ခူးဖူ
Vol. 11 Ch. 116
နှစ်ပေါင်းများစွာအတွင်း ယဲ့ပိုင်တွင် မိတ်ဆွေတချို့နှင့် ယုံကြည်စိတ်ချရသူတချို့ ရှိခဲ့သည်။
ဥပမာအနေဖြင့် သူ အနောက်ဘက် သဲကန္တာရတွင် ခရီးသွားစဉ်တွင် ခြေဗလာဖြင့် လမ်းလျှောက်နေသော ပညာရှိတစ်ဦးနှင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုလူသည် လောက၏ ဆင်းရဲဒုက္ခများကို ကြုံတွေ့ခဲ့ရပြီး သေခြင်းရှင်ခြင်းသံသရာစက်ဝန်းကို ဖြတ်သန်းခဲ့ကာ ဤလောကရှိ အရာရာတိုင်းကို အထင်အမြင်သေးစွာဖြင့် ကြည့်ရှုနိုင်သူပင်။
သူတို့ တွေ့ဆုံစဉ်က ယဲ့ပိုင်သည် ထိုလူနှင့် စိတ်ကူးပေါက်ရာ စကားပြောဆိုကြည့်ရာ သူ့ထံတွင် ထူးခြားသော အတွေးအခေါ်နှင့် နက်နဲသိမ်မွေ့သော အသိပညာများ ရှိသည်အား တွေ့ရှိခဲ့ရသည်။ သူသည် အမှန်တကယ်ကို ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသဖြင့် ယဲ့ပိုင်ပင်လျှင် သူ့ကို အသိအမှတ်ပြုခဲ့ရသည်။
ထိုလူ၏နာမည်မှာ ဗောဓိသတ္တပင်။
တစ်ချိန်တည်းမှာပင် သူ့ထံတွင် ကမ္ဘာလောကကြီးက ချီးကျူးထောပနာပြုသော တခြားနာမည်တစ်ခုလည်း ရှိနေပေ၏။ ဤသည်မှာ ဗုဒ္ဓ သို့မဟုတ် စကြာမုနိပင်။
ဤနှစ်များတစ်လျှောက်တွင် ယဲ့ပိုင်သည် ထက်မြက်သော ပြိုင်ဘက်များနှင့် ရန်သူများစွာကိုလည်း ကြုံတွေ့ခဲ့ရသည်။
ဥပမာအားဖြင့် ခေတ်ကာလတစ်ခုတွင် သူ စိတ်ဝင်စားစရာ ကောင်းသည်ဟု ယူဆခဲ့သော လူတစ်ယောက် ရှိခဲ့သည်။
ထိုလူသည် ယဲ့ပိုင်၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်ကို လိုက်စားရန်အတွက် ထက်မြက်သော ဉာဏ်ပညာကို ပြသခဲ့သည်။ စစ်ပွဲတစ်ခုပြီးတစ်ခု ဖန်တီးကာ လူပေါင်းသန်းချီကို သူ၏အမိန့်အောက်တွင် နာခံစေခဲ့သည်။ သူသည် မြို့များကို တိုက်ခိုက်ပြီး နယ်မြေများကို သိမ်းပိုက်ကာ လူများကို ဆင်းရဲဒုက္ခတွင်းထဲသို့ ကျရောက်စေသည့် နေမဝင်အင်ပါယာတစ်ခုကို ခေတ်ကာလတစ်ခုကြာသည်အထိ တည်ထောင်ခဲ့သည်။ သူသည် ဤအရာများကို အသုံးပြုပြီး ယဲ့ပိုင်ကို ခြိမ်းခြောက်ရန် ကြိုးစားခဲ့ပေ၏။
ထို့ကြောင့် နောက်ပိုင်းတွင် ယဲ့ပိုင်သည် ကိုယ်တိုင်ကိုယ်ကျ ပါဝင်စွက်ဖက်ခဲ့ရပြီး သူ၏လက်ကို တစ်ချက်လှုပ်ခတ်ရုံဖြင့် ထိုလူကို ပျောက်ကွယ်သွားစေခဲ့သည်။
ထို့ကြောင့် သမိုင်းတွင် ထိုလူ၏သေဆုံးမှုသည် အမြဲတစေ ပဟေဠိတစ်ခု ဖြစ်နေခဲ့သည်။
ထိုလူ၏နာမည်မှာ ဘိုနာပတ်ပင်။
အမှန်အားဖြင့် သူ့ထံတွင် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော တခြားနာမည်တစ်ခုလည်း ရှိနေပေ၏။ ဤသည်မှာ နပိုလီယံပင်။
သို့သော် နှစ်ကာလများမှာ အလွန်ရှည်လျားလွန်းလှသည်။
ယဲ့ပိုင်သည် အဆုံးအစမဲ့ ကျယ်ပြန့်သော မြစ်ပြင်ကျယ်ကြီးထဲမှ လှေငယ်လေးတစ်စင်းနှင့် တူညီသည်။ ကြီးမားကျယ်ပြန့်သော ကမ္ဘာလောကကြီးသည် ထာဝရ တည်ရှိနေပေ၏။ သူ၏ ထက်မြက်သော ပြိုင်ဘက်များ သေဆုံးသွားကြပြီ ဖြစ်သည့်အပြင် ယုံကြည်စိတ်ချရသူများလည်း ကွယ်လွန်သွားကြလေပြီ။ ယခုချိန်၌ သူ၏ရှေ့တွင် ထွက်ပေါ်လာသော လူသည် တစ်ဦးတည်းသော ကျန်ရစ်သူ ဖြစ်သဖြင့် သူ၏ အထီးကျန်မှုတချို့ကို အနည်းနှင့်အများ ဖြေဖျောက်ပေးနိုင်ပေလိမ့်မည်။
...
"သခင်ကြီး... ခင်ဗျားက အရင်အတိုင်းပဲ... ရုပ်ရည်ပဲဖြစ်ဖြစ် စိတ်နေသဘောထားပဲဖြစ်ဖြစ် ဘာမှ မပြောင်းလဲဘူး... လှုပ်ရှားမှုလေးတွေကအစ အရမ်းကို သိမ်မွေ့ပြီး ကျက်သရေရှိလွန်းတယ်... ဘယ်ခေတ်ကာလကိုရောက်ရောက် ခင်ဗျားက လောကကြီးနဲ့ သီးခြားကင်းကွာနေသလိုပဲ..."
ဧည့်ခန်းမဆောင်ထဲတွင် သစ်သားတံခါးမကြီး ပွင့်နေပြီး အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် လေးစားအားကျသောလေသံဖြင့် ပြောဆိုရင်း ဖြည်းညင်းစွာ လျှောက်လှမ်းထွက်လာသည်။
"ကံမကောင်းစွာနဲ့ပဲ မင်းကတော့ ကွဲပြားသွားပြီ..."
ယဲ့ပိုင်က လက်ပိုက်ပြီး ခြံဝန်းထဲတွင် မတ်တတ်ရပ်နေသည်။ သူ၏အဖြူရောင် ဝတ်ရုံသည် လေထုထဲတွင် ပျံ့လွင့်နေပေ၏။ သူ ထိုစကားကို ပြောဆိုလိုက်ချိန်တွင် သူ၏ ပတ်ဝန်းကျင်ရှိ လေထုပင်လျှင် အတိုင်းအတာတစ်ခုအထိ ဖော်ပြရန်မစွမ်းသော အထီးကျန်ဆန်မှုကို ထုတ်လွှတ်နေသည်။
ထိုအမျိုးသား၏ခြေလှမ်းများ ယိမ်းယိုင်သွားသည်။ သူ၏မျက်နှာကို အဖြူရောင်အဝတ်စများဖြင့် ဖုံးအုပ်ထားပြီး ဉာဏ်ပညာနှင့် ပြည့်စုံပုံရသော မျက်လုံးတစ်စုံကိုသာ ဖော်ထားသည်။ ယဲ့ပိုင်၏စကားကို ကြားချိန်၌ သူ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဥ်းမြောင်းသွားသည်။
"ကွဲပြားသွားတာ မဟုတ်ပါဘူး... လျှို့ဝှက်ချက်တွေ အများကြီးကို သိထားလို့ ပြဿနာတွေကို အရင်ကထက် ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ နှံ့နှံ့စပ်စပ် မြင်နိုင်လာတာပါ..."
"အမှန်ပဲ... အသက်ရှည်ရှည် နေရမှတော့ အရာအားလုံးကို အထင်အမြင်သေးတဲ့အမြင်နဲ့ ကြည့်တတ်လာတာပေါ့..."
ယဲ့ပိုင်က သက်ပြင်းချလိုက်သည်။
ထိုအမျိုးသားသည် အရပ်သိပ်မရှည်ဘဲ သူ၏ဆံပင်များ ဖြူဖွေးနေသည်။ သူ၏လက်ထဲတွင် ရွှေတောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားပေ၏။ ထိုတောင်ဝှေးပေါ်တွင် လက်ရာမြောက်သော စာလုံးအမျိုးမျိုးကို ထွင်းထုထားပြီး တွန့်လိမ်ရှုပ်ထွေးနေသဖြင့် လျှို့ဝှက်ဆန်းကြယ်ပုံ ပေါက်နေသည်။
"ဟုတ်ပါတယ်... ဒါပေမဲ့ ကျွန်တော် မမြင်နိုင်သေးတဲ့ အရာတချို့လည်း ရှိပါသေးတယ်..."
"မင်းက ငယ်ပါသေးတယ်..."
ယဲ့ပိုင်က တိုးညှင်းစွာ ပြောဆိုသည်။
ထိုအမျိုးသားက သဘောမတူဘဲ ခေါင်းခါယမ်းလိုက်၏။
"ကျွန်တော် မငယ်တော့ပါဘူး သခင်ကြီး... ကျွန်တော့်ရဲ့အသက်က ၅၀၀၀ ရှိပါပြီ... ခင်ဗျားရဲ့ လျှို့ဝှက်ချက်တချို့ကို သိပြီးတဲ့နောက်မှာ ကျွန်တော် လျှောက်လှမ်းမယ့် လမ်းကြောင်းကို ပြောင်းလဲလိုက်ပါတယ်... ကျွန်တော်က အသွေးအသားတွေနဲ့ အသက်တွေအများကြီးကို ဖျက်ဆီးခဲ့တယ်..."
"အဲ့ဒီအပြစ်တွေကို အရင်းအမြစ်အဖြစ် သတ်မှတ်ပြီးတော့ ပိရမစ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားခဲ့တယ်... ကျွန်တော်ရဲ့စိတ်ဝိညာဉ်က မသေနိုင်ပေမယ့် ငရဲကျနေသလိုမျိုး နှိပ်စက်ခံနေရတယ်..."
"ဒါက တန်ရဲ့လား..."
ယဲ့ပိုင်က သူ၏ခေါင်းကိုတိမ်းစောင်းပြီး ကြည့်လိုက်သည်။
ထိုအမျိုးသားသည် အချိန်တခဏကြာခန့် ရပ်တန့်သွားပြီးနောက် သူ၏ခေါင်းကို အနည်းငယ် ခေါင်းခါလိုက်၏။
"မတန်ပါဘူး..."
ယဲ့ပိုင် မည်သည့်စကားမျှ မပြောတော့ပေ။
ထိုအမျိုးသား၏အသံ ဆက်လက်၍ ထွက်ပေါ်လာသည်။
"ကျွန်တော် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက ကြီးမားလွန်းတယ်..."
"အဆိုးဆုံးကတော့ မင်း သေချင်ပေမယ့် သေလို့မရတာပဲ..."
ထိုအချိန်မှသာ ယဲ့ပိုင်က ပြောဆိုသည်။
ထိုအမျိုးသား အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ မသိလိုက်ခင်မှာပင် ယဲ့ပိုင်၏အနားသို့ ရောက်ရှိနေပြီး နှစ်မီတာအောက်သာ ကွာဝေးတော့သည်။ ယဲ့ပိုင်၏ နက်ရှိုင်းသော အကြည့်ကို သူ ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးများထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်များ ဖျတ်ခနဲ ဖြတ်သန်းသွားသော်လည်း လျှင်မြန်စွာဖြင့် ပုံမှန်ပြန်ဖြစ်သွားသည်။
"သခင်ကြီး... ကျွန်တော် ထိုင်လို့ရမလား..."
"မင်း ထိုင်ချင်ရင် ထိုင်လိုက်လေ... ဘာလို့ ငါ့ကို မေးနေတာလဲ..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ကန့်လန့်ကာ တံခါးရှေ့ရှိ စင်္ကြန်လမ်းတွင် ထားရှိသော သစ်သားကုလားထိုင်နှစ်လုံးသည် ဖြည်းညှင်းစွာ မြောက်တက်လာပြီး ခြံဝင်း၏ဘယ်ဘက်ခြမ်းသို့ တည်ငြိမ်စွာ ကျရောက်သွားသည်။
ပုရွက်ဆိတ်များမှ အသိုက်အဖြစ် အသုံးပြုခဲ့ဖူးသော နွယ်ပင်များသည်လည်း လေထဲသို့ မြောက်တက်လာသည်။ ထောင်ထလာသည့် ပုံစံမမှန်သော ကြိမ်နွယ်ပင်များသည် မှော်စွမ်းအား တစ်စုံတစ်ခုဖြင့် ထိန်းချုပ်ခံလိုက်ရသည့်အလား လေထဲတွင် အလိုအလျောက် လိမ်ယှက်သွားကြ၏။ နောက်ဆုံးတွင် ထိုအရာများသည် အလွန်လက်ရာမြောက်သော စားပွဲတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး သစ်သားကုလားထိုင် နှစ်လုံးကြားသို့ ကျရောက်သွားသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ထိုအမျိုးသားက ယဲ့ပိုင်ကို ကျက်သရေရှိသော အမူအယာဖြင့် ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ထိုင်ခုံပေးတဲ့အတွက် သခင်ကြီးကို ကျေးဇူးတင်ပါတယ်..."
ထို့နောက် သူသည် နောက်သို့ပြန်လှည့်ပြီး ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ သူ၏လှုပ်ရှားမှုများသည် ချောမွေ့ပြေပြစ်နေပေ၏။
"ဒီတစ်ခေါက် လာတာ... ဘာလုပ်ချင်လို့လဲ..."
ယဲ့ပိုင်သည် ခြံဝင်းထဲတွင် ခံစားချက်ကင်းမဲ့သော အမူအယာဖြင့် ဆက်လက်၍ မတ်တတ်ရပ်နေဆဲပင်။ ထိုလူသည် ဝင်ထိုင်လိုက်ပြီးနောက် တိုးညှင်းစွာ မေးမြန်းသည်။
"ငါက ကိစ္စတစ်ခုကို အတည်ပြုချင်ပြီးတော့ အဖြေတစ်ခုကို စောင့်နေတာပါ..."
ယဲ့ပိုင်၏စကားကို ကြားချိန်၌ ထိုအမျိုးသား၏ မျက်လုံးများ တဖြည်းဖြည်း တည်ကြည်လေးနက်သွားသော်လည်း သူ၏အသံထဲတွင် ရူးသွပ်မှုများစွာ ပါဝင်နေသည်။
"ထာဝရအသက်ရှင်ဖို့ဆိုတာ အရမ်း ခက်ခဲတယ်... နတ်ဘုရားတွေ နတ်ဆိုးတွေတောင် အချိန်ကို မလွန်ဆန်နိုင်ကြဘူး... သေခြင်းရှင်ခြင်းကို အုပ်စိုးတဲ့ ယမမင်းတောင် သူ ဘယ်တော့ ပျောက်ကွယ်သွားမလဲဆိုတာ မသိဘူး..."
ယဲ့ပိုင်သည် အံ့အားသင့်သွားခြင်း မရှိပေ။ ထိုစကားများကို နားထောင်ပြီးနောက် သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
ထိုအမျိုးသားသည် မယုံကြည်ချေ။ သူ၏ မျက်လုံးများဖြင့် ယဲ့ပိုင်ကို စူးစိုက်၍ကြည့်လိုက်သည်။
"သခင်ကြီး... အနည်းဆုံးတော့ ခင်ဗျား လုပ်နိုင်ခဲ့တယ်..."
"ဟုတ်တယ်... ဒါပေမဲ့ ငါလည်း အဲ့ဒါကို လိုက်ရှာနေတုန်းပဲ..."
ယဲ့ပိုင်က တည်ငြိမ်စွာဖြင့် တုံ့ပြန်အဖြေပေးသည်။ ထို့နောက် သူသည် နောက်သို့လှည့်ပြီး လွတ်နေသော တခြားသစ်သားကုလားထိုင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။
ထိုအမျိုးသားက သူ၏ခေါင်းကို ထပ်ခါတလဲလဲ ခါယမ်းလိုက်သည်။
"ခင်ဗျားက အမြဲတမ်း ဒီလိုမျိုး ပြောနေတာပဲ..."
ယဲ့ပိုင်က တိုးညှင်းစွာ ပြောဆိုသည်။
"အဲဒါကြောင့် ငါ ခွန်းလွန်တောင် ကနေ ထွက်လာခဲ့တယ်... မြေအိုးကို ခွဲပစ်ခဲ့တယ်... သစ်သားရုပ်ထုတွေကို ယူခဲ့တယ်... ဝူမိသားစု ကို ဖျက်ဆီးခဲ့ပြီး ဒီနေရာကို ရောက်လာခဲ့တာ..."
"သခင်ကြီး... ကျွန်တော် မယုံဘူး..."
ထိုအမျိုးသား၏အသံ အနည်းငယ် အေးစက်လာသည်။
ယဲ့ပိုင်ထံ၌ မည်သည့် တုံ့ပြန်မှုမျှ မရှိသေးပေ။
"ငါက အတိတ်နဲ့ အနာဂတ်ကို သိတယ်... ဒါကြောင့် ယုံတာ မယုံတာက မင်းရဲ့သဘောပဲ..."
ဖြောင်း...
ထိုစကားကို ကြားပြီးနောက် ထိုအမျိုးသားသည် သူ၏လက်ကိုဆန့်တန်းပြီး ကြိမ်စားပွဲကို ရိုက်ချလိုက်ရာ ကြည်လင်ပြတ်သားသော အသံ ထွက်ပေါ်လာသည်။ သူ၏ စိတ်ခံစားချက်များ ပြင်းထန်လာပြီး သူ၏အသံလည်း ပို၍ကျယ်လောင်လာသည်။
"သခင်ကြီး... ခင်ဗျားက အတိတ်နဲ့ အနာဂတ်ကို သိတယ်ဆိုရင် ဘာလို့ ကျွန်တော့်ကို အဖြေမှန် မပေးရတာလဲ... ကျွန်တော်က အဲ့ဒီအဖြေကို ရတာနဲ့ ခင်ဗျားအပေါ် သေချာပေါက် သစ္စာစောင့်သိမယ်ဆိုတာ ခင်ဗျား သိသားပဲ..."
"ခူးဖူ..."
ယဲ့ပိုင်၏အသံ အနည်းငယ် အေးစက်နေသည်။
ဟူး...
ထိုအသံကိုကြားချိန်၌ ခူးဖူဟူသော အမျိုးသားသည် နောက်ဆုံးတွင် တည်ငြိမ်သွားပေ၏။ သူ၏လက်များကိုစားပွဲပေါ်တွင် တည်ငြိမ်စွာ တင်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောဆိုသည်။
"သခင်ကြီး... ဒီနှစ်ပေါင်း ၅၀၀၀ အတွင်းမှာ ကျွန်တော် နားမလည်နိုင်ခဲ့တဲ့ ကိစ္စတစ်ခု ရှိတယ်..."
"ပြော..."
ယဲ့ပိုင်က တုံ့ပြန်သည်။
"ဒီနေ့ ရောက်လာမယ် ဆိုတာ ခင်ဗျား သိရဲ့သားနဲ့ အစတုန်းက ဘာလို့ ကျွန်တော့်ကို လက်ခံဖို့ ရွေးချယ်ခဲ့တာလဲ..."
သူ၏လေသံတွင် သံသယများဖြင့် ပြည့်နှက်နေသည်။
"သိနေလို့ပဲ ငါ လက်ခံခဲ့တာပေါ့..."
ဤလောကတွင် သူ ထွင်းဖောက်မမြင်နိုင်သော အရာများမှာ ထာဝရအသက်၏ လျှို့ဝှက်ချက်နှင့် ထိုမိန်းကလေး၏ ပြန်လည်ဝင်စားခြင်း သံသရာသာရှိသည်။ သူ ခူးဖူ ကို လက်ခံခဲ့ရသည့် အကြောင်းအရင်းမှာ ခူးဖူသည် ထိုအဖြေများကို ရှာဖွေရန်အတွက် သော့ချက်တစ်ခု ဖြစ်လာမည်ကို ကြိုမြင်ခဲ့သောကြောင့်ပင်။
ထိုစကားများကို နားထောင်ပြီးနောက် ခူးဖူ သည် တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား တိတ်ဆိတ်သွားသည်။
နောက်ထပ် အချိန်တစ်နာရီ ကုန်ဆုံးသွားသည်။
ထိုအချိန်မှသာ ခူးဖူသည် စကားပြောဆိုလိုက်သော်လည်း သူ၏မျက်လုံးများအတွင်း၌ ပို၍အိုမင်းသွားသည့် အရိပ်အယောင်များ ထင်ဟပ်နေလေပြီ။
"သခင်ကြီး... ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်က ခင်ဗျားအတွက် ချက်ပြုတ်ပေးချင်တယ်..."
"ဖြစ်နိုင်ပါတယ်..."
ယဲ့ပိုင်က ငြင်းဆန်ခြင်းမပြုဘဲ ခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့... သခင်ကြီး... ဒါဆို ကျွန်တော် အခုပဲ သွားလုပ်လိုက်ပါ့မယ်..."
ခူးဖူက တိုးညှင်းစွာ ပြောဆိုသည်။
ထိုသို့ ပြောဆိုပြီးနောက် သူ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူ၏လက်ဖြင့် ရွှေတောင်ဝှေးကို ဆုပ်ကိုင်ပြီး ရှေးဟောင်းခြံဝန်း၏ မီးဖိုချောင် ရှိရာသို့ ဦးတည်သွားလေသည်။
သို့သော် တစ်ချိန်တည်းမှာပင် သတင်းအချက်အလက်တစ်ခုသည် ရွှေတောင်ဝှေးမှတဆင့် ကီလိုမီတာအကွာအဝေးများစွာကို ဖြတ်ကျော်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ ကြွယ်ဝချမ်းသာ၍ သက်တမ်းရှည်ကြာသော်လည်း ပျောက်ဆုံးနေသော နိုင်ငံတစ်နိုင်ငံဆီသို့ ပေးပို့လိုက်သည်။
သစ်သားကုလားထိုင်ပေါ်တွင် ထိုင်နေသော ယဲ့ပိုင်၏မျက်လုံးထဲတွင် လှိုင်းဂယက် အနည်းငယ်မျှပင် မရှိချေ။