ဧကရီဝူ
Vol. 16 Ch. 223
အခန်း(၂၂၃) : ဧကရီဝူ
ဝူဟုန်က ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ထိုခေတ်ကာလ၏ သမိုင်ကြောင်းကို ယေဘုယျ မှတ်တမ်းတင်ထားသည့် အချက်အလက်များ ဖြစ်ပေသည်။ သူမက အတွေးများကို စုစည်းလိုက်ပြီးနောက် ပြန်လည်ပြောပြလိုက်သည်။
“ ဧကရီဝူကို သေမျိုးလောကက ရွာငယ်လေးတစ်ခုမှာ မွေးဖွားခဲ့တာ။ အဲဒီအချိန်တုန်းက သေမျိုးတွေရဲ့ ဘဝက ကျင့်ကြံသူတွေထက် ပိုဆိုးတယ်။ သူတို့မှာ မိစ္ဆာမျိုးနွယ်ကို ခုခံဖို့ အင်အားလည်း မရှိကြဘူးဆိုတော့ ရှင် တွေးကြည့်လို့ ရမှာပါ …
အဲဒီတုန်က စည်းမျဉ်းဥပဒေတွေအရ သေမျိုးတိုင်းပြည်၊ မြို့ ဒါမှမဟုတ် ရွာက သတ်မှတ်ထားတဲ့ လူဦးရေရောက်လာတိုင်း ၉၀ ရာခိုင်နှုန်းလောက်ကို မိစ္ဆာမျိုးနွယ်အတွက် အစားအစာ၊ ကျွန် ဒါမှမဟုတ် ကစားစရာအဖြစ် ဆက်သကြရတယ်လေ။ ကျန်၁၀ ရာခိုင်နှုန်းလောက်က နောက်ထပ်လူဦးရေတိုးလာအောင် လုပ်ဖို့ အသက်ရှင်ကျန်ရစ်ခဲ့ကြတယ်။
ဧကရီဝူ မွေးဖွားလာပြီးတဲ့နောက် သူ့မိဘတွေက ရွေးချယ်ခံရတဲ့အထဲ ပါသွားပြီးတော့ သူမကို ရွာက ဦးလေးကြီးတစ်ယောက်ကနေ ပြုစုပျိုးထောင်ပေးခဲ့တာ။ သူမ ၁၈ နှစ် ရောက်လာတော့ မိန်းမလှလေးတစ်ယောက်အဖြစ် ကြီးပျင်းလာတယ်။ အဲဒါက လူသားတော်ဝင်မျိုးနွယ် တစ်ယောက်ရဲ့ အာရုံကို ဖမ်းစားသလို ဖြစ်သွားခဲ့တယ် ”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ အဲဒီအချိန်တုန်းက လူသားတော်ဝင်မျိုးနွယ် ရှိနေသေးတာလား။ အဲဒီလို ဆိုးရွားတဲ့ ခေတ်မှာလေ ”
ဝူဟုန်က ဆက်ရှင်းမပြခင် ခေါင်းညိတ်ကာ “ အဲဒီလူသားတော်ဝင်မျိုးနွယ်တွေက တကယ်တမ်း လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်တွေပဲ။ သူတို့အများစုက သူတို့မျိုးနွယ်ကို သစ္စာဖောက်ပြီးတော့ မိစ္ဆာမျိုးနွယ်ဆီ အညံ့ခံပြီး ခိုင်းဖက် ဖြစ်လာကြတာ။ အပြစ်ကျူးလွန်ရတာ သဘောကျတဲ့ မိစ္ဆာမျိုးနွယ်က အဲဒီသစ္စာဖောက်တွေကို သဘောကျပြီးတော့ တခြားလူသားမျိုးနွယ်တွေကို ထိန်းချုပ်ဖို့အတွက် အသုံးပြုကြတယ်။ တကယ်တော့ သူတို့တွေထဲက တချို့က သူတို့သခင်နဲ့ ပိုနီးစပ်အောင်ဆိုပြီး မိစ္ဆာမျိုးနွယ် သွေးကိုတောင် ထိုးသွင်းထားကြသေးတာ”
ဝမ်ဝေ့က ထိုသို့ဖြစ်လာသည်ကို ကြိုတင်မှန်းဆမိထား၍ ခေါင်းသာ ညိတ်လိုက်သည်။ လူသားမျိုးနွယ်က အလွန်ရှုပ်ထွေးလေသည်။ သူတို့မျိုးနွယ်ကို ပြန်သစ္စာဖောက်ခြင်းက လက်မခံနိုင်စရာတော့ မဟုတ်ပေ။ မျိုးနွယ်စုနှင့် သွေးမျိုးဆက်ကို အလေးပေးကြသည့် နတ်ဆိုးမျိုးနွယ်များပင် သူတို့ကြား သစ္စဖောက်များ ရှိကြသည် မဟုတ်ပါလော။ အလွယ်တကူ ပြိုကွဲနိုင်သည့် လူသားမျိုးနွယ်လိုမျိုးကို ထည့်ပြောဖို့ မလိုတော့ပေ။
သို့သော်လည်း ဝမ်ဝေ့က မေးခွန်းတစ်ခု ရှိနေလေသည်။
“ မိစ္ဆာကျင့်ကြံသူတွေက မိစ္ဆာမျိုးနွယ်ကနေ အစပြုလာတယ်ဆိုတာ အမှန်ပဲလား”
“အမှန်ပဲ” ဝူဟုန်က ဖြေလိုက်သည် “ အစောပိုင်း မိစ္ဆာကျင့်ကြံသူတွေက တကယ်တမ်း မိစ္ဆာလမ်းစဉ်နောက်လိုက်ပြီး လေ့လာလေ့ကျင့်ကြတဲ့ သာမန်ကျင့်ကြံသူတွေပဲ။ အဲဒီနောက် သူတို့က ပိုအားကောင်းလာစေပြီးတော့ ဒီကမ္ဘာထဲ မိစ္ဆာနတ်ဘုရားကိုးပါး ကမ္ဘာရဲ့ တည်ရှိမှုကို အဆုံးသတ်သွားစေဖို့ အဲဒါကို မူလလမ်းစဉ်နဲ့ ပေါင်းစပ်လိုက်ကြတာ။
နည်းလမ်းတချို့နဲ့ သူတို့က အောင်မြင်ခဲ့ကြတယ်။ အဲဒီခေတ်ကာလမှာ မိစ္ဆာဧကရာဇ်တွေ အများကြီးလည်း ပေါ်ထွက်လာခဲ့တယ်။ သူတို့က မိစ္ဆာမျိုးနွယ်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတယ်။ အဲဒါက ကျင့်ကြံသူအများစုအနေနဲ့ မိစ္ဆာကျင့်ကြံသူတွေကို မကြိုက်ကြပေမဲ့ အနောက်ပိုင်း ကျားဖြူုကုန်းမြမှာ နေထိုင်ခွင့်ပေးထားတဲ့ အကြောင်းအရင်းပဲ။ မိစ္ဆာခေတ်ကာလအတွင်း သူတို့ကုသိုလ်တွေကြောင့် ကောင်းကင်တာအိုကတောင် သူတို့ရဲ့ အကျိုးပြုမှုကို အသိအမှတ်ပြုခဲ့ရတယ် ”
ဝူဟုန်က ခဏရပ်သွားပြီးနောက် ဝမ်ဝေ့တွင် မေးစရာ မရှိတော့သည်ကို မြင်မှ သူမ ဇာတ်ကြောင်းကို ဆက်ပြောပြလိုက်သည်။
“ လူသားတော်ဝင်မျိုးနွယ်က ဧကရီဝူကို သူ့အတွက် လိုချင်တာ မဟုတ်ဘဲနဲ့ မိစ္ဆာမင်းသားဆီ ဆက်သချင်နေတာ။ အဲဒီမိစ္ဆာမင်းသားတွေက တကယ်တမ်း မိစ္ဆာနတ်ဘုရားနေရာကို ဆက်ခံမဲ့ အမွေဆက်ခံသူတွေပဲ။ မိစ္ဆာနတ်ဘုရားက သူတို့နေရာကနေ လွတ်သွားပြီး မဟာဧကရာဇ် ဖြစ်သွားတာနဲ့ မိစ္ဆာမင်းသားတွေက ပြိုင်ဆိုင်ပြီး အနိုင်ရရှိသူက နောက်မိစ္ဆာနတ်ဘုရား ဖြစ်လာလိမ့်မယ်။
ဧကရီဝူက အဖမ်းခံရတာနဲ့ ဘယ်လိုဖြစ်မယ်ဆိုတာ သူမကံတရားကို သိပြီးတော့ ရွာကနေ ထွက်ပြေးသွားခဲ့တယ်။ အဲဒီမှာ သူမက ကံကောင်းမှု အခွင့်အလမ်းတစ်ခု ကြုံတွေ့ပြီးတော့ ကျင့်ကြံရေးလမ်းကြောင်းပေါ် ရောက်လာခဲ့တယ်။
ဒါပေမဲ့ သူမရဲ အစောပိုင်းနှစ်တွေက ဆက်တိုက်ထွက်ပြေးနေရတော့ အတော်လေး ဆိုးရွားတယ်။ မိစ္ဆာမင်းသားက သူမတည်ရှိမှုအကြောင်း သိသွားပြီးတော့ လိုချင်လာတဲ့အခါမှာ ပိုဆိုးရွားလာတော့တာပဲ။ သူက လူသားမျိုးနွယ် မဟာမိတ်ကို သူတို့တွေ သူမကိုသာ ပေးရင် တခြားမိစ္ဆာမင်းသားတွေနဲ့ ညှိနှိုင်းပြီးတော့ ကမ္ဘာကြီးထဲ လူသားတွေ နှိပ်စက်ညှင်းပမ်းခံနေရတာတွေကို ပယ်ဖျက်ပေးမယ်လို့ ကတိပေးခဲ့သေးတယ်။
မိစ္ဆာမင်းသားက နှစ်တစ်ထောင်မှာ တစ်ယောက်ပေါ်ထွက်လာတဲ့ ပါရမီရှင်လိုမျိုးဆိုတော့ မိစ္ဆာမျိုးနွယ်မှာ သူက အားအကောင်းဆုံးပဲ။ လူသားမျိုးနွယ် မဟာမိတ်ကလည်း သူ့စကားကို ယုံခဲ့ကြတယ်။”
ဝမ်ဝေ့က ထိုအကြောင်းအရာကို ကြားလိုက်ပြီးနောက် လူသားမျိုးနွယ် မဟာမိတ်အကြောင်း ဖတ်ဖူးထားသောကြောင့် မျက်မှောင်ကြုတ်မိသွားသည်။ ထိုအရာက ရွှေလူဝံ ဧကရာဇ်ကို တိုက်ခိုက်ဖို့အတွက် ရှေးဟောင်းဧကရာဇ်ခေတ်ကာလတုန်းက တစ်ကမ္ဘာလုံးမှ အင်အားစုများကို ပေါင်းစည်းထားသည့်အရာမျိုးနှင့် တူလေသည်။
သို့သော်လည်း ဤတစ်ကြိမ် သူတို့ တိုက်ခိုက်ရမည်က မိစ္ဆာမျိုးနွယ် ဖြစ်၏။ ဝမ်ဝေ့က ထိုခေတ်တုန်းက တာအိုအခွင့်အလမ်းဂိုဏ်းသည် မဟာမိတ်ကို တာဝန်ယူထားသူ ဖြစ်ကြောင်း သိလေသည်။ သို့သော် သူ့အနေနှင့် ထိုအရာကို မကြားဖူးခဲ့ချေ။
ဝူဟုန်က အခြေအနေကို ဆက်ရှင်းပြလိုက်သည်။
“အဲဒီမိစ္ဆာမင်းသားက သူ့မျိုးဆက်အတွင်းမှာ အတော်လေး ပါရမီကောင်းတယ်။ မိစ္ဆာနတ်ဘုရားကိုးပါးလုံးက ဒီမျိုးဆက်ရဲ့ ကောင်းကင်အလိုဆန္ဒကို သူတို့ကမ္ဘာရဲ့ ကောင်းကင်တာအိုဆီ မစတေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လေ။ အဲဒီအစား သူ့ကို ထာဝရဧကရာဇ် ဖြစ်လာအောင် လုပ်ပေးချင်ကြတယ်။
ရှင် အဲဒီအကြောင်း မကြားဖူးတဲ့ အကြောင်းအရင်းက မဟာမိတ်က သူ့အပေးအယူကို လက်ခံခဲ့လို့ပဲ။ သူတို့က ရှက်စရာကောင်းတဲ့ အရာကို သမိုင်းကြောင်းကနေ ဖျောက်ထားချင်တာမျိုးပေါ့။ တစ်ရက် ရှင့်ဂိုဏ်းရဲ့ လျို့ဝှက်ချက်အားလုံး သိခွင့်ရလာတဲ့အခါ တကယ့် သမိုင်းကြောင်းကို သိလာပါလိမ့်မယ်”
ဝမ်ဝေ့က မအံ့ဩမိပေ။ အကြောင်းမှာ သူက ဂိုဏ်း လုပ်သမျှ မှန်သည်ဟု ယုံကြည်ထားသည့်သူ မဟုတ်ပေ။ အသင်္ချေအင်ပါယာကမ္ဘာ၏ အားအကောင်းဆုံး အင်အားစုအနေနှင့် တာအိုအခွင့်အလမ်းဂိုဏ်းသည် သူတို့အာဏာနှင့် အနေအထားကို ထိန်းထားနိုင်ဖို့အတွက် ကလိမ်ကကျစ် ကိစ္စများလည်း လုပ်ဖူးလိမ့်မည်မှန်း သိထားသည်။
အမြဲလိုလို ပျော်ရွင်ကာ အေးဆေးနေတတ်သည့် သူ့အဖေပင် ဂိုဏ်းချုပ်အနေနှင့် ကိစ္စတချို့တော့ လုပ်ဖူးလိမ့်မည်။ သူ ထိုနေရာ ရောက်သွားသည့်အခါတွင်လည်း သူလည်း အတူတူ လုပ်မိလိမ့်မည်။
ထို့ကြောင့် သူ့ဂိုဏ်းက သမိုင်းကြောင်းကို သူတို့ဘာသာ ကြည့်ကောင်းစေရန် ပြုပြင်ထားသည့် အချက်ကို သိသွားသည့်အတွက် တုန်လှုပ်မှု မရှိချေ။ အင်အားစုအားလုံးက အနည်းနှင့်အများတော့ လုပ်ဖူးကြလိမ့်မည်။
ထိုစဉ် ဝူဟုန်က ဆက်ပြောပြလိုက်သည်။ ဝမ်ဝေ့က ထိုအရာကြောင့် တုန်လှုပ်သွားမည် မဟုတ်ကြောင်းကိုလည်း သိထားသည်။
“ကျွန်မ ပြောတာ ဘယ်ရောက်သွားပြီလဲ … ဟုတ်သား မိစ္ဆာမင်းသားက ကတိပေးထားတာ။ သူက အဲဒီအကြောင်းပြောပြီးတဲ့နောက် ဧကရီဝူက ဆက်တိုက်ပုန်းအောင်း ရှောင်ပြေးနေရတယ်။ သူမရဲ့ မျိုးနွယ်ကိုတောင် မယုံနိုင်တော့ဘူး။
သူမ ယုံထားရတဲ့ လူတချို့ကလည်း သူမကို မိစ္ဆာမင်းသား သူမအပေါ် သဘောကျတာ ကံကောင်းကြောင်း၊ ပျော်သင့်ကြောင်း ပြောကြတယ်။ သူမက မိစ္ဆာမင်းသားနဲ့ မထိုက်တန်ပေမဲ့ သူ့အာရုံဖမ်းစားနိုင်လို့ ပျော်သင့်တယ်တဲ့လေ။ ဧကရီဝူလို နိမ့်ကျပြီး သာမန်ပါရမီပဲ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်အတွက် အဲလိုဖိအားပေးတာ ဆက်တိုက်ကြုံတွေ့လာတဲ့အခါ သူမ တန်ဖိုးကို ပြန်မေးခွန်းထုတ်လာမိတယ်”
ထိုအရာကို ကြားပြီး ဝမ်ဝေ့က ဝူဟုန်သည် ဒီလိုသဘောထားမျိုး ဖြစ်လာခဲ့သည့် အကြောင်းအရင်းကို နားလည်သွားလေသည်။ ထိုအရာက ဧကရီဝူ တာအိုသက်သေပြပြီးနောက် မဟာဧကရီ ဖြစ်လာပြီးသည့်နောက်ပိုင်း ပြောင်းလဲလာခြင်း ဖြစ်လိမ့်မည်။
သို့သော်လည်း သူမက ဧကရီဝူကို သာမန်ဟု သုံးစွဲထားသည်ကို ကြားသည့်အခါ အံ့ဩသွားလေသည်။
“ မဟာဧကရာဇ်တွေကြား အကြီးမြတ်ဆုံးထဲက ထာဝရဧကရာဇ် တစ်ယောက် ဖြစ်တဲ့ ဧကရီဝူက သာမန်ပါရမီလို့ ပြောလိုက်တာလား”
ဝူဟုန်က ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။
“ အစပိုင်းမှာ သူမက တကယ်ကို သာမန်ပဲ။ တကယ်တော့ သူမ လေဟာနယ်ဖြိုခွင်းခြင်း အဆင့် မရောက်ခင် သူမရဲ့ ထူးခြားတဲ့ သဘာဝ ထွက်ပေါ်မလာသေးတဲ့အချိန်ပေါ့ … သူမ သဘာဝလွန်အဆင့် ရောက်ပြီးတဲ့နောက်ပိုင်း ဘဝက စတင်ပြောင်းလဲလာတယ်”
ဝမ်ဝေ့က နားမလည်၍ မေးလိုက်သည် “ကျေးဇူးပြုပြီး ရှင်းပြပါဦး ”
“ဧကရီဝူက သူမရဲ့ ကျင့်ကြံရေးလမ်းစဉ်ကို သာမန်ကျင့်စဉ်နဲ့ အစပြုခဲ့တာ။ လေ့ကျင့်ရေး ဒါမှမဟုတ် လမ်းညွှန်မှု ကောင်းကောင်းလည်း မခံယူခဲ့ရဘူး။ အရင်းအမြစ်လည်း မရှိသလို သူမနောက်ဆက်တိုက် လိုက်ဖမ်းနေကြတဲ့သူတွေလည်း ရှိသေးတယ်။
အဲဒါကြောင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာ သူမက ကိုးလွှာအထိပဲ ကျင့်ကြံနိုင်ခဲ့တယ်။ သူမရဲ့ အံ့ဖွယ်ပင်လယ်ကလည်း သာမန်ပဲ။ သူမရဲ့ အံ့ဖွယ်ပလ္လင်မှာလည်း အံ့ဖွယ်သွေးကြော ၂၇၀ ပဲ ရှိတယ်။ သူမရဲ့ ကံကြမ္မာကောင်း မီးတောက်က အရောင်ကိုးရောင် ရှိပေမဲ့ အဲဒီတုန်းက သာမန်ကျင့်ကြံသူတစ်ယောက်သာသာပဲ ဖြစ်ခဲ့တာ”
ဝမ်ဝေ့က ထိုသတင်းကို ကြားပြီး အံ့အားသင့်သွားသော်လည်း အကျိုးအကြောင်း ဆင်ခြင်လိုက်ပြီးနောက် အဓိပ္ပါယ်ရှိကြောင်း သတိပြုမိသွားသည်။ ဧကရီဝူ၏ နောက်ခံနှင့် သူမ မွေးဖွားခဲ့သည့် ခေတ်ကာလအရ အဓိပ္ပါယ်ရှိလေသည်။
ကိစ္စများက အဓိပ္ပါယ်ရှိသော်လည်း သူ့အနေနှင့် ဧကရီဝူသည် ဘဝက ပေးထားသည့် စုတ်စုတ်ပြတ်ပြတ် အခြေအနေများနှင့် ဒီလောက်အထိ ရောက်လာကာ အောင်မြင်ခဲ့သည့်အတွက် ပင့်သက်ရှိုက်မိသည်။
သူမကို ပို၍ပင် လေးစားလာမိသလို သူ မွေးဖွားလာသည့် အရာအားလုံးအတွက်လည်း ပိုကျေးဇူးတင်လာမိသည်။ သူက မွေးဖွားစဉ်ကတည်းက ကောင်းချီးပေးခံရပြီး ကျန်းမာချမ်းသာသော မိသားစုနှင့် မိတ်ဆွေများ သို့မဟုတ် သူ အမွေရမည့် ချမ်းသာကြွယ်ဝမှုလည်း ရှိလေသည်။
သူ တန်ဖိုးထားကာ ကာကွယ်လိုသည့် အရာများကို သေချာကာကွယ်ပေးနိုင်ရန် ဘာမဆိုလုပ်မည်ဟု သူ့ဘာသာ ကတိပေးဆုံးဖြတ်ချက်ချထားလိုက်သည်။
“အဲဆိုတော့ သူမက သဘာဝလွန်အဆင့်မှာ ထူးခြားသွားအောင် ဘာများဖြစ်သွားလို့လဲ” ဝမ်ဝေ့က စပ်စုကာ မေးလိုက်သည်။
“ အတိတ်ရဲ့ အမွေအနှစ်တစ်ခုကို ရသွားပြီးတဲ့နောက်ပိုင်း ဧကရီဝူရဲ့ ချီကံကောင်းမှုက ခရမ်းရွှေရောင်အဆင့်အထိ ရောက်သွားတယ်။ အဲဒီနောက် သူမက အကြွင်းမဲ့ စည်းတံဆိပ်လို့ ခေါ်တဲ့ တားမြစ်ပင်ကိုစွမ်းရည်ကို ရရှိခဲ့တယ်”