မလိုအပ်သော လုပ်ရပ်တစ်ခု
Vol. 19 Ch. 184
ကျုံးချင် ရပ်တန့်လိုက်သည်ကို မြင်တွေ့ချိန်၌ မင်ဆုရှင်းသည်လည်း ရပ်တန့်လိုက်၏။
သူတို့နှစ်ယောက်သား မလှမ်းမကမ်းရှိ ပျက်စီးယိုယွင်းနေသော မျှော်စင်တစ်ခုကို တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
"အဲ့ဒီနေရာမှာ တစ်ခုခု ရှိနေတယ်..."
မျှော်စင်၏ အပျက်အစီးများအတွင်းမှ ထူးဆန်းသော ချီစွမ်းအင်လှုပ်ခတ်မှုများကို သူမ အာရုံခံမိသည်။
သို့သော် ကျုံးချင်သည် ထိုနေရာသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သဖြင့် မင်ဆုရှင်းက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။
"သတိထား... ရှေးဟောင်း ဝင်္ကပါ အကြွင်းအကျန်တွေ ရှိနေနိုင်တယ်..."
သို့သော် ကျုံးချင်သည် တွန့်ဆုတ်ခြင်း မရှိဘဲ အပျက်အစီးများထဲသို့ တိုက်ရိုက်ဝင်ရောက်သွားလိုက်သည်။
အချိန်တခဏအကြာတွင် သူ ပြန်ထွက်လာပြီး ဖျော့တော့သော အဖြူရောင် အလင်းတန်းများ ထုတ်လွှတ်ထားသည့် ကြည်လင်သော ကျောက်စိမ်းတုံးတစ်တုံးကို ကိုင်ဆောင်ထားသည်။
ဤကျောက်စိမ်းတုံးသည် လက်သီးဆုပ် အရွယ်အစားခန့်သာ ရှိပြီး ပထမတစ်ချက် ကြည့်လိုက်လျှင် ထူးခြားပုံ မရချေ။
သို့သော် အနီးကပ် ကြည့်ရှုလိုက်ချိန်တွင် ကျောက်စိမ်းတုံးအတွင်း၌ ထူးဆန်းသော ပုံစံများ အဆက်မပြတ် ပြောင်းလဲစီးဆင်းနေသည်ကို တွေ့မြင်နိုင်ပြီး နဂါးငယ်လေးများ ရစ်ပတ်ယှက်နွှယ်နေသည့်အလားပင်။
"ဒါက... နဂါးပုံသဏ္ဍာန် ကျောက်စိမ်းဖြူ သန္ဓေသား ပဲ... ရှင် ဘယ်က ရတာလဲ..."
မင်ဆုရှင်းက မေးမြန်းသည်။
ကျုံးချင် ဂရုမစိုက်သည့်လေသံဖြင့် တုံ့ပြန်သည်။
"ငါ တူးလိုက်တာလေ..."
မင်ဆုရှင်းက အံ့အားတသင့် ရေရွတ်လိုက်၏။
"ဒီနေရာမှာ နဂါးသွေး ကျောက်စိမ်းသတ္တုတွင်း ရှိနေရမယ်..."
ဒဏ်ရာရနေသော အစစ်အမှန်နဂါးတစ်ကောင်၏ သွေးများ သတ္တုသိုက်တစ်ခုထဲသို့ စီးဝင်သွားချိန်၌ နဂါးသွေး ကျောက်စိမ်းသတ္တုတွင်းများ ဖြစ်ပေါ်လာသည်ဟု ဆိုကြပြီး ထိုအရာများသည် အလွန် ရှားပါးသော အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်စိမ်းများ ဖြစ်ကြသည်။
ထိုအရာများသည် ကျောက်စိမ်းအဆောင်လက်ဖွဲ့အမျိုးမျိုးကို သန့်စင်ရန်အတွက် အလွန်ကောင်းမွန်သော ပစ္စည်းများ ဖြစ်ကြကာ သာမန် စိတ်ဝိညာဉ်ကျောက်စိမ်းများထက် အဆပေါင်း ရာနှင့်ချီပြီး ပို၍တန်ဖိုးရှိသည်။
နဂါးသွေး ကျောက်စိမ်းသတ္တုတွင်း တစ်ခုတည်းကပင် တန်ဖိုးဖြတ်မရနိုင်ဟု ပြောနိုင်ပေ၏။
တစ်ခါတစ်ရံတွင် နဂါးပုံသဏ္ဍာန် ကျောက်စိမ်းဖြူ သန္ဓေသားများသည် နဂါးသွေး ကျောက်စိမ်းသတ္တုတွင်းများ အတွင်း၌ ဖြစ်ထွန်းလာနိုင်ပြီး ထိုအရာများသည် သတ္တုတွင်းတစ်ခုလုံး၏အနှစ်သာရကို ကိုယ်စားပြုသည်။
နဂါးပုံသဏ္ဍာန် ကျောက်စိမ်းဖြူ သန္ဓေသား တစ်ခုတည်း၏ တန်ဖိုးသည် သတ္တုတွင်းတစ်ခုလုံး၏ တန်ဖိုးထက် သာလွန်သည်ဟု ပြောနိုင်သည်။ ထိုအရာကို ကျောက်စိမ်း အဆောင်လက်ဖွဲ့များ သို့မဟုတ် မှော်လက်နက်များ သန့်စင်ရာတွင် အသုံးပြုပါက လက်နက်များ၏ စွမ်းအားကို အဆများစွာ မြှင့်တင်ပေးနိုင်ပေမည်။ ထို့ပြင် ခန့်မှန်း၍မရနိုင်သော ဆန်းကြယ်သည့် အကျိုးသက်ရောက်မှုများ ရှိသည်ဟု ကောလာဟလများ ထွက်ပေါ်နေပေ၏။
လွန်ခဲ့သော နှစ်ရာနှင့်ချီအကြာက မြောက်ပိုင်းဒေသတွင် နဂါးပုံသဏ္ဍာန် ကျောက်စိမ်းဖြူ သန္ဓေသားတစ်ခုကို တူးဖော်ရရှိခဲ့ဖူးသည်။ ပထမတန်းစား ဂိုဏ်းနှစ်ဂိုဏ်းသည် ထိုအရာကို ရယူရန် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြရာ နှစ်ဖက်လုံး အကြီးအကျယ် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦးပင် သေဆုံးခဲ့ရသည်။
သို့ရာတွင် ကျုံးချင်ကမူ မြေကြီးကို ပေါ့ပေါ့ပါးပါး တူးထုတ်လိုက်ရုံနဲ့ ထိုကဲ့သို့အရာမျိုးကို တူးဖော်ရရှိခဲ့သလော...
မင်ဆုရှင်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပျက်စီးနေသောမျှော်စင်ကို ကြည့်လိုက်ပြီး သွားရောက်စစ်ဆေးရန် ဆန္ဒရှိလာသည်။
နဂါးပုံသဏ္ဍာန် ကျောက်စိမ်းဖြူ သန္ဓေသားကို ကျုံးချင် တူးဖော်ရရှိခဲ့လျှင်ပင် နဂါးသွေး ကျောက်စိမ်းသတ္တုတွင်းတစ်ခုလုံးသည် တန်ဖိုးဖြတ်မရနိုင်လောက်အောင် ရှိနေဆဲပင်။ ဤှသည်က ကြေးမုံနှလုံးသားရေကန် ဂိုဏ်းတစ်ဂိုဏ်းလုံးကို စိတ်လှုပ်ရှားသွားစေရန် လုံလောက်ပေ၏။
သို့သော် မင်ဆုရှင်းသည် အပျက်အစီးများ၏ အစွန်းကို ထိလိုက်သည်နှင့် ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုက သူမကို လွှမ်းခြုံသွားသည်။
သူမသည် ထိတ်လန့်သွားပြီး သူမ၏စိတ်ဝိညာဉ်စွမ်းအားကို လှည်ပတ်လိုက်မှုနှင့်အတူ သူမ၏ ပုံရိပ်သည် လျင်မြန်စွာ နောက်ဆုတ်သွားသည်။ သူမသည် ပေါ့ပါးသော ကိုယ်ဟန်အနေအထားဖြင့် လေထုထဲသို့ ခုန်တက်လိုက်ရာ ကောင်းကင်နတ်မိမယ်တစ်ပါးအလားပင်။
သို့သော် နောက်ထပ်အချိန်တခဏတွင် ပြင်းထန်သော စွမ်းအားလှုပ်ခတ်မှုတစ်ခုသည် အပျက်အစီးများအတွင်းမှ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။
အေးစက်စက်အရှိန်အဝါတစ်ရပ်သည် အပျက်အစီးနယ်မြေတစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။ ထို့နောက် သွေးရောင်သင်္ကေတများများ မြေကြီးထဲမှ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို သွေးနီရောင် အလင်းတန်းများအတွင်းသို့ ချက်ချင်း ကျရောက်သွားစေသည်။
မရေမတွက်နိုင်သော ငိုကြွေးသံများနှင့် အော်ဟစ်သံများသည် သွေးနီရောင်အလင်းတန်းများကြားမှ ထွက်ပေါ်လာပြီး အဆုံးမဲ့ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးပျက်ဖွယ်အရှိန်အဝါများကို ထုတ်ဖော်ပြသနေသည်။
ကျင့်ကြံဆင့် အနည်းငယ် နိမ့်ကျသော မည်သူမဆို ထိုနေရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏နတ်ဘုရားစိတ်အာရုံများ ထိခိုက်ပျက်စီးသွားနိုင်သည်။
မင်ဆုရှင်းသည် အလွန်လျှင်မြန်စွာ တုံ့ပြန်လိုက်ပြီး သွေးနီရောင်အလင်းတန်းနှင့် ထိတွေ့မှုကို ရှောင်ရှားရန် သူမ၏နတ်ဘုရားစိတ်အာရုံကို ချက်ချင်းပိတ်ဆို့လိုက်၏။
တစ်ချိန်တည်းမှာပင် သူမသည် ကျုံးချင်ကို နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒါက သွေးမိစ္ဆာ ကောင်းကင်မူလ ဝင်္ကပါပဲ..."
"ရှင် ခုဏက ဝင်သွားတုန်းက ဘာလို့ အသက်မဝင်ခဲ့တာလဲ..."
ထိုအချိန်ကျမှသာ ကျုံးချင်သည် ပွင့်အံ့ထွက်လာသော သွေးနီရောင်အလင်းတန်းကို သတိထားလိုက်မိသည်။ သူသည် နဂါးပုံသဏ္ဍာန် ကျောက်စိမ်းဖြူသန္ဓေသားကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်ပြီး မေးမြန်းလိုက်သည်။
"ဘာ သွေးမိစ္ဆာ ကောင်းကင်မူလဝင်္ကပါလဲ..."
မင်ဆုရှင်းက ရှင်းပြသည်။
"သွေးမိစ္ဆာ ကောင်းကင်မူလဝင်္ကပါ ဆိုတာ အဆုံးမဲ့တဲ့ သွေးချီစွမ်းအင်တွေနဲ့ သန့်စင်ထားတဲ့ ပြိုင်ဘက်ကင်းအောင် ရက်စက်ကြမ်းကြုတ်တဲ့ ရှေးဟောင်းဝင်္ကပါတစ်ခုပဲ... ဒါက နှိုင်းယှဉ်လို့မရနိုင်လောက်အောင် ကြောက်စရာကောင်းတယ်... ဝင်္ကပါထဲကို ဝင်လာသမျှ အရာအားလုံးကို အရည်ပျော်သွားစေဖို့ သွေးမိစ္ဆာချီစွမ်းအင်ကို အသုံးပြုတယ်... ရုပ်ခန္ဓာကိုယ်ရော နတ်ဘုရားစိတ်အာရုံတွေပါ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... ဒါက အကြောက်ရဆုံး ဝင်္ကပါတွေထဲက တစ်ခုပဲ..."
"ပုံမှန်အနေနဲ့ဆိုရင် ဒီဝင်္ကပါကို ခင်းကျင်းဖို့အတွက် အနည်းဆုံး သောင်းနဲ့ချီတဲ့လူတွေရဲ့ သွေးစတေးမှု လိုအပ်တယ်... ဒီနေရာက ဝင်္ကပါကတော့ ဒီသတ္တုတွင်းကို ကာကွယ်ဖို့အတွက် နဂါးသွေးကျောက်စိမ်းသတ္တုတွင်းက သွေးချီစွမ်းအင်ကို ထုတ်ယူပြီးတော့ ရှေးဟောင်း ဝင်္ကပါမဟာဆရာသခင်တစ်ယောက်က တည်ဆောက်ခဲ့တာ ဖြစ်လောက်တယ်..."
ကျုံးချင် ခေါင်းညိတ်လိုက်ပြီး ထိုနေရာကို အကြိမ်အနည်းငယ် ကြည့်ရှုလိုက်ကာ မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းသွားလိုက်သည်။
မင်ဆုရှင်း အတွက်မူ ဤအရာအားလုံးသည် နားမလည်နိုင်စရာ ဖြစ်နေပေ၏။
သူမ အနည်းငယ် ချဉ်းကပ်လိုက်ရုံဖြင့် သွေးမိစ္ဆာ ကောင်းကင်မူလဝင်္ကပါကို အသက်ဝင်စေသော်လည်း ကျုံးချင်ကမူ မည်သည်ကြောင့် မည်သို့မျှ မဖြစ်ဘဲ ဝင်ထွက်သွားလာနိုင်သနည်း။
ဝင်္ကပါသည် ဟောင်းနွမ်းပြီး ချွတ်ယွင်းနေသောကြောင့် တစ်ခါတစ်ရံ အလုပ်ဖြစ်လိုက် တစ်ခါတစ်ရံ အလုပ်မဖြစ်လိုက် ဖြစ်နေသလော.....
ထိုသို့ဆိုလျှင်ပင် ကျုံးချင် ဝင်သွားတုန်းက အဆင်ပြေပြီး သူမ ထိလိုက်တာနဲ့ အသက်ဝင်သွားသည်မှာ အလွန်တိုက်ဆိုင်နေသည် မဟုတ်လော...
အစောပိုင်းက မြို့တံခါးဝတွင် ကျုံးချင်သည် သူမထက် တံခါးနှင့် ပို၍နီးကပ်နေသော်လည်း ဝင်္ကပါသည် သူမ အပြေးရောက်လာချိန်မှသာ အသက်ဝင်သွားသည်ကို ပြန်သတိရလိုက်သည်။
ထို့နောက် တောင်ကြားလမ်းတံခါးဝတွင် သူသည် လက်ညှိုးတစ်ချောင်းတည်းဖြင့် ရွှေရောင်ခြည်ဝင်္ကပါကြီးကို ပျောက်ကွယ်သွားစေခဲ့သည်။
မင်ဆုရှင်း၏စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အတွေးတစ်ခု ထွက်ပေါ်လာသည်။
ဤလူ့ထံတွင် ဝင်္ကပါများကို တိုက်ရိုက်ပိတ်ဆို့ထားနိုင်သော နည်းလမ်းတစ်ခုခု ရှိနေသလော...
ဤအတွေး ဝင်လာသည်နှင့် မင်ဆုရှင်း၏ လှပသောမျက်လုံးများသည် ချက်ချင်းဆိုသလိုပင် အာရုံစူးစိုက်မှု ပျောက်ဆုံးသွားတော့သည်။
အကယ်၍ သူသာ ထိုကဲ့သို့သော နည်းလမ်းမျိုးအား အမှန်တကယ် ပိုင်ဆိုင်ထားပါက အမှန်တကယ်ကို ကြောက်မက်ဖွယ် ကောင်းပေ၏။
ပိုင်ဖုန်းလွင်ပြင်တွင် ရက်စက်ကြမ်းကြုတ်သားရဲများ၏ ခြိမ်းခြောက်နိုင်မှုသည် ဒုတိယ အဆင့်တွင်သာ ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုသားရဲများသည် စွမ်းအားကြီးမားသော်လည်း အရေအတွက် မများပြားလှချေ။ ထိုကြောင့် ဤမျှထိ ကြီးမားကျယ်ပြန့်သော လွင်ပြင်ကြီးကို ဖြတ်သန်းလျှောက်လှမ်းရာတွင် ထိုသားရဲများနှင့် တွေ့ဆုံချင်မှ တွေ့ဆုံမိပေမည်။
စစ်မှန်သော အန္တရာယ်သည် သွေးမိစ္ဆာ ကောင်းကင်မူလဝင်္ကပါကဲ့သို့ ရှေးဟောင်း ဝင်္ကပါများတွင် တည်ရှိနေပြီး ထိုအရာ တစ်ခုချင်းစီသည် အလွန်အမင်း အန္တရာယ်များပေ၏။
အကယ်၍ သူသည် ဤဝင်္ကပါများကို ပိတ်ဆို့ထားနိုင်ပါက သူသည် ဤနေရာတွင် မြေပြန့်ပေါ်၌ လမ်းလျှောက်နေသကဲ့သို့ သွားလာနိုင်မည် မဟုတ်လော....
ဤအတွေးကြောင့် မင်ဆုရှင်း၏ နူးညံ့သောခန္ဓာကိုယ်လေး ရုတ်တရက် တုန်ရီသွားသည်။
သူမသည် ယခင်က ကျုံးချင်၏ စကားများကို မေးခွန်းထုတ်ခဲ့ပြီး သူ တစ်ယောက်တည်းဖြင့် ပိုင်ဖုန်းလွင်ပြင်ကို တစ်ရက်တည်းနှင့် မိုင်သောင်းနှင့်ချီ၍ ခရီးနှင်နိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်ခဲ့သည်။
သို့သော် အကယ်၍ သူ့ထံတွင် ဝင်္ကပါများကို ပိတ်ဆို့ထားနိုင်သည့် နည်းလမ်း အမှန်တကယ်ကို ရှိနေပါက တစ်ရက်တည်းနှင့် မိုင်သောင်းနှင့်ချီ၍ ခရီးနှင်ခြင်းသည် အံ့အားသင့်ဖွယ်် ကိစ္စတစ်ရပ် မဟုတ်တော့ချေ။
ထိုအစား အလွန်အမင်း စွမ်းအားကြီးမားသော ရက်စက်ကြမ်းကြုတ်သားရဲများနှင့် မတွေ့ဆုံသရွေ့ ဤနေရာသည် သူ့အတွက် မည်သည့်ဘေးအန္တရာယ်ကိုမျှ ဖြစ်စေနိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ဤနေရာ၌ အကြောက်ရဆုံးသော သရဲလေဖြူပင်လျှင် ဝင်္ကပါစွမ်းအားဖြင့် အသက်ဝင်လာခြင်းဖြစ်သည်။ အကယ်၍ သူသာ ဝင်္ကပါများကို ပိတ်ဆို့ထားနိုင်ပါက သရဲလေဖြူကိုလည်း သူ ကြောက်ရွံ့နေမည် မဟုတ်ပေ။
ဤအဆင့်သို့ ရောက်ချိန်၌ မင်ဆုရှင်းသည် ကျုံးချင်၏ ယခင် စကားများကို အတိုင်းအတာ တစ်ခုထိ ယုံကြည်နေခဲ့လေပြီ။
သို့သော် သူမ၏လှပသော မျက်နှာလေးသည် အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သူမ၏မျက်လုံးများ မှေးမှိန်သွားသည်။
ဤသည်မှာ သူမသည် တစ်စုံတစ်ခုကို တွေးတောမိလိုက်သောကြောင့်ပင်။
အကယ်၍ ကျုံးချင်၏စကားများသာ မှန်ကန်ပါက သူမ၏ ကြေးမုံနှလုံးသားရေကန်သည် အမှန်တကယ်ကို ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး သူမ၏ဆရာ မင်ယွဲ့ရှန်းပင်လျှင် ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့သည် မဟုတ်လော....
အကယ်၍ ထိုသို့ဆိုလျှင် သူမသည် လျှို့ဝှက်နယ်မြေသို့ သွားရောက်ရန် လိုအပ်ပါသေးသလော....
သူမ၏ဂိုဏ်းအင်အား မပါဘဲ သူမ၏ ကိုယ်ပိုင်စွမ်းအား တစ်ခုတည်းကိုသာ အားကိုးပါက လျှို့ဝှက်နယ်မြေ အတွင်းမှ အခွင့်အလမ်းကို ရယူနိုင်ခြင်းရှိမရှိကို မဆိုထားနှင့် လျှို့ဝှက်နယ်မြေ ဝင်ပေါက်သို့ ရောက်ရှိရန်ပင် ပြဿနာတစ်ခု ဖြစ်နေပေလိမ့်မည်။
...
မင်ဆုရှင်း အတွေးနက်နေခဲ့သည်။
သူတို့နှစ်ယောက်သား သတိမထားမိလိုက်ဘဲ သူ ခရီးအတော်ဝေးဝေးသို့ ရောက်ရှိနေကြလေပြီ။
မင်ဆုရှင်းကိုယ်တိုင်ပင်လျှင် သူမသည် ကျုံးချင်၏နောက်မှ လိုက်ပါရခြင်းကို မည်သည့်အချိန်က စတင်၍ အသားကျသွားသည်ကို သတိမထားမိလိုက်ချေ။
ဤသည်မှာ ကျုံးချင်၏နောက်သို့ လိုက်ပါခြင်းသည် သဘာဝကျသော ကိစ္စတစ်ရပ် ဖြစ်နေသည့်အလားပင်။
ထို့ပြင် မင်ဆုရှင်းအနေဖြင့် ကျုံးချင်သည် အန္တရာယ်ကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ဂိုဏ်းတစ်ဂိုဏ်းမှ သခင်လေးတစ်ဦး ဖြစ်သောကြောင့် ပိုင်ဖုန်းလွင်ပြင်သို့ တစ်ယောက်တည်း လာရဲခြင်း ဖြစ်သည်ဟု မူလက ထင်မှတ်ထားခဲ့သည်။
အစောပိုင်းက အန္တရာယ်ရှိသော အချိန်အခိုက်အတန့်တွင် ကျားသစ်ခေါင်း ဧရာမမျောက်ဝံကြီး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်၌ သူသည် အကြောက်လွန်ကာ နေရာတွင် တောင့်တင်းသွားပြီး မည်သို့ ရှောင်တိမ်းရမည်ကို မသိတော့ဟုပင် သူမ ထင်မှတ်ခဲ့သည်။
သို့သော် ယခုကြည့်ရသလောက် ကျုံးချင်၏ နည်းလမ်းများသည် သူမ၏စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပုံရသည်။
သူ့ထံတွင် ဝင်္ကပါများကို ပိတ်ဆို့ထားနိုင်သည့် နည်းလမ်း အမှန်တကယ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြဿနာမရှိချေ။ မည်သို့ပင်ဆိုစေကာမူ ရွှေရောင်ခြည်ဝင်္ကပါကြီးကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ဖျက်ဆီးလိုက်ခြင်းနှင့် သွေးမိစ္ဆာ ကောင်းကင်မူလဝင်္ကပါမှ ထိခိုက်မှုမရှိဘဲ လျှောက်လှမ်းထွက်လာခြင်းသည် သာမန်လူတစ်ဦး လုပ်ဆောင်နိုင်သော အရာမျိုး မဟုတ်ပေ။
ဤကိစ္စများကို ပြန်တွေးမိချိန်၌ မင်ဆုရှင်းသည် သူမ၏နီမြန်းသောနှုတ်ခမ်များကို သွားဖြင့် ခပ်ဖွဖွကိုက်လိုက်ကာ သူမ၏ပါးပြင်ပေါ်တွင် ပန်းရောင်ဖျော့ဖျော့သန်းလာသည်။
အကယ်၍ ထိုအရာသာ အမှန်တကယ် ဖြစ်ခဲ့လျှင် သူမသည် ဧရာမမျောက်ဝံကြီးကို သတ်ဖြတ်ရန် ကူညီပေးခဲ့ခြင်းနှင့် ဝင်္ကပါ တိုက်ခိုက်မှုများကို ကာကွယ်ပေးခဲ့ခြင်း တို့သည် လုံးဝမလိုအပ်သော လုပ်ရပ်များ ဖြစ်သွားပြီ မဟုတ်လော။