သေလိမ့်မယ်
Vol. 11 Ch. 120
လမ်းကြားထဲတွင်... ရှေးဟောင်းရေတွင်း၏နံဘေး၌...
ယဲ့ပိုင်သည် ချောင်ကူယွင်၏အသံကို မကြားသည့်အလား အဘွားအိုကိုသာ စိုက်ကြည့်လိုက်သည်။
"ကျွန်တော် ဒီကိုလာတဲ့ ရည်ရွယ်ချက် ပြီးဆုံးသွားပြီ... လူကိုလည်း တွေ့ပြီးပြီ... သစ်ပင်တွေကိုလည်း စိုက်ပြီးပြီ... နောက်နောင်မှာ ခြံဝန်းအမှတ် ၉၉ ကို ခင်ဗျားပဲ လာကြည့်ပေးရတော့မယ်... အခုတော့ ဒီနေ့ ကိစ္စတချို့ ဖြေရှင်းပြီးရင် ကျွန်တော် ထွက်သွားတော့မယ်..."
"ဒီတစ်ခါ... နှစ်ရက်တည်းလား... မြန်လိုက်တာ..."
အမျိုးသမီးသည် ရေပုံးကိုကိုင်ပြီး ပြန်ရန်အတွက် ဟန်ပြင်နေခြင်းဖြစ်သည်။ သို့သော် ယဲ့ပိုင်၏စကားကို ကြားချိန်၌ သူမ အံ့အားသင့်သွားပြီး သူမ၏လက်ကောက်ဝတ်များ တုန်ရီသွားကာ သစ်သားရေပုံးသည် ကျောက်စရစ်ခဲများပေါ်သို့ မှောက်ကျသွားပြီး အတွင်းမှ ရေများ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။
ယဲ့ပိုင်၏အသံ ထွက်ပေါ်လာသည်။
"မနေ့ညက ရုပ်ထုထွင်းလို့ မရတော့ဘူး... ပြီးတော့ ကျွန်တော့်မှာ မရေရာတဲ့ ကြိုတင်သိမြင်မှု တစ်ခု ရခဲ့တယ်... မကြာခင် အနာဂတ်မှာ ပဟေဠိတချို့ ထွက်ပေါ်လာလိမ့်မယ်... သဲလွန်စတွေက ချောင်မိသားစုနဲ့ တခြားနေရာတစ်ခုမှာ ရှိနေတယ်..."
"ဒါပေမဲ့... အဖြေကို ရှာတွေ့ရင်တောင် မင်း ဘာလုပ်မှာလဲ..."
အဘွားအိုက တစ်စုံတစ်ခုကို စဉ်းစားနေသည်။
ယဲ့ပိုင် စကားပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် မောက်မာသောအသံက ထပ်မံ၍ထွက်ပေါ်လာပြီး သူ၏စကားကို ကြားဖြတ်ပြောဆိုလိုက်သည်။
"ဟေ့ကောင်... ဒီသခင်လေး ပြောတာကို ကြားရဲ့လား..."
ချောင်ကူယွင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် မကျေနပ်မှု အနည်းငယ်ထင်ဟပ်လာပေ၏။
"ငါရဲ့ညီလေး ပြောတာတော့ မင်းက တော်တော် အစွမ်းထက်တယ်ဆိုပဲ..."
ယဲ့ပိုင်သည် ပြန်မဖြေဘဲ နောက်လှည့်ကြည့်ခြင်းပင် မပြုချေ။
ချောင်ကူယွင်သည် မျက်မှောင်ကြုတ်ပြီး စိတ်မကျေမနပ်ဖြစ်သွားသည်။
"ဒါမှမဟုတ်... မင်းရဲ့စွမ်းရည်လေး နည်းနည်းလောက် ပြပါလား... ဒီသခင်လေးက မင်းကို သဘောကျသွားတာနဲ့ မိသားစုခေါင်းဆောင်ရဲ့ မွေးနေ့ပွဲစင်မြင့်ပေါ်မှာ ဖျော်ဖြေခွင့် ပေးမယ်... သူ့ရဲ့ ချီးကျူးမှုကို ရနိုင်မယ့် အခွင့်အရေးတောင် ရှိကောင်း ရှိနိုင်တယ်..."
ယဲ့ပိုင်က ဆက်လက်၍ လျစ်လျူရှုထားသည်။
"မင်း သူ့ကို ကျေနပ်အောင် လုပ်ပေးနိုင်ရင် ငါ့ရဲ့ နောက်လိုက်ညီငယ်လေးတစ်ယောက်အဖြစ် သတ်မှတ်ပေးမယ်... ဘယ်လိုလဲ...မင်း စိတ်လှုပ်ရှားနေပြီလား..."
ထိုစကားကို ပြောဆိုလိုက်ချိန်တွင် ချောင်ကူယွင် သည် ယဲ့ပိုင်နှင့် သုံးမီတာအောက်သာ ကွာဝေးတော့သည်။ ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားများလည်း နောက်မှလိုက်ပါလာပြီး ယဲ့ပိုင်ကို စူးစိုက်ကြည့်ကာ အရှိန်အဝါအပြည့်ကို ပြသထားကြသည်။
သို့သော် ဟန်ကျစ်ကမူ ဖြူဖပ်ဖြူရော် ဖြစ်နေဆဲပင်။ သူ၏ခြေထောက်များ တုန်ရီနေပြီး အမျိုးသားတစ်ဦး၏နောက်တွင် ပုန်းနေကာ ရံဖန်ရံခါ ခေါင်းပြူ၍ ထွက်ကြည့်နေသည်။ သူသည် ချောင်ကူယွင်ကို တားဆီးရန် ကြိုးစားလိုသော်လည်း ယဲ့ပိုင် သူ့အား တွေ့ရှိသွားမည်ကို စိုးရိမ်သဖြင့် စကားမပြောရဲချေ။
"ခင်ဗျား အရင် ပြန်နှင့်ပါ..."
ယဲ့ပိုင်သည် ထိုစကားများကို နားထောင်ပြီးနောက် အဘွားအိုကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူသည် နောက်သို့လှည့်ပြီး ချောင်ကူယွင်ကို ကြည့်လိုက်၏။
သူ၏မျက်လုံးအကြည့်က အလွန်အေးစက်လှသည်။
ချောင်ကူယွင်သည် ထိုအကြည့်ကို မြင်တွေ့ချိန်၌ သူ၏စိတ်ထဲတွင် ထူးဆန်းသော ခံစားမှုတစ်ခု ထွက်ပေါ်လာသည်။ အချိန်တခဏအတွင်းတွင် သူ၏ရှေ့မှ လူငယ်လေး၏ မျက်လုံးထဲ၌ သူသည် ပုရွက်ဆိတ်တစ်ကောင်သာဖြစ်သည်ဟု ခံစားလိုက်ရသည်။
"မင်းက ငါ့ကို ပြောနေတာလား..."
အဘွားအိုသည် ရေများ အကုန်အစင်ဖိတ်စင်သွားသော သစ်သားပုံးငယ်ကို သယ်ဆောင်ပြီး ဒယိမ်းဒယိုင်ဖြင့် နောက်ပြန်လှည့်သွားချိန်တွင် ယဲ့ပိုင်က ပြောဆိုလိုက်သည်။ သို့သော် သူသည် တစ်ဖက်လူကို မေးခွန်းထုတ်ခြင်းထက် ကိုယ့်ကိုယ်ကိုယ် ပြောနေသည့်အလားပင်။
ချောင်ကူယွင်သည် မူလက ရန်လိုနေသော်လည်း ယဲ့ပိုင်၏စကားကို ကြားချိန်၌ အံ့အားသင့်သွားသည်။
သူ့ကို ဤမျှထိ လျှော့တွက်ပြီး စကားပြောရဲသောသူနှင့် တွေ့ဆုံဖူးခြင်းက ဤသည်မှာ ပထမဆုံးအကြိမ်ပင်။
သူ၏နံဘေးမှ အနက်ရောင်ဝတ်စုံဝတ် သက်တော်စောင့်သည် ဒေါသထွက်သွားပေ၏။ ထိုလူ၏မျက်နှာပေါ်ရှိ ကြွက်သားများ ချက်ချင်း တွန့်လိမ်သွားသည်။ သူသည် ယဲ့ပိုင်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ပါးစပ်ဖွင့်ဟကာ အော်ငေါက်လိုက်သည်။
"ဟေ့ကောင်... မင်းက ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံတွေ့နေရလဲဆိုတာ သဘောမပေါက်သေးဘူး ထင်တယ်... ချောင်မိသားစုရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲမှာ စင်မြင့်ပေါ်ကိုတက်ပြီးဖျော်ဖြေခွင့် ရတာက ဘာအဓိပ္ပာယ်လဲဆိုတာမင်း သိရဲ့လား..."
ထိုစကားကိုပြောဆိုပြီးနောက် သက်တော်စောင့်သည် အချိန်တခဏကြာ ရပ်နားပြီးမှ ဆက်လက်၍ ပြောဆိုသည်။
"ပြီးတော့ သခင်လေးချောင်ရဲ့ညီလေး ဖြစ်ခွင့်ရတာက မင်း ဘဝအဆက်ဆက်က ကုသိုလ်တွေ စုဆောင်းခဲ့လို့ ရတာပဲ... သခင်လေးချောင်ရဲ့ နောက်ကိုလိုက်ရင် အကျိုးကျေးဇူးတွေ မြင်ရလိမ့်မယ်... ဒါပေမဲ့ မင်း သဘောမတူရင်တော့... ဟား ဟား ... မင်းက တခြား နည်းလမ်းနဲ့ အဆုံးသတ်သွားလိမ့်မယ်..."
ယဲ့ပိုင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"အော်..."
ဤအချိန်တွင် ချောင်ကူယွင်သည်လည်း အနည်းငယ် သတိပြန်ဝင်လာသည်။ သူသည် ယဲ့ပိုင်ကို စိုက်ကြည့်ရင်း ထူးဆန်းသည်ဟု ထင်မြင်မိသော်လည်း စကားမပြောချေ။
ယဲ့ပိုင်၏ ဖျော့တော့တော့အသံကို ကြားချိန်၌ ဟန်ကျစ်က သတ္တိမွေးပြီး ရှေ့သို့ခြေတစ်လှမ်း တိုးလိုက်သည်။
"ညီလေး... သခင်လေးချောင်က ချောင်မိသားစုဝင် တစ်ယောက်ပါ... ပြီးတော့ ချောင်မိသားစု ရဲ့ မျိုးဆက်သစ်တွေထဲမှာ အလိုလိုက်ခံရဆုံး လူတစ်ယောက်ပဲ..."
ဟန်ကျစ်၏မျက်နှာ နီမြန်းနေပြီး ဆက်လက်၍ ပြောဆိုသည်။
"သခင်လေးချောင်က တစ်ချိန်တုန်းက ပါရမီရှင် တစ်ယောက်ကို တွေ့ဖူးတယ်... အဲ့ဒီလူက နယ်စပ်ဒေသတစ်ခုလုံးရဲ့ မြေအောက်အင်အားစုက သုံးပုံနှစ်ပုံကို အချိန်တိုအတွင်းမှာ ထိန်းချုပ်နိုင်ခဲ့တယ်... သူက တိုက်ခိုက်ရေးမှာလည်း အရမ်းတော်တယ်... ရန်သူငါးယောက်ကို တပြိုင်နက်တည်း တိုက်ခိုက်တာ သူ့အတွက် ပြဿနာ မရှိဘူး... ဒါပေမဲ့ သူက သခင်လေးချောင်ရဲ့တောင်းဆိုမှုကို မလိုက်လျောခဲ့တာကြောင့် သူ့ရဲ့မိသားစုဝင်တွေနဲ့အတူ တစ်ညတည်းနဲ့ ပျောက်ကွယ်သွားခဲ့ရတယ်..."
ထိုစကားကို ပြောဆိုပြီးနောက် ဟန်ကျစ်က အလျင်အမြန် နောက်ဆုတ်ပြီး သက်တော်စောင့် တစ်ဦး၏နောက်တွင် ဝင်ပုန်းလိုက်သည်။
ချောင်ကူယွင်ကမူ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်ထည့်ပြီး မတ်တတ်ရပ်နေသည်။ သူသည် ခေါင်းအနည်းငယ် မော့ထားပြီး သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်နေကာ မျက်နှာပေါ်တွင် ယုံကြည်မှုအရိပ်အယောင်များ ရှိနေသည်။
ဤအချိန်တွင်လမ်းကြားထဲ၌ အဘွားအို၏ကျောပြင်သည် ဝေးသထက် ဝေးကွာသွားလေပြီ။
ယဲ့ပိုင်သည် ဤလူများကို အေးစက်စွာ ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ခံစားချက်အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။
ချောင်ကူယွင်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော လူမျိုးကို သူ အမြောက်အများမြင်တွေ့ခဲ့ဖူးသည်။
"မင်းတို့ ပြောလို့ ပြီးပြီလား..."
ထိုလူများ စကားပြောဆိုပြီးချိန်၌ ယဲ့ပိုင်က တည်ငြိမ်စွာ မေးမြန်းလိုက်၏။
"ဟေ့ကောင်... မင်း ယဉ်ကျေးမှု ရှိရဲ့လား..."
"တောက်... မင်းရဲ့ သဘောထားက ဘာလဲကွ..."
"ဟေ့ကောင်... မင်း သေချင်နေတာလား..."
"သောက်ငတုံးကောင်..."
ဝတ်စုံပြည့်နှင့်သားရေဖိနပ် ဝတ်ဆင်ထားသော သက်တော်စောင့်များသည် အချိန်ကြာမြင့်စွာ ပြောဆိုခဲ့ကြသော်လည်း ယဲ့ပိုင်ထံမှ စကားလုံးအနည်းငယ်သာ တုံ့ပြန်မှု ရရှိချိန်၌ ဆက်လက်၍ သည်းမခံနိုင်ကြချေ။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ဒေါသများပေါက်ကွဲလာကာ ယဲ့ပိုင်ကိုကြည့်ပြီးအော်ဟစ်လိုက်ကြသည်။
ချောင်ကူယွင်သည် ဘောင်းဘီအိတ်ကပ်ထဲမှ ဘယ်ဘက်လက်ကို ထုတ်လိုက်ပြီး လေထဲသို့ ဆန့်တန်းကာ အောက်သို့ဖိနှိပ်လိုက်သည်။
ထိုအရာကို မြင်တွေ့ချိန်၌ သက်တော်စောင့်များအားလုံး ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားကြသည်။
"ကောင်လေး... မင်းက ဒီသခင်လေးရဲ့ စိတ်ဝင်စားမှုကို အောင်မြင်အောင် ဆွဲဆောင်နိုင်ခဲ့တယ်... အနည်းဆုံးတော့ မင်းရဲ့တည်ငြိမ်မှုက ငါ့ကို သဘောကျစေတယ်... လာပါ... ငါနဲ့ ပူးပေါင်းလိုက်... မင်း ဘယ်လို တောင်းဆိုမှုမျိုး လုပ်ချင်လဲ... ဘယ်တောင်းဆိုမှုမျိုးကိုမဆို ငါ လိုက်လျောပေးမယ်..."
ချောင်ကူယွင်က ထပ်မံ၍ ပြောဆိုလိုက်သည်။ သူ၏အသံသည် အေးစက်ပြီး မောက်မာထောင်လွှားနေပေ၏။
"သခင်လေးချောင်က တကယ့်ကို အံ့အားသင့်စရာ ကောင်းတာပဲ..."
သက်တော်စောင့်တစ်ယောက်၏နောက်တွင် ပုန်းနေသော ဟန်ကျစ်သည် ချောင်ကူယွင်၏စကားကို ကြားပြီးနောက် အသံတိုးတိုးဖြင့် သက်ပြင်းချလိုက်သည်။ ထိုအသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ချောင်ကူယွင်၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။ ဟန်ကျစ်၏စကားကို ကြားပြီးနောက် သူ၏မျက်နှာပေါ်တွင် ယုံကြည်ချက်များ ပို၍ပီပြင်ထင်ရှားလာသည်။
"ဒီနေ့က မင်းတို့ မိသားစုခေါင်းဆောင်ရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့လား..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။ ယခင်က သူတို့ ပြောခဲ့သော စကားများကိုမူ သူ လုံးလုံးလျားလျား လျစ်လျူရှုထားသည်။
ချောင်ကူယွင်က ခေါင်းညိတ်ပြပြီး သူ၏ လေသံ အနည်းငယ် မြင့်တက်သွားသည်။
"အမှန်ပဲ..."
ယဲ့ပိုင်၏အသံက ဆက်လက်၍ ထွက်ပေါ်လာသည်။
"သူ အသက် ၁၀၀ ပြည့်တဲ့အချိန်မှာ အိမ်မှာ ရိုးရိုးသားသား နေတာ အကောင်းဆုံးပဲ... ကြီးကြီးမားမား လှုပ်ရှားမှုတွေ မလုပ်နဲ့လို့ တစ်ယောက်ယောက်က သူ့ကို ပြောဖူးတာ မေ့နေတာများလား..."
"မင်း ဘာကို ဆိုလိုတာလဲ..."
ချောင်ကူယွင်က မျက်မှောင်ကြုတ်ပြီး ယဲ့ပိုင်ကို စိုက်ကြည့်လိုက်သည်။ ဤစကားများထဲတွင် ဖုံးကွယ်ထားသော တစ်စုံတစ်ရာ ရှိနေသည်ဟု သူ ထင်မြင်မိသည်။
ယဲ့ပိုင်၏အသံသည် ပြောင်းလဲခြင်း မရှိချေ။
"ချောင်မြောင်ရွှန်း ဒီနေ့ သေလိမ့်မယ်လို့ ဆိုလိုတာ..."
အမ်...
လမ်းကြားထဲတွင် လေထု၏အပူချိန်သည် ဒီဂရီအနည်းငယ်ခန့် ချက်ချင်းကျဆင်းသွားပေ၏။
ချောင်ကူယွင်၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး သူ၏မျက်နှာပေါ်ရှိ ကြွက်သားများ တုန်ခါသွားသည်။
နံဘေးရှိ သက်တော်စောင့်များအားလုံး ပြင်းထန်စွာ တုန်လှုပ်သွားကြပြီး အေးစက်သော အငွေ့အသက်များက သူတို့၏နံဘေးပတ်လည်တွင် ပျံ့နှံ့သွားတော့သည်။
နောက်တွင်ပုန်းနေသော ဟန်ကျစ်သည် ပါးစပ် အဟောင်းသား ဖြစ်သွားပြီး သူ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။ ယဲ့ပိုင်သည် အလွန်ကြောက်စရာ ကောင်းသည်ဟု သူ ထင်မှတ်ထားသော်လည်း ချောင်မိသားစု ခေါင်းဆောင်ကမူ သေချာပေါက် ပို၍ကြောက်မက်ဖွယ် ကောင်းပေမည်။
'ဒီနေ့က ချောင်မိသားစုခေါင်းဆောင်ရဲ့ မွေးနေ့လေ... ဒီကောင်က ချောင်ကူယွင်ရဲ့ရှေ့မှာ ချောင်မြောင်ရွှန်း သေလိမ့်မယ်လို့ ပြောရဲတယ်လား...'
'သူက သတ္တိကောင်းလွန်းနေတာ မဟုတ်လား...'
Thank For Reading.