ရွှမ်ကွမ်းဂူအကြောင်း ထပ်မံကြားသိရခြင်း
Vol. 34 Ch. 331
နတ်ဆိုးဖိနှိပ်ခြင်းမြို့တော်
ဤကဲ့သို့သော နေရာမျိုးတွင် လက်ဖက်ရည်ဆိုင်၊ သေရည်ဆိုင်ဖွင့်လှစ်ရဲသူများအဖို့ ခွန်အားသည် ဒုတိယအဆင့်သာ ဖြစ်ချေ၏။ အဓိက လိုအပ်ချက်မှာကား စကားလုံးများနှင့် မျက်နှာရိပ်မျက်နှာကဲကို ပါးနပ်စွာ ခွဲခြားသိမြင်တတ်ခြင်းသာ ဖြစ်ပေသည်။
အခြေအနေ အနည်းငယ်မဟန်သည်နှင့် တုံ့ဆိုင်းမနေဘဲ ထွက်ပြေးတိမ်းရှောင်ကြမည့် သူများချည်းသာ ဖြစ်သည်။ မည်သူမျှ သေရည်ဖိုးအနည်းငယ်အတွက်နှင့် မိမိတို့၏ အသက်ကိုရင်း၍ စွန့်စားကြမည် မဟုတ်ချေ။
ဖြတ်သန်းသွားလာနေသော ဖောက်သည်များ၏ စကားဝိုင်းများမှ သတင်းအချက်အလက် စုဆောင်းခြင်းသည်သာလျှင် ၎င်းတို့အတွက် စစ်မှန်သော ငွေရှာလုပ်ငန်း ဖြစ်ပေသည်။
ယနေ့တွင်မူ လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် ချမ်းသာကြွယ်ဝသော ဧည့်သည်တစ်ဦးကို ကြိုဆိုနေရလေ၏။
ထိုဧည့်သည်သည် ဇီဇာကြောင်လှသူ မဟုတ်ချေ။ ကောလာဟလများ၊ အတင်းအဖျင်းများကိုလည်း ငြင်းဆန်ခြင်း မရှိပေ။ နတ်ဆိုးတစ်ထောင်ဂူ ပွင့်မည့်အကြောင်းပဲ ဖြစ်စေ၊ ရွှမ်ကွမ်းဂူကို တစ်စုံတစ်ယောက်က စော်ကားလိုက်သည့် အကြောင်းပဲ ဖြစ်စေ၊ ပြောပြလိုက်သည်နှင့် အဖိုးတန်ဆေးလုံးတစ်ပုလင်းဖြင့် လဲလှယ်၍ ရလေသည်။
"စီနီယာ... အစစ်အမှန်ပုဂ္ဂိုလ်ခရမ်းမီးတောက် အကြောင်း သိပါသလား"
လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် ဝင်ငွေကောင်းလာသည်နှင့်အမျှ တဖြည်းဖြည်း ပို၍ အတင့်ရဲလာကာ ပြောဆိုလိုက်၏။
"သူက ကျန်းမိသားစုကိုသတ်ဖြတ်ခဲ့တဲ့သူလေ။ ပြီးတော့ နတ်ဆိုးတစ်ထောင်ဂူ အပြင်ဘက်မှာ ပေါ်လာခဲ့သေးတယ်။ ရွှမ်ကွမ်းဂူက လူလွှတ်ပြီး စုံစမ်းစစ်ဆေးတော့ စုံစမ်းမှုက စီနီယာထန်ယွမ်ဆီ ရောက်သွားတယ်"
"ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်ပါလား"
"ဘာဖြစ်လဲ"
ရှန်းယီသည် လက်ဖက်ရည်ခွက်ကို မရင်း နောက်ထပ် အဖိုးတန်ဆေးပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်လေသည်။
သူသည် ကြွယ်ဝလွန်း၍ သုံးစရာနေရာမရှိ ဖြစ်နေသည်တော့ မဟုတ်ချေ။ အရာအားလုံးကို နားထောင်ပေးမှသာလျှင် သူ အမှန်တကယ် သိလိုသည့်အရာထွက်လာနိုင်မည် ဖြစ်သည်။
အကယ်၍ ဤဆိုင်ရှင်သည် အခြားသူများ၏ သတင်းကို သူ့ထံသို့ ရောင်းနိုင်ပါက၊ သူ့သတင်းကိုလည်း အခြားသူများထံသို့ ပြန်ရောင်းနိုင်မည်သာ ဖြစ်ပေသည်။
"ဆက်ဖြစ်တာ ဘာမှမရှိတော့ဘူး"
ဧည့်သည်က မိမိအား ကစားနေသည်ဟု ထင်သွားမည်စိုးသောကြောင့် ဆိုင်ရှင်ကအလျင်အမြန်ပင် ဆက်ပြောလိုက်လေသည်။
"ရွှမ်ကွမ်းဂူရဲ့စိတ်သဘောထားအရဆိုရင် ဝူထုံတောင်နဲ့ ပတ်သက်နေရင်တောင်မှ သူတို့ဘက်က မှန်နေသမျှ ကာလပတ်လုံး စုံစမ်းရဲကြတယ်။ အထူးသဖြင့် စီနီယာထန်က အမည်ခံတပည့်တစ်ယောက်ပဲ ဖြစ်နေတဲ့အတွက်... ကျုပ်ကို ယုံပါ၊ ဒီကိစ္စမှာ မသင်္ကာစရာ တစ်ခုခုတော့ ရှိနေတယ်"
"..."
ရှန်းယီသည် လက်ချောင်းများကို စုစည်းလိုက်ပြီး အဖိုးတန်ဆေးပုလင်းကို အေးဆေးတည်ငြိမ်စွာ တွန်းပို့ပေးလိုက်၏။
ဤသည်မှာ အသုံးဝင်သော သတင်းအချက်အလက် ဖြစ်ပေသည်။ အနည်းဆုံးတော့ ရွှမ်ကွမ်းဂူ၏ ယာယီတိုးတက်မှုကို သူ သိရှိလိုက်ရပြီ ဖြစ်သည်။
လက်ရှိတွင် သူ၏ လက်ထဲ၌ ရွှမ်ကွမ်းဂူမှ လူသုံးဦး၏ အသက်ရှိနေပြီး၊ သူ မှတ်မိသလောက်ဆိုရလျှင် တစ်ဖက်ဂိုဏ်း၌တပည့်ပေါင်း ခုနစ်ဆယ်ကျော်ခန့်သာ ရှိလေသည်။
အကယ်၍ သတင်းသာ ပေါက်ကြားသွားပါက...
ဤကဲ့သို့သော ကိစ္စကြီးမျိုးသည် အစစ်အမှန် အင်အားကြီးပုဂ္ဂိုလ်များကို လှုပ်ရှားလာအောင် လှုံ့ဆော်ရန် လုံလောက်ပေသည်။
ရွှမ်ကွမ်းဂူသည် မဟာချန်ကို ဖိနှိပ်ထားပြီး အရိပ်ထဲတွင် ကြီးထွားလာနေကာ၊ တစ်နေ့၌ ဝူထုံတောင်ကို အစားထိုးရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။ သူတို့၏ အင်အားမှာ ကြောက်မက်ဖွယ် ကောင်းမည်မှာ အသေအချာပင်။
နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် နှောင်းပိုင်း ကျင့်ကြံသူတစ်ဦး ရှိနေရန် အလားအလာ အလွန်များပြားလှသည်။
ရှန်းယီသည် သူ၏ တိုးတက်လာသော စွမ်းအားကြောင့် သူ၏ ဆုံးဖြတ်ချက်များကို ဝေဝါးမသွားစေခဲ့ပေ။
ယခုအခါ သူသည် ယိုဝေလှံကို ကိုင်ဆောင်ထားပြီး သူ၏ကျင့်ကြံခြင်းမှာလည်း နတ်ဘုရားအသွင်ပြောင်းလဲခြင်း အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်သန့်စင်ခြင်းမှာ ၃၈ ခုမြောက်ဂူမှ သွေးအသွင်ပြောင်းနတ်ဆိုးဧကရာဇ်ထက် နှစ်ဆခန့် သာလွန်ပေသည်။
သူ၏ ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်မှာလည်း ခြောက်ကျန်းနှင့် ခုနစ်ပေအထိ မြင့်မားလာပြီ ဖြစ်သည်။
သီအိုရီအရဆိုလျှင် သူသည် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးကို ယှဉ်နိုင်လောက်ပေ၏။
သို့သော် ထိပ်တန်းပညာရှင် ဖြစ်လာသူများ၌ အထူးနည်းလမ်းများ မရှိဘဲ နေမည်လော။ ထိုလူများသည် ကျင့်ကြံသူများ၏ ရှေးဟောင်းပစ္စည်း အများအပြားကို လုယက်ထားကြသူများ ဖြစ်သည်။
သူတို့၏ အခြေခံအုတ်မြစ်က အမှန်တကယ်ပင် မိမိထက် နိမ့်ကျနေပါမည်လော။
အကယ်၍ သူကသာ ထိုကဲ့သို့သော အတွေးမျိုး ရှိနေခဲ့လျှင်မကြာမီတွင် မဟာချန်မှ သူ့သေဆုံးသတင်းကို ကြားရလိမ့်မည်ဟု ရှန်းယီ ခံစားလိုက်ရသည်။
လက်ရှိတွင် ကျန်ရှိသော ထိပ်သီးအင်အားစု သုံးခုအနက်...
ရှန်းယီသည် ဝူထုံတောင်နှင့် ပတ်သက်မှုမရှိသည်မှာ တစ်ကြောင်း၊ ရွှမ်ကွမ်းဂူနှင့် နတ်ဆိုးတစ်ထောင်ဂူ နှစ်ခုလုံးကို ရန်သူတော်များ ဖြစ်လုနီးပါး ဖြစ်နေသည်မှာ တစ်ကြောင်းပင်။
ယခင်က ကျောက်စိမ်းအဆင့် ကာလတွင် ယန်ချွန်းမြစ်ရေနေမျိုးနွယ်စုကို စော်ကားမိစဉ်ကကဲ့သို့သော အခြေအနေမျိုး သူကြုံဖူးခဲ့သည်။ သို့သော် ယခင်က သူသည် နတ်ဆိုးနှိမ်နင်းရေးဌာနကို အားကိုးနိုင်ပြီး ထိုအဆက်အသွယ်ကို အကာအကွယ်တစ်ခုသဖွယ် အသုံးပြုနိုင်ခဲ့၏။ ယခုမူ အားကိုးစရာ မဟာမိတ် မရှိတော့သည့်အတွက် သူ ပို၍ သတိထားရတော့မည် ဖြစ်သည်။
အမှားအယွင်း အနည်းငယ် ဖြစ်လိုက်သည်နှင့် သူ၏လမ်းစဉ်နှင့် ခန္ဓာကိုယ် ပျက်စီးသွားမည့်အပြင်၊ မဟာချန်၏ကိုးပြည်နယ်မှ သာမန်ပြည်သူများနှင့် ရွှီမိသားစုပါ သူနှင့်အတူ မြေမြှုပ်ခံလိုက်ရနိုင်သည်။
ဤအတွေးနှင့်အတူ ရှန်းယီသည် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို ပြန်လည် ကြည့်လိုက်လေ၏။
"စီနီယာ၊ ကျုပ်ဆီမှာ နောက်ဆုံး သတင်းတစ်ခု ရှိပါသေးတယ်။ အဲဒါက ရွှမ်ကွမ်းဂူနဲ့ နတ်ဆိုးတစ်ထောင်ဂူတို့ရဲ့ ပဋိပက္ခအကြောင်းပါ"
ဆိုင်ရှင်က အဖိုးတန်ဆေးပုလင်းကို သိမ်းဆည်းလိုက်ပြီး ပြောလိုက်သည်။
"ဒါပေမဲ့ ဒါကိုသတင်းအချက်အလက်နဲ့ပဲ လဲလှယ်လို့ ရမယ်။ ခင်ဗျား တတ်နိုင်မလားတော့ မသိဘူး"
သူတို့တွေ နတ်ဆိုးဖိနှိပ်ခြင်းမြို့တော်သို့ အဘယ်ကြောင့် လာကြသနည်းဆိုသည်ကို ရှန်းယီ ကောင်းစွာ သိရှိလေသည်။ ရှေးဟောင်းဂူဗိမာန်များနှင့် ပတ်သက်သည့် ကိစ္စများကို သူတို့ မည်သည့်အခါမျှ လက်လျှော့ကြမည် မဟုတ်ပေ။
သုံးဖြုန်းရသည့်နေရာတွင် ဤမျှရက်ရောသော ကျင့်ကြံသူ၌ ထူးခြားသော အတွေ့အကြုံများ ရှိမည်မှာ သေချာလှသည်။
ရှန်းယီ ခေတ္တမျှစဉ်းစားပြီး လျစ်လျူရှုဟန်ဖြင့် ပြောလိုက်၏။
"အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ဓားမှာ ကျော်ကြားတဲ့ တပည့်တစ်ယောက် ရှိခဲ့တယ်။ အဲဒီတပည့်ကို ရွှမ်ကွမ်းဂူက သတ်ဖြတ်ပြီးသွေးအသွင်ပြောင်း နတ်ဆိုးဧကရာဇ်အပေါ် အပြစ်ပုံချခဲ့တယ်"
သူ၏အသံ မဆုံးမီမှာပင် ဆိုင်ရှင်၏ မျက်လုံးများမှာ ပန်းကန်ပြားပမာ ပြူးကျယ်သွားလေ၏။ သူ၏ နားကိုပင် သူ မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။
ရက်စက်ကြမ်းကြုတ်သော နီကျွင်း၏တပည့်ကိုသတ်ကာ ရန်စရဲသူ ဤလောက၌ ရှိသေးသည်လော။
အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ဓားက သွေးအသွင်ပြောင်း နတ်ဆိုးဧကရာဇ်ကို အသည်းအသန်လိုက်လံဖမ်းဆီးနေသည်ဆိုသော ကောလာဟလများကို သူ ရုတ်တရက် သတိရသွားလေသည်။
"တော်ပြီ ဘာမှ ဆက်မပြောနဲ့တော့"
လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ ရင်များ တဒိန်းဒိန်း ခုန်လာပြီး လက်ကာပြကာ အလျင်အမြန် တောင်းပန်လိုက်လေသည်။
"ကျုပ် ဘာမှ မကြားလိုက်ဘူးနော် စောစောက ကျုပ်ပြောတဲ့သတင်းက လာရောက်စုံစမ်းတဲ့ ရွှမ်ကွမ်းဂူလူစုဆီက ရတာပါ။ သူတို့က လွတ်လပ်ကျင့်ကြံသူ တစ်စုဆီကနေ ရှေးဟောင်းဂူဗိမာန်တစ်ခုမှာ လှုပ်ရှားမှုတွေ ရှိနေတယ်ဆိုတာ သိလိုက်ရပြီး နတ်ဆိုးတစ်ထောင်ဂူထဲ ဝင်ပြီး မြောက်ဘက်ကို ဦးတည်သွားကြပြီ"
"တကယ်လို့ ခင်ဗျားမှာ သူတို့ နှာခေါင်းအောက်ကနေဝေစုတစ်ခု လုယူရဲတဲ့ သတ္တိရှိရင် အခုထိ နောက်မကျသေးပါဘူး"
ထိုသို့ ပြောပြီးသည်နှင့် သူသည် ထောင့်တစ်နေရာကို ညွှန်ပြလိုက်၏။
"အခုလေးတင် ဝင်လာတဲ့သူက တခြားကိစ္စတစ်ခုကြောင့် နောက်ကျနေခဲ့တဲ့ လွတ်လပ်ကျင့်ကြံသူပဲ။ သူက လိုက်သွားရမလား၊ မလိုက်ရမလား ဆိုတာကို အဲဒီမှာ တွန့်ဆုတ်နေတာ။ တကယ်လို့ ခင်ဗျား ဈေးကောင်းကောင်း ပေးနိုင်ရင်... သူ့အဖော်ကို ခေါ်သွားတဲ့သူတွေက ရွှမ်ကွမ်းဂူဂူက စီနီယာတွေဆိုတာ သူ မသိဘူး။ သူက တစ်ယောက်တည်း ဝင်သွားဖို့ ကြောက်နေပြီးသတင်းရောင်းဖို့ ကျုပ်အကူအညီ လိုချင်နေတာ။ ခင်ဗျားသာ အဖိုးတန်ဆေးပုလင်း နည်းနည်းလောက် ပိုပေးနိုင်ရင် သူ ခင်ဗျားကို လမ်းပြပေးဖို့ ပြဿနာမရှိပါဘူး"
ရှန်းယီသည် ထောင့်ဘက်သို့ အကြည့်ပို့လိုက်လေ၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် မှဲ့နက်နှင့် လူသည်လည်း ထိုဘက်သို့ ကြည့်လိုက်မိ၏။ သူတို့၏ မျက်ဝန်းချင်း ဆုံစည်းသွားကြလေသည်။
မာကွမ်းရှန်း သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး ထိုင်ရာမှ အလျင်အမြန် ထရပ်လိုက်သည်။
"စီနီယာရှန်းကို တွေ့ရတာ ဝမ်းသာပါတယ်"
သြော်... ဤနှစ်ယောက်က သိကျွမ်းနေကြသည်ကိုး။
ထိုစကားကို ကြားသော် လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် ယဉ်ကျေးစွာ နှုတ်ဆက်ပြီး အပေါ်ထပ်သို့ ကပျာကယာ ပြေးတက်သွားတော့သည်။
သူ ယခုလေးတင် ကြားလိုက်ရသော သတင်းသည် သေစေနိုင်သည့် ဘေးအန္တရာယ်တစ်ခု ဖြစ်ရန် လုံလောက်နေပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် သူ၏လောဘကို ထိန်းချုပ်ပြီး ဆက်လက် မမေးမြန်းခဲ့မိပေ... ခိုင်လုံသော အထောက်အထားသာ ရှိလျှင် သူ့ခေါင်း ပြုတ်သွားနိုင်သော်လည်း၊ ကောလာဟလ အနေဖြင့်ဆိုလျှင်မူ အမြတ်ထုတ်ရန် အခွင့်အရေး ရှိနိုင်သေးသည်။
"..."
ရှန်းယီသည် ခေါင်းညိတ်ကာ မှဲ့နက်နှင့်လူကို လာခဲ့ရန် အချက်ပြလိုက်လေသည်။
ဤလူသည် စစ်မှန်သောသူရိယချီလင်ကျောက်တုံး နှင့် လဲလှယ်ရန်အတွက် သူ့ကို ရှစ်မျက်နှာ အစားအသောက်ခန်းမတွင် လာရောက်ရှာဖွေခဲ့သည့် လွတ်လပ်ကျင့်ကြံသူပင်။
မာကွမ်းရှန်းသည် စိတ်ပျက်လက်ပျက်ဖြင့် လျှောက်လာပြီး ထိုင်ချလိုက်ကာ တိုးတိုးလေး ရှင်းပြလေသည်။
"ကျုပ် ဒီတလော ကံမကောင်းဘူးဗျာ။ ခင်ဗျားရဲ့ အကူအညီကြောင့်သာ သူငယ်ချင်းဆီက အကြွေးကို ကပ်ပြီး ပြန်ဆပ်နိုင်ခဲ့တာ။ ပိုနေတဲ့ အပိုင်းကို သူတို့ ကျုပ်ကိုမပေးချင်ကြတော့ဘူး။ အခု အသစ်တွေ့ထားတဲ့ ရှေးဟောင်းဂူဗိမာန်ကို စူးစမ်းဖို့လောက်ပဲ ကျုပ်ကို ခေါ်လာတာ"
"ကျုပ် ကံမကောင်းလွန်းလို့ မထွက်ခွာခင် အိမ်မှာ သန့်စင်ခြင်းနဲ့ ဥပုသ်စောင့်ခြင်း ဓလေ့တွေတောင် လုပ်ခဲ့သေးတယ်။ ဒါပေမဲ့ ကြည့်ပါဦး၊ အဲဒီ ရက်အနည်းငယ်အတွင်းမှာပဲ ကျုပ် နောက်မှာ ကျန်ရစ်ခဲ့ပြန်ပြီ..."
"ဒါပေမဲ့ စီနီယာရှန်း စိတ်ဝင်စားတယ်ဆိုရင်တော့ ကျုပ် တစ်ပြားမှ ယူဖို့ စိတ်ကူးမရှိပါဘူး"
သူသည် အမြတ်အစွန်းအနည်းငယ်ကြောင့် မျှားခေါ်ခံရသည်မှာ မှန်သော်လည်း၊ ပြီးခဲ့သည့်အကြိမ် ရှစ်မျက်နှာ အစားအသောက်ခန်းမတွင် ရှိစဉ်က စီနီယာရှန်း တစ်ဦးတည်းသာ သူ့ကို ကူညီခဲ့ခြင်း ဖြစ်သည်။ စစ်မှန်သောသူရိယချီလင်ကျောက်တုံး၏ တန်ဖိုးမှာ မမြင့်မားကြောင်း သိလျက်နှင့်ပင် သူ့ကို ဝတ်ရုံတစ်ထည် ချန်ထားပေးခဲ့သေးသည်။ ရွယ်တူများ၏ ရှေ့မှောက်တွင် မျက်နှာမပျက်ရစေရန် အတွက်ပင်။
"..."
ရှန်းယီသည် မာကွမ်းရှန်းကို ကြည့်ရင်း မျက်ခုံးပင့်လိုက်လေသည်။
ကံမကောင်းဘူး ဟုတ်လော။
သူ မှတ်မိသလောက်ဆိုရလျှင် ပြီးခဲ့သည့် ရှေးဟောင်းဂူဗိမာန်စူးစမ်းရှာဖွေမှုတုန်းက တစ်ဖက်လူသည် သူနှင့် မတွေ့ခဲ့သော အသက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့သည့် တစ်ဦးတည်းသော လွတ်လပ်ကျင့်ကြံသူ ဖြစ်သည်။
ယခုလည်း သူသည် ဘေးအန္တရာယ်မှ ထပ်မံ၍ လွတ်မြောက်သွားပြန်ပြီ။
သူ့ထံတွင် ကံကောင်းခြင်း တစ်စုံတစ်ရာတော့ ရှိနေသေးသည်ဟု ဆိုရပေမည်။
"သေချာ သိမ်းထားပါ၊ လမ်းပြပေး"
ရှန်းယီသည် စကားအများအပြား မဆိုတော့ဘဲ သိုလှောင်ရတနာအတွင်းမှ အဖိုးတန်ဆေးပုလင်း အနည်းငယ်ကို ထပ်မံထုတ်ယူလိုက်လေသည်။
အားချင်းသည် ပစ္စည်းအားလုံးကို သေသေချာချာ ခွဲခြားထားပြီးသား ဖြစ်သည်။
ဟွမ်ယွမ်အဆင့်တွင် ရှိသူများအတွက် ကျင့်ကြံခြင်းနှင့် ပြန်လည်ဖြည့်တင်းခြင်းကို အထောက်အကူပြုသည့် ဤဆေးလုံးများသည် ရွှမ်ကွမ်းဂူမှ ရရှိထားခြင်း ဖြစ်ပြီး တကယ့် ရတနာများပင် ဖြစ်လေသည်။
နှမြောစရာကောင်းသည်မှာ ဆေးလုံးများ မည်မျှပင်ကောင်းမွန်ပါစေ နတ်ဆိုးအမြုတေကို တိုက်ရိုက် စားသုံးလိုက်ခြင်းလောက် အဆင်မပြေခြင်းပင်။
ထို့အပြင် သူသည် ယခုအခါ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ့အတွက် အသုံးမဝင်တော့သော်လည်း ငွေကြေးသဖွယ် သုံးစွဲရန်အတွက်မူ သီးသန့်ပင်ဖြစ်သေး၏။
ကုန်သွားလျှင်လည်း ရွှမ်ကွမ်းဂူ၌ တပည့်များ အများအပြား ရှိသေးရာ၊ ထပ်မံရယူလိုက်ရုံသာ ရှိတော့သည်။