မီးလျှံချောက်နက်ကြီးအတွင်းမှစေတီငယ်
Vol. 28 Ch. 397
အခန်း (၃၉၇) မီးလျှံချောက်နက်ကြီးအတွင်းမှစေတီငယ်
ကျူးကျော်ဝင်ရောက်လာသော မီးတောက်မိစ္ဆာများကို လူသားများက အပြင်းအထန် ခုခံနေကြပြီး တိုက်ပွဲက အပြင်းထန်ဆုံးအဆင့်တွင် ရောက်ရှိနေသည်။ အရှေ့ပင်လယ်ကတော့ အဓိကစစ်မြေပြင်တစ်ခု ဖြစ်လာသည်ပင်။
ပကတိမီးသွေးကြောများစွာ၏ မဆက်မပြတ်ပေါက်ကွဲသံများနှင့်အတူ မီးတောက်မိစ္ဆာများသည် စစ်မြေပြင်တွင် အသာစီးရလာခဲ့ပြီး အရှေ့ပင်လယ် အပြင်ဘက်ရှိ ဒေသများကိုပင် ခြိမ်းခြောက်တိုက်ခိုက်မှုများ ပြုလာကြသည်။
ပကတိမီးသွေးကြောပေါက်ကွဲထွက်ခြင်း၏ မူလအစကို ရှာဖွေတွေ့ရှိခဲ့ကြပြီးနောက် ယွမ်ကျန်းဖုန်းနှင့် အခြားသိုင်းသူတော်စင်များက ထိုနေရာသို့ အလျှင်အမြန် သွားရောက်ကြသည်။
သို့သော် မီးတောက်မိစ္ဆာများဘက်မှ ထိပ်တန်းအဆင့်ရှိသူများကလည်း ဤနေရာသို့ စုရုံးရောက်ရှိလာကြပြီး ယွမ်ကျန်းဖုန်းတို့အုပ်စုကို အပြင်းအထန်တိုက်ခိုက်ကြလေရာ ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယခု ရန်ကျောက်ကဲက တိုက်ပွဲအစွန်အဖျားတစ်နေရာတွင် ရောက်ရှိနေပြီး သူက တိုက်ပွဲအတွင်းသို့ အရမ်းကာရော ဝင်ရောက်သွားခြင်း မရှိပေ။
ကွန်ယက်ဗဟိုချက်နေရာ ပင်လယ်ရေပြင်ထက်တွင် သိုင်းသူတော်စင်အဆင့် (၁၀)ယောက်ကျော်ခန့် အပြင်းအထန် တိုက်ခိုက်နေကြပြီး သူတို့၏စွမ်းအားလှိုင်းလုံးများကြောင့် လေထုသည်ပင် ကျိုးပျက်နေသည့်အလား ထင်မှတ်ရသည်။
တိုက်ပွဲအနီးပတ်ဝန်းကျင်တွင် ပါဝင်တိုက်ခိုက်နေကြသူများမှာ အနည်းဆံး အမတလက်ဖွဲ့ သိုင်းဆရာသခင်အဆင့်ရှိသော လူသားများနှင့် မီးတောက်မိစ္ဆာများ ဖြစ်ကြသည်။ ထိုအဆင့်ကျင့်ကြံသူများ မဟုတ်လျှင် သိုင်းသူတော်စင်အဆင့်များ၏ တိုက်ပွဲအလယ်တွင် ရှင်သန်နိုင်မည် မဟုတ်ပေ။ တိုက်ပွဲနောက်ဆက်တွဲ ငလျှင်လှိုင်းများ ထိမှန်ရုံဖြင့် အသက်ပျောက်သွားကြမည်ပင်။
တိုက်ပွဲက ကျောက်စိမ်းပင်လယ်မြို့တော်တိုက်ပွဲကဲ့သို့ ကြီးမားပြင်းထန်သော်လည်း အခြေအနေကတော့ ပြောင်းပြန်ဖြစ်သည်။
ကျောက်စိမ်းပင်လယ်မြို့တော်တိုက်ပွဲတွင် ယွမ်ကျန်းဖုန်းနှင့် အန်းချင်လင်တို့က ကျောက်စိမ်းပင်လယ်မြို့တော်ကို ကာကွယ်ရန် မီးတောက်မိစ္ဆာများကို တိုက်ခိုက်ခဲ့ကြသည်။ ရန်သူ့ဘက်မှအသာစီးမရစေရန် မီးတောက်မိစ္ဆာဘုရင် ‘ကျင်းကျုန်း’ နှင့် အခြားသူများကို ဖိနှိပ်တိုက်ခိုက်ခဲ့ကြ၏။
ယခုအခြေအနေကတော့ လုံးဝ ပြောင်းပြန်ဖြစ်သည်။
မီးတောက်မိစ္ဆာများက မီးလျှံကွန်ယက်ဗဟိုချက်နေရာကို အပြင်းအထန် ကာကွယ်နေကြပြီး လူသားကျင့်ကြံသူများ အသာစီးမရနိုင်စေရန် ယွမ်ကျန်းဖုန်းနှင့် အခြားသူများကို ဖိနှိပ်တိုက်ခိုက်နေကြသည်။
ပတ်ဝန်းကျင်အခြေအနေပြောင်းလဲခြင်းနှင့် အင်အားကွာခြားမှုကြောင့် မီးတောက်မိစ္ဆာများက တိုက်ပွဲတွင် အသာစီးရနေသည်မှာ ပြောစရာပင် မလိုပေ။
အစပိုင်းတွင် ခံစစ်နှင့် တိုက်စစ် အခြေအနေက သူမသာ ကိုယ်မသာဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အရှေ့ပင်လယ်မှ မီးတောက်များက ပိုမိုပြင်းထန်လာလေရာ မီးတောက်မိစ္ဆာများကို ပိုမိုရဲရင့်စွာ တိုက်ပွဲဝင်လာကြသည်။
ဤအတိုင်းဆက်သွားမည်ဆိုပါက မီးတောက်မိစ္ဆာများဘက်မှ အနိုင်ရသည်အထိ ဖြစ်လာနိုင်သည်။
ရန်သူ့ဘက်မှ အဓိကပစ်မှတ်ထားသူများက ယွမ်ကျန်းဖုန်း ၊ ဟွမ်ကွမ်လီနှင့် အခြားသောသိုင်းသူတော်စင်များ ဖြစ်ကြပြီး သူတို့က သိုင်းဆရာသခင်များကို သိပ်ပြီးအရေးမစိုက်ကြပေ။
အကြောင်းမှာ မီးလျှံချောက်နက်ကြီးအနားသို့ သိုင်းဆရာသခင်များ ချဉ်းကပ်ခဲ့ကြသော်လည်း ထိုချောက်နက်ကြီးကို ဖျက်ဆီးနိုင်ခဲ့ကြခြင်း မရှိပေ။
သိုင်းဆရာသခင်များက ကြီးမားပြင်းထန်သောစွမ်းအားအသုံးပြုကာ မီးလျှံချောက်နက်ကြီးကို ဖျက်ဆီးရန် ကြိုးစားကြသော်လည်း ချောက်နက်ကြီး တုန်ခါသွားအောင်လုပ်နိုင်ရုံမှလွဲပြီး အခြေနေမထူးခြားခဲ့ကြပေ။
မည်မျှကြိုးစားပါစေ အရာမထင်သဖြင့် သိုင်းဆရာသခင်အုပ်စုမှာ လက်လျှော့လိုက်ကြပြီး ယွမ်ကျန်းဖုန်းနှင့် အခြားသိုင်းသူတော်စင်များကို ကူညီရန်သာ ကြိုးစားကြရတော့သည်။ သိုင်းသူတော်စင်တစ်ယောက်ကသာ မီးလျှံချောက်နက်ကြီးကို ချိုးဖျက်နိုင်လျှင်တော့ အကောင်းဆုံး ဖြစ်နိုင်ပေသည်။
သို့သော် မီးတောက်မိစ္ဆာဘုရင်များက သိုင်းသူတော်စင်များကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး မီးလျှံချောက်နက်ကြီးဆီသို့ မရောက်ရှိနိုင်အောင် တားဆီးထားသည်။
စစ်မြေပြင်ကို ခဏမျှလေ့လာပြီးနောက် ရန်ကျောက်ကဲက ဝါဒတောင်မှ အကြီးအကဲများဖြင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲ ရောက်လာသည်ကို သတိပြုမိသော်လည်း မီးတောက်မိစ္ဆာဘုရင်’ကျင်းကျုန်း’ နှင့် ထိပ်တိုက်ရင်ဆိုင်နေရသဖြင့် တိုက်ပွဲမှရုန်းထွက်မလာနိုင်ခဲ့ပေ။
ခဏအကြာတွင်တော့...
စီးဆင်းနေသော မီးတောက်အလွှာများကို ဖြတ်ကျော်ကာ အမျိုးသမီးတစ်ယောက် ရန်ကျောက်ကဲရှေ့သို့ ရောက်လာသည်။
အခြားသူမဟုတ် ၊ ဝါဒတောင်၏ အရှေ့ပင်လယ် ပထမအဆင့် ထိပ်တန်းအကြီးအကဲ ၊ မိုးတိမ်သခင်မ’ဖူအန်းစု’ ပင် ဖြစ်၏။
ဖူအန်းစုက အမြဲတမ်း ထက်ထက်မြက်မြက်ရှိပြီး မည်သည့်အရာကိုမှ အလျှော့မပေးတတ်သော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ယခုတော့ သူမခန္ဓာကိုယ်တွင် မီးလျှံနှင့် သွေးများစွန်းထင်းလျှက် ယခင်ကထက်ပင် ရန်မူလိုသောအငွေ့အသက်များ လွှမ်းခြုံနေပေ၏။
ဖူအန်းစုက...
“မင်း ဘာအကြောင်းရှိလို့ ဒီကိုရောက်လာတာလဲ”
သူမက ခဏမျှစဉ်းစားရင်း...
“ဒါနဲ့... စောစောက ပကတိမီးသွေးကြောဆုံချက်တစ်ခု ပျက်ဆီးသွားတာ မင်းလက်ချက်လား”
ရန်ကျောက်ကဲက...
“ဟုတ်တယ် ၊ အဲဒါ ကျွန်တော်လုပ်လိုက်တာ ၊ ဆရာဒေါ်လေး’ဖူ’ ကျွန်တော့်ကို မီးလျှံကွန်ယက်ဗဟိုချက်ကို ပို့ပေးလို့ရမလား”
ဖူအန်းစုက...
“မီးတောက်မိစ္ဆာတွေက သိုင်းသူတော်စင်တွေ အဲဒီနေရာကိုသွားမှာစိုးလို့ အဓိကထားပြီးတားဆီးနေကြတာ...”
သူမက ရန်ကျောက်ကဲကို အကဲခတ်ကြည့်ရင်း...
“မင်းမှာ အကြံအစည်တစ်ခုခုများ ရှိလို့လား ၊ ဒီ ကွန်ယက်ဗဟိုချက်က စောစောက မင်းဖျက်ဆီးလိုက်တဲ့ ပကတိမီးသွေးကြောဆုံချက်နဲ့ မတူဘူးနော်”
ရန်ကျောက်ကဲက...
“ကျွန်တော့်မှာ နည်းလမ်းရှိပါတယ် ၊ ရာနှုန်းပြည့်အောင်မြင်မယ်လို့ မဆိုနိုင်ပေမယ့် အလုပ်ဖြစ်မှာ သေချာပါတယ်”
ဖူအန်းစုက ခဏမျှ စဉ်းစားပြီးနောက်...
“ကောင်းပြီ ၊ ငါ မင်းကို ယုံလိုက်မယ်”
ပြောပြီးသည်နှင့် သူမက လက်ညိုး လက်ခလယ် အသုံးပြုကာ ဓားဝိညာဉ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ခမ်းနားသော ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ဖူအန်းစု၏ခန္ဓာကိုယ်ကို လှည့်ပတ်ကာ အထက်သို့ တဖြည်းဖြည်း မြင့်တက်သွားသည်။
များပြားလှသော ဓားအလင်းတန်းများက ဓားသွားများအဖြစ် သိပ်သည်းသွားပြီး ဓားဝိညာဉ်အစီအရင်တစ်ခု ဖြစ်တည်လာသည်။ ဖူအန်းစုက ရန်ကျောက်ကဲကို အစီအရင်ဗဟိုချက်သို့ ခေါ်ဆောင်လိုက်ပြီး ကောင်းကင်ကို ဖြတ်ကျော်ပျံသန်းကာ အဝေးတစ်နေရာသို့ ရောက်ရှိသွားသည်။
ကြီးကျယ်ခမ်းနားသည့် ဓားဝိညာဉ်အစီအရင်က ကိုယ်ပိုင်ကမ္ဘာတစ်ခုနှင့် ဆင်တူသည်။ ဝါဒတောင်၏ထိပ်တန်းသိုင်းပညာ (၃)ရပ်တွင်ပါဝင်သော ‘အဆုံးမဲ့ကောင်းကင်ဓားသိုင်း’ ကို အသုံးပြုကာ ဖူအန်းစုက ထိုဓားဝိညာဉ်အစီအရင်ကို ပြုလုပ်ထားခြင်း ဖြစ်၏။
ဖူအန်းစုနှင့် ရန်ကျောက်ကဲက ဓားဝိညာဉ်အစီအရင်နှင့်အတူ ကောင်းကင်ထက်ပျံသန်းသွားပြီး ပင်လယ်အတွင်းသို့ တစ်ဖန်ပြန်လည်ထိုးဖောက်ကျဆင်းသွားကာ ရေနက်ပိုင်းရှိ မီးလျှံချောက်နက်ကြီးရှိရာသို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားသည်။
ဤသည်ကို မီးတောက်မိစ္ဆာများ သတိထားမိသွားကြပြီး ဓားဝိညာဉ်အစီအရင်ကို ဟန့်တားရင် ပြင်ဆင်လိုက်ကြသည်။
သို့သော် ဖူအန်းစုကတော့ မီးတောက်မိစ္ဆာများ၏လှုပ်ရှားမှုကို သတိမထားခဲ့မိပေ။
ထိုအချိန် ကြီးမားသောလက်ဖဝါးကြီးတစ်ဖက် ကောင်းကင်ထက်မှ ကျဆင်းလာပြီး ရန်ကျောက်ကဲတို့နောက်သို့ လိုက်ပါလာကြသော မီးတောက်မိစ္ဆာများကို ရိုက်ချလိုက်သည်။ လက်ဝါးရိုက်ချက်ထိမှန်ခံရသည့် မီးတောက်မိစ္ဆာများအားလုံး အသက်ပျောက်ကုန်ကြတော့၏။
ရန်ကျောက်ကဲနှင့် ဖူအန်းစုကို လမ်းရှင်းပေးရန် ယွမ်ကျန်းဖုန်းက အချိန်ကိုက် လှုပ်ရှားခဲ့သည်ပင်။
ဖူအန်းစုနှင့် အခြားသိုင်းဆရာသခင်များစွာက ကွန်ယက်ဗဟိုချက်ရှိ မီးလျှံချောက်နက်ကြီးကို ဖျက်ဆီးရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ကြသဖြင့် ယွမ်ကျန်းဖုန်းနှင့် အခြားသိုင်းသူတော်စင်များ အခွင့်အရေးရရှိရန် ကူညီပေးခဲ့ကြသည်။
မီးတောက်မိစ္ဆာများ၏ လက်ရှိဗျူဟာအရ သိုင်းသူတော်စင်များကို လုံးဝထိန်းချုပ်ထားသော်လည်း သိုင်းဆရာသခင်များကိုတော့ အလွတ်ပေးထားသည်။
ထို့ကြောင့် ဖူအန်းစု၏ ဓားဝိညာဉ်အစီအရင်က ပင်လယ်ရေနက်ထဲသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားနိုင်ခြင်း ဖြစ်၏။
မီးတောက်မိစ္ဆာများက ဒေါသထွက်လွယ်ကြသော်လည်း ဆင်ခြင်ဉာဏ်တော့ ရှိကြသည်။ ဖူအန်းစု၏ မူမမှန်သောလှုပ်ရှားမှုကိုတွေ့ရှိသည်နှင့် မီးတောက်မိစ္ဆာဘုရင်က သူမကိုတားဆီးရန် အမိန့်ပေးလိုက်သည်။
ယွမ်ကျန်းဖုန်းကကြုံးဝါးသံတစ်ချက် ပြုလုပ်ရင်း...
“တိုက်ပွဲအနိုင်အရှုံးက ဒီအလုပ်ပေါ်မှာ မူတည်တယ်”
ထို့နောက် ယွမ်ကျန်းဖုန်းနှင့် အခြားသိုင်းသူတော်စင်များများက ဒီရေအလား မရပ်မနား ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပြီး မီးတောက်မိစ္ဆာဘုရင်’ကျင်းကျုန်း’ နှင့် အခြားမီးတောက်မိစ္ဆာဘုရင်များကို တောင်ကိုဖြို ၊ ပင်လယ်ကိုပြောင်းပြန်လှန်သော အရှိန်အဟုန်ဖြင့် ဝင်ရောက်တိုက်ခိုက်ကြသည်။
သို့သော် မဟာမီးတောက်မိစ္ဆာများကတော့ ဖူအန်းစုနောက်သို့ ဆက်လိုက်နေကြ၏။
ဓားရောင်တစ်ချက်လင်းလက်သွားပြီး ဖူအန်းစုက ရန်ကျောက်ကဲကို မီးလျှံချောက်နက်ကြီးရှိရာသို့ ဆင်းသက်စေလိုက်သည်။
သူကတော့ ဓားကိုဆွဲထုတ်ကာ နောက်မှလိုက်လာသည့် မဟာမီးတောက်မိစ္ဆာကြီးကို ရင်ဆိုင်လိုက်သည်။
ရန်ကျောက်ကဲပုံရိပ်ကိုမှတ်မိသွားသည်နှင့် မဟာမိးတောက်မိစ္ဆာကြီး၏မျက်နှာထက်တွင် ဒေါသတကြီးအမူအရာ ထွက်ပေါ်လာသည်။ သို့သော် ဖူအန်းစု၏ ပြင်းထန်ထက်ရှသော ဓားအလင်းတန်းက သူ့ထံသို့ ဝင်ရောက်လာသည်။
ဖူအန်းစုလက်ထဲတွင် ဓားတစ်လက်ကိုင်ထားပြီး သူမ၏ အဖြူရောင်ဝတ်စုံက ရေထဲတွင် လွင့်ပျံနေသည်။ သူမက မီးလျှံချောက်နက်ကြီးထိပ်တွင် မတ်တတ်ရပ်ရင်း သူမထံချဉ်းကပ်လာသော မီးတောက်များကို တားဆီးထားသည်။
အချိန်က စက္ကန့်နှင့်အမျှ အရေးကြီးနေလေရာ ရန်ကျောက်ကဲက နောက်လှည့်မကြည့်တော့ဘဲ အမြန်ဆုံးခြေလှမ်းများဖြင့် ချောက်နက်ကြီးဝင်ပေါက်ဆီသို့ ပြေးလွှားထွက်ခွာသွားသည်။
ထို့နောက် သူက အရိပ်ကျုံ့အိတ်တစ်ခုကို ဖွင့်လိုက်ရာ ရေရေခဲဆူးချွန်ကိုးခု ထွက်ပေါ်လာသည်။ ခရမ်းလမ်းတွင် အသစ်ထပ်မံပြုလုပ်ထားသော ရေခဲဆူးချွန်များပင် ဖြစ်၏။
ထိုရေခဲဆူးချွန်များကို ပစ်လွှတ်လိုက်သည့်အခါ ထိုအရာများက ပင်လယ်ရေထဲ လွင့်စင်မျောပါသွားကြသည်။
ရန်ကျောက်ကဲက လက်သီးတစ်ချက်ထိုးနှက်ပြီး လက်သီးသိုင်းဝိညာဉ်ကိုထုတ်ဖော်ကာ ရေခဲဆူးချွန်ကိုးခုဖြင့် အစီအရင်တစ်ခု ပြုလုပ်လိုက်သည်။
ရေခဲဆူးချွန်ကိုးကုက အဖြူရောင်ရေခဲတိုင်လုံးကြီးကိုးခုအဖြစ် ပြောင်းလဲသွားပြီး အလင်းရောင်များထွက်ပေါ်လာကာ အစီအရင်ကို ထောက်ပံ့ပေးထားသည်။
ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး သူ့တွင်ကျန်ရှိနေသည့် နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတများအားလုံးကို အစီအရင်ဗဟိုချက်သို့ ပို့ဆောင်လိုက်သည်။
အဖြူရောင်ရေခဲတိုင်လုံးကြီးကိုးခုဖြင့် ပြုလုပ်ထားသည့် အစီအရင်က တစ်ချက်လှုပ်ခါသွားပြီး မီးလျှံချောက်နက်ကြီးအတွင်းသို့ ဆင်းသက်သွားသည်။
မီးလျှံချောက်နက်ကြီး အနည်းငယ်တုန်ခါသွားပြီး မီးတောက်များ ဟုန်းကနဲတစ်ချက်တောက်လာသည်မှအပ အခြားသော အပြောင်းအလဲ ဖြစ်ပေါ်မလာခဲ့ပေ။
မျှော်လင့်ချက်များစွာဖြင့် လှမ်းကြည့်နေကြသော သိုင်းဆရာသခင်များမှာ မည်သို့မှမတတ်နိုင်စွာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
သို့သော် သူတို့က စိတ်ဓာတ်ကိုပြန်လည်စုစည်းလိုက်ပြီး ရန်သူများကို ဆက်လက်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
သူ ပြုလုပ်လိုက်သည့်နည်းလမ်းက ထိရောက်မှုမရှိသော်လည်း ရန်ကျောက်ကဲ၏ မျက်နှာအမူအရာက တည်ငြိမ်လျှက် မီးလျှံချောက်နက်ကြီးအတွင်းသို့ စူးစိုက်ကြည့်နေသည်။
မီးလျှံများကြားတွင် တစ်စုံတစ်ခုရှိနေသည်ကို ဝေဝေဝါးဝါး တွေ့မြင်နေရသည်။
ထိုအရာက ပတ်ဝန်းကျင်အနေအထား နှင့် လုံးဝ လိုက်ဖက်ညီခြင်းမရှိသော အရာတစ်ခုပင်။
ထိုအရာက...
“သွေးနီရောင်စေတီငယ်လေးတစ်ခု...” ဖြစ်လေ၏။