← Chapters

သာမန် ယင်သုံးပါးနယ်ပယ်ထက် ပိုတယ်

Vol. 19 Ch. 185

သာမန် ယင်သုံးပါးနယ်ပယ်ထက် ပိုတယ်

Vol. 19 Ch. 185

ကျုံးချင်သည် ဤမျှတိုတောင်းသော အချိန်အတွင်းတွင် မင်ဆုရှင်း၏စိတ်ထဲ၌ မရေမတွက်နိုင်သော အတွေးများ လွှမ်းမိုးနေသည်ကို မသိရှိခဲ့ပေ။

သူ အနည်းငယ် ထူးဆန်းသည်ဟုသာ ခံစားနေရသည်။ အစောပိုင်းက အကောင်းကြီး ရှိနေသော်လည်း ယခုချိန်၌ မည်သည်ကြောင့် မင်ဆုရှင်းသည် သူ့ကို တခါတလေ လှမ်းကြည့်နေရသနည်း။

သို့သော် ကျုံးချင်ထံ၌ မေးမြန်းရန် ရည်ရွယ်ချက်မရှိဘဲ ရှေ့သို့ ဆက်လက်၍ ထွက်ခွာသွားသည်။

အမှန်အားဖြင့် မင်ဆုရှင်းသည် ဝင်္ကပါ တိုက်ခိုက်မှုကို သူ့အတွက် ကာကွယ်ပေးခဲ့စဉ်က မလိုအပ်သော်လည်း သူမသည် ကြင်နာတတ်သူဖြစ်ကြောင်း သက်သေပြနေသည်။

ထို့ကြောင့် ကျုံးချင်သည် သူမကို နောက်မှလိုက်ပါခွင့် ပြုထားပြီး မည်သည့်အငြင်းစကားမျှ မပြောခဲ့ချေ။

မင်ဆုရှင်းသည် ကြည့်မိလေလေ ကျုံးချင်သည် ပို၍လျှို့ဝှက်ဆန်းကြယ်ပုံ ပေါက်လာလေလေပင်။

ကျုံးချင်၏ အမျိုးမျိုးသော အံ့အားသင့်ဖွယ်နည်းလမ်းများနှင့် ပေါင်းစပ်လိုက်ချိန်၌ ဤအချိန်အခိုက်အတန့်တွင် သူသည် သူမ၏ မျက်လုံးထဲ၌ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါဖြင့် လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။

နောက်ဆက်တွဲ ခရီးစဉ်သည် မင်ဆုရှင်း၏ ခန့်မှန်းချက်ကို ပို၍အတည်ပြုပေးနိုင်ခဲ့သည်။

ဤကျုံးချင်ဆိုသူထံတွင် ဝင်္ကပါများကို ပိတ်ဆို့ထားနိုင်သည့် သို့မဟုတ် ယာယီဖိနှိပ်ထားနိုင်သည့် နည်းလမ်းတစ်ခုခု သေချာပေါက် ရှိနေပေ၏။

သူ၏နောက်သို့ လိုက်ပါခဲ့စဥ်တွင် သူတို့နှစ်ယောက်သား ဝင်္ကပါတစ်ခုကိုမျှ အသက်သွင်းမိခြင်း မရှိဘဲ အပျက်အစီးများကြားမှ ဖြတ်သန်းသွားလာခဲ့ကြသည်။

နက်ရှိုင်းစွာ ဖုံးကွယ်ထားသော ဝင်္ကပါတချို့ကိုမူ သူမကိုယ်တိုင်ပင် မတွေ့ရှိခဲ့သဖြင့် ထိုအရာများ အသက်ဝင်လာခြင်းရှိမရှိ သူမ မသိရှိချေ။

သို့သော် သူမသည် အကြိမ်ပေါင်းများစွာ ဝင်္ကပါများ၏ချီစွမ်းအားများကို အာရုံခံမိခဲ့သော်လည်း ကျုံးချင် ဖြတ်သန်းသွားပြီးနောက် မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။

ဤအချက်က သူမကို ပို၍ပင် အံ့အားသင့်သွားစေသည်။

မည်ကဲ့သို့ နည်းလမ်းမျိုးသည် ဤကဲ့သို့ အကျိုးသက်ရောက်မှုမျိုး ရှိနိုင်သနည်း....

သူမ သိသလောက်ဆိုလျှင် တောင်ပိုင်းဒေသရှိ ထိပ်သီး ဝင်္ကပါမဟာဆရာသခင်တစ်ယောက်ပင်လျှင် ဤစွမ်းရည်မျိုး မရှိချေ။

မည်သို့ပင်ဆိုစေကာမူ ဝင်္ကပါ ဆရာသခင်တစ်ဦးသည် မည်မျှပင် စွမ်းအားကြီးမားပါစေ ဝင်္ကပါတစ်ခုကို ဖျက်ဆီးရန်အတွက် ထိုအရာကို နားလည်သဘောပေါက်ရန်နှင့် အားနည်းချက်များကို ရှာဖွေပြီး ချိုးဖျက်ရန် လိုအပ်သည်။

သို့သော် ဤနေရာရှိ ဝင်္ကပါများသည် ရှေးဟောင်းဝင်္ကပါအကြွင်းအကျန်များ ဖြစ်ကြ၏။ သူမပင်လျှင် ဤဝင်္ကပါများအနက် အနည်းငယ်ကိုသာ မှတ်မိနိုင်သဖြင့် မည်သည့် ဝင်္ကပါမဟာဆရာသခင်က ထိုအရာများအားလုံးကို မှတ်မိနိုင်မည်နည်း။ ထိုဝင်္ကပါများကို ဖျက်ဆီးရန်မှာမူ ပို၍ပင်အလှမ်းကွာဟနေသည်။

မင်ဆုရှင်းသည် အထင်လွဲနေခြင်း ဖြစ်ပေ၏။ ကျုံးချင်သည် ဝင်္ကပါများကို ပိတ်ဆို့ထားနိုင်ခြင်း မဟုတ်ဘဲ ထိုအရာများကို ခံနိုင်ရည်စွမ်း ရှိရုံသာ ဖြစ်သည်။

သို့သော် ဤခံနိုင်ရည်စွမ်း၏ အတိုင်းအတာသည် အနည်းငယ် ကျယ်ပြန့်လွန်းပေ၏။

ပုံမှန်အားဖြင့် အစောပိုင်းက မြို့တံခါးဝရှိ မဟာဝင်္ကပါကြီးကဲ့သို့ အသက်ဝင်ပြီးသား ဝင်္ကပါများအတွက်ဆိုလျှင် ကျုံးချင်သည် ထိုအရာများကို ခုခံနိုင်ရုံသာရှိပြီး တိုက်ရိုက်ရပ်တန့်သွားအောင် မလုပ်နိုင်ချေ။

ထိုရွှေရောင်ခြည်ဝင်္ကပါသည် ကျုံးချင် ဖြတ်သန်းသွားချိန်တွင် ယာယီအကျိုးသက်ရောက်မှုမရှိ ဖြစ်သွားရုံသာဖြစ်ပြီး သူတို့နှစ်ယောက်သား ထွက်ခွာသွားပြီးနောက် ပြန်လည်၍ အသက်ဝင်လာပေမည်။ သေချာသည်မှာ မင်ဆုရှင်း ဤအချက်ကို မသိနိုင်ခြင်းပင်။

သို့သော် ဤနေရာရှိ ရှေးဟောင်း ဝင်္ကပါ အကြွင်းအကျန် အများစုသည် ငြိမ်သက်နေသော အခြေအနေတွင် ရှိနေကြပြီး တစ်စုံတစ်ယောက် ရှိနေမှသာ အသက်ဝင်လာကြခြင်းဖြစ်သည်။

ထို့ကြောင့် သူသည် ဝင်္ကပါများကို အသက်သွင်းခဲ့ခြင်း မရှိသဖြင့် သူသည် ဤနေရာရှိ ဝင်္ကပါများအားလုံးကို ပိတ်ဆို့ထားနိုင်သည် ဟူသော ထင်ယောင်ထင်မှားဖြစ်မှုကို ဖန်တီးပေးနေခြင်း ဖြစ်ပေ၏။

သို့သော် ဝင်္ကပါများကို ပိတ်ဆို့ထားသည်ဖြစ်စေ ယာယီဖိနှိပ်ထားခြင်းဖြစ်စေ ထိုကဲ့သို့ နည်းလမ်းများသည် လူအများ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။

မင်ဆုရှင်း၏မျက်လုံးများသည် ကျုံးချင်ကို ကြည့်ရင်း တောက်ပနေသည်။

သူမသည် သဘာဝအလျောက် အေးစက်ပြီး ကိုယ်ကျိုးစီးပွားကို ဂရုမစိုက်တတ်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူမသည် ကြေးမုံနှလုံးသားရေကန်၏ သူတော်စင်မိန်းမပျိုတစ်ယောက်ပင်။

မတော်တဆကိစ္စများ ရှိမလာပါက သူမသည် နောက်ဆက်ခံမည့်ဂိုဏ်းချုပ် ဖြစ်လာပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ဂိုဏ်းအတွက် စဉ်းစားပေးရပေမည်။

ကျုံးချင်၏စွမ်းရည်များသည် မည်မျှထိ အံ့အားသင့်စရာ ကောင်းကြောင်း ထပ်မံ၍ ရှင်းပြနေရန် မလိုတော့ချေ။ အကယ်၍ ဤသတင်းထွက်ပေါ်လာပါက တောင်ပိုင်းဒေသတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်ပြီး မရေမတွက်နိုင်သော အဓိက ဂိုဏ်းအင်အားစုများမှ အလုအယက် လိုချင်ကြမည့် ပါရမီရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

အကယ်၍ သူမသာ ဤလူကို ကြေးမုံနှလုံးသားရေကန်ဘက်သို့ပါအောင် စည်းရုံးနိုင်ပါက...

မင်ဆုရှင်း စဉ်းစားနေစဉ်မှာပင် သူတို့နှစ်ဦးသည် အပျက်အစီးများထဲမှ ထွက်ခွာလာခဲ့ကြပြီး သူတို့၏ရှေ့တွင် တောင်ကုန်းနိမ့်လေးတစ်ခု ရှိနေသည်။

တောင်ကုန်း၏တစ်ဝက်ခန့်သို့ ရောက်သည်နှင့် ကျုံးချင်နှင့်မင်ဆုရှင်းတို့သည် တောင်ထိပ်တွင် ပေါက်ရောက်နေသော သစ်ပင်တစ်ပင်ကို ချက်ချင်းမြင်တွေ့မိပေ၏။

ပုံမှန်အားဖြင့် သက်ရှိများ မျိုးသုဉ်းလုနီးပါး ဖြစ်နေသော ဤရေခဲနှင့်နှင်းများ ဖုံးလွှမ်းနေသည့် မြေပြင်တွင် သစ်ပင်များ ပေါက်ရောက်နိုင်မည် မဟုတ်ချေ။ ထိုကြောင့် တောင်ထိပ်ပေါ်ရှိ သစ်ပင်သည် မည်သို့မျှ သာမန် မဟုတ်နိုင်ပေ။

ထိုသစ်ပင်တစ်ပင်လုံး ကြည်လင်တောက်ပနေပြီး နွေးထွေးချောမွတ်ကာ သန္တာကျောက် ပုံသဏ္ဍာန်ရှိပြီး ခရမ်းရောင်နှင့်အပြာရောင် နှစ်မျိုးလုံး ရောယှက်နေသည့် ကျောက်စိမ်းသစ်ပင် တစ်ပင်ဖြစ်သည်။

ဤအရာသည် မည်သည့်အရာဖြစ်သည်ကို သူ သိဖို့ပင် မလိုအပ်ဘဲ အသွင်အပြင်ကို ကြည့်ရုံဖြင့် ရတနာကောင်းတစ်ခု ဖြစ်ရမည်ဟု ကျုံးချင်က သိလိုက်သည်။

"ကံကောင်းတာပဲ... ဒီသစ်ပင်ကို ပြန်ယူသွားပြီးတော့ မူဖူတောင် ခြံဝင်းထဲမှာ စိုက်ထားလိုက်ရင် ကြည့်ကောင်းမှာပဲ..."

ကျုံးချင်၏မျက်လုံးများ တောက်ပလာပြီး တောင်ထိပ်ဆီသို့ ခုန်တက်သွားလိုက်သည်။

မင်ဆုရှင်းက သတိပြန်ဝင်လာပြီး အလျင်အမြန် လိုက်ပါသွားလိုက်၏။

"ဒါက ဘာသစ်ပင်လဲဆိုတာ မင်း သိလား..."

ကျုံးချင်က မင်ဆုရှင်းကို ပေါ့ပေါ့ပါးပါး မေးမြန်းးလိုက်သည်။

မင်ဆုရှင်းသည်လည်း ကျောက်စိမ်းသစ်ပင်ကို မြင်လိုက်ရသဖြင့် အလွန်အံ့အားသင့်သွားပြီးနောက် တုံ့ပြန်အဖြေပေးလိုက်သည်။

"ကျွန်မလည်း သေချာမသိဘူး... ဒါပေမဲ့ ဒီသစ်ပင်ရဲ့အသွင်အပြင်အရဆိုရင် ရှေးဟောင်းမှတ်တမ်းတွေထဲမှာပါတဲ့ ချန်ကွမ် ခရမ်းသန္တာသစ်ပင်နဲ့ အရမ်းတူတယ်..."

"ဒဏ္ဍာရီတွေအရ ဒီပစ္စည်းက ပုံမှန်အနေနဲ့ဆိုရင် ရက်စက်ကြမ်းကြုတ်သားရဲတွေနဲ့ တွဲဖက်တည်ရှိနေတတ်ပြီးတော့ ထူးခြားတဲ့ သားရဲမျိုးစိတ်တွေကို မွေးဖွားပေးနိုင်လို့ အရမ်းရှားပါးတယ်..."

ထိုစကားကို ပြောဆိုရင်း သူမ၏အကြည့် စူးရှတောက်ပသွားပြီး သူမ၏နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်ရှုလိုက်သည်။

"တကယ်လို့ ဒါက ချန်ကွမ်ခရမ်းသန္တာသစ်ပင် ဖြစ်နေမယ်ဆိုရင် ဒီအနီးအနားမှာ တွဲဖက်နေထိုင်တဲ့ ရက်စက်ကြမ်းကြုတ်သားရဲ တစ်ကောင် ရှိနေလောက်တယ်... ပြီးတော့ အဲ့ဒီအကောင်က အရမ်းရက်စက်ကြမ်းကြုတ်မှာ သေချာတယ်... ဒါကြောင့် ရှင် သတိထားပါ..."

သို့သော် သူတို့နှစ်ယောက်သား တောင်ထိပ်ပေါ်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည့်တိုင် ပတ်ဝန်းကျင်တွင် မည်သည့်အရာမျှ မရှိဘဲ ရက်စက်ကြမ်းကြုတ်သားရဲ၏ အရိပ်အယောင်ကိုလည်း မတွေ့ရချေ။

"တွဲဖက်နေထိုင်တဲ့ ကြမ်းတမ်းသားရဲ မရှိဘူးဆိုတော့... ဒါက ချန်ကွမ် ခရမ်းသန္တာသစ်ပင် မဟုတ်ဘူးလား..."

မင်ဆုရှင်းက အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ပြောဆိုလိုက်သည်။

"ဒီလိုဆိုမှတော့ ငါ အရင် ယူလိုက်တော့မယ်..."

ကျုံးချင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ချန်ကွမ်ခရမ်းသန္တာသစ်ပင်ကို အမြှစ်မှ ဆွဲနှုတ်လိုက်၏။

သန္တာသစ်ပင် ဖြစ်သော်လည်း အောက်ဘက်တွင် ရှည်လျားသော အမြှစ်များ ပေါက်ရောက်နေသည်မှာ အံ့အားသင့်စရာ ကောင်းလှသည်။ သို့သော် ဤအမြှစ်များသည်လည်း သလင်းကျောက်ကဲ့သို့ ဖြစ်နေပြီး ထူးခြားစွာ လှပနေသည်။ ကျုံးချင်သည် ထိုအရာကို ကြည့်လေလေ ပို၍သဘောကျနှစ်သက်လေလေပင်။

သူ ပြန်ရောက်လျှင် မူဖူတောင်ရှိ ရေကန်နံဘေး၌ စိုက်ထားရန် ကြံရွယ်လိုက်သည်။

ကျုံးချင်က ချန်ကွမ် ခရမ်းသန္တာသစ်ပင်ကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်စဉ်မှာပင် ရုတ်တရက် မြေပြင်တပြင်လုံး တုန်ခါသွားသည်။ ရုတ်ချည်းဆိုသလိုပင် လေနှင့်နှင်းများ တိုက်ခတ်လာကာ မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသံတစ်သံက သူတို့၏ခြေထောက်အောက်မှ ထွက်ပေါ်လာသည်။

"ဘာလဲ... မြေငလျင်လှုပ်တာလာ..."

မင်ဆုရှင်း၏မျက်နှာအမူအယာ အနည်းငယ် ပျက်ယွင်းသွားပေ၏။

ပိုင်ဖုန်းလွင်ပြင်တွင် မြေငလျင်လှုပ်သည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မကြားဖူးချေ။

သို့သော် ကျုံးချင်၏မျက်လုံးအကြည့် လှုပ်ရှားသွားပြီး သူက ခေါင်းခါယမ်းလိုက်ကာ လေထုထဲသို့ တိုက်ရိုက်ပျံသန်းသွားလိုက်သည်။

"ဒါက မြေငလျင် မဟုတ်ဘူး..."

ထိုစကားကိုပြောဆိုရင်း သူသည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားပြီး မင်ဆုရှင်းလည်း သူ၏နောက်မှ လိုက်ပါသွားသည်။ သူတို့နှစ်ယောက်သား လေထုထဲတွင် မတ်တတ်ရပ်ပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ မင်ဆုရှင်း၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်သွားသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

တုန်ခါနေသည်မှာ သူတို့၏အောက်ရှိ တောင်ကုန်းကြီးပင်။

သို့သော် ဤသည်မှာ မြေငလျင်လှုပ်ခြင်း မဟုတ်ချေ။ တောင်ကုန်းကြီးကိုယ်တိုင် တုန်ခါနေခြင်းဖြစ်ပြီး ထိုအရာကို ဖုံးလွှမ်းထားသော ရေခဲနှင့်နှင်းများ အဆက်မပြတ် ပြုတ်ကျနေကာ မည်းနက်သောမြေသား ပေါ်လွင်လာသည်။

သို့ရာတွင် ဤသည်က မြေသားနှင့် မတူညီချေ။

မင်ဆုရှင်း၏မျက်နှာအမူအယာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမသည် တစ်စုံတစ်ခု ကို သဘောပေါက်သွားလေပြီ။

ဒီတောင်က အသက်ရှင်နေတာပဲ...

ထို့ပြင် ကျုံးချင်၏မျက်နှာအမူအယာသည် တည်ငြိမ်နေပြီး အံ့အားသင့်ပုံ မရချေ။

ထိုအချိန်တွင် တောင်ကုန်း၏တုန်ခါမှုသည် ပို၍ပြင်းထန်လာပြီး နောက်ဆုံးတွင် ကြွတက်လာကာ ပြင်းထန်သော တုန်ခါမှုများ အကြားတွင် ပေတစ်ရာနီးပါး ရုတ်တရက် မြင့်တက်လာသည်။

မဟုတ်ဘူး... တောင်က ပိုမြင့်လာတာ မဟုတ်ဘူး... တောင်က မတ်တတ်ရပ်လိုက်တာ...

ကြီးမားပြီး ရက်စက်ကြမ်းကြုတ်ပုံရသော ခေါင်းတစ်လုံးသည် တောင်ခြေမှ ရုတ်တရက် ထွက်ပေါ်လာပေ၏။ ဤခေါင်းတစ်လုံးတည်းကပင် ပေတစ်ထောင်နီးပါး အရွယ်အစား ရှိနေပြီး တောင်ခြေမှနေ၍ တခြားတောင်ထိပ်ငယ်လေး တစ်ခု ဖောက်ထွက်လာသည့်အလားပင်။

မိုးကောင်းကင်သို့ ထိုးတက်နေသော တိုင်လုံးကြီးများအလား ကြီးမားသည့် အသားတိုင်လုံးကြီးလေးခုသည် တောင်ထိပ်တစ်ခုလုံးကို ထောက်ပံ့ပေးထားလေ၏။

မြေသားကို ဖုံးလွှမ်းထားသော ထူထပ်သည့် ရေခဲနှင့်နှင်းများသည် ယခုအချိန်၌ နှင်းတောင်ပြိုကျသကဲ့သို့ လျောကျလာပြီး နောက်ဆုံးတွင် ထိုအရာ၏ပုံသဏ္ဍာန်အမှန်ကို ထုတ်ဖော်ပြသလိုက်သည်။

အစောပိုင်းက သူတို့၏ခြေထောက်အောက်ရှိ အရာသည် တောင်တစ်လုံး လုံးဝမဟုတ်ဘဲ မယုံကြည်နိုင်လောက်အောင် ကြီးမားပြီး ခမ်းနားထည်ဝါသော ရက်စက်ကြမ်းကြုတ်သားရဲတစ်ကောင်ပင်။

ထို့ပြင် ဤတောင်သည် ထိုရက်စက်ကြမ်းကြုတ်သားရဲ၏ကျောပေါ်မှ ကြီးမားတဲ့ အခွံကြီး ဖြစ်နေသည်။

ဤသည်မှာ မိကျောင်းလိပ်ပုံသဏ္ဍာန် ရှိသော်လည်း အဆမတန် ပို၍ကြီးမားပြီး ပို၍ရက်စက်ကြမ်းကြုတ်သော ကြောက်မက်ဖွယ်ကောင်းသည့် လိပ်သားရဲတစ်ကောင်ပင်။

ကျုံးချင် အစောပိုင်းက ဆွဲနှုတ်လိုက်သော ချန်ကွမ်ခရမ်းသန္တာသစ်ပင်သည် အမှန်အားဖြင့် ထိုလိပ်သားရဲ၏ကျောပေါ်၌ ပေါက်ရောက်နေခြင်း ဖြစ်ပေ၏။

ထိုလိပ်သားရဲသည် ဤနေရာတွင် မည်မျှထိကြာအောင် အိပ်စက်နေခဲ့သည်ကို မသိရှိရဘဲ ရေခဲနှင့်နှင်းများ ဖုံးလွှမ်းသွားကာ တောင်ကုန်းတစ်ခု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ကျုံးချင်က သန္တာသစ်ပင်ကို ဆွဲနှုတ်လိုက်သောအချိန်မှသာ ထိုသားရဲကို နှိုးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။

မင်ဆုရှင်းသည်လည်း ထိုကဲ့သို့သော ကြီးမားသည့် ရက်စက်ကြမ်းကြုတ်သားရဲမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသဖြင့် သူမ၏မျက်နှာသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားပေ၏။

သေချာသည်က သူမ ကြောက်ရွံနေသည်မှာ ဧရာမလိပ်ကြီး၏ ကြီးမားသော အရွယ်အစားကြောင့်သက်သက် မဟုတ်ချေ။ ဤအချိန်အခိုက်အတန့်တွင် လိပ်သားရဲ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကြောင့်လည်း ဖြစ်ပေ၏။

ကြီးမားကျယ်ပြန့်သော ချီစွမ်းအင်သည် လိပ်သားရဲ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏ နှိုင်းယှဉ်၍မရနိုင်အောင် ကြီးမားသည့် အရွယ်အစားနှင့် ပေါင်းစပ်လိုက်ချိန်၌ ပြိုင်ဘက်ကင်း တည်ရှိမှုကြီးတစ်ခုအလားပင်။ ဤလိပ်သားရဲသည် လောကကြီးတွင် လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုတစ်ခု ဖြစ်ပေ၏။

"ဒါက သေချာပေါက် ယင်သုံးပါးနယ်ပယ် တည်ရှိမှုကြီးတစ်ခုပဲ..."

မင်ဆုရှင်းက ချက်ချင်းကောက်ချက်ချလိုက်သည်။

"ပြီးတော့ သာမန် ယင်သုံးပါးနယ်ပယ်ထက် ပိုတယ်..."

"သူ့ရဲ့ ချီစွမ်းအားက အရမ်း ကြောက်စရာ ကောင်းလွန်းတယ်... ကျွန်မရဲ့ ဆရာတောင် သူ့ထက် အများကြီး နိမ့်ကျနေတယ်..."

All Chapters