှုခေတ်ကာလကို အဆုံးသတ်ခဲ့ပြီးတော့ ကမ္ဘာကြီးက ငြိမ်းချမ်းစည်ပင်လာခဲ့တယ်။ အနည်းဆုံးတော့ တာအိုဘာသာနဲ့ ထိုက်ယီနက်နဲမုခ်အတွက်ပေါ့ …
အဲဒီနောက် အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကျင့်ကြံသူအားလုံးက အဆုံးမဲ့ လေဟာနယ်ရဲ့ ကြောက်စရာကောင်းမှုကို သင်ယူခဲ့ကြရတယ်။ မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာ အမည်ရှိတဲ့ နောက်ထပ် အားကောင်းတဲ့ ကောင်းကင်အလိုဆန္ဒကမ္ဘာက ရုတ်တရက် ဒီကမ္ဘာကို ကျူးကျော်လာခဲ့တယ်။ အဲဒီမိစ္ဆာတွေက သွေးဆာရက်စက်ပြီးတော့ နေရာတိုင်းမှာ သတ်ဖြတ်တယ်၊ မုဒိမ်းမှုတွေကျူးလွန်တယ်၊ အကုန်ဖျက်ဆီးပစ်ကြတယ်။ ကလေးဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ လူသားဖြစ်ဖြစ် ဒါမှမဟုတ် နတ်ဆိုးမျိုးနွယ်ဖြစ်ဖြစ် သူတို့မြင်သမျှ အကုန်သတ်ပစ်ကြတယ်။
သူတို့က အသင်္ချေအင်ပါယာကမ္ဘာထဲမှာရှိတဲ့ မျိုးနွယ်အားလုံးကို ကျွန်ပြုပြီးတော့ အစားအစာအဖြစ် ဆက်ဆံခဲ့ကြတယ်။ တကယ်တော့ သူတို့ ကျင့်ကြံရေး နည်းစနစ်တစ်ခုလုံးက ပိုမြင့်မားတဲ့ အဆင့်ကို ရောက်ဖို့ ဝဋ်ကြွေးတွေ၊ အပြစ်ကြွေးတွေအပေါ် အခြေခံထားတာ …
အဲဒါကြောင့် သူတို့က ဆိုးဆိုးရွားရွားတွေ လုပ်လေလေ ပိုအားကောင်းလေလေ ဖြစ်ပြီးတော့ အဲဒီလူတွေက စိတ်ကူးမကြည့်နိုင်လောက်တဲ့ ပြစ်မှုအမျိုးမျိုးကို ကျူးကျော်ခဲ့ကြတယ်။
အဆိုးရွားဆုံးက ဒီကမ္ဘာမှာ တကယ်တော့ မိစ္ဆာနတ်ဘုရားလို့ ခေါ်တဲ့ မဟာဧကရာဇ်ကိုးယောက်ရှိနေခဲ့တာပဲ။ လူသားတည်တံရေး အစီအရင်က အဲဒီနတ်ဘုရားတွေ ဝင်ရောက်မလာနိုင်အောင် တားဆီးပေးထားပေမဲ့ ဘာမှအများကြီး မပြောင်းလဲသွားဘူး။
အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကျင့်ကြံသူတွေက ဒီကမ္ဘာထဲ ကျူးကျော်လာတဲ့ တခြားမိစ္ဆာမျိုးနွယ်အတွက် ပြိုင်ဘက် မဟုတ်ဘူး။ အဲဒါအပြင် အဲဒီမိစ္ဆာတွေက အမှတ်အသားပြား မရှိဘဲ ကောင်းကင်အလိုဆန္ဒကို ဝင်ပြိုင်နိုင်လို့ ရတဲ့ နည်းလမ်းမျိုး ရှိထားပုံပဲ …
အဲဒါကြောင့် ခေတ်ကာလတစ်ခုလုံး ဒီကမ္ဘာမှာ ထွက်ပေါ်လာခဲ့တဲ့ မဟာဧကရာဇ်အများစုက မိစ္ဆာမျိုးနွယ်ကချည်းပဲ။ အခြေအနေက ယုံကြည်မှုခေတ်ကာလတုန်းကလို ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အတူတူ ဖြစ်လာတယ်။ အနည်းဆုံးတော့ လက်ရှိမှာ ဗုဒ္ဓဘာသာအကြောင်း ဘာအချက်အလက်မှ သိပ်မရှိတော့ပေမဲ့လည်း …
ဒါပေမဲ့ မဟာဧကရာဇ်အားလုံးက မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကချည်းတော့ မဟုတ်ဘူး။ ဒီကမ္ဘာရဲ့ တချို့ပါရမီရှင်တွေက အကုန်လုံးကို သွေဖယ်ပြီး တာအိုကို သက်သေပြနိုင်ခဲ့ကြတယ်။ ကံဆိုးတာက သူတို့ကို မိစ္ဆားနတ်ဘုရားကိုးယောက်က ဝိုင်းပြီး သတ်တာမျိုး ဒါမှမဟုတ် စည်းပိတ်လိုက်တာမျိုး ဒါမှမဟုတ် နှင်ထုတ်လိုက်တာမျိုး ကြုံတွေ့ခဲ့ကြရတယ်။
အဲဒီနောက် ဓားရေးစံအိမ်က မဟာဧကရာဇ်က မိစ္ဆာနတ်ဘုရား ကိုးယောက်ထဲက နှစ်ယောက်ကို သတ်နိုင်ခဲ့တယ်။ အဲဒီအခါ သူက တခြားသူတွေနဲ့ ယာယီငြိမ်းချမ်းရေး ရယူဖို့ ညှိနှိုင်းနိုင်ခဲ့တယ် …
ဒါပေမဲ့ အဲဒီအခါမှ မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာရဲ့ ကောင်းကင်အလိုဆန္ဒဆိုတာ တကယ်တော့ ရာထူးတစ်ခုပဲဆိုတာ သိလာခဲ့ကြတယ်။ မိစ္ဆာမျိုးနွယ်တစ်ခုက ကောင်းကင်အလိုဆန္ဒကို ရပြီးတာနဲ့ မိစ္ဆာနတ်ဘုရား ဖြစ်လာပြီးတော့ ကမ္ဘာကြီးကို အချိန်တစ်ခုအထိ အလုပ်အကျွေးပြုရတယ်။ အဲဒီအလုပ်အကျွေးပြုတာတွေ ပြီးဆုံးသွားတဲ့အခါမှ သူတို့က ကောင်းကင်အလိုဆန္ဒနဲ့ ထွက်သွားပြီးတော့ စစ်မှန်တဲ့ မဟာဧကရာဇ် ဖြစ်လာကြတယ်။
အဲဒီမိစ္ဆာနတ်ဘုရားတွေက သူတို့ရဲ့ စီရင်ချက်အချိန်ကာလကို လျော့ချစေဖို့ တခြားကမ္ဘာတွေဆီ ကျူးကျော်ပြီး တစ်ကမ္ဘာလုံး ဒါမှမဟုတ် အဲဒီကမ္ဘာရဲ့ ကောင်းကင်အလိုဆန္ဒကို သူတို့ကမ္ဘာဆီ ပြန်ဆက်သဖို့ နည်းလမ်းရှာတွေ့သွားကြတယ်။ အဲလိုဆိုရင် သူတို့က လွတ်လပ်သွားလိမ့်မယ်။
မိစ္ဆာခေတ်ကာလက ဧကရီဝူ ထွက်ပေါ်လာတဲ့အထိ ကြာသွားတယ်။ အဲဒီနောက်တော့ အဆုံးသတ်သွားတယ်။ အဲဒါက အဲဒီခေတ်ကာလရဲ့ ယေဘုယျအကျဉ်းချုပ်ပဲ ”