တခြားသူရဲ့အကူအညီ မလိုဘူး
Vol. 34 Ch. 333
"ငါ လူအကဲခတ်မှားလေ့မှားထ သိပ်မရှိပါဘူးကွ"
ယွီချောင်အန်းသည် အားတင်းကာပြုံးလိုက်သော်လည်း သူ၏မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုကို ဖုံးကွယ်၍ မရနိုင်ဘဲ သူ့အသံတွင် ယုံကြည်မှု ကင်းမဲ့နေသည်။
သူ့အမြင်အရ ထိုမိန်းကလေးငယ်သည် ကောက်ကျစ်သော သူတစ်ဦး မဖြစ်နိုင်ပေ။
ထို့အတူ သူမအားခေါ်ဆောင်လာသူမှာ နီကျွင်း မဟုတ်လော။
သူ၏စီနီယာအစ်ကိုနီက စိတ်လိုက်မာန်ပါလုပ်တတ်သော်လည်း မနှစ်မြို့စရာတစ်ခုခု တွေ့သည်နှင့် ချက်ချင်းဓားထုတ်မယ့်သူမျိုးပင်။
ဤအကျင့်ကြောင့်ပင် သူ အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိစဉ်က ဟွမ်ယွမ်အရှင်သခင် တစ်ယောက်၏ လက်ဝါးချက်ဖြင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ဖူး၏။ ထိုအချိန်က သူတို့ဆရာသာ တစ်နာရီခန့်နောက်ကျမှရောက်လာခဲ့လျှင် သူ့အသက်အား တကယ် ဆုံးရှုံးသွားရလိမ့်မည်။
အကြောင်းရင်းကလည်း ခိုလှုံခွင့်တောင်းနေသည့်အချိန်တွင် သူ၏မျိုးနွယ်စုပိုင်ရတနာကို တခြားသူအတင်းအဓမ္မလုယူသွားခြင်းအား သူသည်းမခံနိုင်၍ဖြစ်ပေသည်။
...
ထိုမျှမာနကြီးသောသူက ကောက်ကျစ်စဉ်းလဲသူမည်သို့ မျက်စိကျနိုင်မည်နည်း။
သို့သော် ကျန်းချိုလန်၏ ယခင်စကားများသည် အစ်ကိုကြီးထုံ၏ အတွေးများနှင့် တိုက်ဆိုင်နေသည်။
သူမက တကယ်ပင် သူမ၏အပေါင်းအဖော်များကို နတ်ဆိုးစာကျွေးဖို့ ကြံစည်နေခြင်းလော။
"တိုက်ဆိုင်လိုက်တာ... ငါလည်း ဒီလိုပဲ တွေးနေတာ"
ထုံရှင်းချွမ်း ပေါ့ပေါ့ပါးပါး ငုံ့ကြည့်လိုက်၏။
ယခုအချိန်တွင် သူတို့သုံးဦးသည် တောင်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ရာ ကြေးမုံပြင်ကိုအသုံးပြုရန် မလိုအပ်တော့ပေ။
နတ်ဆိုးဧကရာဇ်၏ဂူဖြစ်သည့်အတွက် တောင်တန်းတစ်ခုလုံးတွင် ၎င်း၏ အနံ့အသက်များ စွဲကျန်နေသည်။ သာမန်ကျင့်ကြံသူများသည် အနားကပ်လိုက်ရုံဖြင့် ဖိနှိပ်ထားသော အရှိန်အဝါကြောင့် ဒူးများပျော့ခွေသွားနိုင်သည်။
ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ် သည် ဤနယ်မြေတွင် အာဏာအရှိဆုံးဟု ဆိုနိုင်လောက်သော ကြောက်မက်ဖွယ်သတ္တဝါကြီး ဖြစ်သည်။
၎င်း၏လှုပ်ရှားမှုအနည်းငယ်ကပင် ဟွမ်ယွမ်အဆင့်မှ ထို ၃ ယောက်ကို အလွယ်တကူ သေဆုံးသွားစေနိုင်သည်။
မြွေကြီးအပြင်ထွက်သွားသည်ကို သိသော်လည်း ယွီချောင်အန်းနှင့် ထုံရှင်းချွမ်းတို့သည် အစီအရင်ကို အသုံးပြုကာ ပုန်းအောင်းနေခဲ့ကြ၏။ ကောင်းကင်ယံမှ စီနီယာများ စောင့်ကြည့်နေသည်ကို ထိုသုံးဦး လုံးဝ မသိရှိကြပေ။
ဖုန်းဟွာရှန်း နှင့် အခြားသူများ၏အမြင်တွင် ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ်သည် အကြောင်းရင်းမရှိဘဲ အပြင်ထွက်သွားခြင်းဖြစ်ပြီး အချိန်မရွေး ပြန်ရောက်လာနိုင်သည်။
"တကယ်တော့ သိပ်မဆိုးပါဘူး"
ယွီချောင်အန်း နောင်တရသော အကြည့်ဖြင့် ငုံ့ကြည့်လိုက်၏။
ထိုစုံတွဲကို သူသဘောမကျသော်လည်း သူတို့၏ တည်ငြိမ်မှုသည် သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်နေသည်။ နည်းစနစ်မျိုးစုံကို လျင်မြန်စွာ ထုတ်သုံးနေပြီး တင်းမာနေသော်လည်း ထိတ်လန့်ခြင်း မရှိပေ။
"ကျင့်ကြံသူကျန်း... ကျင့်ကြံသူကျိုး... ဒီသစ်သားလက်ကောက်ကိုဝတ်ထားလိုက်ပါ... ဒါက နတ်ဝိညာဉ်ကို တည်ငြိမ်စေတဲ့ အာနိသင် ရှိတယ်"
ဖုန်းဟွာရှန်းသည် သစ်သားလက်ကောက် နှစ်ကွင်းကို စာနာစိတ်ဖြင့် ပေးကမ်းလိုက်သည်။
ကျိုးယာ၏မျက်လုံးများ အရောင်လက်သွားပြီး ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်ပေ၏။
သူမ၏မျက်နှာပေါ်တွင် ကျေးဇူးတင်ရှိမှုများ ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် ကျင့်ကြံသူဖုန်း"
"တိုးတိုးပြောပါ... ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ... ငါတို့က မကြာခင် ဂိုဏ်းတူတွေဖြစ်လာကြတော့မှာလေ... အချင်းချင်း ကူညီရမှာပေါ့"
ဖုန်းဟွာရှန်းသည် နူးညံ့သိမ်မွေ့သော အစ်ကိုကြီးတစ်ယောက်ကဲ့သို့ သူမကို တိုးတိုးလေး သတိပေးလိုက်၏။
ထို့နောက် ကျန်းချိုလန် ဘက်သို့ လှည့်ကြည့်လိုက်သည်။
ကျိုးယာကလည်း သူမကို လှမ်းကြည့်လိုက်၏။
"ကျင့်ကြံသူကျန်း... အားနာနေရမယ့်အချိန် မဟုတ်တော့ဘူးနော်"
မြန်မြန်ဝတ်လိုက်စမ်းပါ... မဟုတ်ရင် ငါ ဘယ်လို စိတ်ချလက်ချ နေရမှာလဲ။
"..."
ကျန်းချိုလန်သည် သစ်သားလက်ကောက်ကို ယူ၍ ဝတ်ဆင်လိုက်ပြီးနောက် ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြလိုက်ပေ၏။
ထိုကျင့်ကြံသူစုံတွဲသည် သူမကို အလယ်တွင်ထားကာ ဘေးတစ်ဖက်စီမှ ကာကွယ်ပေးလိုက်သည်။
သူတို့သုံးဦးသည် တောင်တန်းတစ်ခုလုံး၏ မြေပုံကို စိတ်ထဲတွင် မှတ်သားထားပြီး ဖြစ်သည်။
သူတို့သည် စွမ်းအင်အကျွင်းအကျန်းကို ခြေရာခံနေကြ၏။
မြွေသိုက်သည် သူတို့ရှေ့တွင် ထင်ရှားစွာ ပေါ်နေသည်။
"ဒီလောက်ထိ ရောက်လာပြီးမှတော့ ဘာကိုမှ စိုးရိမ်မနေနဲ့တော့"
ဖုန်းဟွာရှန်းသည် မျက်လုံးထောင့်မှနေ၍ ကျန်းချိုလန်ကို ခိုးကြည့်လိုက်သည်။
ဒီအမျိုးသမီးက လှတော့လှပါရဲ့... ဒါပေမဲ့ သူ့ရဲ့ စိတ်မြန်လက်မြန် လုပ်တတ်တဲ့အကျင့်က တကယ် ပင်ပန်းစေတယ်။
အကယ်၍ သူမသာ မတော်တဆမြွေဥကို လုယူပြီး မြွေဧကရာဇ်အားနှောင့်ယှက်မိလျှင် သူတို့အားလုံး လက်ဗလာဖြင့် ပြန်ရမည့်အဖြစ်ကို စိုးရိမ်၍သာ ဖုန်းဟွာရှန်း သူမနောက်ကိုလိုက်လာခြင်းဖြစ်သည်။
တောင်ပေါ်သို့ ခြေချခြင်းကို မြွေဧကရာဇ် သတိမထားမိဘဲ နေနိုင်သည်။
သို့သော် မြွေသိုက်နားသို့ ကပ်လိုက်သည်နှင့် ထိုနတ်ဆိုးကြီးသည် အစွမ်းကုန်အမြန်နှုန်းဖြင့် ပြန်ပြေးလာမည်မှာ သေချာ၏။
သူတို့ လွတ်မြောက်နိုင်မလား ဆိုသည်မှာ သူ ဘယ်လောက်ဝေးဝေး ရောက်နေလဲ ဆိုသည့်အပေါ် မူတည်သည်။
ဤအရာက အသက်ဖြင့်ရင်းရသော လောင်းကြေးတစ်ခုပင်။
သို့သော် စိတ်ဝိညာဉ်ရှီအစစ်အမှန်ပုဂ္ဂိုလ်၏ တပည့်ဖြစ်ခွင့် ရမည်ဆိုလျှင် တစ်ကြိမ်ခန့် လောင်းကြေးထပ်ရသည်မှာ ထိုက်တန်ပေသည်။
ထို့အပြင် သစ်သားလက်ကောက်လည်း ရှိနေရာ သူ ဂါထာမန္တန်ရွတ်လိုက်သည်နှင့် သစ်သားလှောင်အိမ်အဖြစ်ပြောင်းလဲသွားပြီး အချိန်ဆွဲပေးမည့်သူ ရှိနေသောကြောင့် အဆင်ပြေလေ၏။
ဖုန်းဟွာရှန်း အကြည့်ကို ရုပ်သိမ်းပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
"မြွေဥတွေ ယူပြီးတာနဲ့ ကိုယ့်လမ်းကိုယ်ပြေးကြမယ်... ဘယ်သူကံကောင်းမလဲဆိုတာ ကြည့်ကြတာပေါ့... အားလုံးပဲ ဝူထုန်းတောင်မှာ ပြန်ဆုံကြမယ်နော်"
ထိုစကားပြောပြီးသည်နှင့် သူသည် ဂူအတွင်းသို့ ရုတ်တရက် ပြေးဝင်သွား၏။
ဒီလိုအခြေအနေမျိုးမှာ တစ်လှမ်းလောက် ဦးသွားတာက သေခြင်းနဲ့ ရှင်ခြင်းကို အဆုံးအဖြတ် ပေးနိုင်တယ်။ ညီမလေးကျိုး နားလည်မှာပါ။
ဖုန်းဟွာရှန်း၏ မျက်လုံးများ အရောင်လက်သွား၏။ မြွေသိုက်၏ မှောင်မဲနေသော အတွင်းပိုင်းသည် သူ့ရှေ့တွင် ပေါ်လာသည်။
သူသည် အနီရောင်ကျောက်စိမ်းကဲ့သို့သော မြွေဥသုံးလုံးကို လျင်မြန်စွာတွေ့လိုက်ရပေ၏။ ပုံမှန် ပျော့ပျောင်းသော မြွေဥများနှင့် မတူဘဲ မာကျောပြီး ခြောက်ပေခန့် မြင့်သည်။
အပျော်လွန်ပြီးစိတ်လှုပ်ရှားနေစဉ် ဖုန်းဟွာရှန်း တစ်ခုခုလွဲနေသည်ကို ရုတ်တရက် ခံစားလိုက်ရပေ၏။
လူတွေ ဘယ်ရောက်ကုန်ပြီလဲ။
သူ လှည့်ကြည့်လိုက်ရာစူးရှသော အေးစက်သည့် အလင်းတန်းတစ်ခုကြောင့် မျက်စိကန်းသွားမတတ် ဖြစ်သွားသည်။
သူ မြင်လိုက်ရသည်မှာ ဓားများကဲ့သို့သော နှင်းခဲတိုက်ခိုက်မှုများနှင့် နဂါးများကဲ့သို့သော မြူခိုးများသာဖြစ်လေ၏။
ကျိုးယာ၏ မျက်နှာပေါ်မှ ဝမ်းသာအားရ အပြုံးသည် အေးခဲသွား၏။ သူမသည် နောက်ကျောမှ ကြီးမားသော ဓားအလင်းတန်း၏ရိုက်ခတ်မှုကို ခံလိုက်ရပြီး စူးရှစွာ အော်ဟစ်လိုက်သည်။
"အား"
"မင်း သေချင်နေတာလား"
ထိတ်လန့်ခြင်းနှင့် ဒေါသထွက်ခြင်းတို့ကြောင့် ဖုန်းဟွာရှန်းသည် အလိုအလျောက် သူ၏ းဂါထာကို အသက်သွင်းလိုက်သည်။
သို့သော် အေးစက်သောဓားအလင်းတန်းသည် သူ့ထံသို့ တည့်တည့် ဝင်ရောက်လာ၏။ တိုက်ခိုက်သူ၏အဆင့်သည် သူ့ထက် တစ်ဆင့် နိမ့်သော်လည်း ကြောက်မက်ဖွယ်ထက်ရှမှုနှင့် အားအင်တို့ကြောင့် သူ့ခန္ဓာကိုယ်ကို နှင်းခဲများ ဖုံးလွှမ်းသွားစေသည်။
ဓားအလင်းတန်းသည် မြွေဥသုံးလုံး၏ ရှေ့တွင် ရပ်တန့်သွား၏။
ထို့နောက် အရိပ်သဏ္ဌာန်တစ်ခု ပေါ်ထွက်လာသည်။
ကျန်းချိုလန်၏ဖြူဖျော့သော လက်ကောက်ဝတ်များသည် ဗလာဖြစ်နေပြီး သစ်သားလက်ကောက် မရှိတော့ပေ။
သူမသည် မြွေဥတစ်လုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပေ၏။
ထို့နောက် တုံ့ဆိုင်းခြင်းမရှိဘဲ သူမ၏ လက်ဝါးများကို တွန်းထုတ်ကာ ကျန်ရှိနေသော မြွေဥနှစ်လုံးကို တစ်မုဟုတ်ချင်း ရိုက်ခွဲပစ်လိုက်သည်။
ခွပ်...
အတွင်းမှ အရည်များသည် သူမ၏လက်ဝါးကြားတွင် တွန့်လိမ်နေပြီး ဖုန်းဟွာရှန်းနှင့် ကျိုရာတို့အပေါ်သို့ စင်ကျသွားလေ၏။
"မင်း..."
မြွေဥများ ကွဲကြေသွားသည်နှင့် ဖုန်းဟွာရှန်း အသက်ရှူကျပ်သလို ခံစားလိုက်ရသည်။
သူသည် လက်ဖြင့် ကာကွယ်လိုက်သော်လည်း စေးကပ်သောဥအရည်များဖြင့် ရွှဲနစ်သွား၏။
ချက်ချင်းပင် ကျန်းချိုလန်၏ မျက်လုံးများသည် အေးစက်သောအဖြူရောင်သို့ ပြောင်းလဲသွားပြီး စကားတစ်ခွန်းမျှ မပြောဘဲ ဂူထဲမှ လျင်မြန်စွာ ပြေးထွက်သွားလေသည်။
ဖုန်းဟွာရှန်း၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့သွားပြီး လိုက်ဖမ်းရန် ကြိုးစားလိုက်၏။
သို့သော် သူ့လက်တွဲဖော်၏ ငိုယိုသံသည် သူ့နားထဲတွင် ပဲ့တင်ထပ်လာသည်။
"ဟွာရှန်း... ငါ့ကို ကယ်ပါဦး"
သူသည် အလိုအလျောက် ကျိုးယာဘက်သို့ လှည့်ကြည့်လိုက်ရာ ရုတ်တရက်အလစ်တိုက်ခိုက်ခံလိုက်ရသဖြင့် သူမ၏အသားများ စုတ်ပြဲသွားပြီး တာအိုဝိညာဉ် ကြေမွသွားကာ အေးစက်သော အငွေ့အသက်များကြောင့် လက်တစ်ဖက်ပင် မလှုပ်နိုင်တော့သည်ကို တွေ့လိုက်ရသည်။
"ညီမလေးကျိုး... သူ... သူ မင်းအသက်ကို ချမ်းသာပေးဖို့ တမင်လုပ်လိုက်တာပဲ..."
ဖုန်းဟွာရှန်း မျက်လုံးများပြူးကျယ်သွားပြီး နဖူးတွင် ချွေးစများ ထွက်လာ၏။
စေးကပ်သော ဥအရည်များ သူ့ကိုယ်ပေါ်တွင် ရှိနေသည်ကို ခံစားလိုက်ရပြီးလည်ချောင်းများ ခြောက်သွေ့ကာ လျှာများပူလောင်လာသလို ခံစားရသည်။
"မင်း နားလည်မှမယ် အစ်ကို... သူ့လှည့်ကွက်ထဲ ဝင်သွားလို့မဖြစ်ဘူး"
"ကယ်ပါ... ကယ်ပါဦး"
ကျိုးယာသည် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး တည်ငြိမ်မှုမရှိတော့ဘဲ ပြင်းထန်သော နာကျင်မှုကြောင့် အလိုအလျောက် အော်ဟစ်နေသည်။
"ငါ့ကို မြန်မြန်ကယ်ပါဦး... ခေါ်သွားပါနော်"
"..."
ဖုန်းဟွာရှန်း တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်ပြီးနောက်လှည့်မကြည့်ဘဲ ဂူဝသို့ ပြေးထွက်သွားပေ၏။
နတ်ဆိုးဧကရာဇ် ပြန်လာနေပြီဖြစ်ကြောင်း သူခံစားမိလိုက်သည်။
ထိုအချိန်တွင် ဝူထုံတောင်ရော ကြက်သွေးရောင်နှလုံးသားမြွေဥပါ သူ့အတွက် အရေးမကြီးတော့ပေ။ သူသည် နတ်ဆိုးတစ်ထောင်ဂူမှ အမြန်ဆုံး ထွက်ခွာသွားချင်ရုံသာ ရှိတော့သည်။
"ကျွတ်"
ယွီချောင်အန်းသည် အောက်ဘက်တွင် ဖြစ်ပျက်နေသမျှကို ကြည့်ပြီးနောက် အကြည့်ကို ရုပ်သိမ်းကာငြီးငွေ့မှုအနည်းငယ်ဖြင့် သက်ပြင်းချလိုက်သည်။
ဘာလို့များ ဘယ်လိုပူးပေါင်းကြမလဲ ဆိုတာကို ရိုးရိုးသားသား မဆွေးနွေးကြတာလဲ။ ဒီကိစ္စက အရမ်းရှုပ်ထွေးတာလည်း မဟုတ်ဘဲနဲ့။
ဒီတောင်ကို သေသေချာချာ လေ့လာကြည့်မယ်ဆိုရင်...စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က စောင့်ရှောက်နေတယ် ဆိုတာကို ခန့်မှန်းလို့ ရနိုင်ပါတယ်။
ထုံရှင်းချွမ်းသည် အောင်နိုင်သူအပြုံးဖြင့် ပြုံးကာ သူ့ဂျူနီယာညီလေးကို လှောင်ပြောင်သလို ကြည့်လိုက်သော်လည်း သူ့လက်ချောင်းများ လှုပ်ရှားမှုကို အနည်းငယ်မျှမရပ်တန့်လိုက်ပေ။
သူ၏လက်ချောင်းထိပ်များ အနည်းငယ် တုန်ခါသွားသည်နှင့် မြေကြီးထဲမှ ရွှေရောင်ကြိုးမျှင်များ ထွက်ပေါ်လာပြီး သူ့လက်ဝါးထဲသို့ ပြန်လည်ရောက်ရှိလာ၏။ ထို့နောက် ယွီချောင်အန်းကို လှောင်ပြောင်လိုက်သည်။
"သောက်ရမ်းမိုက်တယ်... ငါ ဝင်ပါပြီး သူ့ကိုကယ်စရာ မလိုတော့ဘူးနဲ့ တူတယ်"
ဤလှုပ်ရှားမှုက သိပ်တော့ပါးနပ်လှသည် မဟုတ်ပေ။
အဓိကမှာ လုံလောက်သော အချိန်ယူခြင်းနှင့် လျင်မြန်တိကျစွာလှုပ်ရှားခြင်းပင်။
ဖုန်းဟွာရှန်းပါ ဒဏ်ရာအပြင်းအထန်ရအောင် လုပ်နိုင်ခဲ့လျှင် အကောင်းဆုံးပင်။
သို့သော် စွမ်းအားကွာခြားချက်ကိုလည်း ထည့်တွက်ရအုံးမည်။
ကိုယ့်စိတ်ကူးအိပ်မက်များကို ပြတ်သားစွာ စွန့်လွှတ်လိုက်ပြီး ပြီးပြည့်စုံမှုအားမမျှော်လင့်ဘဲ အသင့်လျော်ဆုံးနည်းလမ်းကို ရွေးချယ်နိုင်လိုက်ခြင်းကလည်း အရည်အချင်းတစ်ခုဖြစ်လေ၏။
ထိုချိန်တွင် ရှည်လျားသောမြည်ဟိန်းသံတစ်ခု တောင်များနှင့် ချိုင့်ဝှမ်းများကြား ပဲ့တင်ထပ်သွားသည်။
အဝေးသို့ မရောက်သေးသောကြောင့်၊ အစီအရင်ကွက်၏တားဆီးမှု မရှိတော့သည်နှင့် အနီရောင်ရင့်ရင့်ပုံသဏ္ဌာန်ကြီးသည် ရုတ်တရက် ဂူထဲသို့ ပြန်လည်ဝင်ရောက်လာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသနားစရာ ကောင်းသောညည်းညူသံသည် ထာဝရ တိတ်ဆိတ်သွားလေတော့သည်။