ငါတစ်ယောက်တည်းနဲ့ မင်းလိုလူမျိုးအယောက်တစ်ရာကို သတ်ပစ်နိုင်တယ်
Vol. 28 Ch. 393
အခန်း (၃၉၃) ငါတစ်ယောက်တည်းနဲ့ မင်းလိုလူမျိုးအယောက်တစ်ရာကို သတ်ပစ်နိုင်တယ်
ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုဖြစ်သော ‘ကောင်းကင်မိုးကြိုးခန်းမ’ မှ တပည့်များက အစပိုင်းတွင် နားမလည်မှုများစွာဖြင့် ထိတ်လန့်သွားကြသော်လည်း သူတို့အားလုံးက ဗဟုသုတကြွယ်ဝသူများဖြစ်လေရာ ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားပြီး စတင်တိုက်ခိုက်လိုက်ကြသည်။
ရှားပါးရတနာတစ်ခုဖြစ်သော “အတုအယောင်မရဏကျောက်စိမ်း” အား အသုံးပြုလျှင် ပစ်မှတ်ထားသတ်ဖြတ်ခံရသူ၏ အသား ၊ အသွေး ၊ ကြယ်တာရာချီစွမ်းအားပါမကျန် တူညီအောင် အချိန်အတိုင်းအတာတစ်ခုအထိ တုပဟန်ဆောင်နိုင်မည် ဖြစ်သည်။
ထိုကျောက်စိမ်းကို အသုံးပြုထားသူက တိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ခြင်း မရှိသရွေ့ သူ၏ အသက်ရှူသံ ၊ ကြယ်တာရာချီစွမ်အားများအားလုံးသည် ဟန်ဆောင်တုပထားသူနှင့် လုံးဝတူညီနေမည် ဖြစ်သည်။
ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းဆရာသခင်များအကြောင်း အားဟူ သိပ်မသိပေ။ ထို့ကြောင့် အချိန်မည်မျှကြာအောင် ဂိုဏ်းတူအစ်ကို’ကျန်’ အဖြစ် ဟန်ဆောင်ထားနိုင်မည်လဲ မသေချာပေ။
ပကတိမိုးကြိုးစွမ်းအားကြောင့် ဂိုဏ်းတူအစ်ကို’ကျန်’ သေဆုံးသွားချိန် အားဟူက အခွင့်ကောင်းယူပြီး အနောက်ဘက်သဲကန္တရာမှ ရရှိခဲ့သော “အတုအယောင်မရဏကျောက်စိမ်း” ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
အခြေအနေက ပရမ်းပတာဖြစ်နေသဖြင့် မည်သူမှမရိပ်မိစေရန် ဟန်ဆောင်နိုင်ခဲ့ပြီး အချိန်တိုအတွင်း ကောင်းကင်မိုးကြိုးခန်းမမှ လူများကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့သည်။
အနည်းငယ်သာရိပ်မိသွားပါက သူ့အနေဖြင့် ချက်ချင်းပင် ဝိုင်းဝန်းသတ်ဖြတ်ခံရမည် ဖြစ်သည်။
သို့သော် စွန့်စားရခြင်းများနှင့်အတူ မြင့်မားသောရလဒ်များပါ ရရှိခဲ့သည်ပင်။
နောက်ဆုံးအရေးကြီးသောအခိုက်အတန့်တွင် လူတိုင်းက ရန်ကျောက်ကဲနှင့် ကြောက်မက်ဖွယ်ရာ ရေဝဲဂယက်ကြီးကို အာရုံစိုက်နေကြချိန် အားဟူက အခွင့်အရေးကို အသုံးချနိုင်ခဲ့သည်။
ကောင်းကင်မိုးကြိုးစိမ်းအရံအတား ပျက်ဆီးသွားပြီးနောက် ရန်ကျောက်ကဲက ကြောက်မက်ဖွယ်ရာ ကျားတစ်ကောင်ပမာ ချက်ချင်း ဝင်ရောက်တိုက်ခိုက်သည်။
ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများ အကြီးအကျယ်ဒေါသထွက်သွားပြီး အားဟူကို ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။
သို့သော် ကောင်းကင်မိုးကြိုးစိမ်းအရံအတားကို ချိုးဖျက်ပြီးသည်နှင့် ရန်ကျောက်ကဲက ပန်ပန်ထက်မှခုန်ဆင်းလိုက်သည်။ သူ့လက်ထဲတွင် ဖန်သားပမာကြည်လင်သည့် မှန်ပြားလေးတစ်ချပ် ပေါ်လာသည်။
ထိုမှန်ပြားလေးက သွေးနီရောင်တောက်ပနေပြီး ရန်ကျောက်ကဲက ထိုအရာကို အသက်သွင်းလိုက်သည်နှင့် သွေးနီရောင်အလင်းတန်းများ ချက်ချင်းထွက်ပေါ်လာသည်။
ထိုမှန်ပြားလေးက အတားအဆီးများကိုဖြတ်ကျော်ရန် အထူးစီစဉ်ထားသည့် အဖိုးတန်ရတနာတစ်ခုဖြစ်သော ‘သွေးမိစ္ဆာချပ်ပြား’ ပင် ဖြစ်၏။
ပျက်ဆီးနေသော ကောင်းကင်မိုးကြိုးစိမ်း အရံအတားထဲတွင် သွေးမိစ္ဆာချပ်ပြား အသက်ဝင်လာသည့်အခါ မရေမတွက်နိုင်သည့် သွေးနေီရောင်အလင်းတန်းများ ပျံသန်းထွက်ပေါ်လာပြီး အရံအတားတစ်ခုလုံး အက်ကြောင်းများထင်ဟပ်သွားသည်။
ရန်ကျောက်ကဲက လက်သီးတစ်ချက်ထိုးစိုက်ချလိုက်ပြီး ကျန်လက်တစ်ဖက်က လက်ဝါးဖြင်ရိုက်ထုတ်လိုက်သည်။ သူ၏လက်နှစ်ဖက်လုံးမှ ကြယ်တာရာချီစွမ်းအားများ အရှေ့ဆီသို့ ဝင်ရောက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားကာ သွေးနီရောင်အလင်းတန်းများ ပေါက်ကွဲထွက်သွားသည်။
မရေမတွက်နိုင်သော သွေးနီရောင်စီးကြောင်းများက ကျိုးပျက်နေသည့်အရံအတား၏ အစိမ်းရောင်မိုးကြိုးအလင်းတန်းများကြားတွင် သွေးကြောများပမာ ရောနှောဝင်ရောက်သွားသည်။
ထိုအခါ ကျန်ရှိနေသော အစိမ်းရောင်အလံရှည်နှစ်ခုက ချက်ချင်း သွေးနီရောင်ပြောင်းလဲသွားပြီး အလံမျက်နှာပြင်ထက်တွင် သွေးစီးကြောင်းများဖြင့် ပြည့်နက်နေသည်။
သူတို့နောက်ဘက်တွင်တော့ ကြောက်မက်ဖွယ်ရာ ရေဝဲဂယက်ကြီးက အဆက်မပြတ်လှည့်ပတ်ကြီးထွားလာနေဆဲ ဖြစ်၏။
ရေဝဲဂယက်ကြီး၏အစွန်းက ကောင်းကင်မိုးကြိုးစိမ်း အရံအတားနှင့် ထိစပ်လာသည့်အခါ ကျိုးပျက်နေသည့် အရံအတားက ပြိုကျလုနီးပါး ဖြစ်လာသည်။
ထိုခဏတွင် လင်ကျိုး၏ဦးခေါင်းထက်တွင်လှည့်ပတ်နေသော ငွေဖြူရောင်တောက်ပနေသည့် ‘ထာဝရညမိုးကြိုးဓားဝိညာဉ်’ က အမှောင်ထုအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး အဆုံးမရှိသော ညတစ်ညပမာ မှောင်မိုက်သွားသည်။
လင်ကျိုးက ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။ ထို့နောက် အမုန်းတရား ၊ ဒေါသအပြည့်ဖြင့် ကြုံးဝါးသံတစ်ချက် ပြုလိုက်သည်။ ထို့နောက် အမှောင်ထုလွှမ်းခြုံလျှက် လင်ကျိုးလှည့်ထွက်သွားသည်။
ရန်ကျောက်ကဲက လင်ကျိုးကို အေးစက်စွာကြည့်နေသည်။
ထိုအချိန် ပန်ပန်က ဂိုဏ်းတူအစ်ကို’ကျန်’ အဖြစ်ဟန်ဆောင်ထားသော အားဟူကိုခေါ်ပြီး ရန်ကျောက်ကဲအနား ပြန်ရောက်လာသည်။
ရန်ကျောက်ကဲက ပန်ပန်အပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ပန်ပန်က သူ၏ ခြေလက်လေးဘက်လုံးကို ဆန့်တန်းရင်း အရှေ့ဆီသို့ အလျှင်အမြန် ပြေးသွားသည်။
သူတို့နောက်မှ ရေဝဲဂယက်ကြီးက တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ရာ ကောင်းကင်မိုးကြိုးခန်းမှလူများမှာလည်း ကြောက်လန့်တခြား ရုန်းကန်ထွက်ပြေးကြသည်။
ရန်ကျောက်ကဲက နောက်သို့တစ်ချက်လှည့်မကြည့်ဘဲ ကောင်းကင်မိုးကြိုးစိမ်းအရံအတားကို ဖြတ်ကျော်ကာ သူ့လမ်းအတိုင်းဆက်သွားသည်။
ထိုအချိန် အရံအတားနှင့် ရောစပ်နေသည့် သွေးနီရောင်စီးကြောင်းများက တပြိုင်နင်တည်းတုန်ခါသွားပြီး ကျန်ရှိနေသည့် အစိမ်းရောင်အလံရှည်နှစ်ခု ပေါက်ကွဲထွက်သွားသည်။
ထို့နောက် အစိမ်းရောင်မိုးကြိုးများ ပြင်းထန်စွာပေါက်ကွဲသွားပြီး အရံအတားတစ်ခုလုံး ပြိုကျသွားသည်။
ပေါက်ကွဲထွက်သွားသည့် မိုးကြိုးလျှပ်စီးများက ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းကျင့်ကြံသူများကို လွှမ်းခြုံသွားပြီး ရေဝဲဂယက်ကြီးကို ခဏမျှ ရပ်တန့်သွားစေသည်။
သို့သော် ရေဝဲဂယက်ကြီးက ချက်ချင်းပင် ပြန်လည်အားကောင်းလာသည်။
အရံအတားပေါက်ကွဲထွက်သွားမှုတွင် မသေဆုံးဘဲ ကျန်ရစ်ခဲ့သော ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းကျင့်ကြံသူများမှာ မိုးကြိုးစွမ်းအားပေါက်ကွဲမှုကြောင့် ခြေလှမ်းများနှေးကွေးသွားချိန် ရေဝဲဂယက်ကြီးက သူတို့ကို စုပ်ယူမျိုချသွားသည်။
ရန်ကျောက်ကဲနှင့် အားဟူတို့က ပန်ပန်ကိုစီးနှင်ရင်း ပန်ပန်ကတော့ လျှင်မြန်စွာပြေးလွှားနေသည်။
သူတို့ရှေ့မှ ရေအောက်ကျောက်တောင်တန်းများက ပြင်းပြင်းထန်ထန်တုန်ခါနေပြီး မြေပြင်အောက်မှ မီးတောက်များ ထွက်ပေါ်လာလေရာ မြင်ကွင်းက ငရဲအလား ထင်မှတ်ရသည်။
ရန်ကျောက်ကဲက သူ့အရှေ့မှ အမှောင်ရိပ်ကို စူးစိုက်ကြည့်လိုက်သည်။ မီးတောက်များအလယ်တွင် အမှောင်ရိပ်က ထင်သာမြင်သာရှိနေပြီး မှောင်လာလိုက် လင်းသွားလိုက်ဖြင့် အဝေးသို့ တရွေ့ရွေ ပြေးနေသည်။
ရန်ကျောက်ကဲက ခရမ်းရောင်လျှပ်စီးများ တဖျတ်ဖျတ်တောက်ပနေသော ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ကို ထုတ်ယူလိုက်သည်။ လေးညှို့ကိုဆွဲလိုက်သည့်အခါ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။
နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတများက မီးတောက်မိစ္ဆာများကို တားမြစ်ရာတွင် သက်ရောက်မှုရှိသလို လူသားများကို တိုက်ခိုက်ရာတွင်လည်း အလွန်အသုံးဝင်သည်။
ရွှေရောင်အလင်းတန်းများ ဖြတ်သန်းသွားသည်နှင့် ပင်လယ်ရေက ချက်ချင်းပင် အေးခဲသွားပြီး အမှောင်ရိပ်ကို ပိတ်ဆို့ထားလိုက်သည်။
သို့သော် အမှောင်ရိပ်ထဲမှ ပြင်းထန်သော ငွေဖြူလျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး အေးခဲသွားသောပင်လယ်ရေပြင်ကို အက်ကွဲသွားစေသည်။
သို့ရာတွင် ရေခဲပြင်ကို ထိုးခွဲလိုက်ရသည့်အတွက် အနည်းငယ်နှေးကွေးသွားသော အမှောင်ရိပ်ကို ရန်ကျောက်ကဲက လျှင်မြန်စွာပင် အမှီလိုက်နိုင်သွားသည်။
ထိုအချိန်...
ပတ်ဝန်းကျင်မှ မီးတောက်မိစ္ဆာများထွက်ပေါ်လာပြီး ရန်ကျောက်ကဲနှင့် အခြားသူများ ဝိုင်းရံလိုက်ကြသည်။ ပတ်ဝန်းကျင်ပင်လယ်ပြင်တစ်ခုလုံး မီးတောက်မိစ္ဆာများ၏ အငွေ့အသက်များဖြင့် ပြည့်နက်သွား၏။
“ဒီကောင်တွေကို မင်း ရှင်းလိုက်တော့”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ပန်ပန်ထက်မှ ခုန်ဆင်းလိုက်သည်။ သူက မီးတောက်မိစ္ဆာများကို အရေးမစိုက်တော့ဘဲ ဓားအလင်းတန်းက နဂါးတစ်ကောင်ပမာ ပင်လယ်ပြင်ကို ဖြတ်သန်းထိုးခွင်းသွားပြီး အမှောင်ရိပ်ထဲတွင်ရှိနေသည့် လင်ကျိုးထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။
အမှောင်ထုထဲတွင်ရှိနေသည့် လင်ကျိုးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ငွေဖြူရောင်လျှပ်စီးများလင်းလက်လာကာ မိုးမြေတစ်ခွင်ထိုးဖောက်လျှက် ရန်ကျောက်ကဲဆီသို့ ဝင်ရောက်လာသည်။
ဓားနှင့်လူတစ်သားတည်းကျသွားသော ရန်ကျောက်ကဲက ကောင်းကင်မှဆင်းသက်လာသည့် အစိမ်းရောင်နဂါးတစ်ကောင်ပမာ ပြောင်းလဲသွားသည်။
သူက ခန္ဓာကိုယ်ကို ရေထဲတွင် လှည့်ပတ်ရင်း မရေမတွက်နိုင်သော အစိမ်းရောင်ဓားအလင်းတန်းများက မိုးမြေတစ်ခွင် လွှမ်းခြုံသွားပြီး အစိမ်းရောင်နဂါးကြီး၏ အကြေးခွံများ လှုပ်ရှားနေသည်လားဟုပင် ထင်မှတ်ရသည်။
အစိမ်းရောင်ဓားအလင်းတန်းများက ငွေဖြူရောင်လျှပ်စီးများဖြင့် အဆက်မပြတ်ရိုက်ခတ်ရင်း ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံများထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး အဖျက်စွမ်းအားများဖြင့် ပြည့်နက်နေသည်။
သို့ရာတွင် ကြီးမားသော အစိမ်းရောင်နဂါးကြီး၏ တန်ခိုးစွမ်းအားနှင့် ထက်ရှသော ဓားဝိညာဉ်က လင်ကျိုးကို ဖိနှိပ်ထားသည်ပင်။
လင်ကျိုးက တိုက်ပွဲကို ဆက်လက်ရင်မဆိုင်ရဲတော့ဘဲ လှည့်ပြေးလေ၏။ သို့သော် ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများက သူ့ကို ထိန်းချုပ်ထားပြီး ဓားချက်တစ်ချက်က သံမှိုဖြင့်ထိုးစိုက်သည့်ပမာ သူ့ထံသို့ ဝင်ရောက်လာသည်။
“သတ်လိုက်...”
လက်ကျိုး၏မျက်နှာက စက္ကူတစ်စကဲ့သို့ ဖြူဖျော့နေသော်လည်း တစ်ဖက်တည်းကျန်သော ညာဘက်မျက်လုံးက ဒေါသမီးများပြည့်လျှံနေဆဲ ဖြစ်သည်။
သူက လက်ကိုဆန့်တန်းလိုက်ရာ သူ၏ဦးခေါင်းထက်မှ ငွေဖြူရောင်ဓားဝိညာဉ်က ဓားအစစ်အဖြစ်သို့ ပြောင်းလဲသွားသည်။ အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းများ လှည့်ပတ်နေသော ဓားအစစ်က လင်ကျိုး၏လက်ဖဝါးထက်သို့ ဆင်းသက်လာသည်။
သူ့ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများ ပြင်းထန်စွာထွက်ပေါ်လာပြီး ဓားသွားအတွင်းစီးဝင်သွားကာ ရန်ကျောက်ကဲကို ခုတ်ပိုင်းချလိုက်သည်။
ကြောက်မက်ဖွယ်ရာမိုးခြိမ်းသံများကြားတွင် လင်ကျိုးသည် ကောင်းကင်ထက်မှ ဆင်းသက်လာသော မိုးကြိုးဧကရာဇ်ပမာ မြင့်မြင့်မားမားနှင့် ခမ်းနားလှသည်။
ကောင်းကင်မိုးကြိုးခန်းမ၏ နှစ်ဖက်သွားဓားနှင့် တစ်ဖက်သွားဓားနှစ်ရပ် ပေါင်းစပ်ထားသည့် ‘မိုးကြိုးလျှပ်စီးယှက်နွယ်’ မှ ‘မိုးကြိုးဘုရင်ဓားသိုင်း’ ကို အသုံးပြုလိုက်ခြင်းပင်။
လင်ကျိုးက ထိုဓားသိုင်းကို ‘ထာဝရညမိုးကြိုးဓား’ ဖြင့် ပေါင်းစပ်အသုံးပြုလိုက်ရာ မိုးကြိုးဘုရင်ဓားသိုင်းက ယခင်ကထက် ပိုမိုအားကောင်းလာသည်။
ကောင်းကင်လျှပ်စီးဓားသိုင်းနှင့် မိုးကြိုးဘုရင်ဓားသိုင်း ပေါင်းစပ်ထားခြင်းမဟုတ်သည့်တိုင် လင်ကျိုး၏ဓားသိုင်းက ကောင်းကင်မိုးကြိုးခန်းမ၏ အမြင့်မားဆုံးလျှို့ဝှက်သိုင်းပညာဖြစ်သော ‘မိုးကြိုးလျှပ်စီးယှက်နွယ်’ ထက် သာလွန်နေသည်။
အစိမ်းရောင်လျှပ်စီးများနှင့် ငွေဖြူရောင်လျှပ်စီးက ရောယှက်နေပြီး မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ရာ လျှပ်စီးမြွေများက ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ ရန်ကျောက်ကဲထံ ဝင်ရောက်လာသည်။
“ထာဝရညမိုးကြိုးဓားရဲ့ စွမ်းရည်က မဆိုးဘူးပဲ”
ရန်ကျောက်ကဲက တည်ငြိမ်စွာဆိုသည်။
တစ်ချိန်တည်းပင် သူ၏ဘယ်လက်တွင်ကိုင်ဆောင်ထားသော အစိမ်းရင့်ရောင်ဝါးကိုင်းက ခရမ်းရောင်အလင်းတန်းများ တောက်ပလာသည်။
သူက ဝါးကိုင်းကို ဝှေ့ယမ်းရင်း လင်ကျိုး၏ ထာဝရညမိုးကြိုးဓားကို ရိုက်ထုတ်လိုက်ပြီး တစ်ဆက်တည်းပင် ညာဘက်လက်မှ ကျောက်စိမ်းနဂါးဓားဖြင့် လင်ကျိုးကို ထိန်းချုပ်ထားလိုက်သည်။
“ဟက်...မင်းက လိုသေးတာပဲ”
ရန်ကျောက်ကဲစကားကြောင့် လင်ကျိုး ဒေါသတကြီး အော်ဟစ်လိုက်၏။
သူက အက်ကွဲသွားပြီဖြစ်သော ဓားဝိညာဉ်ကို ပြန်လည်စုစည်းရင်း အရင်ကထက်ပိုမိုပြင်းထန်သော အရှိန်အဟုန်ဖြင့် ရန်ကျောက်ကဲကို ထပ်မံခုတ်ပိုင်းချလိုက်ပြန်သည်။
ထိုဓားကွက်က ‘မိုးကြိုးဘုရင်ဓားသိုင်း’ ၏ ထိပ်တန်းအနှစ်သာရဖြစ်ပြီး လင်ကျိုးက ထိုဓားကွက်ကို အတိုင်းအတာတစ်ခုအထိ နားလည်နေပြီ ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲ၏ဓားက အထက်သို့ထိုးတက်သွားပြီး မရပ်တန့်သည့်လျှပ်စီးကြောင်းတစ်ခုပမာ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။ ရန်ကျောက်ကဲ၏ဓားချက်ကြောင့် လင်ကျိုး၏ဓားဝိညာဉ် ထပ်မံအက်ကွဲသွားသည်။
ရန်ကျောက်ကဲက...
“ငါတို့ အရင်က တိုက်ခိုက်ခဲ့ဖူးတာကို မင်းမေ့သွားပြီထင်တယ် ၊ အဲဒီတုန်းက မင်းက ရှန်ထျန်းအလယ်ဆင့် ၊ ငါက ရှန်ထျန်း ကနဦးအဆင့်လေ”
လင်ကျိုး တတိယဓားကွက် မထုတ်ဖော်နိုင်ခင်မှာပင် ရန်ကျောက်ကဲ၏ဓားချက်ကဝင်ရောက်လာပြီး သူ၏ အလယ်ဆင့်မှော်ဝင်တစ်ဖက်သွားဓားဖြစ်သော ‘ထာဝရညမိုးကြိုးဓား’ ကို ရိုက်ချလိုက်သည်။
ရန်ကျောက်ကဲ၏ဓားချက်က ရပ်တန့်မသွားဘဲ လင်ကျိုးကို ဖိနှိပ်ထားပြီး ကြက်ဥတစ်လုံးထက်သို့ ထိုက်စန်းတောင်ကြီး ကျဆင်းလာသည့်အလား ပြင်းထန်လွန်းသည်။
လင်ကျိုးက တစ်ဖက်တည်းကျန်ရှိသောမျက်လုံး ကျွတ်ထွက်လုမတတ် ရန်ကျောက်ကဲကို စိုက်ကြည့်နေစဉ် ရန်ကျောက်ကဲ၏ဓားချက်က သူ့ခန္ဓာကိုယ်ကို ခုတ်ပိုင်းချလိုက်၏။
“အခု မင်းက ဝိညာဉ်ခန္ဓာကနဦးအဆင့် ၊ ငါက ဝိညာဉ်ခန္ဓာနှောင်းပိုင်းအဆင့်... ငါတို့ ကျင့်ကြံခြင်းအဆင့်တွေကို စဉ်းစားမယ်ဆိုရင်...”
ရန်ကျောက်ကဲက အစိမ်းရင့်ရောင်ဝါးကိုင်းကို နောက်တစ်ကြိမ်ဝှေ့ယမ်းလိုက်ပြီး လင်ကျိုး၏ ထာဝရညမိုးကြိုးဓားကို လွင့်ထွက်သွားစေသည်။ ထို့နောက် သူက ညာဘက်လက်ထဲမှ ကျောက်စိမ်းနဂါးဓားကို သိမ်းဆည်းလိုက်ပြီး လက်ဝါးရိုက်ချက်တစ်ချက် ထုတ်ဖော်လိုက်သည်။
လင်ကျိုးမှာ ကမ္ဘာကြီးတစ်ခုလုံးပတ်ချာလည်သွားပြီး မြေပြင်ပြောင်းပြန်လန်ကာ ကောင်းကင်ပြိုကျသည့်အလား ခံစားလိုက်ရသည်။
“အခု... ငါတို့ ကျင့်ကြံခြင်းအဆင့်တွေကို စဉ်းစားမယ်ဆိုရင်... ငါတစ်ယောက်တည်းနဲ့ မင်းလိုလူမျိုးအယောက်တစ်ရာကို သတ်ပစ်နိုင်တယ်ကွ”