ငါက ပြောပြရုံသက်သက်ပဲ... ယုံတာ မယုံတာက မင်း အပိုင်းပဲ
Vol. 19 Ch. 182
မူလက မင်ဆုရှင်းသည် သူမ၏စွမ်းအားကို ချွေတာရန်နှင့် ဧရာမမျောက်ဝံကြီးကို တိုက်ခိုက်ရင်း တဖြည်းဖြည်း မောပန်းသွားစေရန် စီစဉ်ထားခဲ့သည်။
သို့သော် ကျုံးချင်၏ ရုတ်တရက် ထွက်ပေါ်လာမှုသည် အခြေအနေ ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ကျုံးချင်သည် ဧရာမမျောက်ဝံကြီး၏တိုက်ခိုက်မှုအောက်တွင် အကြောက်လွန်ပြီး မလှုပ်ရှားနိုင်ဘဲ မတ်တတ်ရပ်နေသည်ကို သူမ မြင်တွေ့လိုက်ရသည်။ ထိုကြောင့် မင်ဆုရှင်းသည် ဧရာမမျောက်ဝံကြီးကို ထက်ခြမ်းခုတ်ပိုင်းရန် ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်ကို ထုတ်သုံး၍ အစွမ်းကုန် တိုက်ခိုက်ရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ချေ။
သို့သော် ထိုအရာသည် သူမ၏ စိတ်ဝိညာဉ်စွမ်းအား အမြောက်အများကို ကုန်ဆုံးသွားစေခဲ့သဖြင့် သူမသည် ကျုံးချင်ကို မကျေမနပ်ဖြစ်မှု အနည်းငယ်ဖြင့် ကြည့်လိုက်၏။
ထိုအချိန်အခိုက်အတန့်တွင် ဤလူသည် အစောပိုင်းက ကျန်းယွဲ့ဂိုဏ်းအဖွဲ့နှင့်အတူ ရှိနေခဲ့ပြီး လျှို့ဝှက်နယ်မြေ သံမဏိပြားနှစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ကောလာဟလ ထွက်နေသော လူငယ်ဖြစ်ကြောင်း သူမ မှတ်မိလိုက်သည်။
"ရှင် ဘာလို့ ဒီနေရာကို ရောက်နေတာလဲ..."
မင်ဆုရှင်းက သတိထားပြီး မေးမြန်းသည်။ သူမ၏မျက်နှာထားသည် ဖော်ရွေခြင်း မရှိချေ။
ကျုံးချင်က သူမကို တုံ့ပြန်အဖြေမပေးဘဲ တောင်ကြားလမ်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။
သူ မင်ဆုရှင်း၏နံဘေးမှ ဖြတ်သွားသောအချိန်မှသာ သူက စကားပြောဆိုလိုက်၏။
"ခုဏက မင်းတို့ ကြေးမုံနှလုံးသားရေကန်က လူတွေကို ငါ တွေ့ခဲ့တယ်..."
မင်ဆုရှင်းသည် အံ့အားသင့်သွားပြီး သူမ၏မျက်လုံးများထဲတွင် ဝမ်းသာမှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
"ဘာ... ဘယ်မှာလဲ... ကျွန်မရဲ့ ဆရာနဲ့ တခြားသူတွေလား..."
ကျုံးချင် တည်ငြိမ်စွာဖြင့် တုံ့ပြန်အဖြေပေးလိုက်သည်။
"ဒီနေရာကနေ အနောက်တောင်ဘက် မိုင်တစ်သောင်းလောက်ဝေးတဲ့ ရေခဲကန် ဘေးမှာပဲ..."
"မင်းရဲ့ဆရာနဲ့ ဂိုဏ်းသားတွေက ရက်စက်ကြမ်းကြုတ်သားရဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီးတော့ အကြီးအကျယ် ထိခိုက်သေဆုံးခဲ့ကြတယ်... ပြီးတော့ သူတို့ ဆုတ်ခွာသွားကြပြီ... ပိုင်ဖုန်းလွင်ပြင်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြတယ်..."
"ဒါကြောင့် မင်းရဲ့ဆရာက ကြေးမုံနှလုံးသားရေကန်ကတပည့်တွေကိုတွေ့ရင် လျှို့ဝှက်နယ်မြေကို မသွားဘဲနဲ့ တောင်ကြားကိုပြန်လာပြီး ပူးပေါင်းဖို့ ငါ့ကို သတိပေးခိုင်းလိုက်တယ်..."
"ဘာ..."
မင်ဆုရှင်း၏ မျက်နှာအမူအယာ ပြောင်းလဲသွားပြီး ကျုံးချင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သော်လည်း ချက်ချင်းဆိုသလိုပင် သူမက တုံ့ပြန်မေးခွန်းထုတ်လိုက်သည်။
"အဓိပ္ပာယ်မရှိတာ..."
"ကျွန်မရဲ့ဆရာက ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်ရုံတင်မကဘူး... ဂိုဏ်းထဲက အကြီးအကဲတွေ အားလုံးက မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတွေပဲ... ဒီလို လူအင်အားနဲ့ဆိုရင် ဘယ်လိုလုပ်ပြီးတော့ ရက်စက်ကြမ်းကြုတ်သားရဲတွေကြောင့် သူတို့က ဒဏ်ရာရမှာလဲ..."
"သူတို့မှာ ထိခိုက်သေဆုံးမှု အနည်းငယ် ရှိရင်တောင်... ဒီလောက်ထိ ခက်ခက်ခဲခဲနဲ့ ဒီအထိ ရောက်လာပြီးမှ ဘယ်လိုလုပ်ပြီးတော့ လှည့်ပြန်သွားကြမှာလဲ..."
ကျုံးချင် သူမကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ မင်ဆုရှင်းကို ကျော်ဖြတ်ကာ ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းသွားလိုက်သည်။
သူသည် စကားပါးပေးရန်သာ ကတိပေးခဲ့ခြင်း ဖြစ်သည်။ ယခုချိန်၌ သူ စကားပါးပေးပြီးပြီဖြစ်ရာ တစ်ဖက်လူ ယုံသည်မယုံသည်မှာ သူ့ကိစ္စ မဟုတ်တော့ချေ။
သူ့ထံတွင် ရှင်းပြနေရန် တာဝန်လည်း မရှိပေ။
ကျုံးချင်၏အမူအယာကို မြင်တွေ့ချိန်၌ မင်ဆုရှင်း၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာပြီး သူမက လက်မလျှော့ဘဲ သူ၏နောက်သို့ အမီလိုက်ကာ ပြောဆိုသည်။
"ရှင်ပြောတဲ့ပုံအရ ဆိုရင်... ရှင်နဲ့ ကျွန်မရဲ့ ဆရာက ကျွန်မရဲ့ဆရာတောင် မကိုင်တွယ်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်သားရဲတစ်ကောင်နဲ့ ကြုံတွေ့ခဲ့ရပြီးတော့... ကြေးမုံနှလုံးသားရေကန်ကို အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပြီး နောက်ပြန်ဆုတ်ဖို့ တွန်းအားပေးခံခဲရတယ်ပေါ့လေ..."
"ဒါပေမဲ့ ရှင်က ဘာလို့ လုံးဝဘေးကင်းနေရတာလဲ..."
ကျုံးချင်သည် သူမကို လျစ်လျူရှုပြီး ဝေးရာသို့ ဆက်လက်၍ လျှောက်လှမ်းသွားသည်ကို မြင်တွေ့ချိန်၌ မင်ဆုရှင်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
သူမက လျင်မြန်စွာ လျှောက်လှမ်းပြီး ကျုံးချင်၏နောက်သို့ ထပ်မံ၍ အမီလိုက်သွားသည်။
"ဒါ့ပြင်... ရှင် သူတို့ကို တွေ့ခဲ့တဲ့နေရာက ဒီနေရာနဲ့ မိုင်သောင်းနဲ့ချီပြီး ဝေးတယ်လို့ ပြောတယ်နော်... ရှင် တစ်ယောက်တည်းနဲ့ တစ်ရက်တည်း ခရီးနှင်ပြီး ဒီကို ဘယ်လိုလုပ်ပြီးတော့ ရောက်လာတာလဲ... ဒီနေ့ သရဲလေဖြူ မတိုက်ခတ်ဘူးလေ..."
ကျုံးချင်က သူမကို ကြည့်လိုက်ပြီးနောက် နားလည်သဘောပေါက်မှုတစ်ခုက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
မင်ဆုရှင်းသည် သရဲလေဖြူကြောင့် ဤနေရာသို့ လွင့်ပါရောက်ရှိလာပုံရသည်။
သူသည် လမ်းတလျှောက်လုံး အေးအေးဆေးဆေး ခရီးနှင်လာခဲ့ကာ အရှိန်မြှင့်၍ မသွားခဲ့သော်လည်း မင်ဆုရှင်း၏ကျင့်ကြံဆင့်ဖြင့် တစ်ယောက်တည်း ခရီးနှင်ပြီး သူ၏ရှေ့သို့ ရောက်နေရန်မှာ မဖြစ်နိုင်ချေ။
"မိန်းကလေး... ငါက ဒီကိစ္စတွေ မင်းကို ရှင်းပြဖို့ တာဝန်မရှိဘူး..."
ကျုံးချင်က သူမကို လျစ်လျူရှုသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောဆိုသည်။
"ငါက သတင်းစကားပါးပေးရုံပဲ... ယုံတာ မယုံတာကတော့ မင်းရဲ့အပိုင်းပါ..."
ထိုသို့ပြောဆိုပြီးနောက် သူသည် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းသွားသည်။
မင်ဆုရှင်းသည် ကျုံးချင်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးနောက် သူ့ကို ထပ်မံ၍ မနှောင့်ယှက်တော့ရန် ရွေးချယ်လိုက်၏။
ထိုအစား သူမသည် နှာခေါင်းတစ်ချက်ရှုံ့ပြီး ခုန်တက်ကာ ကျုံးချင်ကို ကျော်ဖြတ်ပြီး ရှေ့သို့ အလျင်အမြန် ပျံသန်းသွားလိုက်သည်။
သူမသည် ကျုံးချင်၏စကားများကို မယုံကြည်ကြောင်းနှင့် နောက်ပြန်လှည့်ရန် ရည်ရွယ်ချက် မရှိဘဲ လျှို့ဝှက်နယ်မြေဆီသို့ ဆက်လက် သွားရောက်ရန် ပြင်ဆင်နေကြောင်း သိသာထင်ရှားသည်။
ကျုံးချင်သည်လည်း သူမထံမှ လျှို့ဝှက်နယ်မြေ သံမဏိပြားအရှိန်အဝါကို အာရုံခံမိလိုက်သည်။ မင်ဆုရှင်းသည် ကြေးမုံနှလုံးသားရေကန်တွင် အလွန် မြင့်မားသော ရာထူးတစ်ခု ရှိကြောင်းနှင့် မင်ယွဲ့ရှန်းက သူမအား သံမဏိပြားကို ထိန်းသိမ်းစောင့်ရှောက်ရန် ပေးအပ်ထားကြောင်း သိသာထင်ရှားလှ၏။
သို့သော် သူ ဂရုမစိုက်ဘဲ သူ၏ တည်ငြိမ်အေးဆေးသော ခရီးစဉ်ကို ဆက်လက်၍ လျှောက်လှမ်းလိုက်သည်။
ကျားသစ်ခေါင်း ဧရာမမျောက်ဝံသားရဲ အသတ်ခံလိုက်ရပြီးနောက် တောင်ကြားလမ်းတွင် အတားအဆီး မရှိတော့ပေ။ ဝင်္ကပါတချို့ ရှိကောင်း ရှိနိုင်သော်လည်း ကျုံးချင်သည် သူ၏ဝင်္ကပါခံနိုင်ရည်စွမ်းကြောင့် ထိုအရာများကို လုံးဝအသက်သွင်းမိမည် မဟုတ်ချေ။
နေ့ဝက်ခန့် ကြာပြီးနောက် သူသည် နောက်ဆုံးတွင် တောင်ကြားလမ်း၏အဆုံးသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် သူသည် မြို့ရိုးတစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
ထိုမြို့ရိုးသည် ပျက်စီးယိုယွင်းနေပြီ ဖြစ်သော်လည်း ပုံသဏ္ဍာန်ကို ဝေဝါးစွာ မြင်တွေ့နေရဆဲပင်။ ထိုအရာသည် အမှန်တကယ်ကို တောင်ကြားလမ်း၏ဘေးနှစ်ဖက်ကို ဆက်သွယ်ထားပြီး တစ်ခုတည်းသော ထွက်ပေါက်ကို ပိတ်ဆို့ထားသည့် မြို့ရိုးတစ်ခုပင်။
ရှေးဟောင်းဂိုဏ်း တည်ရှိနေသော ခေတ်ကာလအတွင်းတွင် ဤနေရာသည် ဖြတ်သန်းသွားလာရမည့် ဂိတ်တံခါးတစ်ခု ဖြစ်ခဲ့ကြောင်း သိသာထင်ရှားသည်။
မြို့ရိုး၏ပင်မတံခါးရှေ့တွင် ကျုံးချင်သည် ကျော့ရှင်းလှပသော ပုံရိပ်လေးကို မြင်တွေ့လိုက်ရသည်။
ဤှသည်မှာ သူ့ထက် အရင်ဦးအောင် ရောက်ရှိနေသော မင်ဆုရှင်းပင်။
မင်ဆုရှင်းသည်လည်း လက်နောက်ပစ်ကာ မလျင်မမြန် လမ်းလျှောက်လာနေသော ကျုံးချင်ကို သတိထားမိသွားသည်။
သူမ၏ သွယ်လျသောမျက်ခုံးများ အနည်းငယ် မြင့်တက်သွားပြီး သူမ၏စိတ်ထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
သူမသည် မြန်ဆန်သောအရှိန်နှုန်းဖြင့် ခပ်နိမ့်နိမ့်ပျံသန်းလာပြီး သူမသည် ဝင်္ကပါပညာရပ်အပေါ် အတိုင်းအတာတစ်ခုထိ ကျွမ်းကျင်မှုရှိနေသည်။ ထိုအရာနှစ်ခု ပေါင်းစပ်လိုက်ချိန်၌ သူမသည် လမ်းတလျှောက်ရှိ ဝင်္ကပါအရှိန်အဝါများကို အာရုံခံနိုင်ခဲ့သဖြင့် မပြည့်စုံသော ဝင်္ကပါအမြောက်အများကို ရှောင်ကွင်းပြီး ဤနေရာသို့ ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်သည်။
သူမ ရောက်ရှိလာသည်မှာ မကြာသေးမီမှာပင် ကျုံးချင်သည် အမီလိုက်လာနိုင်ခဲ့လေပြီ။
ကြည့်ရသည်မှာ ဤလူတွင်လည်း စွမ်းအားတချို့ ရှိနေပုံရသည်။ အရိုးသက်တမ်းအရ ငယ်ရွယ်သော်လည်း သူသည် ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်နေနိုင်သည်။
ထိုအကြောင်းကို တွေးတောရင်း သူမသည် ရုတ်တရက် အနည်းငယ် စိုးရိမ်ပူပန်သွားပေ၏။ အကယ်၍ ကျုံးချင် အစောပိုင်းက ပြောခဲ့သည်မှာ အမှန်တရား ဖြစ်နေလျှင် သူမ မည်သို့ပြုလုပ်ရမည်နည်း။
သို့သော် ဤအတွေးကို သူမ လျှင်မြန်စွာ ဘေးဖယ်လိုက်သည်။ သူမ၏စွမ်းအားဖြင့်ပင် ပိုင်ဖုန်းလွင်ပြင်ကို တစ်ရက်တည်းနှင့် မိုင်သောင်းနှင့်ချီ၍ ခရီးနှင်နိုင်ရန် မဖြစ်နိုင်ချေ။ ကျုံးချင်သည် အစွမ်းထက်သူတစ်ယောက် ဖြစ်နေလျှင်ပင် သူမကို ကျော်လွန်နိုင်မည် မဟုတ်ချေ။
သို့သော် ယခုအချိန်တွင် သူမသည် ကျုံးချင်နှင့် ဆက်လက်၍ စကားပြောဆိုရန် စိတ်ကူးမရှိဘဲ သူမ၏အာရုံစိုက်မှုသည် ရှေ့မှ မြို့ရိုးအပေါ်တွင်သာ ရှိနေသည်။
မြို့ရိုး၏အလယ်ဗဟိုရှိ တံခါးမျှော်စင်နှင့် အောက်ဘက်ရှိ မြို့တံခါးသည် ပျက်စီးယိုယွင်းနေပြီး တစ်ဝက်ခန့် ပြိုကျနေလေပြီ။
သို့သော် လွယ်လွယ်ကူကူ ဖြတ်သန်းသွားလာနိုင်ပုံရသော ဤမြို့တံခါးသည် ခြိမ်းခြောက်မှု အငွေ့အသက်တစ်ရပ်ကို ပေးစွမ်းနေသည်။
သီးခြားစွမ်းအားတစ်ခု၏အရှိန်အဝါသည် တံခါးအတွင်း၌ စီးဆင်းနေသည်ကို သူမ ခံစားမိလိုက်သဖြင့် ဤနေရာတွင် ရှေးဟောင်းဝင်္ကပါတစ်ခု ရှိနေကြောင်း သက်သေပြနေသည်။
အကယ်၍ ဤနေရာသည် တောင်ကြားလမ်းမှ ထွက်ခွာရန် တစ်ခုတည်းသော လမ်းကြောင်းသာ မဟုတ်ခဲ့လျှင် သူမ သေချာပေါက် တခြားလမ်းမှ သွားမိပေမည်။
မင်ဆုရှင်း တွေဝေတုံ့ဆိုင်းနေစဉ်မှာပင် ကျုံးချင် လျှောက်လှမ်းလာသည်ကို သူမ မြင်တွေ့လိုက်ရသည်။ သူသည်လည်း စကားတစ်ခွန်းမျှမပြောဘဲ မင်ဆုရှင်းကို အရေးမစိုက်သည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် လက်နောက်ပစ်ကာ သူမကို ကျော်ဖြတ်ပြီး မြို့ရိုးဆီသို့ ဆက်လက်၍ လျှောက်လှမ်းသွားလိုက်၏။
မင်ဆုရှင်း အနည်းငယ် လန့်ဖျပ်သွားပြီး အလောတကြီး အော်ဟစ်လိုက်သည်။
"အနားမသွားနဲ့... ဝင်္ကပါ ရှိတယ်..."
သူမက လေထုထဲသို့ ပျံသန်းပြီး ကျုံးချင်ကို တားဆီးရန် ကြိုးစားလိုက်သည်။
ဤအချိန်တွင် ကျုံးချင်သည် မြို့တံခါးရှေ့ ပေအနည်းငယ်အကွာသို့ ရောက်ရှိနေလေပြီ။ မင်ဆုရှင်း သူ၏အနားသို့ ရောက်လာသည်နှင့် ရုတ်တရက် တောက်ပသော အပြာရောင် ဝင်္ကပါအမှတ်အသားများ သူတို့၏ခြေထောက်အောက်တွင် လင်းလက်လာသည်။
ရှေးဟောင်းဝင်္ကပါကြီး၏စွမ်းအားသည် ဤအချိန်အခိုက်အတန့်တွင် အသက်ဝင်လာခဲ့ပေ၏။
"တကယ်ကြီး ဝင်္ကပါ ရှိနေတာပဲ..."
မင်ဆုရှင်း အံ့အားတသင့် ရေရွတ်လိုက်သည်။
သူမ မစဉ်းစားနိုင်မီမှာပင် ဝင်္ကပါ၏ အလင်းအကာအကွယ်အတွင်းမှ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်များ ဖြာထွက်လာသည်။ ထို့နောက် ထိုအရာများသည် မရေမတွက်နိုင်သော ထက်ရှသည့် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ သူတို့ရှိရာနေရာသို့ မိုးရွာချသည့်အလား ကျရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ဤအလင်းတန်းတစ်တန်းစီတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ပါဝင်နေပြီး ထိမှန်သွားပါက မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် ချက်ချင်းပြတ်တောက်သွားနိုင်ခြေရှိသည်။
မင်ဆုရှင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကျဆင်းလာသော မရေမတွက်နိုင်သည့် အလင်းတန်းများကို အချိန်တခဏကြာမျှ တည်ငြိမ်သွားစေရန် သူမ၏ကြေးမုံမှန်ကို အသက်သွင်းလိုက်သည်။
ထို့နောက် သူမ၏ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ဓားချီများ ပျံ့လွင့်သွားပြီး ရှေ့သို့တိုးဝင်လာသော အလင်းတန်းများကို ရိုက်ခတ်ကာ ဖျက်ဆီးလိုက်သည်။
"အရိပ်ထောင်ချီ အလင်းခွဲဓားသိုင်း... ပိုင်းဖြတ်စမ်း..."
နောက်ထပ်အချိန်တစ်ခဏတွင် ဓားချီအလင်းတန်းများ ရုတ်တရက် ကွဲထွက်သွားပြီး ဓားချီတစ်တန်းမှ ဆယ်ရာထောင်ချီအထိ ကွဲထွက်သွားသည်။
ထောင်ပေါင်းများစွာသော ဓားချီအလင်းတန်းများ ချက်ချင်းပွင့်အံ့ထွက်လာပြီး ဓားချီစွမ်းအင် ဒီရေလှိုင်းတစ်ခု ဖြစ်ပေါ်လာကာ မင်ဆုရှင်း၏အမိန့်ပေးမှုဖြင့် ရှေ့သို့တိုးဝင်သွားသည်။
ဝင်္ကပါ၏ အလင်းအကာအကွယ်သည် ဓားချီစွမ်းအင်ဒီရေလှိုင်းကို အချိန်တဏကြာခန့် တောင့်ခံနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် တုန်ခါသွားပြီး ကြေမွှပျက်စီးသွားပေ၏။
ဝင်္ကပါ ပျက်စီးသွားသည်ကို မြင်တွေ့ချိန်၌ မင်ဆုရှင်းက သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဤဝင်္ကပါသည် မြို့ရိုးကို အမှီပြုထားပုံရပြီး မြို့ရိုးပျက်စီးမှုကြောင့် ထိုအရာ၏စွမ်းအား အကြီးအကျယ် လျော့ပါးသွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဝင်္ကပါကြီးကိုဖျက်ဆီးရန် ဤမျှထိ လွယ်ကူလိမ့်မည် မဟုတ်ချေ။
ဝင်္ကပါကို ကိုင်တွယ်ဖြေရှင်းပြီးနောက် သူမသည် ကျုံးချင်ကို ကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
"ခုဏက ရှင် အရမ်း မဆင်မခြင်လုပ်ခဲ့တာပဲ... ရှင်က အားမနည်းဘူး ဆိုတာ ကျွန်မ သိပါတယ်... ဒါပေမဲ့ ဒီနေရာမှာ အန္တရာယ်တွေက နေရာတိုင်းမှာ ရှိနေတယ်... ဒါက လွယ်ကူတဲ့လမ်း မဟုတ်ဘူး..."