သိုင်းသူတော်စင်များ၏တိုက်ပွဲ
Vol. 28 Ch. 396
အခန်း (၃၉၆) သိုင်းသူတော်စင်များ၏တိုက်ပွဲ
ပန်ပန်ထက်တွင်ထိုင်နေသော ရန်ကျောက်ကဲက အဝေးသို့ကြည့်နေသယောင်ရှိသော်လည်း သူ့မျက်ဝန်းများက မည်သည့်နေရာကိုမှ အာရုံစိုက်နေခြင်း မရှိပေ။
သူက ဤနေရာရှိ ရေအောက်မြေပြင်သွေးကြောများ၏ လည်ပတ်မှု ၊ ပြောင်းလဲမှုနှင့် လှုပ်ရှားမှုများကို အဆက်မပြတ် အာရုံခံနေခြင်းဖြစ်ပြီး ‘ပကတိမီးသွေးကြော’ များ ပြောင်းလဲရခြင်းရင်းမြစ်ကို စေ့စေ့စပ်စပ် ရှာဖွေဖော်ထုတ်နေခြင်း ဖြစ်၏။
မီးတောက်မိစ္ဆာများက ‘ပကတိမီးသွေးကြော’ ဆုံချက်များကို တစ်ချိန်တည်း ပေါက်ကွဲစေခဲ့ပြီး မီးလျှံကွန်ယက် ဗဟိုချက်ကိုတော့ ဖုံးကွယ်ထားခဲ့သည်။
ယခု ရန်ကျောက်ကဲကြောင့် ဆုံချက်တစ်ခု ပျက်ဆီးသွားသော်လည်း မီးလျှံကွန်ယက်၏ အလုံးစုံပြုပြင်ပေးမှုအောက်တွင် အရာအားလုံးက ပြန်လည်ဟန်ချက်ညီသွားခဲ့သည်။
သို့သော် ထိုအခြေအနေကို အကြောင်းပြုပြီး မီးလျှံကွန်ယက်လည်ပတ်မှုများကို အခြေခံကာ ရန်ကျောက်ကဲက ကွန်ယက်ဗဟိုချက်ကို ခြေရာခံနိုင်ခဲ့သည်။
ရေခဲနှင့်မီးတောက်များ ရောယှက်လျှက်ရှိသော ပင်လယ်ရေပြင်ကို ရန်ကျောက်ကဲ ချန်ထားရစ်ခဲသည်။
သို့သော် ယခု ထိုနေရာတွင် အခြားနေရာများကဲ့သို့ မီးတောက်များထွက်ပေါ်လာပြီး အဆုံးမရှိသောပင်လယ်ပြသည် မီးတောက်ပင်လယ်အဖြစ် ပြန်လည်ပြောင်းလဲသွားကာ ကမ္ဘာ့အဆုံးသတ်မြင်ကွင်းပမာ ဖြစ်နေမည်ကို ရန်ကျောက်ကဲ အာရုံခံနိုင်သည်။
ထိုသို့ ပုံမှန်မဟုတ်သည့်အခြေအနေများက ရပ်တန့်မသွားဘဲ ဆက်တိုက်ဖြစ်ပေါ်နေပါက ရက်ပေါင်းများစွာ ကြာလာသည့်အခါ အရှေ့ပင်လယ်ရေများအားလုံး အငွေ့ပျံခမ်းခြောက်သွားပေမလိမ့်မည်။ ဝေးလံသော သမုဒ္ဒရာများမှ ပင်လယ်ရေ ပြန်ပြည့်လာစေရန် အဆက်မပြတ် ထောက်ပံ့ပေးနေဦးတော့ မြေအောက်မီးတောက်များကြောင့် ပင်လယ်က ခမ်းခြောက်မြဲ ခမ်းခြောက်နေမည် ဖြစ်၏။
သဘာဝတရား၏ ထူးဆန်းသောပြောင်းလဲမှုကြောင့် ပင်လယ်ပြင်အထက် ကောင်းကင်ယံတွင်လည်း ရာသီဥတုများ ဖောက်ပြန်လာမည် ဖြစ်သည်။
ဟာရီကိန်းမုန်တိုင်းများ ၊ ငလျင်များ ၊ ဆူနာမီများ မကြာခဏ ဖြစ်ပေါ်လာပေလိမ့်မည်။
ဤမျှကြီးမားသောအတိုင်းအတာဖြင့် အရှေ့ပင်လယ်မှ မြေပြင်သွေးကြောများ ပြောင်းလဲသွားခြင်းက ပင်လယ်ပြင်တစ်ခုလုံးသာမက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုများကို ထိခိုက်စေမည်သာပင်။
အချိန်ကြာလေ ခန့်မှန်းမရသည့် ဆိုးကျိုးများက ပိုမိုများပြားလာလေ ဖြစ်ပေလိမ့်မည်။
မီးတောက်မိစ္ဆာများက ဖျက်ဆီးခြင်းနှင့် ကျူးကျော်ခြင်းကိုသာ စိတ်ဝင်စားကြပြီး သူတို့ရောက်ရှိလာသည့်ကမ္ဘာ ပျက်သုဉ်းသွားမည်ကို စိတ်မဝင်စားကြပေ။
သို့သော် ဤကမ္ဘာပျက်ဆီးသွားပါက ဤကမ္ဘာပေါ်တွင်နေထိုင်သော သိုင်းကျင့်ကြံသူများ၏ စိတ်ပိုင်းဆိုင်နှင့် ချီစွမ်းအားစီးဆင်းမှုများအပေါ်တွင် အကြီးအကျယ် အန္တရယ်ကျရောက်မည်မှာ အသေအချာပင်။
များသောအားဖြင့် ပြုံးနေတတ်သော အားဟူသည်ပင် ယခုတော့ စိုးရိမ်ပူပန်နေဟန် ရှိသည်။
“သခင်လေး... မီးလျှံကွန်ယက်ဗဟိုချက်မှာ မီးတောက်မိစ္ဆာတွေဘက်က ထိပ်တန်းအဆင့်အကြီးအကဲတွေ အများကြီး စောင့်ကြပ်နေလောက်တယ်”
ရန်ကျောက်ကဲက အရှေ့ဆီသို့ စူးစိုက်ကြည့်နေရင်း...
“အင်း... ဖြစ်နိုင်ခြေ ရှိတယ်”
သူတို့နှစ်ယောက် ပန်ပန်ထက်တွင်ထိုင်ရင်း ခရီးဆက်လာကြသည်။
များပြားလှစွာသော ပကတိမီးသွေးကြော ဆုံချက်နေရာတိုင်းက တည်ငြိမ်အေးဆေးလျှက်ရှိသည်။ ထိုနေရာများတွင် မြေအောက်မီးတောက်များလည်း လောင်ကျွမ်းနေခြင်း မရှိသဖြင့် အန္တရယ်ကင်းဧရိယာအဖြစ် သတ်မှတ်နိုင်သည်။
သို့သော် ထိုနေရာများ၏ ဘယ်နှင့်ညာ တစ်ဖက်တစ်ချက်စီတွင် မီးတောက်များ အဆက်မပြတ်တောက်လောင်နေပြီး ပင်လယ်ရေပြင်ထက်သို့ ရေပူဖောင်းများမြင့်တက်သွားကာ လွင့်မျောလျှက်ရှိသည်။
အရှေ့ပင်လယ်ပြင်တွင် ဆုံချက်နေရာ အန္တရယ်ကင်းဧရိယာများ များစွာရှိသည်။
ရန်ကျောက်ကဲက ထိုနေရာများကို ရွေးချယ်ဖြတ်သန်းလျှက် တတ်နိုင်သမျှ ဦးတည်ရာသို့ ရောက်ရှိရန် အမြန်ဆုံး ခရီးနှင်နေ၏။
သူက ထိုဆုံချက်နေရာများကို လှုပ်ရှားအေင်မပြုလုပ်ဘဲ မီးလျှံပိုက်ကွန်ဗဟိုချက်ဆီသို့သာ တည့်တည့်မတ်မတ် အလျှင်အမြန် သွားနေသည်။
‘အေးစိမ့်ချောက်နက်အရံအတား’ တည်ဆောက်ရန် ပြုလုပ်ခဲ့သော ရေခဲဆူးချွန်ကိုးခုမှာ ယခုတော့ ရေအောက်ကျောက်တောင်တန်းမှ ချောက်နက်ကြီး၏ တည်ငြိမ်မှုကို ဖျက်ဆီးရာတွင် အသုံးပြုခဲ့ရသည်။
ထို့ကြောင့် အရှန်ပြင်းစွာ ပြေးလွှားနေသော ပန်ပန်၏ကျောထက်တွင်ထိုင်ရင်း ရန်ကျောက်ကဲက ရေခဲဆူးချွန်များကို အလျှင်အမြန် ထပ်မံပြုလုပ်နေသည်။
စိတ်မကောင်းစရာမှာ ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ပြုလုပ်ရာ၌ ကူညီခဲ့ရသဖြင့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက အတော်လေး ပျက်ဆီးသွားခဲ့သည်။
ထို့ကြောင့် ရေခဲဆူးချွန်များ ထပ်မံပြုလုပ်ရန် အလွန်တရာခက်ခဲလှသော်လည်း သူက ဖြည်းဖြည်းမှန်မှန် ဝီရိယရှိရှိဖြင့် ပြုလုပ်နေခဲ့သည်။
မီးတောက်မိစ္ဆာများနှင့် လူသားများ၏ တိုက်ပွဲကတော့ အရှေ့ပင်လယ်တွင် ဆက်လက်ပြင်းထန်နေဆဲပင်။
လက်ရှိတွင် အရှေ့ပင်လယ်က မီးတောက်ပင်လယ်ကြီးဖြစ်နေလေရာ မီးတောက်မိစ္ဆာများအတွက် ပြီးပြည့်စုံသော တိုက်ပွဲကြိုးဝိုင်းဖြစ်နေပေပြီ။ မီးတောက်ပင်လယ်က မီးတောက်မိစ္ဆာကမ္ဘာနှင့် ဆင်တူသဖြင့် ရန်သူများ၏တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးရုံသာမက အားအင်ကုန်ခမ်းခြင်းလည်းမရှိတော့သဖြင့် ပိုမိုရဲတင်းစွာ တိုက်ခိုက်လာကြသည်။
လူသားသိုင်းသမားများမှာ အံတင်းတင်းကြိတ်ကာ ရန်သူများကို ခုခံနေရပြီး တဖြည်းဖြည်း အကျအဆုံး များလာသည်။
ရန်ကျောက်ကဲက မီးလျှံကွန်ယက်ဗဟိုချက်သို့ သွားရာလမ်းတစ်လျှောက်တွင် လူသားသိုင်းသမားများသာမက မီးတောက်မိစ္ဆာများနှင့်လည်း ဆုံခဲ့ရသည်။
သို့သော် သူက မီးတောက်မိစ္ဆာဧကရာဇ်၏ အနီရင့်ရောင်လက်စွပ်ကို သေသေချာချာ သိမ်းဆည်းထားသဖြင့် မည်သည့်အငွေ့အသက်မှ ထွက်ပေါ်လာခြင်းမရှိပေ။
ထို့ပြင် မီးတောက်မိစ္ဆာအများစုက ရန်ကျောက်ကဲကို သိရှိနေကြပြီဖြစ်လေရာ သူကိုယ်တိုင်၏ အငွေ့အသက်နှင့် ရောင်ဝါကိုလည်း တတ်နိုင်သမျှ ထိန်းချုပ်ထားခဲ့ရသည်။
အခြေအနေက အရေးပေါ်ဖြစ်နေလေရာ လူတိုင်းက လျှင်မြန်စွာ လှုပ်ရှားနေကြ၏။
မီးလျှံကွန်ယက်ဗဟိုချက် တည်နေရာကို အကြမ်းဖျင်းသိရှိပြီးနောက် ရန်ကျောက်ကဲက တတ်နိုင်သမျှ လမ်းတွင်အချိန်မဖြုန်းရန် ဆုံးဖြတ်ခဲ့သည်။
လမ်းရှင်းနေသည့်တိုင် ရေထဲတွင်သွားလာရခြင်းဖြစ်သဖြင့် ပန်ပန်၏အရှိန်အဟုန်က ကုန်းပေါ်တွင်သွားလာရခြင်းလောက် လျှင်မြန်ခြင်း မရှိပေ။
အချိန်ကြာလာသည်နှင့်အမျှ ပတ်ဝန်းကျင်ကလည်း ပိုမိုကြမ်းတမ်းလာသည်။
ရန်ကျောက်ကဲမျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း သူ့မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများ ရစ်သိုင်းထင်ဟပ်လာသည်။
နောက်ဆုံး ပကတိမီးသွေးကြော ဆုံချက်တစ်ခုဆီသို့ ရောက်လာကြသည်။
ထိုနေရာရောက်တော့ ရန်ကျောက်ကဲက ပန်ပန်ကို အသာပုတ်လိုက်သဖြင့် ထိုသားရဲကြီးက ချက်ချင်း အရှိန်လျှော့လိုက်သည်။
ပကတိမီးသွေးကြောဆုံချက်နေရာက ပုံမှန်ဟုပင် ထင်မှတ်ရသော်လည်း ရန်ကျောက်ကဲ၏ ခန့်မှန်းတွက်ချက်မှုများအရ ထိုနေရာမှာ အရှေ့ပင်လယ်ပြင်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည့် ကြီးမားသော မီးလျှံကွန်ယက်၏ အဓိကဗဟိုချက်ဖြစ်သည်မှာ သေချာလေသည်။
အချိန်တိုအတွင်းမှာပင် မီးတောက်မိစ္ဆာများက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ မြေပြင်သွေးကြောများကို လှုပ်ခတ်အောင် ကြီးမားသောအတိုင်းအတာဖြင့် ပြောင်းလဲနိုင်ခဲ့ပြီး လူသားများကို လှည့်စားနိုင်ခဲ့သည်။ မြေပြင်သွေးကြောများ၏ မီးစွမ်းအားအနှစ်သာရများ ပေါက်ကွဲထွက်သွားခြင်း အဓိကအကြောင်းရင်းက ဤနေရာတွင် တည်ရှိနေသည်။
ထို့ပြင် ရန်ကျောက်ကဲ ရပ်တန့်သွားရသည့် နောက်ထပ် အကြောင်းရင်းတစ်ခု ရှိနေသေးသည်။ ထိုအချက်မှာ သူ့ရှေ့မှ မြင်ကွင်းက လုံးဝအန္တရယ်များသည့် မြင်ကွင်းတစ်ခု ဖြစ်နေသောကြောင့်ပင်။
ပင်လယ်ရေအောက်တွင် တိတ်ဆိတ်ငြိမ်သက်နေသည့် ကျောက်တောင်တန်းကြီးဆီတွင် ပြဿနာက တည်ရှိခြင်း မဟုတ်ပေ။ ထို ကျောက်တောင်တန်းကြီး မလယ်ဗဟိုတွင် ကြီးမားသော ချောက်နက်ကြီးတစ်ခု ဖြစ်တည်နေပြီး ထိုချောက်နက်ကြီးထဲတွင် အနီရောင်မီးတောက်များ တောက်ပနေခြင်းက ပြဿနာဖြစ်သည်။
နောက်ထပ်ပြဿနာတစ်ခုမှာ ထိုနေရာနှင့်တည့်တည့် ပင်လယ်ရေမျက်နှာပြင်ထက်တွင် စွမ်းအားအတက်များစွာ ဖြစ်ပေါ်နေပြီး ထိုစွမ်းအားများက မီးလျှံချောက်နက်ကြီးဆီသို့ ကျဆင်းလာနေသည်။
ပင်လယ်ရေပြင်ထက်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေဟန် ရှိသည်။
စွမ်းအားအတက်များကိုကြည့်ခြင်းအားဖြင့် ဝါဒတောင်တိုက်ပွဲ ၊ ကျောက်စိမ်းပင်လယ်မြို့တော်တိုက်ပွဲတို့ထက်ပင် ပိုမိုကြောက်စရာကောင်းကြောင်း ခန့်မှန်းနိုင်သည်။
ထို့ကြောင့် ရန်ကျောက်ကဲမှာ နတ်ဘုရားတစ်ပါးပင် ဖြစ်ဦးတော့ ထိုနေရာသို့ ပေါ့ပေါ့တန်တန် မချဉ်းကပ်ဝံ့ဘဲ ရပ်တန့်ကာ အခြေနေကို စောင့်ကြည့်နေရသည်။
ကောင်းကင်ပြိုကျ ၊ မြေကြီးကျွံဝင်လျှက် ပင်လယ်ရေပြောင်းပြန်စီးဆင်းသည်ဆိုရလောက်အောင် တိုက်ပွဲက ပြင်းထန်လွန်းသည်။
သို့သော် ရန်ကျောက်ကဲက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ပြီး သူ့မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများသည်လည်း လျော့နည်းသွားသည်။
“ဆရာဘိုးဘိုးတို့တွေ ဒီနေရာကို ရောက်နေကြပြီပဲ...”
***
ပင်လယ်ရေပြင်ထက်တွင်တော့ ကောင်းကင်တုန်လှုပ် ၊ မြေကြီးပြောင်းပြန်လန်သည်အထိ အလွန်တရာပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေသည်။ တိုက်ပွဲတွင် ယွမ်ကျန်းဖုန်း ၊ ဟွမ်ကွမ်လီနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ထိပ်တန်သိုင်းသမားများစွာက မီးတောက်မိစ္ဆာများ၏ ကျူးကျော်တိုက်ခိုက်မှုကို အပြင်းအထန် ခုခံနေကြသည်။
အရှေ့ပင်လယ် နေရာအသီးသီးတွင် တိုက်ခိုက်နေကြသော ကမ္ဘာနှစ်ခုမှ ထိပ်တန်းအဆင့်သိုင်းသမားများသည် ယခုတော့ မီးလျှံကွန်ယက် ဗဟိုချက်တည်ရှိရာနေရာ ပင်လယ်ပြင်ထက်တွင် တဖြည်းဖြည်း စုရုံးလာကြသည်။ တိုက်ပွဲကတော့ ရှုတ်ထွေးပြီး အနိုင်အရှုံးဆုံးဖြတ်ရန် ခက်ခဲသေး၏။
ရန်ကျောက်ကဲက ရေအောက်ကျောက်တောင်တန်းထက်မှ ပကတိမီးသွေးကြောဆုံချက်တစ်ခုကို ဖျက်ဆီးလိုက်သဖြင့် ထိုနေရာကို ပြုပြင်ပေးရန် မီးလျှံကွန်ယက်တစ်ခုလုံးက အလိုအလျှောက် ပြောင်းလဲသွားသည်။
မီးတောက်မိစ္ဆာများနှင့် တိုက်ခိုက်နေရင်း မြေပြင်သွေးကြောပြေင်းလဲမှုများကို တားဆီးရန်ကြိုးစားနေသည့် လူသားသိုင်းကျင့်ကြံသူများမှာ ထိုအပြောင်းအလဲကို ချက်ချင်း အာရုံခံမိကြသည်။
အထူးသဖြင့် ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် ယွမ်ကျန်းဖုန်းနှင့် အခြားသိုင်းသူတော်စင်များက ထိုအချက်ကို ချက်ချင်းသိရှိသွားကြပြီး မြေပြင်သွေးကြောအခြေအနေပြောင်းလဲမှုများကိုပုံဖော်ကာ မီးလျှံကွန်ယက်ဗဟိုချက်နေရာကို ရှာဖွေတွေ့ရှိသွားကြသည်။
သို့သော် မီးလျှံကွန်ယက်ဗဟိုချက်ကို ယွမ်ကျန်းဖုန်းတို့အုပ်စု ဖျက်ဆီးပစ်မည်ကို ကျင်းကျုန်းနှင့် အခြားမီးတောက်မိစ္ဆာဘုရင်များက ခွင့်မပြုနိုင်ကြပေ။ ထို့ကြောင့် သူတို့က တိုက်ပွဲကို တတ်နိုင်သမျှဖိနှိပ်ထားပြီး မီးတောက်မိစ္ဆာများအားလုံးကို ဤနေရာတွင် စုဝေးစေခဲ့ကြသည်။
သာမန်လူများအတွက် ပင်လယ်ပြင်က အလွန်ကျယ်ပြောလှပေသည်။
သို့သော် သိုင်းသူတော်စင်များအတွက်တော့ ဤပင်လယ်ပြင်က ခြေတစ်လှမ်းစာမျှသာပင်။
ယခုတော့...
ဤနေရာတွင် ကမ္ဘာနှစ်ခုမှ သိုင်းသူတော်တော်စင်အဆင့် (၁၀)ယောက်ကျော် ရောက်ရှိနေကြပြီး မိုးမြေပြောင်းပြန်လန်ရလောက်အောင် ပြင်းထန်သောတိုက်ပွဲကြီးတစ်ခု ဆင်နွှဲလျှက် ရှိလေ၏။