← Chapters

အခန်း (၁၀၀၃-၁၀၀၄)

Vol. 60 Ch. 1003-1004

အခန်း (၁၀၀၃-၁၀၀၄)

Vol. 60 Ch. 1003-1004

အပိုင်း (၁၀၀၃)

“ပစ်...”

“ဝှစ်... ဝှစ်... ဝှစ်...”

အချိန်ကိုက် အမြှောက်ဆံ ၁၅၀ ကို ပြင်းထန်စွာ ပစ်လွှတ်၏။

လေထုထဲ ပျံသန်းနေစဉ်မှာပဲ မရေတွက်နိုင်သည့် ရှေးဟောင်းမြားများက ကောင်းကင်ပင်လယ်နန်းဆောင်မှ ထပ်မံ ပျံသန်းထွက်လာခဲ့ပြီး လေထဲတွင် ကြားဖြတ် ဖျက်ဆီးပြန်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ရှမ့်လန်၏ အိမ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးများက ကောင်းကင်ပင်လယ် နန်းဆောင်၏ ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေးကိရိယာကို ရပ်တန့်အောင် မစွမ်းဆောင်နိုင်ပေ။ ဂရပ်ဖိုက်ဗုံး ဒါဇင်ပေါင်းများစွာ ပါဝင်သော်လည်း အရာမထင်၊ အလုပ်မဖြစ်ခဲ့ချေ။

(ဂရပ်ဖိုက်ဗုံးဆိုသည်မှာ ဂရပ်ဖိုက်အမျှင် [ကာဘွန်ဖိုင်ဘာ] တွေပါဝင်ပြီး အဓိက အားဖြင့် လျှစ်စစ်စီးကြောင်းကို တိုက်ခိုက်ခြင်းဖြစ်သည်။ လျှပ်စပ် ၊ ဆက်သွယ်ရေး စသော အရေးကြီးအရာများကို ဖျက်ဆီး နိုင်သည်။ အမေရိကန်က ဆီးရီးယား နှင့် အီရတ်တို့တွင် ထုတ်သုံးခဲ့ဖူးသည်။)

“ရွှီ... ရွှီ...”

ကောင်းကင်ပင်လယ်နန်းဆောင်၏ ရှေးဟောင်းမြားများက လေထဲတွင် ထပ်မံပေါက်ကွဲ၏။ သို့သော်ငြား ဤအချိန်မှာတော့ ရှမ့်လန်၏ အမြှောက်ဆံများ၌ ထိခိုက်သည်နှင့် ပေါက်ကွဲသွားမည့် လောင်စာဖျူးစ်များ မပါဝင်သောကြောင့် မပေါက်ကွဲချေ။ ဤအမြှောက်ဆံများက ခဏမျှ တုန်ခါပြီးနောက် ကောင်းကင်ပင်လယ် နန်းဆောင်သို့ ဦးတည်ချက်အတိုင်း ဆက်လက်ပျံသန်းသွား၏။

အမြှောက်ဆံ ၁၀၀ ကျော် လေထုထဲတွင် တဝေါဝေါ မြည်ဟီးလာ၏။ ကောင်းကင်ပင်လယ်နန်းဆောင်နှင့် ပို၍နီးကပ်လာ၏။ သို့သော်ငြား အဆောက်အအုံ အစုအဝေးနှင့် မီတာ ၂၀၀ ခန့်အကွာသို့ ရောက်ချိန်မှာတော့ ထူးဆန်းသည့် မြင်ကွင်းတစ်ခုက ပေါ်ပေါက်လာ၏။ ဤအမြှောက်ဆံများက မမြင်ရသည့် ပိုက်ကွန်တစ်ခုကို ဝင်တိုက်မိသကဲ့သို့ ရုတ်တရက် ပြန်ကန်ထွက်သွားခဲ့ခြင်းပင်။

“ဘုန်း... ဘုန်း...”

ခဏအကြာမှာတော့ အမြှောက်ဆံများက ကြီးမားသည့် မီးရှူးမီးပန်းကြီးတစ်ခုကဲ့သို့ လေထဲတွင် ထပ်မံ ပေါက်ကွဲသွားခဲ့၏။ ကောင်းကင်ပင်လယ်နန်းဆောင်က ပကတိအတိုင်း ရှိနေဆဲဖြစ်သည်။

“အရှင်... အရာအားလုံး အရှင် ဟောကိန်းထုတ်ထားတဲ့အတိုင်း အတိအကျပါပဲ။” တပ်မှူးကွေ့နင်က ပြောလိုက်၏။

ကောင်းကင်ပင်လယ်နန်းဆောင်သည် စေတီတောင်နှင့် မတူပေ။ စေတီတောင်က ကြီးမားသည့် ရေပေါ် ပင်လယ်ပြင်ကြီး တစ်ခုကို ပိုင်ဆိုင်ထားပြီး ထိုရေပေါ်ပင်လယ်ပြင်၏ ရေမျက်နှာပြင်က နှစ်စဉ် မြင့်တက် နေ၏။ ရေမျက်နှာပြင် ပြန့်ပွားသွားသည်နှင့်အမျှ ထိုနေရာများက စေတီတောင်၏ နယ်မြေဖြစ်လာသည်။

ထိုမျှသာမကချေ၊ စေတီတောင်က နိုင်ငံအနှံ့အပြား၏ နယ်စပ်များတွင် သီးခြားမြို့တော်အများအပြား ကိုလည်း ပိုင်ဆိုင်ထား၏။ သို့သော်ငြား ကောင်းကင်ပင်လယ်နန်းဆောင်ကမူ ဤအဆောက်အအုံ အစုအဝေး တစ်ခုတည်းသာရှိ၏။ မသေးငယ်သော်လည်း အများဆုံး ခေတ်သစ်လောကမြေရှိ တက္ကသိုလ် တစ်ခု၏ အရွယ်အစားခန့်သာ ရှိ၏။

ဤမျှကြီးမားသည့် အင်အားစုကြီးတစ်ခုကို သူတို့ မည်သို့ ထောက်ပံ့ထားနိုင်မည်နည်း။ သွေးဝိညာဉ် စစ်တပ်၏ သံချပ်ကာတစ်ခုတည်းအတွက်ပင် ကြီးမားသည့် စက်မှုလုပ်ငန်းသုံး စက်ကိရိယာ အမြောက်အမြား လိုအပ်သည်။

သဲကန္တာရလူရိုင်းများ၏ တာ့နန်နိုင်ငံကို တိုက်ခိုက်ခြင်းက ကျူးဟုန်ရွှဲ့၏ လုပ်ရပ်ဖြစ်ပြီး သဲကန္တာရ လူရိုင်းများ၏ ရှေးဟောင်းအပျက်အစီးများကလည်း ကောင်းကင်ပင်လယ်နန်းဆောင်၏ လက်ထဲသို့ ရောက်ရှိ၏။ သို့သော်ငြား ရှေးဟောင်းအပျက်အစီးများက သိပ်မကြီးမားသောကြောင့် ဖွံ့ဖြိုးဆဲအဆင့်သာ ရှိနေပေဦးမည်။

ထို့ကြောင့် ကောင်းကင်ပင်လယ်နန်းဆောင်တွင် လိပ်စာနှစ်ခုရှိသည်ဟု ရှမ့်လန်က အမြဲတမ်း သံသယ ဝင်ခဲ့၏။ တစ်ခုက လူတိုင်းမြင်တွေ့နိုင်သည့် အသိပညာဗိမာန်ဖြစ်သည့် မြေပြင်မှ တည်နေရာပင်။ အမှောင်ထု ထဲမှ တစ်ခုကတော့ စစ်မှန်သည့် ကောင်းကင်ပင်လယ်နန်းဆောင် ဖြစ်၏။

မြေပြင်ပေါ်တွင် ကောင်းကင်ပင်လယ်နန်းဆောင်က ကြီးမားသည့် စာကြည့်တိုက်ကြီးတစ်ခုနှင့် ဆင်တူ၏။ ပညာရှင်များစွာကို ပညာသင်ကြားပေးပြီး လူငယ်များစွာကလည်း ပညာသင်ယူနေ၏။ ထိုအရာက မြင့်မြတ်သည့် နေရာတစ်ခု ဖြစ်သည်။

သို့သော်ငြား အမှောင်ထဲရှိ ကောင်းကင်ပင်လယ်နန်းဆောင်က သဘာဝလွန်အင်အားစုကို ပိုပြီးဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ပေးသည့် တာဝန်ကို အမှန်တကယ် ယူထားရသည့် နေရာပင် ဖြစ်သည်။ ကျန်းချွင်းဟွာက ကောင်းကင်ပင်လယ်နန်းဆောင်တွင် အချိန်ကာလတစ်ခုထိ နေထိုင်ခဲ့ဖူး၏။ သူမက ကောင်းကင်ပင်လယ်နန်းဆောင်၏ အဓိကအဖွဲ့အစည်းဖြစ်သည့် သက်ရှိဇီဝသုတေသနဌာနတွင် အလုပ် လုပ်ကိုင်ဖူး၏။ သူမ၏ မှတ်ဉာဏ်များအရ သူမက အပြင်လောကမှ နေရောင်ခြည်ကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။

အင်အားစုတစ်ခုလုံးက မြေအောက်ထဲတွင် ရှိနေခြင်းဖြစ်ပေမည်။ ထို့ကြောင့် သူက ကောင်းကင်ပင်လယ်၏ နန်းဆောင်ကို ဗုံးကြဲတိုက်ခိုက်ရန် အမြှောက်တပ်နှင့် ရေတပ်ကို စေလွှတ်ခဲ့ခြင်းပင် ဖြစ်၏။ ထိုအရာက စူးစမ်းသည့် တိုက်ခိုက်မှုတစ်ခုသာ ဖြစ်ပြီး လက်နက်မျိုးစုံကို စမ်းသပ်ရန်လည်း ဖြစ်၏။

“ဘုန်း... ဘုန်း...” အပြင်ဘက်မှ အမြှောက်သံကြီးများက ကျယ်လောင်သည့်အသံများ ဆက်တိုက် ထွက်ပေါ်နေသည်။

“ရွှစ်... ရွှစ်...”

အမြှောက်ဆံ ၁၀၀ ကျော်က အလကားရနေသကဲ့သို့ပင် ကောင်းကင်ပင်လယ်နန်းဆောင်ဆီသို့ မိုးရွာသလို ကျဆင်းလာ၏။ သို့ပေမည့် အချိန်တိုင်း လုံးဝ အရိပ်မထင်ခဲ့ချေ။

အကြိမ် ဒါဇင်ပေါင်းများစွာ အမြှောက်နှင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ကောင်းကင်ပင်လယ်နန်းဆောင်၏ အဆောက်အအုံ အစုအဝေးက ပျက်စီးခြင်း မရှိဘဲ ကျန်ရှိနေဆဲပင်။ အပေါက်တစ်ပေါက်မှပင် မဖြစ်ပေါ်ခဲ့သလို ဖြူဖွေးသန့်စင်သည့် စကျင်ကျောက်များ ကလည်း မဲနက်သွားခြင်း မရှိချေ။ အသစ်အတိုင်း သန့်ရှင်း တောက်ပြောင်နေဆဲဖြစ်၏။

ဤအချက်က တကယ့်ကို စိတ်ပျက်စရာကောင်း၏။ ရှမ့်လန်၏ စစ်တပ်က နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ သော်လည်း ကောင်းကင်ပင်လယ်နန်းဆောင်၏ ကာကွယ်ရေးကို မြေပြင်ပေါ်တွင်ပင် မဖောက်ဖျက်နိုင်ခဲ့ချေ။ အပြင်ဘက်တွင် ရှမ့်လန်၏ ပစ်ခတ်တိုက်ခိုက်မှုများက ဆက်လက်ဖြစ်ပေါ်နေပြီး အတွင်းဘက်တွင် အဘိုးအိုက တမြက်စီးလှည်းကာ ကြမ်းတိုက်နေဆဲ ဖြစ်သည်။

သို့သော်ငြား တံခါးစောင့်အဘိုးအိုကမူ ငိုက်မြည်းနေရာမှာ ဆက်ပြီးမငိုက်နိုင်တော့ချေ။

“အောင်မလေး... ဆူလိုက်တာကွာ... ဆူလိုက်တာ။ ငါ့ကို ပေးမအိပ်နိုင်တော့ဘူးလား။” သူက မည်သို့မှ မနေနိုင်ဘဲ ဒေါသတကြီး အော်ဟစ်လိုက်၏။ ပြီးနောက် ဝါဂွမ်းနှစ်ခုကို ထုတ်ယူပြီး နားထဲသို့ ထိုးထည့်ကာဖြင့် ဆက်လက်ငိုက်မြည်း နေ၏။

ကောင်းကင်ပင်လယ်နန်းဆောင်ထဲတွင် ပညာရှင်များအားလုံးက မိမိလုပ်စရာရှိသည်များကို ဆက်လက် လုပ်ကိုင်နေကြ၏။ အပြင်ဘက်မှ အမြှောက်သံများကို နားထောင်ရင်း အိမ်သာတက်ရသည်က ပိုမိုကာ အဆင်ပြေ လွယ်ကူနေသယောင်ပင်။

ဤအချိန်မှာတော့ အမျိုးသမီးပညာရှင် ကျန်းယွီယင်းက သိပ်ပြီး စိတ်ငြိမ်သက်မနေတော့ပေ။ သူမက စာအုပ်များကို တိတ်ဆိတ်ရှင်းလင်းရင်း စိတ်ထဲတွင် သက်ပြင်းချမိနေသည်။

“ရှမ့်လန်... အချိန်ဖြုန်းမနေပါနဲ့။”

သူမက ကောင်းကင်ပင်လယ်နန်းဆောင်တွင် မာနကြီးပြီး အာဏာအစွမ်းကို ပြတတ်၏။ ပညာရှင်နှင့် ပညာရှင်ကြီးအားလုံးတို့က သူမကို ကြောက်ရွံ့ကြသော်လည်း သူမက အရေးမပါသည့် လူတစ်ဦးသာ ဖြစ်ကြောင်း သူမကိုယ်တိုင် သိရှိနေ၏။ ဤစာကြည့်တိုက်ထဲတွင်ပင် သူမက အရေးမပါသူ တစ်ဦးမျှသာပင်။

အပြင်ပိုင်းတွင် သူမက ခြင်္သေ့တစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ပညာရှင် အားလုံးတို့က တုန်လှုပ်ချောက်ချားပြီး ဦးညွတ်ကြ၏။ သို့သော်ငြား သူမက ရှမ့်လန်အကြောင်း ကောင်းမွန်သော စကားတစ်ခွန်းကို ပြောရဲသည်နှင့် ၊ သူမ၏ ရည်ရွယ်ချက် အနည်းငယ် မှားယွင်းသွားသည်နှင့် ချက်ချင်း ကပ်ဘေးဆိုက်ရောက်မှာဖြစ်ပြီး မနက်ဖြန် နေထွက်သည်ကိုပင် မြင်တွေ့ရမည် မဟုတ်ချေ။

အမှန်စင်စစ် မနက်ဖြန် နေထွက်သည်ကို မမြင်ရခြင်းက သေဆုံးခြင်းကို ဆိုလိုခြင်း မဟုတ်ချေ။ သေခြင်းက ကောင်းသော အရာတစ်ခု ဖြစ်၏။ အဆိုးဆုံးရလဒ်က ကြောက်မက်ဖွယ်ရာကောင်းသည့် စမ်းသပ်မှု အမျိုးမျိုးကို လုပ်ဆောင်ရန် ခေါ်ယူခံရခြင်းပင်။

.......

ကြီးမားသည့် မြေအောက်မြို့တော်ကြီးတစ်ခု၏ နေရာတစ်ခုမှာတော့ ….

ဤနေရာက တခြားသော ရှေးဟောင်း အပျက်အစီးတစ်ခု ဖြစ်ကြောင်း ယုံမှားသံသယဖြစ်စရာ မလိုချေ။ အပြင်ဘက်မှကြည့်မည်ဆိုလျှင် ဤနေရာက မြေအောက်ဖြစ်ကြောင်း ပြောရန် ခက်ခဲ၏။ အဘယ်ကြောင့်ဆိုသော် နေရာတိုင်းတွင် နေ့ဘက်ကဲ့သို့ လင်းထိန်နေသောကြောင့်ပင်။

ကောင်းကင်ပင်လယ်နန်းဆောင်၏ လက်မှုပညာရှင်ကြီးက အသစ်စက်စက် သွေးဝိညာဉ်စစ်တပ်၏ သံချပ်ကာကို စမ်းသပ်နေ၏။ မင်းသမီးနင်ဟန်က သွေးဝိညာဉ်စစ်တပ်၏ တပ်မှူး နင်ပနှင့်အတူ လိုက်ပါ စစ်ဆေးလျက်ရှိ၏။

“အရင် သံချပ်ကာတွေမှာ အထပ်တစ်လွှာတည်း ပါတယ်ဆိုပေမဲ့ အခုသံချပ်ကာက သုံးလွှာပါဝင်တယ်။ အပြင်ဘက်ဆုံးအလွှာကို အဖြိုက်နက်တစ်လွှာ အုပ်ထားတဲ့အတွက် သတ္တုအားလုံးနီးပါးကို ခံနိုင်ရည်ရှိတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့မာကျောမှုက ဒီလောကမှာ အမြင့်ဆုံးနီးပါးဖြစ်ပြီး အရည်ပျော်မှတ်က ၅,၀၀၀ ဒီဂရီ စင်တီဂရိတ်ထိ ရောက်ရှိသွားပြီ။ ရှမ့်လန်ရဲ့ သာမိုက်အမြှောက်တွေနဲ့ ငရဲမီးဒုံးပျံတွေက ဒါကို မဖောက်ထွင်း နိုင်တော့ဘူး။ ကဲ... စမ်းသပ်ကြည့်ရအောင်... သာမိုက်အမြှောက်တွေ ဖောက်ခွဲလိုက်။”

“ဘုန်း”

ကြီးမားသည့် အလင်းတန်းကြီးတစ်ချက်က ထွက်ပေါ်လာ၏။ အံ့အားသင့်ဖွယ်ရာ ကောင်းသည့် မီးတောက်များက ဤသံချပ်ကာအမျိုးအစားပေါ်သို့ နေရာအနှံ့ ဖြာထွက်၏။ ထင်သည့်အတိုင်းပင် သွေးဝိညာဉ် စစ်တပ်၏ သံချပ်ကာအသစ်က ဘေးကင်းလုံခြုံနေ၏။ မီးလောင်ကျွမ်းခြင်း မရှိချေ။

“ကျုပ်တို့ဆီမှာ ရှမ့်လန်ရဲ့ ငရဲမီးဒုံးပျံတွေ မရှိပေမဲ့ အလားတူပစ္စည်းတွေကိုတော့ အစားထိုး သုံးစွဲနိုင်ပါတယ်။ မီးမြားတွေ အသင့်ပြင်...”

“ရွှစ်... ရွှစ်...”

ရုတ်ချည်းပဲ ဒါဇင်ပေါင်းများစွာသော ချွန်ထက်သည့် မြားများက ရှမ့်လန်၏ သာမိုက်မြားများထက် များစွာ သာလွန်သော အရှိန်နှင့် ပျံသန်းသွားသည်။

“ရွှီ... ရွှီ...”

ဤမြားများက သံချပ်ကာအသစ်ကို ထိမှန်ပြီး ချက်ချင်း ပေါက်ကွဲ၏။ ၃,၀၀၀ မှ ၄,၀၀၀ ဒီဂရီ စင်တီဂရိတ်ကျော်သည့် အပူချိန်ရှိသော မီးတောက်များကို ထုတ်လွှတ်၏။ ပေါက်ကွဲမှုက စက္ကန့် ၂၀ ကြာ ကြာမြင့်၏။ နောက်ဆုံးမှာတော့ သွေးဝိညာဉ်စစ်တပ်၏ သံချပ်ကာအသစ်က ဘေးကင်းလုံခြုံစွာ ကျန်ရှိနေဆဲပင်။

“ကျုပ်တို့ရဲ့ သံချပ်ကာအသစ်က ငရဲသားရှမ့်လန်ရဲ့ ဘယ်မြား၊ ဘယ်အမြှောက်ကိုမဆို ကာကွယ်ဖို့ လုံလောက်ပြီဆိုတာ သက်သေပြလိုက်ပါပြီ။”

လက်မှုပညာရှင်ကြီးက ပြော၏။ “ဒါပေါ့... တစ်ဖက်လူက အဖြိုက်နက်အမြှောက်တွေကို သုံးမယ်ဆိုရင်တော့ ကာကွယ်နိုင်မှာ မဟုတ်ဘဲ တိုက်ရိုက် ထွင်းဖောက်ခံရမှာပဲ။

ဒါပေမဲ့ ရှမ့်လန်ရဲ့ စစ်တပ်က ဒီလောက်များတဲ့ အဖြိုက်နက်သံချပ်ကာဖောက် အမြှောက်ဆံတွေကို တပ်ဆင် ထားနိုင်မှာ မဟုတ်သလို၊ အမြှောက်တွေကလည်း မြန်မြန်ဆန်ဆန် ရွေ့လျားနေတဲ့ ပစ်မှတ်တွေကို ထိမှန်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ စစ်ဆေးချက်တွေမှာ သက်သေပြနေတာက ရှမ့်လန်ရဲ့ စစ်တပ်နဲ့ ထိပ်တိုက် ရင်ဆိုင်တဲ့ အချိန်ကျရင် ကျုပ်တို့ သွေးဝိညာဉ်စစ်တပ်ရဲ့ သံချပ်ကာတွေက လုံးဝ ပြိုင်ဘက်ကင်းပြီး ဓားတွေ၊ လှံတွေ မတိုးနိုင်ဘူးဆိုတာ သေချာပါပြီ။”

သွေးဝိညာဉ်စစ်တပ်၏ တပ်မှူး နင်ပက ပြောသည်။ “ကောင်းပြီ... ထျန်းရွဲ့မြို့တိုက်ပွဲမှာ ရှမ့်လန်က အကြီးအကျယ် အောင်ပွဲခံခဲ့တယ်။ သွေးဝိညာဉ်စစ်တပ်ရဲ့ သံချပ်ကာ အစုံ ၂,၀၀၀ ကို သိမ်းဆည်း ထားခဲ့တယ်။ ပြုပြင်ပြီးရင် သူတို့က အဲဒါတွေကို သူတို့ရဲ့ စစ်တပ်မှာ သေချာပေါက် တပ်ဆင်လိမ့်မယ်။”

လက်မှုပညာရှင်ကြီးက ပြော၏။ “ကျုပ်တို့က ရန်သူကို တစ်ခါတရံမှာ လျှော့တွက်သင့်တယ်။ သံချပ်ကာအသစ်ကို ဘယ်လို ပြုပြင်မွမ်းမံရမလဲဆိုတာ ကျုပ်တို့သိသလို ရှမ့်လန်လည်း သိမှာပဲ။ ဒါပေမဲ့ အဖြိုက်နက်ရဲ့ အရည်ပျော်မှတ်က အလွန်မြင့်မားတယ်။ ဒီလောကမှာ သာမန်မီးတောက်တွေက အဲဒီအပူချိန် ကို မရောက်နိုင်ဘူး။ ဒါကြောင့် သူက သံချပ်ကာ မျက်နှာပြင်ပေါ်ကို အဖြိုက်နက်နဲ့ အုပ်ထားနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်တို့ရဲ့မြားများတွေက သူတို့ရဲ့ သံချပ်ကာကို လွယ်လွယ်ကူကူ ထွင်းဖောက်နိုင်လိမ့်မယ်။

ဒါပေမဲ့ ကျုပ်အကြံပြုချင်တာက မီးမြားတွေကို အကြီးအကျယ် အသုံးမပြုဖို့ပဲ။ တန်ဖိုးနဲ့ စွမ်းဆောင်ရည် အချိုးအစားက အရမ်းနိမ့်ပြီး ရှေးဟောင်းလေးမြားတွေလောက် မကောင်းဘူး။ နောက်ပြီး ဒီအချိန်မှာ ရှမ့်လန်က ကျုပ်တို့ရဲ့ စွမ်းအင်ထိန်းချုပ်ရေး ကိရိယာကို ရပ်တန့်သွားအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ကျုပ်တို့က ကာကွယ်ရေး ဒိုင်းလွှာနှစ်ခုနဲ့ ကာကွယ်ရေး ယန္တရား သုံးလွှာ ထပ်ထည့်ပြီးပြီ။

ဒါတင်မကသေးဘူး၊ ဒီတစ်ခေါက် ကျုပ်တို့က စွမ်းအင်ထိန်းချုပ်ရေး ကိရိယာ ၉ ခုကို ပြင်ဆင်ထားတယ်။ တစ်ခု ပုံမှန်အလုပ်လုပ်နေသရွေ့ တပ်ကြီးတစ်ခုလုံးကို လိုအပ်တဲ့ အထူးသံလိုက်ပတ်ဝန်းကျင်တစ်ခု ဖြစ်အောင် ထောက်ပံ့ပေးထားနိုင်လိမ့်မယ်။ ဒါက အိမ်မက်ဆိုးကျောက်တုံး တိုက်ပွဲဝင်ဓားပဲ။ ရှေးဟောင်း ယဉ်ကျေးမှုရဲ့ တိုက်ပွဲဝင်ဓားကို ပုံတူကူးထားတာပါ။”

လက်မှုပညာရှင်ကြီးက တိုက်ပွဲဝင်ဓားတစ်ချောင်းကို ဆွဲထုတ်၏။ ဤတိုက်ပွဲဝင်ဓားက အလွန့်ကို ပေါ့ပါးပြီး ၃၀ ကီလိုဂရမ်ခန့် ရှိ၏။ ဓားသွားက အပြာရောင်ဖြစ်ပြီး သတ္တုဖြင့် ပြုလုပ်ထားပုံပင် မပေါ်ချေ။

“ဒါကို အပြာရောင်လျှို့ဝှက်ရွှေနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီးတော့ ရှေးဟောင်းအပျက်အစီးတွေကနေ ရရှိထားတာပါ။ လက်ရှိအချိန်ထိတော့ လောကမှာ အပြာရောင် လျှို့ဝှက်ရွှေ သတ္တုသိုက် ရှာမတွေ့သေးဘူး။ ဒီ အပြာရောင် လျှို့ဝှက်ရွှေက ထိပ်တန်းအဆင့် မာကျောမှုနဲ့ ကြံ့ခိုင်မှု ရှိတယ်။

လျှပ်ကူးပစ္စည်း၊ အရမ်းကောင်းတဲ့ ဂုဏ်သတ္တိတွေလည်း ရှိသေးတယ်။ ကျုပ်တို့ ၁၀ စုနှစ်နီးပါး လေ့လာခဲ့ပြီးပြီ။ ပုံတူကူးလို့ မရဘူးဆိုတာ တွေ့ရှိခဲ့ရတယ်။ ဒါက ရှေးဟောင်းယဉ်ကျေးမှုက ဖန်တီးခဲ့တဲ့ ပစ္စည်းအသစ် တစ်မျိုးပဲ ဖြစ်လောက်တယ်။ အပြာရောင်ဖြစ်ပေမဲ့ အဆင်ပြေအောင် ကျုပ်တို့က 'အိမ်မက်ဆိုးကျောက်တုံး သွေးဝိညာဉ် တိုက်ပွဲဝင်ဓား' လို့ပဲ ခေါ်ကြမယ်။”

ပြီးနောက် လက်မှုပညာရှင်က တိုက်ပွဲဝင်ဓားကို ယူဆောင်လာပြီး အသစ်စက်စက် သွေးဝိညာဉ်စစ်တပ်၏ သံချပ်ကာကို ခုတ်ပိုင်း၏။ မူလက ဖျက်ဆီး၍မရသည့် သံချပ်ကာက စက္ကူတစ်ရွက်ကဲ့သို့ လွယ်ကူစွာ ပြတ်တောက် သွား၏။ ပြတ်တောက်သွားသည့် နေရာက လုံးဝ အရည်ပျော်ကျသည့် သံရည်ပူကဲ့သို့ပင် စီးကျလာ၏။

“ဒီအိမ်မက်ဆိုးကျောက်တုံး သွေးဝိညာဉ် တိုက်ပွဲဝင်ဓားနဲ့ ခုတ်လိုက်တဲ့ အချိန်ကျရင် အပူချိန် ၁၀,၀၀၀ ဒီဂရီ ထုတ်လွှတ်နိုင်တယ်။ အဖြိုက်နက် သံချပ်ကာအပါအဝင် ဘယ်သံချပ်ကာကိုမဆို ချက်ချင်း အရည်ပျော်သွား စေနိုင်တယ်။ အိမ်မက်ဆိုးကျောက်တုံးနဲ့ အားဖြည့်ထားတာမို့လို့ တိုက်ပွဲဝင်ဓားတစ်ချောင်းစီက အကြိမ် ၃၀၀၀ လောက် ခုတ်နိုင်တယ်။ ဒါက ကျုပ်တို့ရဲ့ လက်ရှိ စမ်းသပ်ချက်အရ အကန့်အသတ်ပါပဲ။”

သွေးဝိညာဉ်စစ်တပ် တပ်မှူးက တိုက်ပွဲဝင်ဓားကို ယူ၏။ ပြီးနောက် လက်ကို ဝှေ့ယမ်းကာ စမ်းသပ် ခုတ်ပိုင်းကြည့်၏။ တကယ့်ကို အားစိုက်ထုတ်စရာပင် မလိုဘဲ အရာအားလုံးကို ဖြတ်တောက်နိုင်သည်။ အထင်ကြီးစရာအကောင်းဆုံး လက်နက်၊ သို့မဟုတ် 'ကောင်းမွန်လွန်းလှပါသည် ဆိုသော သံချပ်ကာ၊ ဘယ်အရာကိုမဆို စက္ကူကဲ့သို့ပင် ပိုင်းဖြတ်နိုင်ပေလိမ့်မည်။

သွေးဝိညာဉ်စစ်တပ်မှူး နင်ပက ပြောလိုက်သည်။ “ဒီအိမ်မက်ဆိုးကျောက်တုံး သွေးဝိညာဉ် တိုက်ပွဲဝင်ဓားကို ဘယ်နှစ်ချောင်းလောက် ကျုပ်တို့ တပ်ဆင်သွားမှာလဲ။”

“၅၀၀ ပါ။”

လက်မှုပညာရှင်က ပြော၏။ “နန်းဆောင်သခင်ရဲ့ အမိန့်အရ ဒီတစ်ကြိမ်မှာ အထူးသိုင်းပညာ တပ်ဖွဲ့ဝင် ၅၀၀ ကို စေလွှတ်မှာပါ။ သူတို့အားလုံးက သက်ရှိဇီဝသုတေသနဌာနရဲ့ ထိပ်တန်းသိုင်းပညာရှင်တွေပါပဲ။ သူတို့အားလုံးကို သံချပ်ကာအသစ်၊ ရှေးဟောင်းစစ်ဖိနပ်၊ ရှေးဟောင်းဒူးလေးနဲ့ အိမ်မက်ဆိုးကျောက်တုံး သွေးဝိညာဉ် တိုက်ပွဲဝင်ဓားတွေကို တပ်ဆင်ပေးမှာပါ။”

ခဏကြာချိန်မှာတော့ ...

အထူးသွေးဝိညာဉ်စစ်သည် ၅၀၀ တို့က မြေအောက်မြို့တော် မြေပြင်တွင် ရပ်နေကြ၏။ သူတို့က ဤလောကမြေမှ စစ်သားနှင့် လုံးဝ မတူညီချေ။ ရှေးဟောင်းစစ်သားတစ်ဦးနှင့် ပို၍ ဆင်တူ၏။ အမှန်စစ်စစ် သူတို့က ရှေးဟောင်းလေးများကိုပင် မသုံးကြချေ။ ထို့အစား အိမ်မက်ဆိုးကျောက်တုံးများဖြင့် ပစ်ခတ်သည့် ရှေးဟောင်းအလိုအလျောက် ဒူးလေးများကို အသုံးပြုကြ၏။ သူတို့က ရှေးဟောင်း စစ်ဖိနပ်များကို ဝတ်ဆင် ထားရုံသာမက သံချပ်ကာအသစ်များတွင်လည်း အိမ်မက်ဆိုးကျောက်တုံးများ ပါသည်။

“ဝှစ်.... ဝှစ်....”

အမိန့်တစ်ချက် ပေးလိုက်သည်နှင့် အထူးစစ်သည် ၅၀၀ က လေထဲသို့ မီတာ ၃၀ ကျော် လွယ်ကူစွာ ခုန်တက်၏။ သူတို့၏ ရှေးဟောင်းစစ်ဖိနပ်များက နှိုင်းယှဉ်၍မရအောင် အစွမ်းထက်သည့် လျှပ်စစ် သံလိုက်ကန်အားကို ပေးစွမ်း၏။ ယခုအချိန်မှာတော့ သူတို့က မြို့ရိုးပေါ်သို့ တိုက်ရိုက် ခုန်တက်နိုင်ရုံသာမက မည်သည့်မြို့ရိုးကိုမဆို ခုန်ပျံကျော်လွှားသွားနိုင်၏။

..

အပိုင်း (၁၀၀၄)

“ဝှစ်.... ဝှစ်....”

နောက်တစ်ဆင့်မှာတော့ သူတို့က လျှပ်စီးလျှပ်သကဲ့သို့ပင် ဆက်တိုက်ခုန်နေ၏။ ချက်ချင်းပဲ မီတာ ၃၀ အမြင့်နှင့် မီတာ ဒါဇင်ပေါင်းများစွာ အဝေးဆီသို့ ရောက်ရှိ၏။ ဤမျှ မြန်ဆန်သည့် လှုပ်ရှားမှုများကြောင့် ကြီးမားသည့် အမြှောက်ကြီးများပင်လျှင် သူတို့ကို ထိမှန်နိုင်လိမ့်မည် မဟုတ်ချေ။

ပြီးနောက် သူတို့က ရှေးဟောင်းဒူးလေးများကို စမ်းသပ်ပစ်ခတ်ကြ၏။

“ဝှစ်.... ဝှစ်....” ခလုတ် ဆွဲလိုက်သည်နှင့် မြားတစ်ဒါဇင်ကျော်တို့က မိုးသည်ထန်စွာရွာသွန်းသကဲ့သို့ပင် အံ့အားသင့်စရာ အရှိန်မျိုးနှင့် ပြေးထွက်သွားသည်။

“ဒီရှေးဟောင်းဒူးလေးတွေရဲ့ အားသာချက်က အရမ်းထင်ရှားတယ်။ ဘယ်မြားနဲ့မဆို ပစ်နိုင်တယ်။ ရှေးဟောင်းမြားတွေတင် မကဘူး၊ သာမိုက်မြားတွေနဲ့ မီးမြားတွေကိုလည်း ပစ်လွှတ်နိုင်တယ်။ စွမ်းအင်ထုတ်လုပ်ဖို့ အိမ်မက်ဆိုးကျောက်တုံး စနစ်ကို အသုံးပြုထားတယ်။ ရှေးဟောင်းဒူးလေး တစ်လက် စီက အကြိမ် ၃၀၀၀ ကျော် ဆက်တိုက် ပစ်ခတ်နိုင်တယ်။”

နင်ပက ပြော၏။ “တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ အထူးစစ်သည် တွေက မဟာပညာရှင်တစ်ယောက်ကို အနိုင်ယူနိုင်တယ်ပေါ့။”

“လွယ်ပါတယ်။”

လက်မှုပညာရှင်တစ်ယောက်က ပြောသည်။ “ပြီးတော့ သတ်ဖြတ်ပွဲကြီး ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ အရူးကြီး ဒါမှမဟုတ် ချောင်ယောင်းအာလို ပုံမှန်မဟုတ်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေနဲ့ မတွေ့သရွေ့ပေါ့။ အတွင်းအားကို အားကိုးတဲ့ တခြားမဟာပညာရှင်တွေက အထူးစစ်သည်တွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အစွမ်းထက်တဲ့ ပစ္စည်း ကိရိယာတွေက အရှိန်၊ ခွန်အား၊ ကာကွယ်ရေး စတဲ့ ကွာခြားချက်တွေ အားလုံးကို ဖြည့်ဆည်းပေးထားတယ်။”

သွေးဝိညာဉ်စစ်တပ်၏ တပ်မှူးက ပြော၏။ “မင်းသမီးနင်ဟန်က နုရှောင့်မြို့တော်ကို ဖျက်ဆီးပြီး ရှမ့်လန်နဲ့ တခြားသောသူတွေကို သတ်ဖို့ ဒီ ၅၀၀ ကို ခေါ်သွားရင် ရပြီလား။”

လက်မှုပညာရှင်က ပြောသည်။ “ဒါပေါ့... အိမ်မက်ဆိုးကျောက်တုံး ပစ္စည်းကိရိယာတွေ လုံလောက်နေ သရွေ့ပေါ့။ ဒီရှေးဟောင်းလက်နက်တွေက အရမ်းကို အစွမ်းထက်တယ်ဆိုပေမဲ့ အရာအားလုံးက အိမ်မက်ဆိုး ကျောက်တုံးပေါ်မှာပဲ တည်ဆောက်ထားခဲ့တာ။ ကျောက်တုံးတွေရဲ့ စွမ်းအင်ကုန်ဆုံးသွားတာနဲ့ လက်နက်တွေ အားလုံးက အသုံးမဝင် ဖြစ်သွားလိမ့်မယ်။ ကောင်းပြီ... ဒါဆိုရင် ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့။ စစ်သင်္ဘောတစ်စင်းကို သွားကြည့်ရအောင်။”

မင်းသမီးနင်ဟန်က ဤလောကနှင့် မသက်ဆိုင်သည့် အသစ်စက်စက် စစ်သင်္ဘောတစ်စင်းကို တွေ့ရ၏။

“ဒါက ရှေးဟောင်းအပျက်အစီးတွေကနေ တူးဖော်ထားခဲ့တာ။ အောင်မြင်စွာ ရေမချနိုင်ခင် ပြုပြင်ဖို့ ၁၃ နှစ် ကြာခဲ့တယ်။ ဒီတစ်ခေါက် ရှမ့်လန်ကို ဖျက်ဆီးဖို့ မင်းသမီးရဲ့ အထင်ကရ သင်္ဘော ဖြစ်လာပါလိမ့်မယ်။”

လက်မှုပညာရှင်ကြီးက ပြောသည်။ “ကျုပ်တို့ ဒီစစ်သင်္ဘောကို တူးဖော်တုန်းက အကြီးအကျယ် ပျက်စီးနေခဲ့တာပေါ့။ ကိုယ်ထည်ပျက်စီးနေတဲ့အတွက် အခုမြင်နေရတဲ့ ကိုယ်ထည်အစိတ်အပိုင်းများစွာကို နောက်မှ ပြုပြင်ထားခဲ့တာ။ ဒါက သံချပ်ကာ စစ်သင်္ဘောပါပဲ။ စစ်သင်္ဘောရဲ့ နေရာအများစုကို သံမဏိနဲ့ ပြုလုပ်ထားတယ်။

စစ်သင်္ဘောတစ်စင်းလုံးမှာ အိမ်မက်ဆိုးကျောက်တုံး ၃၉၈ လုံး ပါတယ်။ အချင်း ၂ မီတာ ရှိတဲ့ သီးခြားစွမ်းအင်ထိန်းချုပ်ရေး ကိရိယာတစ်ခုလည်း ပါဝင်တယ်။ ရေစိမ့်ဝင်မှုက တန်ချိန် ၈,၀၀၀ ရှိတယ်။ ဒီယူနစ်အသစ်တွေကို ပေးတဲ့အတွက် ရှမ့်လန်ကို ကျေးဇူးတင်ရမယ်လေ။

ဒီရှေးဟောင်းစစ်သင်္ဘောရဲ့ ပုံမှန်ရေကြောင်းသွားလာမှု အရှိန်က တစ်နာရီ ၃၅ ကီလိုမီတာ ရှိတယ်။ လူ ၂၀၀၀ ကျော် တင်ဆောင်နိုင်တယ်။ စစ်သင်္ဘောတစ်စင်းလုံးမှာ မီတာ ၃၅၀၀ အတွင်းမှာ ရှိတဲ့ ဘယ်သင်္ဘောကိုမဆို တိုက်ခိုက်နိုင်တဲ့ ရှေးဟောင်းဧရာမ ဒူးလေးကြီး ၂၃ လက် ပါတယ်။ အိမ်မက်ဆိုးကျောက်တုံးရဲ့ ချိန်ရွယ်မှု စနစ်လည်း ပါသေးတယ်။ ကဲ... မင်းသမီးအတွက် ကျုပ် စမ်းသပ်ပြပါမယ်။”

ပစ်မှတ်သင်္ဘောက မီတာ ၃၀၀ အကွာရှိ သစ်သားရွက်လှေတစ်စင်းပဲ။ ပုံမှန်ရွက်လွှင့်နေ၏။

“ချိန်ရွယ်မှုကို စတင်။”

လက်မှုပညာရှင်ကြီး၏ အမိန့်နှင့်အတူပင် အိမ်မက်ဆိုးကျောက်တုံး ချိန်ရွယ်မှုစနစ်က အလင်းတန်း တစ်ခု ထုတ်လွှတ်၏။ ပြီးနောက် ပစ်မှတ်သင်္ဘောပေါ်သို့ ကျရောက်၏။ ပြီးနောက် သက်ဆိုင်ရာ ဝန်ထမ်းများက ရှေးဟောင်းဧရာမ ဒူးလေးကြီးကို ချိန်ညှိပြီး အလင်းတန်းအတိုင်းပင် စတင်ချိန်ရွယ်သည်။

“လေတိုက်နှုန်းနဲ့ သင်္ဘောနှစ်စင်း ရွေ့လျားမှုအချိန်ကို တွက်ချက်ကြ။”

“ချိန်ညှိမှု ပြီးစီးပါပြီ။”

“ပစ်...”

“ဘုန်း...”

ကျယ်လောင်သောအသံကြီးနှင့်အတူ ရှေးဟောင်းဧရာမ ဒူးလေးကြီးကို ပစ်လွှတ်၏။ ၅ မီတာကျော် ရှည်လျားသည့် ဧရာမမြားကြီးက ပျံထွက်သွား၏။ မီတာ ၂၀၀ ခန့် ပျံသန်းပြီးချိန်မှာတော့ ဧရာမမြားကြီး၏ အမြီးပိုင်းမှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြားကြီး၏အရှိန်ကို ပိုမြန်လာစေ၏။ မီတာ ၃၀၀၀ အကွာအဝေးကို ၁၀ စက္ကန့် အချိန်အတွင်း ရောက်ရှိ၏။

“ဘုန်း...”

ဧရာမမြားကြီးက ရေဝင်ဆန့်မှု တန်ချိန် ၁၀၀၀ ကျော်ရှိသည့် သစ်သားရွက်လှေကို ဖောက်ထွင်း သွားခဲ့သည်။

“ဘုန်း...”

ဧရာမမြားကြီး တစ်ခုလုံး၏ အိမ်မက်ဆိုးကျောက်တုံးက ပေါက်ကွဲသွား၏။ ထိုအရာ၏ စွမ်းအားက ရှမ့်လန်၏ အမြှောက်ဆံလောက် မကြီးမားသော်လည်း ရွက်လှေပေါ်တွင် ကြီးမားသည့် အပေါက်ကြီးတစ်ခုကို လွယ်ကူစွာ ဖြစ်ပေါ်စေသည်။ ပင်လယ်ရေများက ဆက်တိုက် ဝင်ရောက်လာပြီး ရွက်လှေက တဖြည်းဖြည်း နစ်မြုပ်၏။

“ဒီရှေးဟောင်းစစ်သင်္ဘောမှာ ရှေးဟောင်းဧရာမ ဒူးလေး ၂၃ လက် ပါရှိတယ်။ ၁၅ လက်ကို တိုက်ခိုက်ဖို့ အသုံးပြုတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ပင်လယ်ပြင်ပေါ်က ရန်သူ့သင်္ဘော ၁၅ စီးကို တပြိုင်နက်တည်း ဖျက်ဆီးနိုင်တယ်။ သာမန်စစ်သင်္ဘောတစ်စင်းကို ဒူးလေးတစ်လက်တည်းနဲ့ ဖောက်ထွင်းပြီး နစ်မြုပ်ပစ်နိုင်တယ်။

ကျန်တဲ့ ၈ လက်ကို ကာကွယ်ဖို့ အသုံးပြုနိုင်တယ်။ ထောင်ပေါင်းများစွာသော ရှေးဟောင်းမြား အသေးစားလေး တွေကို တပြိုင်နက်တည်း ပစ်လွှတ်နိုင်တယ်။ ငရဲမီး၊ ရန်သူရဲ့ ဘယ်လိုတိုက်ခိုက်မျိုးကိုမဆို ရှေးဟောင်းဧရာမ ဒူးလေးဖြင့်ဖြစ်စေ၊ ရှမ့်လန်ရဲ့ အမြှောက်တွေပဲ ဖြစ်စေ ကာကွယ်နိုင်တယ်။

အရေးကြီးဆုံးကတော့ တန်ဖိုးနဲ့ စွမ်းဆောင်ရည် အချိုးအစားကို လျစ်လျူရှုလိုက်မယ်ဆိုရင်တော့ ဒီရှေးဟောင်းဧရာမ ဒူးလေးက မီတာ ၅၀၀၀ အကွာက ရန်သူ့ပစ်မှတ်တွေကိုတောင် ထိမှန်နိုင်ပါတယ်။”

သွေးဝိညာဉ်စစ်တပ်မှ တပ်မှူးနင်ပက မေး၏။ “ခင်ဗျားတို့ဆီမှာ ဒီလိုရှေးဟောင်းစစ်သင်္ဘော ရှိနေရက်နဲ့ အရင်တုန်းက ဘာလို့ ထုတ်မသုံးခဲ့တာလဲ။ အထူးသဖြင့် မိစ္ဆာတြိဂံနယ်မြေကို ရှာဖွေတုန်းက...”

လက်မှုပညာရှင်က ပြောသည်။ “ဒီရှေးဟောင်းစစ်သင်္ဘောက လျှို့ဝှက်အဆင့်အတန်း အရမ်းမြင့်ပါတယ်။ မဖြစ်မနေ အခြေအနေမျိုးမှ ထုတ်ပြလို့ရတာပါ။”

နင်ပက ပြော၏။ “အခု ရှမ့်လန်ကို ဖျက်ဆီးတာနဲ့ ဘာထူးလို့လဲ။ ဒါတွေ ထုတ်သုံးရလောက်အောင် ရှမ့်လန်က ဘာတွေမြင့်မြတ်နေလို့လဲ။”

လက်မှုပညာရှင်က ပြောသည်။ “မဟုတ်သေးဘူး။ နန်းဆောင်သခင် ဒီအချိန်မှာ ရှေးဟောင်းစစ်သင်္ဘောကို ထုတ်ပြရတဲ့ အဓိကရည်ရွယ်ချက်က ရှမ့်လန်ကို ဖျက်ဆီးဖို့ မဟုတ်ဘူး။ ကောင်းကင်အပြစ်ပေးနန်းဆောင်နဲ့ စေတီတောင်ကို ဟန့်တားဖို့ပဲ။ မိုင်တစ်သောင်း သဲကန္တာရကို ဖွံ့ဖြိုးအောင် လုပ်မယ့် ကျုပ်တို့ရဲ့ အစီအစဉ်ကို ဝင်မရှုပ်နဲ့၊ ကျားပါးစပ်ထဲကအစာကို လုယူဖို့မကြိုးစားနဲ့လို့ အသိပေးချင်တာ။ ကျုပ်တို့ ကောင်းကင်ပင်လယ် နန်းဆောင်မှာ မဟာဗျူဟာ အဆင့်လက်နက်တွေ ရှိတယ်ဆိုတာကို ပြချင်တာ။”

နင်ပက ပြော၏။ “သဘောပေါက်ပြီ။ ကျုပ်တို့က ရှမ့်လန်ကို အသုံးပြုပြီး တခြားသူတွေကို အသိပေးဖို့ ပြဇာတ် ကပြရတော့မှာပေါ့။ ရှမ့်လန်ရဲ့ သေဆုံးမှုကိုအသုံးပြုပြီး တခြားသဘာဝလွန် အင်အားစုတွေကို ဟန့်တားရမှာပေါ့။”

လက်မှုပညာရှင်ကြီးက ပြောသည်။ “အမှန်ပါပဲ။ တောင်ပင်လယ်ဒေသက ရှေးဟောင်းအပျက်အစီးတွေကို ဖွံ့ဖြိုးအောင် လုပ်ပြီးတဲ့နောက်မှာ စေတီတောင်က တော်တော်လေး လွန်သွားခဲ့ပြီ။ ကျုပ်တို့ အမှီလိုက် ရလိမ့်မယ်။ မဟုတ်ရင် နောက်ကောက်ကျ ကျန်ခဲ့လိမ့်မယ်။”

.....................

ကောင်းကင်ပင်လယ်နန်းဆောင်၏ မြင့်မားသော မျှော်စင်တစ်ခုပေါ်မှာတော့ ...

“နင်ဟန်... ဒါက စေတီတောင်၊ ကောင်းကင်အပြစ်ပေးနန်းဆောင်၊ တုံ့ကျန်းဘုရားကျောင်းနဲ့ ရှန့်ကုန်း ဘုရားကျောင်းတို့က လေ့လာသူတွေပဲ။ သူတို့ကလည်း မင်းရဲ့အထင်ကရ သင်္ဘောပေါ် လိုက်လာပြီး နုရှောင့်မြို့တော် ကို တိုက်ခိုက်တဲ့နေရာမှာ လိုက်ပါလာကြလိမ့်မယ်။”

ချက်ချင်းဆိုသလိုပဲ ဒါဇင်ပေါင်းများစွာသော လေ့လာသူများက နင်ဟန်ကို ဦးညွတ်ကာ ပြော၏။ “သခင်မလေး နင်ဟန်ကို ဂါရဝပြုပါတယ်။ ဒါက စိတ်ဝင်စားဖို့ ကောင်းတယ်။”

ထိုအရာက တကယ့်ကို စိတ်ဝင်စားစရာကောင်း၏။ ခေတ်သစ်လောကမြေမှ ရေကြောင်းစစ်ပွဲများနှင့်ပင် ဆင်တူနေ၏။ လေ့လာသူများပင် ပါဝင်နေသေး၏။ တရုတ်-ဂျပန် ကြားဖြတ်စစ်ပွဲတုန်းက အနောက်နိုင်ငံ တွေက ရေကြောင်းစစ်ပွဲတစ်ခုလုံးကို ကြီးကြပ်ဖို့နဲ့ ကြည့်ရှုဖို့ လေ့လာသူတွေ စေလွှတ်ခဲ့ကြသည်။

အနည်းငယ် စကားစမြည်ပြောပြီးနောက် ဒါဇင်ပေါင်းများစွာသော လေ့လာသူများ ထွက်ခွာသွားကြ၏။

“နင်ဟန်... ဒီစစ်ပွဲကို ဘယ်လိုတိုက်ရမလဲ ဆိုတာ မင်းသိမှာပါ။” နန်းဆောင်သခင် ကျိုးရှီက ပြောသည်။

နင်ဟန်က ပြောလိုက်၏။ “သိပါတယ်။ မိုးကြိုးပစ်ချသလို ပြင်းထန်တဲ့ ထိုးနှက်ချက်တွေနဲ့ ရှမ့်လန်ရဲ့ စစ်တပ်၊ တော်ဝင်ချန်မင်းဆက်လို့ ခေါ်တဲ့နိုင်ငံနဲ့ နုရှောင့်မြို့တစ်ခုလုံးကို ဖျက်ဆီးပစ်ရမှာပါ။”

နန်းဆောင်သခင် ကျိုးရှီက ပြောသည်။ “ဒီစစ်ပွဲမှာ ရှမ့်လန်ကို သုတ်သင်တာက ဒုတိယအရေးကြီးဆုံးပဲ။ အရေးကြီးဆုံးက တခြားသဘာဝလွန်အင်အားစုတွေကို ချိန်းခြောက်ဖို့၊ အထူးသဖြင့် စေတီတောင်နဲ့ ကောင်းကင်အပြစ်ပေး နန်းဆောင်ကိုပေါ့။ ငါတို့ရဲ့အစွမ်းအစကို ပြသပြီး မိုင်တစ်သောင်းသေမင်း သဲကန္တာရထဲမှာ ပြုလုပ်မယ့် ဖွံ့ဖြိုးရေးကိစ္စရပ်တွေကို ဝင်မရှုပ်အောင် တားဆီးရလိမ့်မယ်။”

မင်းသမီးနင်ဟန်က မေးလိုက်၏။ “တော်ဝင်ရန်အင်ပါယာက လေ့လာသူတွေ ဘယ်မှာလဲ။”

နန်းဆောင်သခင် ကျိုးရှီက ပြောသည်။ “မင်းသားလျန်ရဲ့သား ဦးဆောင်တဲ့ အဖွဲ့တွေ လိုက်ပါလာလိမ့်မယ်။”

နင်ဟန်က မေးလိုက်၏။ “နင်ယန်နဲ့ လက်ထပ်ခဲ့တဲ့ တစ်ယောက်လား။”

နန်းဆောင်သခင် ကျိုးရှီက ပြောသည်။ “ဟုတ်တယ်။ သူပဲ။

ထိုသူက ယောက်ျား၊ မိန်းမ ကိစ္စတွေကို ဂရုစိုက်တတ်သူ မဟုတ်ချေ။ တိုက်ခိုက်နိုင်ရုံသာမက ခုခံရာတွင်လည်း ကျွမ်းကျင်သူဖြစ်၏။ တကယ့်ကို ဗရိုဗရဲနှင့် လူတစ်ယောက်ပင်။

နင်ဟန်က ပြော၏။ “ရှမ့်လန်က ထျန်းနန်ပြည်နဲ့ ပင်လယ်ကမ်းစပ်မှာရှိတဲ့ ကျွန်မတို့ရဲ့ ကောင်းကင်ပင်လယ် နန်းဆောင်ကို အမြှောက်တွေနဲ့ ပစ်ခတ်နေတုန်းပဲ။”

နန်းဆောင်သခင် ကျိုးရှီက ပြောသည်။ “အဲဒီ မြေခွေးကောင်လေးက ငါတို့ရဲ့အကြံကို ရိပ်မိနေပြီ။ မျက်နှာစာမှာ ရှိနေတာက ကောင်းကင်ပင်လယ်နန်းဆောင် အတုပဲဆိုတာ သူသိတယ်။ သူက လက်နက်သစ်တွေကို စမ်းသပ်နေတာပဲ၊ သူ့ကို ဂရုမစိုက်နဲ့။ ရေတပ်ကို ဦးဆောင်ပြီး နုရှောင့်မြို့တော်ကို ဖျက်ဆီးပစ်လိုက်၊ မိုးကြိုးပစ်ချသလို အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေ ပြုလုပ်ရမယ်။”

မင်းသမီးနင်ဟန်က ခေါင်းညိတ်ကာ ပြော၏။ “နားလည်ပါပြီ။ မနက်ခင်း အပြင်ထွက်ပြီးတော့ ခြံဝင်းထဲက ပုရွက်စိတ်အုပ်ကို နင်းချလိုက်ရသလို ခံစားချက်မျိုးပါပဲ။ ပြီးတော့ အိမ်ပြန်ပြီး လက်ဖက်ရည် ဆက် သောက်ရုံပေါ့။”

နန်းဆောင်သခင် ကျိုးရှီက ပြောသည်။ “ကောင်းပြီ။ အရမ်းကောင်းတယ်။ သွားတော့။”

မင်းသမီးနင်ဟန်က ပြော၏။ “ဒါနဲ့ ဆရာ... ကျိုးဟုန်ရွှဲ့က ဘယ်မှာလဲ၊ ဘယ်လိုလဲ။”

နန်းဆောင်သခင် ကျိုးရှီက ပြောသည်။ “သူက လမ်းထဲမှာ ပိတ်မိနေတုန်းပဲ။ သူ့ကို လျစ်လျူရှုထားလိုက်။”

မင်းသမီးနင်ဟန်က အပြင်ဘက်သို့ ထွက်ခွာသွား၏။ တံခါးဝသို့ ရောက်ချိန်မှာတော့ သူမက ရုတ်တရက် လှည့်ကြည့်၏။ “ဆရာ... ကျွန်မ အဲဒီစွန့်စားခန်းကို ဖွင့်ဖို့ လိုအပ်လို့လား။ ကျွန်မရဲ့ ဒီခန္ဓာကိုယ်ကို စွန့်လွှတ်ရမယ့် စွန့်စားမှုမျိုးလေ။”

နန်းဆောင်သခင် ကျိုးရှီက ပြောသည်။ “ငါက မင်းရဲ့ဆရာဖြစ်ပေမဲ့ ဒီဆုံးဖြတ်ချက်ကိုတော့ မင်းကိုယ်တိုင်ပဲ ချမှတ်ရလိမ့်မယ်။ မင်းက တစ်ကြိမ်ပြန်လည် မွေးဖွားပြီးသား လူတစ်ယောက်မလို့ပဲ။”

မင်းသမီးနင်ဟန်က ပြော၏။ “နားလည်ပါပြီ။ ဒါဆိုရင် ကျွန်မ သွားလိုက်ပါအုံးမယ်။”

နန်းဆောင်သခင် ကျိုးရှီက ပြောသည်။ “သွားတော့... ပြီးရင် မြန်မြန်ပြန်လာခဲ့တော့။”

...........

ကောင်းကင်ပင်လယ်နန်းဆောင်၏ ရေတပ်သင်္ဘောအုပ်စုက ပင်လယ်ပြင်၌ တိုက်ရိုက်ပေါ်ထွက်လာ၏။ စစ်သင်္ဘော အစင်း ၅၀၀ နှင့် လူအင်အား ၈ သောင်းကျော် ပါဝင်သည်။

ကောင်းကင်၏ အာဏာစက်ကို ဖီဆန်နိုင်သည့် ရှေးဟောင်းစစ်သင်္ဘောကြီး ၄ စင်းနှင့် သံချပ်ကာတစ်ပိုင်း တပ်ဆင်ထားခဲ့သည့် စစ်သင်္ဘော ဒါဇင်ပေါင်းများစွာ ပါဝင်၏။

သွေးဝိညာဉ်တပ်သား ၅ သောင်းနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားခဲ့သည့် အထူးသိုင်းပညာ တပ်ဖွဲ့ဝင် ၅၀၀ လည်း ပါရှိသည်။ ရှေးဟောင်းမြားကြီးများက ၈၀၀ ကျော်နှင့် ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေး ကိရိယာ ၉ ခု ပါဝင်၏။

ရှေးဟောင်း လေးပေါင်း ၁ သောင်းနှင့် ရှေးဟောင်း ဒူးလေးပေါင်း ၃ ထောင်လည်း ပါရှိ၏။ ပုံမှန် အခြေအနေအရဆိုလျှင် ဤစစ်တပ်က ရှမ့်လန်၏ နုရှောင့်မြို့ကို ဆယ်ကြိမ်ထက်မက ဖျက်ဆီးပစ်ရန်ပင် လုံလောက်၏။

အင်ပါယာရန်၊ မင်းသားလျန်၏ သားတော်က တကယ်ပင် ထူးခြာ၏။ သူက မင်းသမီးနင်ဟန်၏ ရှေးဟောင်း စစ်သင်္ဘောပေါ်သို့ တက်ရောက်၏။ သူက နန်းတွင်းလေ့လာသူ သံတမန်များကို ခေါ်ယူလာရုံသာမက ရင်သပ်ရှုမောဖွယ်ရာ အလှပဂေးများအပြင် ချောမောသည့် အမျိုးသားအချို့ကိုပါ ခေါ်ဆောင်လာသည်။

“ဒီရှေးဟောင်းစစ်သင်္ဘော တစ်စင်းတည်းနဲ့ ရှမ့်လန်ရဲ့ ရေတပ်သင်္ဘော တစ်ခုလုံးကို ဘာထိခိုက်မှုမှ မရှိဘဲ ဖျက်ဆီးဖို့ လုံလောက်နေပြီ။ ဒီအထူးသိုင်းတပ်ဖွဲ့ဝင် ၅၀၀ နဲ့တင် ရှမ့်လန်ရဲ့ သောင်းနဲ့ချီတဲ့ တပ်ဖွဲ့တွေကို သတ်ဖြတ်ဖို့ လုံလောက်နေပြီ။ မြက်တစ်ပင်တောင် ကျန်မှာ မဟုတ်တော့ဘူး။ ဟုတ်တယ်။ ကောင်းကင်ပင်လယ် နန်းဆောင်က ဒီလောက်ထိ အကြီးအကျယ် လုပ်ပြနေစရာတော့ မလိုပါဘူး။ အရှင်ရှမ့်လန် ဆိုတာကြီးက ကြောက်သွားပါအုံးမယ်။”

လေ့လာသူ ဒါဇင်ပေါင်းများစွာတို့က ခွင့်ပြုထားခဲ့သည့် အကွာအဝေးအတွင်းမှ ရှေးဟောင်း စစ်သင်္ဘောကြီးကို လေ့လာကြည့်ရှုနေ၏။ သူတို့က အံ့အားကြီးစွာဖြင့် တောက်ခေါက်လျက် ရှိနေကြ၏။ အထူးသဖြင့် ရှန့်ကုန်းဘုရားကျောင်းနှင့် တုံ့ကျန်းဘုရားကျောင်းမှ လေ့လာသူများပင်။ ထိုသူတို့၏ မျက်လုံးထဲတွင် အားကျမှုများ ပြည့်နှက်နေ၏။

ကောင်းကင်အပြစ်ပေးမှု နန်းဆောင်မှ လေ့လာသူများက ဂရုမစိုက်ဟန် ရှိ၏။ စေတီတောင်မှ လေ့လာသူများကလည်း စကားတစ်ခွန်းမှ မဆိုဘဲ ပြုံးနေ၏။ သူတို့က နားမလည်သော်လည်း အံ့မခန်း ဖြစ်သည်ဟုတော့ ယူဆကြ၏။ တစ်စုံတစ်ယောက်က ရုတ်တရက် မေးသည်။ “ကျောက်စိမ်းဖြူမြို့တော်က လေ့လာသူက ဘယ်မှာလဲ။”

မည်သူမျှ ပြန်မဖြေကြချေ။ အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းဖြူမြို့တော်က ထိုကဲ့သို့သော အရာများကို ဂရုမစိုက်သောကြောင့်ပင်။ အင်ပါယာ၏ အမိန့်တော်ကသာ သူတို့၏ လှေငယ်လေးကို ပေါ်လာစေနိုင်၏။ သူတို့က မျက်နှာပြစရာပင် မလိုအပ်ချေ။ အခြားသောသူများအတွက်ကတော့ အားနာပါသည်။ သူတို့က လှေငယ်လေး လွှတ်လိုက်ဖို့တောင် စိတ်မဝင်စားချေ။

ကျောက်စိမ်းဖြူမြို့တော်၏ မာန်မာနက ပြိုင်ဘက်ကင်း၏။ ရှမ့်လန်က ကျောက်စိမ်းဖြူမြို့တော်နှင့် အကြိမ်ကြိမ် ထိတွေ့ဆက်ဆံခဲ့ဖူးသော်လည်း ကျောက်စိမ်းဖြူမြို့တော်မှ လူများ၏ မျက်နှာတစ်ခြမ်းကိုပင် မမြင်ခဲ့ရဖူးချေ။

ကောင်းကင်ပင်လယ်နန်းဆောင်၏ အဖျက်စွမ်းအားကြီးမားသည့် ရေတပ်ကြီးက အလွန်လျင်မြန်စွာ ခရီးနှင်နေ၏။ သူတို့က သာမန်သင်္ဘောများ မောင်းနှင်နိုင်ရန်ပင် အိမ်မက်ဆိုး ကျောက်တုံးများ တပ်ဆင်ထား၏။ သို့သော်ငြား စွမ်းအင်က တကယ့်ကို တန်ဖိုးကြီးမားသောကြောင့် ချက်ချင်း အသုံးပြုခြင်းတော့ မလုပ်ကြသေးချေ။

နှစ်ရက်အကြာမှတော့ နင်ဟန်၏ အဖျက်စွမ်းအားကြီးမားသည့် ရေတပ်ကြီးက ထျန်းနန်ပြည်နယ် ရေပိုင်နက်ထဲသို့ ဝင်လာ၏။

ယခု ကောင်းကင်ပင်လယ်နန်းဆောင်ကို တိုက်ခိုက်ရန် ရှမ့်လန် စီစဉ်ထားသည့် ရေတပ်က ထွက်ပြေးပြီး နုရှောင့်မြို့တော်သို့ ပြန်ဆုတ်သွား၏။ မြေပြင်ပေါ်ရှိ တပ်သား ၃ ထောင်က အစအနမကျန် ပျောက်ကွယ်သွား၏။ သူတို့၏ ကောင်းကင်ပင်လယ်နန်းဆောင် မျက်နှာပြင်အပေါ် ပစ်ခတ်နေခြင်းက ရပ်တန့်သွားသည်။

နင်ဟန်၏ အဖျက်စွမ်းအားကြီးမားသည့် ရေတပ်က သိုးအုပ်ထဲသို့ တိုးဝင်လာခဲ့သည့် ကျားရိုင်းတစ်ကောင် ကဲ့သို့ပင် နုရှောင့်မြို့တော်သို့ ဦးတည်ချီတက်လာစဉ်မှာပဲ အတားအဆီးမဲ့ ရိုင်းစိုင်းကြမ်းကြုတ်လွန်း၏။ ရုတ်တရက် သေမင်းတမန် ရောက်ရှိလာသကဲ့သို့ ခံစားရ၏။

ဖြတ်သန်းသွားလာရာ နေရာတိုင်းတွင် ကောင်းကင်ယံပြည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ဖုံးလွှမ်းနေသည်။

All Chapters