အခန်း (၁၀၀၇-၁၀၀၈)
Vol. 60 Ch. 1007-1008
အပိုင်း (၁၀၀၇)
အားလုံးက ထိတ်လန့်သွား၏။ ထိုအရာက ဘာကြီးဖြစ်သနည်း။ ဤတစ်ကြိမ် ရှမ့်လန်က မည်ကဲ့သို့သော လျှို့ဝှက်လက်နက်မျိုးကို ထုတ်ဖော်လိုက်သနည်း။ ဧရာမ ရှေးဟောင်းမြားကြီးတောင်မှ ဤမျှ မမြန်ဆန်နိုင်ချေ။ ထိုအရာက ဧရာမ ဘီလူးကြီးတစ်ခုပင်။
“နဂါး... နဂါးနောင်တလား။” စေတီတောင်မှ လေ့လာသူများက ချက်ချင်း အော်ဟစ်မိ၏။
ချက်ချင်းပဲ အားလုံးက သူတို့ကို ဝိုင်းကြည့်၏။ စကားတစ်ခွန်းနှင့် သတင်းအချက်အလက် များစွာကို ထုတ်ဖော် ပြောဆိုလိုက်ခြင်းပင်။
“ဘာ... ဘာမှ မပြောဘူး။ ကျုပ် ဘာမှ မသိဘူး။” စေတီတောင်မှ လေ့လာသူက ပါးစပ်ကို အမြန်ပိတ်သည်။
အားလုံး၏ မျက်လုံးများက ထိုသူကို တိတ်တဆိတ်နှင့် စိုက်ကြည့်နေဆဲပင်။
ထိုလူက မချိပြုံးပြုံးကာ ပြော၏။ “ဒါပေမဲ့ အခုတော့ ကိစ္စမရှိတော့ဘူး။ ဘာမှ အရေးမကြီးတော့ဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူမှ အသက်ရှင်မှာ မဟုတ်လို့ပဲ။ အားလုံးပဲ။ ကျုပ်တို့ရဲ့ နိဂုံးချုပ်ချိန် ရောက်လာပြီ။”
သွေးဝိညာဉ်တပ်တော်ကြီး တပ်မှူးနင်ပက အော်ဟစ်လိုက်သည်။ “ကြားဖြတ် တိုက်ခိုက်ဖို့ပြင်... ရေတပ်ထဲက လေကြောင်းရန် ကာကွယ်ရေး ရှေးဟောင်းလေးကြီးတွေအားလုံး ကြားဖြတ် တိုက်ခိုက်ဖို့ ပြင်ကြတော့။ ရေတပ်ထဲက လေကြောင်းရန် ကာကွယ်ရေး သံလိုက် ကွန်ရက်တွေ အကုန်လုံးကို စတင်ပြီး အသက်သွင်းကြ။”
ရုတ်တရက် ကောင်းကင်ပင်လယ် နန်းဆောင်၏ စစ်သင်္ဘောအားလုံးက ရူးသွပ်မတတ်ပင် စတင်လှုပ်ရှားလာ၏။
“မလုပ်နဲ့တော့။ အသုံးမဝင်တော့ဘူး။ ခင်ဗျားတို့ ရေတပ်ရဲ့ ဘယ်လက်နက်ကမှ ဒီလူသတ်လက်နက်ကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံ... ရှမ့်လန်မှာ ဘယ်လိုလုပ် ဒီလိုအရာမျိုး ရှိနေရတာလဲ။ သူ့ဆီမှာ ဘယ်လိုလုပ် ဒီလို ရှေးဟောင်းမဟာဗျူဟာမြောက် လူသတ်လက်နက်မျိုး ရှိနေရတာလဲ။ ဒါက တကယ့်ကို ကောင်းကင်နဲ့ မြေပြင်ကို ဖျက်ဆီးဖို့ သုံးတဲ့ အရာပဲ။”
စေတီတောင်မှ လူ၏ ဂယောင်ဂတမ်း ပြောဆိုနေမှုကို မည်သူမှ အာရုံမစိုက်တော့ချေ။
နင်ပက အော်ဟစ်လိုက်သည်။ “လေကြောင်းရန် ကာကွယ်ရေး အားလုံးကို အသက်သွင်းကြတော့။ ပစ်...။”
“ရွှီး... ရွှီး...”
ရေတပ်ထဲရှိ ဧရာမ လေးကြီးရာပေါင်းများစွာတို့က လေထဲကို ပစ်ခတ်၏။ မီတာ အနည်းငယ် ရှည်လျားသည့် ဧရာမမြားကြီးများက လေထဲသို့ ပျံတက်သွား၏။ ပြီးနောက် ပေါက်ကွဲသွား၏။
လုံးဝ အသုံးမဝင်ပေ။ ကြားဖြတ် တိုက်ခိုက်ဖို့နေနေသာသာ နဂါးနောင်တ၏ လမ်းကြောင်းကိုပင် ပြောင်းလဲသွားအောင် မလုပ်နိုင်ချေ။
“လေကြောင်းရန် ကာကွယ်ရေး ပဲ့ထိန်းကိရီယာတွေ အားလုံး အသက်သွင်းကြ။ လေကြောင်းရန် ကာကွယ်ရေး သံလိုက် ကွန်ရက်တွေ အားလုံးကိုလည်း ပစ်တော့။”
“ရွှီး... ရွှီး...”
ကွန်ရက် ရာပေါင်းများစွာကို လေထုထဲတွင် ပစ်လွှတ်လိုက်ပြီး ဖြန့်ကျက်၏။ စတုရန်းမီတာ ထောင်နှင့်ချီ ကျယ်ဝန်းသည့် ဧရာမ ကွန်ရက်ကြီးတစ်ခုက ဖြစ်ပေါ်လာ၏။ ထိုအရာက တကယ့်ကို နဂါးနောင်တကို ပိတ်ဆို့လိုက်၏။ သို့သော်ငြား အသုံးမဝင်သေးချေ။
နဂါးနောင်တက ဧရာမ ကွန်ရက်ကြီးကို အလွယ်တကူ ဆွဲဖြဲပစ်လိုက်ပြီး ဆက်လက် ပျံသန်းလာ၏။
“ရွှီး...” အားလုံးက နားကွဲလုမတတ် ဖြစ်နေ၏။ လေထုက ပူနွေးလာခဲ့ပြီး တုန်ခါမှုလှိုင်းများကို ဖြစ်ပေါ်စေ၏။ ဤသည်က ပေါက်ကွဲခြင်းပင် မဟုတ်သေးချေ။ နဂါးနောင်တက လက်နက်တို့၏ ခေါင်းပေါ် မီတာ အနည်းငယ် အကွာမှ ဖြတ်သန်းပျံသန်းသွားခဲ့ခြင်းသာလျှင် ရှိသေးသည်။
“ကာကွယ်ရေး စွမ်းအင် စက်ကွင်းတွေ အကုန်လုံးကို အသက်သွင်းကြ။”
ဤသည်က ရေတပ်၏ အဆုံးစွန်သော ကာကွယ်ရေးဖြစ်ပြီး ယုံနိုင်စရာမရှိအောင် စွမ်းအားကြီးမား၏။ ထိုအရာများက အမြှောက်ဆံများ၊ မြားများနှင့် အခြားအရာများကို လွင့်စင်ထွက်သွားစေနိုင်သည့် အားကောင်းသော လျှပ်စစ် သံလိုက်စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်၏။
စွမ်းအင်ဗဟိုချက်ကို ကြီးမားစွာ စွမ်းအင်ကုန်ခမ်းစေနိုင်သောကြောင့် သူတို့က အလွယ်တကူ မမောင်းနှင်ခြင်းပင်။ သို့ပေမည့် ယခုအချိန်မှာတော့ ထိုအရာအားလုံးကို တွက်ချက်နေရန် မလိုတော့ချေ။ ထုတ်ကို သုံးရပေတော့မည်။
“ဘုန်း... ဘုန်း...”
ပင်လယ်ပြင်တစ်ခုလုံး၏ အထက်ရှိ လေထုက ပြင်းထန်စွာ တုန်ခါ၏။ ကောင်းကင် ပင်လယ်နန်းဆောင်၏ အဖျက်စွမ်းအား ကြီးမားလွန်းသည့် ရေတပ်၏ ကာကွယ်ရေး စွမ်းအင် စက်ကွင်းကို မောင်းနှင်၏။
နင်ဟန်၏ ရှေးဟောင်းစစ်သင်္ဘောကြီးက တကယ့်ကို အစွမ်းထက်လွန်းလှချေ၏။ ထိုအရာမှ ထုတ်လွှတ်လိုက်သည့် သံလိုက်မုန်တိုင်းက ဘေးနားရှိ သင်္ဘောများကိုပင် မှောက်သွားစေ၏။ ထို့အပြင် ရေတပ်တစ်ခုလုံးက ဧရာမလေးကြီးများဖြင့် အထူးပြုလုပ်ထားသည့် အမြှောက်ကျည် ဒါဇင်ပေါင်းများစွာကို ပစ်ခတ်၏။ အမြှောက်ကျည်ဆံပေါင်းများစွာက လေထုထဲတွင် ပေါက်ကွဲထွက်သွားပြီး မရေတွက်နိုင်သည့် အပြာရောင် အလင်းတန်းများကို ထုတ်လွှတ်၏။ ရှမ့်လန်၏ အိမ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးနှင့် တကယ့်ကို တူညီသည်။
နဂါးနောင်တကို တားဆီးရန် ကောင်းကင်ပင်လယ်နန်းဆောင်၏ အဖျက်စွမ်းအား ကြီးမားလွန်းသည့် ရေတပ်ကြီးက ရှိသမျှ အရာအားလုံးကို ထုတ်သုံး၏။ တကယ့်ကို မျှော်လင့်ချက်မဲ့သည့် အခြေအနေပင်။ သို့သော်ငြား ထိုအရာအားလုံးက အဓိပ္ပာယ် မရှိချေ။
နဂါးနောင်တက ရေတပ်၏ အလယ်တည့်တည့်သို့ ဝင်ဆောင့်သည်ကို အားလုံးက ကြည့်ရ၏။ ထိုအရာက သံချပ်ကာတစ်ပိုင်း သင်္ဘောဖြစ်၏။
နဂါးနောင်တ ဝင်ဆောင့်လိုက်ချိန်မှာတော့ ထိုအရာက အလယ်တည့်တည့်မှ ကျိုးပြတ်သွား၏။
ထိုအချိန်မှာတော့ မင်းသမီးနင်ဟန်က အရာအားလုံးကို တွန်းဖယ်ပြီး ရှေးဟောင်းစစ်သင်္ဘောကြီး၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ပြေးဝင်သွား၏။ အထူး သိုင်းပညာရှင် ရာပေါင်းများစွာတို့က တောအုပ်ထဲမှ ပြန်ထွက်လာသည့် ငှက်များကဲ့သို့ပင် ရှိသမျှအားကို အသုံးပြုကာဖြင့် ပင်လယ်ထဲသို့ ခုန်ချ၏။ မြောက်ဘက်သို့ အသည်းအသန် ကူးခတ်ကြသည်။
“ရွှီး... ရွှီး...”
ရာပေါင်း... ထောင်ပေါင်း... သောင်းပေါင်းများစွာသော လူများက စစ်သင်္ဘောများမှ ခုန်ချ၏။ သို့သော်ငြား အားလုံး အချည်းနှီးပင်။ နေမင်းကြီးထက် အဆပေါင်းများစွာ ပိုမိုပူလောင်သော ငရဲပန်းပွင့်ကြီးက ရုတ်တရက် ပေါက်ကွဲထွက်၏။ လေထုထဲတွင် လှပနေသော်လည်း ပင်လယ်ပြင်အတွက်မူ ခဏသာ ကြာလိုက်၏။
ပေါက်ကွဲမှုဗဟိုချက်ရှိ သင်္ဘောအားလုံးက အငွေ့ပျံသွားခဲ့ပြီး ဘာမှမရှိသော အနတ္တဗလာ အဖြစ်သို့ ပြောင်းလဲ၏။ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လူတိုင်းက အငွေ့ပျံပြီး သင်္ဘောအားလုံးက ပျက်စီးသည်။
နင်ဟန်၏ ရှေးဟောင်း စစ်သင်္ဘောကြီးက တကယ်တမ်းတွင် ပေါက်ကွဲမှု ဗဟိုချက်နှင့် အလွန်ဝေးကွာပြီး မီတာထောင်ချီ ဝေး၏။
မင်းသားလျန်၏သားတော်က တုန်လှုပ်စွာ ပြောသည်။ “ဝေးတယ်။ ဝေးသားပဲ။ ငါတို့ အဆင်ပြေလောက်ပါတယ်နော်။ ဒိုင်းတွေနဲ့ ငါ့ကို ကာကွယ်ပေးထား... ကာကွယ်ပေးထား။ ငါ မသေချင်သေးဘူး။”
သွေးဝိညာဉ်တပ်တော်မှ တပ်မှူး နင်ပက ရှေးဟောင်းသံချပ်ကာ ဝတ်စုံကို ဝတ်ဆင်၏။ သူက ကြမ်းတမ်းစွာ အော်ဟစ်လိုက်၏။ “အား... သေချာပေါက် ကာကွယ်နိုင်တယ်။ ဒီရှေးဟောင်း သံချပ်ကာက သေချာပေါက် ကာကွယ်နိုင်တယ်။ ရှမ့်လန်... မင်း ငါ့ကို ဘာမှ မလုပ်နိုင်ဘူး။”
မကြာခင်မှာပင် ငရဲမုန်တိုင်းကြီးက ဝင်ရောက်လာ၏။ မင်းသားလျှ့၏သားကို ကာကွယ်ထားသည့် ဒိုင်းများ အားလုံးက အရည်ပျော်ကျ၏။ မုန်တိုင်းကြောင့် လွင့်စင်ထွက်သွား၏။ သူ့ကို ကာကွယ်ပေးထားသည့် စစ်သည်များအားလုံး၊ ထို့ပြင် ချောမောလှပသည့် အမျိုးသားများနှင့် အမျိုးသမီးအားလုံးတို့က ချက်ချင်း မီးသွေးတုံးများ ဖြစ်၏။ လျန်မင်းသားငယ် ကိုယ်တိုင်လည်း ပါဝင်၏။ နာကျင်မှု တစ်ချက်မရှိချေ။ ချက်ချင်း သေဆုံးသွားသည်။
အခြားတစ်ဖက်တွင်တော့ သွေးဝိညာဉ်တပ်တော်မှ တပ်မှူး နင်ပ၏ အဖြစ်က ဆိုးရွား၏။ သူ၏ သံချပ်ကာက အလွန် စွမ်းအားကြီးနေဆဲပင်။ တိုက်ရိုက် အရည်ပျော်မသွားချေ။ သို့သော်ငြား ဤမျှကြောက်မက်ဖွယ်ရာ ကောင်းသည့် တုန်ခါမှုလှိုင်းကို မကာကွယ်နိုင်ဘဲ တိုက်ရိုက် လွင့်စင်ထွက်သွား၏။ ပြီးနောက် သူ၏ သံချပ်ကာ ထဲရှိ အိပ်မက်ဆိုး ကျောက်တုံး သုံးလုံးက ပေါက်ကွဲထွက်၏။
သံချပ်ကာထဲတွင် ကြီးမားသည့် အပေါက်ကြီးတစ်ခု ဖြစ်ပြီး ကြောက်မက်ဖွယ်ရာ ငရဲမုန်တိုင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။
“အား...” စူးရှလွန်းသော အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။ ခန္ဓာကိုယ်က ဦးစွာအရည်ပျော်သွားခဲ့ပြီး တစ်စိတ်တစ်ပိုင်းက မီးသွေးတုံး ဖြစ်သွား၏။ နောက်ဆုံး၌ သူ့ခန္ဓာကိုယ် တစ်ခုလုံးက မီးတောက်လောင်၏။
သူ သာမကချေ။ ထွက်ပြေးရန် ပင်လယ်ပြင်ပေါ်တွင် ရူးသွပ်မတတ် ခုန်လွှားနေရသည့် ကောင်းကင်ပင်လယ် နန်းဆောင်မှ အထူးစစ်သည် ၅၀၀ လည်း ပါဝင်၏။ ရုတ်တရက် သံချပ်ကာ အားလုံးက ပျက်စီးသွား၏။ တချို့က လေထဲတွင် နင်ပကဲ့သို့ ကံကြမ္မာမျိုး ကြုံတွေ့ရ၏။ သံချပ်ကာထဲတွင် တိုက်ရိုက် မီးသွေးအဖြစ်သို့ လောင်ကျွမ်းသည်။
တချို့က ပါးနပ်ကြ၏။ ပင်လယ် ကြမ်းပြင်သို့ ရောက်ရှိရန် အသည်းအသန် ရေငုပ်သွား၏။ သို့သော်ငြား သူတို့၏ သံချပ်ကာထဲရှိ အိပ်မက်ဆိုး ကျောက်တုံး တစ်ခုပြီး တစ်ခုက ပေါက်ကွဲသွား၏။ ချက်ချင်းပဲ သူတို့၏ ခန္ဓာကိုယ်များတွင် အပေါက်များ ဗလပွဖြစ်၏။
မင်းသမီး နင်ဟန်က ဤကဲ့သို့သော အရေးကြောင်း အခြေအနေမျိုးတွင် အလွန်ကို တစ်ကိုယ်ကောင်းဆန်ပြီး ပြတ်သား၏။ သူမက လူတိုင်းကို တွန်းဖယ်ပြီး ရှေးဟောင်း စစ်သင်္ဘောကြီး၏ ထိန်းချုပ်ရေးခန်းဆီသို့ အမြန်ဆုံး ပြေးဝင်၏။ ဤနေရာက စစ်သင်္ဘောတစ်ခုလုံး၏ အဓိကနေရာဖြစ်ပြီး ထူထဲလွန်းသည့် သံချပ်ကာများဖြင့် ပိတ်ကာထားသည်။
ဤမျှဝေးကွာသည့် နေရာမှ လာသော တုန်ခါမှုလှိုင်းအားနှင့် အပူချိန်မြင့်မားမှုကို ခံနိုင်ရည် ရှိမည်ဟု သူမက ယုံကြည်မိ၏။ အောက်သို့ရောက်သည်နှင့် သူမက ရှေးဟောင်း သံချပ်ကာတစ်ခုကို ကောက်ယူပြီး ဝတ်ဆင်ရန် ပြင်၏။ ထိုအရာက အိပ်မက်ဆိုး ကျောက်တုံး မပါသည့် အမျိုးအစားပင်။
ဤအရာက တကယ့်ကို အဆင့်မြင့်သည့် သန့်စင်သော ရှေးဟောင်းသံချပ်ကာပင်။ သူမတစ်ဦးတည်း ပိုင်ဆိုင်သည့် အရာလည်းဖြစ်၏။ သို့သော်ငြား နောက်ကျသွားခဲ့၏။ သူမ၏ ခြေထောက်တစ်ဖက်က သံချပ်ကာထဲသို့ ရောက်ရှိချိန်မှာပဲ ပေါက်ကွဲမှု တုန်ခါမှုလှိုင်းက ရောက်ရှိလာ၏။ စစ်သင်္ဘော တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါပြီး ဆွဲဖြဲခံလိုက်ရသကဲ့သို့ပင်။
ကျယ်လောင်သည့် အသံကြီးက ထွက်ပေါ်လာ၏။ ရှေးဟောင်း စစ်သင်္ဘော၏ အပြာရောင် သံချပ်ကာပင်လျှင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသည့် အပူဒဏ်ကို မခံနိုင်ချေ။ တိုက်ရိုက်နီရဲပြီး သံက အရည်ပျော်သွားခဲ့၏။ ကြောက်မက်ဖွယ်ရာ အပူချိန်က ထိန်းချုပ်ခန်းထဲသို့ စိမ့်ဝင်၏။
နင်ဟန်၏ သိုင်းပညာက မြင့်မားသော်လည်း သူမက သာမန်လူသားတစ်ဦးပင်။ ငရဲမီးကဲ့သို့ တုန်လှုပ်ဖွယ်ရာ အပူချိန်ကို ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ချေ။ သူမက ပိုမို အဆင့်မြင့်သည့် ရှေးဟောင်း စွမ်းအင်သိုင်းပညာများကို တတ်မြောက်ထားသည့် ကျောက်စိမ်းဖြူမြို့တော်မှ လူများနှင့် မတူချေ။ လေထုထဲရှိ အပူချိန်က ပို၍ မြင့်တက်လာ၏။
နင်ဟန်က သံချပ်ကာကို အမြန်ဆုံး ဝတ်ဆင်၏။ သူမ၏ ဆံပင်များ လောင်ကျွမ်းနေ၏။ အသားအရေများ ခြောက်သွေ့သွား၏၊ မျက်လုံးများကလည်း ခြောက်သွေ့သွားသည်ကို ခံစားရ၏။ သူမက နောက်ဆုံးမှာတော့ သံချပ်ကာကို ဝတ်လိုက်နိုင်ခဲ့၏။ သံချပ်ကာအတွင်းပိုင်း အပူချိန်က တကယ့်ကို မြင့်မားနေဆဲ ဖြစ်သော်လည်း အနည်းဆုံးတော့ အသက်အန္တရာယ် မရှိတော့ချေ။ အတွင်းပိုင်း၌ လေဘူးငယ်လေး တစ်ဘူးပါရှိပြီး ၁၀ မိနစ်ကျော် အသုံးခံသည်။
ပေါက်ကွဲမှု၏ ကြောက်မက်ဖွယ်ရာ စွမ်းအင်က ကြာရှည်မခံချေ။ ပင်လယ်ပြင်က အပူအများစုကို မကြာမီ စုပ်ယူသွားပေလိမ့်မည်။ ခဏနေလျှင် သူမ ထွက်လို့ရပြီဖြစ်၏။ နုရှောင့်မြို့တော်ဆီသို့ သွားပြီး သတ်ဖြတ်ဖို့တော့ မဖြစ်နိုင်တော့ချေ။ ကောင်းကင်ပင်လယ် နန်းဆောင်သို့ အမြန်ဆုံးပြန်ပြီး ဆရာ့ဆီ အရာအားလုံးကို သတင်းပို့ရမည်။
နင်ဟန် မျှော်လင့်ထားသည့်အတိုင်းပင် အရာအားလုံးက လျင်မြန်စွာ ပြီးဆုံးသွား၏။ ပေါက်ကွဲမှု၏ တုန်ခါမှုလှိုင်း လွင့်စင်သွားချိန်မှာတော့ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အချိန်ကာလက ကုန်ဆုံးသွား၏။ လောကမြေပေါ်မှ နျူကလီးယားဗုံးဒဏ် ဆိုလျှင် သေစေနိုင်သည့် ဓာတ်ရောင်ခြည်သင့်မှုကြောင့် လူတစ်ယောက် ကို အချိန်တိုအတွင်း သေဆုံးနိုင်၏။
သို့သော်ငြား နဂါးနောင်တက နျူကလီးယားကဲ့သို့ ပေါက်ကွဲအားမျိုး ရှိသော်လည်း ဓာတ်ရောင်ခြည်သင့် မှုတော့ မရှိချေ။ ထိုအရာက လောကပေါ်ရှိ ခေတ်သစ်လူသားများ အိပ်မက်မက်ခဲ့သည့် သန့်ရှင်းသည့် မဟာဗျူဟာမြောက် လက်နက်တစ်ခုသာ ဖြစ်သည်။
ထိန်းချုပ်ခန်းထဲတွင် ၁၀ မိနစ်ကျော် ငြိမ်သက်စွာ နေထိုင်ပြီးနောက် အပြင်ဘက်၌ အရာအားလုံး တိတ်ဆိတ်နေသည်အထိ နင်ဟန်က စောင့်ဆိုင်း၏။ နင်ဟန် အပြင်ဘက်သို့ ထွက်လာပြီးနောက် ရှေးဟောင်း စစ်သင်္ဘောကြီး ကုန်းပတ်ပေါ်သို့ ရောက်၏။
တန်ချိန်ရှစ်ထောင်ရှိသည့် စစ်သင်္ဘောကြီးက ယခု လုံးဝ မူလပုံစံ မဟုတ်တော့ချေ။ ကုန်းပတ်ပေါ်ရှိ အရာအားလုံးက တွန့်လိမ်နေ၏။ သစ်သားအားလုံးက မီးသွေးတုံး ဖြစ်ကုန်ပြီး သံမဏိအားလုံးက အရည်ပျော်ကုန်သည်။
ရှေးဟောင်းသံချပ်ကာက သူမ၏ ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျ ဖြစ်ရုံမက အလွန်ပဲ ပေါ့ပါး၏။ လူတစ်ယောက်၏ လှပသည့် ခန္ဓာကိုယ်ကောက်ကြောင်းကို အပြည့်အဝ ပေါ်လွင်နေသလိုပင်။ နင်ဟန်က ရှေးဟောင်း စစ်သင်္ဘော၏ အမြင့်ဆုံးနေရာဆီသို့ လျင်မြန်စွာ ခုန်တက်၏။ ပင်လယ်ပြင် တစ်ခုလုံးကို ငုံ့ကြည့်၏။
ပြီးနောက် သူမက ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွား၏။ ရေတပ်ကြီး တစ်ခုလုံးက ပျက်စီးသွား၏။ အလုံးစုံ ပျက်စီးသွားခဲ့ခြင်းပင်။
ပေါက်ကွဲမှု ဗဟိုချက်ရှိ သင်္ဘောအားလုံး ပျောက်ကွယ်သွားပြီး အနန္တဗလာအဖြစ်သို့ ပြောင်းလဲ၏။ ပေါက်ကွဲမှု၏ မီတာ ၂၀၀၀ အချင်းဝက်အတွင်းရှိ သင်္ဘောအားလုံးက စုတ်ပြတ်သတ်ကုန်၏။ မီတာ ၅၀၀၀ အချင်းဝက်အတွင်းရှိ သင်္ဘောတချို့က ကျိုးပဲ့ကုန်၏။ တချို့က မီးလောင်ကာဖြင့် ပင်လယ်ပြင်ပေါ်တွင် တစ်စင်းထဲ မျောပါလျက် ရှိနေသည်။
…….
ပိုမိုဝေးကွာသည့် နေရာရှိ သင်္ဘောများက အတော့်အသင့် အကောင်းပကတိ ကျန်ရှိနေသေးသော်လည်း ရွက်နှင့် ရွက်တိုင်အားလုံးကတော့ ပျက်စီးသွားခဲ့၏။ ပင်လယ်ပြင်ပေါ်တွင် ဝဲလည်လည်နှင့် လှည့်ပတ်ကာ သွားလာလျက်ရှိ၏။
အသက်ရှင် ကျန်ရစ်ခဲ့သူ ရှိနေသေးသည်လား။ ပေါက်ကွဲမှု အစွန်အဖျားနှင့် မိုင်တစ်သောင်းကျော် အကွာအဝေးနေရာရှိ လူအနည်းငယ်လောက်သာ အသက်ရှင် ကျန်ရစ်နိုင်၏။ ထို့အပြင် ပေါက်ကွဲမှုကြီး မဖြစ်ခင် ပင်လယ်ထဲသို့ အချိန်မီ ခုန်ချခဲ့သူများက အသက်ရှင်ကောင်း ရှင်နိုင်၏။ သို့သော်ငြား ဤလူ ရှစ်သောင်းအနက် တစ်သောင်းထက် ပိုပြီး အသက်ရှင် ကျန်ရစ်တော့မည် မဟုတ်ချေ။
ရှမ့်လန်၏ တော်ဝင်ချန်မင်းဆက်ကို ဆယ်ကြိမ်၊ အကြိမ်နှစ်ဆယ်မက ဖျက်ဆီးပစ်နိုင်သော ဤမျှ စွမ်းအားကြီးမားသည့် အဖျက်စွမ်းအားအပြည့်နှင့် ရေတပ်ကြီးက ချေမှုန်းခံလိုက်ရ၏။ သူမ မျှော်လင့်ထားသည့် အတိုင်းပင် ချက်ချင်း အသတ်ခံလိုက်ရ၏။ သို့သော်ငြား ချက်ချင်း အသတ်ခံ လိုက်ရသူက ကောင်းကင်ပင်လယ်နန်းဆောင် ဖြစ်နေသည်။
ပင်လယ်ပြင်တစ်ခုလုံးတွင် ထိခိုက်သေဆုံးမှုများနှင့် မီးတောက်များဖြင့် ပြည့်နေ၏။ အလောင်းများက အခြေခံအားဖြင့် အများစုက သေဆုံးသွားချိန်တွင် တိုက်ရိုက် ပြာကျသွား၏။ သို့မဟုတ် မီးသွေးတုံး ဖြစ်ပြီးတော့မှ တုန်ခါမှုလှိုင်းများကြောင့် အမှုန့်အဖြစ်သို့ လွင့်စင်သွား၏။
မင်းသမီးနင်ဟန်က နာကျင်မှုများနှင့် ပြည့်နှက်နေသော်လည်း ရှမ့်လန်က အဘယ့်ကြောင့် ဤမျှ ကြမ်းတမ်းရသနည်းဟု တွေးတောနေ၏။ အဘယ့်ကြောင့် ဖြစ်သနည်း။ ရှမ့်လန်က ဤကဲ့သို့ မဟာဗျူဟာမြောက် လက်နက်မျိုးကို အဘယ်သို့ ရရှိခဲ့သနည်း။
သူမက နုရှောင့်မြို့တော် ရှိရာဘက်သို့ လှမ်းကာ ကြည့်ရှိသော်လည်း ဘာမှကို မမြင်ရချေ။
ကျူးဟုန်ရွှဲ့ထက် ပိုမို ရှက်ရွံ့စရာကောင်းသည့် ရှုံးနိမ့်မှုကို ခံစားလိုက်ရခြင်းအား သူမ တကယ့်ကို လက်မခံနိုင်သလိုပင်။ ကောင်းကင်ပင်လယ် နန်းဆောင်ကို ချက်ချင်း ပြန်ရမည့် အချိန်သို့ ရောက်၏။ သို့သော်ငြား သင်္ဘောအားလုံးက ပျက်စီးသွားခဲ့သည်။ ကောင်းကင်ပင်လယ် နန်းဆောင်သို့ သူမ မည်သို့ ပြန်မည်နည်း။
သူမ၏အတွင်းအားက ကောင်းမွန်ပြီး ရေပေါ်တွင် လမ်းလျှောက်နိုင်သော်လည်း မိုင်ထောင်ချီ လမ်းလျှောက်ရန် ဆိုသည်က မဖြစ်နိုင်ချေ။ ထို့ကြောင့် သူမက ရေကူး ပြန်ရပေမည်။ အနီးဆုံး ကုန်းမြေက မိုင် ၈၀၀၊ ၉၀၀ ခန့် ဝေးကွာ၏။ သူမက အသွင်ပြောင်းလဲပြီး ဖြစ်သောကြောင့် ခွန်အားဖြင့် လှုပ်ရှားပါက သူမ၏ ခွန်အားက ပိုမို အားကောင်းလာပြီး ထိုအရာများဖြင့် ပြုလုပ်နိုင်စွမ်းတော့ ရှိ၏။ သူမတွင် အတွင်းအား တင်သာမက အစွမ်းထက်သည့် သွေးမျိုးဆက် စွမ်းအားများလည်း ရှိ၏။
နင်ဟန်က ပင်လယ်ထဲသို့ ခုန်ချ၏။ ဤအချိန်မှာတော့ ပင်လယ်ရေကပင် ပူနွေးနေ၏။ သံချပ်ကာ ဝတ်ဆင်ပြီး ရေကူးခြင်းက တကယ့်ကို ပင်ပန်း၏။ ပင်လယ်ထဲသို့ ရောက်ရှိပြီးနောက် နင်ဟန်က ရှေးဟောင်းသံချပ်ကာကို စတင်ကာ ချွတ်၏။ ဦးထုပ်ကိုသာ ချန်ထားသည်။
“ရှမ့်လန်... ငါ ပြန်လာခဲ့မယ်။” နင်ဟန်က ပြောရင်း တောင်ဘက်သို့ ကူး၏။ သူမက ဝေးသည်ထက် ဝေးကွာအောင် ရေကူးသွားခဲ့၏။ မိုင်ဒါဇင်ပေါင်းများစွာ ကြာပြီးနောက် နင်ဟန်က အရှိန်အနည်းငယ် လျှော့၏။ နောက်ဆုံးမှာတော့ သူမက ငရဲခန်း ပေါက်ကွဲမှုဇုန်မှ လွတ်မြောက်သွားခဲ့၏။
သို့သော်ငြား ဤအချိန်မှာတော့ သူမ၏ မလှမ်းမကမ်းရှိ ပင်လယ်ရေများက ဆူပွက်နေသည်ကို ရုတ်တရက် တွေ့လိုက်ရ၏။ ပူပြင်းသည့် လေများက ဆက်တိုက်ကြီး တိုက်ခတ်လာခဲ့၏။ ထိုအရာက ဘာကြီးဖြစ်သနည်း။ ဤသည်က လွင့်စင်လာခဲ့ပြီး ဤနေရာသို့ ကျရောက်လာသည့် ရှေးဟောင်း စွမ်းအင်ဗဟိုချက်ပင်။
...
အပိုင်း (၁၀၀၈)
စွမ်းအင်ဗဟိုချက် သတ္တုဟိုက်ဒရိုဂျင်ကို ထိန်းချုပ်ထားရန် လေထုဖိအား သန်းပေါင်းများစွာ လိုအပ်၏။ ထိုအရာကို ဖောက်ခွဲရန်က တကယ့်ကို လွယ်ကူ၏။ ကာကွယ်ရေးအခွံကို ဖျက်ဆီးလိုက်ရုံမျှပင်။ သို့သော်ငြား ပုံမှန် အခြေအနေတွင် ထိုအရာ၏ ကာကွယ်ရေးအခွံကို ရှေးဟောင်း ယဉ်ကျေးမှုဖြင့် ပြုလုပ်ထားခဲ့သောကြောင့် လုံးဝ ဖျက်ဆီး၍ မရနိုင်ပေ။
ဤအချိန်မှာတော့ စွမ်းအင်ဗဟိုချက်က နဂါးနောင်တ ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် ရှိခဲ့၏။ ထိုအချိန်က သင်္ဘောတစ်စင်းလုံး ပြာကျသွားခဲ့ပြီး စွမ်းအင်ဗဟိုချက်က မိုင်ပေါင်းသောင်းချီ လွင့်စင်သွားခဲ့၏။ ထိုအရာ၏ ဖျက်ဆီး၍ မရနိုင်သည့် ကာကွယ်ရေးအခွံက နောက်ဆုံး အက်ကွဲကြောင်းလေး တစ်ခု ဖြစ်ပေါ်ခဲ့၏။ ယခုအချိန်မှာတော့ ထိုအရာက ပင်လယ်ကြမ်းပြင်တွင် နစ်မြုပ်သွားခဲ့ပြီး အနီး၌ ပင်လယ်ရေကို ပူနွေးစေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများဖြင့် ဆက်တိုက် ထုတ်လွှတ်နေ၏။
နင်ဟန်၏ ကျောရိုးမကြီးတစ်ခုလုံးက စိမ့်ကနဲ ဖြစ်သွား၏။ သူမ၏ နှလုံးသား တစ်ခုလုံးက တုန်လှုပ် သွားခဲ့သည်။ “မဖြစ်ဘူး။ ကျေးဇူးပြုပြီး မဖြစ်ပါနဲ့။”
ပြီးနောက် သူမက အတွင်းအား အကုန်ကို သုံးစွဲပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ တိုက်ရိုက် ခုန်တက်၏။ သူမ၏ အတွင်းအားကို အသုံးပြုကာဖြင့် ကာကွယ်ရေး အခွံလွှာ ကွဲအက်နေသည့် ရှေးဟောင်း စွမ်းအင်ဗဟိုချက်မှ ဝေးရာသို့ အသည်းအသန် ပြေး၏။
သို့သော်ငြား အရာအားလုံးက အချည်းနှီး ဖြစ်သွားသည့်ပုံပင်။ စွမ်းအင်ဗဟိုချက်၏ အခွံက နောက်ဆုံး၌ ဆက်လက် တောင့်ခံမထားနိုင်တော့ချေ။
“ကလစ်...” အတွင်းရှိ သတ္တု ဟိုက်ဒရိုဂျင် တန်ချိန် ဒါဇင်ပေါင်းများစွာက ရုတ်တရက် ပေါက်ကွဲသည်။
“ဘုန်း... ဘုန်း....” တုန်လှုပ်ဖွယ်ရာ မီးတောက်ကြီးတစ်ခုက ကောင်းကင်ယံဆီသို့ မြင့်တက်သွား၏။ ထိုအရာက နှိုင်းယှဉ်၍ မရလောက်အောင် ကြီးမားသည့် မီးလုံးကြီးဖြစ်ပြီး ဤတစ်ကြိမ်တွင်တော့ အနီရောင်ပင်။
နင်ဟန်က ရှိသမျှ အားကုန်သုံး၍ ပြေးလွှားသွား၏။ တစ်စက္ကန့်လျှင် မီတာ ဒါဇင်နှင့်ချီသော အမြန်နှုန်းဖြင့် အမောတကော ပြေးလွှားသွားခြင်းပင်။ သို့သော်ငြား မျက်စိတစ်မှိတ်အတွင်း သူမက လေထုထဲမှ ရိုက်ချခံလိုက်ရသည့် ဟင်္သာငှက် တစ်ကောင်ကဲ့သို့ ဖြစ်၏။ သူမ၏ လှပသည့် ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားခဲ့၏။
ပေါက်ကွဲမှု၏ မီးတောက်များက မိုင်ရာနှင့်ချီ ဝေးကွာသော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မီးလောင်ကျွမ်း၏။ ပထမဦးဆုံး ဆံပင်များကို လောင်ကျွမ်း၏။ ပြီးနောက် အသားအရေ၊ ပြီးနောက် အဝတ်အစား၊ ခန္ဓာကိုယ် တစ်ခုလုံး မီးလောင်ကျွမ်းသည်။
“အား...”
နောက်ဆုံးမှာတော့ သူမက ပထမဦးဆုံးအကြိမ်ဖြင့် သနားစရာကောင်းသည့် အော်ဟစ်သံကြီးကို အော်ဟစ်ကာဖြင့် ပင်လယ်ထဲသို့ တိုက်ရိုက် ပြုတ်ကျ၏။
“ဘုန်း... ဘုန်း...”
စွမ်းအင်ဗဟိုချက် ပေါက်ကွဲမှုမှ မီးတောက်များက နင်ဟန်၏ပုံရိပ် အပါအဝင် အရာအားလုံးကို ချက်ချင်း ဝါးမြိုသွားသည်။
...........
ကလေးတွေ ရှိနေသောကြောင့် ဤပေါက်ကွဲမှုကို မကြည့်ရသည်က အကောင်းဆုံးဟု နင်ယွမ်ရှန်းက ကောင်းကောင်းမွန်မွန် ပြောကြားခဲ့၏။ သို့သော်ငြား ပေါက်ကွဲမှုကြီး မဖြစ်ခင် နာရီအနည်းငယ် အလိုက အိမ်တော် တောင်ကုန်း၏ အမြင့်ဆုံး နေရာဆီသို့ သူ့ကို ထမ်းပို့ခိုင်းခဲ့၏။
သူက နန်းဆောင် တစ်ခုတွင် ထိုင်ပြီး တောင်ဘက်သို့ လှမ်းမျှော် ကြည့်ရှုနေ၏။ သူက ပျံ့ဖေးနှင့် စစ်တုရင် ကစားနေသည်က ထင်ရှားသော်လည်း ပွဲကတော့ လုံးဝ ရှုပ်ပွနေ၏။ မိဖုရားကြီးပျံ့ကလည်း တကယ့်ကို လက်မှိုင်ချ၏။ အနိုင်ရရှိနိုင်ရန် သူမ၌ အဘယ်သို့ အရည်အချင်း ရှိမည်နည်း။
နင်ယွမ်ရှန်းက စိတ်ထဲတွင် စိုးရိမ်ပူပန်နေ၏။ သူက လက်ဖက်ရည်ကို အကြိမ်ကြိမ် သောက်၏။ မပေါက်ကွဲခြင်းများ ဖြစ်လာမည်လား။ သူက ပေါက်ကွဲမှု ဖြစ်ပေါ်မည့် နေရာနှင့် မိုင် ၃၀၀ အပြည့် ဝေးကွာ၏။ ယခုမှ မပေါက်ကွဲလျှင် နေဝင်ပေတော့မည်။
နင်ယွမ်ရှန်းက လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး စိတ်ပျက်လက်ပျက်ဖြင့် လက်ဖက်ရည် အနည်းငယ်ကို သောက်သည်။
ထိုအချိန်မှာပဲ မိဖုရားကြီးပျံ့က သူ့ကို ရုတ်တရက် စိုက်ကြည့်၏။ ပြီးနောက် တောင်ဘက်သို့ တည့်တည့်ကြည့်ကာ ပြော၏။ “အရှင်မင်းကြီး... ကြည့်ပါအုံး...”
“ဘယ်မှာလဲ... ဘယ်မှာလဲ။” နင်ယွမ်ရှန်းက ခေါင်းကို အမြန်လှည့်ကြည့်သည်။
အပြာရောင် မီးလုံးကြီးတစ်ခုက ကောင်းကင်ယံထက်သို့ ရုတ်တရက် မြင့်တက်လာ၏။ မျက်စိတစ်မှိတ် အတွင်း ထိုအရာက ကြက်သီးမွေးညင်း ထသလို ခံစားရစေ၏။ ဤမျှ ဝေးကွာသည့် နေရာကပင် မီးလုံးကြီးကို မြင်နေရ၏။
ထိုမီးလုံးကြီးက မည်မျှ မြင့်မားမည်နည်း။ ပေါက်ကွဲအားက မည်မျှ ပြင်းထန်မည်နည်း။ ထိုအချိန်မှာတော့ ပါကင်ဆန် ရောဂါကို ခံစားနေရသည့် နင်ယွမ်ရှန်းက တုန်ယင်နေခြင်းများပင် ရပ်တန့်သွားခဲ့သည်။
“ပြီးသွားပြီ။ အခုမှပဲ နေသာထိုင်သာ ရှိတော့တယ်။”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ပြန်ကြရအောင်။”
ပျံ့ဖေးက ပြောလိုက်သည်။ “အရှင်မင်းကြီး... စစ်တုရင် ကစားလို့ မပြီးသေးပါဘူး။”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဆက်ကစားရင် မင်း ငိုရတော့မယ်။ ငါ့ကို အရှုံးပေးရတာ အရမ်း ခက်ခဲတာကိုး။ နေဝင်သွားခဲ့ပြီ။ ကလေးတွေလည်း ထမင်းစားဖို့ စောင့်နေကြတော့မယ်။ အခု မပြန်ရင် သူတို့ ဗိုက်ဆာနေလိမ့်မယ်။”
.......................
မီးပုံးပျံပေါ်ရှိ ဒိုဟာနှင့် အခြားသောသူများ၏ သတင်းပို့ချက်ကို လက်ခံရရှိပြီးနောက် ရှမ့်လန်က ရေတပ်ကို မောင်းနှင်စေပြီး တောင်ဘက်သို့ ဆင်းလာကာဖြင့် စစ်မြေပြင်ကို ရှင်းလင်းရန် လုပ်ဆောင်၏။ ပြီးနောက် သူက လုံးဝ အံ့အားသင့်သွားခဲ့၏။ ဤအရာက တကယ့်ကိုပင်။
နဂါးနောင်တ ပေါက်ကွဲမှုက ကောင်းကင်ပင်လယ်နန်းဆောင်၏ ရေတပ်ကို ဖျက်ဆီးရန် လုံလုံလောက်လောက် စွမ်းအားမရှိမည်ကို သူ မူလက စိုးရိမ်မိခဲ့၏။ သို့သော်ငြား ယခု စွမ်းအားကြီးလွန်းနေသည်ကိုပင် မုန်းတီးမိ၏။ အဘယ့်ကြောင့်ဆိုသော် အခွင့်ကောင်းယူပြီး သူက ရွှေတွင်းကို တူးချင်ခြင်းပင်။ ယခု အများစုက ပေါက်ကွဲထွက်ကုန်၏။
သွေးဝိညာဉ် တပ်သား သောင်းနှင့်ချီ ဘယ်ရောက်ကုန်သနည်း။ သွေးဝိညာဉ်တပ်သား၏ သံချပ်ကာ သောင်းနှင့်ချီက ဘယ်ရောက်သွားသနည်း။ ပိုမို အဆင့်မြင့်သည့် လက်နက်တွေကရော ဘယ်ရောက်သွား သနည်း။
ရှမ့်လန်၏ ရေတပ် ရောက်ရှိလာချိန်မှာတော့ အသက်ရှင် ကျန်ရစ်သူ တစ်သောင်းခန့် တကယ်ရှိ၏။ ထိုသူ အားလုံးတို့က ပေါက်ကွဲမှု၏ အစွန်အဖျားတွင် ရှိနေ၏။ သွေးဝိညာဉ်တပ်တော်၏ အစိတ်အပိုင်း အနည်းငယ်သာ ပါဝင်ပြီး တချို့က ရေတပ်သားများနှင့် ကောင်းကင်ပင်လယ်နန်းဆောင်မှ အစေခံ စစ်သည်များ သာ ဖြစ်၏။
ထိုသူတို့၏ သင်္ဘောများက အကောင်းပကတိအတိုင်း ရှိသည်ဆိုလျှင်တောင် ရွက်တိုင်နှင့် ရွက်များ မရှိတော့သောကြောင့် ထွက်ပြေးရန် မဖြစ်နိုင်တော့ချေ။ ထိုသူတို့၏ စိတ်ဓာတ်များကလည်း ပေါက်ကွဲမှုကြောင့် လုံးဝ ပျက်စီးသွားသည်။
ပြင်းထန်သည့် တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားပြီးနောက် အသက်ရှင် ကျန်ရစ်ခဲ့သည့် သွေးဝိညာဉ် တပ်သား စစ်သည်များက သုတ်သင်ခံလိုက်ရပြီး ကျန်ရှိသူများက လက်နက်ချ၏။ သူတို့၏အမြင်တွင် ကောင်းကင်ကို ခြေမှုန်းပြီး မြေပြင်ကို မျိုးဖြုတ်နိုင်သည့် ဤမျှ ကြီးမားသည့် လူသတ်လက်နက်ကြီးကို ထုတ်လွှတ်နိုင်သည့် ရှမ့်လန်က ဘုရားသခင် တစ်ပါးကဲ့သို့ပင်။
နောက်ဆုံး ရှမ့်လန်က ဤဧရာမမှ ရှေးဟောင်း သင်္ဘောကြီးဆီသို့ ရောက်ရှိ၏။ ဤသည်က ကောင်းကင် ပင်လယ်နန်းဆောင်၏ မဟာဗျူဟာမြောက် လက်နက်ဖြစ်၏။ မူလက အခြားသော အင်အားကြီး အဖွဲ့အစည်းများကို အင်အား ပြသချင်ခဲ့သော်လည်း တိုက်ပွဲပင် မစရသေးဘဲ ဖျက်ဆီးခံလိုက်ရ၏။
ရှမ့်လန်က ရှေးဟောင်းသင်္ဘောကြီး၏ သနားစရာ အခြေအနေကို ကြည့်၏။ အနည်းဆုံးတော့ သင်္ဘော၏ မျက်နှာပြင်က တွန့်လိမ်သွား၏။ သို့သော်လည်း နစ်မြှုပ်မသွားဘဲ ပင်လယ်ပြင်ပေါ်တွင် ခေါင်းမာစွာဖြင့် မျောပါနေဆဲပင်။
“ပြင်လို့ ရနိုင်မလား။” ရှမ့်လန်က မေးသည်။
ဂျက်ထန်က ပြုံးဖြီးဖြီးနှင့် ပြောလိုက်၏။ “ရပါတယ်။ ဖြစ်နိုင်လောက်တယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “သေချာပေါက် ပြင်ရမယ်။ ဒီရှေးဟောင်း သင်္ဘောကြီးသာရှိရင် ကျုပ်တို့ ပင်လယ်ပြင် စိုးမိုးရေးကို အာမခံနိုင်ပြီပဲ။”
“ဗွမ်း... ဗွမ်း...”
မရေတွက်နိုင်သည့် အမေဇုန်အမျိုးသမီးများက စစ်နိုင်ပစ္စည်းများနှင့် အလောင်းများကို ရှာဖွေရန် ရေထဲသို့ ငုပ်ဆင်းသွား၏။
ရှမ့်လန်က ပြောလိုက်သည်။ “နင်ဟန်ကို အဓိက ထားပြီး ရှာဖွေကြ။ အသက်ရှင်ရင် လူကို မြင်ချင်တယ်။ သေရင် အလောင်းကို မြင်ချင်တယ်။”
“အမိန့်တိုင်းပါ။”
ရှမ့်လန်က ရှေးဟောင်းသင်္ဘောကြီးကို လိုချင်တပ်မက်စွာ ကြည့်၏။ ဤတိုက်ပွဲမှ အခြားဆုလာဘ်များ မရလျှင်ပင် ဤရှေးဟောင်း သင်္ဘောကြီး တစ်စင်းတည်းနှင့် အမြတ်အစွန်း ကြီးမားနေပြီ ဖြစ်၏။
“အရှင်... စုစုပေါင်း ရှေးဟောင်း စွမ်းအင်ဗဟိုချက် ၈ ခု ရပါတယ်။”
ရှမ့်လန်က ဝမ်းသာအားရ ဖြစ်သွား၏။ သူက တကယ့်ကို ရွှေတွင်း တူးမိ၏။ နုရှောင့်မြို့ရှိ ရှေးဟောင်း စွမ်းအင်ဗဟိုချက်က နဂါးနောင်တကို ပစ်ခတ်ပြီးနောက် စွမ်းအင် အမြောက်အမြား ကုန်ဆုံးခဲ့၏။ ယခု ၈ ခု ရရှိပြီး ဖြစ်သောကြောင့် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းနိုင်ပြီဖြစ်သည်။
နောက်ဆုံး လျှို့ဝှက်စမ်းသပ်မှုများကို စတင် ပြုလုပ်ပြီး လက်နက်သစ်များကို အကြီးစား ထုတ်လုပ်နိုင်ပေ တော့မည်။ ယခင်က စွမ်းအင်ဗဟိုချက် တစ်ခုတည်းသာ ရှိသောကြောင့် သူတို့က ဂရုတစိုက် အသုံးပြုခဲ့ရ၏။ စမ်းသပ်မှုတိုင်းကို ရှမ့်လန်၏ ခွင့်ပြုချက် ရပြီးမှ စွမ်းအင်ဗဟိုချက်ကို အချိန်ကိုက် မောင်းနှင်ရ၏။
“အရှင်... တိုက်ပွဲ ပြီးသွားပြီလား။”
မင်းသမီး ဒိုဟာ မေးသည်။ “တော်ဝင်ရန် မင်းဆက်က လူတိုင်းကို ခြိမ်းခြောက်ဖို့ လုံလောက်ပြီလား။ ဝူ ချောင်နဲ့ ရွှဲ့နိုင်ငံကို ကာကွယ်ဖို့ လုံလောက်ပြီလား။”
“နီးစပ်ပြီ။ ဒါပေမဲ့ နည်းနည်းတော့ လိုသေးတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ငါတို့ရဲ့ ရေတပ်နဲ့ အမြှောက်တွေက ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ အဆောက်အဦးတွေကို ပစ်ခတ်နေပေမဲ့ သူတို့ရဲ့ကာကွယ်ရေးကို မဖောက်ထွင်းနိုင်ခဲ့ဘူး။ တံမြက်စည်းလှဲနေတဲ့ အဘိုးအိုကိုတောင် လှုပ်ရှားမှုရပ်မသွားဘူးလို့ သတင်းကြားတယ်။ ဒါက ကြီးမားတဲ့ အရှက်ရစရာပဲ။
လူတွေ အများကြီးက ငါတို့ကို လှောင်ပြောင်နေကြတယ်။ ဒါကြောင့် ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ အဆောက်အဦးတွေကို ဒီလောကမြေပြင်ပေါ်ကနေ သုတ်သင် ရှင်းလင်းပစ်လိုက်မယ်။ ဒါဆိုရင် ဒီတိုက်ပွဲက ပြီးပြည့်စုံတဲ့ နိဂုံးချုပ်မှု ဖြစ်သွားလိမ့်မယ်။”
“ရန်သူ တွေ့ပြီ။ ရန်သူကို တွေ့ပြီ။”
ရုတ်တရက် အမေဇုန် အမျိုးသမီး စစ်သည်တော်များဆီမှ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ထို့အရာက မလှမ်းမကမ်းရှိ ပင်လယ်ပြင်မှပင်။
“ဗွမ်း... ဗွမ်း...”
ပြီးနောက် လူရိပ် တစ်ခုပြီး တစ်ခုက ရေထဲမှ ပြေးထွက်လာ၏။ ထိုသူတို့က ကောင်းကင်ပင်လယ် နန်းဆောင်၏ အထူးသိုင်းပညာရှင်များ ဖြစ်၏။ အရေအတွက်က မများလှချေ။ လူ အနည်းငယ်သာ ရှိ၏။ သူတို့က နဂါးနောင်တ ပေါက်ကွဲမှုမှ လွတ်မြောက်လာကြသူများပင်။ ဤလူနည်းစုလေးက ပေါက်ကွဲမှုကြီး မဖြစ်မီကပင် ပင်လယ်ပြင်ထဲသို့ ခုန်ချခဲ့ပြီးပြီ ဖြစ်၏။ သူတို့က ပေါက်ကွဲမှုကို ရှောင်တိမ်းရန် ပင်လယ်ကြမ်းပြင်အထိ ငုပ်လျှိုးခဲ့ကြ၏။
အသည်းအသန် ထွက်ပြေးခဲ့ကြသည့် ကျန်ရှိနေခဲ့သော အထူးသိုင်းပညာရှင်များက သူတို့၏ သံချပ်ကာက ကြောက်မက်ဖွယ်ရာ အပူဒဏ်ကို ခံနိုင်ရည် ရှိသော်လည်း သံချပ်ကာထဲရှိ အိမ်မက်ဆိုး ကျောက်တုံးများ ပေါက်ကွဲသွားမှုကြောင့် သံချပ်ကာတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်၏။ နဂါးနောင်တ ပေါက်ကွဲမှု၏ အပူများ ဝင်ရောက်လာပြီးနောက် အတွင်းမှ လူများကို ပြာကျအောင် ကျွမ်းလောင်စေခဲ့သည်။
“ရှမ့်လန်ကို သတ်ကြ...။”
ဤအထူး သိုင်းပညာရှင် ဒါဇင် အနည်းငယ်တို့က ဘေးပတ်ဝန်းကျင်ရှိ လူများကို လုံးဝ လျစ်လျူရှုပြီး ရှမ့်လန်ထံသို့ ရူးမတတ် ပြေးဝင်လာခဲ့၏။ သူတို့က တစ်ချိန်လုံး ရေထဲတွင် ပုန်းအောင်းနေပြီး ရှမ့်လန် ပေါ်ပေါက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်းမှာ ထင်ရှား၏။
ထို့အပြင် သူတို့၏ ရှေးဟောင်း သံချပ်ကာများက အကောင်းပကတိ ရှိနေသေးပြီး အိမ်မက်ဆိုး ကျောက်တုံးများလည်း မပျက်စီးသေးပေ။ သူတို့၏ လက်ထဲတွင် အိမ်မက်ဆိုး ကျောက်တုံး သွေးဝိညာဉ်ဓား နှင့် ရှေးဟောင်း ဒူးလေးများပင် ကိုင်ဆောင်ထားသည်။
သို့သော်ငြား ဝမ်းနည်းစရာ ကောင်းသည်က ရှေးဟောင်း စွမ်းအင် ထိန်းချုပ်မှု ဗဟိုချက် အားလုံးက ရပ်တန့်သွားခဲ့ပြီ ဖြစ်သောကြောင့် ဤရှေးဟောင်း ကိရိယာများက စွမ်းအင် မရှိတော့ချေ။ သူတို့က လူသတ် လက်နက်များ ဖြစ်နေသော်လည်း ယခု အချိန်မှာတော့ သာမန် လက်နက်များ အဖြစ်သာ အသုံးပြုနိုင် တော့၏။ ထူးခြားမနေတော့ပေ။ ထိုသို့ဆိုလျှင်တောင်မှ ဤအထူးသိုင်းပညာရှင် ဒါဇင် အနည်းငယ်တို့က တကယ့်ကို သန်မာနေဆဲပင်။ သံချပ်ကာများကို ဝတ်ဆင်ထားလျှက်နှင့်ပင် လျင်မြန်စွာ ရေကူးလာနိုင်ကြ၏။
“အရှင့်ကို ကာကွယ်ကြ...”
မရေတွက်နိုင်သည့် ဦးခေါင်းခွံ ဂိုဏ်းဝင်များနှင့် အမေဇုန် စစ်သည်များက ရေထဲသို့ ခုန်ချပြီး ကောင်းကင်ပင်လယ် နန်းဆောင်၏ အထူးသိုင်းပညာရှင် ဒါဇင်အနည်းငယ်ဆီသို့ ပြေးဝင်၏။ ရာပေါင်းများစွာသော လူများက အထူးသိုင်းပညာရှင်များကို ချက်ချင်းပဲ ဝန်းရံသည်။
အပြေးရောက်လာသည့် မင်းသမီး ဒိုဟာနှင့် တပ်မှူးကွေ့နင် တို့လည်း ပါဝင်၏။ သူတို့ အကျွမ်းကျင်ဆုံးက ရေအောက် တိုက်ပွဲပင်။ သူတို့က ရေအောက်ထဲတွင် နေ့စဉ် လေ့ကျင့်ခဲ့ကြ၏။
“အရှင့်ကို ကာကွယ်ကြ... ဧကရာဇ်ကို ကာကွယ်ကြ...”
သိုင်းပညာရှင် ဒါဇင်အနည်းငယ်တို့က ပင်လယ်ရေမျက်နှာပြင်နှင့် အပျက်အစီးများထဲတွင် သိမ်းငှက်များကဲ့သို့ ခုန်လွှားကာ ပြေးလွှား၏။ မျက်စိတစ်မှိတ်အတွင်း ရှမ့်လန်၏ ရှေ့တွင် ကိုယ်ရံတော် ရာပေါင်းများစွာ ရောက်ရှိလာခဲ့သည်။
ပင်လယ်ပြင် တစ်ခုလုံးက ရှုပ်ထွေးနေ၏။ အမေဇုန် စစ်သည် ရာပေါင်းများစွာတို့က ရေအောက်တွင် ကောင်းကင်ပင်လယ် နန်းဆောင်၏ အထူးပညာရှင် ဒါဇင် အနည်းငယ်တို့နှင့် တိုက်ခိုက်နေကြသော်လည်း မနိုင်ကြချေ။
ဤကောင်းကင်ပင်လယ် နန်းဆောင်မှ အထူးသိုင်းပညာရှင်အဖွဲ့က တကယ့်ကို အားကောင်း၏။ အဓိက အချက်အားဖြင့် သူတို့၏ သွေးဝိညာဉ် သံချပ်ကာ အသစ်များက ဖျက်ဆီး၍ မရနိုင်လောက်အောင် ခိုင်မာလွန်းခြင်းပင်။ ထိုသူတို့ကို ချိုးဖျက်ရန် နည်းလမ်း မရှိချေ။
မင်းသမီး ဒိုဟာ၏ ဓားကြီးက ရန်သူ၏ သံချပ်ကာကို အကြိမ်ပေါင်းများစွာ ခုတ်ပိုင်းသော်လည်း သံချပ်ကာ အပေါ်တွင် အရာထင်ရုံသာ တတ်နိုင်ခဲ့၏။ သူမ၏ ဓားကြီးက တန်စတင် သံမဏိနှင့် ပြုလုပ်ထားခဲ့ သော်လည်း ရန်သူ၏ သံချပ်ကာက တန်စတင် အလွှာဖြင့် ဖုံးအုပ်ထားသောကြောင့် သံချပ်ကာကို လုံးဝ ဖောက်ထွင်းနိုင်ခြင်း မရှိချေ။
ထို့အပြင် အသက်ရှင် ကျန်ရစ်ခဲ့သည့် အထူးသိုင်းပညာရှင် ၃၀ အနက် ၄ ဦးက မဟာပညာရှင်အဆင့် ကျွမ်းကျင်သူများဖြစ်ပြီး ကျန် ၂၀ ခန့်က ထိပ်တန်း သိုင်းပညာရှင်များပင်။ ထို့ကြောင့် အချိန်တိုအတွင်း သူတို့က လူရာချီ၏ ဝန်းရံ ပိတ်ဆို့မှုကို ဖောက်ထွက်လာနိုင်ခဲ့ကြ၏။
မျက်စိတစ်မှိတ်အတွင်း အမေဇုန် အမျိုးသမီး စစ်သည် ရာပေါင်းများစွာတို့ ဒဏ်ရာ ရရှိကုန်၏။ ကံကောင်းသည်က ရေအောက်ထဲတွင် ရှိနေသောကြောင့် ဓားချက်များက ပင်လယ်ရေကြောင့် အရှိန်လျော့သွားခဲ့၏။ မဟုတ်ပါက လူမည်မျှ သေဆုံးမည်ကိုပင် မသိနိုင်ချေ။
ထို့နောက် ကောင်းကင်ပင်လယ် နန်းဆောင်မှ အထူးသိုင်းပညာရှင် ဒါဇင် အနည်းငယ်တို့က ရှမ့်လန်ဆီသို့ တိုးဝင်လာခဲ့၏။ ရှမ့်လန်ကို သတ်နိုင်သည်နှင့် အောင်မြင်သည်ဟု ယူဆနိုင်ကြောင်း သူတို့က ကောင်းစွာ သိ၏။ ထို့အပြင် ဤသည်က လုပ်ကြံသတ်ဖြတ်ခြင်း မဟုတ်သောကြောင့် ဂုဏ်သိက္ခာ ထိခိုက်လိမ့်မည် မဟုတ်ချေ။
“သတ်ကြ...”
ရှမ့်လန်ကို သတ်နိုင်ရန် ကျန်ရှိနေသည့် လူဒါဇင် အနည်းငယ်တို့က အသတ်ခံ လိုက်ရလျှင်လည်း တန်သေး၏။