← Chapters

အစစ်အမှန်နဂါးကိုစီးကာ ပင်လယ်မှထွက်ခွာ ၊ ကျင့်ကြံအောင်မြင်ခဲ့တာက အမတရောင်ဝါ

Vol. 28 Ch. 399

အစစ်အမှန်နဂါးကိုစီးကာ ပင်လယ်မှထွက်ခွာ ၊ ကျင့်ကြံအောင်မြင်ခဲ့တာက အမတရောင်ဝါ

Vol. 28 Ch. 399

အခန်း (၃၉၉) အစစ်အမှန်နဂါးကိုစီးကာ ပင်လယ်မှထွက်ခွာ ၊ ကျင့်ကြံအောင်မြင်ခဲ့တာက အမတရောင်ဝါ

ရန်ကျောက်ကဲက သွေးနီရောင်စေတီထိပ်တွင် မတ်တတ်ရပ်ရင်း ခေါင်းကိုမော့လျှက် ရှည်လျားသည့် ကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်သည်။

အေးစိမ့်ချောက်နက်အရံအတားက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားပြီး အစီအရင်ထဲတွင်ရှိနေသည့် ရေခဲပြာရောင် နဂါးကြီးက သွေးနီရောင်စေတီငယ်ကို ရစ်ပတ်လျှက် အပေါ်သို့ ဆွဲတင်နေသည်။

အေးစိမ့်‌ချောက်နက်အရံအတားကို ဝန်းရံထောက်ပံ့ထားသော အဖြူရောင်ရေခဲတိုင်လုံးကြီးကိုးခုက မြင့်မားစွာတည်ရှိနေပြီး အစီအရင်ဗဟိုချက်တွင်ရှိနေသည့် ရန်ကျောက်ကဲကို လျှင်မြန်စွာဖြင့် စတင်လှည့်ပတ်နေသည်။

အဖြူရောင်ရေခဲတိုင်ကြီးကိုးခု လှည့်ပတ်နေမှုနှင့်အတူ ပတ်ဝန်းကျင်တွင် ‌ရေဝဲဂယက်ကြီးတစ်ခု ဖြစ်တည်လာသည်။ ထိုရေဝဲဂယက်ကြီးတွင် ရေခဲနှင့် မီးတောက်များရောယှက်လျှက် မီးလျှံချောက်နက်ကြီးအတွင်း လှည့်ပတ်လျှက် ရှိသည်။

ရေဝဲဂယက်အလယ်တွင်ရှိနေသည့် ရန်ကျောက်ကဲ မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူက ဆုံးဖြတ်ချက်ခိုင်မာဟန်ဖြင့် ခေါင်းကိုမော့ကာ အပေါ်သို့ ကြည့်လိုက်သည်။

ထိုအချိန် သူ့နောက်သို့ တစ်ချိန်လုံးလိုက်လာနေသည့် မဟာမီးတောက်မိစ္ဆာကြီးက တုန်လှုပ်စွာဖြင့် ဒေါသတကြီး ကြုံးဝါးအော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်က ရေခဲနှင့် မီးလျှံများရောယှက်နေသည့် ဝဲဂယက်ကြီးအတွင်း စုပ်ယူခံလိုက်ရ၏။

ရန်ကျောက်ကဲက ရေဝဲဂယက်ကြီးဗဟိုချက်တွင်ရှိနေသော သွေးနီရောင်စေတီထိပ်တွင် တည်ငြိမ်စွာမတ်တတ်ရပ်နေသည်။ ရေဝဲဂယက်ကြီး၏အရှိန်အဟုန်ကြေင့် သူ၏အဝတ်အစားများနှင့် ဆံပင်များက လွင့်ပျံလျှက် ရှိနေသည်။

ဝဲဂယက်ကြီးအဆက်မပြတ်လှည့်ပတ်နေစဉ် ရေခဲပြာရောင်နဂါးကြီးက စေတီငယ်ကို ချောက်နက်ကြီးအတွင်းမှ ဆွဲနှုတ်လိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။

သွေးနီရောင်စေတီက ဖိနှိပ်ထားခြင်းမရှိတောသည့်အခါ မီးလျှံချောက်နက်ကြီးက တဖြည်းဖြည်း လှုပ်ရှားလာသည်။

ထိုမီးလျှံချောက်နက်ကြီးနှင့် ဆက်စပ်နေသော မြေပြင်သွေးကြောအများအပြားသည်လည်း တုန်ခါသွားကြသည်။ မီးလျှံကွန်ယက်ဗဟိုချက် တုန်ခါသွားမှုက အရှေ့ပင်လယ်တစ်ခုလုံးမှ ပကတိမီးသွေးကြောများအားလုံးသို့ သက်ရောက်သွားသည်။

အဆုံးမရှိသော အမြင့်တစ်နေရာမှ အောက်ဘက်သို့ ငုံ့ကြည့်မည်ဆိုလျှင် အရှေ့ပင်လယ်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ကြီးမားသော မီးလျှံကွန်ယက်ကြီးမှ မီးတောက်များ မှေးမှိန်သွားပြီး အလင်းရောင်မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်ကို တွေ့မြင်ကြရပေလိမ့်မည်။

ရေခဲပြာရောင်နဂါးကြီးက မရပ်မနားဟိန်းဟောက်လျှက် သွေးနီရောင်စေတီငယ်ကိုရစ်ပတ်ကာ အပေါ်သို့ ဆွဲတင်လာသည်။

စေတီထိပ်တွင်ရှိနေသည့် ရန်ကျောက်ကဲက လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ သူ၏လက်သီးသိုင်းဝိညာဉ်က အမြင့်ဆုံးအဆင့် လှည့်ပတ်သွားသည်။

စေနီငယ်ကို ရစ်ပတ်ထားသည့် အလင်းနဂါးကြီးထံမှ အပြာရောင်အလင်းတန်းများက ရန်ကျောက်ကဲ၏ ဦးခေါင်းနှင့် လည်ပင်းနေရာကို ရိုက်ခတ်နေသည်။

တစ်ချိန်တည်းပင် စေတီငယ်မှ များပြားလှစွာသော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ရန်ကျောက်ကဲ ခန္ဓာကိုယ်တွင်းရှိ သွေးကြောများအားလုံးထဲတွင် အနီရောင်နှင့် အပြာရောင်အလင်းတန်းများ စီးဆင်းနေပြီး သူ၏ကိုယ်တွင်းစွမ်းအားများဖြင့် အဆက်မပြတ် ပေါင်းစပ်သွားသည်။

များပြားလှစွာသော သန့်စင်သည့်ချီစွမ်းအားများက မိုးမြေကို လွှမ်းခြုံတော့မည့်အလား မရပ်မနား ပင်လယ်ဒီရေလှိုင်းများပမာ ရန်ကျောက်ကဲထံ လွှမ်းခြုံဝင်ရောက်လာသည်။

ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ဖြစ်သော ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ တွင် သူ့ခန္ဓာကိုယ်ဖြင့် မသန့်စင်နိုင်သေးသည့် များပြားလှစွာသော ချီစွမ်းအားပမာဏကို သိမ်းဆီးထားလိုက်သည်။

ရန်ကျောက်ကဲဖြစ်လို့သာ ထိုသို့ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ အခြားသော ဝိညာဉ်ခန္ဓာနှောင်းပိုင်းအဆင့် သိုင်းဆရာသခင်များဆိုလျှင် သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားပြီး သေဆုံးသွားကြမည်ပင်။

ရန်ကျောက်ကဲ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

သူ့မျက်ဝန်းထဲတွင် အပြာရောင်အလင်းတန်းနှင့် အနီရေင်အလင်းတန်းများက တလှည့်စီလင်းလက်နေသည်။

သန့်စင်သော ချီစွမ်းအားများစွာကို သူ စုပ်ယူသိမ်းဆည်းထားခဲ့ပြီး သူ ပြန်လည်သန့်စင်ရမည့် ချီစွမ်းအားများကို ခန္ဓာကိုယ်တွင်းရှိ ပရမ်းပတာချီစွမ်းအားအစုအဝေးနှင့် ပေါင်းစည်းလိုက်သည်။

အလင်းနဂါးကြီး၏ ခန္ဓာကိုယ်အသွေးအသားများနှင့် နက်နဲသိမ်မွေ့သော လျှို့ဝှက်ဆန်းကြယ်မှုများ ၊ သွေးနီရောင်စေတီငယ်အတွင်းမှ ထူးခြား‌သောအဓိပ္ပါယ်ကို ပေါင်းစပ်ခံစားလိုက်ရသည့်အခါ ရန်ကျောက်ကဲ နှလုံးသားထဲတွင် ဝိညာဉ်အလင်းပွင့်သွားသည်။

သူက နဂါးဟိန်းသံ ကျားဟိန်းသံအလားထင်မှတ်ရသည့် ကြုံးဝါးသံတစ်သံကို ပြုလုပ်လိုက်သည်။

ရန်ကျောက်ကဲခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များအားလုံး အတူတကွ ပွင့်ထွက်သွားပြီး များပြားလှစွာသော ကြယ်တာရာချီစွမ်းအားများက အနီရောင်တစ်ဝက် အပြာရောင်တစ်ဝက်ရောစပ်နေကာ များပြားလှစွာသော အလင်းနဂါးများ ထွက်ပေါ်လာပြီး ရန်ကျောက်ကဲကို လှည့်ပတ်နေကြသည်။

ရန်ကျောက်ကဲက လက်သီးတစ်ချက် ထပ်မံထိုးနှက်လိုက်သည်။

ထိုအခါ ပရမ်းပတာချီစွမ်းအားများအားလုံး အတုအယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားသည်။

စေတီငယ်အတွင်းမှ ထူးခြားသည့်အဓိပ္ပါယ်က အမြင့်ဆုံးအဆင့် ချဲ့ထွင်သွားပြီး သူ၏ဝိညာဉ်မျိုးစေ့က နောက်ဆုံးအဆင့် သိပ်သည်းသွားကာ အမြစ်များစတင်ထွက်ပေါ်လာသည်။ ဝိညာဉ်မျိုးစေ့ မိုးမြေတွင် စတင်အဖြစ်တွယ်ပြီး မြေကြီးကို ထိုးဖောက်ထွက်တော့မည့်အလား ထင်မှတ်ရသည်။

ရန်ကျောက်ကဲဦးခေါင်းထက်တွင် ပရမ်းပတာချီစွမ်းအားတိမ်တိုက်တစ်စ ထွက်ပေါ်လာသည်။ ထိုချီစွမ်းအားများထဲတွင် အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း ၊ အရာအားလုံးကို သန့်စင်နိုင်စွမ်း ၊ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းအားများ ပါဝင်နေသည်။

ထိုပရမ်းပတာ ချီစွမ်းအားတိမ်တိုက်အတွင်းမှ နက်နဲသောသ‌ဘောတရားများကို ရန်ကျောက်ကဲတစ်ယောက်တည်းသာ နားလည်နိုင်သည်။

အခြားသူများဆိုလျှင် မြင်နေလျက်နှင့် မသိနိုင်သော ဖြစ်တည်မှုတစ်ခုဟုသာ ထင်မှတ်ကြပေမည်။

အတိအကျဆိုရလျှင် ဤသည်က ရန်ကျောက်ကဲ၏ ‘အစစ်အမှန်သိုင်းအဇ္စျတ္တ’ ပင် ဖြစ်သည်။

ယနေ့ ရန်ကျောက်ကဲ “အမတဝိညာဉ် သိုင်းဆရာသခင်အဆင့်” သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပေပြီ။

ရန်ကျောက်ကဲ၏ စွမ်းအင်ဗဟိုချက်ချီပင်လယ်ထဲတွင် ပရမ်းပတာချီစွမ်းအားအစုအဝေးများက တဒင်္ဂအတွင်းနစ်မြုပ်သွားပြီး ကြည်လင်သည့်ချီစွမ်းအားများက ကောင်းကင်ကြီးပမာ ပြန်လည်ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော အနီရောင်နှင့် အပြာရောင် ကြယ်တာရာချီစွမ်းအားများက ကြည်လင်သောချီစွမ်းအားများထဲတွင် နဂါးများသဏ္ဌန်တည်ရှိနေသည်။

ထို ကြယ်တာရာချီစွမ်းအားက ရန်ကျောက်ကဲ၏ ‘အစစ်အမှန်သိုင်းအဇ္စျတ္တ’ နှင့် ကိုက်ညီနေပြီး အမတရောင်ဝါအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏စွမ်းအားများ တဟုန်ထိုး မြင့်တက်လာသည်။

သွေးနီရောင်စေတီကို ရစ်ပတ်လျှက် ရေခဲပြာရောင်နဂါးကြီးက ကောင်းကင်ထက်ပျံသန်းထွက်ခွာသွားလေရာ ပင်လယ်ပြင်ထဲမှ သက်တံ့ရောင်အလင်းတန်းများ ပစ်လွှတ်လိုက်သည့်အလားပင် ဖြစ်၏။

ပင်လယ်ထဲမှ အစစ်အမှန်နဂါးကြီးတစ်ကောင်ထွက်ပေါ်လာပြီး နဂါးဦးခေါင်းထက်တွင် မတ်တတ်ရပ်နေသော ရန်ကျောက်ကဲကို လူတိုင်းတွေ့မြင်ကြရသည်။

ထိုမြင်ကွင်းကိုတွေ့သည်နှင့် မီးတောက်မိစ္ဆာများအားလုံး ဒေါသတကြီးအော်ဟစ်လိုက်ကြလေရာ မိုးမြေတစ်ခုလုံး တုန်လှုပ်သွားသည့်အလား ထင်မှတ်ရသည်။

ယွမ်ကျန်းဖုန်းကတော့ သဘောကျစွာဖြင့် တဟားဟား အော်ဟစ်ရယ်မောလိုက်၏။

နဂါးဦးခေါင်းထက်တွင် မတ်တတ်ရပ်လျှက် ပျံသန်းထွက်ခွာသွားသော ရန်ကျောက်ကဲကို အားလုံးက မှင်တက်စွာဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်နေကြသည်။

“သူ တကယ်လုပ်နိုင်ခဲ့တာလား”

မီးတောက်မိစ္ဆာဘုရင်’ကျင်းကျုန်း’က အလင်းနဂါးကြီးနှင့်အတူ ကောင်းကင်ယံထက်ပျံသန်းသွားသည့် ရန်ကျောက်ကဲကို တားဆီးချင်သော်လည်း ယွမ်ကျန်းဖုန်းက သူ့ကို ပိတ်ဆို့ထားသဖြင့် အခွင့်မသာတော့ပေ။

ပင်လယ်ရေအောက် မီးလျှံချောက်နက်ကြီးအတွင်းမှ မီးတောက်များက ပြင်းပြင်းထန်ထန် တုန်ခါလာပြီး မူလက တည်ငြိမ်နေသည့် ‘ပကတိမီးသွေးကြောဆုံချက်’ နေရာများလုံး မြေအောက်မီးတောက်များ တဟုန်ထိုး စတင်တောက်လောင်လာသည်။

သို့သော် အရှေ့ပင်လယ်တစ်ခွင်တွင် ပြင်းထန်စွာတောက်လောင်နေသည့် ‌ရေအောက်မီးတောက်များနှင့် စီးဆင်းနေသည့် ချော်ရည်ပူများကတော့ ငြိမ်သက်စ ပြုလာသည်။

မူလက တည်ငြိမ်နေသည့် ပကတိမီးသွေးကြောဆုံချက်များအားလုံး တစ်ခုပြီတစ်ခု ‌ပေါက်ကွဲထွက်နေသော်လည်း အရှေ့ပင်လယ်တစ်ခုလုံး မီးလောင်ကျွမ်းနေသည့် အန္တရယ်ကတော့ တဖြည်းဖြည်းကွယ်ပျောက်သွားခဲ့သည်။

အချိန်အတန်ကြာပြီးနောက်...

ဆုံချက်နေရာများအားလုံး ပေါက်ကွဲထွက်ပြီးသည်နှင့် တဖြည်းဖြည်းပြန်လည်ငြိမ်သက်သွားကာ နောက်ဆုံးတွင် ပကတိအတိုင်း တည်ငြိမ်သွားသည်။

ကျယ်ပြောလှသော အရှေ့ပင်လယ်ပြင်ကို ဖုံးအုပ်ထားသည့် ကြီးမားသော မီးလျှံကွန်ယက်ကြီး ပျောက်ကွယ်သွားပြီး မြေပြင်သွေးကြောများ၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုများမှာလည်း ပြန်လည်ငြိမ်သက်သွားကြသည်။

ပင်လယ်ရေပြင်ထက်တွင် ထူထပ်သောအဖြူရောင်မြူခိုးများလွင့်ပျံလျှက် အစောပိုင်းက ငရဲပမာဖြစ်သော အရှေ့ပင်လယ်ပြင်သည် ဖြည်းဖြည်းချင်း နဂိုမူလအတိုင်း ပြန်လည်ရောက်ရှိသွားသည်။

ပြောင်းလဲသွားသည့် ပတ်ဝန်းကျင်အခြေအနေကြောင့် မီးတောက်မိစ္ဆာများ ဒေါသထွက်လျှက် ပိုမိုကြမ်းတမ်းလာကြသည်။ သို့သော် သူတို့အားလုံး၏စိတ်ဓာတ်များကတော့ ပြိုလဲနေကြပေပြီ။

ပင်လယ်ပြင်သည် သူတို့နှစ်သက်သည့် မီးလျှံအိုင်ကြီးတစ်ခု မဟုတ်တော့ပေ။

မြေပြင်အနေအထားအားသာချက်ကို ဆုံးရှုံးလိုက်ရပြီးနောက် မီးတောက်မိစ္ဆာများက ဆက်လက်တိုက်ခိုက်လိုသောဆန္ဒများ လျော့နည်းသွားကြသည်။ သို့သော် လူသားသိုင်းသမားများ၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ကြရပြီး ခက်ခက်ခဲခဲ ခုခံကြရသည်။

စိတ်ဓာတ်တက်ကြွလာသည့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းကျင့်ကြံသူများကတော့ လေထဲတွင် မြားတံများပမာ ဝဲပျံလျှက် ကျန်ရှိသမျှစွမ်းအားဖြင့် မီးတောက်မိစ္ဆာများကို တိုက်ခိုက်နေကြသည်။

ဒဏ်ရာအပြင်းအထန် ရရှိသူအချို့ကတော့ စိတ်လျှော့လိုက်ကြပြီး စိတ်အေးလက်အေး အနားယူရန် ပြင်ဆင်ကြသည်။ အခြေအနေတည်ငြိမ်သွားပြီဖြစ်သဖြင့် မီးတောက်မိစ္ဆာများနောက်သို့ အတင်းအကျပ် လိုက်လံတိုက်ခိုက်ရန် မလိုအပ်တော့ပေ။

သူတို့က ခန္ဓာကိုယ်အခြေအနေများကို ထိန်းညှိရင်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ထက်တွင် ရန်ကျောက်ကဲ စီးနင်းလာသည့် အလင်းနဂါးကြီးက လှည့်ပတ်နေဆဲ ဖြစ်သည်။

“ဒါကြီးက ပြီးပြည့်စုံတဲ့ နဂါးအစစ်ရုပ်အလောင်း ဖြစ်နိုင်ပါ့မလား”

“မမှားဘူး ၊ နဂါးကြီးရဲ့ အသွေးအသား ၊ အကြေးခွံတွေအားလုံး အပြည့်အစုံရှိနေတယ် ၊ မဟုတ်ရင် ဒီလောက်ကြီးမားတဲ့စွမ်းအားကို ဘယ်လိုလုပ်ပိုင်ဆိုင်ထားမှာလဲ”

“ဒါပေမဲ့ အဲဒီနဂါးကြီးက သေပြီးသားရုပ်အလောင်းကြီးလေ ၊ အသက်ရှင်နေတဲ့နဂါးမဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်ကြီးမားတဲ့စွမ်းအားတွေ ထုတ်နိုင်မှာတဲ့လဲ”

“ဟုတ်တယ် ၊ ပြီးတော့ ရန်ကျောက်ကဲကလည်း အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင် မဟုတ်သေးဘူးလေ”

“ဒါပေမဲ့ သူ အောင်မြင်ခဲ့တာပဲလေ ၊ ဒါ သူ့ရဲ့ ကိုယ်ပိုင်အစွမ်းအစပဲ မဟုတ်လား”

ဤနေရာတွင်ရှိနေသူများက ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ ဝါရင့်အကြီးအကဲများ ဖြစ်ကြပြီး အနည်းဆုံး သိုင်းဆရာသခင်အဆင့် ၊ (၇)ဆင့်မြောက်ဖြစ်သော အမတလက်ဖွဲ့ ကနဦးအဆင့် ရှိကြသည်။

သို့သော် သူတို့က လေးစးအားကျမှု ၊ အာရုံစူးစိုက်မှုများဖြင့် ရန်ကျောက်ကဲကိုကြည့်ရင်း သက်ပြင်းကိုယ်စီ ချမိကြသည်။

“အခုပဲ သူ အမတရောင်ဝါ ရရှိသွားပြီထင်တယ် ၊ ဟုတ်တယ်... သူ ‘အစစ်အမှန်သိုင်းအဇ္စျတ္တ’ ကို အောင်မြင်သွားပြီပဲ.. ၊ အား... ဒီ‌လောက်ငယ်ငယ်လေးနဲ့ကွာ...”

လူသားသိုင်းသမားများမှ ဝေးကွာလွန်းသည့်အတွက် အဖြစ်အပျက်ကို အတိအကျ မသိနိုင်ကြဘဲ နဂါးကြီးတစ်ကောင် ကောင်းကင်ထက်ပျံသန်းနေသည်ကိုသာ တွေ့မြင်နိုင်ခဲ့ကြသည်။

ထိုနဂါးကြီး ကောင်းကင်ထက်ပျံသန်းထွက်ခွာသွားပြီးနောက် အရှေ့ပင်လယ်တွင်လောင်ကျွမ်းနေသော မီးတောက်များသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

အကြောင်းမသိသောလူအများက တုန်လှုပ်သွားကြသည်မှာ မလွဲဧကန်ပင်။

နဂါးကြီးက ကောင်းကင်ထက်တွင် (၃၆)ကြိမ် လှည့်ပတ်ပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲက စေတီငယ်ထိပ်တွင် မတ်တတ်ရပ်ရင်း အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုအခါ စေတီငယ်မှ ထွက်ပေါ်နေသည့် အနီရောင်အလင်းတန်းများ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး စေတီမျက်နှာပြင်ထက်တွင် အပြာရောင်နဂါးပုံသဏ္ဌန်တစ်ခုရှိနေသည်ကို တွေ့မြင်လိုက်ရလေ၏။

All Chapters