← Chapters

တကယ့်ကို မိန်းကလေးတစ်ယောက်ပဲ

Vol. 19 Ch. 187

တကယ့်ကို မိန်းကလေးတစ်ယောက်ပဲ

Vol. 19 Ch. 187

အစောပိုင်းက မြင်ကွင်းသည် မင်ဆုရှင်းကို လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပြီး အပြင်ပန်းတွင် သာမန်ဟု ထင်ရသော ဤလူငယ်ကို စေ့စေ့ကြည့်ရန် သူမအတွက် ခက်ခဲသွားစေသည်။

ပေါ့ပါးသော ခြေဆောင့်နင်းချက်တစ်ချက်တည်းဖြင့် သူသည် တောင်ကုန်းတစ်ခုကဲ့သို့ ကြီးမားသည့် ကြောက်မက်ဖွယ်ကောင်းသော ယင်သုံးပါးနယ်ပယ် ရက်စက်ကြမ်းကြုတ်သားရဲတစ်ကောင်ကို ချေမှုန်းလိုက်သည်။

ဤသည်က မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း...

ကျုံးချင်သည် သူမ၏နံဘေးသို့ ပြန်လည်၍ ပျံသန်းလာသောအချိန်မှသာ မင်ဆုရှင်း သတိပြန်ဝင်လာပြီး သူမ၏နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေး တုန်ရီသွားသည်။ ကျုံးချင်ကို ကြည့်ရင်း သူမသည် အလွန်ကြောက်လန့်သွားသဖြင့် မသိစိတ်မှ ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။

သူမသည် ကျုံးချင်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေပြီး စကားမပြောနိုင် ဖြစ်နေပေ၏။

ကျုံးချင် သူမကို တစ်ချက်ကြည့်ပြီး ပြောဆိုသည်။

"ဘာလို့ ငါကို အဲ့ဒီလိုမျိုး ကြည့်နေတာလဲ... ငါက အရမ်းကြောက်စရာ ကောင်းနေလို့လား..."

မင်ဆုရှင်းသည် တုံ့ပြန်အဖြေမပေးချေ။ သို့ရာတွင် သူမ၏သဘောထားကမူ ရှင်းလင်းနေသည်။

နောက်နေတာလား... ရှင်က ကြောက်စရာ မကောင်းဘူးလား...

ယင်သုံးပါးနယ်ပယ် ဧရာမလိပ်ကြီးတစ်ကောင်ကို ရှင်က ခြေတစ်ချက် ဆောင့်နင်းရုံး သတ်ပစ်လိုက်တာလေ... ဒါက လုံးဝကို ကြောက်စရာ ကောင်းတယ်....ဟုတ်ပြီလား...

ထိုအချိန်တွင် မင်ဆုရှင်းက ကျုံးချင်ကို ကြည့်သော အကြည့်သည် သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့နေရသည့်အလားပင်။

တစ်ချိန်တည်းမှာပင် သူမ၏ ယခင်က တည်ငြိမ်သော စိတ်အခြေအနေသည် မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ လှိုင်းထန်သွားခဲ့သည်။

သူမသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုကြီးတစ်ခုနှင့် ဤမျှထိ ကြာရှည်စွာ အတူတကွ ခရီးသွားခဲ့မိသလော....

သူမ၏ ကြေးမုံနှလုံးသားရေကန်အတွက် သူ့ကို မည်သို့ စည်းရုံးသိမ်းသွင်းရမည်နည်းဟု အစောပိုင်းက သူမ စဉ်းစားခဲ့မိသည်ကို ပြန်တွေးမိချိန်၌ မင်ဆုရှင်းသည် အိပ်မက်မက်နေသကဲ့သို့ ခံစားမိပေ၏။

ထိုကဲ့သို့ တည်ရှိမှုမျိုးကို သူမ၏ ကြေးမုံနှလုံးသားရေကန်က စည်းရုံးသိမ်းသွင်းနိုင်မည်လော....

ကြေးမုံနှလုံးသားရေကန်မှ လူများအားလုံးကို ပေါင်းစည်းလိုက်လျှင်ပင် သူ၏ ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည် ရှိချင်မှ ရှိပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် မင်ဆုရှင်းသည် ကျုံးချင် အစောပိုင်းက ပြောဆိုခဲ့သော စကားများကို လုံးလုံးလျားလျား ယုံကြည်သွားခဲ့လေပြီ။

သူမ၏ဆရာနှင့်ဂိုဏ်းသားများကို အကြီးအကျယ် ထိခိုက်ဆုံးရှုံးစေခဲ့သော ရက်စက်ကြမ်းကြုတ်သားရဲနှင့် ကြုံတွေ့ခဲ့ရစဉ်က သူ မည်သည်ကြောင့် ထိခိုက်မှုမရှိခဲ့သနည်း နှင့် တစ်ရက်တည်းဖြင့် မိုင်သောင်းနှင့်ချီပြီး ခရီးနှင်နိုင်ခဲ့သနည်း ဆိုသည်မှာလည်း အံ့အားသင့်စရာ မဟုတ်တော့ချေ။

ဤသည်မှာ ဝင်္ကပါများကို ပိတ်ဆို့နိုင်သော သူ၏အံ့အားသင့်ဖွယ် စွမ်းရည်သက်သက်ကြောင့် မဟုတ်ပေ။

ဤလောကကြီးတွင် အတားအဆီးမရှိ သွားလာနိုင်စေသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို သူကိုယ်တိုင် ပိုင်ဆိုင်ထားသောကြောင့်လည်း ဖြစ်သည်။

မင်ဆုရှင်းသည် မသိစိတ်မှနေ၍ စိုးရိမ်ပူပန်နေမိသည်။

မင်ဆုရှင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး ရွေ့လျားမည့် အရိပ်အယောင် မပြသည်ကို မြင်တွေ့ချိန်၌ ကျုံးချင်က သူမကို လျစ်လျူရှုလိုက်သည်။ သူသည် နောက်သို့လှည့်ထွက်လိုက်ပြီး မြောက်ဘက်သို့ သူတစ်ယောက်တည်း ပျံသန်းသွားလိုက်၏။

မင်ဆုရှင်းသည် သတိပြန်ဝင်လာပြီး ကြီးမားသော တွင်းနက်ကြီးနှင့် အောက်ခြေရှိ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကြီးမားသော ဧရာမလိပ်ကြီး၏ အလောင်းကို မကြည့်ဘဲ မနေနိုင်တော့ချေ။ နောက်ဆုံးတွင် သူမ၏စိတ်နှလုံးသားထဲမှ လှိုင်းထန်နေသော ခံစားချက်များကို အတင်းအဓမ္မ ဖိနှိပ်လိုက်ပြီး သူ၏နောက်သို့ လိုက်သွားခဲ့တော့သည်။

သို့သော် သူတို့နှစ်ယောက်သား ဝေးကွာသောနေရာသို့ မရောက်သေးမီမှာပင် ရှေ့မှနေ၍ နောက်ထပ်တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ မင်ဆုရှင်းက ဤသည်မှာ နောက်ထပ် ဧရာမလိပ်ကြီးတစ်ကောင် လာနေသည်ဟု ထင်မှတ်လိုက်၏။

သို့သော် ထိုတုန်ခါမှုကြီး၏နောက်တွင် မည်သည့်ရက်စက်ကြမ်းကြုတ်သားရဲမျှ ရှိမနေချေ။ ထိုအစား ကြီးမားသော မုန်တိုင်းတစ်ခုက ရှေ့မှနေ၍ ရုတ်တရက် တိုက်ခတ်လာသည်။

ဤမုန်တိုင်းသည် သာမန်သရဲလေဖြူနှင့် မတူဘဲ သွေးနီရောင်အရိပ်အယောင် အနည်းငယ်ပင် ရောယှက်နေသည်။

မင်ဆုရှင်းသည် အစောပိုင်းက ဧရာမလိပ်ကြီးကို ချက်ချင်းသတိရလိုက်ပြီး တစ်စုံတစ်ခုကို မှတ်မိသွားပေ၏။

ဧရာမလိပ်ကြီး သေခါနီးဆဲဆဲအချိန်တွင် ထွေးထုတ်လိုက်သော အလင်းလုံးကြီးကို ကျုံးချင်က ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်သည်။

ထို့ပြင် အလင်းလုံးကြီးကို ရိုက်ထုတ်လိုက်သောလမ်းကြောင်းသည် သူမတို့ ယခု ဦးတည်နေသောလမ်းကြောင်း ဖြစ်နေပုံရသည်။

"ခုဏက ရှင့်ရဲ့ရိုက်ချက်က အဝေးကြီးကို ရောက်သွားပြီးတော့ အနီးအနားက ဝင်္ကပါ စွမ်းအားတွေကို မညီမမျှ ဖြစ်သွားစေတယ်... အဲ့ဒါက သရဲလေဖြူကို ထပ်ပြီးနှိုးဆွလိုက်တာ ဖြစ်နိုင်တယ်..."

မင်ဆုရှင်းက ပြောဆိူလိုက်ပြီး မုန်တိုင်းကို ခုခံရန်အတွက် သူမ၏စွမ်းအားအကာအကွယ်ကို ထိန်းသိမ်းထားရန် ရုန်းကန်နေတော့သည်။

ကျုံးချင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ အစောပိုင်းက ထိုအလင်းလုံးကြီးကို သူ ခြေမွှဖျက်ဆီးလိုက်သင့်သည်။

သူသည် ထိခိုက်မှုမရှိဘဲ နေနိုင်သော်လည်း မုန်တိုင်းထဲတွင် ခရီးသွားရခြင်းကို မနှစ်သက်ချေ။ မည်သို့ပင်ဆိုစေကာမူ ဤခံစားချက်သည် သူ့ကို သက်တောင့်သက်သာ မရှိစေပေ။

သူ မိုးကောင်းကင်ယံကို တစ်ချက်မော့ကြည့်လိုက်ရာ ညအချိန် ရောက်လုနီးပါး ဖြစ်နေလေပြီ။ ထို့နောက် သူသည် အနီးအနားရှိ အပျက်အစီးများကို ဝေ့ဝိုက်၍ကြည့်ရှုလိုက်ပြီး ညအိပ်နားနေရန်နှင့် ရှေ့ဆက်မသွားမီ မုန်တိုင်း ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းရန် နေရာတစ်ခု ရှာဖွေရန်အတွက် ပြင်ဆင်လိုက်၏။

ဤတစ်ကြိမ်တွင် သူ နောက်လှည့်ထွက်သွားချိန်၌ အချိန်တခဏကြာခန့် ရပ်တန့်လိုက်ပြီး ခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောဆိုလိုက်သည်။

"မင်း အသက်ရှင်ချင်ရင် ငါ့နောက်လိုက်ခဲ့..."

မင်ဆုရှင်းသည် သူ၏စကားများကြောင့် ထိတ်လန့်သွားသော်လည်း အကြောင်းပြချက် တစ်စုံတစ်ခုကြောင့် သူမ၏စိတ်နှလုံးသားတွင် ဝမ်းသာမှုများဖြင့် ပြည့်နှက်သွားသည်။ သူမသည် အံ့တင်းတင်းကြိတ်လိုက်ပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအင်အကာအကွယ် ထိန်းသိမ်းကာ ကျုံးချင်၏နောက်သို့ လိုက်သွားလိုက်၏။

မည်သည့် အကြောင်းအရင်းကြောင့်ဟု မသိရသော်လည်း သူမသည် ကျုံးချင်နှင့် ပို၍နီးကပ်လာသည်နှင့်အမျှ လေစွမ်းအား သိသိသာသာ လျော့ကျသွားသည်ကို ရုတ်တရက် သတိထားမိပြီး သက်ပြင်းချလိုက်သည်။

သူမ စိတ်လှုပ်ရှားသွားသည်။ သေချာသည်မှာ ကျုံးချင်ထံတွင် ဝင်္ကပါစွမ်းအားများကို ဖိနှိပ်နိုင်သော နည်းလမ်းတစ်ခုခု ရှိနေခြင်းပင်။ ထိုကြောင့် ဝင်္ကပါကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းပင်လျှင် သူ၏အနီးအနား၌ အားနည်းသွားပေ၏။

...

ညအချိန်တွင် အပျက်အစီးများကြားရှိ အတော်လေး ကောင်းမွန်သေးသော အိမ်ပျက်လေးတစ်လုံးအတွင်း၌...

နွေးထွေးသော မီးရောင်သည် ယခင်က မှောင်မည်းနေသောနေရာကို လင်းလက်သွားစေသည်။

ကျုံးချင်သည် နံဘေးတစ်ဖက်တွင် ပလ္လင်ခွေထိုင်နေပြီး ကျင့်ကြံနေသည့်အလား သူ၏မျက်လုံးများကို စုံမှိတ်ထားသည်။

ဤတစ်ကြိမ်တွင် သူ လက်ဖက်ရည် ထပ်မသောက်တော့ချေ။

အစောပိုင်းက ဧရာမလိပ်ကြီးကို တိုက်ခိုက်စဉ်တွင် သူသည် 'အဆင့်တူ ချေမှုန်းခြင်း' စွမ်းရည်ကို အသုံးမပြုခဲ့ပေ။

ထိုအချိန်က သူသည် လှုပ်ရှားမှု အနည်းငယ်သာ ပြုလုပ်ခဲ့သော်လည်း သူ၏ ယင်သုံးပါးနယ်ပယ် စွမ်းအားကို အသုံးပြုခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းက သူ့အား ထိုးထွင်းသိမြင်မှုတချို့ကို ပေးစွမ်းခဲ့သည်။

သူသည် လက်ရှိအချိန်တွင် ထိုအရာများကို လေ့လာဆင်ခြင်နေခြင်း ဖြစ်ပေ၏။

မင်ဆုရှင်းသည် တခြားထောင့်တစ်နေရာတွင် ထိုင်နေပြီး မုန့်တစ်ခုကို သူမ၏လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်။ သူမသည် ထိုမုန့်ကို နည်းနည်းစီကိုက်စားနေပြီး ရံဖန်ရံခါ၌ ကျုံးချင်ကို လေးစားမှု အရိပ်အယောင်များ ပါဝင်နေသော မျက်လုံးများဖြင့် လှမ်းကြည့်နေသည်။

ဤအချိန်အခိုက်အတန့်တွင် သူမ၏စိတ်အခြေအနေသည် ယခင်ကနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေလေပြီ။

ယခင်က သူမသည် ကျုံးချင်ကို သူမနှင့် ရွယ်တူတန်းတူဖြစ်ကာ အများဆုံးအနေဖြင့် ထူးဆန်းသော စွမ်းရည်တချို့ကို ပိုင်ဆိုင်ထားသူ အဖြစ်သာ သတ်မှတ်ခဲ့သည်။ ဤသည်မှာ သူမအတွက် အံ့အားသင့်စရာ ကောင်းသော်လည်း အလွန်အမင်း ထူးခြားနေခြင်း မရှိချေ။

သို့သော် ကျုံးချင်သည် ယင်သုံးပါးနယ်ပယ် ရက်စက်ကြမ်းကြုတ်သားရဲတစ်ကောင်ကို လွယ်လင့်တကူ ချေမှုန်းလိုက်သည်ကို မြင်တွေ့ပြီးနောက် ယခုချိန်၌ သူမ နားလည်သွားလေပြီ။

သူမရှေ့မှလူ၏ အဆင့်အတန်းသည် သူမ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် များစွာကျော်လွန်နေသည်။

သူမ၏ဆရာ မင်ယွဲ့ရှန်းပင်လျှင် အသက်နှစ်ဆယ်ကျော်သာ ရှိပုံရသော ဤလူငယ်ထက် စွမ်းအားများစွာ နိမ့်ကျနေလောက်သည်။

တောင်ပိုင်းဒေသတစ်ခုလုံးတွင်ပင် ထိုကဲ့သို့ စွမ်းအားရှိသည့် ပုဂ္ဂိုလ်များသည် ဖီးနစ်ငှက်မွှေးများနှင့်ချီလင်ဦးချိုများကဲ့သို့ ရှားပါးပြီး သူတို့အားလုံးသည် မြင့်မားသော အဆင့်အတန်း ရှိသည့် အစွမ်းထက်ပုဂ္ဂိုလ်များပင်။

ထိုကဲ့သို့ တည်ရှိမှုကြီးတစ်ခုနှင့် အခန်းတစ်ခန်းတည်း အတူရှိနေရခြင်းအပေါ် သူမ မည်သို့ စိတ်တည်ငြိမ်စွာ နေနိုင်မည်နည်း။

သို့သော် ကျုံးချင်၏ အလွန်အမင်း ငယ်ရွယ်သော မျက်နှာကို ကြည့်ရင်း သူမထံ၌ လက်တွေ့ဆန်သော ခံစားမှု သိပ်မရှိသေးချေ။

"ကျေးဇူးတင်ပါတယ်..."

မီးရောင်အောက်တွင် မင်ဆုရှင်းသည် အချိန်ကြာမြင့်စွာ တွေဝေတုံ့ဆိုင်းနေပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

ကျုံးချင်သည် မျက်လုံးစုံမှိတ်ထားကာ စကားပြန်မပြောဘဲ သူမကို ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်၏။

မင်ဆုရှင်းသည် တွေဝေတုံ့ဆိုင်းနေပြီးနောက် ရုတ်တရက် သူမ၏လက်ထဲမှမုန့်ကို တစ်ဝက်ဖဲ့လိုက်ပြီး ကျုံးချင်အား လက်ကမ်းပေးလိုက်သည်။

"နည်းနည်းလောက် စားကြည့်မလား..."

ထိုအချိန်မှသာ ကျုံးချင်က မျက်လုံးဖွင့်လိုက်ပြီး မင်ဆုရှင်းကို ကြည့်လိုက်သည်။

မင်ဆုရှင်းသည် ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားသွားပြီး သူမ၏မုန့်ကို သူ စိတ်ဝင်စားမည်မဟုတ်ဟု တွေးတောလိုက်သည်။

သို့သော် မမျှော်လင့်ဘဲ ကျုံးချင်သည် လက်ဆန့်တန်းပြီး ထိုမုန့်ကို ယူလိုက်သော်လည်း ချက်ချင်းမစားဘဲ မေးမြန်းလိုက်သည်။

"မင်းက လျှို့ဝှက်နယ်မြေကို လာတာတောင် မုန့်တွေ ယူလာသေးတာလား..."

သူကိုယ်တိုင်သာ်လည်း မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အပျော်ခရီးသွားသကဲ့သို့ သဘောထားပြီး စိတ်မွန်းကြပ်မှု မရှိသဖြင့် မုန်တိုင်းထဲတွင်ပင် လက်ဖက်ရည် သောက်နိုင်သည်။

သို့သော် ဂိုဏ်းတစ်ဂိုဏ်း၏ သူတော်စင်မိန်းမပျိုဖြစ်သော မင်ဆုရှင်းအနေဖြင့် လျှို့ဝှက်နယ်မြေတစ်ခုကို စူးစမ်းရှာဖွေရာတွင် မုန့်များ ယူဆောင်လာခြင်းသည် အနည်းငယ် အံ့အားသင့်စရာ ကောင်းနေသည်။

မင်ဆုရှင်းသည် အချိန်တခဏကြာခန့် ထိတ်လန့်သွားပြီးနောက် အလျင်အမြန် ရှင်းပြလိုက်၏။

"ဒါက သာမန်မုန့် မဟုတ်ပါဘူး... ကျွန်မတို့ ကြေးမုံနှလုံးသားရေကန်ရဲ့ ဒေသထွက်ကုန်ဖြစ်တဲ့ ရေဝိညာဉ်ပန်းနဲ့ ပြုလုပ်ထားတဲ့ စိတ်ဝိညာဉ်နှလုံးသားမုန့်ပါ... ဒါကို စိတ်ဝိညာဉ်ဆေးဝါးလို့ သတ်မှတ်လို့ ရပြီးတော့ စိတ်ဝိညာဉ်စွမ်းအားတွေကို မြန်မြန်ဆန်ဆန် ပြန်ပြီးဖြည့်တင်းပေးနိုင်တယ်..."

ထိုအချိန်ကျမှသာ ကျုံးချင်က ခေါင်းညိတ်ပြပြီး မုန့်ကို သူ၏ပါးစပ်ထဲသို့ထည့်ကာ မြည်းစမ်းကြည့်လိုက်သည်။

ထို့နောက် မင်ဆုရှင်း၏ အနည်းငယ် စိတ်လှုပ်ရှားနေသော အကြည့်အောက်တွင် သူက ခေါင်းညိတ်ပြလေ၏။

"အရသာ မဆိုးဘူး... ပါးစပ်ထဲမှာတင် အရည်ပျော်သွားတာပဲ... နောက်တစ်ဖဲ့လောက် ပေးပါအုံး..."

မင်ဆုရှင်းသည် ချက်ချင်းစိတ်သက်သာရာရသွားပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူမသည် ချီးကျူးခံရခြင်းကြောင့် စိတ်လှုပ်ရှားသွားသည့်အပြင် ပျော်ရွှင်မှု အနည်းငယ်ကိုလည်း ခံစားလိုက်ရသည်။

သူမ လက်ထဲရှိ မုန့်ကို လက်ကမ်းပေးရန် ဟန်ပြင်လိုက်သော်လည်း ဤသည်က သူမ ကိုက်ထားသော မုန့်ဖြစ်နေကြောင်း သတိထားမိသွားသည်။ သူမ၏ လှပသောမျက်နှာလေး ချက်ချင်းနီမြန်းသွားပြီး တခြားမုန့်တစ်ခုကို အလျင်အမြန် ယူထုတ်ကာ ကျုံးချင်အား လက်ကမ်းပေးလိုက်၏။

ထိုအချိန်တွင် ကျုံးချင်ကို သူမ ကြည့်နေသော အကြည့်သည်လည်း ယခင်ထက် များစွာပို၍ တင်းမာမှု လျော့ကျသွားသည်။

တစ်ဖက်လူသည် ထိုအဆင့်မြင့်ပြီး အရေးပါသော ပုဂ္ဂိုလ်များကဲ့သို့ အေးစက်ပြီး ချဉ်းကပ်ရန် ခက်ခဲပုံ မရပေ။

ထို့ကြောင့် မင်ဆုရှင်းသည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် ထပ်မံ၍ ပြောဆိုလိုက်၏။

"ရှင်က ကျွန်မတို့ မြောက်ပိုင်းဒေသက မဟုတ်ဘူး ထင်တယ်... မြောက်ပိုင်းဒေသမှာ ရှင်လိုလူမျိုး ရှိတယ်လို့ အရင်က တစ်ခါမှ မကြားဖူးဘူး..."

"ရှင်က ထူးချွန်သူတွေ ပေါများတယ်လို့ ကောလာဟလတွေ ထွက်နေတဲ့ အလယ်ပိုင်းဒေသက လာတာများလား..."

မင်ဆုရှင်း၏အမြင်အရ မြောက်ပိုင်းဒေသ၌ ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ထိုကဲ့သို့ ကျင့်ကြံခြင်းနှင့်စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးသာ ရှိနေပါက သူသည် အညတရတစ်ယောက် မဖြစ်နိုင်ချေ။

ကျုံးချင်က မုန့်ကို တစ်ကိုက် ကိုက်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုသည်။

"တကယ်တော့ ငါက ဒီဒေသက မဟုတ်ပါဘူး... ငါက မြောက်ပိုင်းဒေသကို လူတစ်ယောက် လာရှာတာပါ..."

သူ မည်သည့်နေရာက လာခဲ့သည်ကိုမူ သူ မပြောခဲ့ချေ။

မင်ဆုရှင်းက အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်သွားသည်။

"လူလာရှာတာလား... မိန်းကလေးတစ်ယောက်လား..."

ထိုစကားဆုံးသည်နှင့် တစ်စုံတစ်ရာ လွဲမှားနေသည်ဟု သူမ ခံစားလိုက်ရသည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အရှက်သည်းမှု အရိပ်အယောက်တစ်ရပ် ဖြတ်ပြေးသွားပြီး အလျင်အမြန် ပြောဆိုလိုက်သည်။

"ကျွန်မက အဲ့ဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူး..."

ကျုံးချင် သူမကို တစ်ချက်ကြည့်လိုက်၏။

"ဟုတ်တယ်... မိန်းကလေးတစ်ယောက်ပဲ..."

မင်ဆုရှင်း၏မျက်တောင်များ လှုပ်ခတ်သွားပြီး အကြောင်းပြချက် တစ်စုံတစ်ခုကြောင့် သူမ အနည်းငယ် စိတ်ပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"သူက ငါ့ရဲ့တပည့်လို့ ပြောလို့ရတယ်..."

သူ၏စိတ်ထဲတွင် ထပ်မံ၍ ဖြည့်စွက်လိုက်သည်။

'ငါ သတ်မှတ်ထားတဲ့ တပည့်ပေါ့...'

မင်ဆုရှင်း၏မျက်လုံးများ တောက်ပသွားသည်။

"အော်... ဒါကြောင့်ကိုး... ဒါပေမဲ့ မြောက်ပိုင်းဒေသက အရမ်းကျယ်ဝန်းတော့ လူတစ်ယောက်ကို ရှာဖို့က မလွယ်ဘူး... ကျွန်မတို့ အပြင်ကို ပြန်ထွက်သွားပြီးရင် ကျွန်မတို့ ကြေးမုံနှလုံးသားရေကန်က ရှင့်ကို ကူညီပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်..."

All Chapters