စိတ်ခံစားချက်မရှိသော အနက်ရောင်ဝတ်ရုံဝတ် လူ
Vol. 19 Ch. 190
မဟာအကြီးအကဲသည် အစပထမ၌ ထိတ်လန့်သွားပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
သူတို့လူစုနှင့် ပထမဆုံး ထိပ်တိုက်တွေ့ဆုံစဉ်က လက်ခြောက်ဖက် ဝက်ဝံသားရဲသည် သူ့ကို စူးစိုက်ကြည့်နေကြောင်း သတိထားလိုက်မိသည်။ အကြောင်းအရင်းမှာ ဤနေရာတွင် ရှိနေသူများအနက် သူ၏အရှိန်အဝါသည် အသန်မာဆုံး ဖြစ်သောကြောင့်ပင်။
ယခုချိန်၌ သူ့ကို စွန့်လွှတ်ပြီး အနက်ရောင်ဝတ်ရုံဝတ်လူဘက်သို့ လှည့်သွားခြင်းသည် ထိုလူ၏ အရှိန်အဝါသည် သူ့ထက် ပို၍သန်မာအားကောင်းသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
ထို့ပြင် သူသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။ အကယ်၍ တစ်စုံတစ်ယောက်၏အရှိန်အဝါသည် သူ့ထက် သာလွန်နေပါက ယင်သုံးပါးနယ်ပယ်၌ ရှိနေနိုင်သည် မဟုတ်လော။
သို့သော် ထိုအနက်ရောင်ဝတ်ရုံဝတ်လူသည် ဂိုဏ်းချုပ်လေးဦးအနက်မှ တစ်ဦးမဟုတ်သည်မှာ သိသာထင်ရှားသည်။ ထို့ကြောင့် ဂိုဏ်းလေးဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူများအပြင် ပိုင်ဖုန်းလွင်ပြင်ထဲသို့ ဝင်ရောက်လာသော တခြားယင်သုံးပါးနယ်ပယ် ကျင့်ကြံသူများ ရှိနေသေးသလော။
သို့ရာတွင် မဟာအကြီးအကဲ၏စိတ်ထဲမှ အတွေးများ လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။ အနက်ရောင်ဝတ်ရုံဝတ်လူ မည်သူမည်ဝါဖြစ်သည်ကို သူ ဂရုမစိုက်တော့ချေ။ သူ ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးနိုင်ခြင်းရှိမရှိကိုသာ သူ ဂရုစိုက်တော့သည်။
လက်ခြောက်ဖက် ဝက်ဝံသားရဲသည် အနက်ရောင်ဝတ်ရုံဝတ်လူဆီသို့ ခုန်ဝင်သွားသည်ကို မြင်တွေ့ချိန်၌ မဟာအကြီးအကဲသည် ချက်ချင်းထွက်မပြေးသေးချေ။
သူသည် လျှို့ဝှက်နည်းလမ်းကို အသုံးပြုရန် ပြင်ဆင်ထားပြီးဖြစ်သည်။ အကယ်၍ ထို အနက်ရောင်ဝတ်ရုံဝတ်လူသည် အမှန်တကယ်ကို ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့လျှင် သူသည် ထိုလူနှင့် ပူးပေါင်းပြီး ဤသားရဲကို သတ်ဖြတ်နိုင်ကောင်း သတ်ဖြတ်နိုင်ပေလိမ့်မည်။
အကယ်၍ ထိုသို့မဟုတ်ခဲ့လျှင်....
ထိုလူက အသက်တစ်ရှိုက် နှစ်ရှိုက်စာခန့် အချိန်ဆွဲထားပေးနိုင်သရွေ့ သူသည် လျှို့ဝှက်နည်းလမ်းကို ချက်ချင်းထုတ်သုံးပြီး ထွက်ပြေးရပေမည်။
သို့သော် နောက်ထပ်အချိန်တခဏတွင် ယုံကြည်ရခက်သော မြင်ကွင်းတစ်ခုက သူ၏မျက်စိရှေ့မှောက်တွင် ဖြစ်ပေါ်လာသည်။
ထိုအနက်ရောင်ဝတ်ရုံဝတ်လူသည် အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အသားအရေ ဖြူဖပ်ဖြူရော်နှင့် တည်ငြိမ်သော မျက်နှာထားရှိသည့် အမျိုးသားတစ်ဦးပင်။
လက်ခြောက်ဖက် ဝက်ဝံသားရဲ သူ့ဆီသို့ ခုန်အုပ်လာသည်ကို မြင်တွေ့ချိန်၌ အနက်ရောင်ဝတ်ရုံဝတ်လူသည် ခြေလှမ်းကိုပင် မရပ်တန့်ချေ။ ထို့နောက် သူ၏လက်ကိုမြှောက်ပြီး ဝက်ဝံသားရဲထံသို့ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်သည်။
ဤလက်ဝါးရိုက်ချက် ကျဆင်းလာသည်နှင့်...
ဤအချိန်အခိုက်အတန့်တွင် လောကကြီးတစ်ခုလုံးမှ အလင်းတန်းများသည် အနက်ရောင်ဝတ်ရုံဝတ်လူ၏ လက်ဝါးပေါ်သို့ စုစည်းသွားသည့်အလား ဖြစ်ပေါ်လာသည်။
သူ၏လက်ဝါးပုံရိပ်ယောင်ကြီး လွှမ်းခြုံသွားသည့် နေရာတိုင်းတွင် မိုးကောင်းကင်တစ်ခုလုံး ပြိုကျလာသည့်အလားပင်။
မဟာအကြီးအကဲက ဤသည်မှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကြောင်း သိလိုက်သည်။ လက်တွေ့တွင် ဤသည်မှာ အနက်ရောင်ဝတ်ရုံဝတ်လူ၏ တိုက်ခိုက်မှုကြောင့် လှုပ်ရှားလာသော ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများပင်။
ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူများသာလျှင် တိုက်ခိုက်သောချိန်၌ ကောင်းကင်နှင့် မြေပြင်၏ ဥပဒေသစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
သို့သော် ကောင်းကင်နှင့်မြေပြင် ဥပဒေသများကို ဤမျှအတိုင်းအတာအထိ လှုပ်ရှားစေသည်ကို မဟာအကြီးအကဲ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။
မိုးကောင်းကင်ယံကြီး ပြိုကျလာသကဲ့သို့ ဖြစ်နေသော ဤလက်ဝါးပုံရိပ်ယောင်ကြီးအောက်တွင် အလွန်အမင်း ရက်စက်ကြမ်းတမ်းခဲ့သော လက်ခြောက်ဖက် ဝက်ဝံသားရဲသည် အလွန် သေးငယ်သွားပုံရပေ၏။
ပေါက်ကွဲသံတစ်သံနှင့်အတူ အပေါက်ဖောက်ခံလိုက်ရသော ဘောလုံးတစ်လုံးအလား လက်ခြောက်ဖက် ဝက်ဝံသားရဲ၏ခေါင်းတစ်ခုလုံးသည် အနက်ရောင်ဝတ်ရုံဝတ်လူ၏လက်ဝါးဖြင့် ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
အော်ဟစ်သံ ပြုလုပ်ရန် အခွင့်အရေးပင် မရလိုက်ဘဲ လက်ခြောက်ဖက် ဝက်ဝံသားရဲ၏ ကြီးမားသော ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပြီး ပြန့်ကျဲသွားသည်။ ဝက်ဝံသားရဲ၏ ကြီးမားသော ခေါင်းသည်လည်း သွေးမြူများအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားပေ၏။
ထို့နောက် အနက်ရောင်ဝတ်ရုံဝတ်လူသည် မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ပြုမူနေပြီး နောက်ထပ်တစ်ချက်မျှပင် ပြန်လှည့်မကြည့်တော့ချေ။ သူသည် သူ၏လက်ဝါးကို တည်ငြိမ်အေးဆေးစွာ ပြန်ရုတ်သိမ်းကာ ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းသွားသည်။
အစမှအဆုံးထိ သူ၏ခြေလှမ်းများသည် အချိန်တခဏမျှပင် ရပ်တန့်မသွားခဲ့ချေ။
အံ့အားသင့်မှင်သက်နေသော မဟာအကြီးအကဲသည် ထိုအချိန်ရောက်မှသာ သတိပြန်ဝင်လာပြီး သူ၏နောက်သို့ အလျင်အမြန် လိုက်သွားလေ၏။
ဤနေရာနှင့် အနည်းငယ် ဝေးကွာသော နေရာတွင် ရှိနေသော နဂါးနက်ဂိုဏ်းတပည့် အနည်းငယ်သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့အားလုံး စိတ်လှုပ်ရှားသွားကာ သူ၏နောက်သို့ လိုက်ပါသွားကြသည်။
ဤပိုင်ဖုန်းလွင်ပြင်တွင် ထိုကဲ့သို့ ထိပ်သီးကျင့်ကြံသူတစ်ဦး၏နောက်သို့ လိုက်ပါနိုင်လျှင် အလွန်ဘေးကင်းလုံခြုံပေလိမ့်မည်။
"တာအိုရဲရောင်းရင်း... နေပါအုံး... စီနီယာ... ဒီ စီနီယာ... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါအုံး..."
မဟာအကြီးအကဲသည် မယုံကြည်နိုင်လောက်အောင် စိတ်လှုပ်ရှားနေသော အသံဖြင့် အော်ဟစ်လိုက်သည်။
ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်...
အနက်ရောင်ဝတ်ရုံဝတ်လူ အစောပိုင်းက အသုံးပြုလိုက်သော လက်ဝါးရိုက်ချက်သည် ဧကရာဇ်အဆင့် သို့မဟုတ် ထိုထက်မြင့်သော ဆန်းကြယ်စွမ်းရည်တစ်ခုဖြစ်ကြောင်း သူ အတပ်ပြောသည်။
ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်များသာလျှင် ကောင်းကင်နှင့်မြေပြင် ဥပဒေသများကို ဤမျှအတိုင်းအတာအထိ လှုပ်ရှားစေနိုင်သည်။
ဤသည်က မည်သည့်သဘောတရားမျိုး ဖြစ်သနည်း...
တောင်ပိုင်းဒေသ တစ်ခုလုံးတွင်ပင် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်ဟူ၍ အနည်းငယ်သာရှိသည်။
ထိုအရာများသည် သာလွန်ထူးကဲသော အင်အားစုများ၌သာ တည်ရှိပြီး ပြင်ပသို့ သင်ကြား၍မရနိုင်သော လျှို့ဝှက်ချက်များအဖြစ် သတ်မှတ်ခြင်းခံရကာ ချိတ်ပိတ်၍ သိမ်းဆည်းထားကြ၏။
သူတို့ကဲ့သို့သော ပထမတန်းစား အင်အားစုများပင်လျှင် ထိုအရာများကို မြင်တွေ့နိုင်ရန် အရည်အချင်း မရှိကြပေ။
ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်များကို ကျွမ်းကျင်ပိုင်နိုင်သော ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး၏စွမ်းအားကို စိတ်ကူးယဉ်တွေးတောကြည့်၍ပင် မရနိုင်ချေ။
အနက်ရောင်ဝတ်ရုံဝတ်လူသည် အော်ဟစ်သံများကို ကြားသော်လည်း အရှိန်မြှင့်ခြင်း သို့မဟုတ် အရှိန်လျှော့ခြင်း မပြုလုပ်ဘဲ မဟာအကြီးအကဲတို့လူစုကို လှည့်ကြည့်ခြင်းပင် မပြုချေ။ ထိုကြောင့် မဟာအကြီးအကဲတို့လူစုသည် သူ့ကို အလျင်အမြန် အမီလိုက်နိုင်ခဲ့ကြသည်။
မဟာအကြီးအကဲသည် ချက်ချင်းဆိုသလိုပင် လေးလေးနက်နက် ဦးညွတ်ပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ အရိုအသေပြုလိုက်၏။ သူ၏ရိုသေလေးစားမှုသည် နက်ရှိုင်းလွန်းသဖြင့် ဝပ်တွားခယလုနီးပါး ဖြစ်နေသည်။
"ကျွန်တော့်ရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်...စီနီယာက ဘယ်အင်အားစုက လာတာလဲဆိုတာ သိခွင့်ရှိမလား... ဒီဂျူနီယာက နဂါးနက်ဂိုဏ်းရဲ့ မဟာအကြီးအကဲ ပါ... စီနီယာရဲ့ လေးစားရတဲ့ နာမည်ကို ပြောပြပေးဖို့ နှိမ့်ချစွာ တောင်းဆိုပါရစေ... ဒါမှသာ ကျွန်တော်က ကျေးဇူးတင်ကြောင်း ဖော်ပြခွင့် ရမှာပါ..."
နဂါးနက်ဂိုဏ်းအဖွဲ့သည် အနက်ရောင်ဝတ်ရုံဝတ်လူ၏နောက်တွင် ချက်ချင်းစုဝေးရောက်ရှိလာကြပြီး အဆက်မပြတ် စကားပြောဆိုကာ အလွန်အကျွံ ကျေးဇူးတင်စကား ပြောဆိုနေကြပြီး အကြီးအကျယ် ချီးကျူးမြှောက်ပင့်နေကြ၏။
"စီနီယာရဲ့ နတ်ဘုရားစွမ်းအားက တကယ့်ကို အံ့အားသင့်ဖို့ ကောင်းတယ်... ဒီနိမ့်ကျတဲ့လူကို အမြင်ကျယ်စေခဲ့တယ်..."
"စီနီယာရဲ့ကျင့်ကြံဆင့်စွမ်းအားက တကယ်ပဲ လောကကြီးကို တုန်လှုပ်စေနိုင်တယ်... ဒီနေ့ မြင်တွေ့ခွင့်ရတာက ဒီနိမ့်ကျတဲ့လူအတွက် ဘဝသုံးခုစာ ကောင်းချီးပါပဲ..."
"ဒီနိမ့်ကျတဲ့လူက စီနီယာရဲ့ အသက်ကယ်တင်ခဲ့တဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး... စီနီယာကို ကျေးဇူးဆပ်ဖို့အတွက် ကျွဲလိုနွားလို အစေခံပေးဖို့ ဆန္ဒရှိပါတယ်..."
သို့သော်...
သူတို့ မည်သည့်အရာကို ပြောသည်ဖြစ်စေ အနက်ရောင်ဝတ်ရုံဝတ်လူသည် တုံ့ပြန်မှု မရှိဘဲ တိတ်ဆိတ်စွာဖြင့် ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းနေသည်။
ဤအချိန်တွင် ထိုအဖွဲ့သည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ပြီး လမ်းကြောင်းကို လေ့လာကြည့်ရှုရန် အားလပ်ချိန် ရလာကြသည်။ မဟာအကြီးအကဲက အနက်ရောင်ဝတ်ရုံဝတ်လူသည် မြောက်ဘက်သို့ ဦးတည်နေကြောင်း သတိထားမိသဖြင့် သူ၏စိတ်နှလုံးသား ချက်ချင်းလှုပ်ရှားသွားသည်။
"စီနီယာကလည်း ပိုင်ဖုန်းလျှို့ဝှက်နယ်မြေကို သွားနေပုံရတယ်...ဘာလို့ စီနီယာ့ကို အရင်က တစ်ခါမှ မမြင်ဖူးရတာလဲ...ဒါပေမဲ့ အဲ့ဒါက အဓိက မဟုတ်ပါဘူး... အဓိကအချက်က ကျွန်တော်တို့လည်း ပိုင်ဖုန်း လျှို့ဝှက်နယ်မြေထဲ ဝင်ချင်နေတာပါပဲ...စီနီယာရဲ့နောက်ကို ကျွန်တော်တို့ကို လိုက်ပါခွင့်ပြုပြီးတော့ စီနီယာအတွက် အမှုထမ်းခွင့် ပေးနိုင်မလား..."
သို့သော် အနက်ရောင်ဝတ်ရုံဝတိလူသည် သူတို့၏စကားများကို လုံးဝမကြားရသည့်အလား တိတ်ဆိတ်နေဆဲပင်။
ထိုကဲ့သို့ ထိပ်သီးကျင်သူတစ်ဦးအပေါ် မည်သည့် အကဲစမ်းမှုမျိုးကိုမဆို ပြုလုပ်ခြင်းသည် ဥာဏ်ပညာမဲ့ရာ ကျပေလိမ့်မည်။ တစ်ဖက်လူ သဘောမတူပါက ခေါင်းမာစွာဖြင့် နောက်မှ လိုက်နေခြင်းသည် ထိုလူမှ သူတို့အား ဒေါသထွက်သွားစေနိုင်သည်။
မဟာအကြီးအကဲသည် ဤအချက်ကို ကောင်းစွာ သိရှိသဖြင့် အနက်ရောင်ဝတ်ရုံဝတ်လူ၏ နောက်သို့ ဤအတိုင်း လိုက်ပါသွားဝံ့ခြင်း မရှိချေ။
သို့သော် သူတို့၏ဂိုဏ်းချုပ် သေဆုံးသွားခဲ့ပြီး သူတို့ဘက်၌ လူအနည်းငယ်သာ ကျန်ရှိတော့ကာ တခြားဂိုဏ်းများနှင့် တွေ့ဆုံပါက အရိုက်ခံရရုံသာရှိမည်ဖြစ်ကြောင်း တွေးမိချိန်၌ သူသည် သတ္တိမွေးပြီး ဆက်လက်၍ စည်းရုံးပြောဆိုလိုက်၏။
ထို့ပြင် သူတို့သည် အနက်ရောင်ဝတ်ရုံဝတ်လူ၏နောက်သို့ လိုက်ပါနိုင်လျှင် သို့မဟုတ် သူ၏ကာကွယ်မှုကို ရရှိလျှင် အခြေအနေသည် လုံးလုံးလျားလျား ကွဲပြားသွားပေလိမ့်မည်။
"စီနီယာ... ခင်ဗျားက တောင်ပိုင်းဒေသကလား... ကျွန်တော့်တို့ရဲ့နဂါးနက်ဂိုဏ်းက တောင်ပိုင်းဒေသမှာ အဆင့်အတန်း တစ်ခု ရှိပါတယ်... စီနီယာ စိတ်မရှိရင် နောက်ကျရင် ကျွန်တော့်တို့ရဲ့ နဂါးနက်ဂိုဏ်းကို လာလည်လို့ ရပါတယ်...နဂါးနက်ဂိုဏ်း တစ်ဂိုဏ်းလုံးက ကြမ်းပြင်ကို လှည်းကျင်းပြီး ခင်ဗျားအတွက် နွေးထွေးတဲ့ ကြိုဆိုမှုကို ပြင်ဆင်ပေးမှာ သေချာတယ်..."
"စီနီယာ... ဒီဂျူနီယာက ယင်သုံးပါးနယ်ပယ် ရတနာတစ်ခုဖြစ်တဲ့ သွေးအရိုးကျောက်စိမ်းကို ကံကောင်းပြီးတော့ ရရှိထားပါတယ်... စီနီယာက မရွံရှာဘူးဆိုရင် ဒီဂျူနီယာက လက်နှစ်ဖက်နဲ့ ဆက်သဖို့ ဆန္ဒရှိပါတယ်..."
"စီနီယာ... ခင်ဗျားမှာ ဂိုဏ်းမရှိဘူးဆိုရင် ကျွန်တော်တို့နဂါးနက်ဂိုဏ်းက မဟာအကြီးအကဲချုပ်ရာထူးကို ပေးအပ်ချင်ပါတယ်..."
"ကျွန်တော်တို့နဂါးနက်ဂိုဏ်းက မကြာသေးခင်ကမှ သွေးမျိုးဆက်သန့်စင်တဲ့ အနက်ရောင်အကြေးခွံ ရေနဂါး အကောင်ရေအနည်းငယ်ကို မွေးမြူထားပါတယ်... စီနီယာ စိတ်ဝင်စားမယ် ဆိုရင်..."
အနက်ရောင်ဝတ်ရုံဝတ်လူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ရန်အတွက် မဟာအကြီးအကဲသည် ဦးနှောက်ခြောက်လုနီးပါး ဖြစ်နေပြီး မျက်နှာလိုမျက်နှာရလုပ်ရန် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေသည်။
သို့သော် အနက်ရောင်ဝတ်ရုံဝတ်လူသည် လမ်းလျှောက်နေသော စိတ်ခံစားမှု ကင်းမဲ့သည့် ရုပ်ထုတစ်ခုကဲ့သို့ အစမှ အဆုံးထိ တိတ်ဆိတ်နေပြီး အနည်းငယ်မျှသော တုံ့ပြန်မှုကိုပင် မပေးခဲ့ချေ။
"စီနီယာ... ကျွန်တော်တို့နဂါးနက်ဂိုဏ်းက ထူးချွန်တဲ့ လူတွေနဲ့ သဘာဝအလှအပတွေ ရှိတဲ့ နေရာပါ... ရေနက်အိုင်မှာ တည်ရှိပြီးတော့ ကျွန်တော်တို့ဂိုဏ်းရဲ့ အမျိုးသမီးတပည့်အများစုက ကောင်းကင်နတ်မိမယ်လေးတွေလို လှပကြတယ်... တောင်ပိုင်းဒေသတစ်ခုလုံးမှာ သူတို့က တော်တော်လေး နာမည်ကျော်ကြားတယ်... စီနီယာ မရွံရှာဘူးဆိုရင် သူတို့က စီနီယာအတွက် လုပ်ကျွေးပြုစုရတာကို သေချာပေါက် ဂုဏ်ယူကြမှာပါ..."
နောက်ဆုံးတွင် မိန်းကလေးများကိစ္စကိုပင် ထည့်ပြောလာခဲ့ပြီး မဟာအကြီးအကဲက အနက်ရောင်ဝတ်ရုံဝတ်လူမှာ လူသားနှင့် မတူလောက်အောင် သွေးအေးလွန်းနေသည်ဟု ခံစားရကာ မျှော်လင့်ချက် ကင်းမဲ့လုနီးပါး ဖြစ်နေသည်။
သို့သော် မမျှော်လင့်ဘဲ ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံဝတ်လူ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏အရှိန်အဝါသည် အချိန်တခဏကြာခန့် လှုပ်ရှားသွားပုံရသည်။
ဤသည်က အချိန်တခဏကြာမျှသာ ဖြစ်ပြီး သူသည် မူလအခြေအနေသို့ ပြန်ရောက်သွားပေ၏။
သို့သော် ပထမဆုံးအကြိမ်အဖြစ် သူ စကားပြောဆိုလိုက်သည်။
"မင်းတို့ လိုက်ချင်ရင် လိုက်ခဲ့... လိုအပ်တဲ့အချိန်ကျရင် ငါ လှုပ်ရှားပေးမယ်..."
သူ၏အသံ အဆုံးသတ်သွားသည်နှင့် သူသည် နောက်သို့ပြန်လှည့်မကြည့်ဘဲ ရှေ့သို့ တဖန်ဆက်၍ လျှောက်လှမ်းသွားတော့သည်။
မဟာအကြီးအကဲတို့လူစုသည် နေရာမှာပင် ကြက်သေသေ၍ ကျန်ရစ်ခဲ့ကြပြီး အချိန်တခဏကြာမှသာ တုံ့ပြန်နိုင်ခဲ့ကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်သွားပြီး သူ၏နောက်သို့ လိုက်ပါသွားကြ၏။
"စီနီယာ..."
Thank For Reading.