← Chapters

ပြိုင်ဘက်ကင်း

Vol. 11 Ch. 114

ပြိုင်ဘက်ကင်း

Vol. 11 Ch. 114

ဧည့်ခန်းမဆောင်ထဲရှိ... ထမင်းစားပွဲ၏ရှေ့တွင်...

"ဒီနေ့ အဘွားမှာ စားစရာတွေ အများကြီး ရှိတယ်... တစ်ယောက်တည်းလည်း မကုန်နိုင်ဘူး... လူလေးက အစားကြီးတယ်မလား... ဒါပါ ယူလိုက်..."

အဘွားအိုက ပြန်ထိုင်လိုက်သည်။ သူမ၏မျက်နှာထား ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူမ၏မျက်လုံးများ အနည်းငယ် မှေးစင်းသွားသည်။ သူမသည် တူကို ကောက်ကိုင်လိုက်သော်လည်း ဗိုက်ဆာပုံမရသဖြင့် ပြန်ချလိုက်၏။ ထို့နောက် သူမသည် မတ်တတ်ရပ်ပြီး ဟင်းပွဲများကို ယဲ့ပိုင်၏အနားသို့ ဂရုတစိုက် တိုးပေးလိုက်သည်။

"ကျွန်တော် ဗိုက်ဝနေပါပြီ..."

ယဲ့ပိုင်က ဝိုင်အရက်ခွက်ကို ကိုင်ထားရင်း ပြောဆိုလိုက်သည်။

"ဒါဆို နည်းနည်းလောက် ထပ်စားလိုက်ပါအုံး... ခုဏက မင်းရဲ့ ခြံဝင်းကို ငါ လှမ်းကြည့်လိုက်သေးတယ်... အရင်အတိုင်း တစ်ပုံစံတည်းပဲ... ဒီနှစ်တွေတစ်လျှောက်လုံး ငါ ဒီမှာရှိနေခဲ့တာက အလကား မဖြစ်ခဲ့ဘူး..."

အမျိုးသမီးက စိတ်အားထက်သန်စွာ ပြောဆိုနေသော်လည်း သူမ၏လေသံသည် အနည်းငယ် ဝမ်းနည်းနေပုံရပေ၏။

"ဟုတ်ပါတယ်..."

ယဲ့ပိုင်က တုံ့ပြန်သည်။

"အဘွားက လူကိုတော့ မြင်ပြီးပြီ... ဒါပေမဲ့ မင်း သစ်ပင်နှစ်ပင်တော့ မစိုက်ရသေးဘူး... လူလေး... သစ်ပင်စိုက်ပြီးရင် မင်းက ထပ်ပြီးထွက်သွာအုံးမှာလား..."

အမျိုးသမီးက "ထပ်ပြီး" ဟူသော စကားလုံးကို အသုံးပြုပြီး မေးမြန်းလိုက်သည်။ သူမ၏ မျက်လုံးများသည် မှုန်ဝါးနေသော်လည်း မျှော်လင့်ချက် အရိပ်အယောင်တချို့ဖြင့် တောက်ပနေသည်။

ယဲ့ပိုင်သည် တုံ့ပြန်မဖြေဘဲ သစ်သားစားပွဲငယ်လေးပေါ်တွင် သူ၏လက်နှစ်ဖက်ကို တင်ထားလိုက်သည်။ သူသည် သူ၏ရှေ့မှ အမျိုးသမီးကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ အမှန်အားဖြင့် သူ တွေ့ချင်သောလူကို မတွေ့ရချေ။

ကြယ်တာရာပင်လယ်ပြင်ကြီးကဲ့သို့ နက်ရှိုင်းသော ယဲ့ပိုင်၏အကြည့်များကို ခံစားမိချိန်၌ အမျိုးသမီး၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားပြီး ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်သည်။ သူမသည် လက်ကို မည်သည့်နေရာ၌ ထားရမှန်း မသိတော့ဘဲ သူမ၏မျက်နှာထား ပို၍ပျက်ယွင်းလာသည်။

အချိန်အတော်ကြာပြီးနောက် ယဲ့ပိုင်က ရေရွတ်လိုက်သည်။

"လေပြေလေးတွေက တစ်နေ့တာရဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားပေးလိုက်ပြီ... မွှေးပျံ့တဲ့ ပန်းပွင့်လေးတွေလည်း ကြွေကျကုန်ပြီ... ဆံပင်ဖြီးဖို့တောင် အားမရှိတော့ဘူး... အိမ်သာသွားဖို့လည်း အားမရှိတော့ဘူး..."

အမျိုးသမီးက သူမ၏မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ပြီး မျက်ရည်များ စီးကျလာသည်။ သူမသည် ယဲ့ပိုင်၏စကားကို ဆက်လက်၍ ပြောဆိုလိုက်၏။

"ဝိညာဉ်က မိုင်သန်းပေါင်းများစွာ အကွာမှာ သေဆုံးသွားပေမယ့်... အိပ်မက်တွေကတော့ အာကာသထဲမှာ လိုက်ပါနေတုန်းပဲ... အရာအားလုံးက ဒီမှာ ရှိနေပေမယ့်... လူကတော့ ထွက်ခွာသွားခဲ့ပြီ..."

ယဲ့ပိုင်သည် ထိုနောက်ပိုင်း မည်သည့်စကားမျှ ဆက်မပြောတော့ချေ။

"တစ်ခါတလေကျရင် စောင့်ဆိုင်းခြင်းကလည်း ဘဝရဲ့သဘောထား တစ်ခုပါပဲ..."

အမျိုးသမီး၏အသံ ဆက်လက်၍ ထွက်ပေါ်လာသည်။

ယဲ့ပိုင်က နားထောင်ပြီးနောက် အနည်းငယ် စဉ်းစားတွေးတောလိုက်သည်။ ထို့နောက် သူသည် ညင်သာစွာ ပြောဆိုလိုက်၏။

"ဟုတ်ပါတယ်... ကျွန်တော်လည်း မိတ်ဆွေဟောင်း တစ်ယောက်ကို စောင့်နေတာပါ... ခွန်းလွန်တောင် ကနေ Q မြို့တော် အဲ့ဒီကနေ ရှေးဟောင်းမြို့တော်...ပြီးတော့ ဒီနေရာကို ပြန်ရောက်လာတာ..."

"မိတ်ဆွေဟောင်း..."

အမျိုးသမီး၏ နောက်ကျိနေသော မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။

"လွန်ခဲ့တဲ့ နှစ်သောင်းချီကတည်းက ကျွန်တော် တွေ့ခဲ့ဖူးတဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပါ..."

ယဲ့ပိုင်၏အသံမှာ တိုးညှင်းနေပြီး တီးတိုးရေရွတ်နေသည့်အလားပင်။

"အော်..."

အမျိုးသမီးသည် ထိုစကားကို နားထောင်ပြီးနောက် သူမ၏မျက်ဝန်းများ မှေးမှိန်သွားသည်။ ထို့နောက် သူမက မေးမြန်းလိုက်၏။

"သူတို့ကို တွေ့ခဲ့လား..."

"သူ့နဲ့တူတဲ့ လူတွေကိုတော့ တွေ့ခဲ့တယ်... ဒါပေမဲ့ သူတော့ မဟုတ်ဘူး..."

ယဲ့ပိုင်က ပေါ့ပေါ့ပါးပါး တုံ့ပြန်အဖြေပေးလိုက်သည်။

အမျိုးသမီး၏နှုတ်ခမ်းထောင့် ကွေးညွတ်သွားပြီး အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"အဘွားက မင်းထက် သာတယ်... အနည်းဆုံးတော့ လွန်ခဲ့တဲ့ နှစ်တွေမှာ သူတို့ကို တွေ့ခဲ့ရတယ်..."

ယဲ့ပိုင်သည် တိတ်ဆိတ်နေပြီး ပြန်လည်၍တုံ့ပြန်ရန် ဆန္ဒမရှိပေ။

အမျိုးသမီးက ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်သည်။

"ထမင်းဟင်းတွေ အေးကုန်ပြီ... မင်း တကယ် ဗိုက်ဝပြီဆိုရင် အဘွား သိမ်းလိုက်တော့မယ်... နေ့လယ်ကျရင် ပြန်နွှေးပြီး ဆက်စားကြတာပေါ့..."

"ကောင်းပါပြီ..."

ယဲ့ပိုင်က ခေါင်းညိတ်လိုက်သည်။

အမျိုးသမီးက ဧည့်ခန်းမဆောင်ထဲတွင် အလုပ်စလုပ်လိုက်သည်။ သူမ၏ပုံရိပ်သည် အလွန်နှေးကွေးနေပေ၏။ ဟင်းပွဲငယ်သုံးပွဲကို သိမ်းဆည်းပြီးနောက် အမျိုးသမီးက ထပ်မံ၍မေးမြန်းလိုက်သည်။

"လူလေး... တစ်ယောက်ယောက်ကို စောင့်နေတာအပြင် တခြားရှာဖွေချင်တာတွေ ရှိသေးလား..."

ယဲ့ပိုင်က စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် တုံ့ပြန်အဖြေပေးသည်။

"ရှိတယ်..."

"ဘာများလဲ..."

အမျိုးသမီးက ရပ်တန့်သွားသည်။

ယဲ့ပိုင်က ပေါ့ပေါ့ပါးပါး တုံ့ပြန်အဖြေပေးလိုက်၏။

"ထာဝရအသက်ရှင်ခြင်းရဲ့လျှို့ဝှက်ချက်ကို ရှာနေတာပါ..."

"ထာဝရအသက် ဆိုတာ ရှိပြီးသားလေ... ဘာလို့ ရှာနေအုံးမှာလဲ..."

သူ မည့်သည့်အရာအားတွေးတောနေသည်ကို အမျိုးသမီးသည် နားမလည်နိုင် ဖြစ်နေဆဲပင်။

ယဲ့ပိုင်က ခေါင်းခါယမ်းလိုက်သည်။

"ဒါက ထာဝရအသက် ဖြစ်နေလို့... ရှာဖွေဖို့ လိုအပ်နေတာပါ..."

"နက်နဲလွန်းတယ်... အဘွား နားမလည်ဘူး..."

အမျိုးသမီးကလည်း ခေါင်းခါယမ်းလိုက်၏။

ထိုအချိန်မှသာ ယဲ့ပိုင်က မတ်တတ်ထရပ်လိုက်သည်။

"ထမင်းစားလို့ပြီးပြီ... ပြီးတော့ ခြံဝန်းထဲမှာ ကျွန်တော့်ကို စောင့်နေတဲ့ 'ကွယ်လွန်သူတွေ' ရှိသေးတယ်... ကျွန်တော် ပြန်မှ ဖြစ်မယ်..."

"ကောင်းပြီလေ..."

အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။

ထို့နောက် ယဲ့ပိုင်က ဧည့်ခန်းမဆောင်ထဲမှ ထွက်ခွာသွားတော့သည်။

ဤအချိန်တွင် အမျိုးသမီးသည် စားပွဲပေါ်မှ ပန်းကန်ခွက်ယောက်အားလုံးကို သိမ်းဆည်းပြီးပြီ။ သူမသည် ဧည့်ခန်းမဆောင်၏ဝင်ပေါက်တွင် မတ်တတ်ရပ်ပြီး ယဲ့ပိုင်၏ကျောပြင်ကို တိတ်တဆိတ် ငေးကြည့်နေသည်။

အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး...

ဆံပင်ရှည်များ ပျံ့လွင့်နေကာ...

လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး...

သူ၏ခြေလှမ်းတိုင်း အလွန်ပေါ့ပါးနေသည်။

အချိန်ကာလသည် ဤအချိန်အခိုက်အတန့်တွင် နောက်ပြန်စီးဆင်းသွားသကဲ့သို့ ခံစားရပြီး မသိလိုက်ဘာသာဖြင့် လွန်ခဲ့သော ဆယ်စုနှစ်များစွာက ရှေးဟောင်းရေတွင်းလေးဆီသို့ ပြန်ရောက်သွားသည်။

လူငယ်လေး ဖြတ်လျှောက်သွားကာ...

မိန်းကလေးက သစ်သားပုံးကို သယ်ဆောင်ပြီး ရေခပ်နေသည်။ သူမက လူငယ်လေးကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူမ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး သစ်သားရေပုံး ရေတွင်းထဲသို့ ပြုတ်ကျသွားသည်ကိုပင် သတိမထားမိလိုက်ချေ။ သူမ၏မျက်နှာပေါ်တွင် နွေဦးရာသီ ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။

ကျွီ...

သို့သော် ယဲ့ပိုင် ခြံဝင်းတံခါး ပိတ်လိုက်သောအခါ အမျိုးသမီးသည် အတိတ်အမှတ်တရများထဲမှ ဖြည်းညှင်းစွာ ပြန်လည် နိုးထလာသည်။ သူမ၏ ခန္ဓာကိုယ် ပျော့ခွေသွားပြီး သူမ၏မျက်လုံးများ မှိန်ဖျော့ကာ တိုးညှင်းစွာ ညည်းတွားလိုက်သည်။

"လှပတဲ့ အမျိုးသမီးလေးရဲ့ အလှတရားတွေ ပျောက်ကွယ်သွားပြီ... ဒါပေမဲ့ မင်းသားလေးကတော့ ပြိုင်ဘက်ကင်းနေတုန်းပါပဲ..."

...

လွန်ခဲ့သော တစ်မိနစ်က ခြံဝန်းအမှတ် ၉၈ ၏ အပြင်ဘက်တွင်...

အနက်ရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ဒေါက်မြင့်ဖိနပ်ကိုစီးထားသော အမျိုးသမီးသည် လက်ပိုက်ထားပြီး အေးစက်သော မျက်နှာထားဖြင့် မတ်တတ်ရပ်နေသည်။

ဘေ့စ်ဘောရိုက်တံများ ကိုင်ဆောင်ထားသော အမျိုးသားလေးဦး လမ်းကြားထဲမှ ထွက်လာသည်ကို မြင်တွေ့ချိန်၌ သူမ၏မျက်လုံးများ တောက်ပသွားသည်။ မီတာအနည်းငယ်အကွာမှနေ၍ သူမက စူးရှသောအသံဖြင့် အော်ဟစ်လိုက်သည်။

"ဟန်မျိုးရိုး... ရှင် နောက်ဆုံးတော့ ရောက်လာပြီပဲ... ကျွန်မ စောင့်နေတာ မိနစ်နှစ်ဆယ်လောက် ရှိနေပြီ... ရှင်သာ နောက်ကျမှ လာရင် ဟိုလူက ထွက်ပြေးသွားလောက်ပြီ..."

"အခု မပြေးသေးဘူး မဟုတ်လား..."

စကားပြန်ပြောလိုက်သူမှာ နှာခေါင်းပွပြီး ပါးစပ်ပြဲကာ ထူထဲမျက်ခုံးမွှေးများရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင်။ သူ၏ လက်မောင်းတွင် တက်တူးများ ပြည့်နှက်နေပြီး လည်ပင်းတွင် ငွေဆွဲကြိုးဖြင့် ချိတ်ဆွဲထားသော ကျောက်စိမ်းဗုဒ္ဓဆွဲပြား ရှိနေသည်။ သူသည် အမျိုးသမီးကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။

"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... အဲ့ဒီကောင်စုတ်ကို ဝိုင်းရိုက်ပေးစမ်းပါ... ကျွန်မ ဒေါသအရမ်းထွက်နေပြီ..."

အမျိုးသမီးက လက်ပိုက်ထားသော လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်မှ ခွာလိုက်ပြီး ခါးပေါ်သို့ တင်လိုက်သည်။

"လူရိုက်တာက ပြဿနာ မရှိပါဘူး... ဒါပေမဲ့ ဒီနေ့က ဖျက်သိမ်းရေး လုပ်ရမယ့်နေ့ မဟုတ်ဘူးလေ... ပုံမှန်အနေနဲ့ ကျုပ်တို့က လက်အောက်ငယ်သား ဆက်ဆံရေး ဆိုပေမယ့် ခင်ဗျားမှာ တာဝန်ရှိမှ ကျုပ်တို့က ဝန်ဆောင်မှု ပေးရတာ... ဒီနေ့ တကယ်ပဲ တာဝန်မရှိဘူး... ခင်ဗျားအတွက် လူရိုက်ပေးတာက အဆင်ပြေပါတယ်... ဒါပေမဲ့ ခင်ဗျားကရော ကျုပ်ကို ပြန်ပြီး ဝန်ဆောင်မှု ပေးမှာလား..."

လူလတ်ပိုင်းအမျိုးသား စကားပြောဆိုချိန်၌ သူ၏မျက်လုံးများတွင် ဆိုးညစ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး နံဘေးနားမှ တခြားအမျိုးသားသုံးဦးကလည်း နားလည်သဘောပေါက်သော အပြုံးများ ပြသလိုက်ကြသည်။

"ဟန်ကျစ်... ရှင် သတ္တိရှိရင် နောက်တစ်ခါ ထပ်ပြောကြည့်စမ်း..."

အမျိုးသမီးက ဒေါသထွက်သွားပြီး ဆက်လက်၍ အော်ငေါက်လိုက်သည်။

လူလတ်ပိုင်းအမျိုးသားက ဘေ့စ်ဘောရိုက်တံကို ပခုံးပေါ် ထမ်းလိုက်ပြီး ပြုံးလိုက်သည်။

"ဟေး... ကျုပ်က သဘောပြောတာပါ... ခင်ဗျား ဆန္ဒမရှိရင်လည်း ထားလိုက်ပါ..."

ထို့နောက် သူ၏မျက်နှာပေါ်ရှိ ဆိုးညစ်သော အကြည့်များ ချက်ချင်း ပျောက်ကွယ်သွားပြီး ရက်စက်သောအကြည့်များ အစားထိုး ဝင်ရောက်လာသည်။ သူသည် နံဘေးနားမှ ပြုံးနေသော လူသုံးဦးကို ကြည့်လိုက်ပြီး လေသံအေးအေးဖြင့် ပြောဆိုလိုက်သည်။

"ဟေ့ကောင်တွေ... ဒီတံခါးကို ကန်ဖွင့်လိုက်စမ်း... အသံကျယ်လေ ကောင်းလေပဲ... ငါ့ရဲ့ အရှိန်အဝါကို ပြရမယ်..."

"ဟုတ်ကဲ့... အစ်ကိုကြီးဟန်..."

ထိုလူသုံးယောက်သည် တပြိုင်နက်တည်း ဖြေဆိုလိုက်ပြီး ရှေ့သို့တိုးကာ တံခါးကို ကန်ဖွင့်လိုက်ကြသည်။

သို့သော် သူတို့ ခြေထောက်မြှောက်လိုက်ရုံ ရှိသေးချိန်တွင်...

သစ်သားတံခါးသည် ကျွီခနဲမြည်သံနှင့်အတူ အလိုအလျောက် ပွင့်သွားတော့သည်။

အသက် ၁၇ ၁၈ နှစ်အရွယ်ခန့်သာ ရှိမည့် လူငယ်လေးတစ်ဦးသည် သူတို့၏ရှေ့တွင် မတ်တတ်ရပ်နေသည်ကို မြင်တွေ့မိပေ၏။

ထိုလူငယ်၏မျက်ဝန်းများသည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

လူသုံးယောက်သည် ထိုအရာကို မြင်တွေ့ချိန်၌ သူတို့၏ခန္ဓာကိုယ်များ တုန်ရီသွားပြီး အလိုအလျောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိကြသည်။

"ဘာလိုချင်လို့လဲ..."

လူငယ်လေးက စကားပြောဆိုလိုက်သည်။ သူ၏လူငယ်ဆန်သော အသံသည် လေပြေလေညှင်းကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပြီး သူ၏မျက်နှာထားသည်လည်း ပြောင်းလဲခြင်း မရှိချေ။

တံခါးဝတွင်ရှိနေသော အနက်ရောင် ဝတ်စုံဝတ်အမျိုးသမီးသည် ယဲ့ပိုင်ကို မြင်တွေ့ချိန်၌ သူမ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ချက်ချင်းလွှမ်းခြုံသွားသည်။ သူမသည် ယဲ့ပိုင်ကို လက်ညှိုးထိုးပြီး အော်ငေါက်လိုက်၏။

"ဟန်မျိုးရိုး... ဒီကောင်စုတ်ပဲ... သူ့ကို ရိုက်... ပြင်းပြင်းသာ ရိုက်... သူ ဒူးထောက်ပြီး သေပါရစေတော့လို့ တောင်းပန်တဲ့အထိ ရိုက်ပေးရင် ဒီည ရှင့်ကို ဝန်ဆောင်မှု ပေးမယ်..."

ဟန်ကျစ်သည် ယဲ့ပိုင်ကို မြင်တွေ့ချိန်၌ သူ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားသည်။

သို့သော် အမျိုးသမီး၏စကားကို ကြားပြီးနောက် သူ ချက်ချင်းသတိပြန်ဝင်လာသည်။

"မင်းတို့သုံးကောင်... ဘာကြောင်နေတာလဲ... ချက်ချင်း လုပ်ကြစမ်း..."

ထိုစကားဆုံးသည်နှင့် ဟန်ကျစ် သည် ပခုံးပေါ်မှ ဘေ့စ်ဘောရိုက်တံကို ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ယဲ့ပိုင်၏လက်မောင်းကို ရိုက်နှက်လိုက်သည်။

သို့သော် သူ၏ဘေ့စ်ဘောရိုက်တံသည် ယဲ့ပိုင်နှင့် ဆယ်စင်တီမီတာအလိုသို့ ရောက်ချိန်၌ သူ၏လက်များ ရပ်တန့်သွားသည်။

အေးစက်စက် လေပြေတစ်ရပ်က လမ်းကြားထဲတွင် ဖြတ်သန်းတိုက်ခတ်သွားပေ၏။

သို့ရာတွင်....

ဟန်ကျစ်၏နဖူးပေါ်မှ ချွေးစေးများ ဒလဟောစီးကျလာသည်။ သူ၏လက်ကို အားမည်မျှပင် စိုက်ထုတ်စေကာမူ ရှေ့ဆက်တိုး၍ မရတော့ပေ။

သူ၏မျက်နှာအရောင်သည် ပုံမှန်မှ အနီရင့်ရောင် ထိုမှတစ်ဆင့် ပြာနှမ်းသော အရောင်သို့ ပြောင်းလဲသွားသည်။ သူ၏မျက်နှာပေါ်ရှိ ကြွက်သားများ တွန့်လိမ်နေပြီး ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ် ထင်ဟပ်လာသည်။

All Chapters