အခန်း (၁၀၁၇-၁၀၁၈)
Vol. 60 Ch. 1017-1018
အပိုင်း (၁၀၁၇)
မူလက ရှမ့်လန်သာ ဤကဲ့သို့ စစ်ပွဲကို အစီရင်ခံစာ ထုတ်ပြန်မည်ဆိုပါက လူတော်တော်များများက သံသယ ဝင်မိကြမှာ သေချာ၏။ မည်သို့ပင် ဆိုစေကာမူ ကိုယ်တိုင်မမြင်ရဘဲနှင့် ဤမျှလောက် စွမ်းအားကြီးမားသည် ဆိုသည်ကို မည်သူက ယုံကြည်မည်နည်း။
သို့သော်ငြား ယခု ကျိုးရှီ ကိုယ်တိုင် ထွက်လာပြီ ဖြစ်သောကြောင့် အရှင်ရှမ့်လန်၏ အောင်ပွဲ အစီရင်ခံစာက လုံးဝကို မှန်ကန်ကြောင်း သက်သေပြလိုက်၏။
“ဂုဏ်ယူပါတယ် အရှင်။ ဒီနေ့ကစပြီး ရွှဲ့ပြည်နယ်က စိတ်ပူစရာ မရှိတော့ပါဘူး။ တော်ဝင်ချန်အင်ပါယာက ပြိုင်ဘက်ကင်းပါပဲ။ အရှင်ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ။” ရွှဲ့ပြည်နယ်ရဲ့ မှူးမတ်များက အရှေ့ဘက်ဆီသို့ ဒူးထောက်ဦးတိုက်ကြသည်။ သူတို့၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများက လှိုင်းတံပိုးများ ကဲ့သို့ပင် ထကြွလာသည်။
ပြီးနောက် ဤအောင်ပွဲသတင်းက အမြှောက်ကျည်ဆန်တစ်ခု ကဲ့သို့ပင် ပေါက်ကွဲထွက်၏။ ထျန်းရွှဲ့မြို့မှ တစ်ဆင့် လျင်မြန်စွာ ပြန့်နှံ့သွား၏။
မကြာခင် မြို့တော်တစ်ခုလုံးက ဆူညံသွား၏။ ထျန်းရွှဲ့မြို့ရှိ ပြည်သူသောင်းနှင့်ချီက အိမ်ထဲမှ အလိုလျောက် ပြေးထွက်လာခဲ့ကြပြီး ရင်ထဲရှိ ပျော်ရွှင်မှုများကို ထုတ်ဖော်ကြ၏။ အစပိုင်းတွင် ထောင်ဂဏန်းလောက်သာ ရှိသော်လည်း နောက်ပိုင်းမှာတော့ သောင်းနှင့်ချီ၊ သိန်းနှင့်ချီသည့် လူများက ဗာမေလီယံလမ်းမကြီး တစ်လျှောက် နန်းတော်ဆီသို့ ချီတက်ကာ အောင်ပွဲကို ဂုဏ်ပြုကြသည်။
ယခုတစ်ချိန် ထျန်းရွှဲ့မြို့မှ ပြည်သူများက ရှမ့်လန်ကို ယုံကြည်ကြသော်လည်း ကြောက်ရွံ့နေခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် အခြေအနေက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသောကြောင့်ပင်။ တော်ဝင်ရန် အင်ပါယာက တကယ့်ကို များပြားလွန်းလှသည့် စစ်သည်ကြီးကို စုစည်းထား၏။
ဆူနာမီ မုန်တိုင်းကြီး ကဲ့သို့ပင်။ ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ် သုံးခုလုံးကို လွယ်လွယ်ကူကူ လွှမ်းမိုးသွားနိုင်၏။ ထိုသို့ဖြစ်လာခဲ့ပါက မြို့တော်သူ မြို့တော်သား အားလုံးက ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ယခု အရှင်ရှမ့်လန်က အကြီးအကျယ် အောင်ပွဲခံလိုက်ပြီ ဖြစ်သဖြင့် အားလုံး ဘေးကင်းသွားခဲ့သည်။
“အရှင်ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။ တော်ဝင်ချန်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
ထိုအခိုက်အတန့်မှာတော့ မြို့သူမြို့သား အားလုံးက ဤကြွေးကြော်သံ နှစ်ခုကို ရင်ထဲ အသည်းထဲမှ လှိုက်လှိုက်လှဲလှဲဖြင့် အော်ဟစ်လိုက်၏။ တော်ဝင်ချန်အင်ပါယာ၏ အစွမ်းသတ္တိကို သူတို့က အမှန်တကယ်ပင် ခံစားလိုက်ရ၏။
..........
ရေနက်တပ်ဖွဲ့၏ အကျဉ်းထောင်အတွင်း
နင်ကျန်းက လဲနေသူကို ထပ်ဆင့်နှိပ်စက်တတ်သည့် လူမျိုး မဟုတ်သော်လည်း ရေနက်တပ်ဖွဲ့၏ ခေါင်းဆောင် ရန်အီကတော့ ထိုသို့ပြုလုပ်သည့်အရာကို စွဲမက်နေသူ တစ်ယောက်ပင်။ သူက ကျူးဟုန်ကျူး ၏ အကျဉ်းခန်းထဲသို့ တည့်တည့်သွားသည်။
“ဝန်ကြီးချုပ်ကျူး... ကောင်းကင်ပင်လယ်နန်းဆောင်က စစ်ပွဲ အစီရင်ခံစာကို စောင့်နေတာလား။” ရန်အီက မေးလိုက်၏။
ကျူးဟုန်ကျူးက မျက်လုံးများကို အနည်းငယ် မှိတ်ထား၏။ အကျဉ်းခန်းထဲသို့ ရောက်နေသော်လည်း သူ၏ အသားအရေက ကောင်းမွန်နေဆဲပင်။ ဤလူက မိမိကိုယ်ကိုယ် တန်ဖိုးထားပြီး ကျန်းမာရေးလည်း ဂရုစိုက်၏။ အခြေအနေ ဆိုးဝါးလာလေ ကောင်းမွန်သော စိတ်ထားကို သူက ပိုမိုကာ ထိန်းသိမ်းနိုင်လေပင်။ ထို့အပြင် ဂုဏ်သိက္ခာနှင့် အရှက်တရားတို့ကြောင့် မတုန်လှုပ်ခြင်းက သူ၏ စစ်မှန်သည့် သဘောသဘာဝဖြစ်သည်။
ထို့ကြောင့် ခေါင်းဆောင်ရန်အီ၏ စကားကို ကြားချိန်မှာတော့ သူက ဘာတစ်ခုကိုမှ ပြန်လည် ပြောဆိုခြင်း မပြုပေ။
“ဝန်ကြီးချုပ်ကျူး... မစောင့်ပါနဲ့တော့။”
ရန်အီက ပြောလိုက်၏။ “နင်ဟန် ရှုံးသွားပြီ။ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ပင်မတပ်ဖွဲ့တွေ ချေမှုန်းခံလိုက်ရပြီ။ အရှင်ရှမ့်လန်ရဲ့ လက်ချက်နဲ့ အားလုံး အသတ်ခံလိုက် ရပြီ။”
ထိုစကားကိုကြားချိန်မှာတော့ ကျူးဟုန်ကျူး၏ မျက်နှာပေါ်ရှိ ကြွက်သားအနည်းငယ်တို့က တုန်လှုပ်သွား၏။ သို့သော်ငြား သူက ပြုံးကာ ပြော၏။ “ခေါင်းဆောင်ရန်အီ... လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ခင်ဗျားရဲ့ ဇွဲ၊ လုံ့လကို ကျုပ် အမြဲတမ်း အထင်ကြီးခဲ့တယ်။ အခု ခင်ဗျား ဒီစကားကို ပြောလာတော့ ကျုပ် ခင်ဗျားကို အထင်သေးမိတယ်။ ဒီလိုပြောတာ ဘာများ အဓိပ္ပာယ်ရှိလို့လဲ။”
ရန်အီက ဆက်ပြောသည်။ “ဝန်ကြီးချုပ်ကျူး... ထျန်းနန်ပြည်နယ် ပင်လယ်ကမ်းစပ်က ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ အဆောက်အအုံတွေကို ခင်ဗျား ကောင်းကောင်း ရင်းနှီးမှာပေါ့။ အဲဒါက ခင်ဗျားတို့ ကျူးမိသားစုရဲ့ နောက်ဖေးဥယျာဉ်လိုပဲလေ။ အထဲက ရှေးဟောင်းစာအုပ်တွေက အရမ်းကို တန်ဖိုးရှိတယ် ဆိုပေမဲ့ ကျူးနင်တောင် လွယ်လွယ်ကူကူ ငှားရမ်းလို့ရတယ်။ အခု အဲဒီနေရာက လုံးဝ မြေလှန် ဖျက်ဆီးခံလိုက်ရပြီ။ အရှင်ရှမ့်လန်ရဲ့စကားနဲ့ ပြောရမယ်ဆိုရင် ကမ္ဘာလောကကြီးထဲကနေ သုတ်သင် ရှင်းလင်းခြင်းကို ခံခဲ့ရပြီ။”
ကျူးဟုန်ကျူးက အေးစက်စက် ရယ်မော၏။ ပြီးနောက် သူက မျက်လုံးကို မှိတ်ကာ ဂရုမစိုက်တော့ချေ။
ခေါင်းဆောင်ရန်အီက ပြော၏။ “ဝန်ကြီးချုပ်ကျူး... ခင်ဗျား မယုံဘူးပေါ့။ ခင်ဗျား မယုံတာတင် မဟုတ်ဘူး၊ ကျုပ်တောင် မယုံဘူး။ ဒါက အရမ်းကို ယုတ္တိမရှိလွန်းလို့လေ။ ဒါကို ကြည့်လိုက်အုံး။”
ကျူးဟုန်ကျူးက ယူကြည့်၏။ ရှမ့်လန်က လောကပေါ်ရှိ နိုင်ငံအသီးသီးသို့ ပေးပို့ထားခဲ့သော အမိန့်တော် တစ်စောင်ပင်။ “ပြောဆို၍ မရသည် ဆိုပါက ကမ္ဘာလောကထဲမှာ လုံးဝ သုတ်သင်ရှင်းလင်းပစ်မည်။ သတိမပေးခဲ့ဘူး မပြောနှင့်။” ထိုသော စကားများ ပါဝင်သည်။
သူက သက်ပြင်းချကာ ပြောလိုက်၏။ “ဒါ ကျုပ်မြင်ပြီးသားပဲလေ။ အရှင်ရှမ့်လန် ရေးထားတာ အရမ်းကို ခမ်းနားပြီးတော့ ဖတ်ကြည့်လိုက်တာနဲ့ စိတ်ဓာတ် တက်ကြွချင်စရာ ကောင်းတယ်။ ဒါပေမဲ့...။”
ကျူးဟုန်ကျူးက ဆက်မပြောသော်လည်း အဓိပ္ပာယ်က ရှင်းလင်း၏။ ဤကဲ့သို့သော နိုင်ငံရေး ဂုဏ်သိက္ခာမျိုးက တိုက်ယူရမည့် အရာမျိုးဖြစ်ပြီး ကြွားဝါရမည့်အရာမျိုး မဟုတ်ချေ။
ဟုတ်ပေ၏။ သူက ရှမ့်လန်ကို လုံးဝ လျှော့မတွက်ရဲချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က အံ့ဖွယ်ရာ ကိစ္စရပ်ပေါင်း များစွာတို့ကို ဖန်တီးနိုင်ခဲ့သောကြောင့်ပင်။
သို့သော်ငြား ကျူးဟုန်ကျူးက ကောင်းကင်ပင်လယ်နန်းဆောင်ကို အပြည့်အဝ ယုံကြည်မှု ရှိ၏။ အထူးသဖြင့် နန်းဆောင်သခင် ကျိုးရှီကို ယုံကြည်၏။ သူက ကောင်းကင်ပင်လယ်နန်းဆောင်ကို ကောင်းစွာ နားလည် ထားခဲ့သောကြောင့် မည်မျှသန်မာကြောင်းကိုလည်း သိ၏။ ရှမ့်လန်ထက် အဆတစ်ရာမက သန်မာ၏။ နုရှောင့်မြို့တော်ကို ဖျက်ဆီးရန် ဆိုသည်က လုံးဝ လွယ်ကူ၏။
ဤအကြောင်းပြချက်နှင့်ပင် ကျူးဟုန်ကျူး၏ သဘောထားက အလွန်တရာ မာကျောနေခြင်းပင်။ ထျန်းရွှဲ့မြို့၏ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင်ပင် သူက ရှမ့်လန်ကို အညံ့မခံလိုပေ။ ကျူးနင်ကို ကျင်းမူကုန်းနှင့် လက်ထပ်ပေးရမည့်အစား ကျူးနင်ကို သေခိုင်းရန်ပင် ဝန်မလေးခဲ့ချေ။
ခေါင်းဆောင်ရန်အီက မည်သည့်စကားကိုမှ မဆိုခဲ့ချေ။ ဒုတိယပစ္စည်းတစ်ခုကို ကမ်းပေး၏။ ဤသည်ကား ကောင်းကင်ပင်လယ်နန်းဆောင် ကျိုးရှီ ကိုယ်တိုင် ရေးသားထားသည့် လက်ရေးစာပင်။
“နန်းဆောင်သခင် ကျိုးရှီရဲ့ လက်ရေးကို ဒီလောကမှာ ဘယ်သူမှ တုပနိုင်မှာ မဟုတ်ဘူး။” ရန်အီက အေးစက်စက်နှင့် ရယ်မောကာ ပြော၏။
ကျူးဟုန်ကျူးက ဖတ်ကြည့်၏။ ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ချက်ချင်းပဲ ကျောက်ရုပ်ကဲ့သို့ ဖြစ်၏။ လုံးဝထုံကျင်သွားခဲ့ပြီး တုန်ပြန်နိုင်စွမ်း အားလုံးက ဆုံးရှုံးခဲ့၏။ တကယ်တမ်းတွင်တော့ သူ ကျိုးရှီ၏ လက်ရေး များများစားစားကို မဖတ်ဖူးချေ။ အဘယ်ကြောင့်ဆိုသော် ကျိုးရှီက သူ့ထံ စာရေးမည် မဟုတ်သောကြောင့်ပင်။
သို့သော်ငြား ကျိုးရှီ၏လက်ရေးက တစ်ကြိမ်ဖတ်ကြည့်လိုက်ရုံနှင့် မေ့ပျောက်၍ မရနိုင်သည့် လက်ရေးမျိုးပင်။ ကျူးဟုန်ကျူးက လက်ရေးလှ ပညာရှင်တစ်ဦး ဖြစ်ပြီး လက်ရေးလှ ပညာရပ်တွင် သူ၏ စံပြပုဂ္ဂိုလ်က ကျိုးရှီပင်။ သူက အကြိမ်ရာပေါင်းများစွာ လေ့လာခဲ့ဖူး၏။ ကျိုးရှီ၏ လက်ရေးဖြစ်ကြောင်း တစ်ချက် ကြည့်ရှုလိုက်ရုံနှင့် သိသည်။
အလွန် ခေတ်စားနေသည့် စကားတစ်ခွန်းဖြင့် ပြောရမည်ဆိုလျှင် ‘စာလုံးတိုင်းကို ကျုပ်သိတယ်၊ ဒါပေမဲ့ စာလုံးတွေ ပေါင်းလိုက်တော့ ဘာအဓိပ္ပာယ်လဲ ကျုပ် နားမလည်တော့ဘူး။’
ကောင်းကင်ပင်လယ်နန်းဆောင်က ကိုယ့်သဘောနှင့်ကိုယ် စစ်ပွဲကို ရပ်တန့်လိုက်ပြီး ရွှဲ့ပြည်နယ်မှ လုံးဝ ဆုတ်ခွာသွားခဲ့၏။ ဘာတွေ ဖြစ်နေသနည်း။ ကျူးဟုန်ကျူးက ပညာရှိတစ်ဦး ဖြစ်သော်လည်း စိုးရိမ်ပူပန်မှုများကြောင့် ဇဝေဇဝါ ဖြစ်နေ၏။
ကောင်းကင်ပင်လယ်နန်းဆောင်က ရှမ့်လန်ကို ဆယ်ခါပြန် သတ်ရန် လုံလောက်အောင် သန်မာသည်ဟု သူ၏ဦးနှောက်က ယုံကြည်လို့နေ၏။ သို့သော်ငြား ယခု ကောင်းကင်ပင်လယ်နန်းဆောင်က တကယ်ပင် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သောကြောင့် စစ်ပွဲကို ရပ်တန့်ရန် ရွေးချယ်ရလောက်အောင် ကြီးမားသည့် ဆုံးရှုံးမှုများ ခံစားခဲ့ရခြင်းပင် ဖြစ်ပေမည်။
ရန်အီ ပြောသည်က အမှန်များ ဖြစ်နေမည်လား။ ရှမ့်လန်က ကောင်းကင်ပင်လယ်နန်းဆောင်၏ ပင်မတပ်ဖွဲ့ကို တကယ်ပင် သတ်ဖြတ်ခဲ့ပြီး ကောင်းကင်ပင်လယ်နန်းဆောင်၏ အဆောက်အအုံ အားလုံးတို့ကို မြေလှန်ကာ ဖျက်ဆီးခဲ့သည်လား။
မည်သည့်အချိန်ကနေ ပြုလုပ်ခဲ့သနည်း။ အံ့ဖွယ်ရာတစ်ခု ဖြစ်သည်ဆိုလျှင်တောင် အကန့်အသတ်တစ်ခု ဟူ၍တော့ ရှိသင့်သည် မဟုတ်ပါလား။ မည်သည့် အခြေခံနှင့် တစ်ဖက်လူက ဤသို့ လုပ်ခဲ့သနည်း။
လောကကြီးထဲတွင် တရားမျှတမှု ဆိုသည်က ရှိနေသေးသည်လား။ ကောင်းကင်ပင်လယ် နန်းဆောင်က အဘယ်သို့ ရှုံးနိမ့်နိုင်မည်နည်း။ နတ်ဘုရားများလို ခွန်အားကြီးသည့် ကောင်းကင်ပင်လယ် နန်းဆောင်ဖြစ်သည်။
ရန်အီက သစ်သားတုံးတစ်တုံးလို ဖြစ်နေသည့် ကျူးဟုန်ကျူးကို လှမ်းကြည့်၏။ အေးစက်စက်နှင့် ပြုံးကာ ချက်ချင်း ပြန်ထွက်သွား၏။ ဟုတ်ပေ၏။ သူလာရခြင်းက လက်နက်ချခိုင်းရန်မဟုတ်ဘဲ ကျူးဟုန်ကျူးကို ထိုးနှက်ချက် တစ်ခု ပေးရန်ပင်။
သို့သော်လည်း ကျူးဟုန်ကျူးက သူ ထွက်ခွာသွားသည်ကို လုံးဝ သတိပင် မပြုမိချေ။ ဤအချိန်တွင် သူက ဝမ်းနည်းခြင်းကိုပင် မခံစားနိုင်တော့ပေ။ နာကျင်မှုနှင့် ထိတ်လန့်မှုက အတိုင်းအတာ တစ်ခုထက် လွန်ကဲသွားသည့် အချိန်မှာတော့ လူတစ်ယောက်က ထုံကျင်သွားတတ်ပြီး နာကျင်မှုကို မခံစားနိုင်တော့သလို အချိန်ကုန်လွန်ခြင်းကိုပင် မသိနိုင်တော့ချေ။
ပြီးခဲ့သည့် ထျန်းရွှဲ့မြို့တိုက်ပွဲတွင် ကျူးဟုန်ရွှဲ့ ရှုံးနိမ့်ခဲ့စဉ်က ကျူးဟုန်ကျူး သွေးအန်ခဲ့ဖူး၏။ သို့သော်လည်း ဤတစ်ကြိမ်မှာတော့ သူ မအန်တော့ပေ။ အချိန် မည်မျှကြာသွားသည် မသိချေ။ သူ၏ အာရုံခံစားမှုများ အားလုံးက တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ရောက်ရှိလာ၏။ ကျူးဟုန်ကျူးက နာကျင်မှုများကို မခံစားရသေးဘဲ အဆုံးအမမဲ့ ရှုပ်ထွေးမှုများ ဦးနှောက်ထဲ၌ ဖြစ်တည်လျက် ရှိနေ၏။
ကျူးမိသားစု ဘာဆက်လုပ်သင့်သနည်း။ ကောင်းကင်ပင်လယ် နန်းဆောင်က ရွှဲ့ပြည်နယ်ရှိ ကျူးမိသားစု၏ အကြီးမားဆုံး ကျောထောက်နောက်ခံပင်။ယခု ကျိုးရှီ ကိုယ်တိုင် ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သောကြောင့် ကျူးမိသားစုက မည်သူ့ကို အားကိုးရတော့မည်နည်း။ အခြေအနေကို မည်သို့ ပြောင်းပြန်လှန်ရမည်နည်း။
ကျူးဟုန်ကျူးက မျက်နှာကြက်ကို မျှော်လင့်ချက်မဲ့စွာဖြင့် မော့ကြည့်၏။ ကျူးမိသားစုကို ကယ်တင်ရန် သူ ဘာလုပ်သင့်သနည်း။ နတ်ဘုရားများကို မေးမြန်းနေသကဲ့သို့ပင်။ နင်ကျန်း သို့မဟုတ် ရှမ့်လန်၏ ရှေ့၌ ဒူးထောက်ပြီး တောင်းပန်ရမည်လား။ ခွင့်လွှတ်ပေးဖို့ တောင်းဆိုရမည်လား။ ကျူးမိသားစု လက်နက်ချ သင့်သည် မဟုတ်ပါလား။
ဤအချိန်မှာတော့ သူက ရေနစ်နေသူ တစ်ဦးကဲ့သို့ ဖြစ်နေပြီး အသက်ရှင်လိုစိတ်သာ ရှိ၏။ နာကျင်မှုကို ခံစားရန် အချိန်မရှိဘဲ သူ့ကို ကယ်တင်နိုင်မည့် ကောက်ရိုးတစ်မျှင်ကို အသည်းအသန် ဖမ်းဆွဲချင်၏။ သို့သော်လည်း မကြာခင် သူက တည်ငြိမ်သွား၏။
ပြီးနောက် တုန်ယင်စွာ ရေရွတ်လိုက်မိ၏။ “ကျူးမိသားစုမှာ အခွင့်အရေး ရှိသေးတယ်။ ငါတို့ မပြီးဆုံးသေးဘူး။ ကောင်းကင်ပင်လယ်နန်းဆောင် ရှုံးနိမ့်ရင်တောင် ငါတို့ဆီမှာ တော်ဝင်ရန် မြို့တော် ရှိသေးတယ်။ ဟုတ်တယ်။ ငါတို့ဆီမှာ တော်ဝင်ရန် မြို့တော် ရှိသေးတယ်။
ရှမ့်လန်က သူ့ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ကောင်းကင်ပင်လယ်နန်းဆောင်ကို အနိုင်ယူလိုက်တာ မဟုတ်ဘူးလို့ ငါ အခိုင်အမာ ယုံကြည်မိတယ်။ သူ တစ်စုံတစ်ခုကို လှည့်စားပြီး တိုက်ခိုက်ခဲ့တာပဲ ဖြစ်ရမယ်။ သူ့ရဲ့ ဟန်ဆောင်မှုတွေကို အားလုံး၊ သူ့ရဲ့ လှည့်စားမှုတွေ အားလုံးကိုသာ မြင်အောင် ကြည့်နိုင်မယ်ဆိုရင် သူက ဘာမှ မဟုတ်တော့ဘူး။
အခု ရှမ့်လန်က သွားတွေဖြဲပြပြီး လက်သည်းတွေကို ထုတ်ပြနေတယ်။ သူက အရမ်းကို သန်မာတဲ့ပုံ ပေါက်တယ် ဆိုပေမဲ့ တကယ်တမ်းကျတော့ အားအနည်းဆုံး အချိန်ပဲ။ သူ ခြိမ်းခြောက်တာကို ငါတို့ ကြောက်လို့ မဖြစ်ဘူး။ ငါတို့အရာအားလုံးကို ပုံအောပြီး သူ့ကို အမြစ်ပြတ် ချေမှုန်းပစ်ရမယ်။ တကယ်တမ်း လှုပ်ရှားလိုက်ရင် ရှမ့်လန်က သေသွားမှာပဲ။”
ကျူးဟုန်ကျူးက ဆက်တိုက် ရေရွတ်နေ၏။ သူ၏ ဆုံးဖြတ်ချက် အခြေခံက ဘာဖြစ်သည်ကို မသိသော်လည်း သူက မှန်ကန်နေသည်ဟုတော့ ခံစားနေမိ၏။ “ငါ အသနားခံစာ ရေးချင်တယ်။ ဧကရာဇ်ဆီ သနားခံစာ ရေးချင်တယ်။ ရှမ့်လန်က ဟန်ဆောင်နေတာပါလို့။”
ပြီးနောက် သူက အင်္ကျီလက်ကို ပင့်တင်သော်လည်း မင်နှင့် စာရွက် မရှိသည်ကို တွေ့ရ၏။ သူက အကျဉ်းခန်းထဲမှ အကျဉ်းသား တစ်ယောက်ပင်။
........................
လွန်ခဲ့သည့် ရက် ၂၀ ခန့်က ကျုံးယောင်သည် စစ်သည် ခြောက်သောင်းကို ဦးဆောင်ပြီး ဝူပြည်နယ်ကို စစ်ကူပေးရန် ထွက်ခွာခဲ့၏။ ထျန်းရွှဲ့မြို့နှင့် ဝူပြည်နယ်တို့က ကီလိုမီတာ နှစ်ထောင်ကျော် ဝေးကွာ သောကြောင့် ရက် ၂၀ ကြာခဲ့သည် ဆိုသော်လည်း စစ်တပ်က ဝူပြည်နယ်၏ မြို့တော်သို့ မရောက်ရှိသေးချေ။
သို့သော်လည်း ဝူဘုရင်က စာကို စောစောစီးစီး လက်ခံရရှိ၏။ စိတ်လှုပ်ရှားလွန်းသောကြောင့် မျက်ရည်များပင် ဝဲလာမိ၏။ အရေးကြီးသော အခြေအနေမျိုးတွင် ရွှဲ့ပြည်နယ်က စစ်ကူလွှတ်လိမ့်မည်ဟု သူက ထင်မှတ်မိပေ။ ထိုတင်သာ မကသေးချေ။ ရွဲ့ပြည်နယ်၏ စစ်အင်အား ငါးပုံတစ်ပုံကို လွှတ်ပေးခဲ့၏။ ယခင်တုန်းက ရွှဲ့ပြည်နယ် ဆိုသည်က ဝူပြည်နယ်၏ ရန်သူတော်ကြီးပင်။
“နင်ကျန်း... ဒီနေ့က စပြီး ခင်ဗျားက ကျုပ်ရဲ့ အစ်ကိုပဲ။ ဝူနဲ့ ရွှဲ့ပြည်နယ်က စစ်မှန်တဲ့ ညီအစ်ကို နိုင်ငံတွေ ဖြစ်လာရမယ်။”
ဟုတ်ပေ၏။ ရွှဲ့ပြည်နယ်က စစ်သည် ခြောက်သောင်း လွှတ်လိုက်လျှင်တောင် ရလဒ် ပြောင်းလဲမှာ မဟုတ်သည်ကို ဝူဘုရင်က သိ၏။
ထိုအချိန်တွင် တော်ဝင်ရန် အင်ပါယာ၏ ဝူမင်းသားက စစ်သည် ခြောက်သိန်းကျော်ကို စုစည်းထားခဲ့၏။ ထို့အပြင် လက်အောက်ခံနိုင်ငံများမှ စစ်သည်တွေ အများကြီး ပါဝင်နေသေး၏။ ဝူပြည်နယ် အနေနှင့် ခုခံဖို့ လမ်းမရှိချေ။
ဝူပြည်နယ်၏ စစ်တပ်ကို မမြင်ပေဘူးလား။ မရေတွက်နိုင်သည့် ဝူပြည်နယ်သားများက ထွက်ပြေးကုန်ကြ၏။ ဝူပြည်နယ်၏ စစ်အင်အားက မူလတည်းက ရွှဲ့ပြည်နယ်ထက်ပင် နိမ့်ကျ၏။ သို့သော်လည်း စစ်ပွဲ ကြီးကြီးမားမား မကြုံဖူးသောကြောင့် စစ်တပ်က အထိအခိုက် နည်းပါး၏။ ထို့ကြောင့် စုစုပေါင်း စစ်သည် လေးသိန်းခန့်တော့ ရှိ၏။ ယခု ထက်ဝက်တောင် မကျန်တော့ချေ။ အများစုက တပ်ပြေးများ ဖြစ်ကုန်ကြ၏။
ထို့သို့ဆိုလျှင်တောင်မှ ဝူဘုရင်က အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ စစ်သည် တစ်သိန်းကျော်က သူနှင့်အတူ သေဖို့ ဆန္ဒရှိနေသည်။
ယနေ့ ဝူဘုရင်၏နန်းတော်က ယခင်လိုပဲ တိတ်ဆိတ်နေ၏။ အရာရှိအများစုက ထွက်ပြေးသွားကြပြီ ဖြစ်သောကြောင့် ညီလာခံ ကျင်းပနေစရာ မလိုတော့ချေ။ အရာအားလုံးကို စာကြည့်ခန်း ထဲတွင်ပင် ဆွေးနွေး၍ ရ၏။
ထို့အပြင် မိန်းမစိုးနှင့် နန်းတွင်းအပျိုတော် ထက်ဝက်ကျော်တို့ကလည်း ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။ အစပိုင်း၌ မိန်းမစိုးနှင့် နန်းတွင်းအပျိုတော်များကို နန်းတွင်းကိုယ်ရံတော်တို့က ဖမ်းဆီးပြီး ကွပ်မျက်ဖို့ ပြင်ဆင်ခဲ့သေးသည်။
သို့သော်လည်း လင်မယား ဆိုသည်က တောတစ်ခုတည်းက ငှက်တွေလိုပင် ဘေးအန္တရာယ် ကြုံလာလျှင် သီးခြားစီ ထွက်ပြေးရကြခြင်းပင် ဖြစ်၏။ သူတို့က ထွက်ပြေးချင်လျှင် ပြေးကြပါစေဟု ပြောခဲ့၏။
ထို့ကြောင့် ရက်အနည်းငယ် အတွင်းမှာပဲ ဝူဘုရင်၏ နန်းတော် တစ်ဝက်လောက်က ဟာလာဟင်းလင်း ဖြစ်သွားခဲ့၏။ မိန်းမစိုးနှင့် နန်းတွင်းအပျိုတော် အနည်းငယ်လောက်သာ ကျန်ရစ်ခဲ့၏။ အများစုက အသက်ကြီးပြီး အားကိုးစရာ မရှိသည့်သူများပင်။ ထွက်ပြေးလျှင်တောင် အသက်ရှင် ရပ်တည်နိုင်မှာ မဟုတ်ချေ။ ထိုအရာက မကြုံစဖူး သနားစရာ အခြေအနေမျိုး ဖြစ်သည်။
ချောင်နှင့် ရွှဲ့ပြည်နယ် စစ်ရှုံးတုန်းကတောင်မှ ဤမျှ သနားစရာ မကောင်းခဲ့ချေ။ ကျန်ရစ်ခဲ့သည့် နန်းတွင်း အပျိုတော်နှင့် မိန်းမစိုးများကလည်း ချက်ပြုတ်သည့် အခြေအနေမျိုးတွင်ပင် စိတ်နှင့်ကိုယ် မကပ်ကြတော့ချေ။ ရလဒ်အနေနှင့် ဝူမိဖုရားကြီးက ဝူဘုရင်အတွက် ကိုယ်တိုင် ချက်ပြုတ်ပေးနေရ၏။
“အရှင်မင်းကြီး... တော်ဝင်ရန်အင်ပါယာ စစ်တပ်က စပြီးလှုပ်ရှားနေပြီ။ စစ်သည် သိန်းနဲ့ချီက ကောင်းကင်ကို ဖုံးလွှမ်းလုမတတ် များပြားလာခဲ့ပြီ။ အင်ပါယာရဲ့ စစ်တပ်တွေတင် မကဘူး။ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်ရဲ့ လျှို့ဝှက်စစ်တပ်လည်း ပါတယ်။ သူတို့က ကျူပ်တို့ရဲ့ ဝူပြည်နယ်ဆီကို ဦးတည်လာနေပါပြီ။”
ဝူဘုရင်က ဤအချိန်မှာတော့ သိပ်ပြီး ထိတ်လန့်ခြင်း မရှိတော့ချေ။ တော်ဝင်ရန် အင်ပါယာက စစ်တပ် တစ်ခုကို စုစည်းနေသည်က လအနည်းငယ် ကြာနေပြီ ဖြစ်၏။ သူက လွန်ခဲ့သည့် လအနည်းငယ်တည်းက ကြောက်ရွံ့ခဲ့ရပြီးပြီ။ ခေတ်စကားနှင့် ပြောရမည်ဆိုလျှင် နောက်ဆုံးတော့ သူ့၌ ဖိနပ်တစ်ဖက် ပြတ်ကျလာခဲ့ပြီ ဖြစ်၏။ ပျက်စီးခြင်း အချိန်ကာလက ရောက်လာခဲ့ပြီ။
“ကောင်းပြီ... ဒါ အရမ်းကောင်းတာပဲ။”
ဝူဘုရင်က သက်ပြင်းချ၏။ “ဒါဆိုရင် ကျုပ်တို့ရဲ့စစ်တပ်ကို စုစည်းပြီး တိုက်ပွဲကို ပြင်ဆင်ကြစို့။ သေခြင်းတရား ဆိုတာ ရှောင်လွှဲလို့ မရတော့ဘူး။ တောင်ကြီးလို လေးလံတာမျိုး ရှိသလို ငှက်မွေးလို ပေါ့ပါးသွားတာမျိုးလည်း ရှိတာပဲ။ ကျုပ် ဝူကျိက ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာကို ဘယ်တော့မှ သိက္ခာ အကျမခံဘူး။”
...
အပိုင်း (၁၀၁၈)
ဤအချိန်မှာတော့ ရှမ့်လန်၏ အမိန့်တော် သဝဏ်လွှာ အကြောင်းကို မည်သူမှ မပြောကြားတော့ပေ။ စတည်းက မျှော်လင့်ချက် မထားခဲ့သောကြောင့်ပင်။ ယခုမှ ထုတ်ပြောလျှင်လည်း အရှင် ရှမ့်လန်ကိုပင် ပါးရိုက်သလို ဖြစ်နေပေလိမ့်မည်။
မကြာခင်မှာပဲ ရေနက်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြေးဝင်လာကာ သတင်းပို့၏။ “အရှင်မင်းကြီး... နယ်စားကြီး ကျုံးယောင်က မြင်းတပ် တစ်သောင်းနဲ့ ရောက်ရှိလာပါပြီ။ သူတို့က မြို့တော်နဲ့ မိုင်တစ်ရာ အကွာမှာ ရောက်နေပါပြီ။”
ဝူဘုရင်က စိတ်လှုပ်ရှားစွာ ပြောသည်။ “ကောင်းတယ်။ အရမ်းကောင်းတာပဲ။ ရွှဲ့ပြည်နယ်က ညီအစ်ကိုတွေနဲ့ အတူယှဉ်တွဲပြီး ကျုပ် တိုက်ပွဲဝင်တော့မယ်။ သေရင်တောင်မှ ကျုပ် အထီးကျန်မှာ မဟုတ်တော့ဘူး။ စစ်သည်တို့... ကျုပ်ကို သံချပ်ကာတွေ ပေးကြစမ်း။ နယ်စားကြီး ကျုံးယောင်ကို ကိုယ်တိုင်သွားပြီး ကြိုရတော့မယ်။”
မိဖုရားကြီးက ဝူဘုရင်ကို သံချပ်ကာ ဝတ်ဆင်ပေးရာ၌ ကူညီ၏။
“ယောက်ျား... စိတ်မပူနဲ့။ အဲဒီနေ့ ရောက်လာရင် ကျွန်မ ရှင်ရဲ့ သိက္ခာကို မကျစေရဘူး။” မိဖုရားက တိုးတိုးပြောသည်။
ဝူဘုရင်က သူ့မိန်းမ၏ မေးစေ့ကိုကိုင်ပြီး ချော့မော့ကာ ပြော၏။ “ကောင်းပြီ။ တစ်ခုခု ဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ်သာ သတ်သေလိုက်ပါ။”
“သွားကြစို့။” ပြီးနောက် ဝူဘုရင်က စစ်မြင်းကို စီးကာဖြင့် မြို့တော်မှ စစ်သည်သောင်းချီကို ဦးဆောင်ကာ ထွက်ခွာခဲ့၏။ သူက ပထမဦးဆုံး တောင်ဘက်သို့ သွား၏။ ကျုံးယောင်၏ ရှေ့ပြေး မြင်းတပ်ကို အခမ်းနားဆုံး ကြိုဆိုမှု ပုံစံဖြင့် ကြိုဆိုမည်။ ပြီးနောက် သူတို့နှစ်ဦး ပူးပေါင်းကာဖြင့် တော်ဝင်ရန်အင်ပါယာ၏ စစ်တပ်ကို ကာကွယ်ရန် မြောက်ဘက်သို့ ဦးတည်သွားမည်။
“သေရမယ်ဆိုရင်တောင်မှ တော်ဝင်ရန်အင်ပါယာကို ငါ့ရဲ့ဆန္ဒတွေ ပြသရမယ်။ သေခြင်းတရားကို ရင်ဆိုင်ပြီးမှ အသက်ပြန်ရှင်မယ်။ သေခြင်းတရားနဲ့ ရင်ဆိုင်ပြီးမှ အသက်ပြန်ရှင်ရမယ်။”
နေ့တစ်ဝက် ကြာမြင့်ပြီးနောက် ဝူဘုရင်က ကျုံးယောင်၏ မြင်းတပ်နှင့် ဆုံတွေ့၏။ စစ်တပ်နှစ်ခု ဆုံတွေ့ပြီး ကြိုဆိုပွဲ စားပွဲကို ကျင်းပ၏။ သို့သော်လည်း ဤစားပွဲတွင် ပျော်ရွှင်စရာဟူ၍ မရှိဘဲ အဆုံးမဲ့သည့် လေးလံမှုများသာလျှင် ရှိ၏။
ကျုံးယောင်က နင်ကျန်း၏ စကားကို ပြန်ပြောသည်။ စစ်ပွဲဖြစ်ပွားခဲ့လျှင်တောင် တော်ဝင်ရန် အင်ပါယာကို ထိပ်တိုက်ရင်မဆိုင်ရန်၊ အင်အားကို ထိန်းသိမ်းကာ တိုက်ခိုက်ရင်း ပင်လယ်ကမ်းစပ်သို့ ဆုတ်ခွာရန်၊ ရှမ့်လန်၏ ရေတပ်က ထိုနေရာသို့ လာရောက်ကြိုဆိုမည် ဖြစ်ပြီး နုရှောင့်မြို့တော်တွင် ပြန်ဆုံနိုင်ကြောင်း ပြောသည်။
ဝူဘုရင်က မည်သည့် စကားမှ မဆိုချေ။ အကယ်၍ အရှင် ရှမ့်လန်သာ ရှုံးနိမ့်ခဲ့သည် ဆိုပါက နုရှောင့်မြို့ ဆိုသည်က ရှိတော့မှာ မဟုတ်ချေ။ အကယ်၍ အရှင်ရှမ့်လန် နိုင်ခဲ့သည်ဆိုလျှင်တောင် သူ နုရှောင့်မြို့တော်ကို ထွက်ပြေးနိုင်မှာ မဟုတ်ချေ။ သူက ဝူပြည်နယ်၏ စစ်မြေပြင်မှာပဲ သေဆုံးဖို့ ဆုံးဖြတ်ထား၏။
“နယ်စားကြီးကျုံး... ကျုပ်က သေမှာပဲ။ ဒါပေမဲ့ ကျုပ်ရှုံးသွားရင် ကျေးဇူးပြုပြီး ကျုပ်ရဲ့ မိန်းမနဲ့ ကလေးတွေကို ခေါ်သွားပေးပါ။” ဝူဘုရင်က ပြောပြီး ခွက်ထဲမှ ဝိုင်ခွက်ကို တစ်ခါတည်း မော့သောက်၏။
နောက်တစ်နေ့ စစ်တပ် နှစ်ခုက မြောက်ဘက်သို့ ဦးတည်ကြ၏။ သူတို့က လေးလံပြီး ပြတ်သားသည့် စိတ်ဓာတ်များ သိရှိနေကြပြီး သေချာပေါက် သေဆုံးရမည်ဆိုသည့် ခံစားချက်များကို နှလုံးသားထဲ၌ သယ်ဆောင်သွားခဲ့၏။ ဝူပြည်နယ်၏ မြောက်ဘက်နယ်စပ်သို့ သွားပြီး အစွမ်းထက်သည့် တော်ဝင်ရန် အင်ပါယာ စစ်တပ်နှင့် ရင်ဆိုင်ရန်ပင်။
ဤအချိန်မှာတော့ ကောင်းကင်မှ လင်းယုန်ဖြူ တစ်ကောင်က ဆင်းသက်လာ၏။ ကောင်းကင်ပင်လယ် နန်းဆောင်မှ သံတမန် ကျိုးရှင်း ပင်ဖြစ်၏။
“ကျုပ်က ကောင်းကင်ပင်လယ် နန်းဆောင်က ကျိုးရှင်း... နန်းဆောင်သခင်ရဲ့ စာကို လာပို့တာပါ။” ကျိုးရှင်းက ကျိုးရှီ၏ လက်ရေးစာကို ဝူဘုရင်ထံ ကမ်းပေးသည်။
ထိုအရာက ကျိုးရှီ၏ စာပင် ဖြစ်၏။ ကောင်းကင်ပင်လယ် နန်းဆောင်နှင့် ရှမ့်လန်က စစ်ပွဲကို ရပ်တန့်လိုက်ပြီး ရွှဲ့ပြည်နယ်မှာ လုံးဝ ဆုတ်ခွာသွားကြောင်းပင်။
ဝူဘုရင်က ထိုအရာကို လုံးဝ လက်ခံရရှိချိန်မှာတော့ အလုံးစုံ ကြောင်အသွား၏။ ပြီးနောက် သူက မျက်ရည်များကိုပင် မထိန်းနိုင်တော့ချေ။
ကျိုးရှင်း ထွက်ခွာသွားခဲ့ပြီး မကြာခင် ရွှဲ့ဘုရင်၏ သံတမန် ရောက်ရှိလာပြန်၏။ သူက ရွှဲ့ဘုရင်၏ လက်ရေးစာကို ကမ်းပေး၏။ ရှမ့်လန်က ကောင်းကင်ပင်လယ် နန်းဆောင်၏ ပင်မ တပ်ဖွဲ့ကို ချေမှုန်းပစ် လိုက်ပြီး မြေလှန်ဖျက်ဆီးလိုက်ကြောင်း ရှင်းလင်းစွာ ဖော်ပြထား၏။
ဝူဘုရင်က သူ့ဘဝကို သူပင် သံသယ ဝင်မိ၏။ အကြိမ်ကြိမ် ဖတ်ရှုပြီးနောက် ကျုံးယောင်ကို ကမ်းပေးသည်။
ကျုံးယောင်က ထိုအရာကို ဖတ်ရှုရင်း ကြောင်အသွားမိ၏။ ပြီးနောက် သူက ဝူမုကို ကမ်းပေး၏။ အချိန်အတော်ကြာပြီးသည့်နောက် သံတမန် ဝူမူက ရုတ်တရက် ထကာ အော်ဟစ်၏။
“စစ်သည်အပေါင်းတို့... နားထောင်ကြ။ အရှင် ရှမ့်လန်က လုံးဝ အောင်ပွဲခံလိုက်ပြီ။ သူက ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ စစ်သည် တစ်သိန်းကို ချက်ချင်း ချေမှုန်းပစ်လိုက်ပြီ။ အားလုံးကို မြေလှန် ဖျက်ဆီးပစ်လိုက်ပြီ။”
စိတ်ဓာတ် အားငယ်လျက် ရှိနေသည့် ဝူပြည်နယ်မှ စစ်သည်များက ထိုအကြောင်းအရာကို ကြားချိန်မှာတော့ မိမိနားကိုပင် မိမိ မယုံကြည်နိုင်သလို ဖြစ်နေကြ၏။ သို့သော်လည်း ဝူမူက ကောင်းကင်ပင်လယ် နန်းဆောင်သခင် ကျိုးရှီ၏ လက်ရေးစာကို ထုတ်ပြပြီး တစ်ခုချင်းစီ ဖတ်ပြသည်။
ဤအချိန်မှာတော့ ဝူပြည်နယ်၏ စစ်တပ်က အံ့ဖွယ်ရာတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း နောက်ဆုံး ယုံကြည်လိုက် မိကြ၏။ နောက်ဆုံး စိတ်ပျက်အားငယ်နေသည့် စစ်တပ်ကြီးက ချက်ချင်းပဲ စိတ်အားတက်ကြွ လှုပ်ရှားလာ၏။
“အရှင်ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။”
“တော်ဝင်ရန် အင်ပါယာ... သက်တော်ရာကျော် ရှည်ပါစေ။”
........
ရွှဲ့ပြည်နယ်၏ အရှေ့ဘက်ပင်လယ်ပြင်မှာတော့ ကျိုးရှီက လမ်းလျှောက်လျက် ရှိနေ၏။ သူက ပင်လယ်ကြမ်းပြင်ပေါ်တွင် လမ်းလျှောက်ရင်း နင်ဟန်ကို ရှာဖွေနေခြင်းပင်။ ပင်လယ်ကြမ်းပြင်တွင် ရှိနေသော်လည်း သူက မီးခိုးငွေ့တစ်မျှင်ကဲ့သို့ လျှင်မြန်စွာ ရွေ့လျားနိုင်၏။ မီတာဒါဇင်နှင့်ချီကို လွယ်လွယ်ကူကူ ဖြတ်သန်းသွားနိုင်သည်။
သူက နင်ဟန်ကို ရက်အတော်ကြာ နေ့ညမပြတ် ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ချေ။ သူမ တကယ်တမ်း သေဆုံးသွားခဲ့ပြီလား။
ကျိုးရှီက ပင်လယ်ကြမ်းပြင်တွင် ထိုင်ချ၏။ နာကျင်စွာဖြင့် မျက်လုံးကို မှိတ်ထား၏။ သူ့တွင် အချိန်သိပ်မကျန်တော့ချေ။ ကောင်းကင်ပင်လယ်နန်းဆောင်သို့ အမြန်ပြန်ပြီး အာဏာလွှဲပြောင်းမှုကို စီစဉ်ရမည်။
နောက်ပိုင်း သူက သူ၏ လူအင်အား၊ စစ်အင်အားနှင့် တပ်ဖွဲ့အားလုံးကို မိုင်တစ်သောင်း သဲကန္တာရ အတွင်းသို့ ထည့်သွင်းရပေလိမ့်မည်။ ထိုအရာက ကောင်းကင်ပင်လယ်နန်းဆောင်၏ အနာဂတ်တစ်ခုပင်။ သူ၏ ဂုဏ်သိက္ခာနှင့် ကောင်းကင်ပင်လယ် နန်းဆောင်၏ ဂုဏ်သိက္ခာက အောက်ဆုံးသို့ ကျဆင်းသွားမည်ကို သူ သိ၏။ သို့သော်လည်း ကိစ္စ မရှိချေ။
ကောင်းကင်ပင်လယ် နန်းဆောင်၏ ရှည်လျားသည့် သမိုင်းကြောင်းတွင် ဤအရာက လှိုင်းတံပိုးငယ်လေး တစ်ခုမျှသာပင်။ မိုင်တစ်သောင်း သဲကန္တာရကို ဝင်ရောက် ရှာဖွေ လှုပ်ရှားခြင်းက နှစ်တစ်ရာ စီမံကိန်းကြီးပင်။ သူက မိနစ်တိုင်းကို တန်ဖိုးထား အသုံးချရပေမည်။ သို့သော်ငြား နင်ဟန်ကို ရှာဖွေခြင်းကို သူ ဤအတိုင်း လက်လျှော့လိုက်ရပေမည်လား။ သူက လက်မလျှော့ချင်သေးပေ။
ထိုအချိန်မှာပင် ရေဘဝဲကြီး တစ်ကောင်က ရေကူးလာ၏။ ထိုအရာ၏ မျက်လုံးများက ဉာဏ်ပညာ၏ အရိပ်ယောင်များကဲ့သို့ တောက်ပ၏။ ရေဘဝဲများက အသက်ရှည်ရှည် မနေနိုင်ကြချေ။ ဤရေဘဝဲက ဆယ်စုနှစ်ချီ အသက်ရှင်ခဲ့သည့် ရေဘဝဲကြီး ဖြစ်ပုံပင်။
ကျိုးရှီ ၏ ပုံရိပ်က မီးခိုးငွေ့တစ်မျှင် ကဲ့သို့ပင် ရေဘဝဲ၏ ဆီသို့ ရွေ့လျားသွား၏။ ရေဘဝဲကြီးက ထွက်ပြေးရန် ပြင်၏။
“မပြေးနဲ့... မပြေးနဲ့...။” ကျိုးရှီက အော်ဟစ်၏။ ပြီးနောက် သူက ရေဘဝဲ၏ ခေါင်းပေါ်သို့ လက်တင်ပြီး အထူးဝိညာဉ်လှိုင်း တစ်ခုကို ထုတ်လွှတ်၏။ သူက ရေဘဝဲနှင့် ဆက်သွယ်နေခြင်းပင်။ သူက ရေဘဝဲ တစ်ကောင်နှင့် တကယ်ပင် ဆက်သွယ် ပြောဆိုနိုင်သေးသည်လား။
“ကျေးဇူးပြုပြီး ဒီပင်လယ်ပြင်မှာပဲ ရှာဖွေပေးပါ။ အရှင်မတွေ့ရင် အသေပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။” ကျိုးရှီက ပြော၏။
ခဏကြာချိန်မှာတော့ ရေဘဝဲကြီးက လျင်မြန်စွာ ရေကူးထွက်သွား၏။ သူ၏ ထူးခြားသည့် ရေနေသတ္တဝါ အချက်ပြမှုကို စတင်ထုတ်လွှတ်၏။ ရုတ်တရက် မရေတွက်နိုင်သည့် ရေနေသတ္တဝါများက ရေကူးလာ၏။ ထောင်ပေါင်းများစွာတို့က ပင်လယ်ပြင်တစ်ခုလုံးကို ဖြန့်ကြက်ပြီးနောက် ပင်လယ်ကြမ်းပြင်တွင် ရှာဖွေကြသည်။
နာရီ အနည်းငယ် ကြာပြီးနောက် ရေဘဝဲကြီးက ကျိုးရှီ၏ ရှေ့တွင် ပြန်ပေါ်လာ၏။ ထိုအရာက လက်တံများကို ဝှေ့ယမ်းပြပြီး ရှေ့မှ ဦးဆောင် ရေကူးသွား၏။ ကျိုးရှီက နောက်မှ လိုက်ပါလာ၏။ ပင်လယ်ချောက်နက်ကြီး တစ်ခုဆီသို့ပင်။
လမ်းတစ်လျှောက်တွင်တော့ သူက ရေအောက်၌ ဆက်လက် အသက်ရှုနိုင်ရန် အိမ်မက်ဆိုး ကျောက်တုံး တစ်ခုကို လဲလှယ်ခဲ့ရ၏။ ဤချောက်နက်ကြီးက တကယ်ပင် နက်ရှိုင်း၏။ ကြီးမားသည့် ရေဝဲကြီး တစ်ခုလည်း ဖြစ်၏။ သာမန်လူများ လုံးဝ ဝင်ရောက်ရဲလိမ့်မည် မဟုတ်ချေ။ ရေဘဝဲကြီးပင်လျှင် အနားကပ်ရန် မဝံ့ရဲချေ။
နန်းဆောင်သခင်ကျိုးရှီက မိုးကြိုးလျှပ်စီးတစ်ခု ကဲ့သို့ပင် ပြောင်းလဲသွားခဲ့ပြီး ရေဝဲကြီးထဲသို့ တိုးဝင်၏။ သူက ချောက်နက်ကြီးထဲသို့ ဝင်ရောက်ပြီးနောက် ပိုမိုနက်ရှိုင်းသည့် နေရာသို့ ဆက်လက်သွား၏။ အချိန်မည်မျှ ကြာသွားသည် မသိချေ။ ရေဝဲကြီး၏ စုပ်ယူမှုက ရပ်တန့်သွားခဲ့ပြီးနောက် သူက ချောက်နက်ကြီး၏ အောက်ခြေအပိုင်းသို့ ရောက်ရှိ၏။ သို့သော်လည်း ဤနေရာတွင် ပင်လယ်ရေ မရှိချေ။ ရှေးဟောင်း အဆောက်အအုံ တစ်ခုထဲသို့ ရောက်သွားသကဲ့သို့ပင်။
ကျိုးရှီက အံ့အားသင့်မိ၏။ ဤနေရာ၌ ရှေးဟောင်းအပျက်အစီး တစ်ခုကို တွေ့ရှိခဲ့သည်လား။ ဤအရာက ဘုရားကျောင်း ခန်းမဆောင် တစ်ခုပေလား။ နုရှောင့်မြို့တော်နှင့် မဝေးလှချေ။ ဤအရာက ရှေးဟောင်းအပျက်အစီးတစ်ခု ဖြစ်နေသည်လား။
ပြီးနောက် နန်းဆောင်သခင် ကျိုးရှီက လူတစ်ယောက်ကို တွေ့၏။ ပိုပြီး တိတိကျကျ ပြောရမည် ဆိုလျှင် မီးလောင်ကျွမ်းထားသည့် အလောင်း တစ်ခုပင်။ မူလမျက်နှာကို မမြင်ရတော့ချေ။ တစ်ကိုယ်လုံးက မီးလောင်ကျွမ်းသွား၏။ သို့သော်လည်း ကျိုးရှီက နင်ဟန်ဖြစ်ကြောင်း ချက်ချင်း မှတ်မိ၏။ သူမ၏ လက်မောင်းတွင် အထူးလက်ကောက်တစ်ခုကို ဝတ်ဆင်ထားခဲ့သောကြောင့်ပင်။ အရေးကြီးသည့် အချိန်တွေမျိုးတွင် အသက်ကယ်တင်ရန် ကျိုးရှီ ပေးထားသည့် အိမ်မက်ဆိုး ကျောက်တုံးလက်ကောက်ပင် ဖြစ်၏။
ကျိုးရှီက ရှေ့သို့ လှမ်းတက်ပြီး နင်ဟန်ကို ဂရုတစိုက် ပွေ့ချီ၏။ အသက်မရှုတော့သလို နှလုံးခုန်သံမျိုးလည်း မရှိတော့ချေ။ တစ်ချိန်က ပြိုင်ဘက်ကင်း လှပသည့် မိန်းကလေး တစ်ယောက်က ယခု မီးလောင်ကျွမ်း ထားသည့် အလောင်းတစ်ခု ဖြစ်ခဲ့၏။
ကျိုးရှီက မျက်တောင်ကို ခတ်၏။ ပြီးနောက် သူ၏ မျက်လုံးထဲတွင် မျက်ရည်များက ထွန်းအိုင်လာခဲ့သည်။
“ကလေးမလေး... အတိတ်တုန်းက မင်း အရှင်ကျန်းလီကို အကြွေးတင်ခဲ့ရင်တောင် အခု အကြွေးကျေ သွားခဲ့ပြီ။ ဒီနေ့ကစပြီး မင်း လွတ်မြောက်သွားခဲ့ပြီ။ မင်းက ကျန်းမျိုးနွယ်စုနဲ့ ဘာမှ မပတ်သက်တော့ဘူး။”
..........
တော်ဝင်ရန်အင်ပါယာ၏ နန်းတော်အတွင်းမှာတော့ အင်ပါယာက နန်းဆောင်သခင် ကျိုးရှီ၏ လက်ရေးစာကို လက်ခံရရှိ၏။ သို့သော်လည်း ဤစာကတော့ လုံးဝ မတူညီချေ။ အခြားသောသူများကို ပေးပို့သည့် ကျိုးရှီ၏စာက အေးစက်၏။ ရှမ့်လန်နှင့် တိုက်ခိုက်မှုကို ရပ်စဲပြီး ရွှဲ့ပြည်နယ်မှ ခြွင်းချက်မရှိ ဆုတ်ခွာမည်ဟု ဖော်ပြထား၏။
သို့သော်လည်း တော်ဝင်ရန် ဧကရာဇ်ထံ ပေးပို့လိုက်သည့် စာကားမူ တောင်းပန်လွှာ ဖြစ်၏။ သဘောထားက အလွန့်ကို နိမ့်ချသည်။ “အရှင် အင်ပါယာ... ရှမ့်လန် က နဂါးနောင်တကို ပစ်လွှတ်ပြီး နင်ဟန် ဦးဆောင်တဲ့ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ပင်မတပ်ဖွဲ့ကြီးကို ဖျက်ဆီးပစ်လိုက်တယ်။ ပြီးတော့ ရှေးဟောင်း ပစ်လွှတ်စင်ကို သုံးပြီး စွမ်းအင်ဗဟိုချက်တစ်ခုကို ပစ်လွှတ်ခဲ့တယ်။ ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ စာကြည့်တိုက်ကြီးကို မြေလှန် ဖျက်ဆီးခဲ့ပါတယ်။ ကျုပ်ရဲ့ စာက လောကအနှံ့ကို ပြန့်နှံ့သွားခဲ့ပါပြီ။ လောကမှာရှိတဲ့ လူတွေအကုန်လုံးက ထိတ်လန့်ပြီး စကားမပြောနိုင်အောင် ဖြစ်နေကြပါပြီ။”
ခံစားမှု မရှိသည့် မျက်နှာသွင်ပြင်မျိုးနှင့့် ဧကရာဇ်က နန်းဆောင်သခင် ကျိုးရှီ၏ တောင်းပန်လွှာကို မီးရှို့၏။ ပြီးနောက် ရှမ့်လန်၏ အမိန့်တော် သဝဏ်လွှာကို ယူကြည့်၏။ ထိုအရာကိုလည်း မီးရှို့ပစ်လိုက်၏။
“အင်း... ငါ နည်းနည်း ထိတ်လန့်သွားတယ်။” အင်ပါယာက ပြောသည်။
ချက်ချင်းပဲ ရှိနေသူတို့ အားလုံးက တစ်ညီတစ်ညွတ်တည်း ဒူးထောက်ကြ၏။ အင်ပါယာ၏ ဝူမင်းသား၊ လျန်မင်းသား၊ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ လျန်နိုင်ငံ၏ ဘုရင်၊ ချန်နိုင်ငံသစ်၏ ဘုရင် ရင်ကွမ်း၊ ကျင်းနိုင်ငံ၏ ဘုရင်၊ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ အကြီးအကဲ၊ တုံ့ကျန်းဘုရားကျောင်း၏ ခေါင်းဆောင်၊ စေတီတောင်၏ အကြီးအကဲ အစရှိသူတွေ ရှိနေ၏။
အင်ပါယာက ဒေါသထွက်နေပုံ မပေါ်ချေ။ စကားတစ်ခွန်းကိုသာ ပြောဆိုခဲ့သော်လည်း အရေးပါသူ အားလုံးတို့က တုန်လှုပ်နေကြပြီ ဖြစ်၏။
“ရှမ့်လန်က နဂါးနောင်တကို သုံးပြီး လူတိုင်းကို ခြိမ်းခြောက်လိုက် တာပဲ။ ... မင်းတို့ ကြောက်သွားလား။ ရင်ကွမ်း... မင်းရော၊ ကျင်းဘုရင်... မင်းရော...။” အင်ပါယာက ပေါ့ပေါ့ပါးပါး မေးသည်။
နာမည်ခေါ်ခံရသူများက ရှေ့ကို ထွက်ပြီး မြေကြီးပေါ်တွင် ဒူးထောက်၏။ “ဝန်ကြီးချုပ်ကျူး... ရှမ့်လန် ဆီမှာ နဂါးနောင်တ ဘယ်နှစ်ခု ရှိတယ်လို့ ထင်လဲ။” အင်ပါယာက မေး၏။
ဤဝန်ကြီးချုပ်ကျူးက တော်ဝင်ရန်မြို့တော်၏ ကျူးမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်၏။ လျှို့ဝှက်စခန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့သည့် ကျူးမျိုးနွယ်စု၏ ခေါင်းဆောင်လည်း ဖြစ်၏။ သူက ချက်ချင်း ဒူးထောက်ကာဖြင့် တုန်ယင်နေသည့် အသံဖြင့် ပြောသည်။ “တစ်ခုပါ။”
“တကယ်ပဲ တစ်ခုတည်း ရှိတာလား။”
အင်ပါယာက ပြော၏။ “ဝန်ကြီးချုပ်ကျူး... ကျုပ် ခင်ဗျားရဲ့ အကြံဉာဏ်ကို တကယ် အားကိုးတယ်။”
ကျူးမျိုးနွယ်စု၏ ခေါင်းဆောင်က ပြောသည်။ “ဟုတ်ပါတယ်အရှင်... တစ်ခုတည်းလို့ ကျုပ် ထင်ပါတယ်။”
လျန်မင်းသားက ဝင်ရောက်ကာ ပြော၏။ “အရှင်ဧကရာဇ်... ရှမ့်လန်ဆီမှာ နဂါးနောင်တတစ်ခုတည်း ရှိတယ်လို့ ကျုပ် ထင်ပါတယ်။ အခုအချိန်က သူ့ရဲ့အားအနည်းဆုံး အချိန်ပါပဲ။ လောကမှာရှိတဲ့ နိုင်ငံ အားလုံးက သူ့ရဲ့ မဟာဗျူဟာမြောက် လူသတ်လက်နက် ဆိုတာကြီးကြောင့် ကြောက်လန့်နေတယ် ဆိုပေမဲ့ ကျုပ်ကတော့ သူ့ရဲ့ ဟာကွက်ကို မြင်နေရတယ်။
သူက သူ့ရဲ့ ခြိမ်းခြောက်မှုကို တိုးမြှင့်နိုင်ဖို့ နိုင်ငံအားလုံးကို ဟန့်တားနိုင်ဖို့ ကောင်းကင်ပင်လယ် နန်းဆောင်ကို မြေလှန် ဖျက်ဆီးပစ်ခဲ့တာပဲ။ ဒါပေမဲ့ ဒါက သူ့ရဲ့ယုံကြည်မှုကို ဖော်ပြလိုက်တာပဲ။ သူက ရှေးဟောင်း စွမ်းအင်ဗဟိုချက်ကို သုံးပြီး ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ စာကြည့်တိုက်ကြီးကို ဖောက်ခွဲပစ်ခဲ့တယ်။
သင်္ဘောနဲ့ အနီးအနားကို သယ်သွားပြီး ဖောက်ခွဲပစ်လိုက်လို့ ရရဲ့သားနဲ့ ဘာလို့ ရှေးဟောင်း ပစ်လွှတ်စင်ကို သုံးပြီး အကြီးအကျယ် လုပ်ပြနေရတာလဲ။ ဒီအရာက အရမ်းကို ကြီးမားပြီး သယ်ယူပို့ဆောင်ရ ခက်ခဲမှန်း ကျုပ်တို့အားလုံး သိတယ်။ သူက မိုင်တစ်ရာ အကွာဝေးကနေ ကောင်းကင်ပင်လယ် နန်းဆောင်ကို ဖျက်ဆီးပစ်ခဲ့တယ် ဆိုတဲ့ ခံစားချက်ကို ဖန်တီးချင်ရုံ သက်သက်ပါပဲ။
စွမ်းအင်ဗဟိုချက်က လက်နက် မဟုတ်ပါဘူး။ ဒါပေမဲ့ သူက လက်နက်လို အသည်းအသန် ဟန်ဆောင်နေတာပဲ။ သူက မဟာဗျူဟာမြောက် လက်နက်တစ်ခုကို သုံးခဲ့တယ်လို့ လောကကြီးကို ပြသချင်တာ။ သူ့ဆီမှာ မဟာဗျူဟာမြောက် လူသတ်လက်နက်တွေ အများကြီး ရှိတယ်လို့ လောကကြီးကို လှည့်စားချင်နေတာပဲ။
ရှမ့်လန်ရဲ့ အမိန့်တော် သဝဏ်လွှာထဲမှာ တော်ဝင်ချန်မင်းဆက်ရဲ့ နယ်မြေတွေကို ဘယ်သူမှ ကျူးကျော် ဝင်ရောက်ခွင့် မရှိဘူး။ မဟုတ်ရင် ကမ္ဘာလောကထဲက လုံးဝ သုတ်သင် ရှင်းလင်းခံရမယ်။ သတိမပေးခဲ့ဘူး လို့ မပြောနဲ့ လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။
ဒီစကားက အရမ်းကို ခမ်းနားတယ် ဆိုပေမဲ့ ရှမ့်လန်ရဲ့ မဟာရည်ရွယ်ချက်ကို ဖော်ပြနေပါတယ်။ သူက မတိုက်ခိုက်ချင်ဘူး။ တိုက်လည်း မတိုက်ရဲဘူး။ တော်ဝင်ရန်မင်းဆက်က ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင်ကို ဖျက်ဆီးပစ်မှာကို တားဆီးချင်ရုံ သက်သက်ပဲ။ ဒါပေမဲ့ သူ့မှာ ကယ်တင်နိုင်မယ့် စစ်အင်အားလည်း မရှိဘူး။ ဒါကြောင့် မဟာဗျူဟာမြောက် လူသတ်လက်နက် ဆိုတာကြီးကို သုံးပြီး လောကမှာ ရှိတဲ့ နိုင်ငံအားလုံးရဲ့ စစ်တပ်တွေကို ဟန့်တားဖို့ ကြိုးစားနေခဲ့တာပဲ။
ကျုပ် ရှမ့်လန် ရဲ့ လှည့်ကွက်တွေကို မြင်နေရပြီ။ ဒါကြောင့် သူ့ဆီမှာ နဂါးနောင်တ တစ်ခုတည်း ရှိတယ်လို့ ကျုပ် ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်။ အခု သူက အရမ်းကို အားနည်းနေပြီ။ ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင်ကို ကာကွယ်ပေးနိုင်မယ့် အင်အားမျိုး မရှိတော့ဘူး။ ဒါကြောင့် ကျုပ်တို့ရဲ့ စစ်တပ်က တည့်တည့်ဝင်တိုက်ပြီး ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင်လုံးကို ဖျက်ဆီးချေမှုန်းသင့်ပါတယ်။
လောကသူ လောကသားတွေ အားလုံးရဲ့ ရှေ့မှာ ရှမ့်လန်ကို ပြင်းပြင်းထန်ထန် ပါးရိုက်ပြီး သူ့ရဲ့ ဟန်ဆောင်မှုနဲ့ အတုအယောင်အင်အားဆိုတာတွေ အကုန်လုံးကို ဖွင့်ချ ဖျက်ဆီးပစ်ရမယ်။ ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင်လုံးကို လုံးဝ စိတ်ပျက်အားငယ်ပြီး ညှိုးနွမ်းကျသွားတဲ့အထိ လုပ်ရမယ်။ တော်ဝင်ချန် မင်းဆက် ဆိုတာကြီးကိုလည်း လုံးဝ ပျက်စီးသွားအောင် လုပ်ရမယ်။ ဒါက အမည်ခံ မင်းဆက် ဆိုတာပါပဲ။
ရှမ့်လန်က သူ့ဆီမှာ နဂါးနောင်တတွေ အများကြီး ရှိတယ်လို့ ပြောတယ် မဟုတ်လား။ ဒါဆိုလည်း သုံးပလေ့စေ။ ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင်ကို ကျူးကျော်ခဲ့တဲ့ စစ်သည်တွေက ကမ္ဘာလောကထဲကနေ လုံးဝ သုတ်သင် ရှင်းလင်း ပစ်ခံရမယ်လို့ ပြောတယ်မလား။ အကယ်၍ သူ မလုပ်နိုင်ရင် .... ကျုပ်တို့ရဲ့ သိန်းနဲ့ချီတဲ့ စစ်တပ်ကြီးကို ချက်ချင်း မဖျက်ဆီးနိုင်ဘူးဆိုရင် လိမ်လည်ကြောင်း သက်သေပေါ်သွားခဲ့ပြီ။ လူတိုင်းရဲ့ စိတ်ဓာတ်တွေက ပြိုကွဲသွားခဲ့ပြီ။ ဒါဆိုရင် ရယ်စရာကောင်းတဲ့ တော်ဝင်ချန်မင်းဆက် ဆိုတာကြီးက ပျက်စီးသွားပါလိမ့်မယ်။”
လျန်မင်းသားက လူတိုင်း ပြောချင်နေသော်လည်း မပြောရဲသော စကားလုံးများကို ထိမိ ပြောင်မြောက်စွာပင် ပြောဆိုနေ၏။