အဓိကရည်ရွယ်ချက်
Vol. 28 Ch. 395
အခန်း (၃၉၅) အဓိကရည်ရွယ်ချက်
‘ထာဝရညမိုးကြိုးဓား’ ကို သန့်စင်ခြင်းက ချောမွေ့လွယ်ကူသော်လည်း မျှော်လင့်မထားသည့် အခက်အခဲအနည်းငယ်ကိုလည်း ရင်ဆိုင်ရသည်။
ထိုသို့ဖြစ်ရခြင်းက ရန်ကျောက်ကဲကို ပိုမိုပျော်ရွှင်စေသည်။ အဘယ်ကြောင့်ဆိုသော် ဤရတနာပစ္စည်းက သူမျှော်လင့်ထားသည်ထက် ပိုမိုစွမ်းအားမြင့်မားနေသောကြောင့်ပင်။
လင်ကျိုးက ဤအဖိုးတန်ဓားကို အသက်သွင်းသည့်အခါ ကျင့်ကြံခြင်းအဆင့် မလုံလောက်သည့်အတွက် စွမ်းအားအပြည့်အဝ ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် ထာဝရညမိုးကြိုးဓားကို အသုံးပြုရင်း ထာဝရညမိုးကြိုးစွမ်းအားကို လှုံ့ဆော်ရန် ကြိုးစားတိုင်း လင်ကျိုးအတွက် ကြီးမားသောဝန်ထုပ်ဝန်ပိုးကို ဖြစ်စေခဲ့သည်။ ရုပ်ခန္ဓာက ခံနိုင်ရည်ရှိသည်ထက် ပိုမိုမြင့်မားသောစွမ်းအားကို ထုတ်ဖော်ရန်ကြိုးစားခြင်းက ကျင့်ကြံသူတစ်ယောက်၏ ရုပ်ခန္ဓာကို ထိခိုက်စေသည်။
မည်သို့ပင်ဖြစ်စေ ဤဓားက လင်ကျိုးအတွက် အကျိုးကျေးဇူးများစွာ ရှိခဲ့သည်လည်း အမှန်ပင်။ ရန်ကျောက်ကဲက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို သူ၏ညာဘက်မျက်လုံးတွင် ထည့်သွင်းပေါင်းစပ်ထားသကဲ့သို့ လင်ကျိုးသည်လည်း အလားတူပြုလုပ်ခဲ့သည်။
ထို့ကြောင့် ‘ထာဝရညမိုးကြိုးစွမ်းအား’ ကို ကျင့်ကြံလေတိုင်း ဓားစွမ်းအားနှင့် မိုးကြိုးစွမ်းအားတို့က လင်ကျိုး၏ ခန္ဓာကိုယ်နှင့် အသွေးအသားများကို သိမ်မွေ့စွာ အကျိုးပြုခဲ့သည်။
ဓားထဲတွင်ပါဝင်သော အမှောင်ထုအနှစ်သာရက ဆိုးရွားသောအမှောင်ထု မဟုတ်ပေ။ မိခင်ဝမ်းထဲ၌ရှိနေသောကလေးငယ်အတွက် အသက်ကိုပေးစွမ်းနိုင်သည့် အမှောင်ထုမျိုး ဖြစ်သည်။
ရန်သူများကို တိုက်ခိုက်လျှင်တော့ ထိုအမှောင်ထုက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည်။ လူတစ်ယောက်အာရုံငါးပါးကို ဖိနှိပ်ထားပြီး ငွေဖြူရောင်လျှပ်စီးကြောင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
သို့သော် ‘ထာဝရညမိုးကြိုးစွမ်းအား’ ကို ကျင့်ကြံနိုင်ရန်အတွက် ကျင့်ကြံသူ၏ရုပ်ခန္ဓာစွမ်းအား အလွန်တရာ မြင့်မားရန် လိုအပ်သည်။ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို သန့်စင်ခြင်းထက်ပင် ရုပ်ခန္ဓာ ပိုမိုကြံ့ခိုင်ရန် လိုအပ်လေ၏။
ရန်ကျောက်ကဲက ဓားအတွင်းမှ ‘ထာဝရညမိုးကြိုးစွမ်းအား’ ကို ဆက်လက်စစ်ဆေးကြည့်ရင်း မည်သို့မှ မတတ်နိုင်စွာ ခေါင်းညိတ်လိုက်သည်။
“’ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုးပညာရပ်’ မှာ ဒီစွမ်းအားက အဆင့် (၉) ဆိုပေမယ့် အဆင့် (၆) ရှိတဲ့ ‘ပကတိမိုးကြိုးစွမ်းအား’ ထက် နည်းနည်းပဲ လျော့တယ် ၊ ပြီးတော့ ဒီစွမ်းအားက ကိုယ်ပိုင်ထူးခြားချက်တွေလည်း ရှိသေးတယ်”
မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစတစ်ခုဖြစ်သော်လည်း ကျိုးပျက်နေသည့် အစိတ်အပိုင်းဖြစ်သဖြင့် ပကတိမိုးကြိုးစွမ်းအားသည်လည်း ပြီးပြည့်စုံခြင်း မရှိပေ။
‘ထာဝရညမိုးကြိုးဓား’ ကတော့ အရည်အသွေးအရ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို မမီသော်လည်း အတွင်း၌ပါဝင်သည့် ‘ထာဝရညမိုးကြိုးစွမ်းအား’ အနှစ်သာရက အတော်လေး ပြီးပြည့်စုံသည်။
ရန်ကျောက်ကဲက ဓားထဲတွင်ပါရှိသော ပရိယာယ်များစွာကို ခွဲခြမ်းစိတ်ဖြာကြည့်ရင်း ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုးပညာရပ်များ၏ ထူးခြားနက်နဲသောအဓိပ္ပါယ်ကို တဖြည်းဖြည်း နားလည်လာသည်။
ဓားအတွင်းမှ ‘ထာဝရညမိုးကြိုးစွမ်းအား’ နှင့် ဓားထဲတွင် သိပ်သည်းပေါင်းစပ်ထားသော ဓားဝိညာဉ်အပြင် အခြားသောထူးခြားသည့်အရာတစ်ခုရှိနေသည်ကိုလည်း ရန်ကျောက်ကဲ ရိပ်မိလိုက်သည်။
“ဒီဓားက အသံမရှိတဲ့ မိုးကြိုးစွမ်းအားကို ထုတ်လွှတ်ပေးနိုင်တယ် ၊ ဒီစွမ်းအားက ‘ထာဝရညမိုးကြိုးစွမ်းအား’ နဲ့ တကယ့်ကို လိုက်ဖက်ညီတာပဲ ၊ ဒါကြောင့် ဓားနဲ့ မိုးကြိုးစွမ်းအားက စပ်ကြောင်းလေးတစ်ခုတောင်မရှိဘဲ ပေါင်းစပ်သွားနိုင်တာကိုး”
ရန်ကျောက်ကဲက ‘ထာဝရညမိုးကြိုးဓား’ ကို သန့်စင်နေချိန် အားဟူနှင့် ပန်ပန်တို့က မီးတောက်မိစ္ဆာများနှင့် တိုက်ခိုက်နေကြသည်။ ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ချက်ချင်းပင် စိတ်အာရုံကို စုစည်းလိုက်၏။
ထို့နောက် အနီရင့်ရောင်လက်စွပ်ကို ထုတ်ဖော်လိုက်သည့်အခါ မီးတောက်မိစ္ဆာဧကရာဇ်ကိုယ်တိုင် ရောက်ရှိလာသည့်အလား ခံစားကြရပြီး အနီးပတ်ဝန်းကျင်မှ မီးတောက်မိစ္ဆာများအားလုံး ကြောက်ရွံ့ထိတ်လန့်ကာ မှင်တက်သွားကြသည်။
ရေဝဲဂယက်ကြီးထဲသို့ စုပ်ယူခံလိုက်ရပြီဖြစ်သဖြင့် မဟာမီးတောက်မိစ္ဆာ (၂)ယောက်လည်း မရှိတော့လေရာ ကျန်ရှိသော မီးတောက်မိစ္ဆာများမှာ လက်စွပ်၏သြဇာလွှမ်းမိုးမှုကို ကြီးမားစွာ ခံစားကြရသည်။
ရန်ကျောက်ကဲက အချိန်မဖြုန်းဘဲ ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ကို ဆွဲထုတ်လိုက်ပြီး နတ်ဆိုးခွင်းအင်းသင်္ကေတများပစ်လွှတ်လိုက်ရာ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ပင်လယ်ရေနက်ထဲတွင် ခရမ်းရောင်နှင့် ရွှေရောင်အလင်းတန်းများ ရစ်ပတ်လျှက် ပေါက်ကွဲထွက်သွားပြီး အေးစက်သော ချီစွမ်းအားလှိုင်းလုံးတစ်ခု ဖြစ်တည်လာကာ ပင်လယ်ပြင်တစ်ခုလုံးကို အေးခဲသွားစေသည်။
ပင်လယ်ရေများက ပွက်ပွက်ဆူပူလောင်နေဆဲ ဖြစ်သော်လည်း ပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ အတော်လေး အပူချိန်လျော့ကျသွားသည်။
ရေခဲလှိုင်းလုံးကြီးများဖြင့် ပိတ်မိသွားသဖြင့် မီးတောက်မိစ္ဆာမျာား၏ လှုပ်ရှားမှုများ နှေးကွေးသွားသည်။
ထိုအချိန် ရန်ကျောက်ကဲ၏ ကျောက်စိမ်းနဂါးဓားက လှစ်ခနဲထွက်ပေါ်လာပြီး အားဟူနှင့်ပန်ပန်တို့ကို ဝိုင်းရံထားသည့် မီးတောက်မိစ္ဆာများအားလုံးကို သတ်ဖြတ်ပစ်လိုက်၏။
အဝေးသို့ လှမ်းကြည့်လိုက်တော့ ရေအောက်ကျောက်တန်းအလယ်ဗဟိုရှိ ချောက်နက်ကြီးကို ဗဟိုပြုလျှက်လှည့်ပတ်နေသော အလွန်ကြီးမားသည့် ရေဝဲဂယက်ကြီးကို တွေ့မြင်ရသည်။
ဝဲဂယက်ကြီးက မရပ်တန့်သေးသော်လည်း အတိုင်းအတာတစ်ခုအထိ အရှိန်လျော့နည်းသွားပေပြီ။ ရေခဲနှင့်မီးတောက်များက ရေဝဲဂယက်ကြီးအတွင်း ရောနှောလျှက် လှည့်ပတ်နေဆဲဖြစ်ဖြစ်ပြီး ရပ်တန့်သွားခြင်းတော့ မရှိသေးပေ။
ထိုရေဝဲဂယက်ကြီးအရှိန်ကြောင့် အနီးပတ်ဝန်းကျင် ရေအောက်ကျောက်တန်းတန်းများ ဆက်တိုက်ဆိုသလို ကွဲအက်စပြုာပြီး အရှေ့ပင်လယ်မှ အခြားနေရာများကဲ့သို့ မြေအောက်မီးလျှံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ပင်လယ်ပြင်တစ်ခုလုံးသည် ပွက်ပွက်ဆူလျှက် ပင်လယ်ရေမျက်နှာပြင်ထက် ရေနွေးငွေ့များဖြင့် ဖုံးလွှမ်းလျှက် ရှိနေသေးသည်။
သို့သော် ရန်ကျောက်ကဲတို့ လက်ရှိရောက်နေသော ပကတိမီးသွေးကြော ဆုံချက်နေရာသည် ယခင်ကကဲ့သို့ တဖြည်းဖြည်း ပြန်လည်ငြိမ်သက်လာသည်။
သို့သော် ဤသည်က ကျယ်ပြောသောအရှေ့ပင်လယ်၏ ဤနေရာလေးတွင်သာ ကွက်၍ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အခြားနေရာများတွင် ပင်လယ်ပြာသည် မီးတောက်ပင်လယ်အတိုင်းရှိနေဆဲဖြစ်ပြီး ကမ္ဘာပျက်ကိန်းမြင်ကွင်းများပမာ တောက်လောင်နေဆဲပင်။
ရန်ကျောက်ကဲဘေးနားတွင်ရှိနေသည့်အားဟူက ကောင်းကင်မိုးကြိုးခန်းမမှ ‘ကျန်’ မျိုးနွယ်လူရွယ်ပုံစံဖြင့် ရှိနေဆဲ ဖြစ်၏။
‘အတုအယောင်မရဏကျောက်စိမ်း’ ၏ စွမ်းအားကျန်ရှိနေသေးသဖြင့် မူလပုံစံသို့ ပြောင်းလဲနိုင်ရန် ခဏမျှ အချိန်ယူရပေဦးမည်။
သို့သော် ကျောက်စိမ်းကို အသုံးပြုသူ၏စိတ်ဆန္ဒအရ ‘အတုအယောင်မရဏကျောက်စိမ်း’ ၏ စွမ်းအားက အချိန်မတိုင်ခင် လွင့်ပြယ်သွားနိုင်သည်သာ။
ခဏအကြာတွင်တော့ အားဟူ၏ ပိန်ပါးသောခန္ဓာကိုယ်မှ အသံများ တဖျစ်ဖျစ်မြည်လာသည်။
ဂိုဏ်းတူအစ်ကို’ကျန်၏ ရုပ်သွင်က လက်ရှိခန္ဓာကိုယ်ထက် ခေါင်းနှစ်လုံးစာခန့်ပိုမြင့်လာပြီး ခန္ဓာကိုယ်ကြီးကလည်း ကြီးထွားလာသည်။
မူလပုံစံအတိုင်း ပြန်ဖြစ်လာသည်နှင့် အားဟူက မေးစေ့ကိုပွတ်လိုက်ရင်း...
“သခင်လေး... ‘အတုအယောင်မရဏကျောက်စိမ်း’ က အတော်လေး အသုံးဝင်တာပဲ ၊ ကျွန်တော်တို့မှာ တစ်ခုပဲရှိတာ စိတ်မကောင်းစရာပဲ”
ရန်ကျောက်ကဲက အဝေးဆီမှ ရေဝဲဂယက်ကြီးကို စူးစိုက်ကြည့်နေရင်း...
“မင်း ဒီတစ်ခေါက် အတော်လေး စွန့်စားခဲ့တာပဲ”
သူက ဆက်ပြောသည်။
“သာမန်ဆိုရင် ‘အတုအယောင်မရဏကျောက်စိမ်း’ က မင်း ဟန်ဆောင်ရမယ့်သူနဲ့ ရင်းနှီးကျွမ်းဝင်မှ အဆင်ပြေမှာ ၊ ဟိုတစ်ခါ အနက်ရောင်အိပ်မက်ဆိုးတောင်ကလူ လုပ်သလိုမျိုးပေါ့ ၊ မဟုတ်လို့ကတော့ ရုပ်ရည်တူနေရင်တောင်မှ အလေ့အထတွေ အမူအရာတွေ ကွဲပြားနေမယ်ဆိုရင် သံသယအဝင်ခံရမှာလေ”
“မင်းက အဲဒီလူနဲ့ ချီစွမ်းအားတွေ အသက်ရှူသံတွေကအစ တူအောင်လုပ်နိုင်ပေမယ့် အမူအရာ အလေ့အထတွေ မတူရင် ပြဿနာတက်ပြီပဲ ၊ အခုက အခြေအနေက ဖရိုဖရဲဖြစ်နေလို့ သက်သာသွားတာ ၊ မဟုတ်ရင် ရန်သူက မင်းကို ချက်ချင်းသိသွားမှာ”
ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်ရင်း...
“ကံကောင်းတာက... အခြေအနေက ရှုတ်ထွေးနေတော့ ရန်သူက မင်းကို သတိမထားမိတော့ဘူး ၊ မဟုတ်လို့ကတော့ မင်းအတွက် အရမ်းအန္တရယ်များတယ်”
အားဟူက ရယ်မောရင်း...
“သူတို့က သခင်လေးကို အာရုံစိုက်နေကြတာလေ ၊ ဒီတော့ ကျွန်တော့်အတွက် အန္တရယ်ကင်းပါတယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း ရေခဲနှင့်မီးလျှံများပေါင်းစပ်ထားသော ကြီးမားသည့်ရေဝဲဂယက်ကြီးကို စူးစိုက်ကြည့်နေသည်။
အချိန်ကြာလာသည်နှင့်အမျှ လှည့်ပတ်နေသည့် ရေဝဲဂယက်ကြီးက တဖြည်းဖြည်း အားပျော့လာသည်။
အားဟူက နှုတ်ခမ်းတစ်ချက်သပ်ရင်း...
“သခင်လေး... ဒီလိုမျိုးတည်ငြိမ်နေတဲ့ တခြားဆုံချက်နေရာတွေကို လိုက်ရှာပြီး တစ်ခုချင်းဆီကို ဖျက်ဆီးပစ်ကြမလား ၊ ဒီလိုနေရာမျိုးတွေမှ အရှေ့ပင်လယ်တစ်ခုလုံးမှာ တစ်ထောင်လောက်မရှိရင်တောင် ရာနဲ့ချီပြီးရှိမှာပဲ မဟုတ်လား ၊ အဲဒါဆိုရင် ပင်လယ်ပြင် တည်ငြိမ်သွားနိုင်မယ်ထင်တယ်”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“အဲဒီလိုလုပ်တာ အသုံးမဝင်ဘူး ၊ အခု မီးတောက်မိစ္ဆာတွေက သူတို့အကြံအစည် အောင်မြင်နေပြီဆိုတော့... တည်ငြိမ်နေတဲ့ ဆုံချက်နေရာတိုင်းကို လိုက်ဖျက်ဆီးမယ်ဆိုရင် ရောဂါဖြစ်ရတဲ့အကြောင်းရင်းကို မကုသဘဲ ဆေးမြီးတိုနဲ့ကုသလို ဖြစ်နေလိမ့်မယ် ၊ ငါတို့ အခြေအနေ စောင့်ကြည့်ကြသေးတာပေါ့”
ထိုစကားကြားတော့ အားဟူက ခေါင်းအနောက်ဘက်ကို လက်ဖြင့်သပ်ရင်း မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။
ငြိမ်သက်နေသော ပင်လယ်ပြင်သည် ဂနာမငြိမ်သည့် လက္ခဏာများ ပြန်လည်ပြသလာသောကြောင့် ဖြစ်သည်။
ရေအောက်မြေပြင်များ ပြန်လည်အက်ကွဲလည်ပြီး အတွင်းမှ မီးတောက်များ ပေါက်ကွဲထွက်လာသည်။
သူတို့က ကြယ်တာရာချီစွမ်းအားများဖြင့် ပင်လယ်ရေအပူချိန်ကို ကာကွယ်ထားသော်လည်း ပတ်ဝန်းကျင် အပူရှိန်များ ပြန်လည်မြင့်တက်လာကြောင်း ရှင်းရှင်းလင်းလင်း ခံစားရသည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“အရှေ့ပင်လယ်မှာ ဒီနေရာလိုမျိုး တည်ငြိမ်တဲ့ ပကတိမီးသွေးကြောဆုံချက်တွေ အများကြီးရှိတယ် ၊ အဲဒီဆုံချက်တွေအားလုံးက ကွန်ယက်ကြီးတစ်ခုလိုပဲ ချိတ်ဆက်နေတာလေ ၊ စောစောက ဒီနေရာက ဆုံချက်ပျက်ဆီးသွားလို့ ပတ်ဝန်းကျင်ပင်လယ်ရေပြင် အပူချိန်ကျသွားပေမယ့် ကျန်တဲ့ကွန်ယက်နေရာတွေက အချိန်တိုအတွင်း ပြုပြင်ပေးလိုက်လို့ အခု နဂိုအတိုင်း ပြန်ဖြစ်သွားပြီ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့... ပကတိမီးသွေးကြောဆုံချက်နေရာတွေကို ချိတ်ဆက်ထားတဲ့ မီးလျှံကွန်ယက်အလယ်ဗဟိုကို တိုက်ခိုက်နိုင်မယ်ဆိုရင်တော့ အခြေအနေက ငြိမ်သက်သွားနိုင်တယ်”
အားဟူက...
“သခင်လေး ဒီနေရာကဆုံချက်ကို ဖျက်ဆီးလိုက်ရတဲ့ အဓိကရည်ရွယ်ချက်က အဲဒါလား”
ရန်ကျောက်ကဲက အဝေးသို့ လှမ်းကြည့်ရင်း...
“အမှန်ပဲ ၊ ဒီဆုံချက်ကို ဖျက်ဆီးလိုက်တဲ့အတွက် မီးလျှံကွန်ယက်တစ်ခုလုံးရဲ့ စွမ်းအားစီးဆင်းမှုကို သိမြင်နိုင်ပြီး ကွန်ယက်ဗဟိုချက် ဘယ်နေရာမှာလဲဆိုတာ ခြေရာခံနိုင်ခဲ့တယ် ၊ ပြဿနာဖြေရှင်းဖို့အတွက် ကွန်ယက်ဗဟိုချက်က အဓိကသော့ချက်ပဲ”
ထို့နောက် ရန်ကျောက်ကဲက ပန်ပန်ကို လှည့်ကြည့်ရင်း...
“သားကြီး... စလိုက်ကြရအေင်ဟေ့”