အခန်း (၁၀၁၉-၁၀၂၀)
Vol. 60 Ch. 1019-1020
အပိုင်း (၁၀၁၉)
ဧကရာဇ်က ပြောသည်။ “ဝန်ကြီးချုပ်ကျူး... လျန်မင်းသား ပြောတာ အဓိပ္ပာယ် ရှိတယ်လို့ ထင်လား။”
ကျူးမျိုးနွယ်စု၏ ခေါင်းဆောင်က ဦးတိုက်ကာ ပြော၏။ “လျန်မင်းသားရဲ့ စကားကို ကျုပ် သဘောတူပါတယ်။ စစ်တပ် ဆက်လက် စေလွှတ်ပြီး ရှမ့်လန်ရဲ့ အင်အားအတုကို ဖွင့်ချသင့်တယ်လို့ ကျုပ်လည်း ထင်တယ်။ သူ့ရဲ့ဂုဏ်သိက္ခာကို လုံးဝ ဖျက်ဆီးပစ်ပြီးတော့ ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင် ပျက်စီးသွားတာကို လက်ပိုက် ကြည့်နေစေရမယ်။”
ဧကရာဇ်က ပြောလိုက်သည်။ “ရင်ကွမ်း၊ ကျင်းမင်းသား... ခင်ဗျားတို့က ဘယ်လို ထင်လဲ။”
ဘုရင်သစ် ရင်ကွမ်းက ပြော၏။ “ကျုပ်သဘောတူပါတယ်။”
ကျင်းမင်းသားက ဦးခိုက်ကာ ပြောသည်။ “ကျုပ်လည်း သဘောတူပါတယ်။”
တုံ့ကျန်းဘုရားကျောင်းမှ ခေါင်းဆောင်က ဦးညွတ်ကာ ပြော၏။ “ကျုပ်လည်း သဘောတူပါတယ်။”
ကောင်းကင်ပြစ်ဒဏ် နန်းဆောင်၏ သခင်ကလည်း ဦးညွတ်ကာ ပြောသည်။ “ကျုပ်လည်း သဘောတူပါတယ်။”
ထိုအချိန်မှာတော့ ဧကရာဇ်က ပြောလိုက်၏။
“ကောင်းပြီ... ဒါဆိုရင်လည်း လုပ်လိုက်ကြတော့။ ကောင်းပါပြီ။ ကျင်းဘုရင်... ပင်ပန်းရတော့မယ်။” ဧကရာဇ်က လှမ်းပြောသည်။
ကျင်းဘုရင်က တုန်ယင်စွာ ပြော၏။ “နောက်ဘက်လမ်းကြောင်း စစ်တပ်ကို အရှေ့ဘက်ဆီ ချက်ချင်း စေလွှတ်ပြီး ချောင်ပြည်နယ်ရဲ့ စစ်တပ်ကို သုတ်သင်ရှင်းလင်း ပစ်ပါ့မယ်။ ချောင်ပြည်နယ်ကို လုံးဝ ဖျက်ဆီးပစ်ပြီး ရှမ့်လန် အားနည်းကြောင်း အမှန်တရားကို ထုတ်ဖော် ပြသပါ့မယ်။ သူ့ရဲ့ တော်ဝင်ချန် အင်ပါယာဆိုတာ အတုဖြစ်ကြောင်း အားလုံးကို သိအောင် ပြောပြပြီးတော့ အရာအားလုံးကို သူနဲ့အတူတူ မြှုပ်နှံပစ်လိုက်ပါ့မယ်။”
ဧကရာဇ်က ခေါင်းညိတ်ကာဖြင့် လက်ကို ဝှေ့ယမ်းပြသည်။ “ကဲ... ဒါဆိုလည်း လူစုခွဲကြတော့။”
ပြီးနောက် သူက ရာဇပလ္လင်မှ ဆင်းကာဖြင့် စကားတစ်ခွန်းမှ မဆိုတော့ဘဲ ထွက်ခွာသွား၏။
ခန်းမထဲတွင် ရှိနေသည့် အရေးပါသောသူအားလုံးတို့က မြေပြင်ပေါ်တွင် ဒူးထောက်ပြီး မလှုပ်မယှက်နှင့် ရှိနေကြ၏။ သူတို့က ဧကရာဇ်ကို လေးစားစွာဖြင့် ဦးတိုက်ကာ နှုတ်ဆက်နေ၏။ ဧကရာဇ်၏ ကျောပြင်ကိုပင် မကြည့်ရဲကြချေ။
မိန်းမစိုး ဒါဇင်ပေါင်းများစွာက နောက်မှ လိုက်ပါသွား၏။ သူတို့အားလုံးက မဟာပညာရှင် အဆင့်များ ဖြစ်ကြသော်လည်း ခွေးများကဲ့သို့ပင် နှိမ့်ချ၏။ သူတို့က လိုက်ပါသွားခဲ့သော်လည်း ဧကရာဇ်နှင့် မီတာဆယ်ဂဏန်း အကွာအဝေးအတွင်းသို့ မကပ်ရဲကြချေ။ ရေခဲတုံးက မီးနှင့် နီးကပ်ရန် မဝံ့ရဲသကဲ့သို့ပင် အရည်ပျော်သွားမည်ကို ကြောက်ရွံ့ရသည်။
ထို့အပြင် ဧကရာဇ်က နန်းတော်၏ အကြွင်းမဲ့ တားမြစ်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သဖြင့် သူတို့က ပို၍ အနားမကပ်ရဲကြခြင်းပင်။ ဤသည်က လောကပေါ်တွင် အတင်းကျပ်ဆုံး စောင့်ကြပ်ထားခဲ့သည့် တားမြစ်နယ်မြေပင် ဖြစ်၏။ ဧကရာဇ်မှလွဲ၍ အိမ်ရှေ့စံမင်းသားနှင့် မင်းသမီး ကျိရွှမ် အပါအဝင် မည်သူမှ အထဲသို့ ဝင်ရောက်ခွင့် မရှိချေ။ ဤတားမြစ်နယ်မြေထဲတွင် တော်ဝင်ရန်အင်ပါယာ၏ ကံကြမ္မာကို သိုဝှက်ထားသည်ဟု ကောလာဟလများ ရှိ၏။ သို့သော်ငြား အတွင်း၌ ဘာရှိသနည်း ဆိုသည်ကို မည်သူမှ မသိရှိကြချေ။
....................................
တော်ဝင်ရန် ဧကရာဇ်ထံမှ တရားဝင်အမိန့်တော်က မထွက်ခွာသေးချေ။ သို့သော်လည်း သူ၏ဆန္ဒက အထွတ်အထိပ် အမိန့်တော်ပင် ဖြစ်၏။ တော်ဝင်ရန်မြို့တော်က တစ်စုတစ်စည်းတည်း ဖြစ်ပြီးနောက် ကျင်းဘုရင်က အနောက်ဘက်လမ်းကြောင်း၏ စစ်တပ်ကို ဦးဆောင်ကာ ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကဲ့သို့ပင် ချောင်ပြည်နယ်ထဲသို့ ဝင်ရောက်တိုက်ခိုက်ပေမည်။ ချောင်ဘုရင်ကို သတ်၊ ချောင်ပြည်နယ် ကို ဖျက်ဆီး၊ ရှမ့်လန်၏အင်အားအတုကို ဖွင့်ဟချပြီး တော်ဝင်ချန်အင်ပါယာ၏ စိတ်ဓာတ်ကို ဖျက်ဆီးပစ်ရပေမည်။
.........................
“ဂါရဝပြုပါတယ် အိမ်ရှေ့စံမင်းသား။”
“ဂါရဝပြုပါတယ်။” အိမ်ရှေ့စံမင်းသားက ရင်ကွမ်းကို ဦးညွှတ်၏။ သူတို့နှစ်ဦးက စားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်ကြ၏။
အိမ်ရှေ့စံမင်းသားက လက်ဖက်ရည်ကို ငှဲ့ပေးပြီး နှစ်ယောက်သား တိတ်တဆိတ် နှင့် သောက်သုံးလျက် ရှိနေသည်။
အိမ်ရှေ့စံမင်းသားက ပြုံးကာ ပြော၏။ “လက်ဖက်ရည်က ငွေ ၉၀ မကျော်သရွေ့ အရသာ အတူတူလောက်ပါပဲ။”
ရင်ကွမ်းက ပြောသည်။ “အိမ်ရှေ့စံမင်းသား ပြောတာ မှန်ပါတယ်။”
အိမ်ရှေ့စံမင်းသားက ပြော၏။ “ရင်ကွမ်း... ခင်ဗျားစိတ်ကို ပွင့်ပွင့်လင်းလင်း ဖွင့်လှစ်ထားသင့်တယ်။ အားလုံးပြီးစီးဖို့ ဆယ်စုနှစ် အနည်းငယ်ထက် ပိုပြီး မကြာပါဘူး။”
ရင်ကွမ်းက ရှမ့်လန်၏ ကြီးမားသော ရန်သူများထဲမှ တစ်ဦးဖြစ်ပြီး ဧကရာဇ်ပြီးလျှင် ဒုတိယနေရာမြောက် လိုက်၏။ သူက မိဘမဲ့ကလေးတစ်ဦး ဖြစ်ပြီး ကျန်းမိသားစုက မွေးစားကာ အရေးပါသော ရာထူးတစ်ခု ပေးခဲ့၏။ သို့သော်လည်း အရေးကြီးသည့် အခြေအနေမျိုးတွင် ကျန်းလီကို သစ္စာဖောက်ပြီး တော်ဝင်ရန် အင်ပါယာဘက်ကို ကူးပြောင်းခဲ့၏။ ကျန်းမိသားစု တစ်ခုလုံးကိုပင် သတ်ဖြတ်ခဲ့သေးသည်။
အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “ရင်ကွမ်း... မွေးကင်းစကလေး အများကြီးကို သတ်ခဲ့ပေမဲ့ ကျန်းလီရဲ့သားကတော့ လွတ်မြောက်သွားခဲ့တယ်။ တော်ဝင်ချန်အင်ပါယာမှာ ကျန်းလန်အဖြစ် ဟန်ဆောင်ဖို့ လူဘယ်နှစ်ယောက်က သူတို့ကလေးတွေကို စတေးခဲ့ရလဲ။”
ရင်ကွမ်းက ခံစားချက် မရှိသည့် မျက်နှာထားမျိုးဖြင့် လက်ဖက်ရည်ကို သောက်သည်။
အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “အဖေက ဒီရက်ပိုင်းအတွင်းမှာ အရမ်းကို အလုပ်များနေတယ်။ တားမြစ်နယ်မြေထဲမှာ အချိန်အကြာကြီး တရားကျင့်နေလိမ့်မယ်လို့ ထင်တယ်။”
ရင်ကွမ်းက လက်ဖက်ရည်ခွက်ကို မြှောက်၏။ အိမ်ရှေ့စံမင်းသားကို တစ်ချက်ကြည့်၏။ ဆုတောင်းပေး နေသကဲ့သို့ပင်။ သူ ကျန်းလီလက်အောက်တွင် ရှိစဉ်က စကားပြောရသည်ကို မကြိုက်ပေ။ လူသတ်ရုံသာ သတ်ပြီး စကားမပြောတတ်ချေ။ ထို့ကြောင့် လူအများက သူ့ကို “သားသတ်ဘုရင်” ဟုပင် ခေါ်သည်။
ကျန်းမျိုးနွယ်မှာ လူထောင်ပေါင်းများစွာတို့က သူ့၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ရှမ့်လန်မှလွဲ၍ ကျန်းမိသားစုအားလုံးနီးပါးကို သူက သုတ်သင်ရှင်းလင်းခဲ့သောကြောင့် ရှမ့်လန်က ဝမ်းကွဲတော်စပ်သူ တစ်ဦးကိုပင် ရှာမတွေ့နိုင်ခဲ့တော့ပေ။
အိမ်ရှေ့စံမင်းသားက ပြုံးကာ ပြော၏။ “အဲဒီတုန်းက ဟာသတစ်ခု ရှိခဲ့သေးတယ်။ လောကမှာ ကျွမ်းကျင်သူ အားလုံးက ကျန်းမျိုးနွယ်မှာပဲ ရှိတာတဲ့။ ကျန်းလီက နံပါတ်တစ်၊ ဧကရီက နံပါတ်နှစ်၊ ကျန်းကွမ်းက နံပါတ်သုံးတဲ့... အဲဒါ အမှန်ပဲလား။”
ရင်ကွမ်းက ပြောသည်။ “သိုင်းပညာ လမ်းစဉ်ဆိုတာ လမ်းသေးလေး တစ်ခုပါပဲ။ ဘုရင်လမ်းစဉ် မဟုတ်ပါဘူး။ လောကရဲ့ နံပါတ်တစ် ဖြစ်ဖို့ဆိုတာ အဓိပ္ပာယ်မရှိတဲ့ ကိစ္စရပ်ပါပဲ။ နန်းဆောင်သခင် ကျိုးရှီရဲ့ သိုင်းပညာက ကျုပ်ထက် မနိမ့်ကျပေမဲ့ သူက လုံးဝ နောက်ဆုတ်ပေးခဲ့ရတယ်။ ဒါကိုပဲ ကြည့်ပေါ့။”
အိမ်ရှေ့စံမင်းသားက ခေါင်းခါယမ်းကာ ပြော၏။ “မဟုတ်ဘူး... မဟုတ်ဘူး။ နန်းဆောင်သခင် ကျိုးရှီရဲ့ သိုင်းပညာကို ကျုပ် ကောင်းကောင်းသိတယ်။ သူက ခင်ဗျားလောက် အားမကောင်းဘူး။ ကျန်းလီရဲ့ သိုင်းပညာ သုတေသနက အရမ်းကို နက်ရှိုင်းတယ်။ ပြီးတော့ သူ့လူတွေက သာမန်နဲ့ မတူကြဘူး။
ဒါပေမဲ့ ကျိုးရှီကတော့ ကောက်ကျစ်တဲ့ကောင်ပဲ။ သူက ဆုတ်ခွာပြီးတော့ ပွဲကောင်းတစ်ခုကို ကြည့်ချင်တာမျိုး နေမှာ။ ဒီလိုဆိုရင် သူက ကိစ္စထဲကနေ လုံးဝ လွတ်ကင်းသွားခဲ့ပြီ။ မိုင်တစ်သောင်း သဲကန္တာရကို သွားပြီး ရှာဖွေတော့မယ်။ အရာအားလုံးကို ဒီပေါ်မှာ အာရုံစိုက်ထားနိုင်တော့မယ်။ သူက ကျောက်စိမ်းဖြူမြို့တော်ကို အတုယူပြီး ကိုယ်ပိုင်စနစ်တစ်ခုကို ဖန်တီးတည်ထောင်ချင်နေတာပဲ။”
ရင်ကွမ်းက ဘာတစ်ခုမှ မပြောချေ။ လက်ဖက်ရည်ကိုသာလျှင် သောက်လျက် ရှိနေသည်။
အိမ်ရှေ့စံမင်းသားက ဆက်ပြော၏။ “အဖေရော၊ ဦးလေးရင်ကွမ်းကော သိထားတဲ့ ကိစ္စတစ်ခု ရှိတယ်။ ဒါကြောင့် ကျုပ်တို့ ဆက်လုပ်သင့်တာကို ဆက်လုပ်ရတော့မယ်။ နားလည်မှု တစ်ခုက ရှိထားပြီးသားလေ။”
ရင်ကွမ်းက ပြောသည်။ “ကောင်းပါပြီ... ကျုပ်တို့ ဆက်လုပ်သင့်တာကို လုပ်ကြတာပေါ့။”
အိမ်ရှေ့စံမင်းသားက ပြော၏။ “ကျန်းလီ သေဆုံးသွားခဲ့တုန်းက လောကကြီးတစ်ခုလုံးက ဗိုက်ဝ သွားခဲ့ကြတယ်။ အဲဒီတုန်းက အများဆုံး စားခဲ့ရတဲ့သူက ဘယ်သူပါလိမ့်။ ကျင်းနိုင်ငံရဲ့ ဘုရင်ကြီးပေါ့။”
ရင်ကွမ်းက လက်ဖက်ရည်ကို သောက်ပြီး ဘာမှမပြောချေ။
အိမ်ရှေ့စံမင်းသားက မေးသည်။ “အစ်ကိုဝူမင်ရော နေကောင်းရဲ့လား။”
ရင်ကွမ်းက ပြော၏။ “ကောင်းပါတယ်။ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းသား။”
အိမ်ရှေ့စံမင်းသားက ပြောသည်။ “စေတီတောင်က သဘာဝလွန် အင်အားစု ညီလာခံမှာ အဆင်မပြေခဲ့ဘူးလို့ ကြားတယ်။ ဒါကြောင့် ခင်ဗျား မလာတာလား။ အစ်ကိုဝူမင်ကို စေတီတောင် ကိုယ်စားပြုအနေနဲ့ လွှတ်ဖို့ စီစဉ်ထားတာလား။”
ရင်ကွမ်းက ပြော၏။ “အဲဒါက မျှတမှု မရှိပါဘူး။ စေတီတောင်ရဲ့သမီးတော် သို့မဟုတ် ဖူတူသခင်မလေးက ဝူမင်ထက် ပိုပြီး သင့်တော်ပါတယ်။”
အိမ်ရှေ့စံမင်းသားက ပြောသည်။ “ကျုပ်ကတော့ အစ်ကိုဝူမင်ကို သဘာဝလွန်အင်အားစု ညီလာခံမှာ တွေ့ချင်တယ်။ ကျိရွှမ် ပြန်လာရင် အဖေ့ကိုယ်စား ဒီညီလာခံကို ခေါ်ယူကျင်းပလိမ့်မယ်။ သူ ပြန်မလာရင် ကျုပ် လုပ်ရလိမ့်မယ်။”
ရင်ကွမ်းက နောက်တစ်ကြိမ် တိတ်ဆိတ်သွား၏။
အိမ်ရှေ့စံမင်းသားက လက်ချောင်းကို လက်ဖက်ရည်ထဲသို့ နှစ်၏။ စားပွဲပေါ်တွင် မြေပုံတစ်ခုကို ရေးဆွဲ၏။ ပြီးနောက် ပြောသည်။ “ဦးလေးရင်ကွမ်း... ဒီမြေပုံကို ပြီးပြည့်စုံအောင် ကျုပ်ကို မကူညီတော့ဘူးလား။”
ရင်ကွမ်းက အိမ်ရှေ့စံမင်းသား ရေးဆွဲထားသည့် မြေပုံပေါ်သို့ ထောက်၏။ မာကျောသည့် ကျောက်စိမ်းပြား စားပွဲပေါ်တွင် အပေါက်တစ်ခု ဖြစ်သွား၏။ ပြီးနောက် သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်၏။ ထင်မှတ်ထားသည့်အတိုင်းပင် သူတို့နှစ်ဦးစလုံးက ဤလျှို့ဝှက်ချက်ကို သိရှိထားကြ၏။
“ကောင်းပြီ။ ဒါဆိုရင် အတည်ဖြစ်ပြီ။ ကောင်းကင်နဲ့ မြေပြင်က သိတယ်။ ခင်ဗျားနဲ့ ကျုပ်နဲ့ သိတယ်။” အိမ်ရှေ့စံမင်းသားက ပြောသည်။
ရင်ကွမ်းက မတ်တပ်ရပ်ကာ ခွင့်ပန်လိုက်၏။ “သွားခွင့်ပြုပါအုံး။”
အိမ်ရှေ့စံမင်းသားက ဦးညွှတ်ကာ ပြောလိုက်သည်။ “ကောင်းပါပြီ ဦးရီးတော်။”
ရင်ကွမ်း ထွက်ခွာသွားခဲ့ပြီးနောက် လူရိပ်တစ်ခု ထွက်လာ၏။ ပြီးနောက် ဖြည်းညင်းစွာ ပြော၏။ “ဒီလူက တကယ့်ကို အာဏာစက် ပြင်းထန်လွန်းတယ်။ ဟိုတုန်းက လူတွေက သူ့ကို ကျန်းလီအငယ်စားလို့ ခေါ်ခဲ့တာ အံ့ဩသင့်စရာ မဟုတ်ဘူး။”
အိမ်ရှေ့စံမင်းသားက ပြုံး၏။ သူ့၏ရှေ့တွင် ရှိနေသည့် ကျောက်စိမ်းစားပွဲကို ကြည့်လိုက်၏။ ဤသည်က တန်ဖိုးကြီးသည့် ကျောက်စိမ်းတစ်ခု ဖြစ်သော်လည်း အပေါက်တစ်ခု ဖြစ်သွားခဲ့သည်။
“ချန်နိုင်ငံသစ်နဲ့ စေတီတောင် ပေါင်းစည်းတော့မယ်။ လောကမှာ လူတိုင်းက သူတို့ကို လမ်းဖယ်ပေးရတော့မယ်။”
အိမ်ရှေ့စံမင်းသားက ပြော၏။ “တခြားမင်းသားတွေ ရင်ကွမ်းကို မြင်တာနဲ့ အလိုအလျောက် ခေါင်းငုံ့သွားတာ မမြင်ဘူးလား။ စောင့်ကြည့်နေလိုက်။ စေတီတောင်က ဖူဟိုင်ခန်းမသခင်ကို သဘာဝလွန် အင်အားစု ညီလာခံကို တက်ရောက်ခွင့်ပေးမယ်ဆိုရင် အဆင်ပြေတယ်။ သူ့သမီး ဖူတူသခင်မလေးကို တက်ရောက်ခွင့်ပေးရင်လည်း အဆင်ပြေတယ်။ ဒါပေမဲ့ ရင်ဝူမင် တက်ရောက်လာရင်တော့ သူတို့ရဲ့ နောက်ဆုံး မျက်နှာဖုံးက ကွာကျသွားပြီ။”
ထိုလူရိပ်က ပြောသည်။ “ကျုပ်တို့ ရှမ့်လန်ကို တိုက်ခိုက်တဲ့အချိန်မှာ လောကပေါ်မှာ နိုင်ငံအားလုံးက တကယ်ပဲ ကြောက်ရွံ့သွားကြလိမ့်မယ်။”
အိမ်ရှေ့စံမင်းသားက ပြော၏။ “ကျိုးရှီ ထွက်ခွာသွားခဲ့တာ အချိန်မကိုက်သေးဘူး။ ဒါမှမဟုတ် သူ ထွက်ခွာ သွားမှုက တိုက်ဆိုင်လွန်းတယ်။ သူက စောစော ထွက်ခွာမသွားဘူး။ နောက်ကျမှလည်း မထွက်ဘူး။ ဒီအချိန်ကျမှ ရွေးပြီးတော့ ထွက်ခွာသွားခဲ့တယ်။ ပြီးတော့ တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ အနောက်ဘက် ဒေသကို ထွက်ခွာသွားသယောင် ဟန်ဆောင်ခဲ့သေးတယ်။ စိတ်ဝင်စားစရာပဲ။ သူနဲ့ ရှမ့်လန်က အချင်းချင်းများ ကူညီနေကြတာလား။”
ထိုလူရိပ်က ပြောသည်။ “သူတို့ တွေးတာ များလွန်းနေပါပြီ။ တော်ဝင်ရန် အင်ပါယာရဲ့ အင်အားအကြောင်းကို သူတို့ တကယ်ဘာမှ မသိကြပါဘူး။”
......
နုရှောင့်မြို့တော်မှာတော့ ရှမ့်လန်က လက်ကျန်အချိန်များကို ကောင်းကင်ပေါ်ရှိ ကြယ်တံခွန်ကို လေ့လာရင်း ကုန်ဆုံးစေ၏။ ပြီးနောက် မီးနတ်ဘုရားဂိုဏ်းမှ ပေးပို့လာသည့် သတင်းအချက်အလက်များကို အသုံးပြုပြီး နာရီ ၂၀ ကျော်ကြာအောင် တောက်လောင်နေသည့် နဂါးကြယ်တံခွန်၏ ပြီးပြည့်စုံသည့် လမ်းကြောင်းကို ရေးဆွဲနိုင်ခဲ့၏။
ပျမ်းမျှအားဖြင့် ၁၀၅ နှစ်လျှင် တစ်ကြိမ် ပေါ်လာတတ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုအရာက နေကို လှည့်ပတ်နေသောကြောင့်ပင် ပေါ်လာတိုင်း ရှမ့်လန် နေထိုင်ရာဂြိုဟ်နှင့် နီးကပ်လာ၏။ သို့သော်လည်း အလွန်ရှုပ်ထွေးသည့် အကြောင်းပြချက်များကြောင့် ထိုအရာ၏ လမ်းကြောင်းက ပုံသေမရှိချေ။ ယခု တစ်ကြိမ်မှာတော့ ရှမ့်လန် နေထိုင်ရာဂြိုဟ်နှင့် အလွန်နီးကပ်နေသည်။
ဤသည်က အနီးကပ်ဆုံးသော အကြိမ်ပင် ဖြစ်၏။ ယခင်က ဤဂြိုဟ်နှင့် နီးကပ်လာသည့် အချိန်တိုင်း ဆွဲငင်အားကြောင့် ကွဲထွက်ခဲ့ပြီး ဤဂြိုဟ်နှင့် ဝင်တိုက်လေ့ရှိ၏။ ယခုတစ်ကြိမ်တွင်လည်း ခြွင်းချက် မဟုတ်ချေ။ ထို့အပြင် ယခုတစ်ကြိမ် ဝင်တိုက်မှုက ယခင်ကထက် များစွာ ပိုမိုပြင်းထန်၏။
ဟုတ်ပေ၏။ ဝင်တိုက်မည့်အားကို တွက်ချက်ရန် မလွယ်ကူချေ။ သို့သော်လည်း ယခင်ပုံစံများကို အခြေခံ၍ အကြမ်းဖျင်း ခန့်မှန်းနိုင်၏။ ယခုတစ်ကြိမ် ဝင်တိုက်မည့်အားက နဂါးနောင်တကို ကျော်လွန်သွားနိုင်၏။ တကယ်တမ်းတွင်လည်း ၂ ဆ သို့မဟုတ် ၃ ဆပင် ပိုမိုပြင်းထန်နိုင်၏။ ဝင်တိုက်မည့် အတိုင်းအတာက အပြည့်အဝ တွက်ချက်၍ မရနိုင်ပေ။
သို့သော်လည်း ရှမ့်လန်က ဝင်တိုက်မည့်နေရာနှင့် အချိန်ကို အကြမ်းဖျင်း တွက်ချက်နိုင်၏။ မီးနတ်ဘုရား ဂိုဏ်း၏ အချက်အလက်များထက် ပိုမိုတိကျသည်။ မီးနတ်ဘုရားဂိုဏ်း၏ တွက်ချက်မှု အတိုင်းအတာက အလွန်ကြီးမား၏။ စတုရန်းကီလိုမီတာ တစ်သောင်းခွဲကျော် ရှိ၏။ ရှမ့်လန် တွက်ချက်ထားသည်က အတိုင်းအတာက စတုရန်းကီလိုမီတာ ၂၀၀၀ မှ ၃၀၀၀ ခန့်သာပင်။
ကျန်းယွီယင်းက သူမ၏ အစီရင်ခံစာများကို တင်ပြရန် ရောက်ရှိလာခဲ့၏။ သူမက ရှမ့်လန်အတွက် သွားရည်စာ တစ်ချို့ကိုပင် လုပ်ပေးခဲ့၏။ သခွားသီးသနပ်က တကယ့်ကို ကျွတ်ရွပြီး လတ်ဆတ်သည်။
“ဒီသခွားသီးသနပ်က မဆိုးဘူး။ ချဉ်ပြီး ကျွတ်ရွနေတာပဲ။ နည်းနည်း ငန်တာက လွဲရင်ပေါ့။” ရှမ့်လန်က ပြော၏။
ကျန်းယွီယင်းက ပြော၏။ “တောင်းပန်ပါတယ်။ ဆားနည်းနည်း ပိုထည့်မိသွားပြီ ထင်တယ်။ လက်တော့ ဆေးခဲ့ပါတယ်။”
ပြီးနောက် ကျန်းယွီယင်းက ပြောသည်။ “မေးစရာ မေးခွန်းတစ်ခု ရှိတယ်။ မေးသင့် မမေးသင့်တော့ မသိပါဘူး။”
ရှမ့်လန်က ပြော၏။ “မေးလေ။”
ကျန်းယွီယင်းက မေးသည်။ “ရှင်က နင်ဟန်ရဲ့ ရေတပ်ကို ဖျက်ဆီးဖို့နဲ့ ကောင်းကင်ပင်လယ် နန်းဆောင်ကို ဒီလောကကနေ အမြစ်ပြတ် သုတ်သင်ဖို့ နဂါးနောင်တကို သုံးခဲ့တယ်။ ကျိုးရှီက ရွှဲ့ပြည်နယ်ကနေ ဆုတ်ခွာမယ်လို့ လူသိရှင်ကြား ကြေညာခဲ့တယ်။ ဒါက ကြီးမားတဲ့ အောင်ပွဲပဲ။ ဒါပေမဲ့ ဒါက တော်ဝင်ရန် မင်းဆက်ကို ဟန့်တားနိုင်ပါ့မလား။”
ရှမ့်လန်က ပြောလိုက်၏။ “ဟန့်တားနိုင်ပါတယ်။ ဒါပေမဲ့ အားနည်းချက် သေးသေးလေး တစ်ခုတော့ ရှိသေးတယ်။”
ကျန်းယွီယင်းက ပြောသည်။ “ရှင့်ရဲ့ အားနည်းချက် သေးသေးလေးက ဘာလဲဆိုတာ ကျွန်မ မသိဘူး။ ဒါပေမဲ့ ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ အဆောက်အအုံတွေ အမြစ်ပြတ် သုတ်သင်ခံလိုက်ရတုန်းက ရှင် စွမ်းအင် ဗဟိုချက်ကို သုံးခဲ့တယ်လို့ ကျွန်မ ခံစားမိတယ်။ ဒါက နည်းနည်း ပေါက်ကြားသွားတာပဲ။ ရှင်က နဂါးအစွမ်းကို အသုံးပြုပြီးတော့ မိုင်တစ်ရာ အကွာအဝေးက ပစ်လွှတ်လိုက်တယ်။ သာမန် လက်နက်တစ်ခုနဲ့ တူတယ် ဆိုပေမဲ့ ဘယ်သူမဆို ဒါက နဂါးနောင်တ မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်။”
ရှမ့်လန်က ခေါင်းညိတ်၏။ “ဆက်ပြောပါအုံး။”
ကျန်းယွီယင်းက ပြောသည်။ “အခု လောကမှာရှိတဲ့ နိုင်ငံအားလုံးက အရမ်းကြောက်နေမှာ သေချာတယ်။ ဒါပေမဲ့ သူတို့မှာ သံသယတွေလည်း ပြည့်နေလိမ့်မယ်။ ရှင့်ဆီမှာ နဂါးနောင်တ တစ်ခုလည်း ရှိတယ်လို့ သူတို့ ခန့်မှန်းကြလိမ့်မယ်။ ဒါပေမဲ့ သူတို့ စွန့်စားရဲမှာ မဟုတ်ဘူး။ ဒါကြောင့် ရှင့်ကို စမ်းသပ်ဖို့ ကြိုးစားကြလိမ့်မယ်။”
ရှမ့်လန်က မေး၏။ “ခင်ဗျားရဲ့ ခန့်မှန်းချက်အရ သူတို့က ဘယ်ဘက်ကနေ စမ်းသပ်မယ်လို့ ထင်လဲ။”
ကျန်းယွီယင်းက ပြောသည်။ “ပထမဦးဆုံးအနေနဲ့ ဝူပြည်နယ်က သေချာပေါက် မဟုတ်ဘူးပေါ့။ ဘာလို့လဲ ဆိုတော့ အဲဒီမှာ တော်ဝင်ရန်အင်ပါယာရဲ့ ကိုယ်ပိုင်စစ်တပ် ရှိနေလို့ပဲ။ သူတို့ စွန့်စားမှာ မဟုတ်ဘူး။ ယုတ္တိဗေဒအရ ပြောမယ်ဆိုရင် ရင်ဝူမင် ဦးဆောင်တဲ့ အလယ်ပိုင်း စစ်တပ်က တော်ဝင်ရန် နိုင်ငံကနေတဆင့် ရွှဲ့ပြည်နယ်ထဲကို ဝင်ရောက်တိုက်ခိုက်လိမ့်မယ်။
ဒါက ရှင့်အတွက် အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ အခု စေတီတောင်က မြင့်တက်လာခဲ့ပြီ ဆိုတော့ ချန်နိုင်ငံသစ်က အရမ်းကို အစွမ်းထက်လာပြီ။ ဒါကြောင့် ပထမဦးဆုံး တိုက်ခိုက်မယ့်သူက ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားရဲ့ စစ်သည်သိန်းချီ ဖြစ်လိမ့်မယ်။
ဧကရာဇ်ကျန်းလီ ကျဆုံးပြီးနောက် ကြီးမားတဲ့ တော်ဝင်ချန်အင်ပါယာက ပြိုကွဲသွားခဲ့တယ်။ တစ်ဝက်က ချန်နိုင်ငံသစ် ဖြစ်လာခဲ့ပြီး ကျန်တစ်ဝက်ကို တော်ဝင်ရန်အင်ပါယာက သိမ်းပိုက်ထားတယ်။ အကြီးမားဆုံးသော အကျိုးအမြတ် ရရှိမဲ့သူက ပြည်နယ်တချို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကျင်းနိုင်ငံပါပဲ။”
အခု လောကမှာရှိတဲ့ နိုင်ငံတွေအားလုံးမှာ မြောက်ဘက်ခြမ်းက တိုက်ပွဲဝင် ခွေးကြီးတွေကို ဖယ်လိုက်မယ် ဆိုရင် ကျင်းနိုင်ငံက နယ်မြေအကျဉ်းဆုံးနဲ့ စစ်သည်အများဆုံးပဲ။ ဒါကြောင့် သူတို့က မျှခြေအနေအထားမှာ ရှိနေရင်တောင် တော်ဝင်ရန်မြို့တော်က ကျင်းနိုင်ငံရဲ့ အနောက်ပိုင်း စေတပ်ကို စေလွှတ်ပြီး ချောင်ပြည်နယ်ကို တိုက်ခိုက်ခိုင်းလိမ့်မယ်။ ရှင့်ရဲ့ အတုအယောင် အင်အားကို ဖွင့်ချခိုင်းလိမ့်မယ်။”
...
အပိုင်း (၁၀၂၀)
ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားရဲ့ ခွဲခြားစိတ်ဖြာမှုက တော်တော် အဓိပ္ပာယ် ရှိတယ်။”
ကျန်းယွီယင်းက ပြောသည်။ “ဒါပေါ့။ ရှင်က ချောင်ပြည်နယ်ကို စစ်ကူပေးဖို့နဲ့ အိမ်ရှေ့စံမင်းသားရဲ့ အနောက်ပိုင်း စစ်တပ်ကို အနိုင်တိုက်ဖို့ စစ်သည် သုံးသောင်း စေလွှတ်နိုင်တယ်။ ဒါပေမဲ့ ဒါက အဓိပ္ပာယ် ရှိမှာ မဟုတ်ဘူး။ တိုက်ခိုက်မယ်ဆိုရင်တောင်မှ ရှင် လုံးဝ ရှုံးနိမ့်သွားမှာပဲ။
ရှင့်ဆီမှာ နဂါးနောင်တ မဟာဗျူဟာမြောက် လက်နက် မရှိဘူးဆိုတာ လူတွေ မြင်လိုက်တာနဲ့ တော်ဝင်ရန် အင်ပါယာရဲ့ စစ်တပ်က ဝူချောင်နဲ့ ရွှဲ့ပြည်နယ် သုံးပြည်လုံးကို ရေလွှမ်းမိုးသလို ဝင်လာကြလိမ့်မယ်။ အဲဒီအချိန်ကျရင် ရှင်မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိတယ် ဆိုရင်တောင်မှ သူတို့ကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး။ ဝူ၊ ချောင်နဲ့ ရွှဲ့သုံးပြည်ထောင် ပျက်စီးသွားပြီဆိုတာနဲ့ တော်ဝင်ချန် မင်းဆက်က လုံးဝကို ပျောက်ကွယ် ပျက်စီးသွားလိမ့်မယ်။”
ရှမ့်လန်က ပြော၏။ “ဒါဆိုရင် ကျုပ် နဂါးနောင်တရဲ့ အံ့ဖွယ်ရာအမှုကိစ္စကို နောက်တစ်ကြိမ် ပြသရမယ်။ ချောင်ပြည်နယ်ကို တိုက်ခိုက်တဲ့ စစ်သည်သိန်းချီကို ချက်ချင်း သတ်ဖြတ်ခဲ့ပြီး ဒီလောကမြေပြင်ကနေ သုတ်သင် ရှင်းလင်းပစ်ရမယ်ပေါ့။”
ကျန်းယွီယင်းက ပြောသည်။ “ဟုတ်တယ်။ ရှင် ဒီလို မလုပ်နိုင်ဘူးဆိုရင် တိုက်ပွဲမှာ ရှုံးလိမ့်မယ်။ ရှင်ဒီလို လုပ်နိုင်မယ်ဆိုရင် ကြီးမားတဲ့ အောင်ပွဲကို ရလိမ့်မယ်။ တော်ဝင်ချန်အင်ပါယာရဲ့ အုတ်မြစ်က ခိုင်မာ သွားလိမ့်မယ်။”
ရှမ့်လန်က ပြော၏။ “အင်း... ဆရာမကျန်း.. ခင်ဗျား စစ်ဗျူဟာမှူးများ ဖြစ်ချင်နေတာလား။”
ကျန်းယွီယင်းက ပြောသည်။ “နန်းဆောင်သခင် ကျိုးရှီက ဒီကစားပွဲကနေ ထွက်သွားပြီဆိုတော့ ကျွန်မက တန်ဖိုး သိပ်မရှိတော့ဘူး။ ကျွန်မ ပြောင်းလဲရတော့မှာပေါ့။ မြေခွေးမလမ်းစဉ်က မဖြစ်နိုင်တော့တဲ့ ပုံပဲ။ ကျွန်မ ရှင့်ကို နေ့တိုင်း မြူဆွယ်နေရင်တောင်မှ ရှင်က ကျွန်မနဲ့ အိပ်မှာ မဟုတ်ဘူး။ ကျွန်မက စစ်ဗျူဟာမှူး ဖြစ်လာဖို့ ကြိုးစားရုံပဲ ရှိတော့တာကိုး။”
ရှမ့်လန်က ပြောလိုက်၏။ “ဆရာမကျန်း... ကျုပ် ခင်ဗျားကို နှစ်ကြိမ်တောင် အကြွေးတင်ထားတယ်။ ကျုပ် မမေ့ပါဘူး။ ဒါကြောင့် ခင်ဗျား ဘာမှ စိတ်ပူစရာ မလိုပါဘူး။”
ကျန်းယွီယင်းက ပြောသည်။ “ဒါပေမဲ့ ကျွန်မ ရှင့်အတွက် စိတ်ပူတယ်။ လောကသူ လောကသားတွေက ရှင့်ဆီမှာ နဂါးနောင်တ တစ်ခုတည်း ရှိတယ်လို့ ထင်နေကြတာတင် မကဘူး။ ကျွန်မလည်း အဲလို ထင်တယ်။ ပွဲက ဘယ်လိုဖြစ်လာမှာလဲ။ ရှင် ယုံကြည်မှု ရှိရဲ့လား။ ဒီတစ်ခါ စစ်သည်သိန်းချီကို ချက်ချင်း မသတ်ဖြတ်နိုင်ရင် ရှင့်ရဲ့ ဂုဏ်သိက္ခာ ပျက်စီးသွားလိမ့်မယ်။”
ကျန်းယွီယင်း ပြောသည်က မှန်၏။ တကယ်တော့ ရှမ့်လန်က ထိုအကြောင်းကို အရင်စဉ်းစားထားခဲ့ပြီး ဖြစ်၏။ မရေတွက်နိုင်သည့် ပြင်ဆင်မှုများကိုလည်း ပြုလုပ်ထား၏။ သူ ပြောခဲ့သည့် တစ်ခုတည်းသော အားနည်းချက်ဆိုသည်မှာ နဂါးနောင်တကို ကျူးမျိုးနွယ်စု၏ လျှို့ဝှက်စခန်းကနေ ရရှိခဲ့ခြင်းပင်။
တခြားသူများ မသိနိုင်သော်လည်း တော်ဝင်ရန်မြို့တော်မှ ကျူးမျိုးနွယ်ခေါင်းဆောင်ကတော့ သိ၏။ ဤကဲ့သို့ အရေးကြီးသောအချိန်တွေမျိုးတွင် ကျူးမိသားစုက ဖုံးကွယ်ထားမည်လား။ ဤမျှ ကြီးမားသည့် စွန့်စားမှုကို မယူရဲနိုင်ပေ။
သို့သော်လည်း စစ်ပွဲမစခင်ကတည်းက ရှမ့်လန်က ခန့်မှန်းထား၏။ လောကကြီးတစ်ခုလုံး ထိတ်လန့် တုန်လှုပ်သွားပြီးနောက် တော်ဝင်ရန်အင်ပါယာက အခြေအနေကို စမ်းသပ်ရန် နောက်ထပ် ရူးသွပ်သည့် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ပေလိမ့်မည်။ ကျင်းနိုင်ငံက သေချာပေါက် နယ်ရုပ်တစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း ကြယ်တံခွန်လာမည်ကို ရှမ့်လန်က မသိခဲ့ချေ။ ဥက္ကာပျံ မိုးရွာချမှုက ချောင်ပြည်နယ်၏ အနောက်ဘက် သဲကန္တာရ တည်နေရာကို ကျဆင်းလာမှာ ဖြစ်ပြီး ပျက်စီးမှုကလည်း နဂါးနောင်တနှင့်ပင် ယှဉ်နိုင်၏။ ထို့အပြင် ရှမ့်လန်က ကျင်းနိုင်ငံ၏ အနောက်ပိုင်းစစ်တပ်ကို ဖျက်ဆီးရန် စွမ်းအင်ဗဟိုချက်ကို ထပ်မံ မဖောက်ခွဲနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် စွမ်းအင်က လုံလောက်မှု မရှိသောကြောင့်ပင်။
မိုင်ထောင်ချီ ရှည်လျားသည့် စစ်သည်သိန်းချီ ပါဝင်သော စစ်တပ်ကြီးကို နဂါးနောင်တမှလွဲ၍ ချက်ချင်းဖျက်ဆီးပစ်နိုင်မည့် လက်နက်မျိုး မရှိချေ။ အမေဇုန် ပိရမစ်ကြီး၏ တန်ချိန်ထောင်ချီ လေးလံသည့် အထူးစွမ်းအင်ဗဟိုချက် ဖြစ်လျှင်တော့ မပြောတတ်ပေ။
သို့သော်ငြား ရှိလျှင်တောင်မှ ရှမ့်လန်တွင် ဤမျှကြီးမားလာသော အရာဝတ္ထုကြီးကို ရွှေ့ပြောင်းနိုင်စွမ်း မရှိချေ။ ထိုသို့ဆိုလျှင် ရှမ့်လန်က အနောက်တိုင်းစစ်တပ်၏ စစ်သည်သိန်းချီကို အမြစ်ပြတ် သုတ်သင် ပစ်နိုင်မည့် အစီအစဉ် ရှိနေသေးသည်လား။ ရှိသေး၏။ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။
လွန်ခဲ့သည့် တစ်နှစ်နီးပါးက ရှမ့်လန်က ကျွန်းတစ်ကျွန်းပေါ်တွင် ရေနံကို ရှာဖွေတွေ့ရှိခဲ့ပြီး သဘာဝ ဓာတ်ငွေ့ကိုလည်း တွဲဖက် တွေ့ရှိ၏။ သို့သော်လည်း ထိုကျွန်းပေါ်ရှိ သဘာဝဓာတ်ငွေ့က မကြီးမားချေ။ ခေတ်သစ်လောက၏ မြေပုံအရ သဘာဝဓာတ်ငွေ့သိုက် အများဆုံး ရှိရာနေရာက မည်သည့်နေရာမှ ဖြစ်သနည်း။ အရှေ့တောင်အာရှ၊ ဆိုက်ဘေးရီးယားနှင့် တခြားလူဦးရေ ကျဲပါးသည့် တောရိုင်းဒေသများပင်။ တရုတ်ပြည်ရှိ သဘာဝဓာတ်ငွေ့သိုက် အများစုက အနောက်ဖက်ရှိ သဲကန္တာရတွင်သာ ရှိ၏။ ယခုတော့ မြန်မာနိုင်ငံမှ ပိုးစိုးပက်စက် ထုတ်ယူနေသည်။
ထို့ကြောင့် ဤလောကကြီးကလည်း ခြွင်းချက်မဟုတ်ချေ။ ချောင်ပြည်နယ်၏ အနောက်ဘက်တွင် မိုင်ထောင်ချီ ကျယ်ဝန်းသည့် နေရာလွတ်ကြီး ရှိ၏။ ထိုအရာက ဂိုဘီသဲကန္တာရ လိုမျိုး ဖြစ်၏။ မိုင်တစ်သောင်း သဲကန္တာရမျိုး မဟုတ်ချေ။ မိုင်တစ်သောင်း သဲကန္တာရက အနောက်ဘက်ဒေသ၏ အဝေးကြီးတွင် ရှိနေ၏။
လွန်ခဲ့သည့် တစ်နှစ်က ရှမ့်လန်က ရှေးဟောင်းအပျက်အစီး နေရာများကို ရှာဖွေရန် လူထောင်ပေါင်းများစွာ ပါဝင်သည့် လေ့လာရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့၏။ ယခု လူတိုင်းသိရှိနေသည်က မိုင်တစ်သောင်း သဲကန္တာရတွင် ကြီးမားသည့် ရှေးဟောင်းအပျက်အစီးကြီးများ ရှိနေကြောင်းပင်။ သို့သော်လည်း ထိုအရာက ကောင်းကင်ပင်လယ် နန်းဆောင်၏ နယ်မြေဖြစ်၏။ ရှမ့်လန်၏ လက်ရှိအင်အားဖြင့် ထိုအရာကို မထိရဲချေ။
ထို့သို့ဆိုလျှင် ချောင်ပြည်နယ် အနောက်ဘက်က ဂိုဘီသဲကန္တာရထဲတွင် ရှေးဟောင်းအပျက်အစီးများ ရှိနိုင်မည်လား။ အချိန်တို ရှာဖွေပြီးနောက် သူတို့က ရှေးဟောင်းအပျက်အစီးများကို မတွေ့ရှိခဲ့သော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တွေ့ရှိခဲ့၏။ အထူးသဖြင့် သဘာဝဓာတ်ငွေ့က အံ့မခန်း ပမာဏပင်။
ထို့ကြောင့် ရှမ့်လန်၏ မူလအစီအစဉ်အရ ပေါက်ကွဲစေတတ်သည့် ပစ္စည်းအများအပြားကို အသုံးပြုပြီးနောက် တကယ့်ကို များပြားလွန်းသည့် သဘာဝဓာတ်ငွေ့များကို ဖောက်ခွဲပစ်ရန်ပင်။ ဤသည်က လုံးဝ ဖျက်ဆီးပစ်နိုင်စွမ်းရှိသော တူးဖော်မှုတစ်ခုပင် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် သဘာဝဓာတ်ငွေ့ မည်မျှ ပေါက်ကွဲမည်နည်း။ သေချာပေါက် ထိတ်လန့်ဖွယ်ရာ ကောင်းသည့် ပမာဏသာ ဖြစ်ပေလိမ့်မည်။ သဘာဝဓာတ်ငွေ့ လေထဲသို့ ရောက်ရှိပြီးနောက် ပေါက်ကွဲမှု၏ စွမ်းအင်က ပြိုင်ဘက်ကင်းပင် ဖြစ်ပေမည်။
ဓာတ်ငွေ့တစ်အိုးလျှင် ၁၂.၅ ကီလိုဂရမ်သာ လေးသော်လည်း လေထဲတွင် ပျံ့နှံ့ပြီး လုံးဝပေါက်ကွဲခဲ့ပါက အစွမ်းက ပြင်းအားမြင့်ယမ်း ၁၀၀ ကီလိုဂရမ်ကျော်နှင့် ညီမျှ၏။ ထို့ကြောင့် ရှမ့်လန်၏ သဘာဝဓာတ်ငွေ့သိုက် ကို ဖောက်ခွဲလိုက်သည့် အစွမ်းက နဂါးနောင်တထက် မည်သို့မျှ နိမ့်ကျလိမ့်မည် မဟုတ်ချေ။ ကျင်းနိုင်ငံ၏ အနောက်ပိုင်းစစ်တပ်ကို အမြစ်ပြတ်သုတ်သင်နိုင်ပြီး ငလျင်ပင် လှုပ်စေနိုင်၏။
ရှမ့်လန်၏ စိတ်ထဲတွင် လုံးဝ မလွဲမရှောင်သာမှသာလျှင် ဤနည်းလမ်းကို အသုံးပြုမှာဖြစ်၏။ အရမ်း ကြောက်စရာ ကောင်းလွန်း၏။ လူသူကင်းမဲ့သောနေရာ ဖြစ်သော်လည်း သဘာဝဓာတ်ငွေ့သိုက် ပေါက်ကွဲသည်နှင့် ဖြစ်ပေါ်လာမည့် ငလျင်က ချောင်ပြည်နယ်ကို ထိခိုက်စေလိမ့်မည်။
သို့သော်ငြား ကျင်းနိုင်ငံ၏ အနောက်ပိုင်းစစ်တပ်က ရှမ့်လန်၏ ဟန့်တားမှုကို လျစ်လျူရှုပြီး ချောင်ပြည်နယ် ထဲသို့ အတင်းအဓမ္မ ဝင်ရောက်တိုက်ခိုက်မည်ဆိုပါက ရှမ့်လန်အနေဖြင့် ဟန့်တားမှု အကျိုးသက်ရောက်စေရန် နှင့် ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်သုံးခုလုံးကို ကယ်တင်နိုင်ရန် ဤကဲ့သို့သော ဖျက်ဆီးရေး နည်းလမ်းကို အသုံးပြုရုံမှတစ်ပါး ဘာမှရွေးချယ်စရာ မရှိတော့ပေ။
သို့သော်လည်း ကြယ်တံခွန် တိုက်ခိုက်လာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ကြီးမားသည့် ဥက္ကာပျံ မိုးရွာချမှု ဖြစ်ပေါ်လာမည်ဆိုပါက ပို၍ ပြီးပြည့်စုံသွားပေလိမ့်မည်။ သို့သော်လည်း ရှမ့်လန်က သက်ဆိုင်ရာ ပြင်ဆင်မှုများကို ပြုလုပ်ထားရမှာဖြစ်၏။ ဥက္ကာပျံမိုးရွာချမှု မဖြစ်ပေါ်လာလျှင် သူ သဘာဝဓာတ်ငွေ့သိုက်ကို ဖောက်ခွဲရပေဦးမည်။
သို့သော်လည်း ရှမ့်လန် အလွန်စိုးရိမ်သော အချက်တစ်ချက် ရှိနေ၏။ အကယ်၍ ဥက္ကာပျံမိုးရွာချမှုက သဲကန္တာရကို ဝင်ရောက်ထိမိပြီး သဘာဝဓာတ်ငွေ့သိုက်၏ အားအနည်းဆုံးသောနေရာကို တည့်တည့် ဝင်တိုက်မိပြီ ဆိုပါက ထိုအရာက ကြောက်မက်ဖွယ်ရာ ကောင်းသွားပေလိမ့်မည်။ သူ၏တွက်ချက်မှုအရ ထိုသို့ဖြစ်နိုင်ခြေက အလွန်နည်းပါး၏။ မဖြစ်ပါစေနှင့်ဟုလည်း သူ ဆုတောင်းမိ၏။ မဟုတ်ပါက ဖျက်ဆီးနိုင်စွမ်းက ကြီးမားလွန်းပေလိမ့်မည်။
သုံးရက်ကြာမှတော့ ရှမ့်လန်၏ တွက်ချက်မှုများနှင့် ပြင်ဆင်မှုအားလုံးက ပြီးစီးသွားခဲ့၏။ သူက မိနစ်ပိုင်းအတွင်း စစ်သည်ရာဂဏန်း၊ သွေးဝိညာဉ်သံချပ်ကာကို ဝတ်ဆင်ထားသည့် အမေဇုန်စစ်သည် ရာဂဏန်းနှင့် အထူးစစ်သည် ၁၅ ဦးတို့ကို ဦးဆောင်ကာဖြင့် နုရှောင့်မြို့တော်မှ ထွက်ခွာကာ ချောင်ပြည်နယ်ဆီသို့ တိတ်တဆိတ်နှင့် ချဉ်းကပ်ဝင်ရောက်၏။
..............
ဤအချိန်မှာတော့ ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက စစ်သည်သိန်းချီကို ဦးဆောင်ပြီး ချောင်ပြည်နယ် နယ်စပ်ရှိ အရေးပါသော မြို့တစ်မြို့ဖြစ်သော တင်းယွမ်မြို့အပြင်ဆီသို့ ရောက်ရှိနေပြီဖြစ်၏။ ရွှဲ့ပြည်နယ်တွင် ကျန်းယွမ်မြို့ရှိသကဲ့သို့ ချောင်ပြည်နယ်နှင့် တင်းယွမ်မြို့ရှိသည်။
သို့သော်လည်း တင်းယွမ်မြို့က ပင်လယ်ပြင်နှင့် အလွန်ဝေးကွာ၏။ မိုင်တစ်သောင်းကျော် ဝေးကွာ၏။ အနောက်ဘက်ဒေသနိုင်ငံများနှင့် အရှေ့တိုင်းအင်ပါယာတို့ဟာ နှစ်ပေါင်းရာနှင့်ချီ စစ်ဖြစ်ခဲ့၏။ ထို့ကြောင့် အနောက်ဘက်ဒေသနိုင်ငံများကို ကာကွယ်ရန် ဤနေရာတွင် တင်းယွမ်မြို့ကို တည်ဆောက်ခဲ့ခြင်းပင်။
သို့သော်လည်း တော်ဝင်ရန်မင်းဆက် ထွန်းကားလာသည့် အချိန်မှာတော့ အနောက်ဘက်ဒေသနိုင်ငံများက အရှေ့တိုင်းအင်ပါယာ၏ အနိုင်ယူခြင်းကို ခံလိုက်ရပြီး တင်းယွမ်မြို့ကို စွန့်လွှတ်ခဲ့၏။ ယခင်က အနောက်ဘက်ဒေသကို ကာကွယ်ခဲ့သော်လည်း ယခု ကျင်းနိုင်ငံနှင့် တခြားနိုင်ငံကို ကာကွယ်ရန် လိုအပ်နေ၏။
တင်းယွမ်မြို့သည် ဂိုဘီသဲကန္တာရနှင့် နီးကပ်ပြီး ဤနေရာရှိ ပတ်ဝန်းကျင်ဂေဟစနစ်က တကယ်ကို ဆိုးရွား၏။ စိမ်းလန်းသည့်အပင်များက ရှားပါးပြီး မကြာခဏ သဲမုန်တိုင်းများ တိုက်ခတ်လေ့ရှိ၏။ နေရာတိုင်းတွင် မီးခိုးရောင်နှင့် ခြောက်သွေ့မှုများသာ ရှိ၏။ သို့သော်လည်း ဤနေရာရှိ မြေမျက်နှာပြင်က ပြန့်ပြူးပြီး အဆုံးအစဟူ၍ မရှိချေ။
ထို့ကြောင့် တင်းယွမ်မြို့က တကယ်ကို ကြီးမားလွန်း၏။ မြို့ရိုး၏ ပတ်ပတ်လည် အတိုင်းအတာက တစ်ချိန်က မိုင် ၈၀ ကျော် ရှိခဲ့သော်လည်း နှစ်ကာလ ကြာရှည်လာသည်နှင့်အမျှ မိုင်ဒါဇင်နှင့်ချီ ပြိုကျခဲ့၏။ ယခု မိုင် ၅၀ အောက်သာ ကျန်ရှိတော့၏။
ချောင်ပြည်နယ်၏ စစ်သည်သုံးသိန်းက တင်းယွမ်မြို့တွင် တပ်စွဲထားခဲ့သည်မှာ ခုနစ်ရက်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ဤကာလအတွင်း သူက တင်းယွမ်မြို့၏ ကာကွယ်ရေးစည်းကို တည်ဆောက်ရန် လူများ စေခိုင်းခဲ့၏။ သို့တိုင်အောင် မြို့က ယိုယွင်းပျက်စီးနေပုံပေါ်၏။ မြို့ရိုးက ၁၅ မီလီမီတာအထိ မြင့်မားသော်လည်း တစ်စိတ်တစ်ပိုင်းက မြေဝါများဖြစ်ပြီး အစိတ်အပိုင်းအများစုက ပြိုကျနေသည်။
မြို့ထဲရှိ အိမ်များက ပြည့်ကျပ်လျက်ရှိနေပြီး အားလုံးကို ရွံ့ဖြင့်ပြုလုပ်၏။ ဤမျှကြီးမားသည့် မြို့ကြီး ဖြစ်စေကာမူ လူဦးရေက သောင်းဂဏန်းသာ ရှိ၏။ မည်မျှ ခြောက်သွေ့ ဟောင်းနွမ်းကြောင်း တွေးကြည့်နိုင်၏။
ချောင်ဘုရင်က ကာကွယ်ရေးစည်းအမျိုးမျိုးကို တည်ဆောက်ရန် နောက်ဆုံးလက်ကျန်အချိန်ကို အမိအရ အသုံးချ၏။ ယခု သူ၏ ပုခုံးထက်ရှိ တာဝန်က ဧဝရတ်တောင်ကြီးထက်ပင် ပို၍ လေးလံသည်ဟု ခံစားမိ၏။ ဤလောကကြီးတွင် ဧဝရတ်တောင် မရှိသော်လည်း ထိုကဲ့သို့ ရည်ညွှန်းရပေလိမ့်မည်။
ရှမ့်လန်၏ ပြီးပြည့်စုံသော အောင်ပွဲနှင့် ကောင်းကင်ပင်လယ်နန်းဆောင် ရွှဲ့ပြည်နယ်မှ လုံးဝ ဆုတ်ခွာသွားသည့် သတင်း ရောက်ရှိလာချိန်မှာတော့ ချောင်ဘုရင်က အလွန်ပဲ ဝမ်းမြောက်သွား၏။ ချောင်ပြည်နယ်တစ်ခုလုံးက ဆူညံသွားခဲ့ကြပြီး ရွှဲ့ပြည်နယ်ထက်ပင် ပို၍ လှုပ်ခပ်သည်။
ချောင်ပြည်နယ်သားများက ပြင်းထန်သည့် စိတ်ဓာတ်ရှိကြ၏။ ဝူပြည်နယ်ကဲ့သို့ အားနည်းသွားသည်ကို သူတို့ မလိုလားကြချေ။ စစ်သားအများအပြား ထွက်မပြေးကြသလို ပြည်သူများကလည်း ထွက်မပြေးကြချေ။ သို့သော်ငြား သူတို့က ရှမ့်လန်ကို သိပ်ပြီး မျှော်လင့်ချက်တော့ မထားရဲကြပေ။ ထို့ကြောင့် ချောင်ပြည်နယ် စစ်တပ်နှင့် ပြည်သူများ၏ တွေးခေါ်ပုံက ရိုးရှင်း၏။ အများဆုံးတော့ သူတို့က သေကြရုံပင်။
“မင်းမှာ တုတ်ရှိတယ်၊ ငါ့မှာ ခေါင်းရှိတယ်။”
ထိုသဘောတရားမျိုးပင်။ ချောင်ပြည်နယ်တစ်ခုလုံးက အသက်ပေးပြီး တော်ဝင်ရန်မင်းဆက်ကို ခုခံရန် ဆုံးဖြတ်ထား၏။ နောက်ဆုံးမှာတော့ အရှင်ရှမ့်လန်က တကယ်ပင် အနိုင်ရရှိခဲ့သည်။ ချောင်ပြည်နယ် မပျက်စီးနိုင်တော့ပေ။ ထို့ကြောင့် ပြည်သူနှင့် စစ်သည်များက စိတ်လှုပ်ရှားနေကြခြင်းပင်။
ဤအခိုက်အတန့်မှာတော့ ‘တော်ဝင်ချန်မင်းဆက်’ ဟူသည့် စကားလုံးက ချောင်ပြည်နယ်စစ်သည်နှင့် ပြည်သူများ၏ နှလုံးသားထဲတွင် အမှန်တကယ်ပင် ကမ္ပည်းရေးထိုးထားသလို ဖြစ်ခဲ့၏။ ပထမဦးဆုံးအကြိမ် အဖြစ် တော်ဝင်ချန်မင်းဆက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ရခြင်းကို သူတို့ ခံစားမိ၏။
သို့သော်လည်း နိုင်ငံအသီးသီးက ထိတ်လန့်တုန်လှုပ်ခဲ့ပြီးနောက် တော်ဝင်ရန်မြို့တော်၏ ဆန္ဒက ရောက်ရှိလာသည်။
အနောက်ပိုင်းစစ်တပ် အရှိန်မြှင့်ခဲ့ပြီး ချောင်ပြည်နယ်ကို တိုက်ခိုက်၏။ သူတို့က ချောင်ပြည်နယ်ကို လျင်မြန်စွာ ဖျက်ဆီးလိုကြ၏။ ရှမ့်လန်၏ ဂုဏ်သိက္ခာကို ဖျက်ဆီးပြီး တော်ဝင်ချန်မင်းဆက်၏ ပြည်သူများကို ဖျက်ဆီးလိုကြ၏။
ချောင်ပြည်နယ်၏ မြောက်ဘက်နယ်စပ်နှင့် တောင်ဘက်နယ်စပ်တို့က အဆင်ပြေနေသေးသည်။ အနောက်ပိုင်း စစ်တပ်ကသာ စစ်ဖြစ်နေ၏။ ချောင်ဘုရင်၌ စစ်သည်သုံးသိန်းရှိ၏။ ကျင်းနိုင်ငံ၏ စစ်သည်ခြောက်သိန်း ကို အဘယ်သို့ မနိုင်ဘဲနေမည်နည်း။
သူက ဤနေရာမှာ လှဲလျောင်းပြီး အရှင်ရှမ့်လန် လာကယ်သည်ကို စောင့်နေရမည်လား။ ထိုသို့ဆိုလျှင် ချောင်ပြည်နယ်၌ မည်သည့် ဂုဏ်သိက္ခာ ရှိတော့မည်နည်း။ တော်ဝင်ချန်မင်းဆက်၏ အဖွဲ့ဝင်ဖြစ်ရသည်က အဘယ်သို့သော မျက်နှာမျိုး ရှိမည်နည်း။
“အရှင်ရှမ့်လန်က ပြီးပြည့်စုံတဲ့ အောင်ပွဲကို ရရှိခဲ့ပြီးပြီ။ အခု လောကကြီးတစ်ခုလုံးရဲ့ မျက်လုံးတွေက ချောင်ပြည်နယ်ရဲ့ တင်းယွမ်မြို့ပေါ်ကို ရောက်ရှိနေပြီ။ တစ်စုံတစ်ယောက်က အရှင်ရှမ့်လန်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့နဲ့ တော်ဝင်ချန်မင်းဆက်ရဲ့ ပြည်သူတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ချက် ရှိနေတယ်။ ချောင်ပြည်နယ်ကို ဖျက်ဆီးချင်နေတယ်။ ချောင်ပြည်နယ်က ဒါကို သဘောတူသလား။” ချောင်ဘုရင်က ဟိန်းဟောက်လိုက်၏။
“မတူပါဘူး။” ချောင်ပြည်နယ်၏ စစ်သည်သိန်းချီက အော်ဟစ်လိုက်ကြသည်။
“အခု ငါတို့ရဲ့ စစ်သည်သုံးသိန်းက ချောင်ပြည်နယ်ရဲ့ အတားအဆီး ဖြစ်ရုံတင်မကဘူး။ တော်ဝင်ချန် မင်းဆက်ရဲ့ အတားအဆီးလည်း ဖြစ်တယ်။ အခု ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားက စစ်သည် ခြောက်သိန်းကို ဦးဆောင်ပြီး ဒီအတားအဆီးနယ်မြေကို ဖောက်ပစ်ပြီး တော်ဝင်ချန်မင်းဆက်ရဲ့နယ်မြေကို ကျူးကျော်ဖို့ လာနေတယ်။ ဒါကို ငါတို့ သဘောတူလား။”
“မတူပါဘူး။”
ချောင်ဘုရင်က အော်ဟစ်လိုက်၏။ “ကောင်းပြီ... ဒါဆိုရင် ချောင်ပြည်နယ်စစ်တပ်ရဲ့ သူရဲကောင်းဆန်မှုကို လောကကြီးက မြင်ရလိမ့်မယ်။ ဘယ်စစ်တပ်ကမဆို ချောင်ပြည်နယ်နဲ့ တော်ဝင်ချန်မင်းဆက်ရဲ့ နယ်မြေကို ကျူးကျော်ချင်ရင် ငါတို့ရဲ့ အလောင်းတွေကို နင်းဖြတ်ကျော်ဖြတ်သွားရမယ်။ ချောင်ဘုရင်ရဲ့ အလောင်းကို လုံးဝကျော်ဖြတ်သွားရမယ်။ နောက်ဆုံးသော သူတစ်ယောက် ကျန်တဲ့အချိန်အထိ၊ နောက်ဆုံးအချိန်အထိ တိုက်မယ်။”
“ချောင်ပြည်နယ် အသက်ရာကျော် သက်တော်ရာကျော် ရှည်ပါစေ။”
“တော်ဝင်ချန်မင်းဆက် သက်တော်ရာကျော် ရှည်ပါစေ။”
ချောင်ပြည်နယ်၏ စစ်သည်သိန်းချီတို့၏ အရှိန်အဝါက ဆူနာမီ လှိုင်းလုံးကြီးကဲ့သို့ပင် ဖြစ်၏။ ဆယ်မိုင်ကျော် ကွာဝေးသည့် တော်ဝင်ရန်မင်းဆက်၏ အနောက်ပိုင်း စစ်တပ်စခန်းကပင်လျှင် ရှင်လင်းစွာ ကြားနေရ၏။
စစ်သေနာပတိချုပ်ဖြစ်သော ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက နှုတ်ခမ်းကို ခပ်တင်းတင်းစေ့၏။ သူက အထင်အမြင်သေးစွာဖြင့် နှုတ်ခမ်းထောင့်စွန်းတစ်ခုလုံး ကော့တက်သွား၏။ ချောင်ပြည်နယ်၌ ပြင်းထန်သည့် စိတ်ဓာတ်ရှိနေသည်ကို သူ သိ၏။ သို့သော်လည်း ထိုမျှလောက်ပင်။ စစ်သည်သိန်းချီ ရှိနေသည် ဆိုလျှင်တောင်မှ ရှမ့်လန်က စစ်သည်တစ်သောင်းအောက်နှင့် ချောင်ပြည်နယ်၏ မြို့တော်ကို ဝင်ရောက် သိမ်းပိုက်ခဲ့သည်။
ကျင်းနိုင်ငံအနေနှင့် တစ်ချိန်တစ်ခါတုန်းက တော်ဝင်ချန်မင်းဆက်နှင့်ပင် တိုက်ခိုက်ခဲ့ဖူး၏။ သူတို့က နောက်ကျောကို ဓားနှင့်ထိုးပြီး တော်ဝင်ချန်မင်းဆက်ကို သေလောက်အောင် နာကျင်စေခဲ့၏။ ကျန်းလီ ရုတ်တရက် သေဆုံးခဲ့ပြီးနောက် ကျင်းနိုင်ငံက နယ်မြေအများဆုံးသိမ်းပိုက်နိုင်ခဲ့ပြီး တော်ဝင်ရန်မင်းဆက်၏ နံပါတ်တစ် လက်အောက်ခံနိုင်ငံ ဖြစ်လာ၏။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကျင်းမင်းဆက် ဆိုသည်မှာ မရှုံးနိမ့်ခဲ့ဖူးချေ။ သို့ပေမည့် ချောင်ပြည်နယ်ကတော့ ဘယ်တော့မှ မနိုင်ဖူးဟု ပြောလို့ရ၏။
နောက်တစ်နေ့...
ကျင်းမင်းသား၏ ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက အမိန့်ပေးသည်။ “မြို့ကို တိုက်၊ တင်းယွမ်မြို့ကို မြေလှန်ပစ်၊ ချောင်ပြည်နယ်နဲ့ တော်ဝင်ချန်မင်းဆက်ကို ဖျက်ဆီးပစ်။”
ချက်ချင်းပဲ စစ်သည်ပေါင်း သိန်းချီက ဒီရေလှိုင်းလုံးကြီးကဲ့သို့ပင် တင်းယွမ်မြို့ဆီသို့ ဝင်ရောက်လာ၏။
တုန်လှုပ်ဖွယ်ရာ ကောင်းသည့် စစ်ပွဲကြီးက ပေါ်ပေါက်လာခဲ့၏။ နှစ်ဖက်စလုံးမှ မရေတွက်နိုင်သည့် စစ်သည်များက မိုင်ရာချီ ရှည်လျားသည့် စစ်မြေပြင်တွင် တိုက်ခိုက်ကြသည်။
ပထမနေ့တွင် ချောင်ပြည်နယ်၏စစ်တပ်က ကျင်းနိုင်ငံ၏ စစ်တပ်ကို ပြန်လည်မောင်းထုတ်နိုင်ခဲ့၏။ ရန်သူကို အလျှော့တွက်မိသောကြောင့် ကျင်းနိုင်ငံ၏စစ်တပ်က အထိအခိုက် ကျဆုံးများခဲ့၏။ ဒုတိယနေ့တွင် ချောင်ပြည်နယ်၏ စစ်တပ်က ကျင်းနိုင်ငံ၏ စစ်တပ်ကို နိုင်ခဲ့ပြန်၏။ တတိယနေ့တွင် ချောင်ပြည်နယ်၏ စစ်တပ်က ထပ်မံ အနိုင်ယူခဲ့ပြန်၏။
ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ကြောင်အလျက် ရှိ၏။ ချောင်ပြည်နယ်စစ်တပ်က ဤမျှ ရူးသွပ်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက ကျင်းနိုင်ငံ၏ စစ်တပ်အောက် နိမ့်ကျသော်လည်း တကယ်ကို ဇွဲကောင်းကြ၏။ သူတို့က အတူတကွ သေဆုံးရန် စိတ်ဓာတ်ဖြင့် တိုက်ခိုက်နေသည်။