ငါ ပုန်းနေတာကို ငါ သိတယ်
Vol. 19 Ch. 181
ကြေးမုံနှလုံးသားရေကန်အဖွဲ့သည် ကျုံးချင်ကို တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်အရိုအသေပြုကာ နှုတ်ဆက်ပြီးနောက် သူတို့ လာခဲ့ရာ လမ်းကြောင်းအတိုင်း ပြန်လည်၍ ထွက်ခွာသွားကြသည်။
သူတို့သည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသော်လည်း ယခုချိန်၌ မုန်တိုင်း ငြိမ်သက်သွားခဲ့လေပြီ။ အကယ်၍ သူတို့သာ တခြားအန္တရာယ်များနှင့် ထပ်မံ၍မကြုံတွေ့ရပါက တောင်ကြားလမ်းဆီသို့ ပြန်လည်၍ ဆုတ်ခွာသွားနိုင်ရန် ဖြစ်နိုင်ခြေရှိသည်။
ကျုံးချင်သည် ရေခဲကန်သို့ ပြန်သွားပြီး ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်းကို သိမ်းဆည်းလိုက်၏။
လက်တံရှည်သားရဲကြီးသည် ကောင်းကင်နှင့်မြေပြင်အကြားမှ မွေးဖွားလာပုံရကာ သူ၏ စွမ်းအားသည် ကြီးမားသော်လည်း ဉာဏ်ရည် မမြင့်မားသဖြင့် တိုက်ရိုက်ဆက်သွယ်ပြောဆိုရန် မဖြစ်နိုင်ချေ။
သို့ရာတွင် ချီလင်သည် လက်တံရှည်သားရဲကြီးကို နှိမ်နင်းပြီးနောက် သူ၏အတွေးတချို့ကို ကျုံးချင်က အာရုံခံနိုင်ခဲ့သည်။
ထိုအချိန်ကျမှသာ ကျုံးချင်က ဤခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်းသည် လက်တံရှည်သားရဲကြီးအတွက်လည်း ဆွဲဆောင်မှု ရှိကြောင်း နားလည်သဘောပေါက်လိုက်သည်။
လက်တံရှည်သားရဲကြီးသည် ပိုင်ဖုန်းလွင်ပြင်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှိနေခဲ့ပြီး ဤနေရာရှိ ကောင်းကင်နှင့်မြေပြင် ရတနာ အမြောက်အများသည် သူ၏အစာအာဟာရများ ဖြစ်လာခဲ့ပေ၏။ ထိုသို့မဟုတ်ပါက သူ ဤမျှအတိုင်းအတာအထိ ကြီးထွားလာရန် ခက်ခဲပေလိမ့်မည်။
သို့သော် ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်းကို ရှေးဟောင်းဝင်္ကပါဖြင့် ဖုံးအုပ်ထားသဖြင့် ထိုအ ရာ၏အရှိန်အဝါကို လက်တံရှည်သားရဲကြီးက အာရုံမခံနိုင်ခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းက မင်ယွဲ့ရှန်းသည် ဝင်္ကပါကို ဖျက်ဆီးလိုက်သဖြင့် စိတ်ဝိညာဉ်ဆေးပင်၏ အရှိန်အဝါ ယိုစိမ့်ထွက်လာမှသာ လက်တံရှည်သားရဲကြီးကို ဆွဲဆောင်နိုင်ခဲ့သည်။
ထိုသားရဲကို ယခင်က မတွေ့ခဲ့ရသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ မင်ယွဲ့ရှန်း ဝင်္ကပါကို ဖျက်ဆီးလိုက်မှသာ ထိုသားရဲ ရောက်လာခြင်း ဖြစ်ပေ၏။
မြေအောက်တွင် ပုန်းအောင်းပြီး နေရာအနှံ့အပြားသို့ လက်တံများ ဖြန့်ကျက်ထားသော ဤကြီးမားသည့် သားရဲကြီးသည် ပိုင်ဖုန်းလွင်ပြင်ရှိ အကြောက်ရဆုံး ခြိမ်းခြောက်မှုများအနက်မှတစ်ခု ဖြစ်နေနိုင်သည်။
သို့သော် ယခုချိန်၌ ထိုသားရဲကြီးသည် ကျုံးချင်၏နှိမ်နင်းခြင်းကို ခံလိုက်ရသဖြင့် ပိုင်ဖုန်းလွင်ပြင်ရှိ အန္တရာယ်အဆင့်သည်လည်း အနည်းငယ်ခန့် လျော့ကျသွားခဲ့သည်။
သေချာသည်မှာ ကံဆိုးသော ကြေးမုံနှလုံးသားရေကန်အဖွဲ့သည် ဤအကျိုးကျေးဇူးကို ခံစားခွင့် မရလိုက်ကြချေ။
စိတ်ဝိညာဉ်ဆေးပင်ကို သိမ်းဆည်းပြီးနောက် ကျုံးချင်သည် ရေခဲကန်မှ ထွက်ခွာလာပြီး လျှို့ဝှက်နယ်မြေဆီသို့ ဆက်လက်၍ ထွက်ခွာသွားသည်။
ယခုချိန်၌ သရဲလေဖြူ ငြိမ်သက်သွားပြီ ဖြစ်သဖြင့် သူသည် သံမဏိပြားမှတစ်ဆင့် လျှို့ဝှက်နယ်မြေ၏တည်နေရာကို တဖန်ပြန်၍ အာရုံခံနိုင်လေပြီ။
မျက်စိတစ်မှိတ်အတွင်း အချိန်တစ်ရက် ကုန်ဆုံးသွားသည်။
ဤတစ်ရက်အတွင်း ကျုံးချင်သည် နောက်ထပ်လှုပ်ခတ်မှုများနှင့် မကြုံတွေ့ရတော့ချေ။
သေချာသည်မှာ လမ်းခရီးတွင် အန္တရာယ်မရှိဟု ဆိုလိုခြင်း မဟုတ်ပေ။
ကျန်းယွဲ့ဂိုဏ်းအဖွဲ့၏ ပြောပြချက်အရ ပိုင်ဖုန်းလွင်ပြင်တွင် အန္တရာယ်အရှိဆုံး အရာများသည် သရဲလေဖြူအပြင် အပျက်အစီးများကြားတွင် ဖုံးကွယ်နေသော ရှေးဟောင်းဝင်္ကပါများ ဖြစ်ကြသည်။
ဤဝင်္ကပါများအနက် အများစုသည် ကျိုးပဲ့နေပြီး တည်ငြိမ်မှု ပျောက်ဆုံးနေသော်လည်း ဤအချက်က ထိုအရာများကို ပို၍ပင် အန္တရာယ်များသောနေရာများ ဖြစ်သွားစေသည်။
သို့သော် ကျုံးချင်တွင် ဝင်္ကပါခံနိုင်ရည်စွမ်း ရှိနေသဖြင့် အန္တရာယ်ကို မဆိုထားနှင့် သူ ဖြတ်သန်းသွားချိန်၌ ထိုဝင်္ကပါများ ရှိနေသည်ကိုပင် သူ မခံစားရချေ။
သို့သော် လမ်းတလျှောက်တွင် ဟေးပိုင်၏ အရှိန်အဝါကိုလည်း သူ အာရုံမခံမိသဖြင့် သူတို့သည် များစွာဝေးကွာနေပုံရပြီး လျှို့ဝှက်နယ်မြေဝင်ပေါက်သို့ မရောက်မီ ပြန်လည်ဆုံတွေ့ရန်မှာ ခက်ခဲပေလိမ့်မည်။
နောက်တစ်နေ့ နေ့လည်ခင်းတွင် ကျုံးချင်သည် မိုင်သောင်းနှင့်ချီ၍ ခရီးနှင်ခဲ့ပြီးဖြစ်သည်။
နှင်းဖုံးရှုခင်းများအကြားတွင် သူ၏ပုံရိပ်သည် လျှင်မြန်စွာ ဖြတ်သန်းသွားပြီး သူ၏ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ငြိမ်သက်မှုကိုသာ ချန်ထားရစ်ခဲ့သည်။
ပိုင်ဖုန်းလွင်ပြင်တွင် သက်ရှိဟူ၍ အနည်းငယ်သာရှိသည်။
မည်သို့ပင်ဆိုစေကာမူ သာမန် တောရိုင်းသားရဲများသည် ဤနေရာတွင် မည်သို့မျှ အသက်ရှင်သန်နိုင်ခြင်း မရှိကြပေ။
သို့သော် ဆန့်ကျင်ဘက်အနေဖြင့် ဆိုရလျှင် ဤနေရာတွင် အသက်ရှင်နေထိုင်နိုင်သော မည်သည့်အရာမဆို ထူးခြားသည်ဟု ဆိုလိုခြင်းပင်။
လက်တံရှည်သားရဲကြီးသည် ဥပမာတစ်ခု ဖြစ်ပေ၏။
သူ လျှို့ဝှက်နယ်မြေ၏ အလယ်ဗဟိုသို့ ချဉ်းကပ်လာသည်နှင့်အမျှ လွင်ပြင်၏မြေပြင်အနေအထားသည်လည်း အနည်းငယ်ပို၍ရှုပ်ထွေးလာသည်။ ကျုံးချင်သည် တောင်ကြားလမ်းတစ်ခုသို့ ရောက်ရှိချိန်၌ အတွင်းဘက်မှ ပြင်းထန်သော တိုက်ခိုက်သံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
သူ၏အကြည့် ရွေ့လျားသွားပြီး တောင်ကြားအတွင်းသို့ သူ ဝင်သွားလိုက်သည်။
လူတစ်ယောက်နှင့် သားရဲတစ်ကောင် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကို သူ မြင်တွေ့မိပေ၏။
ထိုသားရဲသည် ခန္ဓာကိုယ်အနှံ့အပြား၌ ငွေဖြူရောင် အမွှေးများ ရှိပြီး ဆယ်ကျန့်ကျော် မြင့်မားကာ ကြွက်သားများ ဖုထစ်နေသည့် ဧရာမမျောက်ဝံကြီး တစ်ကောင်နှင့် တူညီနေသည်။ သို့ရာတွင် ထိုသားရဲ၌ ကျား သို့မဟုတ် ကျားသစ်နှင့် တူညီသော ခေါင်းရှိသည့် ရက်စက်ကြမ်းကြုတ် သားရဲတစ်ကောင်ပင်။
ထိုသားရဲ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်မှုကို ထုတ်လွှတ်ထားပြီး သူ၏လက်သီးများ လွှဲယမ်းလိုက်တိုင်း ကျောက်တုံးများ ကြေမွှပျက်စီးသွားသည်။
သူ၏လှုပ်ရှားမှုတိုင်းတွင် ပေါက်ကွဲအားပြင်းထန်သော စွမ်းအားများဖြင့် ပြည့်နှက်နေသဖြင့် ထိတ်လန့်ဖွယ်ကောင်းလှသည်။
ဤ ကျားသစ်ခေါင်း ဧရာမမျောက်ဝံကြီးကို တိုက်ခိုက်နေသူမှာ အဖြူရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်နှင့် လှပသော အမျိုးသမီးငယ်တစ်ဦးပင်။
ထိုမိန်းမလှလေးသည် လက်တစ်ဖက်တွင် တောက်ပသော ကြေးမုံတစ်ချပ်ကို ကိုင်ထားပြီး တခြားလက်တစ်ဖက်တွင် ဓားရှည်တစ်လက်ကို ကိုင်ထားသည်။ သူမ၏ပုံရိပ်သည် နတ်မိမယ်တစ်ပါးကဲ့သို့ ကျော့ရှင်းလှပပေ၏။
သူမ၏ညာလက်ထဲရှိ ဓားရှည်မှ ထက်ရှသော ဓားချီအလင်းတန်းများကို ထုတ်လွှတ်ထားသည်။ ထိုဓားချီသည် တောင်ထိပ်တစ်ခုကို ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်တောက်ပြီး ကျားသစ်ခေါင်း ဧရာမမျောက်ဝံကြီးကို ခုတ်ပိုင်းလိုက်ရာ ဒဏ်ရာများ ရရှိသွားစေသည်။
ထို့ပြင် သူမ၏ဘယ်လက်ရှိ တောက်ပသော ကြေးမုံသည် ရံဖန်ရံခါ အလင်းတန်းများ ထုတ်လွှတ်ပြီး ဧရာမမျောက်ဝံကြီးအပေါ် ကျရောက်စေကာ သူ၏လှုပ်ရှားမှုများကို နှေးကွေးစေပြီး အခွင့်အရေး ဖန်တီးပေးသည်။
ကျုံးချင်သည် တောင်ကြားအတွင်းဘက်ရှိ တိုက်ပွဲကို တည်ငြိမ်အေးဆေးစွာ ကြည့်ရှုနေသည်။
ထိုမိန်းမလှလေးမှာ သူ ယခင်က မြင်တွေ့ဖူးသော ကြေးမုံနှလုံးသားရေကန်၏ သူတော်စင်မိန်းမပျို မင်ဆုရှင်း ဖြစ်ကြောင်း သူ မှတ်မိလိုက်သည်။
မင်ယွဲ့ရှန်းနှင့် တခြားလူများနှင့် လမ်းခွဲပြီးနောက် မကြာမီမှာပင် သူတို့နှင့် လူစုကွဲသွားသော သူတော်စင်မိန်းမပျိုနှင့် တွေ့ဆုံရလိမ့်မည်ဟု သူ ထင်မှတ်မထားမိချေ။
သို့သော် သူ့ထံတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိဘဲ မင်ဆုရှင်းက ရက်စက်ကြမ်းကြုတ်သားရဲကို တိုက်ခိုက်နေသည်အား တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။
ဤရက်စက်ကြမ်းကြုတ်သားရဲသည် အားမနည်းလှပေ။ သူသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့်ရှိသော စွမ်းအားကို ပိုင်ဆိုင်ထားပေ၏။ ပိုင်ဖုန်းလွင်ပြင်တွင် အသက်ရှင်နေထိုင်နိုင်သော အားအနည်းဆုံး ရက်စက်ကြမ်းကြုတ်သားရဲသည်ပင် ထိုအဆင့်၌ ရှိနေပေမည်။
သို့သော် မင်ဆုရှင်းသည် ပို၍ပင် သန်မာအားကောင်းပြီး သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်ရှိနေလေပြီ။
ဤရက်စက်ကြမ်းကြုတ်သားရဲကို ကိုင်တွယ်ရန်အတွက် သူမ၏စွမ်းအားသည် လုံလောက်သည်ထက် ပိုနေပေ၏။
တစ်ချိန်တည်းမှာပင် ဤသည်က အရှေ့ပိုင်းဒေသသည် မည်မျှထိ အားနည်းကြောင်း ကျုံးချင်ကို တွေးတောမိစေကာ သူ ထပ်မံ၍ သက်ပြင်းချလိုက်သည်။
အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးကို ရှာဖွေတွေ့ရှိရန် ခက်ခဲပြီး မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်သည် မြင့်မြတ်နယ်မြေအသီးသီး၏ ဘိုးဘေးများအဆင့်တွင် ရှိနေလေပြီ။
သို့သော် မြောက်ပိုင်းဒေသတွင် ပထမတန်းစား ဂိုဏ်းများ၏ရွေးချယ်ခံများ ဖြစ်ကြသော သူတော်စင်သားတော်များနှင့် သူတော်စင်မိန်းမပျိုများ အဆင့်တွင်ရှိသော လူငယ်များသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိနေကြသည်။
သူတို့သည် ကျင့်ကြံခြင်းလမ်းကြောင်းသို့ ခြေချသည်မှာ မကြာသေးသော်လည်း အရှေ့ပိုင်းဒေသကို ရှင်းလင်းသုတ်သင်ပစ်ရန် လုံလောက်နေလေပြီ။
"အရှေ့ပိုင်းဒေသရဲ့အင်အားကို မြှင့်တင်ဖို့ နည်းလမ်းတစ်ခုခုကို ငါ စဉ်းစားသင့်တယ်..."
ကျုံးချင် တွေးတောလိုက်သည်။
"မဟုတ်ရင် ငါ အပြင်ထွက် ခရီးသွားတဲ့အချိန်မှာ အရှေ့ပိုင်းဒေသက လာတယ်လို့ ပြောဖို့ ငါ ရှက်နေရလိမ့်မယ်..."
သူသည် ရှန်ကျန်းဂိုဏ်းမှ လာခြင်း ဖြစ်သော်လည်း ယခုချိန်၌ အတိုင်းအဆမဲ့တောင် ပျက်စီးသွားပြီ ဖြစ်သဖြင့် အရှေ့ပိုင်းဒေသ၏ ကျန်ရှိသော မဟာမြင့်မြတ်နယ်မြေကြီး လေးခုသည် သူနှင့် အလွန်ဆက်ဆံရေး ကောင်းမွန်ကြပြီး သူ၏လူများအဖြစ် သတ်မှတ်နိုင်သည်။
အကယ်၍ စစ်မှန်သော အခွင့်အရေးများ ရှိလာပါက သူတို့ကို အနည်းငယ် ပေးကမ်းရန် သူ ဝန်လေးမည် မဟုတ်ချေ။
သူ စဉ်းစားနေစဉ်မှာပင် တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်ရှိသွားလေပြီ။
ကျုံးချင်သည် တောင်ကြားလမ်းတွင် ဗြောင်ကျကျ မတ်တတ်ရပ်နေသဖြင့် မင်ဆုရှင်းသည် မျက်ကန်းမဟုတ်သောကြောင့် သူ့ကို ယခင်ကတည်းက သတိထားမိပြီးဖြစ်သည်။
သို့သော် သူမသည် ရက်စက်ကြမ်းကြုတ်သားရဲကို တိုက်ခိုက်ရန် အလုပ်ရှုပ်နေသဖြင့် ကျုံးချင်ကို အာရုံစိုက်ရန် အချိန်မရှိချေ။ ယခုအချိန်တွင် မင်ဆုရှင်း၏ ဆက်တိုက် တိုက်ခိုက်မှုများအောက်၌ ကျားသစ်ခေါင်း ဧရာမမျောက်ဝံကြီးသည် သေလုမျောပါးဖြစ်နေလေပြီ။
သေခြင်းတရားကို ကြောက်ရွံ့သော ဗီဇကြောင့် ဉာဏ်ရည်သိပ်မမြင့်မားသော ကျားသစ်ခေါင်း ဧရာမမျောက်ဝံကြီးသည် ဆက်လက်၍ မတိုက်ခိုက်ရဲတော့ဘဲ ထွက်ပြေးရန်အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည့် တောင်ကြားလမ်းဆီသို့ ခုန်ထွက်လိုက်သည်။
ထို့ပြင် ကျုံးချင်သည် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ထိုသားရဲ၏ထွက်ပြေးလမ်းကြောင်းကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသည်။
အရှိန်အဝါ ကြီးမားသော မင်ဆုရှင်းနှင့် နှိုင်းယှဉ်လျှင် ကျုံးချင်သည် သူ့အပေါ် မည်သည့်ဖိအားမျှ မရှိသဖြင့် ကျားသစ်ခေါင်း ဧရာမမျောက်ဝံကြီး၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။ ထိုသားရဲသည် ဟိန်းဟောက်ပြီး သူ၏ဧရာမလက်သီးကြီးကို မြှောက်ကာ ကျုံးချင်၏ ခေါင်းပေါ်သို့ ရိုက်နှက်လိုက်၏။
ကျုံးချင်က ခေါင်းယမ်းလိုက်သည်။
ဒီမျောက်ဝံဖြူက သေလမ်းရှာတတ်သားပဲ...
ဒီလောက်ကြီးတဲ့ တောင်ကြားလမ်းကြီးမှာ ငါနဲ့ ဝင်တိုက်မယ့်အစား ရှောင်သွားလို့ မရဘူးလား..
.
မူလက သူသည် လှုပ်ရှားရန် ရည်ရွယ်ချက် မရှိသော်လည်း ယခုချိန်၌ ထိုသားရဲသည် သူ၏အိမ်တံခါးဝသို့ ခြေထောက်ပေါက်၍ ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူသည် လက်ကိုမြှောက်လိုက်ပြီး ကျားသစ်ခေါင်း ဧရာမမျောက်ဝံကြီးကို သေရွာပို့ဆောင်ပေးရန် ပြင်ဆင်လိုက်သည်။
သို့သော် ကျားသစ်ခေါင်း ဧရာမမျောက်ဝံကြီး၏လက်သီး ကျရောက်ခါနီးအချိန်တွင် သူ၏ကြီးမားသောခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားသည်။
ရုတ်ချည်းဆိုသလိုပင် သွေးစီးကြောင်းတစ်ကြောင်း သူ၏ ခန္ဓာကိုယ်အလယ်ဗဟိုမှ ထွက်ပေါ်လာပြီး ကျားသစ်ခေါင်း ဧရာမမျောက်ဝံကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ကွဲအက်သွားကာ ဘယ်နှင့်ညာ ဘေးနှစ်ဖက်သို့ လျောကျသွားပြီး သွေးများနှင့်ကလီစာများ နေရာအနှံ့အပြားသို့ ဖြာကျသွားပေ၏။
ကျုံးချင်သည် မျက်မှောင် အနည်းငယ်ကြုတ်လိုက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရာ ဖြာကျလာသော သွေးများအားလုံး သူ့ကို လွဲချော်သွားသည်။
"ရှောင်တတ်သားပဲ..."
ထိုအချိန်မှာပင် ကြည်လင်အေးမြသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ကျော့ရှင်းလှပသော ပုံရိပ်တစ်ခုက မိုးကောင်းကင်မှ ဆင်းသက်လာကာ ကျုံးချင်၏ရှေ့တွင် ရပ်တန့်လိုက်သည်။
ကျားသစ်ခေါင်း ဧရာမမျောက်ဝံကြီးကို ခုတ်ပိုင်းလိုက်သူမှာ မင်ဆုရှင်းသာဖြစ်ပေ၏။
သို့သော် သူမ၏မျက်နှာသည်လည်း အနည်းငယ် ဖြူဖတ်ဖြူရော် ဖြစ်နေပြီး စွမ်းအားအမြောက်အများ ကုန်ဆုံးထားပုံရသည်။
မူလက ဤဧရာမမျောက်ဝံကြီးကို ကိုင်တွယ်ရန်မှာ သူမအတွက် အလွန်လွယ်ကူသော ကိစ္စတစ်ရပ်ပင်။ သို့ရာတွင် သူမသည် ဂိုဏ်းနှင့် လူစုကွဲနေသည်မှာ ကြာပြီဖြစ်ပြီး သရဲလေဖြူမှ ကံကောင်း၍ အသက်ရှင်ရက် လွတ်မြောက်ခဲ့ကာ ဤနေရာထိ ရောက်ရှိလာနိုင်ခဲ့သော်လည်း သူမ၏ စွမ်းအင်အမြောက်အများ ကုန်ဆုံးခဲ့ရသည်။
မူလက ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးကိုပင် လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်နိုင်ပေမည်။
သို့သော် ယခုအချိန်တွင် သူမသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသဖြင့် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့်၌ရှိသော ရက်စက်ကြမ်းကြုတ်သားရဲတစ်ကောင်ကို သတ်ရန်ပင် အားစိုက်ထုတ်မှု အတော်အသင့် လိုအပ်ခဲ့သည်။