ရောင်းရင်းယဲ့... မြူနှင်းနန်းတော်က အမျိုးသမီးကျင့်ကြံသူတွေ ဒီမှာ သေဆုံးသွားမှာကို မင်းလည်း မလိုလားလောက်ပါဘူး(၂)။
Vol. 39 Ch. 432
"ဟုတ်လား...ဟဟ… ငါကြည့်ရတာတော့ မင်းတို့က ပါးစပ်ကသာ ဝန်ခံပြီး စိတ်ထဲက မပါသလို ဖြစ်နေပါလား…"
"ဘယ်သူ မကျေနပ်သေးလဲ... အခု ထွက်လာလို့ ရတယ်နော်…" ကျိုးစွေ့၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
ဤစကားကို ကြားသောအခါ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြား နှုတ်ခမ်းတွန့်သွားကြပြီး ပြောစရာစကားမဲ့သွားကြသည်။
သေစမ်း... တကယ်ပဲ ငါတို့ကို အရူးတွေလို့ ထင်နေသည်လော…။
အကယ်၍ ထွက်လာရဲပါက သူတို့ အသက်ပျောက်သွားမည်မှာ သေချာပေသည်။ သူတို့သည် အရူးများ မဟုတ်ကြဘဲ နှစ်ပေါင်းရာချီ နေထိုင်လာသော တစ္ဆေအိုကြီးများ ဖြစ်ကြရာ၊ လောက၏အလှည့်အပြောင်းများကို မည်မျှ ကြုံတွေ့ခဲ့ရသည်ကိုပင် မသိနိုင်ပေ။
ဤကဲ့သို့သော စကားများကို မည်သို့ အလွယ်တကူ ယုံကြည်ပါမည်နည်း။
"ဒီကရောင်းရင်း... ခင်ဗျား နားလည်မှုလွဲနေပါပြီ... ကျွန်တော်တို့ စိတ်ရောကိုယ်ပါ လက်ခံပါတယ်…"
"အမှန်အတိုင်း ပြောရရင် ဒီတစ်ခါ ကျွန်တော်တို့ တကယ် မှားပါတယ်... လျော်ကြေးပေးရတာလည်း သဘာဝကျပါတယ်…"
"ကျွန်တော်တို့ရဲ့ ဒီတစ်ကြိမ် မိုက်မဲတဲ့ လုပ်ရပ်ကို ခွင့်လွှတ်ပေးပါ… နောက်တစ်ခါ ကုယုံဂိုဏ်းထဲကို ဘယ်တော့မှ မကျူးကျော်ရဲတော့ပါဘူး…"
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြား အသီးသီး အရှုံးပေးလိုက်ကြသည်။ သူတို့၏ ရင်ထဲတွင် သွေးထွက်နေသကဲ့သို့ ခံစားရသော်လည်း ယခုအချိန်တွင် ငွေပေးပြီး ဘေးအန္တရာယ်ကို တားဆီးရုံသာ တတ်နိုင်တော့၏။
မည်သို့ပင်ဆိုစေ ကိုယ့်အသက်နှင့် ယှဉ်လိုက်လျှင် ဤပြင်ပပစ္စည်းများသည် ဘာမှမဟုတ်ပေ။ အသက်ရှင်နေသရွေ့ ဤရတနာများကို ပြန်ရှာ၍ ရနိုင်သည်။ ငွေလေး အနည်းငယ်အတွက်နှင့် ဤနေရာ၌ အသေခံ၍ မဖြစ်ချေ။
"မဆိုးဘူး... ဒီလိုဆိုရင် မင်းတို့ အပြင်က ကျင့်ကြံသူတွေကို ဆက်သွယ်လိုက်…"
"ဘယ်သူ အရင် လူရွေးခပေးမလဲ... အဲ့ဒီလူ ဒီကနေ အရင် ထွက်ခွာခွင့် ရမယ်…"
ကျိုးစွေ့ အလွန် ကျေနပ်သွားသည်။ ဤဝိညာဉ်သန္ဓေသား ကျင့်ကြံသူများသည် စိတ်ရောကိုယ်ပါ လက်ခံသွားပြီဖြစ်ကြောင်း သူ အာရုံခံမိလိုက်သည်။
သူ၏ “ကြက်ကိုသတ်ပြီး မျောက်ကိုခြောက်သော” လုပ်ရပ်သည် အမှန်တကယ်ပင် ထိရောက်မှု ရှိခဲ့ပြီး မည်သူမျှ ခေါင်းထောင်မလာရဲကြတော့ပေ။ ယခုတစ်ကြိမ်တွင် သူသည် ငွေအမြောက်အမြား ခြိမ်းခြောက်တောင်းယူနိုင်မည်မှာ သေချာသည်။
အခွင့်ကောင်းယူပြီး အမြတ်ကြီးကြီး စားရပေမည်။ ငွေမပေးလျှင် ထွက်ခွာခွင့်ရမည် မဟုတ်သည်မှာ သေချာပေ၏။
…………
မကြာမီအချိန်အတွင်း အပြင်ဘက်ရှိ ကျင့်ကြံသူအများအပြားသည်လည်း ဤကိစ္စကို ပထမဆုံး သိရှိသွားကြသည်။
ဝူကျိမဟာမိတ်အဖွဲ့၊ ကောင်းကင်ဓားဂိုဏ်း၊ ဆည်းဆာဂိုဏ်း၊ မြူနှင်းနန်းတော် အစရှိသော ဂိုဏ်းများမှ ကျင့်ကြံသူများသည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး ကြီးမားသော တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
"မဖြစ်နိုင်တာ... ဒီ နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးရဲ့ တားမြစ်အစီအရင်ကို တကယ်ပဲ လူတစ်ယောက်က ထိန်းချုပ်ထားတာလား... ဒါကြောင့် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများကြီးကို ပိတ်လှောင်ထားတာကိုး...
သတ္တိကလည်း ကောင်းလွန်းမနေဘူးလား... ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးက ဝိညာဉ်သန္ဓေသား အင်အားစုတွေ အကုန်လုံးကို ရန်စလိုက်တာပဲ... အဲ့ဒီကောင် ရူးသွားပြီလား... ဒါက ချန်လန်ပင်လယ်ဒေသကနေ ကိုယ့်ကိုယ်ကိုယ် အပယ်ခံဖြစ်အောင် လုပ်လိုက်တာပဲ"
လူတစ်ယောက်က မျက်လုံးပြူးသွားပြီး မယုံကြည်နိုင် ဖြစ်နေသည်။
တစ်စုံတစ်ယောက်က ဤကဲ့သို့သော ကိစ္စမျိုး လုပ်ရဲလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
"ဒီ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေကို ပိတ်လှောင်ထားရုံတင် မကဘူး... ဝိညာဉ်သန္ဓေသား ဂိုဏ်းကြီးတွေကိုပါ ခြိမ်းခြောက်ငွေညှစ်ဖို့ ကြံစည်နေတာ... တကယ်လို့ လူရွေးခမပေးရင် ဒီ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေ ဒီတစ်သက် ပြန်ထွက်လာရမှာ မဟုတ်ဘူးတဲ့"
"သေစမ်း... တစ်ယောက်တည်း အင်အားနဲ့ ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးက ဝိညာဉ်သန္ဓေသား အင်အားစုတွေကို ခြိမ်းခြောက်ငွေညှစ်တာက တကယ့်ကို ပြိုင်ဘက်ကင်းပဲ... ဒါက ချန်လန်ပင်လယ်ဒေသ သမိုင်းတစ်လျှောက် အကြောက်စရာအကောင်းဆုံး ပြန်ပေးဆွဲသမား ဖြစ်လောက်တယ်... အသတ်ခံရမှာ မကြောက်ဘူးလား…."
"သူက ဘာကြောက်စရာ လိုလို့လဲ... ကုယုံဂိုဏ်း ကျွန်းပေါ်မှာ နေနေသရွေ့ ပဉ္စမအဆင့် အစီအရင်ရဲ့ အကာအကွယ် ရှိနေတာပဲ... ဘယ် ဝိညာဉ်သန္ဓေသား အင်အားစုက ဒီ ပဉ္စမအဆင့် အစီအရင်ကို ဖျက်ဆီးနိုင်မှာမို့လို့လဲ... လုံးဝ ဘေးကင်းတယ်လို့ ပြောလို့ရတယ်…"
"ပြဿနာက ကျွန်းပေါ်မှာပဲ နေလို့ရမှာလေ... ကျွန်းပေါ်ကနေ ထွက်လာတာနဲ့ အများရဲ့ ပစ်မှတ်ဖြစ်လာပြီးတော့ ဝိညာဉ်သန္ဓေသား အင်အားစုတွေ ဝိုင်းတိုက်တာကို ခံရလိမ့်မယ်... ခြေတစ်လှမ်းတောင် ရွေ့နိုင်မှာ မဟုတ်ဘူး…"
"တုံးလိုက်တာကွာ... သူက ဒီလိုကိစ္စမျိုး လုပ်ရဲမှတော့ ဒီလို အကျိုးဆက်တွေကို ကြိုတင် တွက်ချက်ထားပြီးသား နေမှာပေါ့... အဲ့ဒီ နောက်ကွယ်က လက်မည်းကြီးက သူ့ကျင့်ကြံခြင်း နတ်ဘုရားအသွင်ပြောင်းအဆင့် ရောက်မှ ကျွန်းပေါ်က ထွက်လာဖို့ စောင့်နေတာ ဖြစ်မယ်...
အဲ့ဒီအချိန်ကျရင် ဝိညာဉ်သန္ဓေသား အင်အားစုတွေက သူ့ကို တိုက်ခိုက်နိုင်မှာ မဟုတ်တော့ဘူး... အဲ့ဒီ နောက်ကွယ်က လက်မည်းကြီးက ချန်လန်ပင်လယ်ဒေသက ဝိညာဉ်သန္ဓေသား အင်အားစု အကုန်လုံးကို ပြန်တိုက်ခိုက်မှာကို စိုးရိမ်ရတော့မှာ…"
"မဖြစ်နိုင်တာ... နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာဖို့ ဒီလောက်တောင် ယုံကြည်ချက် ရှိတာလား…"
"ဒါကတော့ မသိဘူး... အနည်းဆုံးတော့ ဒီကျွန်းပေါ်မှာ နေနေသရွေ့ အဲ့ဒီကောင်က ပြိုင်ဘက်ကင်းပဲ…"
ကျင့်ကြံသူ အများအပြား ဆွေးနွေးငြင်းခုံနေကြသည်။
သံသယဖြစ်စရာမလို၊ ဤပြန်ပေးဆွဲ ငွေညှစ်မှုဖြစ်ရပ်သည် ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးကို တုန်လှုပ်သွားစေပေလိမ့်မည်။ မည်သို့ပင်ဆိုစေ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီ သမိုင်းကြောင်းတွင် မည်သူကမှ ဤကဲ့သို့သော ကိစ္စမျိုး မလုပ်ခဲ့ဖူးချေ။
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ ဤမျှအများအပြားကို တစ်ပြိုင်နက်တည်း ပြန်ပေးဆွဲခြင်းသည် သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး ပြန်ပေးဆွဲသမားဟု ခေါ်ဆိုထိုက်ပေသည်။ ထို့အပြင် ခြိမ်းခြောက်ငွေညှစ်ခံရသူများမှာ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ ဖြစ်ကြလေသည်။
"ဒီလိုဆိုရင် ငါတို့ လူရွေးခ ပေးရမှာလား မပေးရဘူးလား... ဈေးကလည်း ကြီးလွန်းတယ်... အနည်းဆုံး အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးထောင်တောင် ပေးရမှာ... ငါတို့ဆီမှာ ဝိညာဉ်သန္ဓေသား ဘိုးဘေးတွေ အများကြီး အထဲရောက်နေတာဆိုတော့ ဘဏ္ဍာတိုက်က အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ အကုန် ပြောင်သွားလောက်တယ်…"
"ဟုတ်တယ်... အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ မရှိရင် ငါတို့ရဲ့ တည်နေရာရွှေ့ပြောင်းအစီအရင်တွေ၊ စတုတ္ထအဆင့် လှေပျံတွေ အကုန်လုံး အသုံးပြုလို့ မရတော့ဘူး…"
"တုံးလိုက်တာကွာ... ဒီရတနာတွေက ဘာအရေးပါလို့လဲ... ဝိညာဉ်သန္ဓေသား ဘိုးဘေးတွေကမှ အရေးအကြီးဆုံး... တကယ်လို့ ဝိညာဉ်သန္ဓေသား ဘိုးဘေးရဲ့ ကာကွယ်မှု မရှိတော့ရင် ငါတို့ ဒီလောက်ကြီးမားတဲ့ နယ်မြေကို ထိန်းသိမ်းထားနိုင်ပါ့မလား…"
"တခြား လူသားအင်အားစု ရန်သူတွေနဲ့ တွေ့မလား ဆိုတာကို ထားဦး... ပင်လယ်မျိုးနွယ်စု၊ မိစ္ဆာသားရဲတွေရဲ့ ခြိမ်းခြောက်မှု တစ်ခုတည်းနဲ့တင် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူရဲ့ ဟန့်တားမှု မရှိရင် ငါတို့ ဒီလောက်များတဲ့ ကျွန်းတွေကို ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်ဘူး... သက်ရှိတွေ အများကြီး သေဆုံးကုန်ကြမှာ…"
"ဟုတ်တယ်... တကယ်လို့ ငါတို့ လူရွေးခ မပေးဘဲ တခြား ဝိညာဉ်သန္ဓေသား အင်အားစုတွေက ပေးလိုက်ရင်... အဲ့ဒီအချိန်ကျရင် ငါတို့ဂိုဏ်းက ဒီလောက်များတဲ့ ဝိညာဉ်သန္ဓေသားတွေကို ဆုံးရှုံးလိုက်ရပြီး... ကျွန်းတွေနဲ့ ပင်လယ်ပြင်နယ်မြေ အများကြီး အလုခံရမှာ သေချာတယ်... ဂိုဏ်းတောင် ပျက်စီးသွားနိုင်တယ်…"
"အဲ့ဒီ လူယုတ်မာက ဒီအချက်ကို သေချာပေါက် သိနေတာ... ငါတို့ လက်မလွှတ်နိုင်မှန်း သိလို့ ဒီလို မောက်မာနေတာပေါ့…"
"မင်း မပေးရင် တခြားလူက ပေးလိမ့်မယ်…"
"စကားများမနေနဲ့တော့... ဂိုဏ်းကို အမြန်ပြန်ပြီး ရတနာတွေ အများကြီး သွားယူကြစို့... လူရွေးခ စောစောပေးလေ ဝိညာဉ်သန္ဓေသား ဘိုးဘေးတွေ စောစော လွတ်လာလေပဲ"
"တကယ်လို့ ဒီကောင် စိတ်ပြောင်းသွားရင် ငါတို့ ဘိုးဘေးတွေ သေကုန်လိမ့်မယ်…"
ကျင့်ကြံသူ အများအပြား ဘာမှမတတ်နိုင် ဖြစ်နေကြရှာသည်။ သူတို့သည်လည်း ရင်နာလွန်း၍ သေလုမတတ်ပင် ဖြစ်နေကြသည်။ တစ်ကြိမ်တည်းနှင့် ဤမျှ များပြားသော ပစ္စည်းဥစ္စာများကို ခြိမ်းခြောက်ယူငင်ခံလိုက်ရသည် မဟုတ်ပါလော။
ဤသည်မှာ သူတို့၏ ကိုယ်ပေါ်မှ အသားကို လှီးဖြတ်ပြီး သွေးကို ဖောက်ထုတ်လိုက်သကဲ့သို့ပင်။
သို့သော် ဤငွေကို မပေး၍လည်း မဖြစ်ပေ။ ဤသည်မှာ သူတို့ အင်အားစု၏ အသက်ရှင်ရပ်တည်ရေးနှင့် သက်ဆိုင်နေသော သော့ချက်ပင် ဖြစ်ပေ၏။
…………
ဤအချိန်တွင် ကျိုးစွေ့၏ အာရုံသည် မြူနှင်းနန်းတော်၏ နန်းတော်သခင် ယဲ့ဖေးရိုအပေါ်တွင် ရောက်ရှိနေသည်။
မည်သို့ပင်ဆိုစေ 'ဖန်ဆင်းခြင်း ကျောက်စိမ်းနှင်းရေ' သည် ဤအမျိုးသမီး၏ ကိုယ်ပေါ်တွင် ရှိနေသေးရာ၊ ရရှိအောင် နည်းလမ်းရှာရပေမည်။
ဤကိစ္စသည် သူ၏ အနာဂတ် ဝိညာဉ်သန္ဓေသား၊ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံခြင်းတို့နှင့်ပင် သက်ဆိုင်နေသည်။ အမှားအယွင်း ခံ၍ မဖြစ်ပေ။
"ရောင်းရင်းယဲ့..."
ထိုအချိန်တွင် ကျိုးစွေ့သည် ရုတ်တရက် ယဲ့ဖေးရိုထံ နတ်ဘုရားအာရုံဖြင့် ဆက်သွယ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ယဲ့ဖေးရိုကို လူမသိသူမသိ ကူကောင်ထည့်လိုက်လေသည်။ 'ချစ်ခြင်းမေတ္တာကူ' ၏ သားပေါက်ကောင်သည် စွမ်းအင်အမျှင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယဲ့ဖေးရို၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။
သို့သော် ယဲ့ဖေးရိုသည် မည်သည့်အရာကိုမျှ သတိမထားမိလိုက်ချေ။ ပဉ္စမအဆင့် အောက်ခြေအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော 'ချစ်ခြင်းမေတ္တာကူ'၏ အင်အားနှင့် အမြန်နှုန်းသည် ယခင်ကထက် မည်မျှ အဆပေါင်းများစွာ ပိုမို သန်မာနေသည်ကို မသိနိုင်ပေ။ ယခင်ကနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်တော့ချေ။
"ဘယ်သူလဲ..."
ရုတ်တရက် ဤအသံကို ကြားလိုက်ရသဖြင့် ယဲ့ဖေးရို လန့်သွားသော်လည်း၊ သူမသည် နှစ်ပေါင်း ခုနစ်ရာကျော် အသက်ရှင်နေထိုင်လာသော ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူတစ်ဦး ဖြစ်သည့်အားလျော်စွာ လျင်မြန်စွာပင် တည်ငြိမ်သွားခဲ့သည်။
အသံပိုင်ရှင်သည် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီး၏ နောက်ကွယ်မှ ထိန်းချုပ်သူ ဖြစ်ကြောင်း သူမ သိလိုက်သည်။
သို့သော် အဘယ်ကြောင့်မှန်းမသိ၊ ဤအသံကို ကြားလိုက်ရပြီးနောက် သူမ၏ ရင်ထဲတွင် ကြည်နူးမှု အရိပ်အယောင်တစ်ခုက ထွက်ပေါ်လာလေသည်။
နှစ်ပေါင်းများစွာ ပေါင်းသင်းလာသော မိတ်ဆွေရင်းတစ်ယောက်ကဲ့သို့ပင်။
"မင်း ငါ့ကို 'မုတာအိုအရှင်' လို့ ခေါ်လို့ရတယ်…"
ကျိုးစွေ့သည် နာမည်အတုတစ်ခု ပြောလိုက်သည်။ မည်သို့ပင်ဆိုစေ သူ၏ နာမည်ရင်း ပေါက်ကြားသွား၍ မဖြစ်ပေ။ သို့မဟုတ်ပါက သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိမှသာ ဤကျွန်းပေါ်မှ ထွက်ခွာနိုင်တော့မည် ဖြစ်သည်။
"မုတာအိုအရှင်... ရှင် တကယ်တမ်း ဘာလုပ်ချင်တာလဲ…"
ယဲ့ဖေးရို၏ မျက်ဝန်းလှလှလေးများ လှုပ်ရှားသွားပြီး ဤနာမည်၏ ဇာစ်မြစ်ကို စဉ်းစားလိုက်သော်လည်း၊ သူမ မည်မျှပင် စဉ်းစားစေကာမူ ချန်လန်ပင်လယ်ဒေသတွင် ဤနာမည်ရှိသော ကျော်ကြားသည့် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးကိုမျှ ရှာမတွေ့နိုင်ပေ။
မှန်ပေသည်၊ ဤနာမည်သည် အတုဖြစ်ကောင်း ဖြစ်နိုင်သဖြင့် သူမ မသိရှိခြင်းကလည်း ပုံမှန်ပင် ဖြစ်၏။