← Chapters

ရက်စက်ခြင်း

Vol. 34 Ch. 332

ရက်စက်ခြင်း

Vol. 34 Ch. 332

"ကျေးဇူးတင်ပါတယ် စီနီယာရှန်း"

မားကွမ်ဆန်းသည် စီနီယာရှန်း၏ ရှေ့မှောက်တွင် သဘောထားကြီးဟန်ဆောင်ရန် အခွင့်အရေး မရှိချေ။ စီနီယာက ပေးကမ်းလာသည်ဖြစ်ရာ လက်ခံလိုက်ရသည်က သူ့အတွက် သဘာဝကျသော ကိစ္စပင် ဖြစ်သည်။

သူသည် တန်ဖိုးကြီးသော ဆေးလုံးများကို သူ၏ သိုလှောင်ရတနာထဲသို့ ကျေးဇူးတင်စွာဖြင့် သိမ်းဆည်းလိုက်သည်။

ဤစီနီယာသည်အခြား ကျင့်ကြံသူအများစုနှင့် တကယ် ကွာခြားလှသည်။ ဖော်ရွေသည်ဟု မဆိုနိုင်သော်လည်း သူကဲ့သို့ ဂျူနီယာကျင့်ကြံသူတစ်ဦးနှင့် ဆက်ဆံရာတွင် အလှူအတန်းပြုသကဲ့သို့ သဘောထားခြင်းမျိုး၊ အင်အားသုံး အနိုင်ကျင့်ခြင်းမျိုး လုံးဝ မရှိပေ။

ရှိရင်းစွဲအတိုင်းသာ ဖြစ်သည်။

ကျင့်ကြံသူများကြားတွင် ဤကဲ့သို့ ရိုးရှင်းသော ကိစ္စမျိုးကပင် အလွန်တန်ဖိုးရှိလှသည် မဟုတ်ပါလော။

...

"စီနီယာရှန်း... ကျွန်တော် ပြောစရာရှိလို့ပါ"

မားကွမ်ဆန်းသည် သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။

"တကယ်တော့ ကျွန်တော်က သိပ်ပြီး သတ္တိနည်းတဲ့သူ မဟုတ်ပါဘူး... ကျွန်တော် အထဲကို မဝင်ရဲရတဲ့ အကြောင်းရင်းက ကျွန်တော်တို့သွားမယ့်နေရာမှာ တခြားစီနီယာတစ်ယောက်က ရူးသွပ်နေလို့ပါ"

"ဘယ်စီနီယာလဲ"

ရှန်းယီသည် လက်ဖက်ရည်ဆိုင် အပြင်ဘက်သို့ လျှောက်သွားရင်း မေးလိုက်၏။

"အဲဒါတော့ ကျွန်တော်လည်း သေချာမသိဘူး... ဘာပဲဖြစ်ဖြစ် သူတို့က ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ်ကို အမြဲတမ်း သွားသွားစနေကြတာ... အဲဒီ နတ်ဆိုးဧကရာဇ်က ဆောင်းခိုရတာ ကြိုက်ပေမဲ့ အခုတလော ခဏခဏအနှောင့်အယှက် ခံနေရတော့ သူ့ဂူထဲကနေ မကြာခဏ ထွက်လာတတ်တယ်... လူအများကြီးလည်း လန့်ပြီး ထွက်ပြေးကုန်ကြပြီ"

မားကွမ်ဆန်းသည် အားမလိုအားမရ သက်ပြင်းချလိုက်၏။

"ကျွန်တော့်လို ဂျူနီယာကျင့်ကြံသူတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါဦး... ဒီနတ်ဆိုးတွေကို ရှောင်နေရတာနဲ့တင် အလုပ်ရှုပ်နေရပြီ... ရတနာတွေ ပိုကောက်လို့ရအောင် သူတို့ကို ဆက်အိပ်နေစေချင်တာ... အဲဒီ စီနီယာကျွမ်းကျင်သူတွေကတော့ နတ်ဆိုးတွေကို သတ်တာတို့၊ ရတနာရှာတာတို့ မလုပ်ဘဲ အားနေရင် နတ်ဆိုးဧကရာဇ်ကို အပျော်သဘောနဲ့ သွားသွားစနေကြတာ... တကယ် စိတ်ပျက်စရာ ကောင်းတယ်ဗျာ"

ထိုစကားကို ကြားသော် ရှန်းယီ ခဏတာ စဉ်းစားလိုက်သည်။

ပြီးခဲ့သည့်အကြိမ်က တွေ့ခဲ့ရသော ယိုဝေနတ်ဆိုးဧကရာဇ်အကြောင်းကို ရုတ်တရက် သတိရသွား၏။

ဟုတ်သားပဲ... သူ ဘယ်လိုလုပ် အဲဒါကို မေ့သွားရတာလဲ။

ဝူထုံတောင်မှ ကျွမ်းကျင်သူများသည် နတ်ဆိုးတစ်ထောင်ချီဂူ၏ အာရုံကို ဆွဲဆောင်ထားကြသည်။ ဤသည်မှာ သူတို့ အာရုံလွင့်နေချိန်တွင် အခွင့်ကောင်းယူရန် အကောင်းဆုံး အခွင့်အရေးပင်။

အခြား နတ်ဆိုးဧကရာဇ်များ၏ဂူများတွင် ယိုဝေလှံကဲ့သို့သော နတ်ဘုရားပစ္စည်းများ မရှိလျှင်ပင် သဘာဝရတနာ အချို့တော့ ရှိနေနိုင်သေးသည်။

ရှန်းယီသည် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် သို့ အခုလေးတင် ရောက်ရှိထားခြင်း ဖြစ်ပြီး ရှေ့ဆက်ရမည့် လမ်းခရီးအတွက်အစီအစဉ် မရှိသေးပေ။

သို့သော် ကြိုတင်စုဆောင်းထားခြင်းက အမြဲတမ်း မှန်ကန်သော အလုပ်ဖြစ်သည် မဟုတ်ပါလော။ သို့မှသာ နောက်ပိုင်းတစ်စုံတစ်ခု လိုအပ်လာလျှင် ဟွမ်ယွမ်အဆင့်တွင် ရှိစဉ်ကကဲ့သို့ ဝိညာဉ်အမြစ်များ လိုက်ရှာရသည့် အခက်အခဲမျိုး ကြုံတွေ့ရတော့မည် မဟုတ်ပေ။

"နတ်ဆိုးဂူဆီ အရင်သွားကြတာပေါ့"

ရှန်းယီသည် ခြေလှမ်းကျဲကြီးဖြင့် ပြန်လည် လျှောက်လှမ်းလိုက်၏။

"စီနီယာ့သဘောပါပဲ"

တစ်ဖက်လူ၏ အမူအရာ ပြောင်းလဲသွားသည်ကို ကြည့်ပြီး သူ၏သတင်းအချက်အလက်မှာ အသုံးဝင်ကြောင်း သိလိုက်ရသဖြင့် မားကွမ်ဆန်း ပြုံးလိုက်သည်။

စီနီယာရှန်းက ရက်ရောမှတော့ သူ၊ မားကွမ်ဆန်းကလည်း တွန့်တိုနေ၍ မဖြစ်ပေ။

စကားဆုံးသည်နှင့် သူတို့နှစ်ဦးသည် နတ်ဆိုးဖိနှိပ်ခြင်းမြို့တော်မှ တိမ်တိုက်စီးကာ တပြိုင်နက်တည်း ထွက်ခွာလာကြပြီး ကြီးမားသော မုခ်ဦးကြီးဆီသို့ ဦးတည်သွားကြလေသည်။

…

နတ်ဆိုးတစ်ထောင်ဂူ၏ မြောက်ဘက်ပိုင်း၊ ကြက်သွေးရောင်နှလုံးသားတောင် အပြင်ဘက်

အနီရောင်ဝတ်ရုံတောက်တောက်နှင့် ချောမောသော မိန်းမလျာသည် လက်တစ်ဖက်ကို နောက်ပစ်ထားပြီး ကျန်လက်တစ်ဖက်ကို အနည်းငယ် မြှောက်ထားသည်။ သာမန်လူထက် ပိုရှည်သော သူ့လက်ချောင်းများသည် အနည်းငယ် လှုပ်ရှားနေ၏။

သူ၏ လက်ချောင်းထိပ်များမှ ရွှေရောင်ကြိုးမျှင်များ ပိုးချည်မျှင်များသဖွယ် ထွက်ပေါ်လာ၏။

၎င်းတို့သည် တောင်များကြားသို့ ကျရောက်သွားပြီး မြေကြီးနှင့် ပေါင်းစပ်သွားပေသည်။

ရုတ်တရက် တောင်တန်းတစ်ခုလုံး ပြင်းထန်သော အပူချိန်များ ထွက်ပေါ်လာသည်။

တောင်ကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး အနီရောင်ရင့်ရင့်အကြေးခွံများ ဖုံးလွှမ်းနေသော ကြီးမားသည့် မြွေခန္ဓာကိုယ်ကြီးသည် တောအုပ်အတွင်း တွားသွားလာသည်။

၎င်းသည် ရုတ်တရက်ခေါင်းထောင်လိုက်ပြီး ပေပေါင်းတစ်ရာကျော်လေထဲသို့ မြင့်တက်ကာ ဟာလာဟင်းလင်း ဖြစ်နေသော နေရာတစ်ခုကို ပေါက်ချလိုက်သည်။

"ရှူး..."

ကျောက်စိမ်းရောင်ဝတ်စုံနှင့် လူငယ်လေးသည် ထိုမျှ နီးကပ်နေသော ကြမ်းတမ်းသည့် မြွေခေါင်းကြီးကို ကြည့်ရင်း မျက်လုံးထောင့်များ လှုပ်ခတ်သွားသည်ကို မထိန်းနိုင်တော့ပေ။

ဒီပိုးကောင်သေးသေးလေးက တာအိုကျင့်ကြံသူယွီ ကိုယှဉ်နိုင်မှာ မဟုတ်ပေမဲ့ အဲဒီလို အကိုက်ခံရရင်တော့ သေချာပေါက် သက်သာမှာ မဟုတ်ဘူး။

သို့သော် အနီရောင်ဝတ်ရုံနှင့်လူသည် ထိုမြွေကြီးကို တစ်ချက်လေးပင် လှည့်မကြည့်ပေ။

မြွေကြီးသူ့ကို တွေ့ရှိသွားနိုင်ခြေ ရှိသည်ကို သူ လုံးဝ သတိမထားမိသကဲ့သို့ပင်။

သူသည် ဖုံးကွယ်ခြင်းနှင့် အသက်ရှူသံထိန်းချုပ်ခြင်း နည်းလမ်း တစ်မျိုးမျိုးကို အသုံးပြုထားကြောင်း ထင်ရှားလှသည်။

ထင်သည့်အတိုင်းပင် ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ်သည် မျက်လုံးများ မှိတ်ကာ အာရုံခံကြည့်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် အဝေးသို့ ပျံသန်းသွားလေသည်။

"ငါတို့ ဒီကစားပွဲကို ဘယ်လောက်ကြာကြာ ကစားနေရမှာလဲ"

အနီရောင်ဝတ်ရုံနှင့် လူသည် ယွီချောင်အန်းကို ဘေးတိုက် ကြည့်လိုက်၏။

"ငါ နည်းနည်း ငြီးငွေ့လာပြီ"

နီကျွင်း သွေးအသွင်ပြောင်း နတ်ဆိုးဧကရာဇ် ကို သတ်ပြီးကတည်းက သူ့ဆရာက မကျေနပ်တဲ့ လက္ခဏာတွေ ပြနေပြီလေ။ ဝူထုံတောင်က နတ်ဆိုးတစ်ထောင်ဂူကို ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူး။

သတ်ဖြတ်လို့ မရဘူး ဆိုမှတော့ အချိန်ဖြုန်းနေတာ သက်သက်ပဲမဟုတ်လား။

"ကျွန်တော်လည်း ဒီကို လာချင်တာ မဟုတ်ပါဘူးဗျာ"

ယွီချောင်အန်းသည် ယိုဝေနတ်ဆိုးဧကရာဇ်၏ ဂူရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး ကြောက်ရွံ့မှု အနည်းငယ်ဖြင့် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။

"အစ်ကိုကြီးထုံသာ ဒီမှာ မရှိရင် ဒီတာအိုကျင့်ကြံသူဖေဖေက ဒီလိုဒုက္ခများတဲ့ အလုပ်ကို လက်ခံမှာ မဟုတ်ဘူး"

"အစ်မကြီးက မှာလိုက်တာက"

သူသည် မှန်တစ်ချပ်ကို ထုတ်ယူလိုက်၏။

"ပထမဆုံးအနေနဲ့ သူတို့ရဲ့သတ္တိကို စမ်းသပ်ရမယ်... လာရဲတဲ့သူတွေက ပထမအဆင့် စမ်းသပ်မှုကို အောင်မြင်ပြီးသားပဲ"

အဲဒါကြောင့်လည်း ကလေးပေါက်စတွေကို စီနီယာတွေစောင့်ကြည့်နေတယ်ဆိုတာ မပြောဘဲ တမင်တကာ ဖုံးကွယ်ထားခဲ့တာပေါ့။

"ဒါက ဘယ်လိုသတ္တိမျိုးကို စမ်းသပ်တာလဲ... ဦးနှောက် နည်းနည်းရှိတဲ့သူဆိုရင် ဝူထုံတောင်က သူတို့ကို သေမင်းဆီ ပို့နေတာ မဟုတ်ဘူးဆိုတာ ခန့်မှန်းမိမှာပါ"

ထုံရှင်းချွမ်း သည် မထီမဲ့မြင် ပြုသကဲ့သို့ နှုတ်ခမ်းမဲ့လိုက်၏။

"အဲဒီနည်းနဲ့ ဝက်ဦးနှောက် ၄ ကောင်ကို ဖယ်ရှားပစ်လိုက်နိုင်တယ်လေ... ဒါပေမဲ့ သူတို့ ခန့်မှန်းမိတယ်ဆိုရင်တောင် ဒီကောင်ကြီးက နတ်ဘုရားအသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်နီးပါး ရှိတဲ့ မဟာနတ်ဆိုးကြီးပဲ... ဟွမ်ယွမ်အဆင့်က လူတွေအပေါ်သက်ရောက်တဲ့ ဖိအားကို စိတ်ပြင်ဆင်ထားရုံနဲ့ လျစ်လျူရှုလို့ မရဘူး"

ယွီချောင်အန်း ရွှင်မြူးစွာ ပြောလိုက်၏။

"ဒုတိယ စမ်းသပ်မှုကတော့ နည်းလမ်းပဲ... မြွေသိုက်ထဲမှာ နတ်ဆိုးဧကရာဇ်ရဲ့အငွေ့အသက်တွေ ကျန်နေသေးတယ်... အထဲကို ဘယ်လိုဝင်မလဲ၊ ပစ္စည်းယူပြီးရင် ဘယ်လို ပြန်ထွက်မလဲ ဆိုတာ နည်းလမ်းတွေ ရှိတယ်"

"တကယ်လို့ အစ်ကိုကြီးထုံသာ ဆိုရင် ဘာလုပ်မလဲ" သူ စိတ်ဝင်တစား မေးလိုက်သည်။

"တန်းဝင်သွားမယ်... မြွေဥတွေ ယူမယ်... အဖော်တွေကို ဒဏ်ရာအပြင်းအထန် ရစေမယ်... ပိုမြန်လေ ပိုကောင်းလေပဲ" ထုံရှင်းချွမ်း တိုတိုတုတ်တုတ် ပြောလိုက်၏။

"အဲဒါကြောင့် ကျွန်တော် ခင်ဗျားနဲ့ အဆင်မပြေတာ... ရက်စက်လွန်းတယ်"

ယွီချောင်အန်း နှုတ်ခမ်းမဲ့လိုက်ပြီး ကြေးမုံပြင်တစ်ခုကို ထုတ်ယူလိုက်၏။

"ဒါပေမဲ့ ဒီနှစ်ယောက်ကတော့ ခင်ဗျားနဲ့ တစ်လေသံတည်း တွေးနေပုံရတယ်"

ကြေးမုံပြင်ထဲတွင် ဖုန်းဟွာရှန်း နှင့် ကျိုးယာ တို့သည် အလယ်မှအမျိုးသမီးတစ်ဦးကို ကာကွယ်ရင်း ကြက်သွေးရောင်နှလုံးသားတောင်သို့ သတိထားကာ ချဉ်းကပ်လာကြသည်။

"အစ်မကြီးရဲ့နောက်ဆုံး မှာကြားချက်က"

ယွီချောင်အန်း၏ မျက်လုံးများထဲတွင် ဂရုမစိုက်သော အမူအရာတစ်ခုပေါ်လာပြီး အေးစက်စွာ ပြောလိုက်သည်။

"ဘယ်သူမဆို အစ်ကိုကြီးထုံရဲ့ နည်းလမ်းကို သုံးရဲရင်တော့... ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ် စောစောပြန်ရောက်လာအောင် အစီအရင် ဖွင့်ပေးဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်"

"အရူးတွေ"

ထုံရှင်းချွမ်း မျက်ခွံကို ပင့်ကြည့်လိုက်ရာ စိတ်ဝင်စားစရာ မကောင်းဟု ယူဆပုံရပေ၏။

ယွီချောင်အန်းသည် ကြေးမုံပြင်ကို စိုက်ကြည့်နေပြီး သူ၏မျက်နှာထားသည် ယခင်အတိုင်း ပြန်ဖြစ်သွားသည်။

"ယုတ်မာတဲ့ စိတ်ဓာတ်ရှိတာက လက်မခံနိုင်စရာ မဟုတ်ပါဘူး... ဒါပေမဲ့ အဲဒါနဲ့ လိုက်ဖက်တဲ့ လုံလောက်တဲ့ စွမ်းရည်ရှိဖို့ လိုတယ်... မဟုတ်ရင် ဝူထုံတောင်ကို ကပ်ဘေး ဆိုက်စေရုံပဲ ရှိမှာ"

"အဲဒီလို ဖြစ်နေတာတောင် သူတို့ ဆက်ပြီး အသက်ရှင်နိုင်သေးတယ်ဆိုရင် အစ်မကြီးက သူတို့ကို တပည့်အဖြစ် လက်ခံဖို့ ဝန်လေးမှာ မဟုတ်ဘူး"

"ဟွမ်ယွမ်နယ်ပယ်က တစ်ယောက်ယောက်က မြွေဧကရာဇ်ရဲ့လက်ထဲမှာ ဘယ်လို အသက်ရှင်နိုင်မလဲ ဆိုတာတော့ ငါ တော်တော် စူးစမ်းချင်သား" ထုံရှင်းချွမ်း ဂရုမစိုက်သလို ပြောလိုက်သည်။

"အဆက်အသွယ်လား... ကံတရားလား... အရေးမကြီးပါဘူး... နှစ်ခုစလုံး အလုပ်ဖြစ်ပါတယ်... ဒါပေမဲ့ ဟိုသားရဲကောင်လေး နှစ်ကောင် သေသွားရင်တော့ အဲဒီကောင်မလေးကို ကျွန်တော် ကယ်ရဦးမှာ"

ယွီချောင်အန်း ပျင်းရိစွာအကြောဆန့်လိုက်ပြီး သူ့အပြုံးက ပိုကျယ်ပြန့်လာ၏။

"သားရဲကောင်လေး နှစ်ကောင်လို့ ဘယ်လို သိတာလဲ" ထုံရှင်းချွမ်း၏ မျက်နှာတွင်လည်း အပြုံးရိပ်တစ်ခု ပေါ်လာသည်။

ထိုစကားကြောင့် ယွီချောင်အန်း ကြောင်အသွားပြီး ကြေးမုံပြင်ထဲသို့ အမြန် ကြည့်လိုက်သည်။

သူတို့သုံးဦးသည် ကြက်သွေးရောင်နှလုံးသားတောင်၏ အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဖုန်းဟွာရှန်းသည် ပူပြင်းနေသော တောင်ကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး ကျိုးယာကို ခိုးကြည့်ကာ စိုးရိမ်ဟန်ဆောင်လိုက်၏။

"ခုနကထွက်သွားတာ ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ်လား... တစ်ခုခုမှားနေသလို ခံစားရတယ်... တာအိုကျင့်ကြံသူကျန်းဘယ်လိုထင်လဲ"

"ရှင်က ဂုဏ်သရေရှိမိသားစုက ဆင်းသက်လာတဲ့ ကျွန်မတို့ထက် အတွေ့အကြုံ ပိုရှိတာပဲ... အကြံဉာဏ် တစ်ခုလောက် ပေးနိုင်မလား" ကျိုးယာသည်လည်း စိတ်လှုပ်ရှားစွာဖြင့် သူမ၏ လက်ကို ဆုပ်ကိုင်ထား၏။

"..."

အနက်ရောင် ခေါင်းစွပ်အောက်ရှိ ကျန်းချိုလန်၏ နက်မှောင်သော မျက်လုံးများမှာ လုံးဝ တည်ငြိမ်နေသည်။

သူမ၏ နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟလာ၏။

"တန်းဝင်သွားလိုက်"

တိုတောင်းသော စကားကြောင့် သူတို့နှစ်ဦး အံ့အားသင့်သွားကြသည်။

"အဲဒါက အရမ်း မဆင်ခြင်ရာ မကျလွန်းဘူးလား"

"ငါတို့ ဆက်ပြီး နှောင့်နှေးနေရင် အဲဒီကောင် ပြန်ရောက်လာလိမ့်မယ်"

နောက်ထပ် ရှင်းပြမနေတော့ဘဲ ကျန်းချိုလန်သည် အေးစက်သောဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ တောင်ပေါ်သို့ ပျံသန်းဝင်ရောက်သွား၏။

ဖုန်းဟွာရှန်းနှင့် ကျိုးယာတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး အံကိုကြိတ်ကာ နောက်မှ လိုက်သွားကြသည်။

တောက်... ဒီလွတ်လပ်ကျင့်ကြံသူက ဦးနှောက် တော်တော် မရှိတာပဲ... ဒီအခြေအနေထိ ဘယ်လိုများ အသက်ရှင်လာတာပါလိမ့်။

"..."

ထိုအရာကိုမြင်လိုက်ရလျှင် ယွီချောင်အန်း တိတ်ဆိတ်သွား၏။

"ခစ်..ခစ်"

ထုံရှင်းချွမ်း ရယ်မောခြင်းကို မထိန်းနိုင်တော့ပေ။ ပုံမှန် နူးညံ့သိမ်မွေ့သော သူ၏ မျက်နှာသည် ယခုအခါ ပို၍ ဆိုးရွားပုံပေါ်နေသည်။

"သူ့ကို မကယ်ချင်တော့ဘူးလား... ဒါဆိုရင်တော့ ငါပဲ ကယ်ရတော့မယ် ထင်တယ်"

All Chapters