← Chapters

ရှေးဟောင်းခြံဝန်း

Vol. 11 Ch. 111

ရှေးဟောင်းခြံဝန်း

Vol. 11 Ch. 111

ဤလမ်းကြားကို ရှေးဟောင်းကျောက်တုံးများဖြင့် ခင်းထားသည်။

ရာသီဥတုသည် အေးမြပြီး ကောင်းမွန်နေပေ၏။

ယဲ့ပိုင်သည် ဤရှေးဟောင်းကျောက်ခင်းလမ်းကို ကြည့်ရှုရင်း လမ်းကြားထဲတွင် အေးအေးလူလူ လမ်းလျှောက်နေသည်။

တစ်နှစ်ပတ်လုံး လူများ ဖြတ်သန်းသွားလာနေသော ရှေးဟောင်းလမ်း၏အလယ်ပိုင်းသည် ကောင်းကင်ဘုံသို့ သွားသော ဖြောင့်ဖြူးသည့် လမ်းတစ်လမ်းအလား အလွန်ချောမွေ့နေသည်။

သို့သော် လမ်း၏ဘေးနှစ်ဖက်တွင်မူ ပေါင်းပင်များနှင့်အမှိုက်များ ဖုံးလွှမ်းနေပြီး တစ်နှစ်ပတ်လုံး ပြုစုစောင့်ရှောက်သူ ရှိပုံမရချေ။

အချိန်အတော်ကြာပြီးနောက် ယဲ့ပိုင်သည် လမ်းကြား၏အလယ်သို့ လျှောက်လှမ်းလာပြီး ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်၏။

ဤအလယ်ဗဟိုနေရာတွင် အိမ်တစ်လုံး လျော့နည်းသွားပြီး ရှေးဟောင်းရေတွင်းတစ်တွင်း ပိုလာသည်။

ထိုရှေးဟောင်းရေတွင်းတဝိုက်တွင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ကွေးညွှတ်နေသည့် လက်ရန်းတစ်ခု ရှိသည်။ လက်ရန်းအတွင်းပိုင်းတွင် သစ်အယ်သီးခန့်မရှိတရှိ ကြီးမားသော ဥတချို့ရှိနေပြီး အက်ကွဲကြောင်းများထဲတွင် ရေတချို့စီးဆင်းနေကာ ကျောက်တုံးတချို့တွင် ရေညှိအနည်းငယ် ကပ်ငြိနေဆဲပင်။

ယဲ့ပိုင်သည် ထိုနေရာကို လှမ်းကြည့်လိုက်ပြီးနောက် အတိတ်မှ အရာတစ်ခုကို သတိရသွားမိပေ၏။

ထိုနေ့က နေရောင်ခြည်သည် နွေးထွေးပြီး နွေဦးလေပြေများ တိုက်ခတ်နေဆဲပင်။ ခြံဝန်းထဲတွင် စိုက်ပျိုးထားသော မက်မွန်ပင်တချို့သည် အကိုင်းအခက်များ ဖြာထွက်နေပြီး ပန်းရနံ့များ ပျံ့လွင့်နေသည်။

ခြံဝန်း၏ရှေ့တွင် ထိုင်နေကြသော လူအိုကြီးတချို့သည် တည်ကြည်လေးနက်သော အမူအရာဖြင့် လောကကြီး၏ အခြေအနေအရပ်ရပ်အကြောင်း ပြောဆိုနေကြသည်။

ခြေဗလာနှင့် ကလေးတချို့သည် ရှေးဟောင်းရေတွင်းတဝိုက်တွင် ခုန်ပေါက်ပြီး ရေကစားနေကြသည်။

လက်ရန်းပေါ်တွင် ထိုင်နေသော ကြောင်နက်လေးတစ်ကောင်သည် မျက်လုံးမှေးကာ ပျင်းရိသောပုံစံဖြင့် သမ်းဝေနေပေ၏။

အင်္ကျီလက်ကို ပင့်တင်ထားပြီး ဖျင်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးသည် သူမ၏ ဖြူဝင်းသွယ်လျသောလက်ဖြင့် အညိုရောင်သစ်သားပုံးတစ်ပုံးကို သယ်ဆောင်လာသည်။ သူမသည် ရှေးဟောင်းရေတွင်းမှ ရေခပ်ရန် ကြိုးစားနေရင်း သူမ၏နဖူးပေါ်မှ ချွေးများ စီးကျနေသည်။ သူမသည် ပင်ပန်းနေသော်လည်း သူမ၏မျက်နှာပေါ်တွင် နေကြာပန်းကဲ့သို့ တောက်ပသောအပြုံး ထင်ဟပ်နေဆဲပင်။

ဝတ်ရုံဖြူဝတ်လူငယ်တစ်ဦးသည် ထိုနေရာကို ဖြတ်သန်းသွားရင်း အချိန်တခဏကြာမျှ ရပ်တန့်သွားခဲ့သည်။

နှမြောစရာကောင်းလိုက်တာ....

နှစ်များကုန်လွန်သွားချိန်၌ အရာအားလုံးသည် အမှတ်မထင် ပြောင်းလဲသွားပေ၏။

လူအိုကြီးများ မရှိကြတော့ပေ သို့မဟုတ် သူတို့သည် မြေမှုန့်များအဖြစ် ပြောင်းလဲသွားကြလေပြီ။ ကလေးများသည်လည်း ဇာတိမြေကို စွန့်ခွာသွားကြပြီဖြစ်ပြီး မည်သည့်နေရာသို့ ရောက်ရှိသွားကြသည်ကို မသိနိုင်ချေ။

"လူတွေက ဘယ်ရောက်သွားမှန်းမသိ ပျောက်ကွယ်ကုန်ကြပြီ...ကြည်လင်တဲ့ ရေလှိုင်းတွေကတော့ အရှေ့ဘက်ကို စီးဆင်းနေတုန်းပါပဲ"

သူ၏အတွေးများ လက်တွေ့သို့ ပြန်ရောက်လာပြီးနောက် ယဲ့ပိုင်က သက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏အင်္ကျီလက်ကို ခါယမ်းပြီး နောက်သို့လှည့်လိုက်၏။ သူ၏မြင်ကွင်းထဲတွင် လက်တစ်ဖက်က တုတ်ကောက်ကို ကိုင်ထားပြီး တခြားလက်တစ်ဖက်က သစ်သားပုံးအသေးတစ်လုံးကို ကိုင်ထားသော အမျိုးသမီးတစ်ဦးက ယိုင်တိုင်တိုင်ဖြင့် လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။ သူမသည် ယဲ့ပိုင်၏ နောက်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေသည်။

ထိုအမျိုးသမီး၏မျက်ခုံးနှစ်ခုကြားတွင် အိုမင်းခြင်း၏ အရေးအကြောင်းများ နက်ရှိုင်းစွာ ရှိနေသည်။

သူမ၏ဆံပင်ဖြူများသည်လည်း ခေါင်းတစ်ခေါင်းလုံး ဖွာလန်ကြဲနေပေ၏။

ယဲ့ပိုင်ကို မြင်ပြီးနောက် သူမသည် အချိန်တခဏကြာမျှ အံ့အားသင့်သွားပြီး သူမ၏မျက်လုံးကိုဖွင့်ရန် အားယူနေရသည့်အလား မျက်ခွံများ အနည်းငယ်လျှောကျသွားသည်။

"လူလေး...တခြားနေရာက ပြန်လာတာလား...ဘယ်သူ့ကလေးလဲ...တကယ် ရင်းနှီးနေသလိုပဲ"

ရှေးဟောင်းရေတွင်းဘေးတွင် အမျိုးသမီးက ကျွမ်းကျင်စွာဖြင့် ရေပုံးကို ကြိုးချည်လိုက်သည်။ သူမ၏အသံသည် တစ်ကိုယ်တည်း စကားပြောနေသည့်အလား တိုးညှင်းနေပေ၏။

ယဲ့ပိုင်က မည်သည့်စကားမျှမပြောဘဲ ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။

"ဒီနှစ်ပိုင်းတွေမှာ လူငယ်တွေအားလုံး အပြင်ထွက်သွားကြတာပဲ...လူတွေအများကြီးလည်း ပြောင်းရွှေ့ကုန်ကြပြီ...ခြံဝင်းတံခါးတွေတောင် သံချေးတက်ပြီး အပေါက်ကြီးတွေ ဖြစ်နေပြီ...ဘယ်သူမှ ပြန်မလာကြဘူး...ကြားတာတော့ ဒီလမ်းကြားက မကြာခင် ဖျက်သိမ်းခံရတော့မယ်တဲ့...နှမြောစရာပဲ...ငါ ဒီရေတွင်းက ရေကို မသောက်ရတော့ဘူးပေါ့"

ဘုန်း....

အမျိုးသမီး၏အသံတွင် ဝမ်းနည်းမှုများ ရောယှက်နေသည်။ စကားပြောနေရင်း သူမသည် သစ်သားရေပုံးကို ရှေးဟောင်းရေတွင်းထဲသို့ ပစ်ချလိုက်ရာ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဟုတ်တယ်...ဘာမှမကျန်တော့ဘူး"

ယဲ့ပိုင်က အချိန်တခဏကြာမျှ တိတ်ဆိတ်နေပြီးနောက် အမျိုးသမီး၏စကားကို ထောက်ခံလိုက်သည်။

"လူလေး...မင်းက ဘယ်ခြံဝန်းကလဲ"

အမျိုးသမီးက ဂရုတစိုက် ကြည့်လိုက်သည်။ သူမက ရေဖြည့်ထားသော သစ်သားပုံးအသေးကို ဆွဲတင်လိုက်ချိန်တွင် ခြေထောက်များ အနည်းငယ် တုန်ခါသွားပြီး အရေးအကြောင်းများဖြင့် ပြည့်နေသော သူမ၏နဖူးပေါ်တွင် ချွေးစက်တချို့ ထွက်ပေါ်လာသည်။

"ခြံအမှတ် ၉၉ ကပါ"

ယဲ့ပိုင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

"တိုက်ဆိုင်လိုက်တာ...ငါက ခြံအမှတ် ၉၈ မှာ နေတာ...မင်းရဲ့ခြံဝန်းတံခါးက ငါ့အိမ်နဲ့ မျက်နှာချင်းဆိုင်ပဲ"

အမျိုးသမီး၏အသံတွင် အံ့အားသင့်မှုတချို့ ရောယှက်နေသည်။ သူမ စကားပြောလိုက်ချိန်တွင် ကြည်လင်သော ရေတစ်ဝက်ပါသည့် ရေပုံးသည် ရှေးဟောင်းရေတွင်းထဲမှ အပေါ်သို့ ရောက်ရှိလာပြီး ရေများသည် ကြည်လင်အေးမြနေပေ၏။

"ဟုတ်တယ်"

ယဲ့ပိုင်က ခေါင်းညိတ်လိုက်သည်။

အမျိုးသမီးသည် တုတ်ကောက်ကို ရေပုံးလက်ကိုင်၏အလယ်တွင် ထားလိုက်ပြီး သူမ၏လက်နှစ်ဖက်ဖြင့် ကိုင်လိုက်သည်။ သူမသည် တုတ်ကောက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ရေတစ်ဝက်ပါသော ပုံးကို အားစိုက်၍ မလိုက်၏။ သို့သော် ထိုရေပုံးကို မလိုက်ပြီးနောက် သူမသည် အချိန်တခဏကြာမျှ ရပ်တန့်သွားပြီး သူမ၏မျက်နှာပေါ်တွင် ကြင်နာသော အပြုံးတစ်ခု ထင်ဟပ်လာကာ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။

"ဒီရေက တကယ်ကြီး ထူးဆန်းတာပဲ...ငါ နေ့တိုင်း ခပ်နေတာပါ...ဒါပေမယ့် ပုံမှန်ထက် ပိုပေါ့နေသလိုပဲ"

"ဒါက ပေါ့တယ်လို့ ခံစားရလို့ပါ...တကယ်တော့ အရင်လောက်ပဲ ရှိပါတယ်"

ယဲ့ပိုင်က ပြောဆိုသည်။

အမျိုးသမီးသည် ရှေ့သို့တိုးပြီး ရှေးဟောင်းကျောက်ခင်းလမ်းပေါ်တွင် လျှောက်လှမ်းသွားသည်။ သူမ၏ခြေလှမ်းများသည် အလွန်နှေးကွေးပြီး လမ်းအလယ်တည့်တည့်မှ လျှောက်လှမ်းသွားလေ၏။

"ဒါနဲ့ လူလေး...မနေ့က မင်းကို မတွေ့မိပါဘူး...ဒီနေ့မှ ပြန်ရောက်တာလား...ငါက ချက်ပြုတ်ဖို့ ရေလာခပ်တာပါ...မင်း သဘောကျမယ်ဆိုရင် ငါ့ရဲ့အိမ်ကို လိုက်ခဲ့ပြီးတော့ ထမင်းစားပါလား"

"ကောင်းပါပြီ"

ယဲ့ပိုင်က ချက်ချင်းသဘောတူလိုက်သည်။

ထို့နောက် သူသည် အမျိုးသမီး၏နောက်မှ ဖြည်းညှင်းစွာ လိုက်ပါသွားသည်။

ဤလမ်းကြားထဲတွင် လူသူရှားပါးလှသည်။

တစ်ခါတစ်ရံ မက်မွန်ပန်းကိုင်းအချို့သည် ခြံဝန်းများထဲမှ ထွက်ပေါ်နေပြီး ပန်းများသည် အထီးကျန်စွာဖြင့် တောက်ပစွာ ပွင့်လန်းနေကြ၏။

"လူလေး နာမည်က ဘယ်သူလဲ"

အမျိုးသမီးသည် ရှေ့မှ သွားနေပြီး အကွာအဝေးမှာ အလွန်နီးကပ်သော်လည်း သူမအတွက်မူ အတော်လေး ဝေးကွာနေသည်။ သုံးမီတာခန့် လျှောက်ပြီးနောက် သူမသည် သစ်သားပုံးကို မြေပြင်ပေါ် ချလိုက်ပြီး သူမ၏လက်များကို ဒူးပေါ်ထောက်ကာ အနားယူလိုက်သည်။ သူမ စကားပြောချိန်၌ အသံသည် အနည်းငယ်မောဟိုက်သံ ပါနေပေ၏။

"ရှန့်ပေ"

ယဲ့ပိုင်က ဖုံးကွယ်မထားဘဲ တိုးညှင်းစွာ ပြောလိုက်သည်။

အမျိုးသမီးက စက္ကန့်အနည်းငယ်ခန့် အနားယူပြီးနောက် ရေပုံးကို ပြန်မလိုက်သည်။

"ရှန့်ပေ...ဒီနာမည်ကို ငါ ကြားဖူးပါတယ်...ဒါပေမယ့် အသက်ကြီးလာတော့ မေ့လွယ်လာပြီ...အရင်တုန်းက မင်းကို မြင်ဖူးတုန်းက မင်းက ခြေဗလာနဲ့ လျှောက်ပြေးနေတဲ့ ကလေးလေး ဖြစ်ချင်ဖြစ်မှာပေါ့"

"အင်း ဖြစ်နိုင်ပါတယ်"

ယဲ့ပိုင်၏မျက်လုံးများ တည်ငြိမ်နေပြီး တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။

"လူလေး...ဒီတစ်ခါ ပြန်လာပြီးရင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ...နွေဦးပွဲတော်တုန်းကတော့ လူတွေ ပိုများသေးတယ်...အခုတော့ အရမ်း ခြောက်ကပ်သွားပြီ"

သူမ စကားပြောဖော် ရသွား၍လားမသိသော်လည်း အမျိုးသမီးသည် မသိစိတ်ဖြင့် စကားများများ ပြောဆိုနေသည်။

ယဲ့ပိုင်က အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် တိုးညှင်းစွာ ပြန်ဖြေလိုက်၏။

"ကျွန်တော်က လူတစ်ယောက်ကို လာတွေ့တာပါ...ပြီးတော့ သစ်ပင်နှစ်ပင် စိုက်မလို့"

"မင်းနဲ့ စကားပြောရတာ တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်...တခြားလူငယ်တွေနဲ့ မတူဘူး...မြို့ကြီးကနေ ပြန်လာရင် သူတို့က ငါ နားမလည်တဲ့ စကားတွေ ပြောကြတယ်...အခု ဘယ်နိုင်ငံက ကမ္ဘာ့နံပါတ်တစ် ဖြစ်နေပြီလဲ...ဘယ်နိုင်ငံတွေက စစ်ကြေညာတော့မှာလဲ...ဘယ်ဖုန်းအသစ် ထွက်လာပြီလဲ...ဝမ်အမည်ရှိတဲ့သူက မာအမည်ရှိတဲ့သူနဲ့ ကွာရှင်းတာတို့ဘာတို့...မင်းနဲ့ စကားပြောရတာ ပိုပြီးသက်တောင့်သက်သာ ရှိတယ်"

အမျိုးသမီးက ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်သည်။

ယဲ့ပိုင် ပေါ့ပေါ့ပါးပါး တုံ့ပြန်သည်။

"သူတို့က ငယ်ပါသေးတယ်"

"မင်းလည်း အရမ်းငယ်ပါသေးတယ်...ဒါပေမယ့် အဲဒီလူတွေနဲ့ လုံးဝမတူဘူး"

အမျိုးသမီး၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။

ယဲ့ပိုင်သည် ငြင်းဆန်ခြင်းမရှိ လက်ခံခြင်းလည်း မရှိချေ။

"ဖြစ်နိုင်ပါတယ်"

အချိန်စောသေးသဖြင့် နေရောင်ခြည်သည် ပြန့်ကျဲနေပြီး သူတို့နှစ်ဦး၏အရိပ်များသည် လမ်းပေါ်တွင် ရှည်လျားစွာ ထင်ဟပ်နေသည်။

ယဲ့ပိုင်သည် လမ်းတလျှောက်လုံး လမ်းလျှောက်လိုက် ရပ်လိုက်ဖြင့် အမျိုးသမီးနှင့် စကားစမြည် ပြောဆိုလာခဲ့သည်။

ဆယ်မိနစ်ခန့်ကြာမြင့်ပြီးနောက်....

အမျိုးသမီးသည် ခြံဝန်းဟောင်းတစ်ခု၏ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။ သူမသည် လက်ဆန့်တန်းပြီး နဖူးပေါ်မှ ချွေးများကို သုတ်လိုက်၏။

"နောက်ဆုံးတော့ အိမ်ရောက်ပြီ...မင်းသိလား ငါ ဒီလမ်းကို လျှောက်လာတာ ဆယ်စုနှစ်တွေအများကြီး ကြာပြီ...ငယ်ငယ်တုန်းကတော့ ဒီလမ်းကိုလျှောက်တိုင်း အတူတူပဲလို့ ခံစားရတယ်...ဒါပေမယ့် အခုတော့...လျှောက်တိုင်း မတူတော့ဘူး"

ယဲ့ပိုင် မည်သည့်စကားမျှမပြောဘဲ ပြန်မဖြေဘဲ အမျိုးသမီးကို ကျောခိုင်းလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် သူသည် တံခါးရှေ့၌ ပေါင်းပင်များ ပေါက်ရောက်နေသော ရှေးဟောင်းခြံဝန်းတစ်ခု၏ရှေ့တွင် မတ်တတ်ရပ်နေသည်။ တစ်ချိန်က တောက်ပသော အနီရောင်ဆေးသုတ်ထားသည့် သစ်သားတံခါးသည် ယခုအချိန်၌ ဆွေးမြေ့နေလေပြီ။ တံခါးပေါ်တွင် ခတ်ထားသော ကြေးဝါသော့ခလောက်ကြီးသည်ပင် သံချေးတက်နေပြီး နှစ်ကာလများ၏တိုက်စားခြင်းကို ခံထားရသည်။

ကျွီ...

အမျိုးသမီးက တံခါးဖွင့်လိုက်ပြီး တံခါးပွင့်သံ ထွက်ပေါ်လာချိန်တွင် ယဲ့ပိုင်လည်း ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။ သူ၏ဖြူဖွေးသော လက်ကို ဆန့်တန်းကာ ကြေးဝါသော့ခလောက်ပေါ်တွင် တင်လိုက်၏။

ကလစ်...

ကြေးဝါသော့ခလောက် ပွင့်သွားချိန်၌ ဖုန်မှုန့်များ ထွက်ပေါ်လာပြီး ဆွေးမြေ့နေသော သတ္တုနံ့က လေထုထဲတွင် ပြည့်နှက်သွားသည်။

ကျွီ.....

ပျက်စီးယိုယွင်းနေသော သစ်သားတံခါးသည် ဖြည်းညှင်းစွာ ပွင့်လာပြီး ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေသော မြင်ကွင်းသည် ယဲ့ပိုင်၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ထွက်ပေါ်လာသည်။

မျက်နှာချင်းဆိုင်ဘက်ရှိ ရှေးဟောင်းခြံဝန်းအမှတ် ၉၈ တွင် အမျိုးသမီးသည် အိမ်ထဲသို့ ခြေတစ်လှမ်းဝင်ရုံသာ ရှိသေးသည်။ ယဲ့ပိုင်ဘက်မှ တံခါးပွင့်သွားသံကို ကြားလိုက်ရပြီးနောက် သူမ တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ သူမ၏ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားပြီး အနည်းငယ် မှေးနေသော သူမ၏မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာတော့သည်။

All Chapters