လင်ကျိုး၏အဆုံးသတ်
Vol. 28 Ch. 394
အခန်း (၃၉၄) လင်ကျိုး၏အဆုံးသတ်
ပင်လယ်ရေအောက်ရှိ ကျောက်တောင်တန်းများလှုပ်ခါသွားပြီး ကျောက်သားများကွဲထွက်သွားကာ အက်ကွဲကြောင်းများမှ မီးလျှံများ ပေါက်ကွဲထွက်လာသည်။ မြင်ကွင်းက ကမ္ဘာပျက်ကိန်းမြင်ကွင်းအလား ထင်မှတ်ရ၏။
ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က ပင်လယ်ရေထဲသို့ မိုးကောင်းကင်ပြိုကျလာသည့်အလား ဆင်းသက်လာသည်။
ရေဝဲဂယက်ကြီးမှာ လုံးဝရပ်တန့်သွားပြီး နေရာမှာပင် ပိတ်မိသွားသည့်အလား လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
ပတ်ဝန်းကျင် ပင်လယ်ရေပြင်က ရေခဲပမာ အေးခဲသွားခြင်း မဟုတ်သော်လည်း အစိုင်အခဲတစ်ခုပမာ ပြောင်းလဲသွားပြီး လှိုင်းဂယက်အနည်းငယ်ပင် လှုပ်ခတ်ခြင်း မရှိတော့ပေ။
နဂိုကပင် ဒဏ်ရာရထားသော လင်ကျိုးမှာ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖုံးလွှမ်းလျှက် သွေးမှုံများအဖြစ် ပေါက်ကွဲထွက်ကာ ရှေ့သို့ လဲပြိုကျသွားသည်။
နဂိုကပင် ကန်းနေပြီဖြစ်သော လင်ကျိုး၏ဘယ်ဘက်မျက်လုံးထဲမှ သွေးများပန်းထွက်လာသည်။
သူက ရုန်းကန်ရင်းဖြင့်ပင် ညာဘက်မျက်လုံးဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်၏။ သူ့မျက်ဝန်းထဲတွင် အမျက်ဒေါသ ၊ အမုန်းတရားနှင့် မကျေနပ်မှုများ ပြည့်နက်နေသည်ပင်။
ရန်ကျောက်ကဲက လင်ကျိုးကို တည်ငြိမ်စွာကြည့်ရင်း သိမ်မွေ့စွာ ဆိုသည်။
“မင်း နောက်တစ်ကြိမ် ပြန်လည်ရှင်သန်ခွင့်ရရင် ဘာလုပ်ဖို့ စဉ်းစားထားလဲ”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲကိုစိုက်ကြည့်နေသည့် လင်ကျိုး၏ ညာဘက်မျက်လုံး ရုတ်တရက် တုန်လှုပ်သွားသည်။
လင်ကျိုး အမူအရာပျက်သွားသည်ကိုမြင်တော့ ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အစကတော့ ငါ သိပ်မသေချာဘူး ၊ ဒါပေမဲ့ အကြောင်းအရာအတော်များများကို စီစစ်ကြည့်ပြီးတဲ့နောက် မင်းက ပြန်လည်မွေးဖွားလာတဲ့သူတစ်ယောက်လို့ ငါ အာရုံခံမိတယ် ၊ အခု ငါ့စကားကြောင့် မင်း မျက်နှာပျက်သွားတော့ ငါထင်တာ သေချာသွားတာပေါ့”
လင်ကျိုး၏အမြင်အာရုံများ တဖြည်းဖြည်း ဝေဝါးလာပြီ ဖြစ်သော်လည်း သူ့ဘဝနောက်ဆုံးအခိုက်အတန့်တွင် ထူးခြားစွာ သူ့စိတ်အာရုံကတော့ ကြည်လင်ရှင်းလင်းနေသည်။
လင်ကျုးက...
“မင်းက ငါ့လိုမျိုး ပြန်ဝင်စားလာတာ မဟုတ်ဘူး ၊ ဒါပေမဲ့ မင်းက တခြားသူတွေနဲ့ မတူတာအမှန်ပဲ”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“အရင်ဘဝက မင်းဘာတွေသိခဲ့သလဲ ၊ ဘယ်နေရာမှာ ဘယ်လောက်အချိန်ကြာကြာနေခဲ့သလဲ ငါ မသိဘူး ၊ ဒါပေမဲ့ အခု မီးတောက်မိစ္ဆာတွေ ကျူးကျော်တဲ့ဖြစ်ရပ်ကိုတော့ မင်း သိခဲ့တယ်မဟုတ်လား”
“မီးတောက်မိစ္ဆာတွေ ကျောက်စိမ်းပင်လယ်မြို့တော်ကို တိုက်ခိုက်မှာကို မင်း သိခဲ့မယ်ဆိုရင် မီးတောက်မိစ္ဆာတွေ အရှေ့ပင်လယ်က ပကတိမီးသွေးကြောကို လှုံ့ဆော်ပေးတာကိုလည်း မင်း သိခဲ့မှာပဲ ၊ မင်းသာ နည်းလမ်းရှာပြီး ဒီအကြောင်းကို အကြီးအကဲတွေဆီ သတင်းပေးခဲ့မယ်ဆိုရင် မီးတောက်မိစ္ဆာတွေကို တိုက်ခိုက်ရတာ ငါတို့လူသားတွေအတွက် ပိုပြီးလွယ်ကူမှာပဲ”
“မင်းသာ အဲဒီလိုသာလုပ်ခဲ့ရင် ကြီးကျယ်တဲ့ကျော်ကြားမှုနဲ့ ဆုလာဘ်တွေ အများကြီးရမှာလေ ၊ ကောင်းကင်မိုးကြိုးခန်းမတင် မဟုတ်ဘူး အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးက မင်းကို ကျေးဇူးတင်ကြမှာ”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ကြည်လင်လျှို့ဝှက်ရေကန်မှာတုန်းက မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ ၊ ဟုတ်တယ်မလား”
ကြည်လင်လျှို့ဝှက်ရေကန်တွင် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ ကျင်းပနေချိန် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သူလျှိုစာရင်းကို ကောင်းကင်မိုးကြိုးခန်းမက ထုတ်ပြန်ခဲ့သည်။ ထို သူလျှိုနာမည်စာရင်းကို ဘဝပြောင်းလာသူ လင်ကျိုးက သိရှိနေသဖြင့် သတင်းပေးခဲ့ခြင်းပင်။
သူက ဖခင်ဖြစ်သူ လင်ထျန်းဖုန်းကို အသိပေးခဲ့သည့်အတွက် အားလုံးအကျိုးရှိမည့် လျှို့ဝှက်ချက်ကို ထုတ်ဖော်နိုင်ခဲ့သည်။
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ ထိုးဖောက်ဝင်ရောက်မှုက ပြင်းထန်ပေမယ့် သူလျှို့သတင်းပေါက်ကြားခဲ့တဲ့ကိစ္စက အရမ်းကြီးမားတယ် ၊ မင်းတွေးတာ မမှားပါဘူး ၊ မင်းက ရန်ရှန်းထက် ဉာဏ်ကောင်းခဲ့တယ် ၊ ကြည်လင်လျှို့ဝှက်ရေကန်ကိစ္စမှာ မင်းက အများကြီးအကျိုးပြုခဲ့တဲ့အတွက် ကောင်းကင်မိုးကြိုးခန်းမက လူငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ်အဖြစ် သတ်မှတ်ခံခဲ့ရတယ် ၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ရန်ရှန်းထက်သာလို့ အဲဒီလိုသတ်မှတ်ခံရတာမဟုတ်ဘူး ၊ မင်းရဲ့လုပ်ရပ်ကြောင့် အဲဒီလို သတ်မှတ်ခံရတာ”
သူက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အရေးပါသောကိစ္စတစ်ခုတွင် များစွာအကျိုးပြုခဲ့သည့်အတွက် သာမန်လူငယ်မျိုးဆက် ၊ သာမန်ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခြင်းမခံရတော့ဘဲ အခွင့်ထူးများ ခံစားခဲ့ရသည်။
လင်ကျိုးက အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်ရင်း...
“ကြည်လင်လျှို့ဝှက်ရေကန်အကြောင်းကို မပြောနဲ့ ၊ တကယ်ဆို မင်း အဲဒီမှာကတည်း သေခဲ့ရမှာ”
ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲတွင် သူလျှိုသတင်းများပေါက်ကြားခဲ့သဖြင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း၏ အစီအစဉ်များကို သိရှိခဲ့ရပြီး တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့သည်။
သို့သော် ကြားထဲမှ နာမည်ကြီးသွားသူက ‘ရန်ကျောက်ကဲ ‘ ဖြစ်၏။
သူက သိုင်းပညာရှင်အဆင့်ပင် ရှိသေးသည့်တိုင် ငရဲကိုးထပ်ဆင်းသက်လာမည့် ‘မိစ္ဆာနယ်မြေမဟာအစီအရင်’ ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။
ထို့ကြောင့် ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲသည် ရန်ကျောက်ကဲ ဂုဏ်မြင့်စေရန် မြှင့်တင်ပေးသည့် စင်မြင့်တစ်ခု ဖြစ်ခဲ့သည်။ ထိုအဖြစ်အပျက်ပြီးဆုံးသည့်နောက် မိုးအောက်မြေပြင်တွင် ဒီသခင်လေး ‘ရန်ကျောက်ကဲ’ ကို မသိသူ မရှိတော့ပေ။
လင်ကျိုး၏ “မင်း အဲဒီမှာကတည်း သေခဲ့ရမှာ” ဆိုသော စကားကြောင့် ရန်ကျောက်ကဲ မသိမသာ ပြုံးလိုက်မိသည်။
ထိုအပြုံးကိုတွေ့တော့ လင်ကျိုး ပို၍ ဒေါသထွက်လာသည်။
“ငါ့အဖေ ငရဲကိုးထပ်က နတ်ဆိုးတွေကို တိုက်ခိုက်ရင်း အသက်မသေရအောင် ငါ ဘယ်လောက်ထိ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလဲ သိလား ၊ ဒါပေမဲ့ သူက မင်းတို့ဝါဒတောင်မှာ သေခဲ့ရတယ်”
ရန်ကျောက်ကဲက နားလည်သွားဟန်ဖြင့်...
“သြော... အဲဒါကြောင့် မင်း စိတ်ပြောင်းသွားခဲ့တာလား”
သူက တည်ငြိမ်စွာဖြင့် ဆက်ပြောသည်။
“မင်းရဲ့ ကျင့်ကြံခြင်းက အဆက်မပြတ် မြင့်တက်လာတယ် ၊ မင်းက ကံလည်းကောင်းသလို ရတနာပစ္စည်းတွေလည်း အများကြီးပိုင်ဆိုင်တယ် ၊ အခု ‘ထာဝရညမိုးကြိုးဓား’ လို ရတနာမျိုးတောင် မင်းမှာ ရှိနေခဲ့တာ... ဘာလို့ ဒီလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေရတာလဲ”
ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်သည်။ သူ့တွင် ပြောစရာစကားမကျန်တော့ပေ။
ဝါဒတောင်တိုက်ပွဲတွင် လင်ကျိုး၏ဖခင် လင်ထျန်းဖုန်း သေဆုံးသွားခြင်းကြောင့် လင်ကျိုးက ဝါဒတောင်ကို ရန်ငြိုးထားပြီး နှလုံးသားထဲတွင် အမှောင်ထုမွေးဖွားစေကာ ရူးသွပ်မှုမျိုးစေ့များ အမြစ်တွယ်လာသည်။
မြောက်ဖျားဒေသတွင် ရေခဲနဂါးသူတော်စင်အမွေအနှစ် ရှာဖွေရင်း ရန်ကျောက်ကဲနှင့် ရင်ဆိုင်ခဲ့ရပြီး ရန်ကျောက်ကဲကို ရှုံးနိမ့်ရုံသာမက သူ့ဖခင်ချန်ထားခဲ့သော ကောင်းကင်တုန်လှုပ်လေးညှို့ကိုလည်း ဆုံးရှုံးခဲ့ရသည်။ မျက်လုံးတစ်ဖက်သည်လည်း ရန်ကျောက်ကဲလက်ချက်ဖြင့် ကန်းခဲ့ရသည်ဖြစ်ရာ သူ့စိတ်အခြေအနေက လုံးဝလဲပြိုပျက်ဆီးသွားခဲ့သည်။
နဂိုက ပြန်လည်ဝင်စားလာသူတစ်ယောက်အနေဖြင့် ဤခေတ်၏ အဓိကဇာတ်ကောင်ဟု သူ့ကိုယ်သ အခိုင်အမာယုံကြည်ထားခဲ့သော်လည်း အရှုံးတရား ဆုတ်ယုတ်မှုများစွာဖြင့် ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီးနောက် လင်ကျိုး သံသယစိတ်များ ဝင်လာသည်။
ယခင်ဘဝက သိရှိခဲ့သည်များကို အသုံးပြုပြီး အကြောင်းအရာများစွာကို ကြိုတင်သိမြင်ခဲ့သော်လည်း သူက ဦးဆောင်ရမည့်နေရာကို မရရှိခဲ့ဘဲ အမြဲတမ်း ခံစစ်တိုက်ခိုက်ရပြီး အခြေအနေကိုသာ စောင့်ဆိုင်းခဲ့ရသည်။
လင်ကျိုး ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေရင်း သူ့စိတ်ဝိညာဉ်တဖြည်းဖြည်း လွင့်ပါးသွားသည်ကို ခံစားလိုက်ရသည်။ သူ ဤဘဝကို စွန့်ခွာသွားရပေတော့မည်။
“ဒီအချိန်မှာ စကားလုံးတွေက အရေးမကြီးတော့ပါဘူး”
လင်ကျိုးက တိုးလျသည့်လေသံဖြင့် ဆိုသည်။
“ငါ နောက်တစ်ခါ အသက်ပြန်ရှင်ခွင့်ရမယ်ဆိုရင် ငါ မင်းနဲ့ပဲ သေချာပေါက် ထပ်ပြီးတိုက်ခိုက်မှာပဲ ၊ ငါ ဘဝနှစ်ခုလုံး...နောင်တတွေနဲ့ ပြည့်နေခဲ့ရတယ် ၊ ငါ မကျေနပ်ဘူး”
လင်ကျိုးက ကျန်ရှိသည့်စွမ်းအားကုန်အသုံးပြုကာ ရန်ကျောက်ကဲကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ရန်ကျောက်ကဲ... မင်း အရမ်းပျော်မနေပါနဲ့ ၊ မင်းလည်း နောက် တစ်နှစ် နှစ်နှစ်လောက်ပဲ အသက်ရှင်နိုင်တော့မှာပါ”
ထိုစကားကြောင့် ရန်ကျောက်ကဲ မျက်ခုံးပင့်ကာ လင်ကျိုးကို ကြည့်လိုက်သည်။
လင်ကျိုးက ရယ်မောရင်း...
“ဟုတ်တယ် ၊ မင်း မသိဘူး ၊ သူတို့လည်းမသိဘူး ၊ ဘယ်သူမှ မသိဘူး ၊ ဒါပေမဲ့ ငါ သိတယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ တချို့အရာတွေက မသိတာကောင်းတယ် ၊ သိတာနည်းလေ ဘဝက ငြိမ်းချမ်းလေပါပဲ”
“ ... ရန် ကျောက် ကဲ... မင်းကို ငရဲမှာ စောင့်နေမယ်”
ရန်ကျောက်ကဲက လင်ကျိုးကိုကြည့်ကာ ပြုံးလိုက်သည်။
“အမှန်ပဲ... ငါ မသိဘူး ၊ ဒါပေမဲ့ ငါ အသက်ရှင်နေတုန်းပဲ ၊ မင်းက သိတဲ့သူဆိုတော့ အခု သေရတော့မယ်လေ ၊ ဆိုတော့... မင်းက သိတယ်လို့သာ ပြောနေတာ မသိတာနဲ့ ဘာများကွာခြားတော့မှာလဲ”
လည်ပင်းကိုတစ်စုံတစ်ယောက်က ဖျစ်ညှစ်လိုက်သည့်အလား လင်ကျိုး၏ရယ်မောသံက တုန်ယင်စွာဖြင့် ရပ်တန့်သွားသည်။
ရန်ကျောက်ကဲက...
“မင်း နောက်တစ်ခါ အသက်ပြန်ရှင်နိုင်ဦးမလား ငါ မသိဘူး ၊ ဒါပေမဲ့ အခုတော့ စိတ်အေးလက်အေးနဲ့သာ သွားပါတော့”
သူက တည်ငြိမ်စွာဖြင့်...
“မင်း သတိမထားမိဘူးမဟုတ်လား ၊ ကြည်လင်လျှို့ဝှက်ရေကန်အဖြစ်အပျက်ပြီးဆုံးသွားတဲ့နောက် ကမ္ဘာကြီးရဲ့ ရေစီးကြောင်းက ပြောင်းလဲသွားတယ် ၊ မင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မထူးခြားတော့ဘူး ၊ ဒီကမ္ဘာမှာ မင်းအတွက် နောင်တရစရာတွေ ကျန်ရစ်ခဲ့ပေမယ့် မင်းထွက်သွားလို့ ဒီကမ္ဘာကြီးကတော့ နောင်တရနေမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက လင်ကျိုးကို လက်ဝါးဖြင့် ရိုက်ချလိုက်ရင်း...
“တကယ်တော့ မင်းသာ ကြည်လင်လျှို့ဝှက်ရေကန်ကိစ္စမတိုင်ခင် သေဆုံးသွားခဲ့မယ်ဆိုရင် အစွန်းရောက်ရှစ်ပါးကမ္ဘာအတွက် ဆုံးရှုံးမှုတွေရှိလာနိုင်သေးတယ် ၊ ဒါပေမဲ့... အခုတော့ မင်းက အရေးကြီးတဲ့ လေးနက်တဲ့ကိစ္စတွေအစား ဘာမဟုတ်တဲ့ ယားနာလေးကို မြင်နေမှတော့... သေတာပဲအေးပါတယ်”
လင်ကျိုး မကျေမနပ်ဖြင့် သေဆုံးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်က သွေးမှုံများအဖြစ် ပေါ်ကွဲထွက်သွားသည်။
သုန်သုန်မှုန်မှုန် အသွင်သဏ္ဌန်ရှိသော သူ၏ဝိညာဉ်သည်လည်း လေနှင့်အတူ လွင့်ပျံသွားပြီး မှိန်ဖျော့ဖျော့ ဝိညာဉ်အလင်းရိပ်လေးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲက ပခုံးတွန့်လိုက်ရင်း...
“ပြန်ဝင်စားတဲ့ တတိယတစ်ကောင်တော့ ကြွသွားပြီ ၊ ဒါပေမဲ့ သူသေလို့ လက်ခုပ်တီးပျော်နေလည်း အလကားပဲ”
လင်ကျိုး ကျန်ရစ်ခဲ့သည့် ‘ထာဝရညမိုးကြိုးဓား’ က ငွေဖြူရောင်လျှပ်စီးများဖြင့် ပင်လယ်ထဲတွင် လွင့်မျောနေသည်။
ရန်ကျောက်ကဲက ဓားကိုယူရန် လက်ကိုဆန့်တန်းလိုက်၏။
သို့သော် ထိုဓားက ရန်ကျောက်ကဲ၏ ဆင့်ခေါ်မှုကို ဆန့်ကျင်ရင်း အမှောင်ထုအဖြစ် ကူးပြောင်းပျောက်ကွယ်သွားရန် ကြိုးစားနေသည်။
ရန်ကျောက်ကဲက အစိမ်းရောင်ဝါးကိုင်းကို ထုတ်ယူပြီး တစ်ချက်ဝှေ့ယမ်းလိုက်တော့မှ ‘ထာဝရညမိုးကြိုးဓား’ အနည်းငယ် တုန်ခါကာ ငြိမ်သက်သွားသည်။
သို့သော် ဓားသွားမှ အမှောင်ထုက ရန်ကျောက်ကဲကို ဝါးမျိုပစ်မည့်အလား ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ၏ အမူအရာက တည်ငြိမ်နေပြီး သူ့ခန္ဓာကိုယ် သွေးကြောဆုံချက်များမှ ပရမ်းပတာ ချီစွမ်းအားအစုအဝေးတစ်ခု ထွက်ပေါ်လာပြီး အမှောင်ထုကို စုပ်ယူပစ်လိုက်သည်။
တစ်ချိန်တည်းပင် ရန်ကျောက်ကဲ၏ စိတ်အာရုံထဲတွင် ငွေဖြူရောင်လျှပ်စီးများလင်းလက်သွားပြီး မိုးခြိမ်းသံများ မြည်ဟည်းလာသည်။
မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို သန့်စင်နိုင်ခဲ့ပြီးနောက် ‘ထာဝရညမိုးကြိုးဓား’ ကို သန့်စင်ခြင်းက အလွန်တရာ ချောမွေ့လွယ်ကူခဲ့သည်။
“ဒီဓားက ထာဝရညမိုးကြိုးစွမ်းအားနဲ့ ပေါင်းစည်းထားတာပဲ”
ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲ တောက်ပသွားသည်။
“ဓားကောင်းတစ်လက်ပါပဲ ၊ ၊ ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုးပညာရပ်ထဲက ထာဝရညမိုးကြိုးစွမ်းအားကို ကျင့်ကြံတဲ့အခါ အသုံးပြုလို့ရနိုင်တယ်”