ဧကရီဝူ
Vol. 16 Ch. 224
အခန်း(၂၂၄) : ဧကရီဝူ
ဝူဟုန်က ခဏတာ ရပ်လိုက်ပြီးနောက် ဆက်ရှင်းပြလိုက်သည်။
“အကြွင်းမဲ့ စည်းတံဆိပ်စွမ်းရည်က မိုးမြေကြားက အရာအားလုံးကို ပိတ်ဆို့နိုင်တဲ့ စွမ်းရည်ပဲ။ တည်ရှိခြင်း၊ မတည်ရှိခြင်းကိုရော၊ ရုပ်ပိုင်းဆိုင်ရာအရ ဟုတ်တာရော မဟုတ်တာရော၊ ဝိညာဉ်ပိုင်းဆိုင်ရာ မဆိုင်ရာရော သေခြင်းရှင်ခြင်းလိုမျိုး သဘောတရားနဲ့ ကံကြမ္မာတောင် ပါဝင်တယ်။ ခြုံငုံပြောရရင်တော့ သူမက စကြဝဠာအတွင်း အရာအားလုံးကို စည်းပိတ်နိုင်တယ်”
ဝမ်ဝေ့က ထိုအရာသည် တကယ့်ကို ကြောက်ခမန်းလိလိ စွမ်းရည် ဖြစ်သော်လည်း တားမြစ်ပင်ကိုစွမ်းရည် ဖြစ်၍ တားမြစ်ချက် သို့မဟုတ် တန်ကြေး ရှိမည်ကို သဘောပေါက်လိုက်၍ ခေါင်းညိတ်လိုက်သည်။
“အဲဆို တားမြစ်ချက်ကရော ” ဝမ်ဝေ့က မေးလိုက်သည်။
“သူမ ဘဝမှာ တစ်ခါပဲ အသုံးပြုလို့ ရမယ်” ဝူဟုန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ထိုစဉ် ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည် “အဲလိုဆို အဲဒီစွမ်းရည်က သူမကို ဘယ်လိုကူညီပေးလိုက်တာလဲ”
“ သူမက ကောင်းကင်သွေဖယ်နေတဲ့ စွမ်းရည်ရပြီးတဲ့နောက်ပိုင်း အသုံးပြုမဲ့အစား စတင်လေ့လာခဲ့တယ်။ ဧကရီဝူရဲ့ ပါရမီက သာမန်ဆိုပေမဲ့ နားလည်နိုင်စွမ်း အားကောင်းတယ်။ သူမက သူမရဲ့ စွမ်းရည်ပေါ် အခြေခံထားတဲ့ ကျင့်စဉ်တစ်ခုကို ဖန်တီးခဲ့တယ်။ သူမ လေဟာနယ်ဖြိုခွင်းခြင်း အဆင့်ကို ရောက်သွားတဲ့အခါ စည်းမျဉ်းကို စတင်နားလည်လာပြီးတော့ သူမရဲ့ ကြိုးပမ်းအားထုတ်မှုမှာ အောင်မြင်သွားခဲ့တယ်။ အဲဒီနောက် သူမက စတင်မြင့်တက်လာတော့တာပဲ ”
ဝူဟုန်က ခဏရပ်လိုက်ပြီးနောက် ဝမ်ဝေ့နှင့် သူမအတွက် အဖန်ရည် ကျိုချက်လိုက်ကာ သူတော်စင်အဆင့် ရွှေငှက်ကြီး အသားကင်ကို စားလိုက်သည်။
“ သူမ အဆင့်တက်ပြီးတာနဲ့ ပထမဆုံးလုပ်တာက သူမရဲ့ တာအိုအုတ်မြစ်ကို တိုးတက်လာစေဖို့ပဲ။ သူမက အဲဒီခေတ်ကာလရဲ့ အားအကောင်းဆုံး လူသားပါရမီရှင်ကို ရှာပြီးတော့ သူ့ပါရမီနဲ့ အုတ်မြစ်ကို စည်းပိတ်ခဲ့တယ်။ အဲဒီနောက် အဲဒီလူရဲ့ တာအိုအုတ်မြစ်ကို စုပ်ယူပစ်လိုက်တယ်”
ဝမ်ဝေ့က မျက်ခုံးပင့်ကြည့်လိုက်သည် “အဲဒါ ဘာကိုပြောချင်တာလဲ”
သူက အမှန်တကယ် နားရှုပ်နေမိသည်။
စည်းပိတ်တာက အဲဒီလိုစွမ်းရည် ရှိနိုင်လို့လား …
သူက ဝူဟုန်သည် သူ့နာကျင်မှုကို စည်းပိတ်ကာ ခန္ဓာကိုယ်မှ ဖယ်ရှားပေးခဲ့ကြောင်း သတိရသွားသည်။ ထို့ကြောင့် ဧကရီဝူ၏ စည်းပိတ်ခြင်း တာအိုသည် မရိုးရှင်းကြောင်း သဘောပေါက်သွားသည်။ သို့သော်လည်း အကျိုးအကြောင်း ဆင်ခြင်ကြည့်ပါက အဓိပ္ပါယ်ရှိလေသည်။
ထာဝရဧကရာဇ်အဆင့် ဖြစ်လာသူတစ်ဦးက မည်သို့ သာမန်ဖြစ်နေမည်နည်း။ အထူးသဖြင့် သူတို့ကျင့်ကြံသည့် တာအိုနှင့် ပတ်သက်လာသည့်အခါတွင် ဖြစ်၏။
“ ရှင် ထင်ထားတဲ့အတိုင်း သူမရဲ့ စည်းပိတ်ခြင်းတာအိုက မရိုးရှင်းဘူး” ဝူဟုန်က အဖန်ရည်တစ်ငုံ သောက်လိုက်ရင်း ပြောလိုက်သည် “တစ်ခုခုကို စည်းပိတ်ပြီးတာနဲ့ သူမ အလိုရှိတဲ့အတိုင်း ထိန်းချုပ်နိုင်တယ်။ နမူနာအနေနဲ့ဆိုရင် လူသားပါရမီရှင်ရဲ့ ပြီးပြည့်စုံတဲ့ တာအိုအုတ်မြစ်ကို စည်းပိတ်ပြီးတော့ သူမထဲ စုပ်ယူခဲ့တာ။ အဲဒီစွမ်းရည်နဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တော့ ရှိတာပေါ့ …
သူမအနေနဲ့ သူမ စည်းပိတ်မဲ့အရာပေါ် နက်နက်နဲနဲ နားလည်နိုင်စွမ်း ရှိရမယ်။ ဥပမာအနေနဲ့ သူမက အချိန်ကို စည်းပိတ်ချင်ရင် အချိန်တာအိုနဲ့ ပတ်သက်ပြီး နက်နက်နဲနဲ နားလည်ထားဖို့ လိုအပ်တယ်။ တကယ်လို့ လူတစ်ယောက်က အဲဒီအရာပေါ် သူမထက် နားလည်နိုင်စွမ်း ပိုကောင်းနေခဲ့ရင် သူတို့က သူမရဲ့ စည်းတံဆိပ်ကို ချိုးဖောက်နိုင်မဲ့ နည်းလမ်း ဒါမှမဟုတ် အားသုံးပြီး ဖြေရှင်းနိုင်တယ်။
ဒါပေမဲ့ သူမဘဝမှာ အဲလိုလုပ်နိုင်စွမ်းရှိတာ လူနည်းနည်းပဲ တွေ့ဖူးတယ် ”
ဝမ်ဝေ့က အားကောင်းသည့် တာအိုပင် ကန့်သတ်ချက် ရှိနေကြောင်း မျှော်လင့်ထားပြီးသား ဖြစ်၍ ခေါင်းညိတ်လိုက်သည်။ သူ ကျင့်ကြံနေသည့် ကာလအတွင်း သတိထားမိသည့် တစ်ချက်မှာ ကျင့်ကြံရေးလောက၌ ဘယ်အရာမှ အမှန်တကယ် ပြည့်စုံခြင်း မရှိပေ။
အရာအားလုံးနှင့် လူအားလုံးတွင် ပြစ်ချက်နှင့် ကန့်သတ်ချက်များ ရှိထားကြသည်။ တကယ်တော့ ကျင့်ကြံသူအများစုက ပြီးပြည့်စုံမှုနောက် လိုက်နေကြသည်။ ကျင့်ကြံဆင့် တစ်ဆင့်ချိုးဖောက်ပြီးတိုင်း သူတို့က ပြီးပြည့်စုံမှုနှင့် နီးကပ်လာလေ၏။
ထို့ကြောင့် ကျင့်ကြံသူအများစုအနေနှင့် မဟာဧကရာဇ်များကသာ တည်ရှိမှုထဲ ပြီးပြည့်စုံသည့် တစ်ခုတည်းသော သက်ရှိဖြစ်ကြောင်း ယုံကြည်ကြသည်။ သို့သော်လည်း ထိုအရာက အမှန်တရားနှင့် အလှမ်းကွာနေပုံပေါ်သည်။
ယနေ့ ဝမ်ဝေ့ သင်ယူထားသလောက် စံပြများကသာ ပြီးပြည့်စုံသည့် သက်ရှိများ ဖြစ်ပြီး ထိုအရာကပင် ရာနှုန်းပြည့် မမှန်နိုင်သေးပေ။
ဝမ်ဝေ့က အတွေးများကို စုစည်းပြီးနောက် မေးလိုက်သည် “သူမက လူသားပါရမီရှင်ဆီကနေ ပြီးပြည့်စုံတဲ့ တာအိုအုတ်မြစ်ကို စုပ်ယူခဲ့တယ်လို့ ပြောလိုက်တယ်မလား။ ကိုယ် သိသလောက် ကိုယ်တို့ဂိုဏ်းရဲ့ မူလလမ်းစဉ်ကျမ်းကပဲ လူတစ်ယောက်ကို ပြီးပြည့်စုံတဲ့ တာအိုအုတ်မြစ်အထိ ရောက်စေနိုင်တယ်။ အဲဒါဆို အဲဒီလူသားပါရမီရှင်က ကိုယ့်ဂိုဏ်းကလား ”
“ဟုတ်တယ်” ဝူဟုန်က ပြောလိုက်သည် “သူက ဧကရီဝူရဲ့ အလှကြောင့် ဆွဲမက်သွားတဲ့ သုံးမျက်လုံး မိစ္ဆာမင်းသားနဲ့ ယှဉ်ပြိုင်ဖို့ တိတ်တဆိတ် ကျင့်ကြံနေတာ ”
ဝမ်ဝေ့က သေသွားသည့်လူကို ဂရုမစိုက်၍ ခေါင်းအသာညိတ်လိုက်သည်။ ထိုလူက သူ့ဘိုးဘေးထဲမှ တစ်ယောက်ပင် ဖြစ်နေနိုင်သည်။
သူ ဂရုစိုက်သည်ကား သုံးမျက်လုံး မိစ္ဆာမင်းသား ဖြစ်၏။ အကြောင်းအရင်းတချို့ကြောင့် ဝမ်ဝေ့က ထိုလူကို သဘောမကျပေ။
သူ့စိတ်ထဲ “ ငါ့မိန်းကလေးကိုများ တပ်မက်ရဲတယ််ပေါ့” ဟူသော အတွေးမျိုး ပေါ်လာခဲ့သည်။ သူ့အနေနှင့် ထိုအတွေးများကို ဖယ်ထုတ်ဖို့ အခက်တွေ့နေသည်။ သူက အချိန်နောက်ပြန်သွားကာ ထိုလူကို ပါးဖြတ်ရိုက်ချင်လာမိသည်။
ဝူဟုန်က ဧကရီဝူဟု သက်သေပြနိုင်သည့် သက်သေများ မရှိသော်လည်း သူတို့က အတူတူ ဖြစ်ကြောင်း သို့မဟုတ် အနည်းဆုံးတော့ နက်နက်နဲနဲ ဆက်နွယ်နေကြောင်း ခံစားမိနေသည်။
“အဲဆိုတော့နောက်ပိုင်း ဘာဆက်ဖြစ်သွားလဲ” ဝမ်ဝေ့က သူ့စိတ်ထဲမှ အတွေးများကို ဖယ်ကာ မေးလိုက်သည်။
ဝူဟုန်က သူ့ကို သေချာစိုက်ကြည့်လိုက်ပြီးနောက် ခပ်ယဲ့ယဲ့ အပြုံးလေး ပေါ်လာကာ ဆက်ပြောပြလိုက်သည်။
“ ဇာတ်ကြောင်းက ရှင် ထင်ထားသလိုပါပဲ။ သူမ စွမ်းရည် ပြောင်းလဲသွားပြီးတဲ့နောက် ဧကရီဝူက သူမနောက်အမဲလိုက်နေကြတဲ့သူတွေဆီကနေ အသာလေး ပုန်းအောင်းလာနိုင်တယ်။ ဒါပေမဲ့ သူမရဲ့ ဖုံးကွယ်ရေး စွမ်းရည်ကို အသုံးပြုပြီး မိစ္ဆာမျိုးနွယ်က ဂိုဏ်းတွေ၊ အဖွဲ့တွေကို တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့တယ်။
အစပိုင်း သူမ သတ်တာက လေဟာနယ် ဖြိုခွင်းခြင်းအဆင့်အောက်က အဆင့်နိမ့် မိစ္ဆာမျိုးနွယ်တွေဆိုတော့ မိစ္ဆာမျိုးနွယ် အထက်ပိုင်းက ဂရုမစိုက်ကြဘူး။ သူတို့တစ်မျိုးနွယ်လုံးက ကြီးနိုင်ငယ်ညှင်း သဘောကို ကိုင်ဆောင်ထားကြတာဆိုတော့ ပိုဆိုးတာပေါ့။ ဒါပေမဲ့ နောက်ပိုင်း အသတ်ခံနေရတဲ့ အရေအတွက်က အရေအတွက်တစ်ခုအထိ ရောက်လာတာကို သတိပြုမိသွားကြတယ်။ အဲဒီအခါမှ တုံ့ပြန်လာကြတာ …
အဲဒါကြောင့် သူတို့က သူမကို လိုက်ရှာပေမဲ့ မတွေ့ကြဘူး။ မိစ္ဆာမျိုးနွယ်က သူမသာ မရပ်တန့်ရင် လူသားမျိုးနွယ်ကို သူမအပြုအမူတွေကိုယ်စား ပြန်ပေးဆပ်ရမယ်လို့ ခြိမ်းခြောက်တယ်။ အဲဒါကြောင့် ဧကရီဝူက ရပ်တန့်လိုက်ပြီးတော့ ပျောက်ကွယ်သွားခဲ့တယ်။
သူမက ကောင်းကင်အလိုဆန္ဒ တိုက်ပွဲနေ့မှ ပြန်ပေါ်ထွက်လာခဲ့တယ်။ အဲဒီအခါ သူမနဲ့ သုံးမျက်လုံး မိစ္ဆာမင်းသားက ရင်သပ်ရှုမောဖွယ် တိုက်ပွဲကို ဆင်နွဲခဲ့ကြတယ်။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ တကယ်ကို အထူးခြားဆုံးပဲ။
ဧကရီဝူက အစပိုင်း အရေးသာခဲ့ပေမဲ့ တခြားမိစ္ဆာနတ်ဘုရားကိုးပါးလုံးက ဝင်နှောင့်ယှက်ခဲ့တယ်။ သူတို့က ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုကို လုံးဝ အသုံးမဝင်အောင် လုပ်ထားပြီးတော့ သူတို့မင်းသားကို တိတ်တဆိတ် ကူညီပေးခဲ့ကြတယ်။
ကံဆိုးတာက ဒါနဲ့ မလုံလောက်ဘူး။ ဧကရီဝူက အရမ်းအားကောင်းတော့ ဒီတိုက်ပွဲမှာ အနိုင်ရသွားခဲ့တယ်။ ကမ္ဘာကို သူမက ထိုက်တန်ကြောင်း၊ သူမ အလိုရှိရာ အာဏာ၊ အလှတရား၊ အင်အား အစရှိသဖြင့် ဘာမဆို ထိုက်တန်ကြောင်း သက်သေပြခဲ့တယ် ”
ဝမ်ဝေ့က ထိုတိုက်ပွဲက ဘယ်လိုဖြစ်မည်မှန်း ကြိုးစားစိတ်ကူးကြည့်ရင်း သက်ပြင်းချလိုက်သည်။ မျိုးဆက်များစွာကြာမှ မွေးဖွားလာသည့် ကောင်းကင်သွေဖယ်နေသည့် ပါရမီရှင်နှစ်ယောက်၏ တိုက်ပွဲက မည်မျှရင်သပ်ရှုမောဖွယ်ကောင်းမှန်း မှန်းဆမိလိုက်သည်။
“ အဲဒီနောက်ပိုင်းကရော ဘာဖြစ်သွားလဲ။ သူမက ဘယ်လိုလုပ် ပျောက်သွားတာလဲ ”
“သူမက တိုက်ပွဲပြီးသွားတော့ သုံးမျက်လုံး မိစ္ဆာမင်းသားကို မသတ်ခဲ့ဘဲနဲ့ စည်းပိတ်ပြီး သူ့ပါရမီနဲ့ အင်အားအကုန် ယူဆောင်ပစ်လိုက်တယ်။ အဲဒီနောက် သူမက တာအိုကို သက်သေပြပြီး ထာဝရဧကရာဇ် ဖြစ်လာခဲ့တယ်။
လူသားမျိုးနွယ်က သူမကို အဲဒီလို ဆက်ဆံခဲ့ပေမဲ့ သူမက သူတို့အခြေအနေကို နားလည်တော့ ရန်ငြိုးမထားဘူး။ အဲဒါကြောင့် သက်သေပြပြီးတာနဲ့ သူမက မိစ္ဆာနတ်ဘုရားကိုးပါးလုံးကို ဒီကမ္ဘာထဲ မဝင်လာနိုင်အောင် ကာကွယ်ထားခဲ့တယ်။ အဲဒီနောက် သူမက မိစ္ဆာမျိုးနွယ်ကို သည်းကြီးမည်းကြီး တိုက်ခိုက်တော့တာပဲ …
သူမက တစ်ယောက်တည်းနဲ့ အသင်္ချေအင်ပါယာကမ္ဘာမှာ ရှိနေတဲ့ မိစ္ဆာမျိုးနွယ်အားလုံးကို သုတ်သင်ပစ်ခဲ့တယ်။ အဲဒီတုန်းက သူမက တားမြစ်နယ်မြေလေးခုကို သူမဘာသာ ဖျက်ဆီးပစ်ခဲ့တယ်။ အဲဒီနောက် သူမက မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကနေ ကျူးကျော်ခံထားရတဲ့ ကျွန်မတို့ ကမ္ဘာ့အသိုက်အဝန်းမှာ ရှိနေတဲ့ ကမ္ဘာအားလုံးကိုလည်း အဲလိုလုပ်ပေးခဲ့တယ်။
သူမ လုပ်ပြီးတာနဲ့ မိစ္ဆာနတ်ဘုရားကိုးပါး ကမ္ဘာ အစပြုတဲ့ ကမ္ဘာ့အသိုင်းအဝန်းဆီ သွားပြီးတော့ သူတို့ရဲ့လွှမ်းမိုးမှုအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒီအသင်္ချေအင်ပါယာကမ္ဘာမတိုင်ခင် သူတို့ အရင်ကျူးကျော်ထားတဲ့ တခြားကမ္ဘာ့အသိုင်းအဝန်းတွေကရောပေါ့။
သူမရဲ့ နောက်ဆုံး ပစ်မှတ်က သူတို့မိစ္ဆာမျိုးနွယ်ရဲ့ အိမ်ပဲ။ သူမ တစ်ယောက်တည်း မိစ္ဆာနတ်ဘုရားကိုးပါးထဲက ငါးယောက်ကို သတ်ပစ်နိုင်ခဲ့တယ်။ ဒါပေမဲ တခြားမိစ္ဆာနတ်ဘုရားတွေက သူမ ရောက်လာတာကို ကြိုတင်ပြင်ဆင်ထားကြတယ်။ သူတို့က စတေးခံ အခမ်းအနားမျိုးကို သုံးပြီး အဆုံးမဲ့လေဟာနယ်ကနေ နှင်ထုတ်ခဲ့တယ်။
ဒါပေမဲ့ သူမ ထွက်မသွားခင် အကြွင်းမဲ့ စည်းတံဆိပ်စွမ်းရည်နဲ့ မိစ္ဆာနတ်ဘုရားကိုးပါး ကမ္ဘာနဲ့ ကျန်ရှိနေတဲ့ မိစ္ဆာနတ်ဘုရားလေးပါးလုံးကို စည်းပိတ်နိုင်ခဲ့တယ်။
တကယ်တော့ သူမက အဲဒီကမ္ဘာရဲ့ ကောင်းကင်အလိုဆန္ဒကိုတောင် စည်းပိတ်ပစ်ခဲ့ပြီးတော့ အဲဒီနေ့ကစပြီး နောက်ထပ် မိစ္ဆာနတ်ဘုရားပေါ်ထွက်မလာနိုင်အောင် လုပ်ပစ်ခဲ့တာ။ ဧကရီဝူက သူမတစ်ယောက်တည်း အင်အားနဲ့ မိစ္ဆာခေတ်ကာလကို အဆုံးသတ်ခဲ့ပြီးတော့ မိစ္ဆာမျိုးနွယ်ကိုလည်း ရှင်းထုတ်ပစ်ခဲ့တယ်။
ဒီနေ့အထိ မိစ္ဆာမျိုးနွယ်အများစုက နတ်ဆိုးမျိုးနွယ်ထက်တောင် အခြေအနေဆိုးသွားပြီးတော့ ကျွန်သာသာ ဖြစ်သွားကြတယ်။ တချို့ကပဲ ကမ္ဘာ့အသိုင်းအဝန်းနဲ့ ဝေးရာမှာ ပုန်းအောင်းအသက်ရှင်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့မျိုးနွယ်ကို ပြန်လည် မြင့်တက်စေဖို့ မဖြစ်နိုင်ဘူး။ ဧကရီဝူက သူတို့တစ်မျိုးနွယ်လုံးရဲ့ ချီကံကောင်းမှုကိုတောင် ပိတ်ဆို့ပစ်ခဲ့တာလေ”
ဝမ်ဝေ့က သူ့ဘာသာ ရေရွတ်လိုက်သည် “ကိုယ့်ဧကရီဝူက တကယ်ကို အကြမ်းစားဧကရီတစ်ပါးပဲ … သူမက မိစ္ဆာမျိုးနွယ်ကို အသက်ရှုခွင့်တောင် ပေးမထားဘူးပဲ”
သူ့စကားကို ကြားလိုက်သည့် ဝူဟုန်က စိုက်ကြည့်လာကာ “ရှင့်ရဲ့ ဧကရီဝူလား …”