နဂါးတံခါး ပေါက်ကွဲခြင်း
Vol. 27 Ch. 291
အဆုံးမရှိသော ဟင်းလင်းပြင်အတွင်း၌ အဖိုးတန်ရတနာ ၅ ပါး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို ထန်ထျန်း ကိုယ်တိုင် မြင်တွေ့လိုက်ရသည်။
ရုတ်တရက်ဆိုသလို ရွှေရောင်ဓားရှည်က ဟင်းလင်းပြင်ကို အလျားလိုက် ပိုင်းဖြတ်လိုက်ရာ ဟင်းလင်းပြင် ကမ္ဘာကြီးမှာ ပွင့်ထွက်သွားပြီး အပေါ်ဘက်ရှိ ဟင်းလင်းပြင်များမှာ မြင့်တက်သွားကာ အောက်ဘက်ရှိ အရာများမှာမူ ဖြည်းညှင်းစွာ နိမ့်ဆင်းသွားသည်။
ဟာလာဟင်းလင်း ဖြစ်နေသော ကမ္ဘာတစ်ခုမှာ လျင်မြန်စွာ ဖြစ်တည်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အဆုံးအစမရှိ ကျယ်ပြန့်သွားတော့သည်။
ထိုအချိန်တွင် ကြေးနီရောင် သုံးချောင်း ထောက်အိုး ကြီးမှာ အပေါ်သို့ ပျံတက်သွားပြီး ကောင်းကင်ကို တည်ငြိမ်အောင် ထိန်းလိုက်၏။
အနက်ရောင် တံဆိပ်တုံးကြီးမှာမူ အောက်သို့ ပျံဆင်းသွားပြီး ကမ္ဘာကို ဖိနှိပ် တည်ငြိမ်စေသည်။
ထိုအရာနှစ်ခု၏ စွမ်းအားကြောင့် ဟင်းလင်းပြင်မှာ ဆက်လက် ကျယ်ပြန့်ခြင်း မရှိတော့ဘဲ ရပ်တန့်သွားသည်။
၎င်းနောက်တွင် ဟင်းလင်းပြင် ခေါင်းလောင်းကြီးမှာ ကောင်းကင်၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိလာပြီး အချိန်နှင့် စနစ်တကျ ရှိမှု တို့ကို စတင်စေသည်။
အဝိုင်း ကျောက်စိမ်းမှန်မှာမူ ဟင်းလင်းပြင်အတွင်းသို့ ပေါင်းစပ်သွားပြီး အချိန်ကာလကို အလင်းပေးကာ အတိတ်နှင့် ပစ္စုပ္ပန်ကို ဆက်သွယ်ပေးလိုက်၏။
ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ထန်ထျန်း မှင်တက်နေမိသည်။
ဒါဟာ ကမ္ဘာကြီး စတင် ဖြစ်တည်လာတဲ့ ဖြစ်စဉ်လား။
ဟင်းလင်းပြင် ခေါင်းလောင်းကြီးက ကမ္ဘာကြီး တည်ဆောက်မှုမှာ ပါဝင်ခဲ့တာလား။
သူ စဉ်းစားနေစဉ်မှာပင် မြင်ကွင်းများမှာ ရုတ်တရက် ပြောင်းလဲသွားပြန်သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိရသော်လည်း အဆုံးအစမရှိသော ကုန်းမြေကြီးတစ်ခုမှာ ဟင်းလင်းပြင်အတွင်း၌ အပြီးသတ် ဖြစ်တည်လာခဲ့ပြီ ဖြစ်သည်။
၎င်းအပြင် လမင်းမှာ အထက်တွင် ချိတ်ဆွဲထားလျက်ရှိပြီး နေရောင်ခြည်မှာ ကမ္ဘာပေါ်သို့ ဖြာကျနေကာ ကြယ်စင်မြစ်များမှာလည်း လည်ပတ်နေကြသည်။
ကမ္ဘာတစ်ခုလုံးတွင် နိယာမများ စတင် ရှိလာခဲ့ပြီ ဖြစ်သည်။
ကြီးကြပ်မည့် အသိစိတ်ကြီးတစ်ခုမှာလည်း စတင် သန္ဓေတည်လာနေ၏။
ထန်ထျန်း၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။
သန္ဓေတည်လာနေသော ထိုအသိစိတ်မှာ "ကမ္ဘာဦးအသိစိတ်" ပင် ဖြစ်ရမည်။
ထိုအချိန်တွင် ဟင်းလင်းပြင် ခေါင်းလောင်း အပါအဝင် အဖိုးတန်ရတနာ ၅ ပါးမှာ ယခုမှ စတင် ဖြစ်တည်လာသော ကမ္ဘာသစ်ကြီးအတွက် အဆုံးမရှိသော စွမ်းအင်များကို ဆက်လက် ပံ့ပိုးပေးနေဆဲ ဖြစ်သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိရပြန်ဘဲ မြင်ကွင်းမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။
ယခုတစ်ကြိမ်တွင် ကမ္ဘာဦးအသိစိတ်မှာ အပြီးသတ် ဖြစ်တည်လာခဲ့ပြီဖြစ်ကာ တာအိုနိယာမများလည်း အတော်အတန် ပြည့်စုံသွားပြီ ဖြစ်သည်။ ကုန်းမြေကြီးမှာလည်း သူ၏ မူလပုံသဏ္ဌာန်ကို ရရှိထားပြီ ဖြစ်သည်။
နေ၊ လ၊ ကြယ်၊ ကမ္ဘာဦးအသိစိတ် နှင့် တာအိုနိယာမ ဟူသော အမြင့်မြတ်ဆုံး တည်ရှိမှု ၅ မျိုးနှင့် ကမ္ဘာဦး အဖိုးတန်ရတနာ ၅ ပါးတို့မှာ အပြန်အလှန် မှီခို နေကြပြီး ဤကမ္ဘာ၏ နိယာမများကို ပို၍ ပြည့်စုံလာအောင် လုပ်ဆောင်နေကြသည်။
အချိန်ကာလများ ထပ်မံ စီးဆင်းသွားပြန်သည်။
နောက်ထပ် မြင်ကွင်းတစ်ခု ပေါ်လာသည့်အခါ ကမ္ဘာတစ်ခုလုံးမှာ သက်ရှိများ၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
သက်ရှိပေါင်းစုံမှာ သဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်နေကြပြီး အလွန်ပင် စည်ပင်ထွန်းကားနေ၏။
ထူးဆန်းသော ရှေးဟောင်း သားရဲကြီးများမှာ မြစ်ချောင်းအင်းအိုင်များကို ဝါးမြိုနိုင်သည့် အော်ရာ များဖြင့် သွားလာနေကြပြီး ထန်ထျန်းအနေဖြင့် တစ်ခါမျှပင် ကြားဖူးခြင်း မရှိသော သားရဲများ ဖြစ်သည်။
ဤသက်ရှိများမှာ သူတို့ မည်သို့ ဖြစ်တည်လာသည်ကို သိရှိပုံရသည်။ သူတို့က ကမ္ဘာဦး အမြင့်မြတ်ဆုံး တည်ရှိမှုများကို ဝပ်တွားကိုးကွယ်ကြပြီး ထိုအသိစိတ်ကြီးများနှင့် ဆက်သွယ်ရန်အတွက် ကြီးမားလှသော ရုပ်ထုများနှင့် ယဇ်ပလ္လင်များကိုပါ သီးသန့် တည်ဆောက်ထားကြသည်။
ဤကာလတွင် သက်ရှိပေါင်းစုံနှင့် ကမ္ဘာကြီးမှာ အတူတကွ ငြိမ်းချမ်းစွာ တည်ရှိနေကြသည်။
အဆုံးမရှိသော အချိန်ကာလများ ထပ်မံ ကုန်ဆုံးသွားပြန်၏။
ကမ္ဘာကြီး တိုးတက်လာသည်နှင့်အမျှ သက်ရှိအမျိုးအစားများမှာ ပို၍ များပြားလာပြီး အစွမ်းများမှာလည်း ပို၍ ပို၍ ကြီးမားလာကြသည်။
သို့သော် ဤအခြေအနေအောက်တွင် သူတို့အကြား ပဋိပက္ခများမှာ မရှောင်လွှဲနိုင်ဘဲ ဖြစ်ပေါ်လာတော့သည်။
ပဋိပက္ခများမှာ ပို၍ ပြင်းထန်လာပြီး နောက်ဆုံးတွင် အမြင့်မြတ်ဆုံး အသိစိတ် ၁၀ မျိုးကို ကိုးကွယ်သည့် မျိုးနွယ်စုများမှာ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည့် အကြီးစား စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲကြတော့သည်။
ဤကမ္ဘာစစ်အတွင်း၌ သက်ရှိများစွာ သေကြေပျက်စီးခဲ့ရပြီး အင်အားကြီး မျိုးနွယ်စုများစွာလည်း မျိုးတုံးသွားခဲ့ရသည်။
ဖြစ်ပျက်နေသည်များကို ကြည့်ပြီး စိတ်ပျက်အားလျော့သွား၍လား၊ သို့မဟုတ် ဤကဲ့သို့သော ကိစ္စများ ဖြစ်ပျက်နေသည်ကို မကြည့်ရက်၍လား မသိပေ၊ ကမ္ဘာဦး အဖိုးတန်ရတနာ ၅ ပါးမှာ တစ်ခုပြီးတစ်ခု ကွယ်ပျောက်သွားကြတော့သည်။
ကြေးနီရောင် သုံးချောင်း ထောက်အိုးမှာ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာ့နိယာမများအတွင်းသို့ ပေါင်းစပ်သွားသည်။
အနက်ရောင် တံဆိပ်တုံးကြီးမှာ ကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာသို့ နစ်မြုပ်သွားကာ သူ၏ အငွေ့အသက်အားလုံးကို ဖုံးကွယ်ထားလိုက်၏။
အဝိုင်း ကျောက်စိမ်းမှန်မှာလည်း အလင်းများကို ရုပ်သိမ်းလိုက်ပြီး ကမ္ဘာ့အပြင်သို့ ထွက်ခွာသွားကာ အချိန်ကာလမြစ်ကြီးတစ်ခုအဖြစ် ဖြည်းညှင်းစွာ စီးဆင်းနေတော့သည်။
ရွှေရောင်ဓားရှည်မှာမူ ဤကမ္ဘာမှ တိုက်ရိုက် ထွက်ခွာသွားပြီး အဆုံးမရှိသော ဟင်းလင်းပြင်အတွင်းသို့ ပျံသန်းကာ ပျောက်ကွယ်သွားခဲ့သည်။
အချိန်နှင့် စနစ်တကျရှိမှုကို စီမံသော ဟင်းလင်းပြင် ခေါင်းလောင်းမှာမူ သူ၏ အသိစိတ်ကို ပိတ်ဆို့ထားလိုက်ပြီး နိယာမများအတိုင်းသာ လုပ်ဆောင်တော့သည်။ ကိုးကွယ်သူများ၏ ဆင့်ခေါ်မှုကိုလည်း မည်သည့် တုံ့ပြန်မှုမျှ မပေးတော့ပေ။
ဤကမ္ဘာကြီးတွင် နေ၊ လ၊ ကြယ်၊ ကမ္ဘာဦးအသိစိတ် နှင့် တာအိုနိယာမ ဟူသော အမြင့်မြတ်ဆုံး တည်ရှိမှု ၅ မျိုးသာ ထိန်းသိမ်း စီမံရန် ကျန်ရှိတော့သည်။
ဟင်းလင်းပြင် ခေါင်းလောင်းက သူ့ကိုယ်သူ ချိတ် ပိတ်ထားသဖြင့် မြင်ကွင်းမှာ ဤနေရာ၌ ပြတ်တောက်သွားသည်။
သို့သော် အချိန်ကာလ မည်မျှ ကုန်ဆုံးသွားသည် မသိရပြန်ဘဲ ကောင်းကင် တုန်ဟည်းသွားစေသည့် ကြီးမားလှသော ပေါက်ကွဲသံကြီးက ဟင်းလင်းပြင် ခေါင်းလောင်းကို အတင်းအကျပ် နိုးထစေခဲ့သည်။
ဆက်လက် ပေါ်လာသော မြင်ကွင်းများကြောင့် ထန်ထျန်း၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားရသည်။
အရင်က တစ်ဆက်တည်းရှိသော ကုန်းမြေကြီးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပြီဖြစ်ကာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကမ္ဘာအတွင်း၌ လွင့်မျောနေကြသည်။
ကမ္ဘာဦးအသိစိတ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး တာအိုနိယာမများမှာလည်း ဟိုတစ်စ ဒီတစ်စဖြင့် ဆွဲဖြဲခံထားရ၏။ နေ၊ လ၊ ကြယ်များမှာလည်း သူတို့ကိုယ်သူတို့ပင် မနည်း ထိန်းသိမ်းနေရသည်။
အလွန်အမင်း အင်အားကြီးမားလှသော သက်ရှိတစ်စုမှာ ကမ္ဘာအောက်ခြေမှ အနက်ရောင် တံဆိပ်တုံးကြီးကို တူးဖော်ခဲ့ကြပြီး နိယာမများအတွင်းမှ ကြေးနီရောင် သုံးချောင်း ထောက်အိုးကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြကာ နောက်ဆုံးတွင် ဟင်းလင်းပြင် ခေါင်းလောင်းကိုပါ အတင်းအကျပ် နိုးထစေခဲ့ခြင်း ဖြစ်သည်။
ဤကမ္ဘာဦး အဖိုးတန်ရတနာ ၃ ပါးအတွက် သူတို့က အကြီးအကျယ် တိုက်ခိုက်ခဲ့ကြခြင်းပင်။
ကုန်းမြေကြီးကို ခွဲပစ်ကြပြီး ကမ္ဘာဦးအသိစိတ်ကို ပြင်းထန်စွာ ဒဏ်ရာရစေကာ တာအိုနိယာမများကိုလည်း လုံးဝ ရှုပ်ထွေးသွားစေခဲ့သည်။
ဟင်းလင်းပြင် ခေါင်းလောင်းကြီး ဒေါသထွက်သွား၏။ ၎င်းက ကြေးနီရောင်အိုး၊ အနက်ရောင် တံဆိပ်တုံးတို့နှင့်အတူ ထိုအင်အားကြီး သက်ရှိများနှင့် ကမ္ဘာပျက်ကိန်း စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲတော့သည်။
ဤတိုက်ပွဲကြောင့် ကမ္ဘာကြီး၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ပျက်စီးသွားခဲ့ပြီး ကမ္ဘာကြီး ပြိုလဲကာ သက်ရှိများစွာ သေဆုံးခဲ့ရသည်။
သို့သော် နောက်ဆုံးတွင် ၎င်းက ထိုသက်ရှိများကို နှိမ်နင်းနိုင်ခဲ့သည်။
သို့သော် ၎င်းကိုယ်တိုင်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့၏။
ကမ္ဘာကြီးကို တည်ငြိမ်အောင် အစွမ်းကုန် လုပ်ဆောင်ပြီးနောက် ၎င်းက အချိန်အတော်ကြာအောင် အိပ်စက်အနားယူခဲ့ရတော့သည်။
မြင်ကွင်းမှာ ထပ်မံ ပြတ်တောက်သွားပြန်သည်။
သို့သော် ဒုတိယအကြိမ် ၎င်း နိုးထလာသည့်အခါတွင်မူ မည်သည့် မြင်ကွင်းကိုမျှ မမြင်ရတော့ပေ။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ရိုက်ခတ်လာပြီး ၎င်းမှာ တိုက်ရိုက် ကွဲအက်သွားခဲ့ကာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
ဟင်းလင်းပြင် ခေါင်းလောင်း၏ အသိစိတ်မှာလည်း ထိုအချိန်မှစ၍ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပြီး ပြည့်စုံမှု မရှိတော့ပေ။
အပိုင်းအစများထဲမှ တစ်ခုမှာ အာကာသကို ဖြတ်ကျော်ကာ အပျက်အစီးများကြားသို့ ကျဆင်းသွားခဲ့သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိရပြန်ဘဲ တောင်ပေါ်သို့ အမဲလိုက်ထွက်လာသော လူငယ်တစ်ယောက်က ၎င်းကို ကောက်ရသွားခဲ့သည်။
ထို့နောက် ထိုလူငယ်က ဤဟင်းလင်းပြင် ခေါင်းလောင်း အပိုင်းအစကို အသုံးပြုကာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ တက်လှမ်းခဲ့ပြီး အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ကာ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
ထိုလူငယ်က ဘုရင်အဖြစ် နန်းတက်ပြီးနောက်တွင် ရှေးဟောင်း နတ်ဘုရားသတ္တု တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဟင်းလင်းပြင် ခေါင်းလောင်း၏ ကိုယ်ထည်ကို ပြန်လည် ထုဆစ်ခဲ့သည်။
၎င်းနောက် ဟင်းလင်းပြင် ခေါင်းလောင်း၏ ပျက်စီးနေသော အသိစိတ်ကို ကောင်းကင် လွင့်မျောကျွန်းတစ်ခုအတွင်း၌ အနားယူစေခဲ့သည်။
နောက်ဆုံးတွင် ဟင်းလင်းပြင် ခေါင်းလောင်း၏ အချိန်နှင့် စနစ်ကို စီမံနိုင်သော စွမ်းရည်ကို အခြေခံပြီး အချို့သော ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်ခဲ့ကာ ကျင့်ကြံသူများ၏ ပါရမီကို စစ်ဆေးနိုင်သော နတ်ဘုရားရတနာတစ်ခုအဖြစ် ဖန်တီးခဲ့သည်။
မှန်ပေသည်၊ ၎င်းမှာ "နဂါးတံခါး" ပင် ဖြစ်သည်။
အစောပိုင်းက မြင်ခဲ့ရသော မြင်ကွင်းအားလုံးမှာ နဂါးတံခါး စတင် ဖြစ်တည်လာချိန်မှစ၍ ယခုအထိ အဓိက မှတ်ဉာဏ်အပိုင်းအစများပင် ဖြစ်သည်။
ထန်ထျန်း မှင်တက်နေမိသည်။
နဂါးတံခါးမှာ အလွန် ထူးခြားမည်ဟု သူ သိထားသော်လည်း ဤကဲ့သို့ အံ့သြဖွယ်ကောင်းသော အတိတ်သမိုင်း ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
မူလပုံစံ ဟင်းလင်းပြင် ခေါင်းလောင်းကြီးမှာ ကမ္ဘာကြီးကို တည်ဆောက်ခဲ့သည့် အမြင့်ဆုံး အသိစိတ်များထဲမှ တစ်ခု ဖြစ်နေသည် မဟုတ်လား။
ဒါဟာ တကယ့်ကို...
မှတ်ဉာဏ်အပိုင်းအစများ အားလုံး ပြီးဆုံးသွားသည့်အခါ ထန်ထျန်းက နိယာမကမ္ဘာအတွင်းသို့ ပြန်ရောက်လာခဲ့သည်။
အစောပိုင်းက ကြီးမြတ် သော အသိစိတ်၊ သို့မဟုတ် ဟင်းလင်းပြင် ခေါင်းလောင်း၏ ပျက်စီးနေသော အသိစိတ်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော အာကာသတွင်းနက်ကြီးက ၎င်းကို အကုန် ဝါးမြိုသွားပုံရ၏။
ဟင်းလင်းပြင် ခေါင်းလောင်း၏ ကိုယ်ထည်ပေါ်တွင်လည်း ယခုအခါ အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး လက်ဝါးခန့် အရွယ်အစားရှိသော အပိုင်းအစတစ်ခုမှာ မှိန်ဖျော့သော အလင်းများကို ထုတ်လွှတ်နေသည်။
၎င်းမှာ ဟင်းလင်းပြင် ခေါင်းလောင်း၏ အစစ်အမှန် မူလအစိတ်အပိုင်း ဖြစ်ပုံရ၏။
၎င်းမှာ အာကာသတွင်းနက်အတွင်းသို့ နစ်မြုပ်တော့မည့်အချိန်တွင် ထန်ထျန်း အံ့ကြိတ်လိုက်မိသည်။
"ထားလိုက်တော့ကွာ... သတ္တိရှိတဲ့သူပဲ ဝအောင်စားရတာပဲ။"
" ဒီလောက် အဖိုးတန်တဲ့ ရတနာကို ဒီအတိုင်း လွှတ်ပေးလိုက်ရင် အိပ်မက်ထဲမှာတောင် နောင်တရနေမိလိမ့်မယ်"
သူက အမြဲတမ်း ဘေးအကင်းဆုံးနည်းလမ်းဖြင့်သာ လုပ်တတ်သော်လည်း ယခုအချိန်တွင်မူ အများကြီး စဉ်းစားမနေတော့ပေ။
ရှေ့မှ အာကာသတွင်းနက်ကို ကြည့်ရင်း ထန်ထျန်းက လက်ကို ဆန့်ထုတ်လိုက်ရာ ဤလောကနှင့် မတူညီသော အငွေ့အသက်တစ်ခုက ဟင်းလင်းပြင် ခေါင်းလောင်းပေါ်သို့ လျင်မြန်စွာ လွှမ်းခြုံသွားတော့သည်။
"ပွင့်စမ်း"
ထိုအချိန်မှာပင် ဟင်းလင်းပြင် ခေါင်းလောင်းကြီးမှာ လုံးဝ ပေါက်ကွဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် နဂါးတံခါး၏ အပြင်ဘက်၌
တင်းမာလှသော ကယ်ဆယ်မှု များမှာ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကာ အင်မော်တယ်အရှင်များ၏ အကူအညီဖြင့် တပည့်အချို့ကို နဂါးကျွန်းအပြင်သို့ ဘေးကင်းစွာ ပြောင်းရွှေ့ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ခေါင်းလောင်းသံမှာ ပို၍ ပို၍ မြန်လာသဖြင့် မည်သူမျှ ပေါ့ပေါ့ဆဆ မနေရဲဘဲ အရှိန်မြှင့် လုပ်ဆောင်နေကြသည်။
သို့သော် ထိုအချိန်တွင် ဟင်းလင်းပြင် ခေါင်းလောင်းကို ချုပ်နှောင်ထားသည့် လန်တင်း အင်မော်တယ်အရှင်၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျသွားတော့သည်။
သူ၏ မျက်နှာတွင် အလွန် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
ဘာကြောင့်လဲဆိုတော့ ဟင်းလင်းပြင် ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ရုတ်တရက် ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။
သူ၏ လက်ထဲရှိ ခေါင်းလောင်းငယ်လေးမှာလည်း အရမ်း ပူလာပြီး အရည်ပျော်တော့မည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။
၎င်းကို မြင်သည့်အခါ လန်တင်း အင်မော်တယ်အရှင်က ကောင်းကင်ကို ကြည့်ကာ အော်ဟစ်လိုက်တော့သည်။
"နတ်ရေကန် ကို သွားပြီး ဂိုဏ်းချုပ်ကြီးကို အမြန် ဆင့်ခေါ် ကြစမ်း"
စကားပင် မဆုံးသေးခင်မှာပင် နဂါးတံခါးထိပ်ရှိ ဟင်းလင်းပြင် ခေါင်းလောင်းကြီးမှာ တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များမှာ လန်တင်း အင်မော်တယ်အရှင်၏ ချုပ်နှောင်မှုကို ချက်ချင်း ဖျက်ဆီး ပစ်လိုက်ပြီး သူ၏ နတ်ဘုရားပုံရိပ်ကြီးမှာပင် အမှုန့်ဖြစ်သွားခဲ့ရသည်။
ထို့နောက် လန်တင်း အင်မော်တယ်အရှင်၏ ထိတ်လန့်နေသော အကြည့်အောက်တွင် ကြီးမားလှသော နဂါးတံခါးကြီးမှာ အလယ်မှနေ၍ ဝုန်းခနဲ ပေါက်ကွဲထွက်သွားတော့သည်။
၎င်းနောက်တွင် မရေမတွက်နိုင်သော အက်ကြောင်းကြီးများမှာ စင်မြင့် အလယ်မှနေ၍ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
နောက်တစ်ခဏတွင် ကောင်းကင်မြေကြီး တုန်ဟည်းသွားစေသည့် ပေါက်ကွဲသံကြီးနှင့်အတူ နဂါးကျွန်းတစ်ခုလုံးမှာ ပေါက်ကွဲ ပျက်စီးသွားတော့သည်။