မူလအတိုင်း ပြန်လည်ဖြစ်တည်ခြင်း
Vol. 11 Ch. 112
လမ်းကြားထဲတွင်...
ရှေးဟောင်းအိမ်ကြီးနှစ်လုံး၏တံခါးများသည် တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင် ပွင့်နေကြ၏။
တစ်ခါတစ်ရံတွင် အေးမြသော လေပြေလေညှင်းများ ခြံဝန်းအတွင်းမှ တိုက်ခတ်လာပြီး အမျိုးသမီး၏ဆံပင်ဖျားများကို လှုပ်ခါသွားစေသလို ရှေးဟောင်းကျောက်ခင်းလမ်းပေါ်ရှိ ပေါင်းပင်များကိုလည်း တစ်ခုပြီးတစ်ခု လှုပ်ယမ်းသွားစေသည်။
"လူလေး... မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ... ငါ မမှတ်မိတော့လို့ပါ..."
အမျိုးသမီးက နောက်သို့လှည့်ကြည့်လိုက်ရာ ရေပုံးထဲမှရေများ လှုပ်ခတ်သွားသည်။
"ရှန်ပိုင် ပါ..."
သူမဘက်သို့ ကျောပေးရပ်နေသော ယဲ့ပိုင်က တည်ငြိမ်စွာ အဖြေပေးလိုက်သည်။
အမျိုးသမီးက တိုးညှင်းစွာ ရေရွတ်လိုက်၏။
"အော်..."
မကြာမီ အမျိုးသမီးက တစ်စုံတစ်ခုကို ပြန်သတိရသွားပုံဖြင့် ထပ်မံ၍ ပြောဆိုသည်။
"လူလေး... အဘွား မှတ်မိသလောက်ဆိုရင် မင်းရဲ့ခြံဝန်းထဲကို ဘယ်သူမှ မလာတာ နှစ် ၈၀ လောက် ရှိပြီ... အရင်တုန်းက အဲ့ဒီမှာ နေသွားတဲ့လူက မင်းနဲ့ တော်တော် တူတယ်... မင်းက သူ့ရဲ့ မျိုးဆက်လား..."
"အဖွားက ဟုတ်တယ်လို့ ထင်ရင် ဟုတ်တာပေါ့... မဟုတ်ဘူးလို့ ထင်ရင် မဟုတ်ဘူးပေါ့..."
ယဲ့ပိုင်က ပြောဆိုလိုက်သည်။
အမျိုးသမီး၏မျက်ဝန်းထဲ၌ လှိုင်းဂယက်များ ထသွားပုံရကာ ရေပုံးထဲမှ ရေအနည်းငယ် ဖိတ်စင်သွားပေ၏။ အချိန်အတော်ကြာပြီးနောက် သူမက ပြောဆိုသည်။
"တကယ်လို့ အဲ့ဒီလူ အသက်ရှင်နေသေးတယ်ဆိုရင် သူ့ကို ပြောပေးပါ... ဒီနှစ်တွေတစ်လျှောက်လုံး သူ့ရဲ့ ရှေးဟောင်းခြံဝင်းကြီးကို ငါ စောင့်ရှောက်ပေးခဲ့တယ်. သူခိုးလည်း မလာဘူး... အတွင်းထဲမှာရှိတဲ့ ပစ္စည်းတွေလည်း ဘာမှ ပျောက်ရှမှာ မဟုတ်ပါဘူးလို့..."
"ကောင်းပါပြီ..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။
အမျိုးသမီးက ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ခါးကိုင်းကာ သူမ၏ခြံဝင်းအတွင်းပိုင်းဆီသို့ လျှောက်လှမ်းသွားသည်။ သူမကိုင်ထားသော သစ်သားပုံးထဲမှ ဖိတ်စင်သွားသော ရေများက မြေပြင်ကို စိုစွတ်သွားစေသည်။
သို့သော် ယဲ့ပိုင်သည် ခြံဝင်းအမှတ် ၉၉ ၏ ရှေ့တွင် ဆက်လက်၍ မတ်တတ်ရပ်နေဆဲပင်။
သူ၏အမြင်တွင် ရှေးဟောင်းခြံဝင်းကြီးသည် အလွန်ခြောက်ကပ်နေပေ၏။ ရှေးဟောင်းကျောက်တုံးများကြားရှိ မြေကွက်လပ်များတွင် မြက်ပင်များက မီတာဝက်နီးပါးအထိ ရှည်လျားစွာ ပေါက်ရောက်နေသည်။ ခြံဝန်းထဲတွင် မက်မွန်ပင်တစ်ပင်သည် ကြာမြင့်စွာကတည်းက ညှိုးနွမ်းခြောက်သွေ့နေပြီး အကိုင်းအခက်များ အလယ်မှ ကျိုးပဲ့နေသည်။ သို့သော် မက်မွန်ပင်၏အောက်ခြေတွင် လက်မအရွယ်အစားခန့်ပင် မရှိသည့် အားနည်းသော အညွန့်သစ်လေး တစ်ခု ထွက်ပေါ်နေသည်။ ထိုအရာပေါ်တွင် စိမ်းလန်းသော အရွက် နှစ်ရွက် သုံးရွက် ရှိနေပြီး လေထဲတွင် ယိမ်းနွဲ့နေကြသည်။
ထိုသစ်ပင်နှင့် မျက်နှာချင်းဆိုင်တွင် စင်္ကြန်လမ်းတစ်ခု ရှိနေပေ၏။
ထိုစင်္ကြန်လမ်းပေါ်တွင် သစ်သားခုံတန်းရှည်နှစ်ခု ရှိသည်။ ထိုခုံတန်းရှည်များပေါ်တွင် အက်ကြောင်းများ အလွန် နက်ရှိုင်းနေပြီး အရောင်မှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ထိုအရာများကို ထိလိုက်ရုံဖြင့် ချက်ချင်းပြိုလဲပျက်စီးသွားမည့်အလား ထင်ရသည်။
ခုံတန်းရှည်များအပြင် ခြောက်သွေ့နေသော သစ်နွယ်ပင်တချို့လည်းရှိပြီး အလွန် ထူးဆန်းနေသည်။ တစ်ခါတစ်ရံ ပုရွက်ဆိတ်နက် တချို့သည် သစ်နွယ်ပင်များ၏ အက်ကြောင်းများထဲမှ ထွက်လာပြီး ဦးမှင်များကို ထုတ်ကာ သတိကြီးစွာဖြင့် ရွေ့လျားနေကြသည်။ အပြင်ဘက်တွင် အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် ထိုပုရွက်ဆိတ်များ အစာရှာထွက်ကြတော့သည်။
စင်္ကြန်လမ်း၏နောက်ဘက်တွင် ကြီးမားသော သစ်သားတံခါးကြီးတစ်ချပ် ရှိနေသည်။
ထိုတံခါးကြီးပေါ်ရှိ စက္ကူဖြင့်ကပ်ထားသော အပေါက်များအားလုံး စုတ်ပြဲနေကြလေပြီ။ ယဲ့ပိုင် ရပ်နေသောနေရာမှ ကြည့်လျှင် အတွင်းပိုင်းတွင် လုံးဝမှောင်မိုက်နေကြောင်း တွေ့ရှိရပေမည်။
သစ်သားတံခါးကြီးကို သော့ခတ်မထားဘဲ ဝါညစ်ညစ် ဖြစ်နေသော ဝါးပုလွေတစ်ချောင်းကိုသာ တံခါးပေါ်တွင် ချိတ်ဆွဲထားသည်ကို ယဲ့ပိုင်က တိတ်ဆိတ်စွာ ကြည့်နေမိသည်။
"ဒီလောကမှာ ထိန်းသိမ်းထားဖို့ အခက်ခဲဆုံးအရာတွေကတော့... မှန်ထဲမှာ မှေးမှိန်သွားတဲ့ နှင်းဆီရောင် ပါးပြင်တွေနဲ့ သစ်ပင်ပေါ်က ကြွေကျလာတဲ့ ပန်းပွင့်တွေပဲ..."
တစ်နာရီခန့် ကြာပြီးနောက် ယဲ့ပိုင်က တိုးညှင်းစွာ ရေရွတ်လိုက်ပြီး ခြေတစ်လှမ်းလှမ်းကာ ခြံဝင်းထဲသို့ ဝင်ရောက်လိုက်သည်။
ထို့နောက် သူ၏ ပထမဆုံးခြေလှမ်း ကျရောက်သွားချိန်၌....
ခြံဝန်း၏အတွင်းပိုင်းရှိ မြက်ခင်းပြင်ပေါ်သို့ သူ ခြေချလိုက်ချိန်တွင် အလွန်ထူထပ်သော ပေါင်းပင်များသည် လေပြင်းတစ်ချက် တိုက်ခတ်ခံလိုက်ရသကဲ့သို့ ယိမ်းယိုင်သွားကြသည်။ ယဲ့ပိုင်၏ခြေဖဝါးအောက်မှ စတင်၍ ထိုလေပြင်းသည် အရပ်မျက်နှာအနှံ့အပြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
ထို့နောက် သာမာန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ထိုပေါင်းပင်များ ညှိုးနွမ်းသွားပြီး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။ လေပြေတစ်ချက် တိုက်ခတ်သွားသည်နှင့် ထိုအရာများ ပျောက်ကွယ်သွားပြီး ပြောင်သလင်းခါနေသော ရှေးဟောင်းကျောက်ခင်း ခြံဝန်းကြီး ပေါ်လွင်လာသည်။ ကျောက်တုံးများသည်လည်း ဆိုးရွားသော ရာသီဥတုဒဏ်ကို ခံထားရပုံရသည်။
သူ ဒုတိယခြေလှမ်း လှမ်းလိုက်ချိန်၌..
ခြံဝန်းထဲတွင် ရာသီဥတုဒဏ် ခံထားရသော ရှေးဟောင်းကျောက်တုံးများသည် ယခင်စိမ်းပြာရောင် အသွင်အပြင်သို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာကြသည်။ ထိုအရာများသည် အရပ်ယဲ့ပိုင်၏ခြေထောက်အောက်မှနေ၍ စတင်ပျံ့နှံ့သွားကာ နောက်ဆုံးတွင် သူ ထွက်ခွာသွားစဉ်က အတိုင်း စိမ်းစိုတောက်ပသွားသည်။
တတိယခြေလှမ်း...
စင်္ကြန်လမ်းရှေ့ရှိ သစ်သားခုံတန်းရှည်များ ပြန်လည်ကောင်းမွန်လာပြီး ခြောက်သွေ့နေသော သစ်ပင်များနှင့်နွယ်ပင်များသည် မြေကြီးထဲမှ လောလောလတ်လတ် ထွက်ပေါ်လာသည့်အလား အညွန့်များဝေဆာနေသည်။
...
သတ္တမမြောက် ခြေလှမ်း...
ရှေးဟောင်းခြံဝန်းထဲတွင် သစ်သားတံခါးကြီးတွင်ရှိသော အပေါက်များ ပြန်လည်၍ ကောင်းမွန်သွားပြီး သန့်ရှင်းသပ်ရပ်ကာ ဖုန်မှုန့် တစ်စက်မျှ မရှိတော့ချေ။
ယဲ့ပိုင် သစ်သားတံခါးကြီးရှေ့တွင် ရပ်လိုက်ချိန်၌ ရှေးဟောင်းခြံဝန်းတစ်ခုလုံးသည် အသစ်စက်စက် ဖန်တီးလိုက်သည့်အလား သက်ဝင်လှုပ်ရှားလာသည်။ ခြံဝင်းထဲရှိ ခြောက်သွေ့နေသော မက်မွန်ပင်သာလျှင် ဆက်လက်၍ ခြောက်သွေ့နေဆဲဖြစ်ပြီး ခြံဝန်းတံခါးမကြီးသည်လည်း အချိန်ကာလ၏ သက်သေအဖြစ် ဆွေးမြေ့နေဆဲပင်။
ယဲ့ပိုင်က သူ၏လက်ကိုဆန့်တန်းပြီး သစ်သားတံခါးကြီးကို တွန်းဖွင့်ရန် ဟန်ပြင်လိုက်စဉ်မှာပင်...
မျက်နှာချင်းဆိုင် ရှေးဟောင်းခြံဝင်းဆီမှ သင်းပျပျ ထမင်းဟင်းရနံ့လေး ပျံ့လွင့်လာသည်။
ယဲ့ပိုင် ရပ်တန့်လိုက်က ရပ်တန့်ပြီး မော့ကြည့်လိုက်ရာ ဝါးပလွေကို မြင်တွေ့မိပေ၏။
ခြံဝန်းတံခါး၏အပြင်ဘက်မှ အမျိုးသမီး၏ အိုမင်းသော အသံ ထွက်ပေါ်လာသည်။
"လူလေး... ထမင်းကျက်ပြီ... အရင် စားပြီးမှ အလုပ်လုပ်နော်..."
အမျိုးသမီးက ယဲ့ပိုင်၏နာမည်ကို ထပ်မံ၍ မေ့သွားခဲ့သည်။ သူမသည် ခါးကိုင်းပြီး တံခါးကြီးကို ဘေးတိုက်မှီထားလိုက်၏။ သူမသည် ခြံဝင်းအမှတ် ၉၉ ကို လှမ်းကြည့်လိုက်ရာ အလွန်သန့်ရှင်းသပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာပေ၏။
"နှစ်တွေ အများကြီး ကြာသွားတာတောင် ဒီနေရာက အရင်အတိုင်း သန့်ရှင်းနေတုန်းပါလား..."
"ဟုတ်တယ်..."
ယဲ့ပိုင်က နောက်ပြန်လှည့်ကြည့်ပြီး တိုးညှင်းစွာ ပြောဆိုလိုက်သည်။
"အဘွားက အသက်ကြီးနေပြီဆိုတော့ ခြေလက်တွေက မသန်တော့ဘူး... ဒီထမင်းတစ်နပ် ချက်ဖို့ တစ်နာရီကျော် ကြာသွားတယ်... လူလေး ခံတွင်းတွေ့ပါ့မလား မသိဘူး..."
အမျိုးသမီးက ထပ်မံ၍ ပြောဆိုသည်။
"ရပါတယ်..."
ယဲ့ပိုင် ခေါင်းညိတ်လိုက်ပြီး ခြံဝင်းအမှတ် ၉၈ ထဲသို့ အမျိုးသမီးနောက်မှ လိုက်ပါသွားသည်။
ခြံဝင်းအမှတ် ၉၈ ၏ ဖွဲ့စည်းပုံသည် အမှတ် ၉၉ နှင့် ထပ်တူနီးပါး တူညီသည်။ ဤရှေးဟောင်းခြံဝန်းများကို တည်ဆောက်ခဲ့သူများသည် ဆောက်လုပ်ရေးအဖွဲ့ တစ်ဖွဲ့တည်း ဖြစ်သော်လည်း အတွင်းပိုင်းရှိ အသေးစိတ်ဖွဲ့စည်းပုံများမှာမူ လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။
ယဲ့ပိုင် ဤခြံဝင်းထဲသို့ ဝင်လိုက်ချိန်၌ သူ ပထမဆုံး မြင်လိုက်ရသည်မှာ မက်မွန်ပင်နှစ်ပင် ဖြစ်သည်။
ထိုမက်မွန်ပင်များကို ခြံဝင်း၏ တစ်ဖက်တစ်ချက်တွင် စိုက်ပျိုးထားပြီး ပန်းရောင်ပန်းပွင့်များ တွဲလောင်းကျနေကာ လေထုထဲတွင် မွှေးပျံ့သောရနံ့များ ပြည့်နှက်နေသည်။ မက်မွန်ပင်များ၏နံဘေးတွင် မြေလွတ်အနည်းငယ်ကို စိုက်ပျိုးမြေအဖြစ် ပြုလုပ်ထားပြီး ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ စိုက်ပျိုးထားသည်။
ခြံဝင်းထဲတွင် ဖြောင့်တန်းသော ရှေးဟောင်းကျောက်ခင်းလမ်း တစ်ခု ရှိပြီး အလွန် ချောမွေ့နေသဖြင့် လူများ တစ်နှစ်ပတ်လုံး လမ်းလျှောက်နေကြကြောင်း ဖော်ပြနေပေ၏။
ခြံဝန်းကို ဖြတ်သန်းသွားပြီးနောက် ဤရှေးဟောင်းခြံဝင်း၏ ဧည့်ခန်းမဆောင်ကို မြင်တွေ့ရသည်။
ခန်းမ၏တံခါးပေါက်ရှစ်ခုလုံး ပွင့်နေပြီး အတွင်းပိုင်း အခြေအနေကို အတားအဆီးမရှိ မြင်တွေ့နေရသည်။
ဧည့်ခန်းမဆောင်၏အလယ်တွင် စတုရန်းပုံ သစ်သားစားပွဲတစ်လုံး ရှိနေသည်။
ထိုသစ်သားစားပွဲ၏ အရှေ့နှင့် အနောက်တွင် ဝါးကုလားထိုင်တစ်လုံးစီ ရှိနေပေ၏။
သစ်သားစားပွဲပေါ်တွင် ဟင်းပွဲသုံးပွဲ ထမင်း နှစ်ပန်းကန် တူနှစ်စုံ ဝိုင်အရက်အိုးတစ်လုံးနှင့် ဝိုင်အရက်ခွက်တစ်ခွက်တို့ကို သပ်ရပ်စွာ ပြင်ဆင်ထားသည်။
ဧည့်ခန်းမဆောင်၏ အပြင်ဘက်ကို မျက်နှာမူထားသော နံရံပေါ်တွင် လူတစ်ယောက်၏ ပုံတူပန်းချီကားတစ်ချပ် ရှိသည်။ ဤပန်းချီကားကို ချိတ်ဆွဲထားသည်မှာလည်း နှစ်အနည်းငယ် ကြာမြင့်နေပုံရသည်။ ပန်းချီကားထဲမှ လူသည်ထိပ်အနည်းငယ် ပြောင်နေသော်လည်း မျက်လုံးများကမူ ဉာဏ်ပညာနှင့် ပြည့်စုံနေပုံရပေ၏။ ဤဧည့်ခန်းမဆောင်အတွင်းရှိ မည်သည့်နေရာတွင် မတ်တတ်ရပ်နေသည်ဖြစ်စေ ပန်းချီကားထဲမှ လူသည် ဧည့်သည်ကို စူးစိုက်ကြည့်နေသကဲ့သို့ ခံစားရစေသည်။
အမျိုးသမီး၏ခန္ဓာကိုယ်သည် အိုမင်းမှုကြောင့် အနည်းငယ် ကိုင်းညွတ်နေပေ၏။ ယဲ့ပိုင် ဧည့်ခန်းမဆောင်ထဲသို့ ဝင်လာချိန်၌ သူမသည် လက်ကိုဆန့်တန်းပြီး အဝတ်အစားပေါ်တွင် သုတ်လိုက်ကာ ဆီအညစ်အကြေးများကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူမသည် အလျင်အမြန် ရှေ့တိုးလာပြီး တံခါးကို မျက်နှာမူထားသော ကုလားထိုင်ကို ဆွဲထုတ်ပေးကာ နွေးထွေးသော အသံဖြင့် ပြောဆိုသည်။
"အဘွားမှာ ဟင်းတွေအများကြီး မရှိပါဘူး... ဒါတွေအကုန်လုံးက ငါကိုယ်တိုင် စိုက်ထားတာတွေကို ချက်ထားတာပါ... လူလေး... အရင်ထိုင်ပါ... ကြိုက်တာ စားနော်... အားမနာနဲ့..."
"ဟုတ်ကဲ့..."
ယဲ့ပိုင်က ခြေတစ်လှမ်း ရှေ့သို့လှမ်းလိုက်ပြီး သူ၏လက်များကို ဝှေ့ယမ်းကာ သစ်သားကုလားထိုင်ပေါ်တွင် ကျက်သရေရှိစွာ ထိုင်လိုက်သည်။
ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် အမျိုးသမီးကလည်း မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဖြည်းညှင်းစွာ ဝင်ထိုင်လိုက်သည်။
ယဲ့ပိုင်က တူကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်မှ ဟင်းပွဲများကို ကြည့်လိုက်၏။ ဤှသည်မှာ တရုတ်ဂေါ်ဖီထုပ်ကြော်တစ်ပွဲ မုန်လာဥဖြူကြော်တစ်ပွဲနှင့် ချဉ်ဖတ်တစ်ပွဲတို့ပင်။
ဟင်းပွဲများ ထည့်ထားသော ပန်းကန်ပြားများသည် အလွန်သာမန်ဆန်သော်လည်း သန့်ရှင်းစင်ကြယ်စွာ သုတ်ထားသည်။
ဤဟင်းပွဲများတွင် ဆီအနည်းငယ်သာ ပါဝင်ပြီး အရောင်မှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ထိုအရာများ၏ အသွင်အပြင်သည် အလွန်ရိုးရှင်းလှသော်လည်း ဆွဲဆောင်မှုရှိသောရနံ့များ ထွက်ပေါ်နေပေ၏။
ယဲ့ပိုင်က ဝိုင်အရက်တစ်ခွက် ငှဲ့လိုက်သည်။
ဝိုင်အရက်ခွက်သည် အပေါ်တွင် မက်မွန်ပွင့်ပုံ ထွင်းထုထားသော သစ်သားခွက်ဖြစ်ပြီး အလွန် လက်ရာမြောက်သည်။
ဝိုင်အရက်သည် ကြည်လင်ပြီး ရနံ့သင်းပျံ့နေပေ၏။
သူသည် ဝိုင်အရက်ခွက်ကို ပါးစပ်နား တေ့လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ နာမည်မသိသော ဝိုင်သည် သူ၏နှုတ်ခမ်းနှင့် သွားများကြားတွင် စီးဆင်းသွားပြီး မွှေးပျံ့သော ရနံ့ကို ပေးစွမ်းသည်။ ယဲ့ပိုင်၏မျက်ဝန်းများ နက်ရှိုင်းသွားပြီး သူ၏ရှေ့မှ အမျိုးသမီးကို တိတ်တဆိတ် ကြည့်လိုက်၏။ ထို့နောက် သူက မေးမြန်းလိုက်သည်။
"ဒီနှစ်တွေအတွင်းမှာ ခင်ဗျား နေကောင်းရဲ့လား..."