← Chapters

ရွှမ်ကွမ်းဂူ၏ကျင့်ကြံသူ နှင့် ပြင်းထန်သောတိုက်ပွဲ

Vol. 34 Ch. 335

ရွှမ်ကွမ်းဂူ၏ကျင့်ကြံသူ နှင့် ပြင်းထန်သောတိုက်ပွဲ

Vol. 34 Ch. 335

(အပြောင်းအလဲနည်းနည်းရှိပါမယ် ဟွမ်ယွမ်ရဲ့အထက်အဆင့်ကို နတ်ဘုရားစိတ်ဝိညာဉ်အဆင့်လို့ပြောင်းခေါ်ပါမယ်)

"ဒါက ဘာသဘောလဲ ဂျူနီယာ"

ကျန်းမင်ရွှမ် သည် ကြေမွပျံ့လွင့်သွားသော အလင်းတန်းများကိုကြည့်ကာ ဦးစွာ ရွှေရောင်ခန္ဓာကဓမ္မကိုယ်ထည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များကို သူ့ရှေ့ရှိ လူငယ်လေးထံသို့ လွှဲပြောင်းလိုက်သည်။

ထိုလူငယ်၏ မျက်နှာသည် အလွန်ပင်စိမ်းသက်လှပြီး မည်သည့်အမှတ်အသားမျှ မရှိချေ။

ဤမျှ ငယ်ရွယ်သောနတ်ဘုရားစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

"တော်ပြီ... ပြောနေလို့လည်း ထူးမှာ မဟုတ်ဘူး၊ သွားကြစို့"

လျိုကျင်းယွမ်၏ မျက်နှာထားသည် ပို၍ပင် တင်းမာလာ၏။ လူငယ်လေးက သိပ်ကိစ္စမရှိသော်လည်း ထိုနတ်ဘုရားစိတ်ဝိညာဉ်ရွှေရောင်ခန္ဓာကိုယ်မှာမူ သူတို့နှင့်အဆင့်တူ ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။

...

ထို့အပြင် ၎င်းသည် အနည်းငယ်ထူးဆန်းနေပြီး မည်သည့်အဆင့်ရှိ ရွှေရောင်ခန္ဓာကိုယ် နည်းစနစ်ကို ကျင့်ကြံထားမှန်း မသိနိုင်ချေ။

အကယ်၍ သူတို့တိုက်ပွဲထဲတွင် ပိတ်မိသွားပါက ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ်နှင့်လည်း ရင်ဆိုင်ရပေဦးမည်။

သူ စိတ်အခြေအနေ ကောင်းနေ၍သာ တခြားသူ၏ ဒုက္ခကိုကူညီဖြေရှင်းပေးခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ထိုဒုက္ခသည် သူ့ထံသို့ပါ ကူးစက်လာနိုင်ခြေ ရှိနေသဖြင့် ဆက်လက်ပါဝင်ပတ်သက်နေရန် မလိုအပ်တော့ချေ။

"စီနီယာကျန်း... စီနီယာလျို... မလုပ်ပါနဲ့"

ဖုန်းဟွာရှန်း သည် နောက်ဆုံးတွင် သူ၏ အခြေအနေကို သတိပြုမိသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"ကျွန်တော့်ကိုပါ ခေါ်သွားပေးကြပါဦး"

သို့သော် သူ စကားပင်မဆုံးသေးမီ...

အနီရောင်ရင့်ရင့်ပုံရိပ်တစ်ခုသည် တိမ်တိုက်များကြားမှ ထိုးဆင်းလာပြီး ၎င်းမြေပြင်ပေါ်သို့ ရောက်လာချိန်တွင် ဖုန်းဟွာရှန်း၏ ပုံရိပ်မှာ ထိုနေရာမှ ပျောက်ကွယ်သွား၏။

နဂါးနှင့်တူသော ထိုကြီးမားလှသော မြွေကြီးကြောင့် မြေပြင်မှာ တုန်ခါသွားသည်။

ကြီးမားလှသော နတ်ဆိုးအရှိန်အဝါသည် တစ်ခဏအတွင်း ပျံ့နှံ့သွားလေ၏။

၎င်းသည် ပါးစပ်ထဲရှိရင်းနှီးနေသော အရသာကို ခံစားမိလိုက်ရာမျက်လုံးများထဲတွင် နာကျည်းမှုများ ပြည့်နှက်လာသည်။

ချက်ချင်းပင် ထိုမြွေကြီးသည် အနီရောင်ဝတ်စုံနှင့် လှပသောအမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို မော့ကြည့်ကာ အသံနှိမ့်၍ ပြောလိုက်သည်။

"ဒီဧကရာဇ်က နင့်ကို အခွင့်အရေးတစ်ခုပေးမယ်... အဲဒီမိန်းမကို ငါ့လက်ထဲ အပ်လိုက်စမ်း"

တောက်ပနေသောရွှေရောင်ဓမ္မကိုယ်ထည်မှာမူ မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ ကျန်းချိုလန်

ကို လက်ဝါးထဲတွင် ငြိမ်သက်စွာဆုပ်ကိုင်ထားသည်။

မြွေဧကရာဇ်၏ စကားကို မကြားသကဲ့သို့ပင်။

"တကယ် စိတ်ပျက်စရာ ကောင်းတာပဲ"

လျိုကျင်းယွမ်၏ မျက်နှာ ပို၍ မှောင်ကျသွားပြီး တိုက်ရိုက်ပင် ပြောလိုက်၏။

"တာအိုမိတ်ဆွေ... ဒါက နားလည်မှုလွဲတာပါ၊ အခု ငါတို့ရှေ့မှာ နတ်ဆိုးတစ်ကောင် ရှိနေတာဆိုတော့ ငါတို့ကျင့်ကြံသူတွေ အချင်းချင်း ပူးပေါင်းပြီး ရန်သူကို ခုခံသင့်တယ် မဟုတ်လား... ဒါ့အပြင် ဟိုကောင်လည်း သေသွားပြီဆိုတော့ မင်းရဲ့ဒေါသကို လျှော့လိုက်ပါတော့"

"မျက်နှာပြောင်းတာ စာအုပ်လှန်တာထက်တောင် မြန်သေးတယ်"

ယွီချောင်အန်း သည် ထိုကိစ္စကို လက်လျှော့ရန် တွေးလိုက်သော်လည်း ထုံရှင်းချွမ်းက သူ့ကို ဆွဲထားလိုက်၏။

"အဲဒီလူမှာ တစ်ခုခု ထူးခြားနေတယ်"

အမှန်တကယ်ပင် လူအားလုံး၏ စောင့်ကြည့်နေမှုအောက်၌...

ရှန်းယီသည် နောက်ဆုံးတွင် အကြည့်ကို လွှဲလိုက်ပြီး အေးစက်သောအသံဖြင့် ပြောလိုက်၏။

"အရင်ဆုံး စောင့်ကြည့်ထားလိုက်"

ထိုချောမောသော မျက်နှာနှင့် ရင်းနှီးနေသော အမူအရာကို မြင်လိုက်ရသောအခါ ကျန်းချိုလန်သည် သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး တင်းမာနေသောခန္ဓာကိုယ်မှာလည်း အနည်းငယ် လျော့ကျသွားသည်။

သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်သဲ့သဲ့ ပေါ်လာပြီး သူမထံမှထွက်ပေါ်နေသော ထက်ရှသည့်အရှိန်အဝါများမှာလည်း တစ်ခဏအတွင်း ပျောက်ကွယ်သွား၏။

ဓားရှည်တစ်စင်း အိမ်ထဲသို့ ပြန်ဝင်သွားသကဲ့သို့ပင်။

အမှန်တကယ်ကို သူပဲ။

ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်းမထင်မှတ်ဘဲ ပေါ်လာတတ်ပေမဲ့ လုံခြုံမှုရှိတယ်ဆိုတဲ့ ခံစားချက်ကိုတော့ အမြဲပေးနိုင်စွမ်း ရှိတယ်။

ရှန်းယီ၏ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်၏မျက်လုံးများထဲ၌ ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ကို ကျန်းချိုလန် သတိမထားမိလိုက်ချေ။

"..."

"တာအိုမိတ်ဆွေ... ဒါက ဘာသဘောလဲ"

ကျန်းမင်ရွှမ်သည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ကာလက်ချောင်းများဖြင့် ဂါထာတစ်ခုကို ပြင်ဆင်လိုက်၏။

မြွေဧကရာဇ်က ထိုအမျိုးသမီးကို လိုချင်နေသည်မှာ ရှင်းလင်းလှသည်။

ဤလူငယ်သည် စီနီယာနှစ်ဦးနှင့် မြွေဧကရာဇ်ကို တစ်ပြိုင်တည်း ရင်ဆိုင်ရန် ကြံစည်နေခြင်းလော။

သူ မမှားဘူးဆိုလျှင် ဤလူငယ်သည် နတ်ဘုရားစိတ်ဝိညာဉ် အစောပိုင်းအဆင့် ၌သာ ရှိရမည်။

"ဒီလူက အရက်အိုးပြန်ဝင်စားတာလား... ဘာလို့ ဒီလောက်တောင်..."

ယွီချောင်အန်း ဝေဖန်ရန် ပြင်လိုက်သော်လည်း သူ၏ စကားများမှာ ရုတ်တရက် ရပ်တန့်သွား၏။

တဟုန်ထိုး လှုပ်ခတ်နေသော အနက်ရောင်ဝတ်ရုံသည် မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်ကို သူ မြင်လိုက်ရသည်။

ကျန်းမင်ရွှမ်သည် တစ်ဖက်လူက တကယ် လှုပ်ရှားလာလိမ့်မည်ဟု မထင်ထားသော်လည်း အဆင်သင့် ပြင်ထားသဖြင့် လက်ကြားရှိဂါထာမန္တန်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

သူတော်စင်သုံးပါး တောင်ရွှေ့ဂါထာမန္တန်

မိုးမြေကြားရှိ ဝိညာဉ်စွမ်းအင်များသည် ပြင်းထန်စွာလှိုင်းထလာပြီး မိုင်တစ်ရာခန့် ပတ်လည်ကို လွှမ်းခြုံသွားလေ၏။

ထိုမျှများပြားလှသော ဝိညာဉ်စွမ်းအင်များသည် ခြောက်ပေခန့်မြင့်သော သန်မာသည့် လူဗလကြီး သုံးဦးအဖြစ်သာပြောင်းလဲသွားသဖြင့် ၎င်းတို့၏ စွမ်းအားမှာ မည်မျှကြီးမားမည်ကို သိသာလှသည်။

ဤဂါထာမန္တန်သည် ပြိုင်ဘက်၏ စွမ်းအားကို စမ်းသပ်ရန် အသင့်တော်ဆုံး ဖြစ်သည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် ပြိုင်ဘက်၏ စစ်မှန်သော စွမ်းအားကို သိရှိနိုင်သည်။

ကျန်းမင်ရွှမ်သည် မျက်လုံးများကို မှေးကြည့်လိုက်သည်။

သို့သော် နောက်တစ်ခိုက်တွင် သူ ဘာကိုမျှ မမြင်ရတော့ချေ။

ရှန်းယီ၏ လက်မောင်းနှင့် ခါးကို ဖမ်းဆုပ်လိုက်သော ထိုလူ့ဗလကြီးသုံးဦးမှာ လူငယ်လေးက လက်ကိုအနည်းငယ် မြှောက်လိုက်ရုံဖြင့် ချက်ချင်း ကြေမွသွားသည်။

ထို့နောက် ချက်ချင်းပင်ထိုလက်ဝါးသည် ကျန်းမင်ရွှမ်၏ ဦးခေါင်းထိပ်ပေါ်သို့ ကျရောက်သွားသည်။

ဘုန်း...

သဘာဝဝိညာဉ်စွမ်းအင်ဖြင့် သန့်စင်ထားသော နတ်ဘုရားစိတ်ဝိညာဉ်ခန္ဓာကိုယ်မှာ တိုက်ရိုက်ပင် ရိုက်ခွဲခြင်း ခံလိုက်ရလေ၏။

အနက်ရောင်ဝတ်ရုံလွင့်ပျံသွားပြီး ရှန်းယီသည် ကျန်းမင်ရွှမ်၏ ရင်ဘတ်ကို တံတောင်ဖြင့် တစ်ချက်ဆောင့်လိုက်သည်။

ကျန်းမင်ရွှမ်၏ ခေါင်းမပါသော ခန္ဓာကိုယ်မှာ ချက်ချင်းပင်အဝေးသို့ လွင့်စင်သွားပြီး အတိုင်းအဆမရှိသော အားအင်များကြောင့် အပိုင်းပိုင်းကွဲထွက်ကာ မိုးမြေကြားရှိ ဝိညာဉ်စွမ်းအင်အဖြစ် ပြန်လည်ပျံ့နှံ့သွားလေ၏။

သူ့တွင် အသုံးမပြုရသေးသော ဂါထာမန္တန်များစွာ ကျန်ရှိနေသေးသည်။ သူ၏ ခါးရှိ သိုလှောင်အိတ်ထဲတွင်လည်း မှော်ရတနာများစွာ ရှိနေသေး၏။

သို့သော် ထိုသိုလှောင်အိတ်မှာမူ ကောင်းကင်အနှံ့ ပြည့်နှက်နေသော ဝိညာဉ်စွမ်းအင်များကြားတွင် အားကိုးရာမဲ့စွာ ပြုတ်ကျသွားရလေတော့သည်။

ထိုအနက်ရောင် အရိပ်သဏ္ဌာန်...

၎င်းသည် ထက်ရှသော ဓားတစ်စင်းကဲ့သို့ လူတိုင်း၏အမြင်အာရုံထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်လာသည်။

ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ထံသို့ ပြေးဝင်ရန် ပြင်နေသော ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ်ပင်လျှင် အသိစိတ်အရ သူမ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်မိသည်။

"ဒါ ဘာကြီးလဲ"

ယွီချောင်အန်း အသက်ပြင်းပြင်း ရှူလိုက်၏။ ကျန်းမင်ရွှမ်ကို ဤမျှထိလွယ်ကူစွာရှင်းပစ်နိုင်ခြင်းကြောင့် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံခြင်းအဆင့်နှင့် ကျင့်ကြံခြင်းနည်းစနစ် ကွာခြားချက်မှာ ထင်ရှားလှသည်။

အကယ်၍တစ်ဖက်လူက ပေါ့ဆခဲ့လျှင်တော့... သို့သော် ကျန်းမင်ရွှမ်က သူ့ရှေ့တွင် မည်သို့ ပေါ့ဆရဲမည်နည်း။

"သူ ထူးဆန်းတယ်လို့ ငါ ပြောသားပဲ"

ထုံရှင်းချွမ်းသည် သူ၏လက်ချောင်းငါးချောင်းကို တင်းတင်းဆုပ်လိုက်ပြီး ကြိုတင်မြင်တွေ့ခဲ့ရသည်ကို ကံကောင်းသည်ဟု မှတ်ယူလိုက်၏။

မဟုတ်လျှင် သူသာ နတ်ဘုရားစိတ်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရပါက သူ့ကို အထင်သေးမိမည်မှာ သေချာသည်။

"မင်း..."

လျိုကျင်းယွမ်သည် သူ၏စိတ်ထဲမှ ကြောက်ရွံ့မှုကို အတင်းဖိနှိပ်ကာ နောက်သို့ဆုတ်ရန် ကြိုးစားလိုက်၏။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် လူငယ်လေးသည် လျှပ်စီးကဲ့သို့မြန်ဆန်သော အရှိန်ဖြင့် သူ့လည်ပင်းကို ဖမ်းဆုပ်ကာ အတင်းဆွဲမြှောက်လိုက်သည်။

ထင်ရှားနေသော လက်ဆစ်များမှာ လျိုကျင်းယွမ်၏ အသားထဲသို့ လွယ်လွယ်ကူကူ နစ်ဝင်သွား၏။

သူ၏ အာရုံအားလုံးမှာ ရှန်းယီ၏ လက်ဝါးထံသို့ ရောက်နေစဉ်မှာပင် သူ့အောက်ဘက်မှ အလင်းတန်းတစ်ခု ရုတ်တရက်ထိုးဖောက်ဝင်ရောက်လာပြီး ဗြိဟူသော အသံနှင့်အတူ ဦးခေါင်းထိပ်မှ ပြန်ထွက်သွားသည်။

ထို့နောက် ၎င်းသည် ရှန်းယီ၏ သိုလှောင်အိတ်ထဲသို့ တိတ်ဆိတ်စွာပြန်လည်ဝင်ရောက်သွား၏။

ထိုကဲ့သို့ ထိုးဖောက်ခံရသော ဒဏ်ရာမှာ လျိုကျင်းယွမ်ကိုအပြင်းအထန် နာကျင်စေသည်မှလွဲ၍ သူ၏ အသက်ကိုမူ မယူနိုင်ချေ။

သို့သော် မကြာမီ သူ၏မျက်လုံးများ ပြူးထွက်လာ၏။

သူ တစ်စုံတစ်ခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း လည်ချောင်းထဲမှတိုးထွက်လာသော အနက်ရောင်အလင်းတန်းများကြောင့် သူ၏ ပါးစပ်ထဲတွင် ပြည့်နှက်သွားလေသည်။

ဘုန်း...

ရှန်းယီ၏ လက်ထဲတွင် လျိုကျင်းယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာပေါက်ကွဲသွား၏။

ဤအချိန်ရောက်မှသာ...

ရှန်းယီသည် သိုလှောင်အိတ်ကို ပေါ့ပေါ့ပါးပါး ဖမ်းယူလိုက်ပြီး နောက်ဆုံးတွင် ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ်ထံသို့ လှည့်ကြည့်လိုက်သည်။

"ယိုဝေ ..."

အနီရောင်ဝတ်စုံနှင့် အလှပဂေးမှာ ကြောင်အသွားသည်။

သူမသည် အသိစိတ်အရ နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်၏။

သို့သော် ယခင်က သူမကို ရှောင်ရှားနေသော ရွှေရောင်ခန္ဓာဓမ္မပုံကိုယ်ထည်မှာမူ ယခုအခါ သူမ၏ နောက်ကျောဘက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး ကျန်းချိုလန်ကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားသည်။

နက်မှောင်သော ရွှေရောင်ဝတ်ရုံများ၏ အားဖြည့်မှုကြောင့် ၎င်း၏လှုပ်ရှားမှုများမှာ နတ်ဆိုးဧကရာဇ်ပင် ခြေရာမခံနိုင်လောက်အောင် မြန်ဆန်လှသည်။

ထိုအရာကို မြင်လိုက်ရသောအခါ အနီရောင်ဝတ်စုံနှင့် အလှပဂေးမှာ ထပ်ပြီး ပေါ့ဆရဲတော့ချေ။

သူမသည် သူမ၏မူလပုံစံသို့ တိုက်ရိုက် ပြောင်းလဲလိုက်သည်။

အနီရောင်ရင့်ရင့်အကြေးခွံများ ဖုံးလွှမ်းနေသော ပေတစ်ရာခန့်ရှည်လျားသည့် မြွေကြီးမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး ရက်စက်ကြမ်းကြုတ်သောနတ်ဆိုးတစ်ကောင် ဖြစ်နေသည်။

၎င်းသည် သူ၏ဂူထဲသို့ တန်းပြေးရန် ကြိုးစားလိုက်ပေ၏။

သို့သော် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်၏ ကန်ချက်ကို ချက်ချင်း ခံလိုက်ရသည်။

နက်မှောင်သောရွှေရောင်ခြေထောက်မှာ မြွေခေါင်းပေါ်သို့ ပြင်းထန်စွာကျရောက်သွားပြီး ကြီးမားသောခန္ဓာကိုယ်ကြီးမှာ လန်ကျသွားကာ မြွေခေါင်းမှာလည်း ပြင်းထန်စွာ ရုန်းကန်နေရသည်။

သို့သော် သူမ၏ကြောက်မက်ဖွယ် မျက်လုံးများထဲတွင်မူ အေးစက်သော ပုံရိပ်တစ်ခု ထင်ဟပ်နေသည်။

အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးသည် အထက်မှနေ၍ အပေါ်စီးမှငုံ့ကြည့်နေသည်။

သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ အလင်းတန်းသဲ့သဲ့မှာ ပြန်လည်ပေါ်လာပြီး သူ၏ လက်ဝါးထဲသို့ရောက်ရှိကာ မည်းနက်ပြီး ကြောက်မက်ဖွယ်ကောင်းသော လှံရှည်ကြီးအဖြစ် ပြောင်းလဲသွား၏။

"..."

ကျန်းချိုလန်၏ မျက်လုံးများမှာ ပို၍ ပြူးကျယ်လာ၏။ လူငယ်လေးသည် ဥက္ကာခဲတစ်ခုကဲ့သို့ ထိုမြွေကြီးထံသို့ ထိုးဆင်းသွားသည်ကို သူမ စောင့်ကြည့်နေမိသည်။

ခရမ်းရွှေရောင်မီးလျှံများ ကောင်းကင်အနှံ့ ပျံ့နှံ့သွားသည်။

လှံကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူသည် မိုးကြိုးလျှပ်စီးပမာဟိန်းဟောက်ရင်း မြွေခေါင်းပေါ်သို့ နင်းချလိုက်ပြီး မြေခွေးခေါင်းကို အတင်း ဖိနှိပ်လိုက်သည်။

လှံထိပ်မှာ မီးလျှံလှိုင်းများဖြင့် ဖုံးလွှမ်းနေ၏။

ဗြိဟူသော အသံနှင့်အတူ ၎င်းသည် မြွေ၏ ဦးနှောက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

သူသည် အနည်းငယ်မျှညှာတာခြင်း မရှိပေ။

အပြင်းထန်ဆုံးသော နည်းစနစ်များအားလုံးကို ထုတ်သုံးလိုက်သည်။

မီးပင်လယ်ကြီးသည် ထိုအနီရောင်မြွေကြီးကို ဝါးမြိုသွားပြီး မြွေကြီးမှာလည်း အော်ဟစ်ကာ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားနေလေတော့သည်။

၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်နှင့် ယှဉ်လျှင်...

ထိုလူငယ်လေးမှာ အလွန်ပင် သေးငယ်လှသော်လည်း သူသည် မြွေခေါင်းပေါ်တွင် တည်ငြိမ်စွာ ရပ်တည်နေ၏။

မြင့်မားသော တောင်ကြီးတစ်လုံးကဲ့သို့ပင် မလှုပ်မယှက် ခိုင်ခံ့စွာဖြင့်ရှိနေသည်။

All Chapters