← Chapters

ထွက်ပေါက်ဆိုတာ အမြဲရှိတယ်

Vol. 19 Ch. 189

ထွက်ပေါက်ဆိုတာ အမြဲရှိတယ်

Vol. 19 Ch. 189

သို့သော် နောက်ထပ်အချိန်တခဏတွင် သူသည် မင်ဆုရှင်းထံမှ သူ မျှော်လင့်ထားသည်နှင့် ကွဲပြားခြားနားသော အဖြေတစ်ခုကို ကြားလိုက်ရသည်။

"မလိုပါဘူး..."

မင်ဆုရှင်းသည် တွေဝေခြင်းမရှိဘဲ ပြန်ဖြေလိုကာ သူမ၏အသံသည် ခိုင်မာပြတ်သားနေပေ၏။

"ကျွန်မ တစ်ယောက်တည်း ဖြစ်နေရင်တောင် ရှင်နဲ့အတူ ခရီးသွားဖို့ ရည်ရွယ်ချက် မရှိဘူး..."

"ဘာပြောလိုက်တယ်..."

ဟန်အန်းအန်း၏ မျက်လုံးများထဲတွင် အန္တရာယ်ရှိသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"မင်း ဆိုလိုတာက... မင်းက ငါနဲ့အတူ ခရီးသွားတာထက် ဒီအမှိုက်ကောင်နဲ့ အတူနေရတာကို ပိုနှစ်သက်တယ်ပေါ့လေ..."

မင်ဆုရှင်း၏မျက်နှာအမူအယာသည် အေးစက်နေပြီး သူမ၏လေသံ တည်ငြိမ်နေသည်။

"အမှန်ပဲ...ဒါပေမဲ့ ဘယ်သူက အမှိုက်လဲ ဆိုတာတော့ ပြောရခက်တယ်..."

ဟန်အန်းအန်း၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏အကြည့် ပို၍အေးစက်တင်းမာလာသည်။

"မင်ဆုရှင်း... မင်းက ဒီ ဓားသခင်ကို အမှိုက်လို့ ပြောချင်နေတာလား...ကြည့်ရတာတော့ ဒီဓားသခင်က မင်းကို အရမ်းယဉ်ကျေးနေမိပုံရတယ်..."

သူက ခက်ထန်တင်းမာစွာ အော်ငေါက်လိုက်သည်။

"တတိယအကြီးအကဲ... အဲ့ဒီ အမှိုက်ကောင်ကို ခေါ်လာခဲ့စမ်း... ဘယ်သူက တကယ့်အမှိုက်လဲ ဆိုတာ မင်ဆုရှင်းကို ဒီဓားသခင်က ပြချင်တယ်..."

တတိယအကြီးအကဲ၏မျက်နှာတွင် မည်သည့် ခံစားချက် အရိပ်အယောင်မျှ မရှိဘဲ သူသည် လက်ဆန့်တန်းကာ ကျုံးချင်ကို ဖမ်းဆုပ်လိုက်၏။

သူ၏အမြင်အရအသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးသည် မည်မျှပင် ပါရမီရှိနေပါစေ ကျင့်ကြံဆင့် အလွန်မြင့်မားမည် မဟုတ်သဖြင့် သူ လွယ်လင့်တကူ ဖမ်းဆီးနိုင်ပေမည်။

ကျုံးချင်၏မျက်နှာပေါ်တွင်လည်း မည်သည့် စိတ်ခံစားချက် အရိပ်အယောင်မျှ မရှိဘဲ သူ၏လက်ကို ဆန့်တန်းပြီး တတိယအကြီးအကဲကို ရိုက်နှက်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် တတိယအကြီးအကဲ၏ခေါင်း ပေါက်ကွဲသွားပေ၏။

"တတိယ... တတိယအကြီးအကဲ..."

တတိယအကြီးအကဲ၏ ခေါင်းပြတ်နေသော အလောင်း ပြင်းထန်စွာ လဲကျသွားသည်ကို ကြည့်ရင်း ဟန်အန်းအန်းသည် အချိန်တခဏကြာသည်အထိ အသိမဝင်နိုင်ဘဲ သူ၏မသိစိတ်မှ အော်ခေါ်လိုက်မိသည်။

အချိန်အတော်ကြာမှသာ တတိယအကြီးအကဲ သေဆုံးသွားပြီ ဖြစ်ကြောင်းနှင့် သူ၏ခေါင်းတစ်ခေါင်းလုံး ပေါက်ကွဲသွားပြီ ဖြစ်ကြောင်း ဟန်အန်းအန်း နားလည်သဘောပေါက်လိုက်သည်။

သတိပြန်ဝင်လာချိန်၌ ဟန်အန်းအန်း၏မျက်နှာသည် ထိတ်လန့်မှုကြောင့် ချက်ချင်းဖြူဖျော့သွားပြီး သွေးရောင်လုံးဝပျောက်ကွယ်သွားကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီး လဲကျလုနီးပါး ဖြစ်သွားသည်။

ဤမြင်ကွင်းသည် သူ၏စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။

ရေခဲဓားဂိုဏ်း၏ ဂုဏ်သိက္ခာရှိသော တတိယအကြီးအကဲဖြစ်ကာ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့် ကျင်ကြံသူဖြစ်ပြီး ဂိုဏ်းချုပ်အောက်တွင် အသန်မာဆုံးလူများအနက်မှ တစ်ဦး...

ထိုကဲ့သို့ လူတစ်ဦးသည် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသလော...

ဤအချိန်တွင် ကျုံးချင်သည် သူ၏လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဟန်အန်းအန်းကို ကြည့်လိုက်၏။

"ဘယ်သူက အမှိုက်လို့ မင်း ပြောလိုက်တာလဲ..."

ဟန်အန်းအန်း၏ဆံပင်များ ထောင်ထသွားပြီး အကြောက်လွန်သွားသဖြင့် လိပ်ပြာလွင့်ပါးလုနီးပါး ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး ခြေထောက်များ ပျော့ခွေသွားသဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားတော့သည်။

"မင်း... မင်း... အနားမလာနဲ့...အသက်ချမ်းသာပေးပါ... ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ...ငါက ရေခဲဓားဂိုဏ်းရဲ့ ဓားသခင်ပဲ...မင်း ငါ့ကို သတ်လို့ မရဘူး... ငါ့ရဲ့ဆရာက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး..."

ကျုံးချင်က လျစ်လျူရှုသည့်လေသံဖြင့် တုံ့ပြန်လိုက်သည်။

"အော်... ဟုတ်လား..."

ထို့နောက် သူသည် ဟန်အန်းအန်းကို ဦးတည်ပြီး သူ၏လက်ညှိုးကို ပေါ့ပေါ့ပါးပါး တောက်လိုက်သည်။

ဟန်အန်းအန်း၏ခေါင်းသည်လည်း မီးရှူးမီးပန်းများအလား ပေါက်ကွဲသွားပေ၏။

"ကဲ... အခုတော့ သူ တကယ် အမှိုက် ဖြစ်သွားပြီ..."

ကျုံးချင်က သူ၏လက်နှစ်ဖက်ကိုခါပြီး အရေးမစိုက်သောလေသံဖြင့် ပြောဆိုသည်။

ထိုအချိန်ကျမှသာ မင်ဆုရှင်း တုံ့ပြန်နိုင်ခဲ့သည်။ သူမ၏ လှပသောမျက်နှာလေး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ကျုံးချင်ကို ကြည့်လိုက်သော သူမ၏မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

သူမ၏ကြေးမုံနှလုံးသားရေကန်နှင့် ယှဉ်နိုင်သော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် ရေခဲဓားဂိုဏ်း၏ ဓားသခင်နှင့် တတိယအကြီးအကဲကို ယင်ကောင်နှစ်ကောင် ရိုက်သတ်သကဲ့သို့ ကျုံးချင်က ပေါ့ပေါ့ပါးပါး ချေမှုန်းလိုက်ပြီး လှိုင်းဂယက် အနည်းငယ်မျှပင် မဖြစ်ပေါ်စေခဲ့ချေ။

ယခင်က သူမသည် ကျုံးချင်၏ နူးညံ့သိမ်မွေ့သောဘက်ကိုသာ မြင်တွေ့ခဲ့ရသဖြင့် သူ ဤမျှထိ ကြောက်စရာ ကောင်းလိမ့်မည်ဟု တွေးထင်မထားခဲ့မိချေ။

ကြည့်ရသည်မှာ သူမ၏ရှေ့က လူကို သူမ လုံးဝမသိသေးပုံပင်။

မင်ဆုရှင်းက ထိုသို့တွေးတောလိုက်မိသည်။

"ကဲ... အမှိုက်တွေကို ရှင်းပြီးပြီ... သွားကြစို့..."

ရေခဲဓားဂိုဏ်း၏ ဓားသခင်နှင့် တတိယအကြီးအကဲကို သတ်ဖြတ်ခြင်းသည် ကျုံးချင်အတွက် ယင်ကောင်နှစ်ကောင် ရိုက်သတ်ခြင်းနှင့် တူညီပြီး လုံးဝမတုန်လှုပ်ဘဲ နောက်သို့လှည့်ထွက်သွားသည်။

ကျုံးချင်၏ တည်ငြိမ်သော နောက်ကျောပြင်ကို မင်ဆုရှင်းက အချိန်တခဏကြာ စိုက်ကြည့်နေပြီးနောက် သူ၏နောက်သို့ ဆက်လက်၍ လိုက်ပါသွားလိုက်၏။

...

ကျုံးချင်နှင့်မင်ဆုရှင်းတို့ လျှို့ဝှက်နယ်မြေဆီသို့ ခရီးဆက်နေကြစဉ်...

ပိုင်ဖုန်းလွင်ပြင်ပေါ်တွင် တခြားအဖွဲ့အစည်း အသီးသီးသည်လည်း ရပ်တန့်ခြင်းမရှိဘဲ ထိုဦးတည်ချက်ဆီသို့ အပြေးအလွှား သွားရောက်နေကြသည်။

သို့သော် လူအများစုသည် လွယ်ကူသော အချိန်ကာလကို ဖြတ်သန်းရခြင်း မရှိချေ။

အကြီးအကျယ် ထိခိုက်သေဆုံးပြီး ပြန်လှည့်သွားရသော ကြေးမုံနှလုံးသားရေကန်အဖွဲ့အပြင် ယခုအချိန်တွင် ဖရိုဖရဲအဖြစ်ဆုံးမှာ နဂါးနက်ဂိုဏ်းမှ ကျန်ရစ်သူ အနည်းငယ်ပင်။

မူလက သန်မာအားကောင်းပြီး ခမ်းနားထည်ဝါခဲ့သော နဂါးနက်ဂိုဏ်း၏ကျင့်ကြံသူများသည် ယခုအချိန်၌ မဟာအကြီးအကဲနှင့်နောက်လိုက် တပည့်အနည်းငယ်သာ ကျန်ရှိတော့ပြီး ကြောင်များနှင့်ခွေးများကဲ့သို့ ဖြစ်နေသည်။

ထို့ပြင် သူတို့သည် ထိတ်လန့်တုန်လှုပ်နေဆဲပင်။

အမှန်အားဖြင့်....

ကျုံးချင်သည် နဂါးနက်ဂိုဏ်းချုပ် ကုန်းစွန်းလျောင်ကို သတ်ဖြတ်လိုက်စဉ်က ဂိုဏ်းချုပ်နှင့် လူစုကွဲသွားသော မဟာအကြီးအကဲနှင့်တခြားလူများသည် အနီးနားသို့ ရောက်ရှိနေလေပြီ။ ထိုကြောင့် နဂါးနက်ဂိုဏ်းချုပ်သည် ကျုံးချင်၏လက်ချက်ဖြင့် သေဆုံးသွားသည်ကို မတော်တဆ မြင်တွေ့ခဲ့ကြရသည်။

နတ်ဆိုးနတ်ဘုရားတစ်ပါးသည် သူတို့၏ နဂါးနက်ဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူများကို ပေါ့ပေါ့ပါးပါး အမြစ်ပြတ်သုတ်သင်လိုက်သော ထိုကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းသည် သူ၏စိတ်ထဲတွင် စွဲထင်နေဆဲဖြစ်ပြီး ဖျောက်ဖျက်၍မရနိုင်သော အရိပ်မည်းတစ်ခုကို ဖြစ်ပေါ်စေသည်။

ကျုံးချင်သည် သူ့ကို သတိမထားမိသလော သို့မဟုတ် သူ့ကို ဂရုမစိုက်သလောကို မသိရသော်လည်း မဟာအကြီးအကဲသည် ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ပေ၏။

သူသည် အသက်ရှင်ကျန်ရစ်ပြီးနောက် ဂိုဏ်းချုပ်၏အလောင်းကိုပင် မကြည့်ရဲတော့ပေ။ ထိုကြောက်မက်ဖွယ်ကောင်းသော ပုံရိပ် ထွက်ခွာသွားပြီးနောက် မဟာအကြီးအကဲသည် တွန့်ဆုတ်ခြင်းမရှိဘဲ ထိုနေရာမှ ထွက်ပြေးခဲ့တော့သည်။

တခြားတပည့်အနည်းငယ်သည်လည်း ကြောက်လန့်တကြား ဖြစ်နေကြပြီး မဟာအကြီးအကဲ၏နောက်သို့ လိုက်ကာ ထွက်ပြေးခဲ့ကြ၏။

ဤနှင်းလွင်ပြင်တွင် လမ်းကြောင်းခွဲခြားရန် အလွန်ခက်ခဲသည်။ သူတို့သည် အချိန်တခဏကြာမျှ ဆင်ကန်းတောတိုး ပြေးလွှားနေခဲ့ကြသည်။ သူတို့ သတိပြန်ဝင်လာချိန်၌ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိတော့ချေ။

သို့သော် သူတို့၏ကံဆိုးမိုးမှောင်ကျမှုများ မကုန်ဆုံးသေးပေ။

သူတို့ ရပ်တန့်ပြီး အသက်ရှူရန် အချိန်မရလိုက်မီမှာပင် ရေခဲများ ဖုံးလွှမ်းနေသော တောင်ကြားလမ်းတစ်ခုကို ဖြတ်ကျော်ပြေးလွှားစဉ်၌ ထိုနေရာတွင် အိပ်စက်နေသော ရက်စက်ကြမ်းကြုတ်သားရဲတစ်ကောင်ကို လန့်နိုးစေခဲ့သည်။

ယခင်က ပြောခဲ့သည့်အတိုင်း ပိုင်ဖုန်းလွင်ပြင်တွင် အသက်ရှင်နေထိုင်နိုင်သည့် သားရဲများအနက် အားနည်းသည့်သားရဲဟူ၍ အလွန်နည်းပါးသည်။

ကံဆိုးစွာဖြင့် မဟာအကြီးအကဲနှင့် သူ၏အဖွဲ့ ကြုံတွေ့ခဲ့ရသော သားရဲသည် ထူးခြားစွာ သန်မာအားကောင်းလှ၏။

ဤသည်မှာ လက်ခြောက်ဖက်ရှိကာ ခေါင်းပေါ်တွင် ဦးချိုတစ်ခု ရှိနေပြီး ဝက်ဝံပုံသဏ္ဍာန်ရှိသော ကြောက်မက်ဖွယ်ကောင်းသည့် လက်ခြောက်ဖက် ဝက်ဝံသားရဲတစ်ကောင်ပင်။ ထိုသားရဲသည် ယင်သုံးပါးနယ်ပယ်နှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

မဟာအကြီးအကဲသည် ယခင်ကဲ့သို့ အခြေအနေ ကောင်းမွန်ပါက ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်ပြီး နဂါးနက်ဂိုဏ်းကဲ့သို့သော အဓိကအင်အားစုကြီးမှလာကာ ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်များကို ကျင့်ကြံထားသော သူ့အနေဖြင့် ထိုသားရဲ၏ပြိုင်ဘက် မဟုတ်လျှင်ပင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် အချိန်အတိုင်းအတာ တစ်ခုထိ ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

သို့သော် ယခင် သရဲလေဖြူဖြစ်ရပ်နှင့် ဆက်တိုက်ထွက်ပြေးခဲ့ရမှုများ ဖြစ်ပျက်ခဲ့ပြီးနောက် သူ၏ရုပ်ခွန်အားနှင့် စိတ်ဝိညာဉ်စွမ်းအားများ သိသိသာသာ ကုန်ခမ်းနေခဲ့လေပြီ။ ယခုချိန်၌ ဤရက်စက်ကြမ်းကြုတ်သော လက်ခြောက်ဖက် ဝက်ဝံသားရဲကို ရင်ဆိုင်ရချိန်တွင် သူ့ထံ၌ စွမ်းအားမရှိသကဲ့သို့ ခံစားနေရသည်။

သူ၏နောက်သို့လိုက်နေသော တပည့်များကို အမြောက်စာအဖြစ် တွန်းထုတ်ပြီး သူ ထွက်ပြေးရန်အတွက် အခွင့်အရေး ရယူရန် သူ မူလက စဉ်းစားထားခဲ့သည်။

သို့သော် အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ဤလက်ခြောက်ဖက် ဝက်ဝံသားရဲသည် သူ့ကို ပစ်မှတ်ထားနေပုံရပြီး သူ့ကိုသာ မရပ်မနား လိုက်လံတိုက်ခိုက်နေသည်။

လက်ခြောက်ဖက် ဝက်ဝံသားရဲကို တားဆီးရန် သူ ပစ်လွှတ်လိုက်သော ပထမဆုံး တပည့်သည် သားရဲ၏လက်သည်းများဖြင့် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံလိုက်ရသည်။ ထို့နောက် တခြားတပည့်များသည် ဉာဏ်ပိုကောင်းလာကြပြီး မဟာအကြီးအကဲနှင့် အဝေးသို့ ထွက်မပြေးသလို သူ၏အနီးသို့လည်း မချဥ်းကပ်ကြတော့ချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဝေးရာသို့ ထွက်ပြေးလျှင်လည်း ဤလွင်ပြင်တွင် အသက်ရှင်နိုင်မည် မဟုတ်ကြောင်း သူတို့ သိထားကြသည်။ မဟာအကြီးအကဲသည် သူတို့၏ တစ်ခုတည်းသော မှီခိုအားထားရာပင်။

လက်ခြောက်ဖက် ဝက်ဝံသားရဲသာ မရှိခဲ့လျှင် သူတို့ မည်မျှထိ ဝေးကွာသောနေရာသို့ ထွက်ပြေးစေကာမူ မဟာအကြီးအကဲ အနေဖြင့် လွယ်လင့်တကူ ပြန်ဖမ်းနိုင်ပေမည်။ သို့ရာတွင် ယခုချိန်၌ ဝက်ဝံသားရဲ၏ လိုက်လံတိုက်ခိုက်မှုကို ခံနေရသဖြင့် သူသည် အသက်ရှူရန်ပင် မအားလပ်တော့ရာ လူဖမ်းရန်အတွက် အားလပ်ချိန်ရှိမည် မဟုတ်ချေ။

ကံကောင်းထောက်မစွာဖြင့် ဤလက်ခြောက်ဖက် ဝက်ဝံသားရဲသည် စွမ်းအားမြင့်မားသော်လည်း အမြန်နှုန်း လိုအပ်ချက် ရှိနေသဖြင့် သူ အသည်းအသန် ဆက်လက်၍ ထွက်ပြေးနိုင်ခဲ့သည်။ သို့ရာတွင် သူ၏လက်ရှိအခြေအနေအရ သူသည် ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ချေ။

မဟာအကြီးအကဲသည် မျှော်လင့်ချက်ကင်းမဲ့နေစဉ်မှာပင် သူ၏မျက်လုံးထောင့်စွန်းမှနေ၍ အဝေးရှိ လွင်ပြင်ကို ဖြတ်ကျော်ပြီး ထောင့်ဖြတ်လမ်းကြောင်းအတိုင်း ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေသော အနက်ရောင်ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ပိုင်ဖုန်းလွင်ပြင်ပေါ်တွင် တစ်ယောက်တည်း လမ်းလျှောက်နိုင်သည် ဆိုကတည်းက ထိုလူ၏ စွမ်းအားသည် အားမနည်းလောက်ချေ။

အနည်းဆုံးအနေဖြင့် ထိုလူသည် အသက်ရှူချိန် အနည်းငယ်ခန့် အချိန်ဆွဲထားပေးနိုင်မည်ဆိုလျှင် သူ လျှို့ဝှက်နည်းလမ်းကို အသုံးပြုပြီး ထွက်ပြေးနိုင်ပေမည်။

မဟာအကြီးအကဲ၏ စိတ်နှလုံးသားထဲတွင် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး သူ အသံကုန် အော်ဟစ်လိုက်သည်။

"တာအိုရောင်းရင်း... ဒီနိမ့်ကျတဲ့လူက နဂါးနက်ဂိုဏ်းရဲ့မဟာအကြီးအကဲ ပါ... ငါ့ရဲ့အခြေအနေက ဆိုးရွားနေတာကြောင့် လက်တစ်ဖက်ကမ်းပြီး ကူညီပေးဖို့ တောင်းဆိုပါတယ်... ပြီးရင် ရက်ရက်ရောရော ဆုချပါ့မယ်..."

သို့သော် အနက်ရောင်ပုံရိပ်သည် မည်သည့် တုံ့ပြန်မှုမျှ မပြဘဲ နားပင်းနေသည့်အလား သူ၏ခြေလှမ်းများကိုပင် မရပ်တန့်ခဲ့ချေ။

"ကောင်စုတ်... ငါ သေတော့မှာကို ဒီအတိုင်း ရပ်ကြည့်နေတယ်ပေါ့..."

မဟာအကြီးအကဲ၏ မျက်လုံးများသည် ဒေါသကြောင့် ကျွတ်ထွက်လုနီးပါး ဖြစ်နေလေပြီ။ အကယ်၍ သူသာ ဖြစ်ခဲ့လျှင် သူသည်လည်း ဤှကိစ္စကို လျစ်လျူရှုထားမိမည်ကိုမူ သူ လုံးလုံးလျားလျား မေ့လျော့နေခဲ့သည်။

သို့သော် လမ်းတစ်လမ်း ပိတ်သွားချိန်၌ တခြားလမ်းတစ်လမ်း ပွင့်လာတတ်သည်ဟု ဆိုရပေမည်။ နောက်ထပ်အချိန်တခဏတွင် အခြေအနေ အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

သူ၏နောက်မှ လက်ခြောက်ဖက် ဝက်ဝံသားရဲသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရပြီး လောကကြီးကို တုန်ခါသွားစေသော ဟိန်းဟောက်သံကြီးတစ်သံ ပြုလုပ်လိုက်ကာ တစ်ဖက်သို့လှည့်လိုက်ပြီး အနက်ရောင်ပုံရိပ်ဆီသို့ ခုန်အုပ်လိုက်၏။

All Chapters