← Chapters

ဓားသွားနှစ်ဖက်လမ်းအား ပေးအပ်ခြင်း

Vol. 34 Ch. 337

ဓားသွားနှစ်ဖက်လမ်းအား ပေးအပ်ခြင်း

Vol. 34 Ch. 337

ယွီချောင်အန်း နှင့် ထုံရှင်းချွမ်းတို့သည် မင်ရောင်ဝတ်စုံနှင့် ပုံရိပ်ကို စိုက်ကြည့်နေကြသည်။

အထူးသဖြင့် တစ်ဖက်လူကလက်သီးတစ်ချက် ဝှေ့ယမ်းလိုက်သည့် အချိန်လေးပင်။

သူတို့၏ မျက်လုံးသူငယ်အိမ်များ တစ်ပြိုင်နက် ကျဉ်းမြောင်းသွားကြသည်။

ခမ်းနားထည်ဝါသောဝိညာဉ်ငှက် ပုံရိပ်ယောင်သည် ကျင့်ကြံခြင်းနည်းစနစ် တစ်မျိုးနှင့် တူသော်လည်း၊ နတ်ဘုရားစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့် သူတို့နှစ်ဦးသည် မိုးမြေ၏ဝိညာဉ်စွမ်းအင်တွင် မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့သည်ကို မည်သို့အာရုံမခံမိဘဲနေမည်နည်း။

ဝူထုံတောင်မှ တပည့်များသည် ပြင်ပမှ သန်မာသောကျင့်ကြံသူများကို မကြောက်ကြပေ။

မည်သို့ပင်ဆိုစေကာမူ ထိုသူများ ဘယ်လောက် စွမ်းအားကြီးပါစေ၊ သူတို့၏ ဆရာသခင်လောက်တော့ မစွမ်းထက်နိုင်ပေ။

...

ထို့အပြင် လူငယ်လေး၏ အင်အားသည် သူတို့အောက်အများကြီး နိမ့်ကျနေသေးသည်။

သူတို့ နားမလည်နိုင် ဖြစ်နေခြင်းသာ။

လောကရှိ နက်နဲသောနည်းစနစ်အများစုသည် နတ်ဆိုးတစ်ထောင်ဂူမှ လာခြင်းဖြစ်သည်။

အသန်မာဆုံး လူသားအင်အားစု အနေဖြင့် ဝူထုံတောင်သည် လက်နက်သွန်းလုပ်ခြင်း၊ ဆေးလုံးဖော်စပ်ခြင်း၊ အစီအရင် နှင့် အခြားနည်းလမ်းများ အပါအဝင်အမျိုးမျိုးသော ကျင့်ကြံခြင်း နည်းစနစ်များကို စုဆောင်းထားသည်။

သူတို့ မလုပ်နိုင်သောအရာများ ရှိကောင်းရှိနိုင်သော်လည်း သူတို့ ရင်ဆိုင်နေရသည်မှာ မည်သည့်အရာလဲဆိုတာတော့ သေချာပေါက် သိကြသည်။

ကိုယ်တိုင် ဖန်တီးထားတာများလား...

"သူ ငါတို့ကို ဘယ်လိုမြင်တာလဲ"

ယွီချောင်အန်းသည် သူ၏စီနီယာအစ်ကိုကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။

"ငါတို့ ဒီမှာ ရှိနေမှန်း သူ ခန့်မှန်းမိတာပါ"

ထုံရှင်းချွမ်းသည် သူ၏အစီအရင်ပညာ ကျွမ်းကျင်မှုကို အပြည့်အဝယုံကြည်ထား၏။

ယခုအခါ သူ၏မိန်းမဆန်သော မျက်နှာပေါ်တွင် ဂရုမစိုက်သည့် အမူအရာတစ်ခု လွှမ်းခြုံသွားသည်။

မင်ရောင်ဝတ်စုံနှင့် လူငယ်လေး၏ လုပ်ရပ်များကို ပုံစံအမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သော်လည်း စီနီယာများအပေါ်ရှိသည့်သဘောထားမျိုးတော့ လုံးဝမဟုတ်ပေ။

"သူ ဘာလုပ်ချင်တာလဲ"

ယွိချောင်အန်း သိပ်နားမလည်ပေ။ သူတို့က ဤကိစ္စကို ဝင်မစွက်ဖက်ခဲ့သလိုပင်။

"ဟွန့်"

ထုံရှင်းချွမ်း ဖြည်းညှင်းစွာ အကြည့်လွှဲလိုက်၏။

"မင်းတို့ခေါ်သွားတဲ့ လွတ်လပ်ကျင့်ကြံသူက မဟာချန်ပိုင်တယ်၊ ဘယ်သူမဆို အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူး... ငါတို့မရှိလဲဖြစ်တယ်လို့ သူပြောချင်နေတာ"

"ဒါဆို ငါတို့က..." ယွီချောင်အန်း ခေါင်းနောက်ဘက်ကို ကုတ်လိုက်၏။

"သွားကြစို့"

ထုံရှင်းချွမ်း ဤအူကြောင်ကြောင်ကောင်ကို မျက်လုံးလှန်ကြည့်လိုက်သည်။

အစ်မကြီးရဲ့ စစ်ဆေးအကဲဖြတ်မှုပြီးသွားပြီပဲ၊ ယိုဝေနတ်ဆိုးဧကရာဇ် သူ့လူတွေနဲ့ လာပြဿနာရှာတာကို စောင့်ဖို့ ဒီမှာဘာလို့ဆက်နေရမှာလဲ။

"..."

ရှန်းယီ အကြည့်ကိုပြန်လည် ရုပ်သိမ်းလိုက်၏။

သူ့ပုံရိပ်သည် နေရာမှာပင် ပျောက်ကွယ်သွားပြီးနောက် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထာည်၏ လက်ဖဝါးပေါ်သို့တက်လိုက်ကာ ကျန်းချိုလန်၏ ကော်လာအနောက်မှ ဆွဲမလိုက်သည်။

"မင်းက ပစ္စည်းတွေသိမ်းလိုက်"

ရွှေခန္ဓာကိုယ်ကနာခံစွာ ခေါင်းငြိမ့်ပြီး ပြတ်တောက်နေသော မြွေခန္ဓာကိုယ်အကြွင်းအကျန်များဆီသို့ ချက်ချင်း ပျံသန်းသွား၏။

"ကျွန်မကို... ဒီလို မကိုင်လို့ မရဘူးလား"

ကျန်းချိုလန်မှာ ကြောင်ပေါက်လေးတစ်ကောင်လို အဆွဲခံလိုက်ရသဖြင့် အနည်းငယ်နေသားမကျ ဖြစ်သွားသည်။

ရှန်းယီ ခေတ္တမျှ ရပ်တန့်သွားပြီးမှ တစ်ဖက်လူသည် ယခင်ကလို ကိုယ်ဖော့ပညာ မသုံးနိုင်သော အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ မဟုတ်တော့မှန်း သတိရသွားသည်။

သူ ခေါင်းငြိမ့်လိုက်ပြီး ထိုအမျိုးသမီးကို ပေါ့ပေါ့ပါးပါး လွှတ်ပေးလိုက်၏။

"တကယ်ကြီး အဲဒီသဘော ပြောတာ မဟုတ်ပါဘူး"

ကျန်းချိုလန် လေထဲတွင် သူမ၏တာအိုဝိညာဉ်ကို ထုတ်ဖော်လိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။

သူမသည် လက်တစ်ကမ်းအကွာတွင် ရှိနေသော ဤအမျိုးသားကို ကြည့်လိုက်၏။

လွန်ခဲ့သောအကြိမ်က သူမ အလျင်စလို ထွက်ခွာခဲ့ရသဖြင့် သေချာကြည့်ရှုခွင့် မရခဲ့ပေ။

ယခု တစ်ခဏမျှသေချာ စေ့စေ့စပ်စပ် ကြည့်လိုက်ရာ သူသည် ချင်ကျိုးတွင် ရှိစဉ်ကနှင့် မခြားနားကြောင်း တွေ့လိုက်ရသည်။

"ရှင် ပိုပိုပြီး စွမ်းအားကြီးလာတယ်နော်"

ကျန်းချိုလန်၏ မျက်လုံးများထဲတွင် အားကျမှုနှင့် ဝမ်းမြောက်မှုတို့ တဖျပ်ဖျပ် လက်သွား၏။

သူမ၏ကျင့်ကြံခြင်း တိုးတက်လာတိုင်း ရှန်းယီက တဖန်ပြန်ပေါ်လာပြီး ကျော်ဖြတ်၍ မရနိုင်သော တောင်ကြီးတစ်လုံးသဖွယ် ထပ်မံ ဖြစ်သွားတတ်သည်။

အစပိုင်းတွင် သူမ အလွန်အံ့အားသင့်ခဲ့ရပေ၏။

ယခုမူ အိပ်မက်မက်နေသလို၊ မသေခင် မြင်ရသော စိတ်ကူးယဉ် ပုံရိပ်တစ်ခုလို ခံစားနေရသည်။

ထိုစိတ်ကူးယဉ်မှုထဲတွင် တစ်ဖက်လူက အရာအားလုံးစွမ်းဆောင်နိုင်သူ ဖြစ်နေသည်မှာ သဘာဝကျပါသည်။

"အင်း.."

ရှန်းယီသည် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည် နတ်ဆိုးအလောင်းများကို ရှင်းလင်းနေသည်ကို ကြည့်လိုက်ပြီးနောက် အဝေးတွင် ပုန်းအောင်းရင်း ကြောက်လန့်တကြား တုန်ရီနေသော မာကွမ်းရှန်းကို လှမ်းခေါ်လိုက်၏။

သူ အကြည့်ပြန်ရုတ်လိုက်၏။

"သွားကြစို့"

မူလက သူသည် ယိုဝေလှံတံကို ဤမျှလွယ်ကူစွာ အသုံးပြုရန် အစီအစဉ်မရှိခဲ့ပေ။

သို့သော် ဤနေရာကို လာနေစဉ် လမ်းတွင်၊ကျန်းချိုလန် လှုပ်ရှားဖို့ပြင်ဆင်နေပြီးမှ ရုတ်တရက် ခေတ္တတွန့်ဆုတ်သွားသည်ကို မြင်လိုက်ရပေသည်။

ထို့နောက် သူမ၏စိတ်ခံစားမှုများ အနည်းငယ် ပုံမှန်မဟုတ်ဘဲ နစ်နာသည့်ပုံ ပေါက်နေခဲ့၏။

လှုပ်ရှားပြီဆိုသည်နှင့် အာရုံစူးစိုက်မှု အပြည့်ထားကာ ထူးကဲစွာတည်ငြိမ်နေတတ်သော သူမကဲ့သို့သောလူတစ်ယောက်အတွက် တစ်စုံတစ်ခု၏ လွှမ်းမိုးမှုကိုခံလိုက်ရခြင်း ဖြစ်ရပေမည်။

တစ်စုံတစ်ယောက်က သူမဆီ စကားလှမ်းပြောလိုက်သလိုပင်။

ထို့ကြောင့် ရှန်းယီသည် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို အကူအညီ မတောင်းခဲ့ခြင်း ဖြစ်သည်။

အနီးအနားတွင် အခြားကျင့်ကြံသူများ ချောင်းမြောင်းနေနိုင်မည့် အခြေအနေကို သူ ကာကွယ်ခဲ့ခြင်း ဖြစ်သည်။

"ကောင်းပြီ"

ကျန်းချိုလန်သည် ဤနေရာ၏ အန္တရာယ်များကို ကောင်းစွာသိရှိထားပြီး သူမ၏ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုရန် အလျင်မလိုခဲ့သလို၊ ထိုသို့ ပြောဆိုရာတွင်လည်း အထူးတလည် မကျွမ်းကျင်လှပေ။

သူမသည် ရှန်းယီ၏ အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလျက် နတ်ဆိုးတစ်ထောင်ဂူ၏ အထွက်ပေါက်ဆီသို့ ဦးတည်သွားလိုက်၏။

...

သူတို့နှစ်ဦးသည် နတ်ဆိုးဖိနှိပ်ခြင်းမြို့တွင် ကြာကြာ နေမနေခဲ့ပေ။

ထိုအစား ပိုမိုဝေးလံခေါင်သီသော နေရာတစ်ခုသို့ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။

လုံခြုံစိတ်ချရပြီဟု သေချာမှသာလျှင်၊ရှန်းယီသည် စမ်းချောင်းတစ်ခုဘေးတွင် ဆင်းသက်လိုက်ပြီး သူ့အနောက်မှ အမျိုးသမီးကို လှည့်ကြည့်လိုက်လေ၏။

"မင်း နတ်ဆိုးတစ်ထောင်ဂူမှာ ဘာလုပ်နေတာလဲ"

"ဝူထုံတောင်က အစစ်အမှန်ပုဂ္ဂိုလ်စိတ်ဝိညာဉ်ရှီရဲ့ စစ်ဆေးအကဲဖြတ်မှုကို ခံယူနေတာပါ"

ကျန်းချိုလန် တိုးညှင်းစွာ ပြောလိုက်၏။

"မဟာချန်တုန်းက နတ်ဆိုးနဂါးကို စော်ကားမိလို့ ပြန်မသွားရဲခဲ့ဘူး။ နောက်တော့ ဝူထုံတောင်က အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ဓား နဲ့ တွေ့ခဲ့တယ်။ သူက ကျွန်မကို သူ့စီနီယာအစ်မဆီအမည်ခံတပည့်အဖြစ် ဝင်ရောက်ဖို့ ထောက်ခံပေးမယ် ပြောလို့ပါ"

"မင်း အောင်မြင်သွားလား"

ရှန်းယီ မျက်ခုံးအနည်းငယ် ပင့်လိုက်၏။ ဝူထုံတောင်ဆိုသော အမည်ကို သူကြားရတာများလွန်းနေပြီဖြစ်ပြီး အနည်းငယ်စူးစမ်းလိုစိတ် ဖြစ်မိသည်။

သူ့ဘောင်ကွက်အကြောင်း သိသွားမည်ဆိုးရိမ်ကာ၊ သူတို့ ဘိုးဘေးကြီးကို သတိထားနေရခြင်းကြောင့် မဟုတ်လျှင် သူလည်းထိုနေရာသို့ဝင်ချင်မိမှာ အမှန်ပင်။

"ရှင် ကြည့်ပါဦး"

ကျန်းချိုလန်၏ အသံသည် တည်ငြိမ်နေပြီး သူမ၏အေးဆေးသော အမူအရာကို ထိန်းသိမ်းထားသည်။

သို့သော် သူမ မြွေဥကို မြေကြီးပေါ်သို့ ဂရုတစိုက် ချလိုက်ပုံမှာ ကလေးတစ်ယောက် လူကြီးကို သူ့လက်ရာပြပြီး ကြွားဝါနေသကဲ့သို့ပင်။

ထို့နောက် သူမ လက်ကိုအနည်းငယ် ရှက်ရွံ့စွာ ပြန်ရုပ်သိမ်းလိုက်ပြီး ချီးကျူးစကားကို စောင့်မျှော်နေပုံရသည်။

သူမ၏ဖြူစင်လှပသော မျက်နှာပေါ်မှမသိမသာ တင်းမာနေမှုကို မြင်လိုက်ရသောအခါ ရှန်းယီ အံ့သြသွားသည်။

ဤမျှတည်ငြိမ်ပြီး သန်မာသော အမျိုးသမီးက ဤကဲ့သို့ မိန်းကလေးဆန်သောအမူအရာမျိုး ပြသသည်ကို မြင်ယောင်ရန် ခက်ခဲလှ၏။

"မင်း အဆင်ပြေရဲ့လား" ရှန်းယီ သူမကို ဘေးတိုက်ကြည့်လိုက်သည်။

ကျန်းချိုလန်၏ မျက်နှာ အနည်းငယ်တောင့်တင်းသွားပြီးနောက် သက်ပြင်းတိုးတိုး ချလိုက်၏။

ထိုနောက် သူမ ရှန်းယီ၏တည်ငြိမ်သော အသံကို ကြားလိုက်ရလေသည်။

"မင်း ငါနဲ့ မဟာချန်ကို ပြန်လိုက်မလား"

ဝူထုံတောင်သည် အင်အားကြီးမားသော်လည်း ယခင်ကမြင်ကွင်းအရ သူမကို ကယ်တင်ရန် ရည်ရွယ်ချက် ရှိပုံမရပေ။

သူတို့သည် ဤအမျိုးသမီးကို အရေးပါလှသည်ဟု မမြင်ကြသည်မှာ ထင်ရှား၏။

သူမအနေဖြင့် စစ်မှန်သောပညာအမွေအနှစ် ကို မရရှိနိုင်လျှင် မဟာချန်သို့ ပြန်လိုက်သည်က ပိုကောင်းနိုင်သည်။ ဝိညာဉ်အမြစ်နှင့် ကျင့်ကြံခြင်း နည်းစနစ် ကိစ္စက ယခုမရှိလျှင်ပင် အနာဂတ်တွင် ဖြည်းဖြည်းချင်း ရှာဖွေနိုင်လေ၏။

ထိုအရာကိုကြားတော့ ကျန်းချိုလန် ခေတ္တမျှ ကြက်သေသေသွားပြီးနောက် ရှန်းယီ၏ မျက်လုံးများကို မော့ကြည့်လိုက်၏။

အသက်ရှူကြိမ် အနည်းငယ်ကြာပြီးနောက် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ၎င်းသည် အေးစက်ခြင်းမရှိတော့ဘဲ ချိုမြိန်ပြီး မျှော်လင့်ချက်များ ပြည့်နှက်နေကာ ပန်းချီကားထဲမှ နတ်သမီးလေး ရုတ်တရက် အသက်ဝင်လာသကဲ့သို့ပင်။

"ရှင့်နောက်ကို ကျွန်မအမြဲလိုက်လို့ ရမလား"

"ဒါဆို မင်း ထပ်ပြီး လေ့ကျင့်ဖို့ လိုလိမ့်မယ်" ရှန်းယီ တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

သူ ဦးတည်သွားနေသောနေရာတွင် ကျန်းချိုလန်သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း၌ အားချင်းလောက်ပင် ရှိမည် မဟုတ်ပေ။

"သိသားပဲ"

ကျန်းချိုလန် မျှော်လင့်ထားပြီးသား ဖြစ်ပုံရကာ အနည်းငယ်သာ စိတ်ပျက်သွား၏။

ထို့နောက် သူမ မြွေဥကို သိမ်းလိုက်ပြီး ပေါ့ပါးစွာ ရယ်မောလိုက်သည်။

"ကျွန်မ လုံခြုံတဲ့နေရာမှာ နေပြီး၊ ကုတင်ပေါ်လှဲရင်းတခြားလူတွေ ဘာလုပ်နေလဲ တွေးနေရတာ၊ သူတို့များ ထိခိုက်သွားမလား၊ ဒုက္ခရောက်မလား ဆိုပြီး စိတ်ပူနေရတာမျိုး မနေတတ်ဘူး... မိဘတွေအမဲလိုက်ရာကနေ ပြန်လာမှာကို စောင့်နေတဲ့ သားရဲလေးလိုမျိုးလေ... ကျွန်မ ရူးသွားလိမ့်မယ်"

သူမ ငယ်စဉ်က ထိုကဲ့သို့တစ်ကြိမ် ကြုံဖူးခဲ့သည်။

နောက်ဆုံးတော့ သူမ ရရှိလိုက်သော သတင်းမှာ သေဆုံးခြင်း သတင်းသာ ဖြစ်ပေ၏။

"တစ်နေ့ကျရင် ရှင့်ဘေးမှာ ကျွန်မ ရပ်တည်နိုင်မယ်လို့ ယုံလား"

ကျန်းချိုလန် အသက်ပြင်းပြင်း ရှူလိုက်၏။

"အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိတဲ့ အနေအထားမျိုးနဲ့ပေါ့"

"..."

ရှန်းယီ သူမကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။

ကျန်းချိုလန် ခိုးပြီး မျက်လုံးလှန်ကြည့်လိုက်ကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ရှင် တစ်ခါလောက်တောင် လိမ်မပြောနိုင်ဘူးလား"

"ငါ ပြောနိုင်ပါတယ်၊ ယုံတယ်"

ရှန်းယီ ပြန်ဖြေလိုက်၏။ သူသည် ယေဘုယျအားဖြင့် ထိုကဲ့သို့သောကိစ္စများတွင် ရက်ရောတတ်သည်။

သူသည် ပစ္စည်းအများအပြားကို ပေါ့ပေါ့ပါးပါး ထုတ်ယူပြီး ကမ်းပေးလိုက်သည်။

"ဒါတွေကို ဂရုစိုက်ပါ၊ မင်း ဘယ်လို သုံးရမလဲဆိုတာ သိမှာပါ"

ပစ္စည်း သိပ်မများပါ၊ စုစုပေါင်း လေးခုသာ။ ရွှမ်ကွမ်းဂူ တံဆိပ်ခတ်နှိပ်ထားသော သိုလှောင်အိတ် တစ်လုံး၊ ဝိညာဉ်စုစည်း မီးဖို တစ်လုံး၊ ရွှမ်ဓား တစ်လက်နှင့် ရှန်ရှောင်မူလမိုးကြိုးဓားသိုင်း စာလိပ်တစ်ခု တို့ဖြစ်သည်။

သူမ သွားတော့မည်ဆိုလျှင် အမည်ခံတပည့်လေး လုပ်နေရုံဖြင့် ဘာအဓိပ္ပာယ် ရှိမည်နည်း။

ဤပစ္စည်းများသည် သွားလေရာ ဓားနှစ်ဖက်သွား ဖြစ်သည်။

သူမ သေကောင်းသေသွားနိုင်သည်၊ သို့မဟုတ် ကြီးကျယ်သောအရာများကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ၎င်းတို့ကို အသုံးပြုနိုင်သည်။ သို့မဟုတ်ပါက သူမ၏သိုလှောင်အိတ်ထဲတွင် ထာဝရ သိမ်းထားလိုက်၍လည်း ရသည်... ကျန်းချိုလန်သည် သေချာပေါက် မိုက်မဲသူ မဟုတ်ပေ။

All Chapters