ပါးစပ်ပိတ်ထား
Vol. 11 Ch. 115
လမ်းကြားထဲတွင် အေးမြသော လေပြေများ ဆက်လက်၍ တိုက်ခတ်နေသည်။
"မင်း... မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ..."
ဟန်ကျစ်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ရှေ့မှ လူငယ်လေးကို စိုက်ကြည့်နေမိသည်။ ယခု ဖြစ်ပျက်နေသော အရာသည် သူ့အတွက် အလွန်ထူးဆန်းနေပေ၏။
သူ၏အသိစိတ်သည် ရှင်းလင်းပြတ်သားနေကာ စကားလည်း ပြောဆိုနိုင်သော်လည်း သူ၏ လှုပ်ရှားမှုများ လုံးလုံးလျားလျား ပိတ်ဆို့ခံထားရသည်။
ဤခံစားချက်မှာ သူ့အတွက် အမှန်တကယ်ကို ထူးဆန်းလွန်းသည်။
ဟန်ကျစ်၏ဘေးနားမှ လက်အောက်ငယ်သား သုံးဦးမှာလည်း သူနှင့် ထပ်တူထပ်မျှပင်။
သူတို့၏နဖူးပေါ်တွင် ချွေးစေးများ ဒလဟောထွက်နေပြီး အားစိုက်လွန်းသောကြောင့် သူတို့၏မျက်နှာအရောင်များ ဖြူဖပ်ဖြူရော်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားကြသည်။
"ဆရာ... ဒီလူက ပုံမှန်မဟုတ်ဘူး..."
လက်အောက်ငယ်သားတစ်ဦးက အော်ဟစ်လိုက်သည်။
ဟန်ကျစ်၏မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားပေ၏။
"ပါးစပ်ပိတ်ထားစမ်း... တခုခု မှားနေမှန်း ငါလည်း သိတယ်..."
"ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."
နောက်ထပ်လက်အောက်ငယ်သားတစ်ဦးက စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်သည်။ သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
"ပြေးမယ်..."
"ဘယ်လို ပြေးမှာလဲ... ငါ လုံးဝ လှုပ်လို့မရတော့ဘူး..."
လမ်းကြားထဲတွင် အမျိုးသားလေးဦးသည် ဘေ့စ်ဘောရိုက်တံများကို ကိုင်ထားဆဲပင်။ သူတို့သည် ထူးဆန်းသော လူငယ်လေးတစ်ဦးနှင့် မျက်နှာချင်းဆိုင် ရပ်နေကြပြီး သူတို့၏မျက်နှာများပေါ်တွင် အစောပိုင်းက ရှိနေခဲ့သော မောက်မာမှုများ မရှိတော့ဘဲ နေရာတွင် တောင့်တင်းစွာ မတ်တတ်နေရုံသာ တတ်နိုင်ကြသည်။ သူတို့၏ခန္ဓာကိုယ်အတွင်းမှ ထိတ်လန့်ကြောက်ရွံမှုများ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေကြသည်။
ယဲ့ပိုင်သည် ဤအချိန်တွင် သူတို့ကို ဂရုမစိုက်တော့ချေ။ သူသည် ခြေလှမ်းတစ်လှမ်း ညင်သာစွာ လှမ်းလိုက်ပြီး ခြံဝန်းအမှတ် ၉၈ ထဲမှ ထွက်ခွာလာခဲ့သည်။
ထိုသို့ ထွက်လာပြီးသည်နှင့် ခြံဝင်း၏ သစ်သားတံခါးသည် မည်သူမျှ တွန်းပိတ်ခြင်း မရှိဘဲ အလိုအလျောက် ဖြည်းညှင်းစွာ ပိတ်သွားလေ၏။
ထိုဖြစ်စဉ်ကို လူလေးယောက်သား ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ယခင်ကတည်းက ကြောက်ရွံ့နေသော သူတို့၏မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားကြသည်။ ဤအချိန်တွင် သူတို့၏စိတ်နှလုံးသားထဲ၌ နောင်တများစွာ ဖြစ်ပေါ်လာပေ၏။ သူတို့၏ရှေ့မှ လူသည် နတ်ဆိုးတစ်ကောင်နှင့် တူညီသည်ဟုသာ ခံစားနေရသည်။ ဖြစ်နိုင်လျှင် သူတို့သည် ဤလူကို နောက်ထပ် ဘယ်တော့မှ ထပ်မတွေ့ချင်ကြတော့ချေ။
ယဲ့ပိုင်က သူတို့ကို လျစ်လျူရှုလိုက်သည်။ သူ၏အမြင်အရ ထိုလူများသည် ပုရွက်ဆိတ်များထက် မပိုဘဲ သူ့ကို မည်သည့် အနှောင့်အယှက်မျှ မပေးနိုင်ကြချေ။
ယခုအချိန်တွင် ထိုလူများသည် သူတို့၏ ခန္ဓာကိုယ်ကို လှုပ်ရှားရန်ပင် အရည်အချင်း မရှိကြတော့ပေ။
ခြံဝန်းအမှတ် ၉၈ မှ ထွက်ခွာပြီးနောက် ယဲ့ပိုင်သည် မျက်နှာချင်းဆိုင်တွင် ရှိသော သူ၏ ခြံဝန်းထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။
ကျွီ...
သူ ခြံဝင်းထဲသို့ ဝင်ရောက်ပြီးနောက် သစ်သားတံခါးသည် ကျွီခနဲ မြည်သံနှင့်အတူ ပိတ်သွားလေ၏။
ဟန်ကျစ်နှင့် သူ၏လက်အောက်ငယ်သားများသည် လမ်းကြားထဲတွင် တောင့်တင်းနေဆဲပင်။
ဘုန်း... ဘုန်း... ဘုန်း...
ဆယ်မိနစ်ခန့် ကြာမှသာ သူတို့၏ ခန္ဓာကိုယ်များ လျော့ရဲသွားသည်ကို ခံစားလိုက်ရပြီး ဖြည်းညှင်းစွာ ပြန်လည်၍ လှုပ်ရှားနိုင်လာကြသည်။ သူတို့၏လက်ထဲမှ ဘေ့စ်ဘောရိုက်တံများသည် သူတို့ တသက်တာစုဆောင်းထားသော အားအင်များကို အသုံးပြုလိုက်ရသကဲ့သို့ ဘုန်းခနဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ သူတို့သည် ခါးကိုင်းပြီး အသက်ပြင်းပြင်း ရှူလိုက်ကြ၏။
သူတို့၏နဖူးပေါ်မှ ကြီးမားသော ချွေးစက်များသည် မြေပြင်ပေါ်သို့ ကျဆင်းလာပြီး နေရာအမြောက်အများကို စိုစွတ်သွားစေသည်။
ထိုအချိန်တွင် အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီးသည် သတိပြန်ဝင်လာသော်လည်း သူမ၏မှတ်ဉာဏ်သည် လွန်ခဲ့သော ဆယ်မိနစ်ကအတိုင်း ရှိနေဆဲပင်။ ယဲ့ပိုင် ပျောက်ကွယ်သွားသည်ကို တွေ့ရှိချိန်၌ သူမက မျက်လုံးအပြူးသားဖြင့် ဟန်ကျစ်ကို အေးစက်စွာ အော်ငေါက်လိုက်သည်။
"ဟန်မျိုးရိုး... အဲ့ဒီလူ ဘယ်ရောက်သွားလဲ... ရှင်က ဘာလို့ အသုံးမကျတဲ့ပုံနဲ့ ဒီနေရာမှာ ငူငူငိုင်ငိုင်နဲ့ မတ်တတ်ရပ်နေတာလဲ... သူ့ကို ရှာမပေးရင် တွေ့မယ်..."
သူမ၏စူးရှသော အသံသည် လမ်းကြားတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားပေ၏။
"တိုးတိုးနေစမ်း..."
ဟန်ကျစ်သည် ခါးကိုင်းထားရာမှ အမျိုးသမီး၏အသံကို ကြားချိန်၌ ဘေးဘီဝဲယာကို သတိကြီးစွာ ကြည့်ရှုလိုက်ပြီး မောဟိုက်နေသောလေသံဖြင့် သတိပေးလိုက်သည်။
သို့သော် အမျိုးသမီးသည် မည်သည့်အရာကိုမျှ သတိမထားမိချေ။ သူမသည် နှုတ်ခမ်းကိုက်လိုက်ပြီး ဟန်ကျစ်ကို လက်ညှိုးထိုးကာ ပို၍ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်၏၏
"ရှင်က အမှိုက်ကောင်... အသုံးမကျတဲ့ကောင်... ချောင်မိသားစု က ချောင်ကူယွင်ရဲ့လူပါဆိုပြီး ကြွားဝါဖို့လောက်ပဲ တတ်တယ်... ကလေးတစ်ယောက်ကိုတောင် မတားနိုင်ဘူး... နံရံနဲ့ခေါင်းဆောင့်ပြီး သေလိုက်ပါတော့လား..."
"မင်း..."
ဟန်ကျစ်က အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။ သူ တစ်စုံတစ်ခုကို အော်ဟစ်ချင်သော်လည်း သူ၏မျက်လုံးထောင့်စွန်းမှနေ၍ ခြံဝန်းအမှတ် ၉၉ ၏တံခါးကို ရိပ်ခနဲ မြင်လိုက်ရသည်။ ရုတ်တရက် အေးစက်သော ခံစားမှုတစ်ရပ်က သူ၏ခြေဖဝါးမှတစ်ဆင့် နဖူးထိပ်အထိ ပျံ့နှံ့သွားပေ၏။ အစောပိုင်းက ထိုလူငယ်လေးသည် ခြံဝန်းတံခါးမှ ဝင်သွားသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသော်လည်း ယခုအချိန်၌ သစ်သားတံခါးပေါ်တွင် ကြေးဝါသော့ခလောက်ကြီးတစ်လုံး ရှိနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
"မင်းဆိုတာက ဘာလဲ... ဟန်မျိုးရိုး... ရှင့်ကို ယောက်ျားလို့တောင် မထင်တော့ဘူး..."
အမျိုးသမီးက အလျှော့မပေးဘဲ ဆက်လက်၍ ပြောဆိုနေသည်။
ဖြောင်း...
သို့သော် ဤတစ်ကြိမ်တွင် မူလက ခါးကိုင်းပြီး အသက်ရှူရှိုက်နေသော ဟန်ကျစ်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်၏။ သူသည် ကျန်ရှိနေသော နောက်ဆုံးအားအင်များကို အသုံးပြုပြီး အမျိုးသမီးကို ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်သည်။
တိတ်ဆိတ်နေသော လမ်းကြားထဲတွင် ပြတ်သားသော ပါးရိုက်သံတစ်သံ ပဲ့တင်ထပ်သွားသည်။
အနီရောင်တောက်ပသော လက်ငါးချောင်းရာကြီးသည် အမျိုးသမီး၏မျက်နှာပေါ်တွင် စွဲထင်ကျန်ရစ်ခဲ့ပေ၏။
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ဟန်ကျစ်က သူမကို ရိုက်နှက်လိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ကြောင်း သိသာထင်ရှားသည်။ သူမ၏မျက်နှာပေါ်မှ နာကျင်မှုကို ခံစားမိချိန်တွင် သူမသည် မသိစိတ်မှ လက်ကိုဆန့်တန်းပြီး သူမ၏ပါးကို အုပ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် ရူးသွပ်လုမတတ် တုန်ခါသွားပြီး ဒေါသကြောင့် မူးဝေသွားတော့သည်။
သူမ၏မျက်နှာအရောင်သည် ပို၍ပြာနှမ်းပြီး ဖြူဖပ်ဖြူရော် ဖြစ်လာပေ၏။
သူမ၏မျက်လုံးများထဲတွင် ဒေါသအမျက်မီးတောက်များဖြင့် ပြည့်နှက်နေသည်။ သူမသည် ဟန်ကျစ်ကို ကြည့်လိုက်ချိန်၌ သူမ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသော ရက်စက်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
"ရှင်... ရှင်က ကျွန်မကို ရိုက်ရဲတယ်ပေါ့..."
"ငတုံးမ..."
"ငါ မင်းကို ပါးစပ်ပိတ်ထားလို့ ပြောနေတယ်... ငါ ပြောတာ ကြားလား..."
"မိန်းမယုတ်... ပြဿနာကောင်မ... မင်းဘာသာမင်း သွားရှာပါလား..."
ဘုန်း... ဘုန်း... ဘုန်း...
နံဘေးတွင်ရှိနေသော တခြားအမျိုးသားသုံးဦးသည်လည်း သည်းမခံနိုင်တော့ပေ။ သူတို့သည် ကြွင်းကျန်သော အားအင်များကို အသုံးပြုပြီး ရှေ့သို့တိုးကာ အမျိုးသမီးကို ဝိုင်းဝန်း၍ ကန်ကျောက်ကြတော့သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ပါးစပ်မှလည်း ပြင်းထန်စွာ ဆဲဆိုနေကြသည်။ အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးကို ပြန်တွေးမိတိုင်း သူတို့၏ခန္ဓာကိုယ်များ အေးစက်သွားကြသည်။
အခြေအနေ ပြောင်းလဲမှုသည် မြန်ဆန်လွန်းသဖြင့် အမျိုးသမီးသည် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ အမျိုးသားသုံးဦး၏ ရိုက်နှက်မှုကို ခံရပြီးနောက် သူမသည် ယိမ်းယိုင်ပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူမ၏ ဈေးကြီးသော လက်ကိုင်အိတ်သည် မီတာဝက်ကျော် အကွာသို့ လွင့်ထွက်သွားပြီး သူမ၏ဆံပင်များလည်း ချက်ချင်းဆိုသလိုပင် ဖရိုဖရဲ ဖြစ်သွားပေ၏။
သို့သော် သူမ၏မျက်လုံးများထဲတွင် မကျေနပ်မှုများ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေဆဲပင်။
ထွက်ခွာသွားသော လူလေးဦး၏ကျောပြင်ကို ကြည့်ကာ အချိန်အတော်ကြာပြီးနောက် အမျိုးသမီးသည် မြေပြင်ပေါ်မှ ခက်ခဲစွာအားယူ၍ မတ်တတ်ထရပ်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"ဟန်မျိုးရိုး... ဒီမိန်းမက ရှင့်ကို သေချာပေါက် မှတ်လောက်သားလောက်ဖြစ်အောင် လုပ်ပြမယ်... ပြီးတော့ ခြံဝန်းအမှတ် ၉၈ နဲ့ ၉၉ က အသုံးမကျတဲ့ လူနှစ်ယောက်... စောင့်နေကြစမ်း..."
သူမသည် ထိုစကားများကို ပြောဆိုပြီးနောက် ချာခနဲလှည့်ထွက်ကာ လမ်းကြား၏ထွက်ပေါက်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားတော့သည်။
လမ်းသွားလမ်းလာတစ်ဦးကို ဖြတ်ကျော်သွားချိန်၌ သူမက ဒေါသတကြီး ကြည့်လိုက်သည်။ ထိုလမ်းသွားလမ်းလာသည် အမျိုးသမီး၏ ကျောပြင် ပျောက်ကွယ်သွားသည်အထိ ဘေးသို့ ရှောင်ပေးလိုက်ရသည်။ လမ်းသွားလမ်းလာ၏နှုတ်ခမ်းထောင့်များ အနည်းငယ် မဲ့ရွဲ့သွားပြီး တံတွေးထွေးကာ ဒေါသတကြီး ကျိန်ဆဲလိုက်၏။
"တောက်... ဒီမိန်းမ ယမ်းအိတ်တွေများ စားလာတာလား... ဒေါသထွက်နေလိုက်တာ..."
ခြံဝန်းအမှတ် ၉၉ ပိတ်သွားသည်။
ခြံဝန်းအတွင်းထဲတွင် နေရောင်ခြည်များ ဖြာကျနေသော်လည်း အေးစက်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေဆဲပင်။
ယဲ့ပိုင် ပြန်ရောက်လာပြီးနောက် ခြံဝန်း၏အလယ်တွင် ရပ်လိုက်ပြီး သူ၏ရှေ့မှ သစ်သားတံခါးကြီးကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်လိုက်သည်။
သစ်သားတံခါး၏အထက်ရှိ စက္ကူပြတင်းပေါက်သည် လုံးလုံးလျားလျား ပြန်လည်ကောင်းမွန်သွားလေပြီ။
ထိုအရာပေါ်တွင် ထွင်းထုထားသော ပုံစံတချို့သည် လွန်ခဲ့သောနှစ် ၈၀ အချိန်ကာလသို့ ပြန်သွားသည့်အလား ပို၍လက်ရာမြောက်နေသည်။ ဤသည်မှာ လူငယ်လေးတစ်ယောက်သည် ခြံဝန်းထဲတွင် ထိုင်နေပြီး သူ၏လက်ချောင်းများကို အနည်းငယ် လှုပ်ရှားကာ ထွင်းထုဓားတစ်ချောင်းဖြင့် သစ်သားတံခါးပေါ်တွင် ညင်သာစွာ ပုံဖော်နေသည့်အလားပင်။
သို့သော် သစ်သားတံခါးရှေ့တွင် ဖုံးလွှမ်းနေသော ဖုန်မှုန့်လွှာတစ်ခုက ယဲ့ပိုင်၏အတွေးများကို လွန်ခဲ့သောနှစ်ကာလများဆီမှ ပြန်လည်၍ ဆွဲခေါ်လာသည်။
တစ်နာရီခန့် တိတ်တဆိတ် ကုန်ဆုံးသွားကာ...
ဖုန်မှုန့်များ၏အထက်တွင် မထင်ရှားသော ခြေရာတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ဟူး..."
ယဲ့ပိုင်က ထိုခြေရာကို သတိပြုမိသွားပြီး တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။
"ရောက်နေမှတော့ ဘာလို့ ထွက်မလာတာလဲ..."
ကျွီ...
ပိတ်ထားသော သစ်သားတံခါးသည် ကျွီခနဲ မြည်သံနှင့်အတူ ဖြည်းညင်းစွာ ပွင့်သွားပေ၏။
ဝိုးတဝါးဖယောင်းတိုင်မီးအောက်၌ လူတစ်ယောက်၏ပုံရိပ်သည် ဧည့်ခန်းမဆောင်ထဲတွင် မှိန်ဖျော့ဖျော့ ထွက်ပေါ်လာသည်။
"သခင်ကြီး... ကျွန်တော် ဒီနေရာကို ရောက်နေတာ ခုနစ်ရက် ရှိပါပြီ..."
ထိုအသံသည် နက်ရှိုင်းပြီး ရှေးဆန်သော်လည်း ရှည်လျားပြီး ရှုပ်ထွေးသော ခေတ်ကာလများကို ဖြတ်ကျော်လာသကဲ့သို့ အလွန်တည်ငြိမ်ကာ ခန့်ညားထည်ဝါနေသည်။