ကြက်လား ငှက်လား
Vol. 19 Ch. 183
ထိုစကားကိုပြောဆိုရင်း မင်ဆုရှင်းသည် သူမ၏ စိတ်နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ကျုံးချင်၏တည်နေရာသည် သူမထက် မြို့တံခါးမျှော်စင်နှင့် ပို၍နီးကပ်နေသည်မှာ သိသာထင်ရှားသော်လည်း သူမ အပြေးရောက်လာချိန်မှသာ ဝင်္ကပါသည် မည်သည်ကြောင့် အသက်ဝင်လာခဲ့သနည်း...
ကျုံးချင်၏မျက်နှာအမူအယာ တည်ငြိမ်နေပြီး သူသည် စကားပြန်မပြောသော်လည်း သူ၏ အကြည့်သည် မင်ဆုရှင်းအပေါ် အချိန်တခဏကြာခန့် ရပ်တန့်နေခဲ့သည်။
မိန်းမအများစုက တကယ့်ကို ပြဿနာကောင်တွေပဲ....
ဒါပေမဲ့ ဒီမိန်းမရဲ့ စိတ်နေသဘောထားကတော့ မဆိုးဘူးလို့ ထင်ရတယ်....
ဥပမာအားဖြင့် ယခုလက်ရှိ ဝင်္ကပါကြီး၏တိုက်ခိုက်မှုကို သူ ဂရုမစိုက်သော်လည်း မင်ဆုရှင်း လှုပ်ရှားလိုက်ချိန်၌ သူ့ကို တိုက်ခိုက်နေသော ဝင်္ကပါကိုလည်း သူမက ဖျက်ဆီးပေးခဲ့သည်။
သို့သော် မင်ဆုရှင်းသာ ရောက်မလာခဲ့လျှင် ဝင်္ကပါခံနိုင်ရည်စွမ်းရှိသော သူ့အနေဖြင့် ဝင်္ကပါကို လုံးလုံးလျားလျား အသက်သွင်းမိလိမ့်မည် မဟုတ်ချေ။
"သတိပေးတဲ့အတွက် ကျေးဇူးပါ..."
သူက မင်ဆုရှင်းကို မသိမသာ ခေါင်းညိတ်ပြလိုက်သည်။
ဤသည်မှာ သူသည် သူမ၏ သတိပေးချက်ကို အသိအမှတ်ပြုသော်လည်း ဂရုမစိုက်ကြောင်း ပြသနေခြင်းပင်။
ထို့နောက် သူသည် ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းသွားကာ မြို့တံခါးကို တိုက်ရိုက် ဖြတ်သန်းသွားလိုက်၏။
ကျုံးချင်၏ကျောပြင်သည် မြို့တံခါးမှတဆင့် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မင်ဆုရှင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း သူမသည် စကားထပ်မပြောတော့ဘဲ နောက်မှလိုက်ရန် လျှောက်လှမ်းလိုက်သည်။
သူတို့နှစ်ယောက်သား မြို့တံခါးကို ဖြတ်သန်းပြီးနောက် တောင်ကြားလမ်း၏အဝသို့ ရောက်ရှိလာကြသည်။ ဤသည်မှာ ကျယ်ဝန်းသော ရင်ပြင်တစ်ခု ပါရှိသည့် ကြီးမားသော ခံတပ်ပုံစံ နေရာတစ်နေရာပင်။
အတိတ်ကာလတွင် ရှေးဟောင်းဂိုဏ်း၏ အစောင့်တပ်ဖွဲ့များသည် ဤနေရာတွင် တပ်စွဲထားခဲ့ကြသည်ဟု ခန့်မှန်းရသည်။
ဤရင်ပြင်၏အလယ်ဗဟိုတွင် ပျက်စီးနေသော ရုပ်ထုတစ်ခု ရှိနေသည်။
ထိုရုပ်ထုသည် တစ်ဝက်ခန့် ကျိုးပဲ့နေသော်လည်း ပုံသဏ္ဍာန်ကို ဝေဝါးစွာ မြင်တွေ့နေရဆဲပင်။ ဤှသည်က ပျံသန်းနေသော ငှက်ကြီးတစ်ကောင်ကို စီးနင်းထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပေ၏။
"ဒါက အဲ့ဒီဂိုဏ်းက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လောက်တယ်..."
ကျုံးချင်၏အကြည့်သည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကျရောက်သွားပြီး သူ တီးတိုးမရေရွတ်ဘဲ မနေနိုင်တော့ချေ။ ဤနေရာရှိ ဗိသုကာလက်ရာပုံစံသည် လက်ရှိ မြောက်ပိုင်းဒေသတွင် သူ မြင်တွေ့ခဲ့ရသည်များနှင့် လုံးဝကွဲပြားခြားနားနေပြီး လွန်ခဲ့သော နှစ်ပေါင်း မည်မျှအကြာက ဖြစ်မည်ကို သူ တွေးတောမိသည်။
ကျုံးချင်၏အကြည့်သည် ရုပ်တုအောက်ရှိ ငှက်ကြီးအပေါ်သို့ ကျရောက်သွားသည်။ သူ ကြည့်လေလေ ကြက်ဖကြီးတစ်ကောင်နှင့် ပို၍တူညီလေလေပင်။
ဒါပေမဲ့ ပုံမှန်လူတစ်ယောက်က ကြက်ကို စီးပါ့မလား...
ငှက်တစ်မျိုးမျိုးတော့ ဖြစ်လောက်ပါတယ်... ဟုတ်တယ်မလား...
ဒါပေမဲ့ ငါ ဘယ်လိုပဲကြည့်ကြည့် ကြက်နဲ့ တူနေတုန်းပဲ....
ကျုံးချင် အတွေးနက်သွားပြီး စဉ်းစားရင်း ရှေ့ဆက်လျှောက်ကာ ရင်ပြင်ကို ဖြတ်ကျော်ပြီး တောင်ကြားလမ်း၏ တခြားတစ်ဖက်သို့သွားရန် ဟန်ပြင်လိုက်သည်။
တခြားတစ်ဖက်ရှိ တံခါးသည် ပေတစ်ရာနီးပါး မြင့်မားပြီး ပို၍ခမ်းနားထည်ဝါသည်။ ထိုအရာပေါ်တွင် ကြွင်းကျန်သော အရောင်များနှင့် တံခါး၏ ဘေးတစ်ဖက်တစ်ချက်ရှိ တိုင်များပေါ်မှ ကျိုးပဲ့နေသော ရုပ်ထုများကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ခုသည် သိသာထင်ရှားပေ၏။
ဤတံခါးကြီးသည် လွန်ခဲ့သောနှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့သော အချိန်ကာလတွင် အလွန်ခမ်းနားထည်ဝါခဲ့ပေလိမ့်မည်။
သူတို့ ယခင်က ဖြတ်သန်းခဲ့သမျှ အရာအားလုံးသည် ဂိုဏ်း၏ ပြင်ပနယ်နိမိတ်သာ ဖြစ်ပြီး ဤကြောက်မက်ဖွယ်ကောင်းသော တံခါးကြီးကို ဖြတ်သန်းပြီးမှသာ ဂိုဏ်းတည်ရှိရာ အစစ်အမှန်နေရာသို့ ရောက်ရှိလိမ့်မည်ဟု ယူဆရသည်။
ဤနေရာသည် ကာကွယ်ရေးကင်းစခန်းနှင့် ပြင်ပဧည့်သည်များအတွက် ဧည့်ခံရာနေရာအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်နိုင်ပေ၏။
ကျုံးချင် တံခါးကြီးဆီသို့ ချဉ်းကပ်သွားစဉ်မှာပင် ကြည်လင်ပြတ်သားပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံက သူ၏နောက်ဘက်မှ ထွက်ပေါ်လာသည်။
"ရှေ့ဆက် မသွားနဲ့တော့..."
"ဒီတံခါးပေါ်က ဝင်္ကပါအရှိန်အဝါက အရင်တစ်ခုထက် အများကြီး ပိုအားကောင်းတယ်..."
မင်ဆုရှင်း၏ ကျော့ရှင်းလှပသော ပုံရိပ်သည် ကျုံးချင်ကို ကျော်ဖြတ်သွားပြီး စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပါဝင်နေသော သူမ၏ အကြည့်သည် တံခါးကြီးအပေါ်သို့ စူးစိုက်၍ ကျရောက်နေပေ၏။
ထို့နောက် သူမသည် သွယ်လျသော လက်ညှိုးကို ဆန့်တန်းပြီး ညင်သာစွာ တောက်လိုက်ရာ အလင်းတန်းတစ်တန်း ပျံ့လွင့်သွားပြီး တံခါးကြီးပေါ်သို့ ကျရောက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် ရွှေရောင် တာအိုအဆောင်လက်ဖွဲ့များ တံခါးကြီးတစ်ချပ်လုံးအနှံ့ လင်းလက်လာပေ၏။ ထိုအရာများသည် ကြီးမားသော အကာအကွယ်အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားကာ တံခါးကို လွှမ်းခြုံသွားသည့် ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။
ကျုံးချင်သည် ဤကိစ္စကို အံ့အားသင့်သွားခြင်း မရှိချေ။ ဂိုဏ်းတံခါးတစ်ခု ဖြစ်သောကြောင့် ဝင်္ကပါတစ်ခုဖြင့် မည်သည်ကြောင့် လွှမ်းခြုံမထားဘဲ နေမည်နည်း။
သို့သော် မင်ဆုရှင်းသာ မလှုပ်ရှားခဲ့ဘဲ သူသာ ဤအတိုင်း လမ်းလျှောက်ဝင်သွားခဲ့လျှင် ဤဝင်္ကပါသည်လည်း အသက်ဝင်လာလိမ့်မည် မဟုတ်ပေ။
မင်ဆုရှင်း၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
"ဒီဝင်္ကပါက သာမန် မဟုတ်ဘူး... ဒါက ဒဏ္ဍာရီလာ ရှေးဟောင်းရွှေရောင်ခြည်ဝင်္ကပါ ဖြစ်ပုံရတယ်..."
"ဒီ ဝင်္ကပါက ထိုးဖောက်လို့လည်းမရ ဖျက်ဆီးလို့လည်း မရနိုင်ဘူးလို့ လူသိများတယ်... ရှေးဟောင်းခေတ်တုန်းကဆိုရင် ရှင်နဲ့ ကျွန်မကို မပြောနဲ့... ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်စုတောင်မှ ဒါကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်မိတယ်..."
"ဒါပေမဲ့ အခုတော့ ဒီဝင်္ကပါက အရင်တုန်းက စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ ရှိတော့မှာပါ... ပြီးတော့ ကျွန်မ ကျင့်ကြံထားတဲ့ 'ကြေးမုံနှလုံးသားရေကန် တောက်ပကြေးမုံ ရတနာကျမ်းစာ' က ရတနာကြေးမုံကို ဖော်ဆောင်ဖို့ ရေစွမ်းအားကို အသုံးပြုပြီးတော့ ကျယ်ပြန့်တဲ့ ပတ်ဝန်းကျင်ကို လင်းလက်စေတယ်... ဝင်္ကပါကို ရောင်ပြန်ဟပ်စေပြီးတော့ လမ်းကြောင်းကို ရှင်းလင်းစေတယ်... သတ္တုနဲ့ ရေ အပြန်အလှန် ဖြစ်ပေါ်လာမှုနဲ့အတူ ကျွန်မက ဒီဝင်္ကပါကို ဖြတ်ကျော်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့ကောင်း ရှာတွေ့နိုင်တယ်..."
"ကျွန်မရဲ့ ကောင်းကင်ရေပြင် ကြေးမုံ ဝင်္ကပါဖျက်ဆီးခြင်း နည်းစနစ်ကို အသက်သွင်းဖို့အတွက် ကျွန်မရဲ့ ကျင့်ကြံခြင်းကို လှည့်ပတ်ဖို့ လိုအပ်တယ်... ရှင် မဆင်မခြင် မလုပ်ပါနဲ့..."
သူမက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
ကျုံးချင်သည် သူမ၏စကားများကို ကြားပုံမရချေ။ သူ၏မျက်နှာအမူအယာသည် လေးနက်နေဆဲဖြစ်ပြီး သူ၏ မျက်လုံးများသည် အတွေးနက်နေသည်။
ဟိုရုပ်တုအကြောင်း ပြောရရင်...
သူ စီးထားတာ ကြက်လား...
ဒါမှမဟုတ် တခြား တစ်ခုခုလား...
ရှေးဟောင်းကျင့်ကြံသူတွေက တကယ်ကြီး ကြက်တွေကို စီးခဲ့ကြတာလား...
ဒါမှမဟုတ် ရှေးဟောင်းခေတ်တုန်းက အရမ်း စွမ်းအားကြီးတဲ့ ကြက်တစ်မျိုး ရှိခဲ့တာလား...
ထိုအချိန်တွင် မင်ဆုရှင်းသည် သူမ၏စိတ်ဝိညာဉ်စွမ်းအားများကို စတင်၍ လှည့်ပတ်နေလေပြီ။ ထို့နောက် ဧရာမမျောက်ဝံကြီးနှင့် တိုက်ခိုက်စဉ်က သူမ အသုံးပြုခဲ့သော ရတနာကြေးမုံသည် သူမ၏လက်ထဲတွင် ပြန်လည်၍ ထွက်ပေါ်လာသည်။
သူမသည် သူမ၏စိတ်ဝိညာဉ်စွမ်းအားများအားလုံးကို စုစည်းလိုက်ပြီး အလင်းတန်းများအဖြစ် ပြောင်းလဲကာ ရတနာကြေးမုံပေါ်တွင် စုစည်းလိုက်၏။
ကြေးမုံ၏မျက်နှာပြင်သည် ထွင်းဖောက်မြင်နိုင်သည်အထိ ပို၍ကြည်လင်လာကာ သန့်စင်သော အလင်းလှိုင်းများကို ထုတ်လွှတ်နေသည်။ ကြေးမုံမျက်နှာပြင်သည် ရေနှင့်တူပြီး လှိုင်းဂယက်များ ထနေကာ နက်နဲသိမ်မွေ့သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပေ၏။
ကြည်လင်ပြတ်သားသော တုန်ခါသံတစ်သံသည် ကြေးမုံမှန်မှ ထွက်ပေါ်လာပြီး ချွေးစက်တစ်စက် မင်ဆုရှင်း၏ ကျောက်စိမ်းကဲ့သို့ နူးညံချောမွတ်သော မျက်နှာပေါ်မှ စီးကျလာသည်။ သူမ၏စွမ်းအားအမြောက်အများ ကုန်ခမ်းနေပြီဖြစ်သော အခြေအနေတွင် ဤနည်းစနစ်ကို အသက်သွင်းရခြင်းသည် သူမအတွက် ရုန်းကန်ရမှုတစ်ခု ဖြစ်ကြောင်း သိသာထင်ရှားသည်။
သို့သော် သူမသည် အံ့တင်းတင်းကြိတ်ပြီး ဇွဲမလျှော့ဘဲ ဆက်လက်၍ လုပ်ဆောင်လိုက်၏။ ဤဝင်္ကပါ မပျက်စီးလျှင် သူမတို့ ရှေ့ဆက်သွား၍ မရနိုင်တော့ချေ။
ဤလှုပ်ရှားမှုသည် ကြက်စီးသော ပြဿနာကို စဉ်းစားနေဆဲဖြစ်သော ကျုံးချင်ကိုလည်း လန့်ဖျပ်သွားစေသည်။
သူသည် စိတ်ဝိညာဉ်စွမ်းအားများ တလိမ့်လိမ့်ထနေသော မင်ဆုရှင်းကို ကြည့်လိုက်ပြီးနောက် ရွှေရောင်တောက်ပနေသော ဝင်္ကပါအကာအကွယ်ကို ကြည့်လိုက်ပြီး သူမ မည်သည့်အရာ လုပ်ဆောင်နေကို နားမလည်နိုင် ဖြစ်နေပုံရသည်။
ထို့နောက် သူသည် ခေါင်းခါယမ်းလိုက်ပြီး တံခါးကြီးဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားကာ ရွှေရောင်အလင်းအကာအကွယ်ထံ ဦးတည်၍ သူ၏လက်ညှိုးတစ်ချောင်းဖြင့် ပေါ့ပေါ့ပါးပါး တောက်လိုက်သည်။
မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်အလင်းတန်းနှင့် မရေမတွက်နိုင်သော တာအိုအဆောင်လက်ဖွဲ့များသည် ထိုအခိုက်အတန့်တွင် တပြိုင်နက်တည်း ပျောက်ကွယ်သွားပေ၏။
ထိုးဖောက်၍မရနိုင်သော ရွှေရောင်ခြည်ဝင်္ကပါကြီးသည် ရိုးရှင်းစွာပင် ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် မင်ဆုရှင်း၏ ကောင်းကင်ရေပြင် ကြေးမုံ ဝင်္ကပါဖျက်ဆီးခြင်းနည်းစနစ်သည် တစ်ဝက်ခန့်သာ အသက်ဝင်သေးပြီး ထိုနေရာတွင်ပင် ရုတ်ခြည်းရပ်တန့်သွားသည်။
သူမ ဗလာဟင်းလင်းဖြစ်နေသော မြို့တံခါးကို ကြည့်လိုက်ပြီးနောက် ကျုံးချင်ကို တဖန်ပြန်ကြည့်လိုက်၏။
သူမ၏နီမြန်းသောနှုတ်ခမ်းများ ပွင့်ဟသွားပြီး စကားပင်မပြောနိုင်လောက်အောင် အံ့အားသင့်မှင်သက်သွားသည်။
ကြီးမားပြီး အစွမ်းထက်သောဝင်္ကပါကြီးသည် ဤအတိုင်း ပျက်စီးသွားခဲ့သလော...
"ရှင်... ဒါက ဘယ်လိုလုပ်လိုက်တာလဲ..."
သို့သော် ကျုံးချင်သည် သူမကို တုံ့ပြန်အဖြေမပေးချေ။ သူသည် မင်ဆုရှင်းကို တစ်ချက်သာ ပြန်လှည့်ကြည့်လိုက်ပြီးနောက် နောက်သို့ပြန်လှည့်ကာ တံခါးကြီးကို ဖြတ်သန်းသွားလိုက်သည်။
မင်ဆုရှင်းက သတိပြန်ဝင်လာပြီး သူ၏နောက်သို့ အလျင်အမြန် လိုက်သွားလိုက်သည်။
"ရှင် ဘယ်လို လုပ်လိုက်တာလဲ..."
သူမသည် နည်းစနစ်အား ထုတ်ဖော်အသုံးပြုနေစဥ် တစ်ဝက်တစ်ပျက်၌ သူမ၏ စိတ်ဝိညာဉ်စွမ်းအား လှည့်ပတ်မှုကို ရုတ်တရက် ရပ်တန့်လိုက်သည်။ ထိုကြောင့် သူမ၏သွေးချီများ တလိမ့်လိမ့်ထကာ သူမ၏မျက်နှာပေါ်တွင် အနီရောင်သမ်းနေဆဲပင်။
သို့သော် ထို့ထက်ပို၍ လှိုင်းထန်နေသည်မှာ သူမ၏စိတ်နှလုံးသားထဲမှ ဖရိုဖရဲဖြစ်မှုသာ ဖြစ်သည်။
အကယ်၍ ကျုံးချင်သည် မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားပြီး ရိုက်ချက်တစ်ချက်တည်းဖြင့် ဝင်္ကပါကို တိုက်ရိုက် ဖျက်ဆီးလိုက်လျှင် သူမ လက်ခံရန် ပိုလွယ်ကူကောင်း လွယ်ကူပေလိမ့်မည်။
သို့သော် သူသည် ဝင်္ကပါ တည်ရှိနေခြင်းကို လုံးလုံးလျားလျား လျစ်လျူရှုထားပုံရသည်။ သူသည် ရိုးရိုးရှင်းရှင်း လက်ညှိုးထိုးလိုက်ရုံသာ ရှိပြီး စိတ်ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုကိုပင် သူမ မခံစားရဘဲ ကြီးမားသော ဝင်္ကပါကြီး ရုတ်ချည်းပျောက်ကွယ်သွားခြင်းအား သူမ နားမလည်နိုင်တော့ချေ။
ဤလူငယ်၏နည်းလမ်းများသည် သူမ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပုံရသည်။
သို့သော် ကျုံးချင်ထံ၌ တုံ့ပြန်အဖြေပေးရန် ရည်ရွယ်ချက် မရှိချေ။ သူသည် ပတ်ဝန်းကျင်ကို ဆက်လက်၍ စူးစမ်းလေ့လာပြီး ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။
မင်ဆုရှင်း၏ လှပသော မျက်နှာလေးပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသော်လည်း သူမသည် အမီလိုက်ရန် အလျင်အမြန် လျှောက်လှမ်းလိုက်၏။
ပုံမှန်အားဖြင့် သူမ၏အကျင့်စရိုက်အရ သူမသည် ရှေ့မှနေ၍ စူးစမ်းမိမည် ဖြစ်သော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူမသည် ကျုံးချင်၏နောက်သို့ မသိစိတ်မှ လိုက်ပါသွားမိသည်။
သူတို့နှစ်ယောက်သား မြောက်ဘက်သို့ ဆက်လက်၍ သွားနေကြပြီး လမ်းခရီးတလျှောက်လုံး တိတ်ဆိတ်နေကြ၏။
အစောပိုင်းက ကျုံးချင်သည် ရှေးဟောင်း ဝင်္ကပါကြီးကို မည်သို့ ဖျက်ဆီးလိုက်သည်ကို မင်ဆုရှင်းက သိချင်နေဆဲပင်။ သို့ရာတွင် သူ့ထံ၌ ရှင်းပြရန် ရည်ရွယ်ချက် မရှိသည်ကို မြင်တွေ့ချိန်၌ သူမ၏အကျင့်စရိုက်က သူမကို ဆက်လက်၍ အတင်းအကြပ်မေးမြန်းခြင်းမပြုအောင် တားဆီးထားသည်။
လျှို့ဝှက်နယ်မြေ၏အလယ်ဗဟိုသို့ နီးကပ်လာလေလေ လမ်းခရီးတွင် အပျက်အစီးများ ပို၍တွေ့ရှိလာလေလေပင်။
သဘာဝကျစွာဖြင့် အန္တရာယ်များလည်း များပြားလာသည်။
မကြာမီ တခြားအဆောက်အအုံ အစုအဝေးတစ်ခု သူတို့ ရှေ့ဆက်သွားမည့် လမ်းကြောင်းပေါ်တွင် ထွက်ပေါ်လာသည်။
ပျက်စီးယိုယွင်းနေသော အဆောက်အအုံများနှင့် မျှော်စင်များကို ကြည့်ရင်း ပျက်စီးနေသော အခြေအနေတွင် ရှိသော်လည်း ဤနေရာသည် အထွတ်အထိပ် အချိန်ကာလတွင် မည်မျှထိ ခမ်းနားထည်ဝါခဲ့သည်ကို ကြွင်းကျန်သော ပုံစံများမှတစ်ဆင့် ဝိုးတဝါး မြင်တွေ့နိုင်သည်။
ဤအချက်သည် ထိုကြောက်မက်ဖွယ်ကောင်းသော တံခါးကြီး၏အလွန်တွင် ဂိုဏ်း၏အစစ်အမှန်မြေနေရာ ရှိနေသည်ဟူသော ကျုံးချင်၏ ခန့်မှန်းချက်နှင့်လည်း ကိုက်ညီနေသည်။
"ဒါက ပြောစမှတ်ပြုနေတဲ့ ရှေးဟောင်းဂိုဏ်းလား... ကြည့်ရတာတော့ တော်တော်လေး စွမ်းအားကြီးပုံရတယ်... ဒါပေမဲ့ ဒီလောက်ထိ စွမ်းအားကြီးနေမှတော့ ဘယ်လိုလုပ်ပြီးတော့ ကျဆုံးသွားရတာလဲ..."
ခရီးတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော ကျုံးချင်က ရုတ်တရက် သူ၏ပါးစပ်ကို ဖွင့်ဟ၍ ပြောဆိုလိုက်၏။ သူသည် သူ့ဘာသာသူ ပြောနေသကဲ့သို့ ရှိသော်လည်း မေးခွန်းထုတ်နေသကဲ့သို့လည်း ယူဆနိုင်သည်။
မင်ဆုရှင်းက အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် ပြောဆိုလိုက်သည်။
"ရှေးဟောင်းခေတ်တုန်းက ဒီပိုင်ဖုန်းလွင်ပြင်ကို ခုလိုမျိုး မခေါ်ခဲ့ဘူးလို့ ကျွန်မရဲ့ဆရာ ပြောဖူးတာ ကြားခဲ့ဖူးတယ်... ဒီနေရာကို လွှမ်းမိုးအုပ်ချုပ်ထားတဲ့ ဂိုဏ်းက မဟာနှင်းတောင်ဂိုဏ်းလို့ ခေါ်ပုံရတယ်..."
"မဟာနှင်းတောင်ဂိုဏ်းက တချိန်တုန်းက မြောက်ပိုင်းဒေသတစ်ခုလုံးမှာ အစွမ်းထက်ဆုံး ဂိုဏ်းတွေထဲက တစ်ဂိုဏ်းဖြစ်ခဲ့ပြီးတော့ တစ်ခေတ်တစ်ခါက ထွန်းကားခဲ့ဖူးတယ်..."
"သေချာတာပေါ့... အဲ့ဒီအချိန်တုန်းက မြောက်ပိုင်းဒေသမှာ ရှိတဲ့ လက်ရှိ ဂိုဏ်းတော်တော်များများက တည်ထောင်ပြီးတာမျိုးတောင် မရှိသေးဘူး... ပြီးတော့ အာဏာဖွဲ့စည်းပုံက လုံးဝကွဲပြားခြားနားတယ်..."
"ရှေးဟောင်းခေတ် နှောင်းပိုင်းကျမှ မဟာနှင်းတောင်ဂိုဏ်းက တစ်စုံတစ်ခုကို တူးဖော်တွေ့ရှိခဲ့ပုံရပြီးတော့ တစ်ညတည်းနဲ့ ပျက်စီးသွားခဲ့ရတယ်... ဒါပေမဲ့ ခေတ်ကာလက အရမ်းကြာမြင့်နေပြီမို့လို့ အသေးစိတ် အချက်အလက်တွေကို ဘယ်သူမှ မသိကြတော့ဘူး..."
"အဲ့ဒီအချိန်ကစပြီး ဒီနေရာက အန္တရာယ်များတဲ့ တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီးတော့ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာလာတဲ့အထိလူနည်းစုလောက်ပဲ ဒီနေရာကို ချဉ်းကပ်ခဲ့ကြတယ်..."
ကျုံးချင်၏ မျက်လုံးများ တောက်ပသွားပြီး သူ က မေးမြန်းလိုက်သည်။
"ဒါဆိုရင် လျှို့ဝှက်နယ်မြေဆိုတာက ဘယ်ကနေ ရောက်လာတာလဲ... ပြီးတော့ မင်းတို့က အဲ့ဒါကို ဘယ်လိုလုပ်ပြီးသိကြတာလဲ..."
မင်ဆုရှင်းက ခေါင်းခါယမ်းလိုက်သည်။
"လျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာတာက မဟာနှင်းတောင်ဂိုဏ်း ပျက်စီးပြီး အကြာကြီးနေမှပါ... ဘယ်အချိန်တုန်းက ထွက်ပေါ်လာလဲဆိုတာ ကျွန်မလည်း အတိအကျ မသိဘူး..."
"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ အတွင်းမှာ လူတွေအများကြီးက ဒီနေရာကို လာပြီး စုံစမ်းစစ်ဆေးခဲ့ကြတဲ့အပြင် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ဖို့လည်း ကြိုးစားခဲ့ကြတယ်..."
"ဒါပေမဲ့ လျှို့ဝှက်နယ်မြေ သံမဏိပြားခြောက်ခုလုံး တစ်ခါမှ မစုစည်းမိခဲ့တာကြောင့်..ဘယ်သူမှ လျှို့ဝှက်နယ်မြေကို အပြည့်အဝ မဖွင့်လှစ်နိုင်ခဲ့ကြဘဲနဲ့ အကြီးမားဆုံး အခွင့်အလမ်းကို မရရှိခဲ့ကြဘူး..."
သူတို့နှစ်ယောက်သား စကားပြောဆိုနေရင်း အပျက်အစီးများကြားသို့ ရောက်ရှိနေခဲ့လေပြီ။
ထိုအချိန်မှာပင် ကျုံးချင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး အပျက်အစီးများကြားရှိ နေရာတစ်နေရာကို လှမ်းကြည့်လိုက်သည်။