← Chapters

အဖြေ

Vol. 11 Ch. 118

အဖြေ

Vol. 11 Ch. 118

ခြံဝန်းထဲတွင် ယဲ့ပိုင်သည် သစ်သားပန်းပုရုပ်ငယ် နှစ်ခုကို မတူညီသောနေရာနှစ်ခု၌ မြှုပ်နှံပြီး ဝိုင်အရက်များ လောင်းထည့်လိုက်သည်။

မြေဆီလွှာအထက်တွင် အညွန့်သစ်များသည် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပေါက်ရောက်လာပေ၏။

အညွန့်သစ်များ မြေကြီးကို ဖောက်ထွက်လာကာ နေရောင်ခြည်နှင့် ထိတွေ့ပြီးနောက် လျှင်မြန်စွာ ကြီးထွားလာသည်။

တစ်မိနစ်မပြည့်မီ အချိန်အတွင်း၌ ထိုအရာများသည် နှစ်မီတာကျော်အထိ မြင့်မားစွာ ကြီးထွားလာပြီး သစ်ပင်ငယ်နှစ်ပင် ဖြစ်လာတော့သည်။

အကိုင်းအခက်များပေါ်ရှိ စိမ်းလန်းသော အရွက်များသည် တောက်ပနေပြီး မျက်စိကျိန်းဖွယ်ကောင်းနေသည်။

"သခင်ကြီး... ဒီဝိုင်အရက်က ဘယ်က ရတာလဲ... တခြားအရာတွေကို စွမ်းအင်တွေ ပေးနိုင်တာလား..."

ခူးဖူ ၏မျက်လုံးများ တောက်ပသွားပြီး ရတနာတစ်ခုကို ရှာတွေ့လိုက်သကဲ့သို့ ဖြစ်သွားသည်။ သူသည် ထိုဝိုင်အရက်နှင့်ပတ်သက်ပြီး အလွန်အမင်း သိချင်စိတ်ပြင်းပြနေသည်။

"အဲဒီလို မဟုတ်ဘူး..."

ယဲ့ပိုင်က တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။

"အဲ့ဒီလိုလား... သခင်ကြီး... ကျေးဇူးပြုပြီး ပြောပြပေးပါ..."

ခူးဖူ ၏အကြည့်များ၌ ဝမ်းနည်းမှုအရိပ်အယောင်များ အနည်းငယ် ရောယှက်နေသည်။

"မင်း တကယ်သိချင်တာလား..."

ယဲ့ပိုင်၏အသံသည် နူးညံ့ညင်သာနေပေ၏။

ခူးဖူ တွေဝေသွားသည်။

"ဒါက ထူးဆန်းတယ်လို့ ခံစားရပေမယ့် သိချင်ပါသေးတယ်..."

"ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ငါ့ရဲ့ ဆန္ဒမလို့ပါ..."

ယဲ့ပိုင်က သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ ပြောဆိုလိုက်သည်။

ဤအဖြေသည် အလွန်ရိုးရှင်းပြီး မည်သူမဆို ပြောဆိုနိုင်သော စကားပင်။

သို့သော် ခူးဖူ ၏နားထဲတွင်မူ အလွန်လွှမ်းမိုးချုပ်ကိုင်နေသည်။

ဆန္ဒတစ်ခု ရှိလျှင် ပန်းများ ပွင့်လန်းလာမည်... ဆန္ဒတစ်ခု ရှိလျှင် ပန်းများ ကြီးထွားလာမည်...

ယဲ့ပိုင် ဆန္ဒရှိနေသမျှ ကာလပတ်လုံး ဤကမ္ဘာလောကတွင် သူ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်သောအရာ မရှိချေ။

သို့သော် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါဖြင့် ဖိနှိပ်ခံလိုက်ရပြီးနောက် ခူးဖူ၏မျက်နှာသည် တည်ငြိမ်မှုကို ဖြည်းညှင်းစွာ ပြန်လည်၍ ရရှိလာသည်။

"ဒါပေမဲ့ သခင်ကြီး... ကျွန်တော် မယုံချင်သေးဘူး... နှစ်ပေါင်း ၅၀၀၀ ကြာခဲ့ပြီ... ကျွန်တော် ထပ်ပြီးတိုက်ခိုက်ချင်တယ်..."

"မင်း ဆုံးဖြတ်ချက် ချပြီးပြီလား..."

ယဲ့ပိုင်က သစ်ပင်နှစ်ပင်ကို ကြည့်လိုက်သည်။

ငါးမိနစ်မပြည့်မီ အချိန်အတွင်း၌ လူနှစ်ရပ်စာအမြင့်ရှိသော သစ်ပင်များ ဖြစ်လာပြီး သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မှု့ကို ထုတ်လွှတ်နေသော ခြံဝန်းအတွင်း၌ ကြီးမားသော သက်ရှိစွမ်းအားတစ်ခုကို ပြသနေသည်။

ခူးဖူက ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ... ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး..."

"ကောင်းပြီလေ..."

ယဲ့ပိုင်ကလည်း ခေါင်းညိတ်လိုက်၏။

ခူးဖူ၏အသံမှာ ပို၍ခိုင်မာပြတ်သားလာသည်။

"သခင်ကြီး... ဒီဘဝမှာ ခင်ဗျားရဲ့ ပြိုင်ဘက် ဖြစ်ခွင့်ရတာက ကျွန်တော့်အတွက် ကြီးမားတဲ့ ဂုဏ်ယူစရာပါပဲ... ဖြစ်နိုင်ရင် နောက်ထပ်တောင်းဆိုစရာ တစ်ခု ရှိပါသေးတယ်..."

"မရဘူး..."

ယဲ့ပိုင်က ကြားဖြတ်ပြောဆိုသည်။

"မင်း ရွေးချယ်မှု တစ်ခု လုပ်ပြီးပြီ ဆိုမှတော့ ရလဒ်ကို ခံနိုင်ရည်ရှိတဲ့ သတ္တိ ရှိနေရမယ်..."

"ဟုတ်ကဲ့ပါ..."

ခူးဖူ၏မျက်လုံးများ စူးရှတောက်ပနေသည်။

"သခင်ကြီး... တခြားအမိန့်ပေးစရာ ရှိနေသေးလား..."

"မင်းဆီမှာ ထာဝရအသက် လျှို့ဝှက်ချက်ရဲ့ သဲလွန်စတွေ ရှိနေရင် ငါ့ကို ပြောပြလို့ ရတယ်..."

"ကောင်းပါပြီ..."

ခူးဖူ အချိန်တခဏကြာမျှ တုံ့ဆိုင်းသွားသည်။

"သခင်ကြီး... တခြားအမိန့်ပေးစရာ မရှိတော့ဘူးဆိုရင် ဒီကျွန်အိုကြီးက ထွက်သွားပါတော့မယ်..."

"သွားတော့..."

ယဲ့ပိုင်သည် တားဆီးခြင်း မပြုဘဲ ခေါင်းညိတ်လိုက်၏။

အချိန်များ တိတ်ဆိတ်စွာ ကုန်ဆုံးသွားပြီးနေမင်းကြီးသည် အနောက်ဘက်သို့ ဝင်ရောက်သွားလေပြီ။

နောက်ဆုံး နေရောင်ခြည်သည် အမြင့်မှ ကျဆင်းလာပြီး ခြံဝန်းအမှတ် ၉၉ ထဲသို့ ရောက်ရှိလာသောချိန်၌ ယဲ့ပိုင်၏အရိပ်တစ်ခုတည်းသာ ကုလားထိုင်နှစ်လုံးပေါ်တွင် ထင်ဟပ်နေသည်။

"ပန်းတွေ ကြွေကျသွားပြီ... လုပ်စရာရှိတာ လုပ်ရတော့မယ်... ဒီတစ်ခေါက် လမ်းကြားလေးထဲကို ပြန်ရောက်လာတာက အတိတ်ကို ပြန်ရောက်သွားသလို ခံစားရတယ်..."

ယဲ့ပိုင်သည် ကြိမ်စားပွဲရှေ့တွင် ဝင်ထိုင်လိုက်၏။ နေမင်းကြီး လုံးဝကွယ်ပျောက်သွားချိန်၌ သူ မတ်တတ်ထရပ်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် ဧည့်ခန်းမဆောင်ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

ဘုန်း... ဘုန်း... ဘုန်း...

သူ ဧည့်ခန်းမဆောင်ထဲသို့ ခြေချလိုက်ချိန်၌ ငြိမ်သက်နေသော သပ်ရပ်သည့် မြေအိုးများသည် တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားကြပြီး အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားကြသည်။

မြေအိုးများထဲမှ အရာများပင် ကြွင်းကျန်ရစ်ခြင်း မရှိချေ။

လေထုထဲတွင် အေးစက်စက် အငွေ့အသက်များ ရှိနေသည်။

အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာသို့ ဝင်ရောက်လာပါက နေရာတွင်ပင် သူ၏ခန္ဓာကိုယ် တောင့်တင်းသွားပေလိမ့်မည်။

ယဲ့ပိုင်က ဧည့်ခန်းမဆောင်ကို တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်လိုက်သည်။ ထွင်းထုဓားတစ်ချောင်းက သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက် သူသည် နံရံပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားကို ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်လိုက်သည်။

သူ စကားမပြောမီ နှစ်နာရီတိတိ ကြာမြင့်သွားသည်။ ထို့နောက် အမြဲတစေ ရိုးရှင်းနေသော သူ၏မျက်လုံးများထဲတွင် အေးစက်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

"ခူးဖူ... ကံကြမ္မာဆိုတာ ဆုံးဖြတ်ချက် ချလိုက်တဲ့အချိန်မှာ လမ်းကြောင်းနှစ်ခု ကွဲသွားလေ့ ရှိတယ်... တကယ်တော့ ခုဏက မင်းမှာ နောက်ဆုံး အခွင့်အရေး ရှိနေသေးတယ်... တကယ်လို့ မင်းသာ အဲဒီအရာကို ငါ့ဆီ ပေးခဲ့ရင် အနာဂတ်မှာ ပြောင်းလဲနိုင်မယ့် အခွင့်အရေး ရှိကောင်းရှိနိုင်လိမ့်မယ်... ဒါပေမဲ့ အခုတော့ ငါ တခြားလမ်းကြောင်းအတိုင်းပဲ သွားရတော့မယ်..."

...

ညအချိန် ဖြစ်ပြီး လေထုက အနည်းငယ် အေးမြနေသည်။

ဆောင်းဦးရေပြင်စံအိမ်တွင် ဝမ်အန်း သည် မြက်ခင်းပြင်တစ်ခုပေါ်၌ မတ်တတ်ရပ်နေသည်။

ဝမ်အန်းသည် ရိုးရိုးရှင်းရှင်း မတ်တတ်ရပ်နေခြင်း ဖြစ်သော်လည်း ခန့်ညားထည်ဝါပြီး ထိပါး၍ မရနိုင်သော အရှိန်အဝါတစ်ရပ်ကို ပေးစွမ်းနေသည်။

သူ၏ရှေ့တွင် အမျိုးသားတစ်ဦးက ရိုသေလေးစားစွာ မတ်တတ်ရပ်နေသည်။

"သခင်... ဒီအတောအတွင်းမှာ ကမ္ဘာပေါ်က အင်အားစုတွေအားလုံးကို စုစည်းပြီးပြီ... အမိန့်မနာခံတဲ့သူတွေ အားလုံးကို သတ်ပစ်လိုက်ပြီ...ငါးစာ ပုဇွန်စာလောက်ရှိတဲ့ အကောင်သေးလေးတွေကိုတော့ လောလောဆယ် လျစ်လျူရှုထားတယ်..."

ချန်ရှောင်က တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ပြောဆိုလိုက်၏။

"တကယ်လား..."

ထိုစကားကို နားထောင်ပြီးနောက် ဝမ်အန်း၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။

ချန်ရှောင်က အချိန်တခဏကြာမျှ ရပ်တန့်သွားပြီး သူ၏နဖူးပေါ်မှ ချွေးစေးများ ယိုစီးကျလာသည်။

"သခင်... ကျွန်တော်က ပစ်မှတ်အဆင့်အတန်းကို တင်းတင်းကြပ်ကြပ် လိုက်နာခဲ့ပါတယ်... အဲ့ဒီအင်အားစုတွေက သခင် ထွက်လာမှန်း သိကြတော့ တော်တော်များများက ရိုးသားလာကြတယ်... ဒါပေမဲ့ ရှေးဟောင်းမြို့တော်မှာ ဝူမိသားစု လိုမျိုး အဆင့်နိမ့်အင်အားစုတွေ အများကြီး ရှိနေသေးတယ်... သူတို့ကိုတော့ လောလောဆယ် ဂရုစိုက်ဖို့ အချိန်မရသေးဘူး... ဘာပဲဖြစ်ဖြစ် သူတို့က ကျွန်တော်တို့ရဲ့မျက်စိထဲကို ဝင်လာနိုင်မှာ မဟုတ်ဘူး..."

"တခြား ဘာရှိသေးလဲ..."

ဝမ်အန်းက တိုးညှင်းစွာ မေးမြန်းလိုက်သည်။

ချန်ရှောင်သည် စက္ကန့်အနည်းငယ်ကြာခန့် စဉ်းစားပြီးနောက် ပြောဆိုလိုက်၏။

"ချောင်မိသားစု နဲ့ သခင်ကြီးကြားမှာ ပဋိပက္ခ တချို့ ရှိနေပုံရတယ်... အဲ့ဒါကြောင့် ကျွန်တော် က လူတချို့ခေါ်ပြီး အခုပဲ သွားလိုက်ရမလား..."

ဝမ်အန်းသည် ထိုစကားများကို နားထောင်ပြီးနောက် သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

"မှတ်ထားပါ ချန်လေး... သခင်ကြီး ဘာပဲလုပ်လုပ် သူ့မှာ ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ရှိတယ်... သူ အတိအကျ အမိန့်မပေးမချင်း သူ ဘယ်နေရာမှာပဲ ရှိနေပါစေ... သူ့ပတ်ဝန်းကျင်မှာ ဘယ်အင်အားစုတွေပဲ ကြံစည်နေပါစေ... ငါတို့ လုံးဝ ဝင်မပါရဘူး... ဒါက အနိမ့်ဆုံး စည်းမျဉ်းပဲ..."

"ဟုတ်ကဲ့..."

ချန်ရှောင်၏နဖူးပေါ်တွင် ချွေးစေးများ ဆက်လက်၍ ထွက်ပေါ်နေသည်။

"ဒါဆိုရင် လောလောဆယ်တော့ ရှုပ်ရှုပ်ယှက်ယှက် လုပ်ရဲတဲ့ အင်အားစုတွေကို မတွေ့သေးဘူး...ဒါပေမဲ့ အီဂျစ်က ရှေးဟောင်း မိသားစုတစ်စု လှုပ်ရှားနေတယ်ဆိုတဲ့ သတင်းကိုတော့ ရထားတယ်..."

ဝမ်အန်းက အဓိကသတင်းအချက်အလက်ကို ပြောဆိုလိုက်၏။

"အီဂျစ်..."

ချန်ရှောင်၏ပါးစပ်ပွင့်ဟသွားပြီး အီဂျစ်နိုင်ငံရှိ အင်အားကြီးမိသားစုများကို စဉ်းစားကြည့်လိုက်သည်။ အချိန်တခဏကြာချိန်တွင် သူသည် မိသားစုအနည်းငယ်ကို စဉ်းစားမိပြီး ထိုမိသားစုများသည် အမှန်တကယ်ကို အတော်အသင့် အင်အားကြီးမားကြသည်။

ဝမ်အန်း၏အသံသည် အနည်းငယ် အေးစက်နေပေ၏

"ဒီကမ္ဘာကြီးက အရမ်း ကျယ်ဝန်းတယ်... သခင်ကြီးက အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း လောကကြီးကနေ ပုန်းအောင်းနေလေ့ ရှိတယ်... ငါတို့ တစ်ဘဝလုံး ရှင်သန်နေထိုင်တာရဲ့ ရည်ရွယ်ချက်က သခင်ကြီးအတွက် အတားအဆီးတွေအားလုံးကို ရှင်းလင်းပေးဖို့နဲ့ ဒီကမ္ဘာလောကကြီးကို အမြဲတမ်း ထိန်းချုပ်မှုအောက်မှာ ရှိနေစေဖို့ပဲ... ငါပြောတာကို နားလည်လား..."

"ဟုတ်ကဲ့... သခင်..."

ချန်ရှောင်က ခေါင်းညိတ်လိုက်သည်။

ထိုစကားကို ဖြေဆိုလိုက်ချိန်တွင် ထိုလူငယ်လေး၏ပုံရိပ်သည် သူ၏စိတ်ထဲတွင် ချက်ချင်းထွက်ပေါ်လာပေ၏။

ပထမဆုံး တွေ့မြင်စဉ်က အထင်အမြင်သေးမှုမှ နောက်ပိုင်းတွင် တုန်လှုပ်ခြောက်ခြားမှုအထိ ဖြစ်လာခဲ့ပြီး သူ၏စိတ်နှလုံးသားထဲတွင် စကားလုံး တစ်လုံးတည်းသာ ရှိတော့သည်။ ဤသည်မှာ "မှန်းဆ၍မရနိုင်သော" ဟူသည့် စကားလုံးပင်။

ထိုလူငယ်လေးသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပေ၏။

ခွန်းလွန်တောင်မှ အင်မော်တယ်အိုကြီးပင်လျှင် သူ့ကို သခင်ကြီးဟု ခေါ်ဆိုခဲ့သည်။

ထိုလူငယ်၏အဆင့်အတန်းသည် မည်မျှထိ မြင့်မြတ်သနည်း.....

"ကောင်းပြီလေ... ဒါကို မှတ်ထားပါ... လောလောဆယ် သခင်ကြီးကို မနှောင့်ယှက်နဲ့... အီဂျစ်က အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်နေလဲဆိုတာ အမြန်ဆုံး စုံစမ်းလိုက်... ဒီကမ္ဘာလောကမှာ ငါတို့ ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းသွားတဲ့ အရာမျိုးကို ငါ လုံးဝခွင့်မပြုနိုင်ဘူး..."

ဝမ်အန်းက ဆက်လက်၍ ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့...ကျွန်တော် အခုပဲ သွားစစ်ဆေးလိုက်ပါ့မယ်..."

ချန်ရှောင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်ပြီး စံအိမ်ထဲမှ အလျင်စလို ထွက်ခွာသွားသည်။

ဝမ်အန်းသည် မြက်ခင်းပြင်ပေါ်တွင် မတ်တတ်ရပ်နေဆဲပင်။

သူသည် ခေါင်းအနည်းငယ် မော့လိုက်ပြီး နက်ရှိုင်းသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ အချိန်အတော်ကြာပြီးနောက် သူ တီးတိုးရေရွတ်လိုက်သည်။

"သခင်ကြီး... ခင်ဗျားက ကျွန်တော့်ကို အရာအားလုံး ပေးခဲ့တယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့အချိန်တွေ ကုန်ဆုံးတော့မယ်... ဒါပေမဲ့ ဒီနောက်ဆုံးနှစ်တွေမှာ ကျွန်တော့်ရဲ့အသက်နဲ့ အရာအားလုံးကို ပေးဆပ်ရမယ် ဆိုရင်တောင် သခင်ကြီးအတွက် အတားအဆီးတွေအားလုံးကို သေချာပေါက် ရှင်းလင်းပေးပါ့မယ်..."

All Chapters