အခန်း (၁၀၀၅-၁၀၀၆)
Vol. 60 Ch. 1005-1006
အပိုင်း (၁၀၀၅)
ရှမ့်လန်က လက်ခုပ်တီးလိုက်၏။ “ပြီးသွားပြီပဲ။”
ကြီးမားလွန်းသည့် လက်နက်ပစ်စင်ကို နောက်ဆုံးတွင် တပ်ဆင်ပြီးစီးသွားခဲ့၏။ “ဒီအရာကို မြေပြင်ပေါ်မှာ ရွှေ့ပြီးတော့ ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက်နဲ့ ချိတ်ဆက်လိုက်။”
အမိန့်အတိုင်းပင် ထောင်ပေါင်းများစွာသော လူများက စတင်လုပ်ဆောင်ကြ၏။ သံမဏိကြိုး ရာပေါင်းများစွာနှင့် စတီးရာပေါင်းများစွာတို့ စတင်လည်ပတ်သည်။
“ဆွဲတင်... ဆွဲတင်ကြ။” ဧရာမကိရိယာကြီးက မြေအောက်ဓာတ်ခွဲခန်းမှ ဖြည်းညှင်းစွာ ကြွတက်လာ၏။
ဤဧရာမအရာကြီးကို ချထားရန် ရှမ့်လန်က ရဲတိုက်တစ်ခုလုံးကို ပြန်လည်ပြုပြင်ခဲ့ရပြီး စတုရန်း မီတာ တစ်ထောင်ကျော်ကျယ်သော ဧရာမ ပလက်ဖောင်းကြီးတစ်ခုကို တည်ဆောက်၏။ ဧရာမ ကိရိယာကြီးက ပလက်ဖောင်းပေါ်သို့ ဆွဲတင်ရန်ပင် နာရီအနည်းငယ် ကြာမြင့်ခဲ့သည်။
“စွမ်းအင်ထိန်းချုပ်ရေး ဗဟိုချက်ကို မောင်းနှင်လိုက်။”
ရုတ်တရက် နုရှောင့်မြို့တော် တစ်ခုလုံးကို ရှေးဟောင်းစွမ်းအင် ဗဟိုချက်က လွှမ်းခြုံသွား၏။ “နဂါးနောင်တကို အသက်သွင်းမယ်။”
ရှမ့်လန်က အမိန့်ပေးလိုက်ပြီးသည်နှင့် ထိုအရာကို ကိုယ်တိုင်ကိုင်တွယ်သည်။
ရှေးဟောင်းစွမ်းအင် ကိရိယာကို မောင်းနှင်သည့် လုပ်ငန်းစဉ်က တကယ့်ကို ရှုပ်ထွေး၏။ အိမ်မက်ဆိုး ကျောက်တုံး ၁၀ တုံးကျော်ကို အသက်သွင်းရ၏။ နောက်ဆုံးတွင် အဓိကကျသည့် အိမ်မက်ဆိုး ကျောက်တုံး ယန္တာရားကို ရုတ်တရက် လှည့်၏။
အံ့အားသင့်ဖွယ်ရာ ကိစ္စရပ်က ဖြစ်ပေါ်လာ၏။ ကြီးမားလွန်းသည့် ဒူးလေးကြီးက ရုတ်တရက် ပေါ့ပါးသွားခဲ့ပြီး လူတစ်ယောက်တည်း၏ အင်အားနှင့်ပင် ၃၆၀ ဒီဂရီ လှည့်ပြောင်းနိုင်၏။ သို့သော်ငြား ရှေးဟောင်း ယဉ်ကျေးမှု၏ အလှအပအမြင်အရ ထိုဒူးလေးကြီးက ဧရာမ ဒူးလေးကြီးတစ်ခုနှင့်ပင် တူနေသေး၏။ ထိုအရာက စတုရန်းမီတာ ၁၀၀ ကျော်ရှိပြီး ကီလိုဂရမ် ၂ သိန်းကျော် လေးလံသည်။
ဤအရာက မဟာဗျူဟာမြောက် လက်နက်တစ်ခု ဖြစ်၏။ ပုံမှန်အသွင်အပြင်ကိုတော့ ပြောင်းလဲ၍ မရနိုင်ချေ။ ဒူးလေးကြီးဟု ခေါ်၍မဖြစ်ချေ။ ထို့ကြောင့် ရှမ့်လန်က ထိုအရာကို “နဂါးနောင်တ” ဟု အမည် ပေးထား၏။
“နဂါးနောင်တ မဟာဗျူဟာမြောက် လက်နက်... ပထမဆုံးအကြိမ် စတင်ပစ်ခတ်ဖို့ ပြင်ဆင်။”
ပုံစံများနှင့် ဆက်စပ် ရှေးဟောင်းစာပေများကို ဖတ်ရှုပြီးနောက် ထိုအရာက အထူးကို စွမ်းအားထက်သော လက်နက်တစ်ခု ဖြစ်ကြောင်း ရှမ့်လန်က တွေ့ရှိခဲ့၏။ နဂါးနောင်တကို ပစ်ခတ်နိုင်ရုံသာမက တခြား ကြီးမားလွန်းလှသည့် ဧရာမ မြားကြီးများကိုလည်း ပစ်ခတ်နိုင်၏။ တစ်ခုချင်း ပစ်ခတ်နိုင်ရုံသာမက အစုပြုံလိုက် ပစ်ခတ်နိုင်ပြန်သည်။
အမေဇုန်မျိုးသမီး စစ်သည်တော် အများအပြားက သံမဏိမြားကြီး တစ်စင်းကို ထမ်းလာ၏။ ထိုအရာက မီတာ ဒါဇင်ချီ ရှည်လျားပြီး တစ်ပေကျော် ထူ၏။ ထိုအရာ၏ ပုံပန်းသွင်ပြင်က နဂါးနောင်တနှင့် ထပ်တူနီးပါး တူညီနေသော်လည်း အထဲတွင်တော့ အခေါင်းပွမျိုးပင်။ အကယ်၍ ထိုအရာက အပြည့်သာ ဖြစ်နေပါက အလေးချိန်က တကယ့်ကို ထိတ်လန့်ဖွယ်ရာ ဖြစ်ပေလိမ့်မည်။
“အိမ်မက်ဆိုးကျောက်တုံး ပစ်မှတ်ချိန်စက် မောင်းနှင်မယ်။ အသက်သွင်း... မီတာ သောင်းသုံးထောင် အကွာအဝေး ပစ်မှတ်။”
ရုတ်တရက် အလင်းတန်းတစ်ခုက မီတာ ၁ သောင်း အကွာအဝေးကျော်ကို ပစ်လွှတ်၏။ သံမဏိ အပိုင်းအစ ကဲ့သို့သော ဧရာမ သင်္ဘောကြီး တစ်စင်းပေါ်သို့ ကျရောက်၏။
“ပစ်...” ရှမ့်လန်က အိမ်မက်ဆိုးကျောက်တုံး ပစ်ခတ်ရေး ခလုတ်ကို လှည့်၏။ ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီး အပြာရောင် အလင်းတန်းတစ်ခုက လက်ခနဲ ဖြစ်သွားသည်။
နုရှောင့်မြို့တော် တစ်ခုလုံး၏ လေထုက တုန်ခါသွားခဲ့၏။ ရုတ်တရက် အစမ်းလေ့ကျင့်သည့် ဧရာမမြားကြီး က မိုးကြိုးပစ်လွှတ်လိုက်သကဲ့သို့ပင် ထွက်ခွာသွား၏။ ထိုအရာ၏ အလျှင်က အသံ၏ အမြန်နှုန်းနီးပါး ရှိပြီး အသံထက်မြန်သည့် ပေါက်ကွဲသံကို ဖြစ်ပေါ်စေလုနီးပါးပင်။
“ရွှီ.....”
တစ်မိနစ်အောက် လျော့နည်းသည့် အချိန်အတွင်း ....
“ဘုန်း....” ကျယ်လောင်လှသော အသံကြီးက ထွက်ပေါ်လာ၏။
အစမ်းလေ့ကျင့်သည့် ဧရာမမြားကြီးက ပင်လယ်ပြင်ပေါ်ရှိ ဧရာမ သင်္ဘောကြီးကို ထိမှန်၏။ ပေါက်ကွဲခြင်း မရှိသော်လည်း အစမ်းလေ့ကျင့်သည့် ဧရာမမြားကြီးက သင်္ဘောကြီးကို အလွယ်တကူ ဖောက်ထွက်သွားခဲ့ပြီး ကြီးမားသည့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေသည်။
ဤသည်က အစမ်းလေ့ကျင့်သည့် ဧရာမမြားကြီးသာ ဖြစ်ပြီး နဂါးနောင်တကိုမူ အိမ်မက်ဆိုးကျောက်တုံး များဖြင့် စွမ်းအင်ဖြည့်ထား၏။ တစ်ကြိမ် ပစ်လွှတ်လိုက်သည်နှင့် ထိုအရာ၏ အမြီးမှ မီးတောက်များကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။
မည်မျှ ဝေးဝေးကို ပစ်နိုင်မည်နည်း။ ရှမ့်လန် မသိချေ။ သို့သော်ငြား သေချာပေါက် ကီလိုမီတာ ၁၀၀ ကျော်မှာ ဖြစ်ပြီး ထို့ထက်ပင် ပို၍ ဝေးကွာနိုင်၏။
သို့သော်ငြား ရှမ့်လန်တွင် နဂါးနောင်တ တစ်ခုတည်းသာ ရှိသောကြောင့် စမ်းသပ်၍ မရနိုင်ချေ။ သို့သော်လည်း သာမန် ဧရာမမြားကြီး တစ်စင်းကပင်လျှင် မိုင်တာ သောင်းနှင့်ချီ ကွာဝေးသည့်နေရာသို့ ပစ်လွှတ်နိုင်ကြောင်း သူသိ၏။ သို့သော်ငြား ရှေးဟောင်းစွမ်းအင် ဗဟိုချက်ကို ချိုးခြံချွေတာရန် ရှမ့်လန်က ဒုတိယအကြိမ် စမ်းသပ်ရန် ဝန်လေးနေ၏။ အဘယ့်ကြောင့်ဆိုသော် ထိုနဂါးနောင်တ ကိရိယာတွင် ကိုယ်ပိုင် စွမ်းအင်ရင်းမြစ် မရှိသောကြောင့်ပင်။ ထိုအရာက စွမ်းအင်ဗဟိုချက်အပေါ် လုံးဝ မှီခိုနေရသည်။
“အစီရင်ခံပါတယ်။ အရှင်... နင်ဟန်က ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ရေတပ်ကို ဦးစီးပြီး နုရှောင့်မြို့တော်ကို ဦးတည်လာနေပါတယ်။ သူတို့က ကီလိုမီတာ ၂၃၀၀၀ အကွာမှာ ရှိနေပါတယ်။”
ရှမ့်လန်က မေးလိုက်၏။ “ရေတပ်က ကြီးလား။”
“အရမ်းကို ကြီးပါတယ်။”
ရှမ့်လန်က မေး၏။ “လျှို့ဝှက်လက်နက်တွေ အများကြီးပါလား၊ အိမ်မက်ဆိုးကျောက်တုံးတွေရော၊ စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက်တွေရော အများကြီး ပါလာတာလား။”
“ဟုတ်ပါတယ်... အများကြီး ပါလာပါတယ်။”
ရှမ့်လန်က နှိုင်းယှဉ်၍ မရအောင် စိတ်လှုပ်ရှားသွားသည်။ “အားလုံးပဲ... ငါတို့တော့ ရွှေတွင်းကြီး တွေ့ပြီပဲ။”
“အရှင်မင်းကြီး... ထျန်းနန်ပြည်နယ်က ကောင်းကင်ပင်လယ်နန်းဆောင်ကရော ဘယ်လိုလဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ အဲဒီအရာကို တစ်ခါတည်း မြေလှန်ပစ်လိုက်တော့။”
ထျန်းရွှဲ့မြို့တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်က အချိန်အတော် ကြာမြင့်ခဲ့ပြီဖြစ်၏။ ဝူနှင့် ချောင်ပြည်နယ်တို့က တော်ဝင်ရန် အင်ပါယာကို ပုန်ကန်ခဲ့ပြီး တော်ဝင်ချန်မင်းဆက်ကို သစ္စာခံခဲ့သည်က အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။
တော်ဝင်ရန်အင်ပါယာ၏ စစ်တပ်က ရူးသွပ်မတတ် အရှိန်အဝါဖြင့် စုစည်းနေဆဲပင်။ ဤအဆင့်ရှိသည့် စစ်တပ်ကြီးကို ပြီးပြည့်စုံစေရန် လအနည်းငယ် ကြာမြင့်အုံးမှာဖြစ်၏။
သို့သော်ငြား လောကတစ်ခုလုံးကို ထိန်းချုပ်နေသည့် လက်တစ်စုံ ရှိနေသကဲ့သို့ပင်။ ကောင်းကင်ပင်လယ်နန်းဆောင်၏ အဖျက်စွမ်းအားကြီးမားသော ရေတပ်ကြီးက အလုပ် စလုပ်လိုက်သည်နှင့် တပြိုင်နက် အရှေ့ဘက်လောက၏ မြောက်ပိုင်းတစ်ခုလုံးကလည်း လှုပ်ရှားလာခဲ့သည်။
အဓိပတိအင်ပါယာက မည်သည့်အမိန့်ကိုမှ မပေးသေးသော်လည်း မရေတွက်နိုင်သည့် စစ်တပ်များက စတင်လှုပ်ရှားလာခဲ့ပြီ ဖြစ်၏။
ပထမဦးဆုံး စတင်လှုပ်ရှားသူက ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားပင်။ သူက တပ်ဖွဲ့ဝင်သုံးသိန်းကို ဦးဆောင်ပြီး တောင်ဘက်သို့ ချီတက်လာ၏။ ဟုတ်ပေ၏။ သူ၏အနောက်ပိုင်းစစ်သည်များက ဤတပ်ဖွဲ့ဝင် များထက် ပို၍ များပြား၏။ အနောက်ပိုင်းစစ်တပ်တွင် နိုင်ငံပေါင်း ငါးနိုင်ငံထက်မနည်း ပါဝင်နေသည်။ ဤစစ်ဆင်ရေး၏ အတိုင်းအတာက ကြီးမားလွန်း၏။ ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ တပ်ဖွဲ့အားလုံးကို တစ်နေရာထဲ စုစည်းထားရန် မဖြစ်နိုင်ချေ။
ကျင်းနိုင်ငံက ချောင်ပြည်နယ်နှင့် အဝေးဆုံးတွင် တည်ရှိ၏။ ထို့ကြောင့် ကျင်းနိုင်ငံ၏ ပင်မတပ်ဖွဲ့က ပထမဦးဆုံး စတင်လှုပ်ရှားခဲ့ခြင်းပင်။ တခြားသော လက်အောက်ခံနိုင်ငံများမှ တပ်ဖွဲ့များကလည်း တောင်ဘက်သို့ ရွေ့လျားလာ၏။ နောက်ဆုံးမှာတော့ သူတို့က ချောင်ပြည်နယ်၏ အနောက်ဘက် လူသူ ကင်းမဲ့သည့် တောရိုင်းမြေတွင် စုံစည်းကြသည်။
ရင်ဝူမင် ဦးဆောင်သည့် အလယ်ပိုင်းစစ်တပ်ကြီးက အင်အား အများဆုံးပင်။ အရေးကြီးဆုံး တာဝန်ကိုလည်း ယူထား၏။ ချန်နိုင်ငံသစ်မှနေ၍ ချောင်ပြည်နယ်ကို တိုက်ခိုက်ရပေမည်။
...............
လမ်းခရီးမှာတော့ ဦးခေါင်းခွံဂိုဏ်း၏ ရေတပ်သင်္ဘာက အမှတ်မထင် နင်ဟန်တို့နှင့် ထိပ်တိုက်တွေ့မိသည်။ သူတို့က အလျှင်အမြန် ပြန်လှည့်ကာ ပြေးကြသည်။ သို့ပေမည့် ကံဆိုးစွာဖြင့် သင်္ဘောတစ်စင်းက ဗွေဖောက်ပြီး ထိန်းချုပ်နိုင်စွမ်းကိရိယာများ ပျက်စီးသွားသည်။ ထို့ကြောင့် ပြေး၍မရတော့ချေ။
သူတို့က မထူးဇာတ်ခင်းကာဖြင့် နင်ဟန်တို့၏ သင်္ဘောကို အမြှောက်နှင့် လှမ်းပစ်ကြသည်။ “ပစ်”
“ဝုန်း…”
ဒုတိယအကျော့ ပစ်ခတ်လိုက်သည့် အမြှောက်ကျည် ဒါဇင်ပေါင်းများစွာတို့က ကောင်းကင်ပင်လယ် နန်းဆောင်၏ ဦးစီးသင်္ဘောနှင့် မီတာ တစ်ထောင်ကျော် အကွာအဝေးရှိ လေထုထဲတွင်ပင် ကြားဖြတ် ဟန့်တားဖောက်ခွဲခံလိုက်ရ၏။
“ဘုန်း... ဘုန်း...”
မရေတွက်နိုင်အောင် များပြားသည့် မီးတောက်များက လေထုထဲတွင် နောက်တစ်ကြိမ် ပေါက်ကွဲသွား၏။ လူတိုင်း၏ မြင်ကွင်းကို ဖုံးကွယ်သွားသည်။
စက္ကန့် ၃၀ ကြာပြီးနောက်မှာတော့ လေထုထဲရှိ မီးခိုးငွေ့အားလုံးက ကင်းစင်သွား၏။
သူတို့၏ရှေ့တွင်ရှိနေသည့် ရှမ့်လန်၏ စစ်သင်္ဘော ပျောက်ကွယ်သွားသည်ကို မြင်ရ၏။ အားလုံးက ထိတ်လန့်သွားကြ၏။ ပင်လယ်ရေမျက်နှာပြင်ထက်တွင် အပျက်အစီးများစွာ မျောပါနေ၏။ တစ်ချက်တည်းနှင့် အပြတ်ရှင်းလိုက်ခြင်းပင်။
စစ်သင်္ဘော တစ်စင်းလုံး လုံးဝ တိတ်ဆိတ်ငြိမ်သက်သွား၏။ လေ့လာသူ အားလုံးကပင် စကားပင် မဆိုနိုင်တော့ချေ။ ကောင်းကင်ပင်လယ်နန်းဆောင်၏ ရှေးဟောင်း စစ်သင်္ဘောကြီးက အဘယ်ကြောင့် ဤမျှသည် စွမ်းအားကြီးမားနေရသနည်း။
တကယ်တမ်းမှာတော့ ရှမ့်လန်၏ စစ်သင်္ဘောအစွမ်းကလည်း ထိတ်လန့်ဖွယ်ရာပင်။ အကယ်၍ ယခင် စစ်သင်္ဘောများသာ ဆိုပါက ရန်နန်းဖေး၏ ရေတပ်ကဲ့သို့ ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။ သို့သော်ငြား နင်ဟန်၏ ဦးစီးသင်္ဘောရှေ့တွင် ခုခံနိုင်စွမ်းပင် မရှိဘဲ ချက်ချင်း အသတ်ဖြတ် ခံလိုက်ရ၏။
အချိန်ခဏကြာပြီးနောက် တစ်စုံတစ်ယောက်က လှမ်းကာပြော၏။ “တကယ်တော့ ကောင်းကင်ပင်လယ် နန်းဆောင် အနေနဲ့ ဒီလိုကြီးမားတဲ့ ရေတပ်ကြီး စေလွှတ်စရာတောင် မလိုလောက်ဘူး။ ဒီဦးစီးသင်္ဘော တစ်စင်းတည်းနဲ့တင် ရှမ့်လန်ရဲ့ ရေတပ်တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်နေပြီ။”
မင်းသမီးနင်ဟန်က ပြန်မဖြေချေ။ ထိုအစား သူမက အေးစက်စက်နှင့် အမိန့်ပေး၏။ “ရေတပ်အရှိန်ကို မြှင့်ပြီးတော့ နေမဝင်ခင် နုရှောင့်မြို့တော်ကို ရောက်အောင်သွားမယ်။”
“အမိန့်တော်အတိုင်းပါပဲ။”
ချက်ချင်းပဲ ကောင်းကင်ပင်လယ်နန်းဆောင်၏ အထူးရေတပ်ကြီးက အရှိန်မြှင့်တက်လာခဲ့၏။ အိမ်မက်ဆိုးကျောက်တုံးများ အားလုံးကို မောင်းနှင်လိုက်ပြီး ရေတပ်တစ်ခုလုံးက တစ်နာရီလျှင် ၂၃ ကီလိုမီတာ အံ့မခန်း အမြန်နှုန်းကို ရောက်ရှိသွားသည်။
သူတို့က နုရှောင့်မြို့တော်ဆီသို့ ခံ့ညားထည်ဝါစွာ ဦးတည်သွား၏။
မကြာခင်မှာပဲ ဦးခေါင်းခွံဂိုဏ်းမှ ပင်လယ်ဓားပြများစွာတို့က ပင်လယ်ပြင်တွင် ပေါ်ပေါက်လာ၏။
ကောင်းကင်ပင်လယ်နန်းဆောင်၏ ရေတပ်ကို နောက်ကျောဘက်မှ လှမ်းကာကြည့်၏။ “ခေါင်းဆောင်... နုရှောင့်မြို့တော် သွားပြီလား။ ရန်သူ့ရေတပ်က အရမ်းကို အားကောင်းလွန်းတယ်။ ကျုပ်တို့ ဦးခေါင်းခွံဂိုဏ်း လည်း သွားပြီလား။ တော်ဝင်ချန်မင်းဆက်ကလည်း သွားပြီလား။”
………………..
နုရှောင့်မြို့တော်၏ ကြီးမားလွန်းသည့် ရဲတိုက်ကြီး၏ ထိပ်ဆုံးနေရာမှာတော့ ....
ရှမ့်လန်က အားကောင်းလွန်းသည့် မှန်ပြောင်းဖြင့် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ အရာအားလုံးကို စောင့်ကြည့်နေ၏။ မဟာဗျူဟာမြောက် လက်နက်ဖြစ်သည့် နဂါးနောင်တကို ဧရာမ ပစ်လွှတ်စင်ပေါ်တွင် တပ်ဆင်ထားပြီး ဖြစ်၏။
“ရေတပ်တွေ အားလုံး ဆိပ်ကမ်းကို ပြန်ရောက်ပြီလား။” ရှမ့်လန်က မေးလိုက်သည်။
“အားလုံး ဆိပ်ကမ်းကို ပြန်ရောက်လာပြီ။ သွေးသောက်ဘာရွန်ဆီက ယူလာတဲ့ သင်္ဘောတစ်စင်းပဲ ကျန်ခဲ့ပါတယ်။”
ဟီလာက အံ့အားသင့်စွာ ပြော၏။ “သူတို့ကို သွားကြိုဖို့ ရေတပ် လွှတ်လိုက်ရမလား။”
ရှမ့်လန်က မျက်လုံးကို မှိတ်ကာ ခေါင်းခါသည်။ “နောက်ကျသွားပြီ။ အရမ်းနောက်ကျသွားပြီ။ သူတို့က နင်ဟန်ရေတပ်ရဲ့ မြင်ကွင်းထဲကို မရောက်သွားဖို့ မျှော်လင့်ရတာပဲ။ သင်္ဘောပျက်စီးသွားတာ ကိစ္စမရှိပေမဲ့ လူတွေ အသက်ရှင်ဖို့ မျှော်လင့်ရမယ်။”
ဤအချိန်မှာတော့ ရှမ့်လန်၏ ဧရာမရေတပ်ကြီးကို သုံးပိုင်းခွဲထား၏။ တစ်ပိုင်းက လေ့ကျိုးကျွန်းစု၏ မြောက်ဘက်ဆိပ်ကမ်း ၊ တစ်ပိုင်းက လေ့ကျိုးကျွန်း၏ တောင်ဘက်ဆိပ်ကမ်း၊ နောက်တစ်ခုက နုရှောင့်မြို့တော် ဆိပ်ကမ်းတွင် ဖြစ်၏။ စစ်သင်္ဘော ရာပေါင်းများစွာတို့နှင့် ကုန်တင်သင်္ဘော ရာပေါင်းများစွာတို့က နုရှောင့်မြို့တော်၏ ပင်လယ်ပြင်တွင် ပြည့်ကြပ်စွာဖြင့် ကျောက်ချထား၏။ အဆုံးအစ မမြင်နိုင်လောက်ပင်။
“အချိန်ရောက်လာပြီ။ မီးပုံးပျံတွေ အားလုံး ပျံတက်ကြတော့။”
ရှမ့်လန်၏ အမိန့်တိုင်းပဲ မီးပုံးပျံ ဒါဇင်ပေါင်း များစွာတို့က ပျံတက်သွား၏။ ကောင်းကင်ယံဆီသို့ မီတာ ထောင်နှင့်ချီ မြင့်တက်၏။ တောင်ဘက်သို့ လွင့်မျှောသွားခဲ့ကြ၏။ ပစ်မှတ်ကို ရှာဖွေရန် သူတို့က အမြင့်သို့ တက်ရောက်ရန် လိုအပ်၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက် မင်းသမီးဒိုဟာ၏ မီးပုံးပျံက တောင်ဘက်သို့ မိုင် ၂၀၀ ကျော် လွင့်မျောသွားပြီး ဖြစ်၏။ မီးပုံးပျံ ဒါဇင်ပေါင်းများစွာတို့က ပင်လယ်ပြင်၏ နေရာအနှံ့တွင် စောင့်ကြည့်နေသည်။
“တွေ့ပြီ။ တွေ့ပြီ။ မင်းသမီး... ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ပင်မရေတပ်ကို တွေ့ပြီ။ ဟိုမှာ... ဟိုမှာ....”
မင်းသမီးဒိုဟာက အသက်ရှူအောင့်ကာဖြင့် မီးပုံးပျံကို တည်ငြိမစွာ လွင့်မျောခွင့်ပြု၏။ မကြာခင်မှာပဲ ကောင်းကင်ပင်လယ်နန်းဆောင်၏ ရေတပ်က သူမ၏ မြင်ကွင်းထဲသို့ အပြည့်အဝ ဝင်ရောက်လာ၏။ သူတို့က ကောင်းကင်ယံ မီတာထောင်ချီ အမြင့်တွင် ရောက်ရှိနေပြီး ရေတပ်နှင့် တည်နေရာအကွာအဝေးက မီတာသောင်းချီ ဝေးကွာနေသော်လည်း ဤရေတပ်ကြီး၏ကြီးမားမှုကို ခံစားနေရဆဲပင်။ စစ်သင်္ဘော ရာပေါင်း များစွာတို့က အဆုံးအစမရှိအောင် မိုင်ပေါင်းများစွာ ရှည်လျားပြီး ဧရာမ သားရဲကောင်ကြီး တစ်ကောင်ကဲ့သို့ မရပ်မနား ရွေ့လျားလာခဲ့၏။
“အရှင်မင်းကြီးဆီကို တင်ပြလိုက်။ ရန်သူ့ရေတပ်ရဲ့ နေရာ၊ ဦးတည်ချက်နဲ့ အမြန်နှုန်းကို သတင်းပို့။”
“အမိန့်တိုင်းပါပဲ။ ဖောင်း.. ဖောင်း...”
ဒိုဟာ၏ မီးပုံးပျံမှ မီးကျည်များ ပစ်လွှတ်၏။ မီးကျည်များ၏ အရောင်ကွဲပြားမှုကို နေ့ခင်းဘက်၌ပင် ထင်ရှားစွာ မြင်တွေ့နိုင်၏။
“ဘိုင်း... ဘိုင်း... ဖောင်း....”
အနောက်ဘက်ရှိ မီးပုံးပျံများကလည်း အလားတူ မီးကျည်များကို ဆက်တိုက်ပစ်ခတ်၏။ သတင်း အချက်အလက်များကို အဆင့်ဆင့် နုရှောင့်မြို့တော်ဆီသို့ ပေးပို့သည်။
၁၀ မိနစ် ကြာသောအချိန်တွင် ရှမ့်လန်က မိုင်ပေါင်းရာချီ ဝေးကွာသည့် နေရာမှ သတင်းအချက်အလက် များကို လက်ခံရရှိ၏။ သူက ဤမီးကျည်များ၏ အရောင်သင်္ကေတများကို ချက်ချင်း အဓိပ္ပာယ်ဖော်၏။ ကျောက်သင်ပုန်းပေါ်တွင် နံပါတ်တစ်တန်းတည်းကို ရေးချ၏။ ပြီးနောက် နင်ဟန် ရေတပ် ရှိရာ တည်နေရာကို အသေးစိတ် ပြန်လည်ဖော်ထုတ်၏။
“ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ပင်မရေတပ်က ဒီမှာ... သူတို့ လူစုမခွဲကြသေးဘူး။”
ရှမ့်လန်က မြေပုံကြီးပေါ်တွင် သင်္ဘောသင်္ကေတတစ်ခုကို ကပ်၏။ “ဒီအချိန်မှာတော့ သူတို့က ကျုပ်တို့ နုရှောင့်မြို့တော် နဲ့ မိုင် ၄၂၀ အကွာအဝေးမှာ ရှိတယ်။”
ပြီးနောက် ရှမ့်လန်က နဂါးနောင်တကို မည်သည့်အချိန်တွင် ပစ်လွှတ်ရမည်၊ မည်သည့်နေရာကို ပစ်လွှတ်ရမည်ကို AI အသုံးပြုကာဖြင့် လျင်မြန်စွာ တွက်ချက်၏။
“နဂါးနောင်တကို ၃ နာရီခွဲကြာရင် ပစ်လွှတ်မယ်။ ပစ်မှတ်... နုရှောင့်မြို့တော် အနောက်တောင်တည့်တည့် ၁၅ ဒီဂရီ၊ မိုင် ၂၀၀ အကွာ။”
မိနစ်အနည်းငယ်ကြာတိုင်း ကောင်းကင်ပေါ်ရှိ မီးပုံးပျံများက မီးကျည်များ ဆက်တိုက်ပစ်လွှတ်၏။ ကောင်းကင်ပင်လယ် နန်းဆောင်၏ ပင်မရေတပ် တည်ရှိသည့် တည်နေရာကို ဆက်တိုက် သတင်းပို့နေ၏။
.....................
အပိုင်း (၁၀၀၆)
ကောင်းကင်ပင်လယ်နန်းဆောင်၏ အစွမ်းထက် အဖျက်စွမ်းအား ရေတပ်ကြီးက နုရှောင့်မြို့တော်နှင့် ပို၍ နီးကပ်လာ၏။
မိုင် ၃၅၀... မိုင် ၃၀၀... မိုင် ၂၃၀...... မိုင် ၂၂၀ သာ လိုတော့သည့်အချိန်မှာတော့ တခြားသော မီးပုံးပျံတစ်လုံးက ကောင်းကင်ယံပေါ်သို့ မြင့်တက်လာသည်။
ဤသည်က ကောင်းကင်ပင်လယ်နန်းဆောင်၏ မီးပုံးပျံပင်။ မီးပုံးပျံ၏ သဘောတရားက မခက်ခဲသောကြောင့် ကောင်းကင်ပင်လယ်နန်းဆောင်က အနည်းငယ် ကူးယူပြုလုပ်ထားခဲ့ပြီး သူတို့၏ စွမ်းဆောင်ရည်က ပို၍ပင် ကောင်းမွန်သေး၏။
မီးပုံးပျံပေါ်ရှိ ကောင်းကင်ပင်လယ်နန်းဆောင် စစ်သည်တစ်ချို့က မှန်ပြောင်းများကို ထုတ်ယူပြီး နုရှောင့်မြို့တော်ကို ကြည့်ရှု၏။ မီတာထောင်ချီ အမြင့်ဆီသို့ ရောက်ရှိပြီးနောက် နုရှောင့်မြို့တော်ရှိ အရာအားလုံးကို မြင်တွေ့ရသည်။
“မင်းသမီး... ရှမ့်လန်ရဲ့ ပင်မရေတပ်က နုရှောင့်မြို့တော် ဆိပ်ကမ်းမှာ ရှိနေတယ်။ ရှမ့်လန်ရဲ့ တပ်ဖွဲ့အားလုံးက နုရှောင့်မြို့တော်မှာ စုရုံးနေတယ်။ နုရှောင့်မြို့တော်က ကျုပ်တို့ ရေတပ်နဲ့ မိုင် ၂၀၀ လောက် ဝေးပါတယ်။”
“ရှမ့်လန်၏ ရေတပ်က ကျုပ်တို့နဲ့ အနီးဆုံး မိုင် ၁၅၀ လောက်မှာ ရှိတယ်။”
ကောင်းကင်ပေါ်မှ မီးပုံးပျံများ၏ သတင်းပို့ချက်များကို ကြားပြီးနောက် နင်ဟန်က တည်ငြိမ်စွာ အမိန့်ပေး၏။ “ရေတပ်ပုံစံပြောင်း...”
ပြီးနောက် ကောင်းကင်ပင်လယ်နန်းဆောင်၏ အဖျက်စွမ်းအား ကြီးမားသည့် ရေတပ်ကြီးက တိုက်ပွဲဝင်ပုံစံသို့ ပြောင်းလဲ၏။ ထက်မြက်သည့် ဓားတစ်လက်ကဲ့သို့ နောက်တစ်ကြိမ် ရူးသွပ်မတတ် အရှိန်မြှင့်တင်၏။ နုရှောင့်မြို့တော်ဆီသို့ ပြင်းထန်စွာ ထိုးဝင်လာသည်။
သွေးဝိညာဉ်တပ်တော်၏ တပ်မှူး နင်ပက အော်ဟစ်၏။ “သတ်ဖြတ်ပွဲ စဖို့ အချိန်ကျပြီ။”
မင်းသမီးနင်ဟန်က ဘာမှမပြောချေ။ သူမက တိတ်ဆိတ်ငြိမ်သက်နေ၏။ ဤစစ်ပွဲက ပျင်းစရာကောင်းသည့် စစ်ပွဲ၊ တစ်ဖက်သတ် သတ်ဖြတ်ပွဲ ဖြစ်လာရန် သေချာ၏။
ရှမ့်လန်၏ ရေတပ် မည်မျှ ကြာကြာခံနိုင်မည်နည်း။ နှစ်နာရီလား။ ရှမ့်လန်၏ နုရှောင့်မြို့ကရော မည်မျှ ကြာကြာခံနိုင်မည်နည်း။ နှစ်နာရီလား။
နင်ဟန်သိသည်က သူမ၏ အဖျက်စွမ်းအားကြီးမားသည့် ရေတပ်ကြီး အနီးကပ် ရောက်သွားသည်နှင့် ပင်လယ်ပြင်ပေါ်ရှိ ရှမ့်လန်၏ ရေတပ်အားလုံးကို ချက်ချင်း သတ်ဖြတ်နိုင်မည် ဖြစ်ကြောင်းပင်။ ပြီးနောက် သွေးဝိညာဉ် တပ်သား ၅ သောင်းတို့က ကမ်းပေါ်သို့ တက်မည်။ နှစ်နာရီမပြည့်ခင်မှာပင် နုရှောင့်မြို့တော် အတွင်းရှိ ရှမ့်လန်၏ တပ်ဖွဲ့အားလုံးကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
ရှမ့်လန်၏ အမြှောက်တပ်များက အသုံးမဝင်သလို သွေးဝိညာဉ်တပ်တော်ကိုလည်း လုံးဝ ထိခိုက်အောင် မလုပ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် သွေးဝိညာဉ်တပ်တော်၏ သံမဏိ သံချပ်ကာအသစ်များက သာမိုက်အမြှောက်များနှင့် ငရဲမီးမြားများကို ခံနိုင်ရည် ရှိသောကြောင့်ပင်။
ရှမ့်လန်၏တပ်ဖွဲ့များက ပို၍ အသုံးမဝင်ချေ။ သူတို့က သွေးဝိညာဉ်တပ်တော်ကို လည်းကောင်း၊ ကောင်းကင်ပင်လယ်နန်းဆောင်၏ ငရဲမီးမြားများကို လည်းကောင်း ခုခံနိုင်စွမ်းမရှိသောကြောင့်ပင်။
ရှမ့်လန်၏ ဘေးတစ်ဖက်ရှိ မဟာပညာရှင် ကျွမ်းကျင်သူများကလည်း အရာမဝင်ကြချေ။ အများဆုံး မိနစ် အနည်းငယ်အတွင်း ရှေးဟောင်းလက်နက်များ တပ်ဆင်ထားသည့် အထူးစစ်သည်များ၏ သုတ်သင်ခြင်းကို ခံရပေမည်။ အများဆုံး ၄ နာရီအတွင်း ရှမ့်လန်၏ တော်ဝင်ရန်ချန်မင်းဆက်က ပျက်စီးသွားပေမည်။
ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ် သုံးပြည်ထောင်ကို ကာကွယ်ပေးမည်ဆိုသည်က ဘာဖြစ်မည်နည်း။ လောကပေါ်မှ အပြီးတိုင် ဖျက်ဆီးပစ်မည်ဆိုသည်က ဘာဖြစ်သနည်း။ သတိမပေးခဲ့ဘူးမပြောနှင့် ဆိုသည့် စကားလုံး ကရော ဘာဖြစ်သနည်း။ ထိုအရာက ရယ်စရာ ဟာသတစ်ခုပင်။
အရာအားလုံးက ပျင်းစရာကောင်း၏။ ချောင်ယောင်းအာနှင့် ယှဉ်ပြိုင်ရသည်လောက်ကသာ နင်ဟန်ကို အနည်းငယ် စိတ်ဝင်စားစေနိုင်၏။
‘မြန်မြန် အဆုံးသတ်လိုက်ကြစို့...’
နင်ဟန်က တွေးလျက်ရှိနေ၏။ သူမ၏ကိုယ်ပိုင် ကံကြမ္မာကို ဆုံးဖြတ်ရန် တောင်ဘက်သို့ သူမက သွားရဦးမည်။ ပြီးနောက် သူမက တစ်ခုတည်းသော အမိန့်ကို ပေး၏။
“နေမဝင်ခင် နုရှောင့်မြို့ကို ရှင်းပစ်မယ်။ ပြီးမှ ရှမ့်လန်ရဲ့ ရယ်စရာကောင်းတဲ့ တော်ဝင်ရန်ချန်မင်းဆက်ကို ဖျက်ဆီးပစ်လိုက်ကြတော့။”
သွေးဝိညာဉ်တပ်၏ တပ်မှူး နင်ပက သဲနာရီတစ်ခုကို ထုတ်ယူ၍ လေ့လာသူအားလုံးတို့၏ ရှေ့တွင် ချလိုက်၏။
“အားလုံးပဲ မျက်လုံးကို ပြူးပြီးတော့ ကြည့်ထားကြပါ။ နောက်ဆက်တွဲ ဖြစ်စဉ်တွေက အရမ်းကို မြန်ဆန်ပါလိမ့်မယ်။ မျက်တောင် တစ်ခတ်အတွင်းမှာပဲ ရှမ့်လန်ရဲ့ စစ်တပ်ကြီး ပျောက်ကွယ်သွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။”
..............................
နုရှောင့်မြို့တော်၏ ရဲတိုက်ကြီး...
“ဒေါင်... ဒေါင်... ဒေါင်...”
ရှမ့်လန် ပြင်ဆင်ထားသည့် နှိုးဆက်နာရီများက တပြိုင်နက်တည်း မြည်လာ၏။ နဂါးနောင်တ ပစ်လွှတ်ရမည့် အချိန်သို့ ရောက်လာသည်။
ရှမ့်လန်က ပစ်လွှတ်စင်ပေါ်သို့ ရောက်ရှိနေပြီး အိပ်မက်ဆိုး ကျောက်တုံးခလုတ် အားလုံးကို လှည့်၏။ ရှမ့်လန်က ဂဏန်းဆယ်လုံးကျော်ပါသည့် အထူးစကားဝှက်ကို ဖွင့်ရမှာဖြစ်သောကြောင့် အားလုံးက ကျောခိုင်း ပေးထားရ၏။
စကားဝှက်က ပြည့်စုံသွားသည်။
ပြီးနောက် ရှမ့်လန်က လက်ချောင်းကို ကိုက်ဖောက်ပြီး ရှေးဟောင်းလူသားနှင့် သွေးနှောစပ်ထားသည့် နေရောင်ခြည်ကဲ့သို့သော သွေးအရောအနှော တစ်ခုကို ပြုလုပ်၏။ ပြီးနောက် သူ၏သွေးကို နဂါးနောင်တ ဟူသည့် စာလုံးသုံးလုံးပေါ်၌ သုတ်လိမ်း၏။
ကျူးမျိုးနွယ်စု၏ ကြိုးပမ်းမှုများက အချည်နှီး ဖြစ်ခဲ့၏။ သူတို့ကို နောက်ထပ် အချိန် ဆယ်နှစ် ပေးလျှင်ပင် နဂါးနောင်တကို ထိန်းချုပ်နိုင်မည် မဟုတ်ချေ။ ရှမ့်လန် တစ်ယောက်တည်းကသာလျှင် သွေးမျိုးဆက် တည်ရှိသည့် အခွင့်အာဏာကို ပိုင်ဆိုင်သောကြောင့်ပင်။ ထိုအရာအားလုံးကို ပြုလုပ်၍ ရနေသည်။
“ဝုန်း...”
ချက်ချင်းပင် နဂါးနောင်တ စာလုံး သုံးလုံးက အပြာရောင် အလင်းတန်းများ တောက်ပလာ၏။ ဤမဟာဗျူဟာမြောက် လက်နက်က အပြည့်အဝ ပွင့်ထွက်သွား၏။ ထိုအခိုက်မှာပဲ နဂါးဟိန်းသံကဲ့သို့ အသံကြီးကို အားလုံးက ကြားရ၏။ ဧရာမ နဂါးကြီးတစ်ကောင်က သက်ပြင်းချလိုက်သကဲ့သို့ပင်။
အားလုံးက ရင်ထဲအသည်းထဲမှ လှိုက်ခနဲ တုန်လှုပ်သွား၏။ ရှမ့်လန်က ပစ်မှတ်တည်နေရာကို ထပ်မံ ဖြည့်သွင်း၏။ ပြီးနောက် အသက်ကို ပြင်းပြင်းရှူရင်း ဖြည်းညင်းစွာ ပြောလိုက်၏။
“ဒါက သမိုင်းဝင်တဲ့ အခိုက်အတန့်ပဲ။ နဂါးနောင်တ... နင်ဟန် သွားလိုက်တော့။ ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ ရေတပ်လည်း သွားလိုက်တော့။”
ပြီးနောက် ရှမ့်လန်က အိပ်မက်ဆိုးကျောက်တုံး ပစ်လွှတ်ခလုတ်ကို နှိပ်လိုက်သည်။
“ရွှမ်း... ရွှီ...” ကျယ်လောင်သည့်အသံကြီးနှင့်အတူ ဧရာမနဂါးနောင်တက မိုးကြိုးလျှပ်စီးကဲ့သို့ပင် ပစ်လွှတ် ထွက်ခွာသွားခဲ့၏။ မီတာရာချီ ရွေ့လျားခဲ့ပြီးနောက် ဧရာမ နဂါးကြီးတစ်ကောင် အလားပင် ကောင်းကင်ယံပေါ်သို့ ပြန်တက်သွား၏။
“ဝှီး...”
ပြီးနောက် သူ၏အမြီးပိုင်းက ချက်ချင်းပဲ မီးတောက်လောင်၏။ အပြာရောင် ပလာစမာ မီးတောက်များကို ထုတ်လွှတ်၏။ မူလကပင် မြန်ဆန်သည့် အရှိန်က နောက်ထပ်တစ်ကြိမ် မြင့်တက်သွား၏။ အသံ၏ အမြန်နှုန်း ထက်ပင် ကျော်လွန်ဖောက်ထွက်သွားသည်။
“ဘန်း..”
နားကွဲလုမတတ် ကျယ်လောင်သည့် အသံထက်မြန်သော ပေါက်ကွဲသံကြီးက နုရှောင့်မြို့၏ ကောင်းကင်ယံတွင် ပဲ့တင်ထပ်လျက်ရှိ၏။ မှန်ချပ်ပေါင်းများစွာတို့ကို ကွဲအက်စေ၏။
ဧရာမ နဂါးနောင်တက ကောင်းကင်ယံတွင် အပြာရောင် မျဉ်းကွေးတစ်ခုကို ရေးဆွဲပြီး လူတိုင်း၏ မြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ်သွား၏။ မိုင်ရာပေါင်းများစွာ ဝေးကွာသည့် နေရာသို့ ပျံသန်းသွားခြင်းပင်။
.................
မင်းသမီး ဒိုဟာနှင့် အခြားသောသူများ၏ မီးပုံပျံက အမြင့်သို့ သက်ရောက်၍ ဝေးရာသို့ ရွေ့လျား နေကြ၏။ ယခု သူတို့က နင်ဟန်၏ အဖျက်စွမ်းအားကြီးမားလှသည်ဆိုသော ရေတပ်ကြီးနှင့် မိုင်တစ်ရာကျော် ကွာဝေးနေ၏။ ပြီးနောက် သူတို့က သမိုင်းဝင် အခိုက်အတန့် ရောက်ရှိလာမည်ကို တိတ်တဆိတ်ဖြင့် စောင့်ဆိုင်းနေသည်။
“မင်းသမီး လာနေပြီ။ လာနေပြီ။” အမျိုးသမီး စစ်သည်တော်တစ်ဦးက တုန်လှုပ်စွာပြော၏။
သူမ သတိမပေးလျှင်ပင် မင်းသမီးဒိုဟာက မြင်တွေ့နေရပြီး ဖြစ်၏။ ဤမြင်ကွင်းက တကယ့်ကို လှပလွန်း၏။ ဧရာမ နဂါးနောင်တ မြားကြီးက အပြာရောင် ဥက္ကာပျံကြီးတစ်ခုအဖြစ်သို့ လုံးဝပြောင်းလဲသွားပြီး ကောင်းကင်ယံ၌ လျင်မြန်စွာ ဖြတ်သန်းသွားသည်။
ထိုအရာ၏ အမြန်နှုန်းက တကယ့်ကို မြန်ဆန်လွန်းလှချေပြီး တစ်စက္ကန့်လျှင် မီတာ ၆၀၀၊ ၇၀၀ ကျော်ရှိ၏။ နေဝင်ချိန်တွင် ကောင်းကင်ယံ၌ အပြာရောင် မျဉ်းကွေးတစ်ခုကို မြင်တွေ့ရပြီး အနှိုင်းမဲ့ လှပလွန်း၏။
“အားလုံးပဲ မျက်မှန် တပ်ထားကြ... မကြည့်မိအောင် ကြိုးစားကြ။ မကြည့်ကြနဲ့။ ပြင်ဆင်ထားကြတော့။ တုန်ခါမှုလှိုင်းကြီး လာတော့မယ်။ ၅... ၄... ၃... ၂... ၁...။”
ကောင်းကင်ပင်လယ် နန်းဆောင်၏ အဖျက်စွမ်းအား ကြီးမားသည့် ရေတပ်ကြီးက ကောင်းကင်ယံသို့ ဧရာမ ရှေးဟောင်းမြားကြီးများကို မုန်တိုင်းသဖွယ် အပြင်းအထန် ပစ်ခတ်နေသည်ကို မင်းသမီးဒိုဟာက တွေ့လိုက်ရ၏။ သို့သော်ငြား အားလုံးက အချည်းနှီးပင်။
နဂါးနောင်တမြားကြီးက သူ၏ ပန်းတိုင်ဆီသို့ ရောက်ရှိသွား၏။ ကောင်းကင်ပင်လယ် နန်းဆောင်၏ ဧရာမ ရေတပ်ကြီး အလယ်တည့်တည့်သို့ ကျရောက်သွားခြင်းပင်။
လောကကြီး တစ်ခုလုံးက သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွား၏။ နေဝင်ဆည်းဆာက အနှိုင်းမဲ့ လှပ၏။ ပြီးနောက် “ဘုန်း... ဘုန်း...”
ဖြစ်ပေါ်လာခဲ့သည့် ပေါက်ကွဲမှုကို မည်သို့ ဖော်ညွှန်းဆိုရမည် ဆိုသည်ကိုပင် မသိတော့ချေ။ အနောက်ဘက်မှ နေမင်းကြီးက မှေးမှိန်၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် မီးလုံးကြီးက အဆုံးအစမရှိ ကြီးမားပြီး မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်သွား၏။ ဤသည်က အနီရောင်မီးလုံးမဟုတ်ဘဲ အပြာရောင် မီးလုံးကြီးပင်။
ပြီးနောက် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ အရာအားလုံးက ဘာမှမရှိသကဲ့သို့ ဗလာနတ္ထိ ပြောင်းလဲသွား၏။ ပေါက်ကွဲမှု ဗဟိုချက်ရှိ သင်္ဘောအားလုံးက ချက်ချင်းပဲ ပျောက်ကွယ်ပြီး ပြာအဖြစ်သို့ ပြောင်းလဲသွား၏။ ပေါက်ကွဲမှုဖြစ်ပြီးနောက် ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်တစ်ခုက ချက်ချင်း လွင့်စင်ထွက်၏။ ငရဲမုန်တိုင်း တစ်ခုကဲ့သို့ပင် အရပ်မျက်နှာ အသီးသီးကို ရိုက်ခတ်၏။
ဤသည်က ဟာရီကိန်း မုန်တိုင်းတစ်ခု မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မည်သည့် ဟာရီကိန်းမုန်တိုင်းမှ ဤမျှ စွမ်းအားမကြီးနိုင်သောကြောင့်ပင်။ ဤသေမင်းတမန် မုန်တိုင်း ဖြတ်သန်းသွားရာ နေရာတိုင်းရှိ ကောင်းကင်ပင်လယ်နန်းဆောင်၏ ပြိုင်ဘက်ကင်း ရေတပ်ကြီးက အပိုင်းအစစဖြစ်၏။ အမှုန့်များအဖြစ်သို့ ပြောင်းလဲ၏။ တစ်ချက်တည်းနှင့် အပြတ်ရှင်းလိုက်ခြင်းပင်။ လုံးဝဥဿုံ အပြတ်ရှင်းလိုက်ခြင်း ဖြစ်သည်။
မျက်မှန်တပ်ထားလျှင်တောင်မှ တိုက်ရိုက်မကြည့်သင့်ကြောင်း မဟုတ်ပါက မျက်လုံးများ လောင်ကျွမ်းသွား နိုင်ကြောင်း ရှမ့်လန်ဆီမှ မင်းသမီးဒိုဟာက ကြားသိရ၏။ သို့သော်ငြား မြင်ကွင်းက လှပလွန်းသောကြောင့် သူတို့ မကြည့်ဘဲ မနေနိုင်ချေ။ ရှမ့်လန်က နဂါးနောင်တကို စစ်ဆေးစဉ်က ဓာတ်ရောင်ခြည်သင့်မှုကို မတွေ့ရှိခဲ့ရသော်လည်း အရေးကြုံလျှင် အသုံးရန် ဓာတ်ရောင်ခြည် ကာကွယ်ရေး ဝတ်စုံများကို အားလုံးအတွက် ကြိုတင်ကာ ပြင်ဆင်ပေးထား၏။
မင်းသမီးဒိုဟာ သာမက ကျန်ရှိနေသည့် အမျိုးသမီး စစ်သည်တော် အားလုံးက မျက်လုံး ပြူးကျယ်သွားပြီး မကြည့်ဘဲ မနေနိုင်ချေ။ သူတို့က အခိုက်အတန့်လေး တစ်ခုကိုမှ လွတ်မသွားချင်သောကြောင့်ပင်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ဘဝတွင် ဤမျှ ရင်သပ်ရှုမောဖွယ်ရာကောင်းသည့် မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့သောကြောင့်ပင်။
အထူးသဖြင့် နောက်ခံအဖြစ် အပြာရောင် ပင်လယ်ပြင်ကြီးနှင့်အတူ ကောင်းကင်ယံ အမြင့်ဆီမှ ကြည့်ရှုရသည်က တကယ့်ကို ထူးခြား၏။ ဤကဲ့သို့သော ဖျက်ဆီးအားပြင်းသည့် မြင်ကွင်းမျိုးကို နောက်ထပ် ဘယ်တော့မှ မြင်တွေ့ရတော့မည် မဟုတ်ချေ။
ငရဲကြာပန်းကြီး ပေါက်ကွဲသွားသည်ကို မြင်ရချိန်မှာတော့ သူတို့တစ်ကိုယ်လုံးက ကြက်သီးမွေးညင်းများ ထလာခဲ့ပြီး ဦးရေပြားများ ထုံကျင်၏။
ဤမြင်ကွင်းကို ဖန်တီးခဲ့သူက ရှမ့်လန်ပင်။ ဤမြင်ကွင်းမျိုးသာ ကြည့်ရမည်ဆိုလျှင် လူယုတ်မာ အင်ပါယာ၏ အမြတ်ထုတ်ခြင်းကို အကြိမ်နည်းငယ်လောက် ခံရလျှင်တောင် ထိုက်တန်သည်ဟု မင်းသမီးဒိုဟာက မှတ်ချက်ပြုမိသည်။
..............
လွန်ခဲ့သည့် မိနစ်အနည်းငယ်က ကောင်းကင်ပင်လယ်နန်းဆောင်၏ အဖျက်စွမ်းအားကြီး ရေတပ်ကြီးတွင် ဖြစ်၏။
နန်းဆောင်သခင်ကျိုးရှီ၏ အမြင့်ဆုံးသော ဆန္ဒကို ဖြည့်ဆည်းရန်နှင့် တိုက်ပွဲချိန်ကို တိုတောင်းစေရန် နင်ဟန်နှင့် နင်ပတို့က ပိုမို ရင်သပ်ရှုမောဖွယ်ရာကောင်းသည့် မြင်ကွင်းတစ်ခုကို ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။
ရှမ့်လန်၏ရေတပ်ကို ချေမှုန်းရန်၊ နုရှောင့်မြို့တော် ဆိပ်ကမ်းသို့ ဦးတည်နေသည့် ရေတပ်ကြီးအပြင် အထူးသိုင်းညာရှင် ၅၀၀ တို့က ရေတပ် ကမ်းကပ်သည်အထိ စောင့်ဆိုင်းနေမည် မဟုတ်ချေ။ ထိုအစား သူတို့က ပင်လယ်ထဲသို့ တိုက်ရိုက်ခုန်ဆင်းပြီး လှိုင်းကို စီးနင်းကာဖြင့် နုရှောင့်မြို့တော် ဆိပ်ကမ်းဆီသို့ ဝင်ရောက် သတ်ဖြတ်ကြပေမည်။ သို့မှသာလျှင် ရှမ့်လန်၏ ကျည်းတပ်နှင့် ရေတပ်ကို တပြိုင်နက်တည်း ချေမှုန်းနိုင်မည်ဟု သေချာစေပေလိမ့်မည်။
နင်ဟန်က သူမ၏ တိုက်ခိုက်လိုစိတ်ကို တည်ဆောက်ရန် မျက်လုံးများကို အနည်းငယ် မှိတ်ထားမိ၏။ အဘယ်ကြောင့်ဆိုသော် သူမက နောက်ပိုင်းတွင် ချောင်ယောင်းအာနှင့် တစ်ယောက်ချင်း တိုက်ခိုက်ရမည် ဖြစ်သောကြောင့်ပင်။ ကျူးဟုန်ရွှဲ့က ချောင်ယောင်းအာကို ရှုံးနိမ့်ခဲ့ခြင်းက အရှက်ရစရာ မဟုတ်သော်လည်း နင်ဟန်ကမူ နာရီဝက်အတွင်း တိုက်ပွဲကို အဆုံးသတ်နိုင်သည်ဟု ခံစားမိ၏။ သို့မဟုတ်ပါက အရှက်ရစရာ ဖြစ်ပေလိမ့်မည်။
“မင်းသမီး... ဒီ ရှမ့်လန် ဆိုတဲ့ လူကကော။” သွေးဝိညာဉ် တပ်တော်၏ တပ်မှူး နင်ပက မေး၏။
မင်းသမီးနင်ဟန်က ပြောသည်။ “သူ့ကို သတ်ဖို့အတွက် မင်းကိုပဲ တာဝန်ပေးထားလိုက်မယ်။ သူ့ခေါင်းကို ဖြတ်ယူခဲ့။”
ထိုအရာကလည်း နန်းဆောင်သခင်ကျိုးရှီ၏ ဆန္ဒပင်။ ရှမ့်လန်ကို သတ်ဖြတ်ခြင်းအားဖြင့် သာမန်ကိစ္စ တစ်ခုလို သဘောထားပြီး ပုံကြီးချဲ့မနေသင့်ပေ။
ရှမ့်လန်က သိပ်ပြီး ကြီးကျယ်ခမ်းနားလွန်းသည့် လူတစ်ယောက်လိုမျိုး မဖြစ်စေရပေ။ ဤတိုက်ပွဲက အခြားသော သဘာဝလွန် အင်အားစုများ၏ လေ့လာသူများကို မြင်တွေ့စေရမည်။ သူ့ကို ညှာတာခြင်းမရှိဘဲ ချက်ချင်း သတ်ဖြတ်ရပေမည်။ နင်ဟန်နှင့် နန်းဆောင်သခင် ကျိုးရှီတို့ ပြောခဲ့သလိုပင် တံခါးအပြင်ထွက်ပြီး ပုရွက်ဆိတ်အုပ်ကို နင်းခြေသတ်ဖြတ်ပြီး ခပ်တည်တည်နှင့် ပြန်လာကာ လက်ဖက်ရည် ဆက်သောက်လိုက်ရုံပင်။
“အဖျက်စွမ်းအား ကြီးမားတဲ့ ရေတပ်က ခြင်္သေ့တစ်ကောင်လိုပဲ။ ရှမ့်လန်ကို ကိုက်သတ်၊ အပိုင်းပိုင်း ဆွဲဖြဲပြီး လမ်းဘေးမှာ ပစ်ထားလိမ့်မယ်။ တစ်လုတ်စာတောင် စားမှာ မဟုတ်ဘူး။” နင်ဟန်က ပြော၏။
နင်ပက ဤဥပမာပေးပုံကို ပို၍ပြည့်စုံသည်ဟု ခံစားရ၏။
ထိုအချိန်မှာပဲ ကောင်းကင်ယံဆီမှ နားကွဲလုမတတ် ကျယ်လောင်သည့် ဟိန်းသံကြီး တစ်ခုက ပေါ်ထွက်လာသည်။
“ကြည့်အုံး... မြောက်ဘက် မိုးကုတ်စက်ဝိုင်းကို ကြည့်လိုက်။ အဲဒါ ဘာကြီးလဲ။” အစောင့်တစ်ယောက်က မိုးကုတ်စက်ဝိုင်းကို လက်ညှိုးထိုးပြကာဖြင့် တုန်ယင်နေသည့် အသံဖြင့် ပြော၏။
အားလုံးက မော့ကြည့်ရှုလိုက်၏။ နှိုင်းယှဉ်၍ မရနိုင်အောင် လှပလွန်းသည့် မြင်ကွင်းတစ်ခုကို မြင်ရ၏။ ကြယ်တံခွန်တစ်ခု ပျံသန်းလာသကဲ့သို့ပင်။ ထိုအခိုက်အတန့်မှာတော့ နဂါးနောင်တက လေထုထဲတွင် ပျံသန်းလာသည်။
ထိုအရာ၏ အချိန်က တစ်စက္ကန့်လျှင် မီတာ ၆၀၀ မှ ၇၀၀ ကျော်ထိ ရှိပြီး ပြင်းထန်လွန်းသည့် ပွတ်တိုက်မှုကြောင့် လေထုကို မီးတောက်လောင်စေ၏။ ထို့ကြောင့် ကောင်းကင်ယံမှ ကြည့်မည်ဆိုလျှင် အရှိန်ပြင်းပြင်းနှင့် ပျံသန်းလာခဲ့သည့် မီးလုံးကြီးတစ်ခုနှင့် တူပြီး ဥက္ကာခဲပျံကြီး တစ်ခုနှင့် ပို၍ ဆင်တူ၏။ ထိုအရာ၏ အရှိန်က မြန်ဆန်လွန်းလှပြီး အရှိန်အဝါကလည်း ထိတ်လန့်ဖွယ်ရာ ကောင်းလှ၏။