မင်း လိုက်ချင်ရင် လိုက်ခဲ့
Vol. 19 Ch. 188
ကျုံးချင်က ခေါင်းညိတ်ပြလိုက်သည်။
"စောင့်ကြည့်ကြတာပေါ့..."
သူတို့နှစ်ယောက်သား အချိန်တခဏကြာခန့် စကားစမြည် ပြောဆိုပြီးနောက် မင်ဆုရှင်းက ရုတ်တရက် မေးမြန်းလိုက်သည်။
"ရှင် စောစောက ပြောခဲ့တာတွေအားလုံး အမှန်တွေချည်းပဲ မဟုတ်လား..."
"ကြည့်ရတာတော့ ကျွန်မရဲ့ ကြေးမုံနှလုံးသားရေကန်က တကယ့်ကို ရက်စက်ကြမ်းကြုတ်သားရဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီးတော့ အကြီးအကျယ် ဆုံးရှုံးခဲ့ရပုံရတယ်..."
ကျုံးချင်သည် ခေါင်းညိတ်ပြလိုက်ပြီး စကားထပ်မပြောတော့ချေ။
မင်ဆုရှင်းသည် ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သော်လည်း ကျုံးချင်၏အတည်ပြုချက်ကို ထပ်မံ၍ ရရှိလိုက်ချိန်၌ သူမ၏မျက်လုံးများ မှိန်ဖျော့သွားသည်။
"အဲ့လိုဆိုမှတော့ ဆရာက တပည့်တွေကို ပြန်ဆုတ်ခိုင်းတာ အံ့အားသင့်စရာ မဟုတ်တော့ပါဘူး..."
"ဒါပေမဲ့ ပိုင်ဖုန်း လျှို့ဝှက်နယ်မြေကိုဖွင့်ဖို့ အရမ်းခက်ခဲတယ်... အခုချိန်မှာ သံမဏိပြားခြောက်ခုလုံး စုစည်းမိနေပြီဆိုတော့ ဒါက တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေးပဲ..."
"ဒီအခွင့်အရေးကို လက်လွတ်လိုက်ရင် ကျွန်မတို့ ကြေးမုံနှလုံးသားရေကန်အနေနဲ့ လျှို့ဝှက်နယ်မြေနဲ့ ပတ်သက်တဲ့ နောက်ထပ် ဘာအခွင့်အရေးကိုမှ ရနိုင်တော့မှာ မဟုတ်ဘူး..."
"ဖြစ်နိုင်မယ်ဆိုရင် ကျွန်မက လျှို့ဝှက်နယ်မြေကို သွားချင်သေးတယ်..."
"နောက်ဆုံးမှာ ဘာအခွင့်အလမ်း မရရင်တောင်မှ အနည်းဆုံးတော့ ကျွန်မ ကြိုးစားခဲ့ပြီးပြီမလို့ နောင်တရမှာ မဟုတ်တော့ဘူး..."
ကျုံးချင်က တည်ငြိမ်စွာ ပြောဆိုသည်။
"မင်း သွားချင်ရင် သွားလေ... ငါ့ကို ရှင်းပြနေဖို့ မလိုပါဘူး..."
မင်ဆုရှင်း သူမ၏နီမြန်းသောနှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမသည် ပြောရအနည်းငယ် ခက်နေသော်လည်း အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူမ၏ပါးစပ်ကိုဖွင့်ဟပြီး ပြောဆိုလိုက်၏။
"ကျွန်မ ရှင့်ရဲ့နောက်ကို လိုက်ခဲ့လို့ ရမလား... ဒီနေရာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ... ကျွန်မ တစ်ယောက်တည်းရဲ့ စွမ်းအားနဲ့ဆိုရင် လျှို့ဝှက်နယ်မြေကို ရောက်နိုင်မယ်လို့ ကျွန်မ မယုံကြည်ဘူး..."
ထိုစကားကို ပြောဆိုပြီးသည်နှင့် မင်ဆုရှင်း၏ စိတ်နှလုံးသား ချက်ချင်းမွန်းကြပ်သွားကာ ကျုံးချင်ကို အနည်းငယ် စိုးရိမ်ပူပန်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
သူမသည် ယခင်က ကျုံးချင်၏နောက်သို့ လိုက်ပါခဲ့ဖူးသော်လည်း သူမ၏ ကိုယ်ပိုင်သဘောဆန္ဒဖြင့်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး သူ၏သဘောတူညီချက်ကို မရရှိခဲ့ချေ။
ကျင့်ကြံခြင်းလောကတွင် အပြန်အလှန် သတိထားခြင်းသည် ပုံမှန်ဖြစ်ပြီး လူတိုင်းသည် တခြားလူများနှင့် ဆက်ဆံရန် ဆန္ဒရှိကြသည် မဟုတ်ချေ။
ဤအချိန်တွင် ကျုံးချင်သည် သူ၏ ဒုတိယမြောက် စိတ်ဝိညာဉ်နှလုံးသားမုန့်ကို အေးအေးလူလူ စားသောက်၍ ပြီးစီးသွားကာ သူ၏လက်မှ မုန့်အစအနများကို ခါထုတ်လိုက်သည်။
"မင်း အမီလိုက်နိုင်ရင် လိုက်ခဲ့လေ..."
မင်ဆုရှင်း၏မျက်လုံးများ တောက်ပလာပြီး သူမ၏စိတ်နှလုံးသားထဲတွင် ပျော်ရွှင်မှု လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ကျုံးချင်သည် အတိအလင်း သဘောတူခြင်း မရှိသော်လည်း သူ၏တုံ့ပြန်မှုက ငြင်းပယ်ခြင်း မရှိကြောင်း ရှင်းလင်းစွာ ပြသနေသည်။
"ကျေးဇူးတင်ပါတယ်..."
မင်ဆုရှင်းက ပြောဆိုသည်။
ကျုံးချင်က စကားပြန်မပြောဘဲ အပြင်ဘက်သို့ လှည့်ကြည့်လိုက်၏။
သူတို့ သတိမထားမိသည့် အချိန်မှာပင် မုန်တိုင်း ငြိမ်သက်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
အစောပိုင်းက သရဲလေဖြူသည် ဧရာမလိပ်ကြီး၏တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ယာယီဝင်္ကပါလှုပ်ခတ်မှုမျှသာ ဖြစ်သဖြင့် ကြာရှည်မခံခဲ့ခြင်း ဖြစ်ပုံရသည်။
ကျုံးချင်က မတ်တတ်ထရပ်ပြီး အခန်းထဲမှ ထွက်ခွာလိုက်သည်။
"သွားကြစို့... လျှို့ဝှက်နယ်မြေကို ရောက်ဖို့ အဝေးကြီး လိုပါတယ်... ငါ အရှိန်မြှင့်တော့မယ်... မင်း အမီမလိုက်နိုင်ရင် မင်းရဲ့အပြစ်ပဲ..."
မင်ဆုရှင်း၏ လှပသော မျက်နှာပေါ်တွင် ဆုံးဖြတ်ချက်ခိုင်မာသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။ သူမသည် ခေါင်းညိတ်ပြပြီး ကျုံးချင်၏နောက်မှ အလျင်အမြန် လိုက်ပါသွားလိုက်၏။
မကြာမီ သူတို့နှစ်ယောက်သား အပျက်အစီးများထဲမှ ထွက်ခွာလာခဲ့ကြသည်။
ရုတ်တရက် မင်ဆုရှင်း၏အကြည့် ရွေ့လျားသွားသည်။
"တစ်ယောက်ယောက် လာနေတယ်..."
ကျုံးချင်သည် တုံ့ပြန်မှု မရှိသည့်အပြင် မည်သည့် လှုပ်ရှားမှုကိုမျှလည်း မပြုလုပ်ချေ။
သူသည် ထိုအရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြိုတင်သိမြင်ထားပြီးဖြစ်သည်။
အချိန်တခဏအကြာတွင် လှောင်ပြောင်သရော်သော အသံတစ်သံက နံဘေးတစ်ဖက်မှ ထွက်ပေါ်လာသည်။
"အမ်... ဒါက ကြေးမုံနှလုံးသားရေကန်ရဲ့ သူတော်စင်မိန်းမပျို မဟုတ်လား...ဘာလို့ ဒီလောက်တောင် ဖရိုဖရဲ ဖြစ်နေရတာလဲ..."
သူတို့နှစ်ယောက်သား လှည့်ကြည့်လိုက်ရာ လူနှစ်ယောက် လျှင်မြန်စွာ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။ လူတစ်ယောက်သည် ချောမောသော ရုပ်ရည်သွင်ပြင်နှင့် ထင်ရှားပြတ်သားသော မျက်ခုံးများရှိကာ မာန်မာနထောင်လွှားသော အရှိန်အဝါကို ထုတ်လွှတ်ထားသည့် လူငယ်တစ်ဦးပင်။
တခြားလူတစ်ဦးကမူ စူးရှသော မျက်လုံးများနှင့် အရပ်ရှည်ကာ တင်းမာခက်ထန်သည့် မျက်နှာထားရှိသည့် အကြီးအကဲတစ်ဦး ဖြစ်ပေ၏။
သူတို့နှစ်ဦးလုံးသည် ကျောပေါ်တွင် ဓားအိမ်များ လွယ်ထားကြသည်။
ထိုလူနှစ်ဦးကို မြင်တွေ့ချိန်၌ ကျုံးချင်သည် သူတို့အား ရင်းနှီးနေသကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။ အချိန်တခဏအကြာတွင် ဤလူနှစ်ဦးသည် အစောပိုင်းက ရေခဲဓားဂိုဏ်းအဖွဲ့မှ ဖြစ်ကြောင်း သူ မှတ်မိသွားသည်။
"ဟန်အန်းအန်း..."
ရောက်ရှိလာသူများကို မြင်တွေ့ချိန်၌ မင်ဆုရှင်း၏မျက်နှာ သုန်မှုန်သွားသည်။ သို့ရာတွင် သူမသည် ပုံမှန်အတိုင်း အေးစက်ပြီး လောကီနှင့် ကင်းကွာသော အမူအယာသို့ ချက်ချင်းပြန်ရောက်သွားသည်။
"ရှင်က ဒီနေရာမှာ ဘာလုပ်နေတာလဲ..."
တစ်ချိန်တည်းမှာပင် သူမသည် ကျုံးချင်ထံသို့ အသံပေးပို့လိုက်၏။
"သူက ရေခဲဓားဂိုဏ်းရဲ့ လက်ရှိဓားသခင်ပဲ... သူ့ရဲ့စွမ်းအားက ကျွန်မအောက် မလျော့ဘူး... သူ့ရဲ့ဘေးက တစ်ယောက်က ရေခဲဓားဂိုဏ်းရဲ့ တတိယအကြီးအကဲပဲ.. သူက ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူပဲ.. ရှင် သတိထားပါ..."
"သတိထားရမယ်..."
ကျုံးချင်က သူမကို တစ်ချက်ကြည့်လိုက်သည်။
"ဘာကို သတိထားရမှာလဲ..."
မင်ဆုရှင်းသည် အချိန်တခဏကြာခန့် မှင်သက်သွားပြီးနောက် ပြန်လည်၍ အသိဝင်လာသည်။
သူမ၏ရှေ့မှ လူသည် ယင်သုံးပါးနယ်ပယ် ရက်စက်ကြမ်းကြုတ်သားရဲတစ်ကောင်ကို လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် သေလုမျောပါး ဖြစ်စေခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းထက်ကျင့်ကြံသူတစ်ဦးပင်။
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ နှစ်ဦးကို သူသည် မည်သည့်အချိန်က သတိထားရန် လိုအပ်ခဲ့ဖူးသနည်း....
သူမ၏ ယခင်စိတ်နေသဘောထားကို ပြောင်းလဲရန် အချိန်မရသေးချေ။ ကျုံးချင်၏ မျက်နှာသည် အမြဲတစေ ငယ်ရွယ်နုပျိူလွန်းနေသဖြင့် ဤအချက်ကို သူမအား ယာယီမေ့လျော့သွားစေခဲ့သည်။
ထိုအချိန်တွင် ဟန်အန်းအန်းတို့သည်လည်း သူမတို့၏အနားသို့ ရောက်ရှိလာကြလေပြီ။
"ဟဲ ဟဲ... မင်ဆုရှင်း... မင်း ပြောတဲ့စကားက တကယ် ထူးဆန်းနေတာပဲ...ဒါက ပိုင်ဖုန်းလွင်ပြင်လေ... မင်းရဲ့ ကြေးမုံနှလုံးသားရေကန် မဟုတ်ဘူး... ဒီဓားသခင်က ဒီနေရာကိုလာဖို့ ဘယ်သူ့ရဲ့ ခွင့်ပြုချက်ကို လိုလို့လဲ..."
ထိုစကားကိုပြောဆိုရင်း ဟန်အန်းအန်း၏ အကြည့်သည် ပတ်ဝန်းကျင်သို့ ဝေ့ဝိုက်၍ ကျရောက်သွားသည်။ ဧရာမလိပ်ကြီး နိုးထလာကာ ကျုံးချင်၏လက်ဝါးရိုက်ချက်ကြောင့် လွင့်ထွက်သွားပြီးနောက် မိုင်တစ်ရာပတ်လည်အတွင်းရှိ မြေပြင်သည် မီးတောင်ပေါက်ကွဲမှု ကြုံတွေ့ခဲ့ရသကဲ့သို့ ဖရိုဖရဲဖြစ်နေသည်။
"ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့တာလဲ..."
သိသာထင်ရှားသည်မှာ ဤလူနှစ်ဦးသည်လည်း ယခင်က လှုပ်ရှားမှုများကြောင့် ဆွဲဆောင်ခံခဲ့ရခြင်းပင်။ ထိုသို့မဟုတ်ပါက အကယ်၍ သူတို့သာ ထိုယင်သုံးပါးနယ်ပယ် ဧရာမလိပ်ကြီးကို မြင်တွေ့ခဲ့လျှင် ယခုထက် သတ္တိဆယ်ဆ ပိုရှိလျှင်ပင် ဤနေရာသို့ ချဉ်းကပ်ရဲကြလိမ့်မည် မဟုတ်ဟု ယူဆရသည်။
"ရှင်နဲ့ မဆိုင်ပါဘူး..."
မင်ဆုရှင်းသည် ဟန်အန်းအန်းကို အလွန်အမင်း မနှစ်သက်ပုံရသည်။ သူမက ဂရုမစိုက်သည့်လေသံဖြင့် တုံ့ပြန်အဖြေပြီးနောက် ကျုံးချင်ကိုကြည့်ကာ ပြောဆိုလိုက်၏။
"သွားကြစို့..."
"ခဏနေအုံး..."
ဟန်အန်းအန်း၏အကြည့်တစ်ချက်ဖြင့် ရေခဲဓားဂိုဏ်း၏တတိယအကြီးအကဲသည် ရုတ်တရက် ခြေတစ်လှမ်း ရှေ့တိုးပြီး သူတို့၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
"မင်းတို့ကို သွားလို့ရတယ်လို့ ငါ မပြောရသေးဘူး..."
မင်ဆုရှင်း၏အကြည့် အေးစက်တင်းမာသွားသည်။
"ကျွန်မ ထွက်သွားဖို့ ရှင့်ရဲ့ ခွင့်ပြုချက်ကို ဘယ်တုန်းက လိုအပ်ခဲ့ဖူးလို့လဲ..."
ဟန်အန်းအန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရာ အေးစက်စက် အလင်းတန်းတစ်တန်းက သူ၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။
"မင်း သွားလို့ ရတယ်... ဒါပေမဲ့ သူ မသွားရဘူး..."
ဟန်အန်းအန်းသည် ကျုံးချင်ကို ကြည့်ပြီး အရေးမစိုက်သောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒီကောင်လေးက အရင်တုန်းက လျှို့ဝှက်နယ်မြေ သံမဏိပြားနှစ်ခုကို ပိုင်ဆိုင်ထားတဲ့ သူ မဟုတ်လား..."
"တောင်ကြားလမ်းမှာတုန်းက ကျန်းယွဲ့ဂိုဏ်းဂိုဏ်းချုပ် လန်ထျန်းဟယ်က သူ့ကို ကာကွယ်ပေးလိုက်လို့ သူ တစ်ကြိမ် လွတ်မြောက်သွားခဲ့တာ..."
"သံမဏိပြားတွေ ထုတ်ပေးခိုင်းလိုက်စမ်း..."
ထို့နောက် သူသည် မင်ဆုရှင်းကို ကြည့်လိုက်ကာ သူ၏အကြည့်သည် အနည်းငယ် ရိုင်းပျလာသည်။
"မင်းနဲ့ငါက အဆင့်အတန်း တူညီတယ်... ပါရမီ ချင်းလည်း တူညီတယ်... မင်ဆုရှင်း... မင်းနဲ့ငါက လမ်းကြောင်းအတူတူပဲလို့ မင်း မထင်ဘူးလား... ငါတို့ အတူတူ ရှိနေတာက ဒီအမှိုက်ကောင်နဲ့ အတူရှိနေတာထက် ပိုပြီးသင့်တော်တယ်လို့ မင်း မထင်ဘူးလား..."
"သံမဏိပြားတွေ သူ့ကို ထုတ်ပေးခိုင်းလိုက်... ဒါဆိုရင် ခုဏက ငါတို့ရဲ့ရေခဲဓားဂိုဏ်းကို စော်ကားခဲ့တဲ့အတွက် သူ့ကို အပြစ်မယူတော့ဘူးလို့ ငါ ကတိပေးတယ်..."
"သူ့ရဲ့ သံမဏိပြားနှစ်ခုထဲက တစ်ခုကို ငါ မင်းကို ပေးနိုင်တယ်... ပြီးရင် ငါတို့ လျှို့ဝှက်နယ်မြေကို အတူတူ စူးစမ်းလေ့လာကြမယ်... ဒါက မကောင်းဘူးလား..."
ရေခဲဓားဂိုဏ်း၏ ဓားသခင်အနေဖြင့် ဟန်အန်းအန်းသည် အမြဲတစေ မောက်မာထောင်လွှားခဲ့သည်။
သူ၏အမြင်အရ သာမန်အမျိုးသမီးများသည် သူ့နှင့် မထိုက်တန်ချေ။ ကောင်းကင်ဘုံက မျက်နှာသာပေးခံရသော သမီးပျိုများ ပြိုင်ဘက်ကင်း အလှပဂေးများသာ ထိုကဲ့သို့ သူနှင့်ထိုက်တန်သော အရည်အချင်း ရှိကြသည်။
ထို့ပြင် မင်ဆုရှင်းသည် သူ၏စံနှုန်းများနှင့် ပြည့်မီပေ၏။
အထူးသဖြင့် မင်ဆုရှင်း၏ အမြဲတစေ အေးစက်ခြင်း တည်ငြိမ်ခြင်းနှင့် ချဉ်းကပ်ရန် ခက်ခဲသော အမူအယာသည် သူ၏အောင်နိုင်လိုစိတ်ကို ပို၍တောက်လောင်စေသည်။
ထိုကဲ့သို့သော အမျိုးသမီးကို ဖိနှိပ်နိုင်မှသာ သူ အောင်မြင်မှု ခံစားချက်ကို ခံစားရပေမည်။
ထို့ပြင် ယခုချိန်သည် သူ့အတွက် အလွန်ကောင်းမွန်သော အခွင့်အရေးပင်။
သူနှင့်တတိယအကြီးအကဲ ရှိနေသဖြင့် မင်ဆုရှင်းထံ၌ အသိတရား ရှိနေလျှင် သူ၏တောင်းဆိုမှုကို ငြင်းဆန်လိမ့်မည် မဟုတ်ချေ။
ကျုံးချင်ကိုမူ ဟန်အန်းအန်းက တိုက်ရိုက်လျစ်လျူရှုထားသည်။
ဤလူသည် သူတို့ကို ခြိမ်းခြောက်မှုတစ်ရပ် ပေးနိုင်မည်ဟု သူ မထင်ချေ။