ကံဆိုးခြင်း
Vol. 11 Ch. 113
ဧည့်ခန်းမဆောင်...ထမင်းစားပွဲ ရှေ့တွင်...
အမျိုးသမီးသည် အနည်းငယ် မှင်သက်သွားပြီး...
သူမ၏မှုန်ဝါးနေသော မျက်ဝန်းများ တဖြည်းဖြည်း နီမြန်းလာကာ တူကို ကိုင်ထားသော လက်ဖြင့် သူမ၏မျက်နှာကို အလျင်အမြန် ကာလိုက်သည်။ ဤသည်မှာ သူမ၏အမူအယာအား တစ်စုံတစ်ယောက် မြင်သွားမည်ကို စိုးရိမ်နေသည့်အလားပင်။
ယဲ့ပိုင်က တိတ်ဆိတ်စွာဖြင့် တူကို ကောက်ကိုင်လိုက်ပြီး ချဉ်ဖတ်တစ်ဖတ်ကို သူ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။
အရသာသည် အနည်းငယ် ချဉ်သော်လည်း သူ အလွန်ရင်းနှီးနေသည်။
"ဒီအရသာက အရင်အတိုင်းပဲ..."
ယဲ့ပိုင်သည် ပါးစပ်ထဲတွင် ညင်သာစွာ ဝါးရင်း ချီးကျူးခြင်းလည်း မပြု ပြစ်တင်ခြင်းလည်း မပြုသော လေသံဖြင့် ပြောဆိုလိုက်သည်။
ဒေါက်...ဒေါက်...ဒေါက်....
အမျိုးသမီးက တူကို ချလိုက်ပြီး သူမ၏ခေါင်းကို နံဘေးဘက်သို့ တိမ်းစောင်းကာ စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ခြံဝန်းတံခါး အပြင်ဘက်မှ ကြမ်းတမ်းသော တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။
"တစ်... တစ်ယောက်ယောက် လာနေတယ်... အဘွား တံခါး အရင်သွားဖွင့်လိုက်အုံးမယ်..."
အမျိုးသမီးက မတ်တတ်ထရပ်လိုက်သည်။ သူမ၏အသံသည် အနည်းငယ် အလျင်လိုနေပြီး ခြေလှမ်းများမှာလည်း အနည်းငယ် တုန်ရီနေသည်။
"ကောင်းပါပြီ..."
ယဲ့ပိုင်သည် သူမကို တားဆီးရန် မရည်ရွယ်ဘဲ တူကိုဆန့်တန်းကာ ဆက်လက်၍ စားသောက်နေတော့သည်။ ဤအချိန်တွင် သူ၏မျက်ဝန်းများ ပို၍အေးစက်လာပေ၏။
ခြံဝန်း၏အပြင်ဘက်သို့ အမျိုးသမီး တံခါးသွားဖွင့်ချိန်တွင် ယဲ့ပိုင်က အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်သော နေရာတွင် ထိုင်နေသည်။
တံခါး၏ရှေ့တွင် အနက်ရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေသည်။ သူမ၏ရုပ်ရည်အရ အသက် ၃၀ ဝန်းကျင်ခန့် ရှိပုံရသည်။
သူမသည် မျက်နှာပေါ်တွင် မိတ်ကပ်များ ထူပိန်းနေအောင် လိမ်းခြယ်ထားပြီး ဘယ်ဘက်လက်မောင်းတွင် LV သားရေအိတ်တစ်လုံးကို ချိတ်ဆွဲထားသည်။ သူမသည် ခေါင်းကို မော့ထားပြီး လှပကျက်သရေရှိကာ အဆင့်အတန်းမြင့်ပုံရသော်လည်း သူမ၏မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။
တံခါးပွင့်လာချိန်၌ သူမသည် အဘွားအိုကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူမသည် လက်ပိုက်လိုက်ပြီး စူးရှသောအသံဖြင့် ပြောဆိုသည်။
"အော်... အဘွားကြီး... ရှင် တကယ်ကြီး အိမ်မှာ ရှိနေတာပဲ... ရှင်လည်း အသက်ကြီးနေပြီ... နောက်ထပ် နှစ်နည်းနည်းလောက်ပဲ နေရတော့မှာ... စောစောစီးစီး ပြောင်းသွားဖို့ ကျွန်မ အကြံပေးချင်တယ်... မဟုတ်ရင် ရှင် ဆိုဖာပေါ်မှာ သေနေတာ လတော်တော်ကြာရင်တောင် ဘယ်သူမှသိမှာ မဟုတ်ဘူး..."
အဘွားအိုသည် တိတ်ဆိတ်နေသော်လည်း သူမ၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီနေသည်။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီး၏ အသံ ဆက်လက်၍ ထွက်ပေါ်လာပြီး သူမ၏လေသံမှ ခြိမ်းခြောက်မှုကို ငတုံးတစ်ယောက်ပင် ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်သည်။
"သုံးရက်အတွင်း ဒီလမ်းကြားတစ်ခုလုံးကို ဖျက်သိမ်းတော့မယ်... ရှင့်ရဲ့အိမ် အပါအဝင်ပေါ့... အဲ့ဒီအချိန်ရောက်လာလို့ ရှင် မထွက်သွားဘူးဆိုရင် မြေတူးစက်နဲ့ ကြိတ်မိလို့ သေသွားရင် ကျွန်မကို အပြစ်မတင်နဲ့နော်..."
အဘွားအိုက "ကောင်းပါပြီ" ဟုသာ ပြောလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ဒေါသအငွေ့အသက် မရှိချေ။ ထိုအစား သူမသည် မသိနားမလည်သော မျိုးဆက်သစ် လူငယ်တစ်ဦးကို ကြည့်သကဲ့သို့ ထိုအမျိုးသမီးကို နူးညံ့ညင်သာစွာ ကြည့်နေသည်။ သူမ၏မျက်နှာပေါ်တွင် အေးချမ်းသော အပြုံးတစ်ခုပင် ရှိနေပေ၏။
ထိုစကားကို ကြားချိန်၌ အမျိုးသမီး၏ မျက်နှာ မည်းမှောင်သွားပြီး ရိုင်းစိုင်းစွာ ဆဲဆိုလိုက်သည်။
"ကောင်းပါပြီ... ကောင်းပါပြီ...ကောင်းပါပြီ... သောက်ရမ်း ကောင်းပါပြီ... အဘွားကြီး... ရှင်က 'ကောင်းပါပြီ' ဆိုတဲ့ စကားကလွဲပြီး တခြား ဘာမှ မပြောတတ်ဘူးလား... ဘာရယ်နေတာလဲ... ကျုပ်က ရယ်စရာ ကောင်းနေလို့လား..."
အဘွားအိုသည် ခေါင်းအနည်းငယ် ငုံ့လိုက်ပြီး မည်သည့်စကားမျှ မပြောတော့ပေ။
အမျိုးသမီး၏အော်ငေါက်မှု ပြင်းထန်လာသည်။
"အဘွားကြီး... ရှင်က ဒီဘဝမှာ တကယ့်ကို အသုံးမကျဘူး... သားသမီး မရှိရုံတင်မကဘူး... မိဘတွေကလည်း စောစောစီးစီး သေကုန်ကြပြီ... ရှင်တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ပြီးတော့ ဒီအိမ်ကို အတင်းအဓမ္မ သိမ်းပိုက်ထားတယ်... နိုင်ငံတော်အတွက် အကျိုးပြုမယ့် အပြောင်းအလဲ တစ်ခုလောက် မလုပ်ပေးနိုင်ဘူးလား..."
ဧည့်ခန်းမဆောင်ထဲတွင် ယဲ့ပိုင်သည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေဆဲပင်။ သူ ဝိုင်အရက် နောက်တစ်ခွက်ကို ထပ်သောက်လိုက်သည်။
သူ မသိလိုက်ခင်မှာပင် စားပွဲပေါ်မှ ဟင်းပွဲများ တစ်ဝက်ခန့် ကုန်သွားလေပြီ။
ဒေါက်...
သူသည် ဝိုင်အရက်ခွက်ကို အောက်သို့ချလိုက်ရာ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအချိန်ကျမှသာ ခြံဝန်းအပြင်ဘက်တွင် မတ်တတ်ရပ်နေသော အမျိုးသမီးက အတွင်းထဲတွင် လူတစ်ယောက် ရှိနေသေးကြောင်း သတိပြုလိုက်မိသည်။ သူမ၏အကြည့်သည် အဘွားအိုထံမှ ရုပ်သိမ်းသွားပြီး ဧည့်ခန်းမဆောင်ဆီသို့ ဦးတည်သွားသည်။ ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်ထားပြီး အေးစက်သော မျက်နှာထားရှိသည့် ယဲ့ပိုင်ကို မြင်တွေ့ချိန်၌ သူမ အချိန်တခဏကြာမျှ မှင်သက်သွားသည်။ သူမ စိတ်အနည်းငယ် လှုပ်ရှားသွားသော်လည်း မကြာမီမှာပင် သူမ၏ မျက်နှာပေါ်ရှိ လှောင်ပြောင်မှုအရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာသည်။
"ဘာတွေ ဖြစ်နေတာလဲလို့ တွေးနေတာ... အထဲမှာ လူတစ်ယောက် ရှိနေသေးတာကိုး... အဘွားကြီး... ကူညီမယ့်လူ ရှာထားရင်တောင် အသုံးဝင်မယ်လို့ ထင်နေတာလား... ကျွန်မ ရှင်းရှင်းလင်းလင်း ပြောပြမယ်... အများဆုံး သုံးရက်အတွင်းမှာ ဖျက်သိမ်းရေးအဖွဲ့ ရောက်လာလိမ့်မယ်... အဲ့ဒီအချိန်ရောက်တဲ့ထိ ရှင် ထွက်မသွားသေးရင် ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ..."
ထိုစကားကို ပြောဆိုပြီးနောက် အမျိုးသမီးက နောက်သို့လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်ကျမှသာ ယဲ့ပိုင်က စကားပြောဆိုလိုက်သည်။ သူ၏စိတ်ထဲတွင် အဖြေရှိပြီးသား ဖြစ်သော်လည်း သူက တိုးညှင်းသောအသံဖြင့် မေးမြန်းလိုက်၏။
"တကယ်လို့ မင်းက သူ့ကို ထွက်သွားခိုင်းမယ်ဆိုရင် သူအတွက် နေစရာ နေရာ စီစဉ်ပေးမှာလား..."
အမျိုးသမီးက ရပ်တန့်ပြီး နောက်သို့ပြန်လှည့်ကြည့်ကာ ပြောဆိုသည်။ သူမ၏အသံသည် ဖြစ်သင့်ဖြစ်ထိုက်သည့်ကိစ္စဟု ထင်မြင်ယူဆနေသည့်ပုံစံ ပေါက်နေသည်။
"နေစရာ နေရာ ဟုတ်လား... ကမ္ဘာကြီးက ကျယ်ဝန်းပါတယ်... ဘယ်တံတားအောက်မှာဖြစ်ဖြစ် သူ နေလို့ရတယ်.. လွန်ခဲ့တဲ့ နှစ်တွေကတည်းက သူ မြေမြှုပ်ခံရသင့်နေပြီ... ဒါပေမဲ့ သူက အသက်ရှင်နေသေးတယ်... ဒီအိမ်ကို ခရိုင်ကော်မတီရုံးက သိမ်းယူလိုက်ပြီ... သူ့ရဲ့အပိုင် မဟုတ်တော့ဘူး..."
"အင်း..."
ယဲ့ပိုင် စကားအနည်းငယ်ဖြင့်သာ တုံ့ပြန်လိုက်သည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ မည်သည့်စကားမျှဆက်မပြောတော့ချေ။ ဤကဲ့သို့ လှည့်ဖြားမှုနှင့် မောက်မာမှုမျိုးကို ယဲ့ပိုင်သည် ခေတ်တိုင်းလိုလိုတွင် မြင်တွေ့ခဲ့ဖူးသဖြင့် သူ့အတွက် အဆန်းတကြယ် မဟုတ်တော့ချေ။
ယဲ့ပိုင်ထံ၌ များစွာတုံ့ပြန်မှု မရှိသည်ကို မြင်တွေ့ချိန်၌ အမျိုးသမီးက စိတ်ကျေနပ်အားရစွာဖြင့် ပြောဆိုသည်။
"မင်းလိုလူငယ်လေးတွေကမှ သိတတ်သေးတယ်... ဒီအဘွားကြီးနဲ့ ဝေးဝေးနေဖို့ ငါ အကြံပေးချင်တယ်... မဟုတ်ရင် မင်း မသိလိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးသလို ဖြစ်သွားလိမ့်မယ်..."
ယဲ့ပိုင်က သူ၏လက်ကိုဆန့်တန်းပြီး သစ်သားဝိုင်အရက်ခွက်ကို ကောက်ကိုင်ကာ ဖြည်းညှင်စွာ ကြည့်လိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ ထပ်မံ၍ ပြောဆိုလိုက်၏။
"မင်း ပြန်သွားပြီးတော့ ချောင်မိသားစု ကို ပြောလိုက်ပါ... ဒီလမ်းကြားကို ဖျက်သိမ်းမှာ မဟုတ်ဘူး..."
အမျိုးသမီးသည် ထိုစကားကို နားထောင်ပြီးနောက် သူမ၏မျက်နှာပေါ်ရှိအပြုံး ပို၍ပီပြင်ထင်ရှားလာသည်။
"ခစ် ခစ်... တိုက်ဆိုင်လိုက်တာ...ငါလည်း ချောင်မိသားစုအကြောင်း ကောင်းကောင်း သိတယ်... သူတို့က ပြည်နယ်တစ်ခုလုံးက အလင်းအမှောင်အင်အားစုတွေကို ထိန်းချုပ်ထားတယ် ဆိုတာလည်း သိတယ်... ငါတို့ ဖျက်သိမ်းရေးရုံးရဲ့ ညွှန်ကြားရေးမှူးတောင် သူတို့ထဲက တစ်ယောက်ကို တွေ့ချင်ရင် ကောင်းကင်ပေါ်ကို တက်ရတာထက် ပိုခက်ခဲတယ်... မင်းက အရမ်း အစွမ်းထက်နေရင် ချောင်မိသားစုကို ဒီနေရာဆီ လူကိုယ်တိုင် လာခိုင်းလိုက်ပါလား... ကြွားဝါမပြောခင် ဦးနှောက်လေး ဘာလေး သုံးပါအုံး... မသိတဲ့လူဆိုရင် မင်းကို လူကြီးလူကောင်းတစ်ယောက်လို့ တကယ်ကြီး ထင်သွားလိမ့်မယ်..."
"ငါက ခြံဝန်းအမှတ် ၉၉ ရဲ့ ပိုင်ရှင်ပဲ..."
ယဲ့ပိုင် တိုးညှင်းစွာ ပြောဆိုသည်။
ထိုစကားကို နားထောင်ပြီးနောက် အမျိုးသမီးက အထင်အမြင်သေးစွာဖြင့် ပြောဆိုလိုက်၏။
"ခြံဝန်းအမှတ် ၉၉ က သိပ်ပြီး အံ့ဩစရာ ကောင်းနေလို့လား... ဒီနေ့ ချောင်မိသားစု ခေါင်းဆောင် ရောက်လာရင်တောင် ဒီခြံဝင်းက ဖျက်သိမ်းခံရမှာပဲ..."
ကျွီ...
သို့သော် သူမ၏စကားမဆုံးခင်မှာပင် ခြံဝန်းတံခါး အလိုအလျောက် ပိတ်သွားသည်။
အမျိုးသမီးသည် တံခါးနှင့် အလွန် နီးကပ်နေသဖြင့် တံခါးပိတ်သွားချိန်တွင် မသိစိတ်မှ နောက်သို့ဆုတ်လိုက်ရာ ယိမ်းယိုင်သွားပြီး ရှေးဟောင်းကျောက်ခင်းလမ်းပေါ်တွင် လဲကျသွားသည်။
"ဒီအဘွားကြီးက တံခါးပိတ်ရဲတယ်ပေါ့... ရှင်က တကယ့်ကို အသက်မရှင်ချင်တော့ဘူးပဲ..."
အမျိုးသမီးက မတ်တတ်ရပ်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်ရှုလိုက်ရာ မည်သူ့ကိုမျှ မတွေ့သဖြင့် သူမ၏ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို အလျင်အမြန် ပုတ်ခါလိုက်သည်။
ဘုန်း...
ထို့နောက် သူမသည် ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး ခြေထောက်ကို မြှောက်ကာ သစ်သားတံခါးကို ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်သည်။
သို့ရာတွင် သူမ၏ဒေါသ ပြေပျောက်ရန် မလုံလောက်သေးဟု ခံစားရသဖြင့် သူမ၏ လက်မောင်းတွင် ချိတ်ဆွဲထားသော LV ပိုက်ဆံအိတ်ကို ဖွင့်လိုက်ပြီး ဖုန်းတစ်လုံး ထုတ်ကာ နံပါတ်တစ်ခုကို လျင်မြန်စွာ နှိပ်လိုက်သည်။
မကြာမီ ဖုန်းလိုင်း ချိတ်ဆက်သွားသည်။
"ဟေး..."
ဖုန်းထဲမှ အမျိုးသားတစ်ဦး၏အသံ ထွက်ပေါ်လာသည်။
အမျိုးသမီးက ကြားဖြတ်ပြောဆိုလိုက်ပြီး ချက်ချင်းဆိုသလိုပင် အော်ငေါက်လိုက်၏။
"ဒီလမ်းကြားထဲက ခြံဝန်းအမှတ် ၉၈ ဆီကို လူတစ်ယောက် ချက်ချင်းလွှတ်လိုက်... အဲဒီ အဘွားကြီးက ကူညီမယ့်လူ ရှာတွေ့ထားတယ်... ပြီးတော့ သူက ခုနက ငါ့ကိုတောင် တိုက်ခိုက်လိုက်သေးတယ်... ဒီနေ့ အဲဒီကောင်စုတ်ကို ငါ သတ်မှ ဖြစ်မယ်..."
"အဲဒီ အဘွားကြီးက ဒီလောက်တောင် သတ္တိကောင်းနေတာလား..."
ဖုန်းထဲမှ အသံသည် အေးစက်သွားပြီး ဒေါသနှင့် အံ့အားသင့်မှု အနည်းငယ် ပါဝင်နေသည်။
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... လူတစ်ယောက် လွှတ်လိုက်ရင် သိလိမ့်မယ်..."
အမျိုးသမီးက ဆက်လက်၍ အော်ငေါက်လိုက်သည်။
"ကောင်းပြီ... ခဏလောက်စောင့်နေအုံး... ဟိုဘက်ကလူကို သတိထားကြည့်ထား... သူ့ကို ထွက်ပြေးခွင့် မပေးနဲ့... ဘယ်သူက ဒီလောက်ထိ သတ္တိကောင်းနေတာလဲဆိုတာ ငါ ကြည့်ချင်တယ်..."
"မြန်မြန်လုပ်..."
အမျိုးသမီးက တိုက်တွန်းပြီး ဖုန်းချလိုက်တော့သည်။
ဆယ်မိနစ် ကြာပြီးနောက်...
လမ်းကြားနှင့် မဝေးသော မြို့ပြနေရာတစ်နေရာတွင် အမျိုးသားလေးဦးသည် အေးစက်သော မျက်နှာထားများဖြင့် ကားတစ်စီးပေါ်သို့ တက်သွားကြသည်။ ထို့နောက် ကားသည် ယာဉ်စည်းကမ်းများကို လျစ်လျူရှုကာ လမ်းမပေါ်တွင် မောင်းနှင်သွားသဖြင့် လမ်းသွားလမ်းလာ အမြောက်အများ နောက်ဆုတ်ပေးလိုက်ရပြီး ကျိန်ဆဲလိုက်ကြ၏။
လမ်းကြားထဲမှ ရှေးဟောင်းကျောက်ခင်းလမ်းမှာ အလွန်ကျဉ်းမြောင်းသည်။
ထိုကြောင့် ကားဝင်၍မရသဖြင့် လမ်းအဝင်ဝရှိ မြေကွက်လပ်တစ်ခုတွင် ရပ်တန့်လိုက်ရသည်။
အမျိုးသားလေးဦးသည် ဘေ့စ်ဘောရိုက်တံများကို ကိုင်ဆောင်လျက် ကားပေါ်မှ ခုန်ဆင်းလာကြသည်။ သူတို့သည် အလွန်ရန်လိုပုံပေါက်နေကြ၏။ တစ်ခါတစ်ရံတွင် လမ်းသွားလမ်းလာ တစ်ဦးနှစ်ဦးက သူတို့ကို မြင်တွေ့ချိန်၌ ထိုလူများ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ထင်ဟပ်လာပြီး ရှေးဟောင်းလမ်းမ၏ နံဘေးဘက်သို့ဆင်းကာ ပေါင်းပင်များကို နင်းလျှောက်သွားကြသည်။
ထိုလူလေးဦး အဝေးသို့ ရောက်သွားမှ လမ်းသွားလမ်းလာတစ်ဦးက ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်သည်။
"ဘယ်သူများ ထပ်ပြီးကံဆိုးအုံးမလဲ မသိဘူး..."
ထို့နောက် သူသည် နောက်လှည့်လိုက်ပြီး ထိုလူလေးဦး၏နောက်သို့ တိတ်တဆိတ် လိုက်ပါသွားလေသည်။ မည်သည့်ကိစ္စများ ဆက်ဖြစ်နေမည်ကို သူ မြင်တွေ့ချင်နေမိသည်။