← Chapters

အခန်း (၁၀၁၃-၁၀၁၄)

Vol. 60 Ch. 1013-1014

အခန်း (၁၀၁၃-၁၀၁၄)

Vol. 60 Ch. 1013-1014

အပိုင်း (၁၀၁၃)

ယနေ့က ကံကောင်းသည့် နေ့တစ်နေ့ဖြစ်ရန် ဖန်တီးလာပုံပင်။ မနက်ပိုင်းတွင် ရှမ့်လန်က ပထမဦးဆုံး ရေနွေးငွေ့စက်ကို မြင်တွေ့ခဲ့ရ၏။ နေ့လည်ပိုင်းမှာတော့ ရှမ့်လန်က ပိုမိုအရေးကြီးသည့် လက်နက်တစ်ခုကို မြင်တွေ့ရ၏။

သေနတ်ပင်။ ရိုင်ဖယ်သေနတ်တော့ မဟုတ်ပေ။ ရိုင်ဖယ်သေနတ်၏ သဘောတရားက ပြောင်းရစ်ပါ အမြှောက်လောက် မရှုပ်ထွေးသော်လည်း ကျည်ဆံများကို အရေအတွက်များများ ထုတ်လုပ်ရန် လိုအပ်ပြီး တကယ့်ကို လက်ဝင်၏။ တိကျမှုနှုန်းကလည်း တကယ့်ကို မြင့်မားသည်။

လက်ရှိတွင် ရှမ့်လန်၏ အလုပ်ရုံက လူအင်အားကိုသာ အဓိကမှီခိုနေရ၍ အမြှောက်ဆန်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်သော်လည်း သေနတ်ကျည်ဆံများ ပြုလုပ်ရန်အတွက်တော့ အဆင့်နိမ့်လွန်းနေသေးပြီး လူအင်အားလည်း မလုံလောက်ချေ။ ထို့ကြောင့် ပိုမိုခေတ်မီသည့် မီးကျည်ဆံများကို အကြီးစား ထုတ်လုပ်ရန် အလွန်ပင် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် လက်ရှိရရှိနိုင်သည့် သေနတ်က စက္ကူမီးရိုက် သေနတ်မျိုးပင်။ ထိုအရာက စက္ကူခွံ ကျည်ဆံမျိုး ဖြစ်၏။ မီးကျည်၊ ယမ်းနှင့် ကျည်ဆံတို့ကို စက္ကူခွံနှင့် အတူတကွ ထုပ်ပိုးထားခြင်းပင်။ အလွန် ခေတ်နောက်ကျသည်ဟု ထင်ရသော်လည်း ထိုအရာ၏ စွမ်းရည်ကတော့ မဆိုးလှချေ။ အဘယ်ကြောင့် ဆိုသော် ရှမ့်လန်က အစွမ်းထက်သည့် မီးခိုးမဲ့ယမ်းများကို အသုံးပြုထားသောကြောင့် ကျည်ဆံက ပိုမို အစွမ်းထက်လာ၏။

သဘာဝလွန် အဖွဲ့အစည်းများမှ လျှို့ဝှက်စစ်တပ်ကို ကိုင်တွယ်ရန် ကျည်ဆံများကို တန်စတင် အလွှာများဖြင့် ဖုံးအုပ်နိုင်သည်။

ထို့အပြင် အိမ်မက်ဆိုး ကျောက်တုံး ကိရိယာကြောင့် အံ့မခန်း အပူချိန်ရှိသည့် ပလာစမာ မီးတောက်များကို အလွယ်တကူ ထုတ်လွှတ်နိုင်၏။ တန်စတင် သံမဏိ ရှိနေခြင်းကြောင့် အကောင်းဆုံး ပုံသွင်းကိရိယာများကို ပြုလုပ်နိုင်၏။ ထို့ကြောင့် ဤသေနတ်အားလုံးကို အဆက်မရှိသော သံမဏိပိုက်များဖြင့် ပြုလုပ်ထား၏။

ထိုအရာအားလုံးက အနောက်မှ ကျည်ထိုးရသည့် ပြောင်းရစ်ပါ သေနတ်များ ဖြစ်ကြ၏။ ဆက်တိုက် ပစ်ခတ်၍ မရသော်လည်း လေးမြား အများစုများထက် သာလွန်သည့် စွမ်းအားမျိုး ရှိ၏။ အရေးကြီးဆုံးက ထိုအရာကို အကြီးစား ထုတ်လုပ်နိုင်ခဲ့ပြီး တပ်ဆင်ပေးနိုင်ခြင်းပင်။ ရှေးဟောင်းလေးများနှင့် နှိုင်းယှဉ်လျှင် စွမ်းအား ကြီးမားနေသေး၏။ စုစုပေါင်း အရေအတွက် မည်မျှ ရှိမည်နည်း။

“ဒိုင်း... ဒိုင်း...”

ပဲလှော်သကဲ့သို့ ပြတ်သားသော အသံများက ဆက်တိုက် ထွက်ပေါ်လာ၏။ သေနတ် ၁၀ လက်ကျော် ပစ်ခတ်လိုက်၏။

“အရှင်မင်းကြီးကို သတင်းပို့ပါတယ်။ ကျုပ်တို့ မီးတောက်သေနတ်တွေရဲ့ တိကျမှုက ထိပ်တန်းအဆင့် ဖြစ်ပြီးတော့ လေးမြားတွေထက် အများကြီး သာလွန်ပါတယ်။ ထိရောက်မှု အကွာအဝေးက မီတာ ၃၀၀ ကျော် ရှိပြီး လေးမြားတွေထက် အများကြီး သာလွန်ပါတယ်။ အတွေ့အကြုံရှိတဲ့ စစ်သည်တွေအနေနဲ့ ၃ စက္ကန့်မှာ တစ်ချက် ပစ်နိုင်ပါတယ်။

အရည်အသွေးမြင့်ဆုံး သံမဏိကို သုံးထားတာရယ်၊ အိမ်မက်ဆိုး ကျောက်တုံး ကိရိယာနဲ့ အကောင်းဆုံး တွင်ခုံတွေ ရှိနေတာကြောင့် လက်ရာ ကွာခြားချက်က အရမ်းကို နည်းပြီးတော့ အရမ်းကောင်းနေပါတယ်။ နမူနာ အလက် ၃၀ နဲ့ စုစုပေါင်း အချက်ပေါင်း ၃၀၀၀ ပစ်ခတ် စမ်းသပ်ပြီးပါပြီ။ ဒီမီးတောက်သေနတ်ကို စစ်မြေပြင်မှာ တိုက်ရိုက် တပ်ဆင် ပစ်ခတ်လို့ ရနေပါပြီ။”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် သေနတ်တစ်လက်ကို ယူကာ စမ်းသပ်ရန် ပြင်၏။ နောက်ဆုံးမှာတော့ ဟီလာက သူ၏လက်ထဲမှ ယူကာ ပြောသည်။ “ငါ စမ်းတာလည်း အတူတူပါပဲ။”

ဤမီးတောက်သေနတ်၏ တည်ဆောက်ပုံက တကယ့်ကို တိကျလွန်းသည်ဆိုသော်လည်း မတော်တဆ ဖြစ်ခဲ့သည်ဆိုပါက ရှမ့်လန်၏ နုနယ်ပြီး ချောမောသော မျက်နှာလေး မီးလောင်သွားနိုင်သောကြောင့် ကြိုတင် ကာကွယ်ခြင်း ဖြစ်၏။

“အရှင်... ကျုပ်တို့ အရှင့်အတွက် အထူးမီးတောက်သေနတ် တစ်လက်ကို လက်နဲ့ ပြုလုပ်ထားပါတယ်။ ကြေးနီခွံ ကျည်ဆံတွေကို အသုံးပြုထားပါတယ်။ လက်ခံပေးတော်မူပါ။” ဘေးတစ်ဖက်ရှိ လက်မှုပညာရှင် ခေါင်းဆောင်တစ်ဦးက သေနတ်ကို ကမ်းပေးသည်။

ယူကြည့်လိုက်ချိန်မှာတော့ ထိုအရာက သာမန်သေနတ်တစ်လက် မဟုတ်ကြောင်း ရှမ့်လန်က သိလိုက်၏။ ထိုအရာက အနုပညာ လက်ရာတစ်ခုပင်။ ရွှေရောင် တဖိတ်ဖိတ် လက်နေပြီး နဂါးရုပ်ကို ထွင်းထုထား၏။ တောက်ပသည့် စာလုံးများနှင့် ‘တော်ဝင်ချန် ဧကရာဇ်’ ဟု ရေးထိုးထား၏။

သို့နှင့် ရှမ့်လန်က နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို လေ့လာ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက ကြီးမားလွန်း သောကြောင့်ပင်။ ဖွင့်လိုက်လျှင် မီတာဒါဇင်နှင့်ချီ ကျယ်ဝန်းပြီး ကီလိုဂရမ် ၂ သိန်းကျော် လေးလံ၏။ အကယ်၍ အသေးစား ပြုလုပ်နိုင်မည် ဆိုပါက တကယ့်ကို ကောင်းမွန်ပေလိမ့်မည်။

သူ သိပ်မလိုချင်ပေ။ ကီလိုဂရမ် ၃ သောင်းကျော်လောက်ထိ လျော့ချနိုင်လျှင်ပင် စစ်သင်္ဘောများပေါ်တွင် တပ်ဆင်နိုင်၏။ အချိန်တော် စဉ်းစားပြီးနောက် လုံးဝ မဖြစ်နိုင်ကြောင်း ရှမ့်လန်က သိရ၏။ သူ့တွင် ဤနဂါးအရှိန်အဝါ တစ်စုံတည်းသာ ရှိပြီး ဒုတိယတစ်စုံကို ဖန်တီးရန်၊ တပ်ဆင်ရန်အတွက် အပိုပစ္စည်းလည်း မရှိချေ။

“ရန်သူတွေ လာနေပြီ... ရန်သူလာနေပြီ။ ဒေါင်... ဒေါင်...”

ရုတ်တရက် အပြင်ဘက်ဆီမှ အလျင်စလို ခေါင်းလောင်းသံများ ထွက်ပေါ်လာ၏။

ပြီးနောက် ချောင်ယောင်းအာက ပြေးထွက်လာ၏။ အရူးကြီးကလည်း ပြေးလာ၏။ လီချင်းချိုး၊ ရွှယ်ရင်၊ ရွှယ်ရင်ကျုံးချူးကဲ့နှင့် တခြားသော မဟာပညာရှင်များက လမ်းလျှောက်ရန်ပင် အချိန်မရှိတော့ဘဲ နံရံများကို ကျော်တက်ကာဖြင့် ရှမ့်လန်၏ အခန်းဆီသို့ ပြေးလာသည်။

“ရွှီ... ရွှီ...”

မင်းသမီးဒိုဟာနှင့် တခြားသော ရှေးဟောင်းကိရိယာများကို တပ်ဆင်ကိုင်ဆောင်ထားခဲ့သည့် အထူးစစ်သည် ၁၅ ဦးတို့က မီတာ ဒါဇင်နှင့်ချီ လေပေါ်တွင် ခုန်တက်ပြီး ရှမ့်လန်၏ အခန်းပတ်ပတ်လည်တွင် လျှင်မြန်စွာ နေရာယူ၏။

“လေကြောင်းရန် ကာကွယ်ရေး လေးမြားတွေ ပြင်ထား။ ရှေးဟောင်း ဒူးလေးတွေ အားလုံး ပြင်ထားကြ။ ပစ်... ပစ်... နဂါးအရှိန်အဝါ ပစ်လွှတ်စင်တွေ ပြင်ထား။”

ထိုအသံကို ကြားချိန်မှာတော့ ရှမ့်လန်က ကြောင်အသွား၏။ အဘယ်သို့ ရန်သူမျိုးလာသနည်း။ ဤမျှ အစွမ်းထက်သည့် လက်နက်တွေ အများကြီးကို အကုန်ထုတ်သုံးရန် ပြင်ဆင်နေကြသနည်း။

“ငါ ကြည့်ပါအုံးမယ်။”

ရှမ့်လန်က ပြတင်းပေါက်ဆီသို့ လျှောက်ကာ ကြည့်၏။ သို့ပေမည့် ရန်သူ တစ်ဦးတည်းကိုသာ တွေ့ရ၏။ “ဘာလဲဟ... ရန်သူက တစ်ယောက်တည်း။ မင်းတို့က ဒီလောက် စစ်တပ်ကြီး ကြွချီသလို ဘယ်လိုလုပ် လုပ်နေရတာလဲ။ ပြီးတော့ နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကိုတောင် သုံးတော့မယ်။”

သူက ဤပစ်လွှတ်စင်ကို အသုံးပြုရန် လူ ၃ ဦးသာ ခွင့်ပြုထား၏။ ချောင်ယောင်းအာ၊ ဒိုဟာနှင့် ဟီလာတို့ပင် ဖြစ်၏။ စစ်သည် တစ်သိန်းလာလျှင်တောင်မှ ဤမျှ ကြောက်လန့်ဖွယ် ကောင်းသည့် ပုံစံမျိုး လုပ်စရာ မလိုချေ။ သို့သော်ငြား မကြာခင်မှာပင် ထိုအရာက တကယ့်ကို လိုအပ်ကြောင်း ရှမ့်လန် သိသွားသည်။

အဘယ်ကြောင့်ဆိုသော် လာသူက တကယ့်ကို ပြိုင်ဘက်ကင်း တစ်ယောက်ပင်။ ထိုသူက လင်းယုန်ငှက်ကြီး တစ်ကောင်ကို စီးနင်းလာခြင်း ဖြစ်၏။ လေကြောင်းရန် ကာကွယ်ရေး လေးမြားများက မုန်တိုင်းသဖွယ် ပစ်ခတ်လိုက်သော်လည်း လေထုနံရံတစ်ခုနှင့် တွေ့ဆုံသကဲ့သို့ အားလုံး ပြန်ကန်ထွက်၏။

ရာပေါင်း၊ ထောင်ပေါင်းများစွာသော ရှေးဟောင်းမြားများနှင့် ငရဲမီးမြားများက ပျံသန်းသွားခဲ့သော်လည်း ပစ်မှတ်ဆီ မရောက်ခင်မှာပင် အရှိန်ကုန်ပြီး ပင်လယ်ထဲသို့ ပြုတ်ကျသည်။

ရှမ့်လန်၏ လေကြောင်းရန် ကာကွယ်ရေး အမြှောက်များက လေထဲသို့ ပစ်ခတ်ချိန်တွင် အလိုအလျောက် ပေါက်ကွဲမည့် အချိန်ကိုက် အမြှောက်များ ဖြစ်၏။ သို့သော်ငြား ဤအမြှောက်များက ထိုလူနှင့် မီတာ ဒါဇင်နှင့်ချီ ဝေးကွာသည့် နေရာတွင် အားလုံး ပင်လယ်ထဲသို့ ထိုးကျသွား၏။

နောက်ဆုံး ဟီလာက နဂါးအရှိန်အဝါကို အသုံးပြု၍ ဧရာမ အမြှောက်ကျည်ဆန်ကြီးကို ပစ်လွှတ်သော်လည်း ထိုလူကို မထိမှန်ချေ။ ထိုသူက လင်းယုန်ဖြူကြီးကို စီးနင်းပြီး လေထဲတွင် မီတာရာချီ နေရာ ရွေ့ပြောင်းသကဲ့သို့ပင် ဖြစ်နေ၏။ သူက တစ်ယောက်တည်း ရွေ့ပြောင်းသွားခြင်း မဟုတ်ဘဲ သူ့၏ လင်းယုန်ငှက်ကြီးနှင့်အတူ ရွေ့ပြောင်းနေခြင်းပင်။

“ဘုန်း... ဘုန်း...”

ဧရာမ အမြှောက်ဆန်ကြီးက လေထဲတွင် ပေါက်ကွဲ၏။ မီတာရာချီ အချင်းဝက်အတွင်း မီးတောက်များနှင့် ဖုံးလွှမ်းသွား၏။ စွမ်းအင်က တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်း၏။

သို့သော်ငြား နောက်ခဏမှာပင် လင်းယုန်ဖြူကြီး စီးနင်းထားသည့် ထိုလူက မီတာရာချီ ဝေးကွာသည့် နေရာတွင် ပေါ်လာ၏။ လေထဲတွင် ပျံဝဲနေသည်။

ဤလူ၏အစွမ်းက ရှမ့်လန် နားလည်နိုင်စွမ်းထက် ကျော်လွန်နေ၏။ ဤလူတွင် သေချာပေါက် ရှေးဟောင်းကိရိယာများ ရှိနေကြောင်း၊ ထိုအရာက ကိုယ်ပိုင်စွမ်းအင်များ ပါရှိနေပြီး စွမ်းအင် ထိန်းချုပ်မှု ဗဟိုချက် မလိုသော အမျိုးအစားမျိုး ဖြစ်ကြောင်း သူသိ၏။ သို့တိုင်အောင် ဤလူက အကန့်အသတ်မရှိ သန်မာလွန်းပြီး နုရှောင့်မြို့တော်ရှိ လက်နက်အားလုံးက သူ့အတွက် အသုံးမဝင်ခဲ့ချေ။

ရှမ့်လန်က အမိန့်ပေးလိုက်၏။ “အားလုံး နောက်ဆုတ်ပြီးတော့ ကတုတ်ကျင်းထဲမှာ ပုန်းနေကြ။ မျိုးတုံးဗုံး အမှတ် (၂) ကို သုံးကြမယ်။”

ထိုစကားကို ကြားလိုက်ချိန်မှာတော့ အားလုံးက ထိတ်လန့်သွားခဲ့ကြ၏။ မျိုးတုံးဗုံး အမှတ် (၂) က မဲနက်နေသည့် သေမင်းဗုံးမျိုးပင်။ ရှမ့်လန်က မျိုးတုံးဗုံး အမှတ် (၂) ကို တစ်ခါမှ မသုံးဖူးချေ။ ထိုအရာက ပျောက်ဆုံးနိုင်ငံ၏ ပစ္စည်းများထဲမှ ရရှိခဲ့သည့် အရာပင် ဖြစ်သည်။

ထိုအရာက ပေါက်ကွဲမည် မဟုတ်ဘဲ ရန်သူတစ်ထောင်ကို သတ်လျှင် မိမိဘက်မှ ရှစ်ရာ သေဆုံးမည့် အရာမျိုးပင်။ ရန်သူနှင့် မိတ်ဆွေ ခွဲခြားခြင်း လုံးဝ မရှိသလို မည်သည့်သံချပ်ကာက ကာကွယ်ပေးခြင်းမဆိုကို လျစ်လျူရှုထားနိုင်၏။ ထို့အပြင် အသုံးပြုပြီးနောက် ရှင်းလင်းရန် အချိန်ကြာမြင့်မှာ ဖြစ်ပြီး ရှင်းလင်း၍ပင် ရချင်မှ ရပေလိမ့်မည်။ အကျိုးဆက်က အဆုံးမရှိ ဖြစ်လာနိုင်၏။

ထို့ကြောင့် ထိုအရာကို ဖန်တီးခဲ့ချိန်တည်းက ရှမ့်လန်က အသုံးပြုရန် အစီအစဉ် မရှိခဲ့ချေ။ ဤသည်က နှစ်ဦးနှစ်ဖက် ပျက်စီးမည့် လှုပ်ရှားမှုတစ်ခု၊ တိုက်ခိုက်မှုတစ်ခုပင် ဖြစ်သောကြောင့်ပင်။

သို့သော်လည်း ဤမျှ အစွမ်းထက်သည့် ရန်သူ ပေါ်လာသောကြောင့် ရှမ့်လန်အနေနှင့် ထိုအရာကို အသုံးပြုရန်မှတပါး တခြား ရွေးချယ်စရာ မရှိတော့ချေ။

“အရှင်ရှမ့်လန်... ကျုပ်က ကောင်းကင်ပင်လယ် နန်းဆောင်က ကျိုးရှီပါ။ ကျုပ်တို့ စကားပြောလို့ ရမလား။” အသံတစ်ခုက ရှမ့်လန်၏ နားထဲသို့ တိုးဝင်လာ၏။ သူ၏ နားထဲသို့သာ တိုးဝင်လာခြင်းပင်။

“ကျိုးရှီ... ဟုတ်လား။ ကောင်းကင်ပင်လယ် နန်းဆောင်က ကျိုးရှီ... ဒီလူက လောကမှာ ထိပ်တန်းအဆင့်ရှိတဲ့ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူပဲ။ ဒီလူ ကိုယ်တိုင် လာတာလား။”

“ကျုပ် နုရှောင့်မြို့တော်နားကို လာမှာ မဟုတ်ဘူး။ ဒီကပဲ ပြောကြတာပေါ့။”

ကျိုးရှီက ပြောသည်။ “သာမန် အသံနဲ့ ပြောလို့ရပါတယ်။ ကျုပ် ကြားရပါတယ်။”

‘ကျုပ်တို့က မီတာထောင်ချီ ဝေးနေတာလေ။ ခင်ဗျားက ကြားရတာလား။ ခင်ဗျားက အရမ်းကို အစွမ်းထက်နေ့ပြီ မဟုတ်လား။’

ရှမ့်လန်က ခဏမျှ တွန့်ဆုတ်၏။ ပြီးနောက် ရဲတိုက်ကြီး၏ ထိပ်ဆုံးသို့ လျှောက်သွား၏။ နှစ်ဖက် ခေါင်းဆောင်များ၏ ဆွေးနွေးပွဲ ဖြစ်သောကြောင့် အသံနေ အသံထား တစ်မျိုးနှင့် ပြောဆိုရပေမည်။

ထို့ကြောင့် ကျိုးရှီက လင်းယုန်ဖြူကြီးကို စီးနင်းပြီး လေထုထဲတွင် ဝဲပျံနေ၏။ ရှမ့်လန်က ရဲတိုက်ကြီး အမြင့်ဆုံး နေရာတွင် ရပ်နေ၏။ နှစ်ဦးသား မီတာထောင်ချီ အကွာအဝေးတွင် စကားပြောနေကြ၏။

“အရှင်ရှမ့်လန်... တကယ်တော့ ကျုပ်တို့ကြားမှာ ပုဂ္ဂိုလ်ရေး အငြိုးအတေး မရှိဘူး။” နန်းဆောင်သခင် ကျိုးရှီက ပြောသည်။

ရှမ့်လန်က ပြောလိုက်၏။ “ရှိတာပေါ့။ ကျုပ်ရဲ့ အထောက်အထားကို စမ်းသပ်ဖို့ ခင်ဗျားက ကျုပ်ရဲ့ မိန်းမကို ကောင်းကင်ပင်လယ် နန်းဆောင်ဆီကို ခေါ်ဆောင်သွားခဲ့တယ်။”

နန်းဆောင်သခင် ကျိုးရှီက ပြောသည်။ “ကျုပ် မှတ်မိသလောက်ဆိုရင် သူ ဘာမှ မထိခိုက်ခဲ့ပါဘူး။ ပြီးတော့ ဒီကိစ္စကို ကျုပ် ကြိုမသိခဲ့ဘူးလို့ ပြောရင် ခင်ဗျား ယုံမလား။”

ထိုအရာကိုတော့ ရှမ့်လန်က ယုံကြည်၏။ နန်းဆောင်သခင်ကျိုးရှီက ရှေးဟောင်းအပျက်အစီးများကို ရှာဖွေရာတွင် သူ၏အားအင်အကုန်လုံးကို အသုံးပြုထားခြင်း ဖြစ်ပြီး တခြားသော အရာများကို ဂရုမစိုက်ချေ။ သူက အဝေးရောက် ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် အချိန်အများစု၌ ကောင်းကင်ပင်လယ် နန်းဆောင်တွင် မရှိကြောင်း လူများက သိရှိထား၏။

“ကျုပ် ပြောချင်တာက အရှင်ကျန်းလီ အကြောင်းပါပဲ။”

နန်းဆောင်သခင် ကျိုးရှီက ပြောသည်။ “အနည်းဆုံး အရှင်ကျန်းလီ သေဆုံးမှုမှာ ကောင်းကင်ပင်လယ် နန်းဆောင်က သိပ်ပြီး မပါဝင်ခဲ့ဘူး။”

ဤသမိုင်းကာလနှင့် ပတ်သက်၍ ရှမ့်လန်က ဘာမှ မသိချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက တကယ့်ကို လျှို့ဝှက် လွန်းသောကြောင့်ပင်။

“အရှင်ရှမ့်လန်... တကယ်တော့ ကောင်းကင်ပင်လယ်နန်းဆောင်မှာ အရမ်းကို အစွမ်းထက်တဲ့ အင်အားစုတွေ ရှိသေးတယ်။ ကျုပ်ဆီမှာ ထိပ်တန်း သိုင်းပညာ တပ်ဖွဲ့ကို စုစည်းလိုက်ရုံပဲ။”

နန်းဆောင်သခင် ကျိုးရှီက ပြော၏။ “ဟုတ်တယ်။ ကျုပ် ဒီလိုပြောတာ နည်းနည်းတော့ ပျင်းဖို့ကောင်းတယ်။ ဒါပေမဲ့ ခြိမ်းခြောက်တာမျိုးမဖြစ်အောင် ရှင်းရှင်းလင်းလင်း ပြောဖို့ လိုအပ်မယ် ထင်တယ်။”

ရှမ့်လန်က ခေါင်းညိတ်ကာ ပြောသည်။ “ကျုပ်ယုံပါတယ်။”

“ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ အကြီးမားဆုံးပြိုင်ဘက်က ခင်ဗျား မဟုတ်ဘူး။ ဒါကို ခင်ဗျား နားလည်လား။” ကျိုးရှီက ထပ်ပြော၏။

ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ အကြီးမားဆုံး ရန်သူက စေတီတောင်ဖြစ်ပြီး ရှမ့်လန် မဟုတ်ချေ။ ယခုတစ်ကြိမ် ကောင်းကင်ပင်လယ်နန်းဆောင်၏ ပင်မစွမ်းအားစုကြီး လုံးဝ ပျက်စီးသွားချိန်မှာတော့ စေတီတောင်က တိတ်တခိုး ဝမ်းသာနေပေလိမ့်မည်။

ပြီးခဲ့သည့် ထျန်းရွှဲ့မြို့တိုက်ပွဲတွင်လည်း ကောင်းကင်ပင်လယ်နန်းဆောင်၏ ဆုံးရှုံးမှုက တကယ့်ကို နည်းပါးခဲ့သောကြောင့် သူတို့က ဂရုပင်မစိုက်ခဲ့ချေ။ သို့သော်ငြား ယခုတစ်ကြိမ် အဖျက်စွမ်းအား ကြီးမားသည့် ရေတပ်ကြီး ပျက်စီးခြင်းကတော့ တကယ့်ကို ကြီးမားသည့် ထိုးနှက်ချက် ဖြစ်လာခဲ့၏။

ကောင်းကင်ပင်လယ်နန်းဆောင်၏ နှစ်တစ်ရာ စီမံကိန်းက မိုင်တစ်သောင်း သဲကန္တာရကို သွားရောက် ရှာဖွေရန်ပင်။ မူလက ရှန့်ကုန်းဘုရားကျောင်း၊ တုံ့ကျန်းဘုရားကျောင်းနှင့် တခြားသောအင်အားစုများက သူတို့ကို တိတ်တဆိတ်သာ ဟန့်တားရဲကြသည်။

သို့သော်လည်း ယခုတစ်ကြိမ် ကြီးမားသည့် ဆုံးရှုံးမှုမျိုးကို ကြုံတွေ့ခဲ့ရပြီး ကောင်းကင်ပင်လယ် နန်းဆောင်၏ အင်အား လျော့နည်းသွားခဲ့သောကြောင့် နောက်ဆက်တွဲ ဘာဖြစ်လာမည်ကို ပြောရန် ခက်၏။ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်နှင့် တခြား အင်အားစုများက မိုင်တစ်သောင်း သဲကန္တာရ၏ လုပ်ပိုင်ခွင့်များကို ရရှိရန် ကောင်းကင်ပင်လယ် နန်းဆောင်နှင့် ယှဉ်ပြိုင်လာကြမည်လား။ ဖြစ်နိုင်ခြေ အရမ်း များပေ၏။

ထို့ကြောင့် ကောင်းကင်ပင်လယ် နန်းဆောင်က အင်အားထပ်မံ ဆုံးရှုံးခံ၍ မဖြစ်တော့ချေ။ အကယ်၍ သူတို့က ရှမ့်လန်ကို အလွယ်တကူ ဖျက်ဆီးနိုင်လျှင် သေချာပေါက် လုပ်ဆောင်လိုကြလိမ့်မည်။ သို့သော်ငြား ကြီးမားသည့် ပေးဆပ်မှုများ ရှိလာလျှင်တော့ တန်လိမ့်မည် မဟုတ်တော့ပေ။

ရှမ့်လန်ကို ဖျက်ဆီးခြင်းက အင်ပါယာ၏ ဆန္ဒသာဖြစ်ပြီး ကောင်းကင်ပင်လယ် နန်းဆောင်၏ တိုက်ရိုက်ဆန္ဒ မဟုတ်ချေ။ ထို့ကြောင့် ကျိုးရှီ၏ သဘောထားက ရှင်းလင်း၏။ ကောင်းကင်ပင်လယ်နန်းဆောင်က ရှမ့်လန်ကို မကြောက်သလို မနိုင်ခြင်းလည်း မဟုတ်ချေ။ သို့သော်လည်း သူတို့က မိုင်တစ်သောင်း သဲကန္တာရတွင် ဖြစ်လာနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် သူတို့၏ အင်အားကို အသုံးပြုလို၏။

ရှမ့်လန်က ပြောလိုက်သည်။ “နန်းဆောင်သခင် ကျိုးရှီ... ဒီတစ်ခါ ခင်ဗျားရဲ့ရေတပ် လုံးဝ ချေမှုန်းခံလိုက်ရပြီး ပင်လယ်ကမ်းစပ်က အဆောက်အအုံတွေရော မြေလှန်ဖျက်ဆီး ခံလိုက်ရတယ်။ ခင်ဗျား မျက်နှာပျက်စရာ ဖြစ်ခဲ့ပြီး လောကရဲ့ လူတွေအကုန်လုံးက ခင်ဗျား ရှုံးနိမ့်သွားပြီလို့ ပြောလို့ရတယ်။ လောကတစ်ခုလုံးက လှောင်ပြောင်မှာ မကြောက်ဘူးလား။ သဘာဝလွန် အင်အားစုများ ညီလာခံမှာ အဆင့် အောက်ဆုံး ရောက်သွားမှာ မကြောက်ဘူးလား။”

ကျိုးရှီက ပြော၏။ “ဂုဏ်သိက္ခာကသာ အသုံးဝင်ခဲ့မယ်ဆိုရင် အရှင်ကျန်းလီ ရှုံးနိမ့်ခဲ့မှာ မဟုတ်ဘူး။ ကောင်းကင်ပင်လယ် နန်းဆောင် အဆင့်နောက်ဆုံး ရောက်သွားရင်တောင် ကျုပ် ဘာမှ မဖြစ်ဘူး။”

အကြောင်းပြချက် တစ်ခုကြောင့် စကားစုတစ်ခုက ရှမ့်လန်၏ ခေါင်းထဲ မြည်ဟီးလာခဲ့သည်။ သူတို့က တော်ဝင်ချန်အင်ပါယာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေ၏။ ထို့အပြင် သူတို့က ထိုအရာကို အချိန် အကြာကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေရဦးမှာပင်။

ရှမ့်လန်က မေးလိုက်သည်။ “နန်းဆောင်သခင် ကျိုးရှီ... ခင်ဗျား ကျုပ်နဲ့ ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ် ရေးထိုးဖို့ လာတာလား။”

ကျိုးရှီက ပြော၏။ “ဟုတ်တယ်။”

ရှမ့်လန်က ပြောလိုက်သည်။ ဒါဆိုရင် ခင်ဗျားရဲ့ အခြေအနေတွေက ဘာလဲ။”

ကျိုးရှီက ပြော၏။ “အခြေအနေ မရှိဘူး။”

ပြီးနောက် ဆက်ပြောသည်။ “ရွှဲ့ပြည်နယ်ကနေ လုံးဝ ဆုတ်ခွာမယ်လို့ ကျုပ်တို့ လူသိရှင်ကြား ကြေညာမယ်။”

လူကြီးလူကောင်းတွေက အမြဲတမ်း ဤမျှလောက် ပြတ်သားကြသည်လား။

...

အပိုင်း (၁၀၁၄)

ထျန်းရွှဲ့မြို့ တိုက်ပွဲပြီးနောက် ကျူးဟုန်ကျူးက အဘယ့်ကြောင့် ဤမျှ ခေါင်းမာနေရသနည်း။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ကောင်းကင်ပင်လယ် နန်းဆောင်၏ ထောက်ခံမှု ရှိနေသည်ဟု ခံစားရသောကြောင့်ပင်။

ဟုတ်ပေ၏။ သူ့တွင် တော်ဝင်ရန်အင်ပါယာ၏ ထောက်ခံမှုလည်း ရှိ၏။ သို့သော်ငြား ကောင်းကင်ပင်လယ် နန်းဆောင်က သူ့ကို တိုက်ရိုက် ထောက်ခံပေးထားခြင်းပင်။ ယခု ကျိုးရှီက ရွှဲ့ပြည်နယ်မှ တိုက်ရိုက် ဆုတ်ခွာမည်ဟု ကြေညာလိုက်သောကြောင့် ရွှဲ့ပြည်နယ်၏ ကျူးမျိုးနွယ်က အကြီးအကျယ် ထိုးနှက်ခံရ ပေတော့မည် မဟုတ်ပါလား။

ကျိုးရှီက ပြော၏။ “နှစ်ဖက်တိုက်ပွဲမှာ အသက်နဲ့ သေခြင်းက မသေချာဘူး။ ဒါကြောင့် ကျုပ်တို့ရဲ့ ရေတပ် ပျက်စီးမှုနဲ့ စာကြည့်တိုက်ထဲက ပညာရှင် ထောင်ပေါင်းများစွာ သေဆုံးမှုအတွက် ဘာတာဝန်မှ ယူ ခိုင်းမှာမဟုတ်ဘူး။ ပင်လယ်ကမ်းစပ်က ကောင်းကင်ပင်လယ်နန်းဆောင် ဖျက်ဆီးခံရမှုကနေ ခင်ဗျား သိမ်းဆည်းသွားခဲ့တဲ့ ကိရိယာတွေ၊ အရင်းအမြစ်တွေနဲ့ လက်နက်တွေ အားလုံးကိုလည်း ပြန်ယူမှာ မဟုတ်ဘူး။”

ရှမ့်လန်က ခေါင်းခါယမ်းလိုက်သည်။ “နန်းဆောင်သခင် ကျိုးရှီ... ခင်ဗျား နောက်နေတာ နေမှာပါ။ နဂါးနောင်တက အရာအားလုံးကို ဖောက်ခွဲပစ်လိုက်တာ ဘာမှ မကျန်ခဲ့ဘူး။ ကျုပ်တို့ ဘာကိရိယာမှ မကောက်ရပါဘူး။ တကယ်ပါပဲ။”

ကျိုးရှီက စကားမပြောနိုင်သလိုပင် ဖြစ်နေ၏။

‘မင်း ငါ့ကို မျက်စိကန်းတယ် ထင်နေတာလား။ ငါ့ရဲ့ ရှေးဟောင်း စစ်သင်္ဘောက မင်းရဲ့ ဆိပ်ကမ်းမှာ ကျောက်ချထားတုန်းပဲ။ ရှေးဟောင်းသံချပ်ကာ ဝတ်ထားတဲ့ အထူးစစ်သည် ၁၀ ယောက်က ဘယ်သူတွေလဲ။ ပြီးတော့ ရှေးဟောင်းဒူးလေး ဒါဇင်ချီနဲ့ လေကြောင်းရန် ကာကွယ်ရေး လေးမြားတွေက ဘာလို့ ငါ ရင်းနှီးနေရတာလဲ။’

သို့သော်ငြား သူက ဆက်ပြောသည်။

“ပြီးတော့ ခင်ဗျား ဖမ်းထားတဲ့ လူတွေကို အကုန် ပြန်ပေးမယ် ဆိုရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ ခင်ဗျား ပြန်မပေးရင်လည်း ကျုပ် အတင်းအကြပ် မလုပ်ပါဘူး။ ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ သုံ့ပန်းတွေ အားလုံး နားထောင်ကြ။ ငါ မင်းတို့ အားလုံးကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ သခင်သစ်ကို အလုပ်အကျွေး ပြုခြင်း ၊ မပြုခြင်းက မင်းတို့ရဲ့ လွတ်လပ်စွာ ရွေးချယ်နိုင်မှုပဲ။”

ရှမ့်လန်က ဇဝေဇဝါ ဖြစ်သွား၏။ “နန်းဆောင်သခင် ကျိုးရှီ... ခင်ဗျား တကယ် တောင်းဆိုမှု မရှိဘူးလား။”

ကျိုးရှီက ပြောသည်။ “ကျုပ်မှာ ပုဂ္ဂိုလ်ရေး တောင်းဆိုမှု တစ်ခုရှိတယ်။ ဟုတ်တယ်။ ခင်ဗျား သဘောတူညီသည် ဖြစ်စေ၊ သဘောမတူညီသည် ဖြစ်စေ ကျုပ်က ငြိမ်းချမ်းရေး စာချုပ်ကိုတော့ လက်မှတ်ထိုးမှာပါ။”

ရှမ့်လန်က ပြော၏။ “ပြောပါ။”

ကျိုးရှီက ပြောသည်။ “နင်ဟန်က ကျုပ်ရဲ့တပည့်နဲ့ ဆက်ခံသူပဲ။ အကယ်၍ ခင်ဗျား သူ့ကို ဖမ်းထားတယ်ဆိုရင် ကျုပ်ကို ပြန်ပေးလို့ ရမလား။ ဟုတ်တယ်။ ကျုပ်... ကျုပ် သူ့ကို ပြန်ရွေးဖို့ ဈေးကြီးပေးဖို့ ဆန္ဒရှိတယ်။ ခင်ဗျား ထင်ထားတာထက် ပိုလိမ့်မယ်။”

ရှမ့်လန်က လေးနက်စွာ ပြော၏။ “နန်းဆောင်သခင် ကျိုးရှီ... ကျုပ် စိတ်မကောင်းပါဘူး။ ကျုပ်တို့ နင်ဟန်ကို မတွေ့ပါဘူး။ အင်း... ဒီတစ်ခါတော့ ကျုပ် အမှန်အတိုင်း ပြောတာပါ။”

ရှမ့်လန်က မလိုအပ်ဘဲ ထပ်ဖြည့်ပြောသည်။

ကျိုးရှီက ရှမ့်လန်ကို စိုက်ကြည့်၏။ မီတာထောင်ချီ ဝေးကွာနေသော်လည်း ရှမ့်လန်၏ မျက်နှာက ပူထူနေသည်ကို ခံစားမိ၏။ တစ်ဖက်လူ၏ အကြည့်က ဤမျှပင် ထိတ်လန့်ဖွယ်ရာ ကောင်းသည်လား။

“ကျုပ်ယုံပါတယ်။”

နန်းဆောင်သခင် ကျိုးရှီက သက်ပြင်းချ၏။ “အတိုင်းအတာ တစ်ခုထိ နင်ဟန်ရဲ့ သွေးမျိုးဆက် ဖြစ်လာတာ ခင်ဗျားရဲ့ အဖေကြောင့်ပဲ။ ဒါနဲ့... ကျူးဟုန်ရွှဲ့ကို ခင်ဗျား ကူညီစရာ မလိုဘူး။ ကျုပ် သူ့ကို ရွှဲ့ပြည်နယ်ကနေ မိုင်တစ်သောင်း သဲကန္တာရကို ခေါ်သွားပါ့မယ်။”

ရှမ့်လန်က ပြန်မပြောချေ။

“လက်မှတ်ထိုးကြမလား။”

“ထိုးမယ်လေ။”

ကျိုးရှီက ပြောသည်။ “ဟုတ်တယ်။ ကျုပ် ခင်ဗျားကို ရှင်းလင်းအောင် ပြောရအုံမယ်။ ခင်ဗျား ကောင်းကင်ပင်လယ်နန်းဆောင်နဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးလိုက်ရင် ခင်ဗျားရဲ့ ပြိုင်ဘက်က ရင်ဝူမင်နဲ့ စေတီတောင် ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ကောင်းကင်ပင်လယ် နန်းဆောင်က လက်ပိုက်ကြည့်နေတယ်လို့ မပြောနဲ့။ ကျုပ်တို့မှာ အဲဒီအချိန် အားလပ်ချိန် မရှိတော့ဘူး။”

“သတိပေးတဲ့အတွက် ကျေးဇူးပါပဲ နန်းဆောင်သခင် ကျိုးရှီ။” ရှမ့်လန်က ပြန်ပြောလိုက်၏။

ပြီးနောက် ကျိုးရှီက သူ၏ ရင်ခွင်ထဲတွင် ရှိနေသည့် သဝဏ်လွှာကို ထုတ်ယူ၏။ ထိုအရာက ရှမ့်လန် လောကအနှံ့ ဖြန့်ဝေခဲ့သည့် အမိန့်တော် သဝဏ်လွှာပင်။ နန်းဆောင်သခင် ကျိုးရှီက သဝဏ်လွှာ၏ အနောက်ဘက်တွင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို တိုက်ရိုက်ရေးသားပြီး လက်မှတ်ရေးထိုး၏။ ပြီးနောက် သူက အသာပင် လှမ်းပစ်လိုက်သည်။

စာရွက်က အတောင်ပံပေါက်သကဲ့သို့ပင် ရှမ့်လန်ဆီသို့ တည့်တည့် လွင့်မြောလာ၏။ ရှမ့်လန်က ကြောင်အသွားသလို ဘေးနားရှိလူများကလည်း ကြောင်အသွားခဲ့၏။ ဤသိုင်းပညာ၏ အဆင့်အတန်းက မြင့်မားလွန်းသောကြောင့် တခြားသောသူအားလုံးကို လက်မှိုင်ချစေသည်။ သူတို့နှစ်ဦးက မီတာထောင်ချီ ဝေးကွာ၏။ စာရွက်က ရှမ့်လန်၏ မျက်စိရှေ့တွင် လွင့်မြောနေ၏။

အချိန်တော်ကြာမှ ရှမ့်လန်က လက်လှမ်းပြီးယူ၏။ ကြည့်လိုက်ချိန်မှာတော့ သဘောတူညီချက် စာချုပ်က ရိုးရှင်းလွန်း၏။ စာလုံး ရှစ်လုံးသာ ပါဝင်သည်။

‘ငြိမ်းချမ်းရေး သဘောတူညီချက်’။

တခြားစာသား ဘာမှမပါဘဲ ကျိုးရှီ၏ လက်မှတ်သာ ပါ၏။ ထို့အပြင် ဤသည်က စစ်မှန်သည့် လက်ရေးလှ ပညာရှင်တစ်ဦးကဲ့သို့ပင် စာလုံးတိုင်းက အသက်ဝိညာဉ်ပါနေသကဲ့သို့ပင် ဖြစ်ပြီး စာရွက်ထဲမှ ပျံထွက်တော့မည့် အလားပင်။

ရှမ့်လန်က စုတ်တံကိုယူပြီး သဘောတူညီချက်စာချုပ်၏ ညာဘက်တွင် လက်မှတ်ရေးထိုး၏။ လက်မှတ် ထိုးပြီးနောက် သူက စာရွက်ကို ဆွဲဖြဲချင်စိတ် ပေါက်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရေးက ကြည့်ကောင်းသော်လည်း ကျိုးရှီ၏လက်ရေးနှင့် ယှဉ်လိုက်မည်ဆိုလျှင် အဆင့်နိမ့်နေသောကြောင့်ပင်။ သို့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်က တန်ဖိုးမဖြတ်နိုင်သောကြောင့် ဖျက်ဆီး၍ မဖြစ်ချေ။

‘ကိစ္စမရှိဘူး။ လက်ရေးလှတာ မလှတာက ဘာစိုးရိမ်စရာ ရှိလို့လဲ။ ရုပ်ရည်ချောမောနေရင် အဆင်ပြေတယ်။’

သို့သော်လည်း သူက ကျိုးရှီကို ပြန်ကြည့်၏။ ဖြစ်နိုင်သည်က ဤလူက လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာ တုန်းက လောကတွင် အချောဆုံး အမျိုးသား ဖြစ်ခဲ့သည်လား။

ရှမ့်လန်က ပြောသည်။ “နန်းဆောင်သခင် ကျိုးရှီ... ငြိမ်းချမ်းရေး သဘောတူညီချက်က နှစ်စောင် ရှိရမှာ မဟုတ်လား။ ကျုပ် တစ်စောင်ရေးပြီး ခင်ဗျား ပြန်ယူသွားမှာလား။”

“မလိုပါဘူး။”

နန်းဆောင်သခင် ကျိုးရှီက ပြော၏။ “ဒီတစ်စောင်ကို ခင်ဗျား သိမ်းထားလိုက်။ အနာဂတ်မှာ ကောင်းကင်ပင်လယ်နန်းဆောင်နဲ့ စစ်တိုက်ချင်ရင် ဒီသဘောတူညီချက်ကို ခင်ဗျား ကိုယ်တိုင် ဆွဲဖြဲပစ် လိုက်ရုံပဲ။ အခု နှုတ်ဆက်ပါတယ်။ နောက်မှ တွေ့ကြမယ်။”

နန်းဆောင်သခင် ကျိုးရှီက လင်းယုန်ဖြူကြီးအပေါ်တွင် မတ်မတ်ရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး လေထဲသို့ ပျံသန်းထွက်ခွာသွား၏။ မကြာခင် ကောင်းကင်ယံဆီမှ ပျောက်ကွယ်သွား၏။ အခြေအနေက ရှမ့်လန် ထင်မှတ်ထားသည်ထက် ပိုမိုကာ ပြည့်စုံနေ၏။ နန်းဆောင်သခင် ကျိုးရှီက ရှမ့်လန် ထင်မှတ်ထား သည်ထက် ပိုမိုကာ ပြတ်သား၏။ စစ်ပွဲကို ရပ်တန့်ရုံသာမက ရွှဲ့ပြည်နယ်မှပင် ထွက်ခွာသွားခဲ့သည်။

ပင်မရေတပ် လုံးဝ ချေမှုန်းခံလိုက်ရပြီး ကောင်းကင်ပင်လယ်နန်းဆောင်၏ အဆောက်အအုံများက လုံးဝ သုတ်သင်ခံရ၏။ ဤသည်က လက်စားချေခြင်း မဟုတ်ဘဲ ဆုတ်ခွာခြင်းပင်။

ကြည့်ရသည်မှာ ကောင်းကင်ပင်လယ် နန်းဆောင်က ရှမ့်လန်၏ အစုလိုက် အပြုံလိုက် သေစေနိုင်သော မဟာဗျူဟာမြောက် လက်နက်ကြောင့် ကြောက်ရွံ့သွားပြီး တိုက်ရိုက် အရှုံးပေးခဲ့သည့်ပုံပင် ပေါက်၏။

သတင်းပျံ့နှံ့သွားသည်နှင့် တကယ့်ကို ပွက်လောရိုက်ကုန်မှာ သေချာ၏။ လောကကြီးကို ပေါက်ကွဲစေနိုင်ပြီး လောကအနှံ့ အားလုံးတုန်လှုပ်သွားရန် လုံလောက်သည်။

လေ့ကျိုးကျွန်းရှိ စံအိမ်တော်ကြီး ထိပ်ဆုံးတွင်...

ဇရပ်ပေါ်မှာတော့ ရှမ့်လန်က နင်ယွမ်ရှန်းနှင့်အတူ ကလေးတချို့ကို ခေါ်ဆောင်ကာဖြင့် ရှုခင်းကြည့်ရှုလို့ နေ၏။ မည်သည့်ရှုခင်း ဖြစ်သနည်း။ ကြယ်တံခွန်ပင်။

တကယ်တော့ ကြယ်တံခွန် ပေါ်ပေါက်လာခဲ့သည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း နေ့ခင်းဘက်က အလင်းရောင် မလုံလောက်သောကြောင့် မမြင်ရချေ။ ညဘက်မှသာ တွေ့ရှိရခြင်း ဖြစ်ပြီး ထိုအရာကို ယောင်ယောင်က ပထမဦးဆုံး တွေ့ခဲ့ခြင်းဖြစ်၏။

ရှမ့်လန်က လွန်ခဲ့သည့် အချိန်ကြာမြင့်စွာတည်းက စွမ်းအားမြင့် မှန်ပြောင်းကြီးများကို တည်ဆောက်ထား၏။ ဟုတ်ပေ၏။ ထိုအရာက ခေတ်မီ မှန်ပြောင်းများနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိချေ။ မှန်ဘီလူးများက လွယ်ကူသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ တကယ်ကို ခက်ခဲစွာ ပြုလုပ်ရခြင်းပင်။ ထိုသို့မဟုတ်ပါက ကမ္ဘာမြေပေါ်ရှိ ထိပ်တန်း မှန်ဘီလူး တချို့ကို ကုမ္ပဏီအနည်းငယ်ကသာ ထုတ်လုပ်နိုင် လိမ့်မည် မဟုတ်ချေ။

သူ၏ ဖန်စက်ရုံက မှန်ပြောင်းအများအပြားကို ထုတ်လုပ်ခဲ့၏။ ယင်ယွမ်အဖွဲ့အစည်းက ထိုဖန်စက်ရုံကို လွှဲပြောင်းရယူခဲ့ပြီးနောက် အရှေ့ဘက်လောက၏ စစ်တပ်တစ်ခုလုံးနီးပါးကို မှန်ပြောင်းများ တပ်ဆင်ပေးနိုင် ခဲ့သည်။

ယခု ရှမ့်လန်က ကလေးများနှင့်အတူ ကောင်းကင်ယံရှိ ကြယ်တံခွန်ကို ကြည့်ရှုရန်အတွက် နက္ခတာရာ မှန်ပြောင်းသုံးခုကို စီစဉ်ထား၏။ ဤကြယ်တံခွန်က တကယ့်ကို လှပလွန်းလှချေပြီး ကောင်းကင်ယံတွင် အမြီးတန်းရှည်ကြီးတစ်ခုအဖြစ် ဖြစ်တည်လျက် ရှိ၏။

“ဒါက ရေခဲနေတဲ့ ဓာတ်ဝတ္ထုတွေနဲ့ ဖုန်မှုန့်တွေ စုစည်းထားတဲ့ အရာပဲ။ လည်ပတ်နေတဲ့ ရေခဲတုံးကြီး တစ်တုံးနဲ့ ပိုတူတယ်။ ကြယ်တံခွန်တွေက တခြားဂြိုဟ်တွေလိုပဲ နေကို လှည့်ပတ်နေကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ လမ်းကြောင်းက ပိုရှည်ပြီး ပိုပြီး ထူးခြားလွန်းတယ်။ သူတို့ရဲ့ ထူးခြားတဲ့ပုံစံကြောင့် သူတို့ကို ကြယ်တံခွန်တွေလို့ ခေါ်ကြတာပဲ။ နေနဲ့ဝေးသွားတဲ့အချိန်မှာ သူက ဧရာမ ရေခဲတုံးကြီး တစ်တုံးလို ဖြစ်နေတတ်တယ်။ ဒါပေမဲ့ ကမ္ဘာမြေနဲ့နီးတဲ့အချိန်မှာတော့ နေရောင်ခြည်၊ ဓာတ်ရောင်ခြည်ကြောင့် အငွေ့ပျံပြီး အလင်းတန်းရှည်ကြီး တစ်ခုကို ဖြစ်စေခဲ့တာပဲ။”

ရှမ့်လန်က ကလေးများကို ကြယ်တံခွန်အားပြရင်း ထိုအကြောင်း ရှင်းပြနေသည်။

“ဖေဖေ... ကြယ်တံခွန်က ကြီးလား။” ရှမ့်လီက စိတ်ဝင်တစားမေး၏။

ရှမ့်လန်က ပြောသည်။ “တချို့က အရမ်းကြီးတယ်။ ဒါပေမဲ့ တချို့ကတော့ အရမ်းသေးတယ်။”

“သူက ပြုတ်ကျလာမှာလား။” ရှမ့်ချန်က ဝင်ကာမေး၏။

ရှမ့်လန်က ရှင်းပြသည်။ “နေရဲ့ အပူချိန်နဲ့ ဂြိုဟ်ရဲ့ ဆွဲငင်အားကြောင့် သူက ဆက်တိုက် ပြိုကွဲနေမှာပဲ။ ဒါကြောင့် ကြယ်တံခွန်တစ်ခုချင်းစီရဲ့ သက်တမ်းက မတူညီကြဘူး။ တချို့က ရက်အနည်းငယ်ထက် ပိုပြီးတော့ ကြာကြာမခံဘူး။ ဒါပေမဲ့ ယေဘူယျအားဖြင့် ပြောရမယ်ဆိုရင် နှစ်နှစ်ရာအောက် သက်တမ်း ရှိတာကို ‘ကာလတို ကြယ်တံခွန်’ လို့ခေါ်ပြီး နှစ်နှစ်ရာအထက် သက်တမ်းရှိတာကို ‘ကာလရှည် ကြယ်တံခွန်’ တွေလို့ ခေါ်တယ်။”

“ဖေဖေ... ကြည့်အုံး။ အက်ကွဲသွားပြီ။”

ရှမ့်လန်က ကြယ်တံခွန်ကို ကြည့်ရှုရန် မှန်ပြောင်းရှေ့သို့ အလျင်အမြန် သွား၏။ ထင်ထားသည့်အတိုင်းပင် ထိုအရာက ပြိုကွဲပြီး ပေါက်ကွဲသွား၏။ ဤမြင်ကွင်းက တကယ့်ကို လှပလွန်းလှချေ၏။ ကြယ်တံခွန် တစ်ခု၏ အလင်းနှင့် အရိပ်က ချက်ချင်း ဆယ်ဆကျော် ပေါက်ကွဲသည်။

လေထုထဲတွင် ခရုပတ်ပုံစံ ဖြစ်ပေါ်နေ၏။ သို့သော်ငြား ဤအံ့ဖွယ်မြင်ကွင်းက မကြာခင် ပျောက်ကွယ် သွား၏။ အဘယ်ကြောင့်ဆိုသော် ပေါက်ကွဲနေသည့် အစိတ်အပိုင်းများက ဓာတ်ငွေ့အဖြစ် လျင်မြန်စွာ ပြိုကွဲသွားခဲ့သောကြောင့်ပင်။

နင်ယွမ်ရှန်းက ပြော၏။ “ဒီအကြောင်းပြောမှ တစ်ခုသတိရတယ်။ နင်ကျန်းမွေးတုန်းက ကောင်းကင်ကနေ ဥက္ကာခဲတွေ ပြိုကျလာပြီး မြို့ထဲက အိမ်ရာပေါင်းများစွာကို ပျက်စီးစေခဲ့တယ်။ ပြီးတော့ သူ့ရဲ့မေးစေ့မှာ ထူးခြားတဲ့ မွေးရာပါ အမှတ်အသားတစ်ခုက ပါလာသေးတယ်။ ဒါကြောင့် လူတော်တော်များများက သူ့ကို နိမိတ် မကောင်းတဲ့လူ၊ မကောင်းဆိုးဝါးဆိုပြီး ပြောကြတာပဲ။”

မကြာသေးမီက နင်ယွမ်ရှန်း၏ အသားအရေက ပိုကာ ကောင်းမွန်လာ၏။ လအနည်းငယ်အတွင်း သူက ၁၅ ကီလိုဂရမ်ကျော်ပင် ပြန်ဝလာ၏။ ယခင်ကထက် များစွာ ပိုမိုနုပျိုလာပုံပေါ်၏။ သူ၏ တုန်ယင်နေသည့် ပုံစံကပင်လျှင် ယခင်ကလောက် မပြင်းထန်တော့ပေ။

ဤရက်များအတွင်း သူက နတ်ဘုရားတစ်ပါးကဲ့သို့ပင် နေ့တိုင်း ကလေးများနှင့်အတူ စာဖတ်ခြင်း၊ အစား စားခြင်း၊ ဟင်းသီးဟင်းရွက်နှင့် ပန်းများကို စိုက်ပျိုးခြင်း၊ အားလပ်ချိန်တွင် ပင်လယ်ပြင်သို့ ငါးမျှားထွက်ခြင်း တို့ကို ပြုလုပ်၏။ ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် သိပ်ကို သက်သောင့်သက်သာနှင့် ဇိမ်ကျကျ နေထိုင် နေခြင်းပင်။

မိဖုရားကြီးကျုံးက ပျင်းရိလွန်းသောကြောင့် မကြာခဏ ဆိုသလို နုရှောင့်မြို့ကို လာရောက် ဆော့ကစားလေ့ရှိ၏။ ဟုတ်ပေ၏။ သူမ၏ ကစားခြင်း ဆိုသည်က ရှစ်ချင်ချင်းနှင့်အတူ အဝတ်အစားများ ချုပ်လုပ်ခြင်းပင်။

“အဖေ ... မှတ်ဉာဏ်ထဲမှာ ဒီကြယ်တံခွန်ကို မြင်ခဲ့ဖူးလား။” ရှမ့်လန်က မေး၏။

နင်ယွမ်ရှန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောသည်။ “မမြင်ဖူးဘူး ထင်တယ်။”

ထိုအရာကလည်း ပုံမှန်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကြယ်တံခွန်အများစုက ဆယ်စုနှစ် အနည်းငယ်မှ တစ်ကြိမ်သာ ပေါ်လာတတ်သောကြောင့်ပင်။

“ဒါပေမဲ့ ဒီကြယ်တံခွန်က တကယ့်ကို နိမိတ်မကောင်းပါဘူး။”

နင်ယွမ်ရှန်းက မေး၏။ “ယောင်ယောင်လေး... ပြောပါအုံး။ ဒါကို ဘယ်တုန်းက တွေ့ရတာလဲ။”

ယောင်ယောင်က စာရွက်ပေါ်တွင် နံပါတ်တစ်ခုကို ရေး၏။ “လွန်ခဲ့တဲ့ (၁၅) ရက်က”

“လွန်ခဲ့တဲ့ ၁၅ ရက်က ဟုတ်လား။ အဲဒါက နဂါးနောင်တ ပေါက်ကွဲတဲ့နေ့နဲ့ တိုက်ဆိုင်နေသလိုပဲ။ တကယ့်ကို တိုက်ဆိုင်လို့နေတယ်။”

“အန်ချင်နေတာက အခြေအနေဆိုးလား။” ရှမ့်လန်က ဘေးတစ်ဖက်ရှိ နင်ယန်ကို မေးသည်။

နင်ယန်က ခေါင်းကိုခါရမ်းကာဖြင့် ရှက်ရွံ့စွာ ပြော၏။ “ဘာမှ မဖြစ်ပါဘူး။”

မိဖုရားကြီးကျုံးက ဝင်ပြောသည်။ “မင်းရှိနေတော့ အားယန်က အများကြီး ပျော်နေတာပေါ့။ အရင် ကိုယ်ဝန်တုန်းက သူ ဒုက္ခ အရမ်းရောက်ခဲ့တယ်။ ဒီတစ်ခါတော့ ဘာမှ သိပ်ပြီး မခံစားရဘူး။ စားနိုင်၊ အိပ်နိုင်ပြီး နွားတစ်ကောင်လို သန်မာနေတယ်။ ဖရဲသီးမှည့်မယ့် အချိန်ကို စောင့်နေသလိုပဲ မျက်လုံးကိုမှိတ် ခြေဆောင့်လိုက်တာနဲ့ ဒီကလေးကို မွေးနိုင်တော့မှာပဲ။”

“တော်ပါတော့ .. ဘယ်လိုတွေပြောနေတာလဲ။” နင်ယန်က ရှေ့ကိုတက်ပြီး မိဖုရားကြီးကျုံး၏ ပါးစပ်ကို ပိတ်၏။

နွားတစ်ကောင်လို သန်မာသည်။ ခြေဆောင့်လိုက်ရုံနှင့် ကလေးမွေးနိုင်သည် ဆိုသည့် စကားမျိုးကို ကြားရသည်အား သူက မုန်း၏။ သူမကို ကြမ်းတမ်းသည့် မိန်းမကြီးတစ်ယောက်ကဲ့သို့ ဖြစ်စေ၏။ သူမကလည်း လှပသည့် မိန်းကလေးတစ်ယောက် မဟုတ်ပါလား။

ထိုအချိန်မှာပင် လူရိပ်တစ်ခုက လျင်မြန်စွာ ဝင်ရောက်လာ၏။ မင်းသမီး ဒိုဟာပင်။ “အရှင်... ကိစ္စတစ်ခု ရှိတယ်။”

ရှမ့်လန်က ရှမ့်မီနှင့် ယောင်ယောင်လေးကို ပွေ့ချီကာ ပြောသည်။ “ဖေဖေ့ကို နမ်းပါအုံး။”

ထိုကလေး နှစ်ယောက်တို့က ရှမ့်လန်၏ ပါးနှစ်ဖက်ကို နမ်း၏။ ပြီးနောက် စိတ်မပါတပါနှင့် အောက်သို့ ဆင်းကြ၏။

ရှမ့်လန်က နင်ယွမ်ရှန်းကို ပြောသည်။ “အဖေ... ကျုပ် အရင်သွားလိုက်အုံးမယ်။”

“သွား... သွား... ငါတို့ နည်းနည်းလောက် ဆက်နေလိုက်အုံးမယ်။” နင်ယွမ်ရှန်းက ပြော၏။

ရှမ့်လန်က အထူးစစ်သည် တစ်ဒါဇင်ကျော်တို့၏ ကာကွယ်ပေးမှုအောက်မှာပဲ တောင်အောက်သို့ ဆင်းလာခဲ့၏။ အရေးကြီးကိစ္စတစ်ခု ဖြစ်ပျက်နေမည်မှာ သေချာ၏။ သို့မဟုတ်ပါက ဒိုဟာက ဤအခြေအနေမျိုးတွင် လာရောက် နှောင့်ယှက်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား မကောင်းသည့် ကိစ္စမျိုးတော့ မဖြစ်နိုင်ပေ။

“အနောက်တိုင်းကို စေလွှတ်လိုက်တဲ့ အဖွဲ့က ပြန်ရောက်လာပါတယ်။ ဒီဘိုရာက သံတမန်တစ်ယောက် လွှတ်လိုက်ပါတယ်။”

မင်းသမီး ဒိုဟာက ပြော၏။ “ကျွန်မအစ်မကလည်း လက်ဆောင်တစ်ခု ပေးလိုက်တယ်။”

မင်းသမီးဒိုဟာ၏ အစ်မ၊ အမေဇုန်ဘုရင်မ အီဒါ ..... အချိန်ကို တွက်ကြည့်လျှင် သူတို့နှစ်ဦး လွန်ခဲ့သည့် လအနည်းငယ်ကပင်လျှင် ကလေးမွေးဖွားပြီး ဖြစ်သင့်၏။ သို့သော်ငြား ဤကိစ္စတစ်ခုတည်းတော့ မဖြစ်နိုင်ချေ။

“မီးနတ်ဘုရားဂိုဏ်းက အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ပါတယ်။ ခေါင်းဆောင်က အဲဒီ နတ်ဆရာမပါပဲ။ သူက အရှင်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စရပ်တစ်ခု ရှိတယ်လို့ ပြောတယ်။” မင်းသမီး ဒိုဟာက ပြောသည်။

ရှမ့်လန်က ခေါင်းညိတ်ပြီး နောက်ပြန်လှည့်၏။ ကြီးမားသည့် အမေဇုန် စစ်မြင်းကြီးပေါ်သို့ တက်၏။ မင်းသမီး ဒိုဟာ၏ သွယ်လျသည့် ခါးကိုဖက်ရင်း နုရှောင့်မြို့တော်ဆီသို့ ဒုန်းစိုင်း ခရီးနှင်၏။

…………....

All Chapters