← Chapters

နတ်ဆိုးတစ်ထောင်ဂူမှ နတ်ဆိုးဧကရာဇ်ရှန်း

Vol. 34 Ch. 340

နတ်ဆိုးတစ်ထောင်ဂူမှ နတ်ဆိုးဧကရာဇ်ရှန်း

Vol. 34 Ch. 340

အမှန်တကယ်ပင် ၎င်းမှာ ဂူဗိမာန်အတွင်းမှ ရရှိခဲ့သောရုပ်ဖျက်နည်းစနစ် ပင် ဖြစ်သည်။

ရှန်းယီအနေဖြင့် ဤကျင့်စဉ်ကို အထွတ်အထိပ်သို့ ရောက်ရှိအောင် လေ့ကျင့်ရန်အတွက် နတ်ဆိုးသက်တမ်းနှစ်နှစ်ရာနီးပါးကို အသုံးပြုလိုက်ရ၏။

"အသက်တစ်ရာကျော်သည်အထိ နတ်ဘုရားစိတ်ဝိညာဉ်အဆင့်သို့ မရောက်ရှိပါက ဆေးလုံးများ၏ အကူအညီကိုယူရမည်" ဟူသော ဆေးနည်းထဲမှ စာသားကို ပြန်လည် စဉ်းစားမိသည့်အခါ ရှန်းယီ၏ရင်ထဲတွင် ပြောမပြတတ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

သို့သော်လည်း ၎င်းမှာစုတ်ပြဲနေသော စာရွက်ဟောင်းတစ်ခုသာ ဖြစ်သဖြင့် အနည်းငယ် ပိုပိုသာသာရေးသားထားခြင်းမှာ ပုံမှန်သာဖြစ်ပြီး အလေးအနက်ထားရန် မလိုပေ။

တစ်ချိန်တည်းမှာပင် ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်ကိုလည်း အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။

[နတ်ဆိုးဧကရာဇ် (ဝိညာဉ်အကြွင်းအကျန်) - ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်]

ရှန်းယီသည် ထိုဝိညာဉ်သတိပြန်လည်လာသည်အထိ စောင့်ဆိုင်းလိုက်၏။

ထို့နောက် သူသည် တစ်ဖက်လူ၏ ပုံပန်းသဏ္ဍာန်အတိုင်း မိမိကိုယ်ကိုယ်စတင် ပြောင်းလဲလိုက်လေသည်။

ခဏချင်းတွင်ပင် ရှစ်လံခန့်မြင့်မားသော ခန့်ညားထည်ဝါသည့် ခြင်္သေ့နတ်ဆိုးကြီးတစ်ကောင် ထိုနေရာတွင် ပေါ်ထွက်လာ၏။ ကောင်းကင်ဝါးမြို နတ်ဆိုးဝိညာဉ်မှ ပြောင်းလဲထားသော သူ၏ ခန္ဓာကိုယ်သည် နတ်ဆိုးအငွေ့အသက်များကိုပင် ထုတ်လွှတ်နေ၏။

"ရွှေရောင်မျက်လုံးတွေ..."

ရှန်းယီသည် ရွှေလင်းတနတ်စွမ်းအင်ကို အသုံးပြုပြီး သူ၏အရှိန်အဝါကို ရွှေရောင်မိုးကြိုးကျောက်စိမ်းဖြူ ဝိညာဉ်အမြစ်ဖြင့် ထိန်းချုပ်လိုက်ရာ သူ၏မျက်လုံးများတွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားလေသည်။

သူသည် ဘေးဘက်သို့ တစ်ချက်ကြည့်လိုက်၏။

သူ၏မျက်လုံးများအတွင်းမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး စိမ်းလဲ့နေသော ကျောက်တုံးကြီးတစ်ခုကို ရိုက်ခွဲလိုက်လေသည်။

စွမ်းအားကို ခေတ္တဖယ်ထားလျှင်ပင် ပုံပန်းသဏ္ဍာန်မှာမူအစစ်နှင့် အတော်ပင် တူညီနေပြီ ဖြစ်သည်။

နောက်ဆုံးတွင် သူသည် ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်ကို တစ်ဖန်ပြန်ကြည့်ပြီး ခန္ဓာကိုယ်၏ အသေးစိတ်အချက်အလက်များကို ညှိယူလိုက်ကာ အမွှေးအမျှင် တစ်ပင်ချင်းစီအထိ တူညီအောင် ပြုလုပ်လိုက်၏။

ရှန်းယီ မျက်လုံးများကို မှိတ်လိုက်၏။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထိတ်လန့်ဖွယ်ရာ ဒဏ်ရာများတဖြည်းဖြည်း ပေါ်လာလေသည်။

သူ၏ အမူအရာမှာလည်း ပင်ပန်းနွမ်းနယ်နေပုံ ပေါက်သွား၏။

နတ်ဆိုးဧကရာဇ်တစ်ပါး၏ ခန့်ညားမှု အနည်းငယ် လျော့နည်းသွားသော်လည်း အကျပ်ရိုက်နေသော သားရဲတစ်ကောင်၏ ကြမ်းတမ်းခက်ထန်မှုမှာ ပိုမို ပေါ်လွင်လာသည်။

"အခုကစပြီး ဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုစကားလာပြောရင် မင်းရဲ့အရင်က အမူအကျင့်တွေအတိုင်း ငါ့ကိုအရင်အသိပေး"

ပြင်ဆင်မှုများ အားလုံး ပြီးဆုံးသွားသောအခါ ရှန်းယီက အမိန့်ပေးလိုက်၏။

"အမိန့်အတိုင်းပါ"

ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်သည် နောက်ဆုံးတွင် သတိဝင်လာပြီး အရိုအသေ ပေးလိုက်လေသည်။

ရှန်းယီသည် ယင်ဝိညာဉ် နှင့် ရွှေရောင်ပုတီးစေ့ တို့ကို သူ၏စွမ်းအင်ပင်လယ်အတွင်းသို့ ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် နတ်ဆိုးဝိညာဉ်နှစ်ခုနှင့်အတူ နတ်ဆိုးတစ်ထောင်ဂူဆီသို့ ပေါ်ပေါ်တင်တင်ပင် ထွက်ခွာလာခဲ့တော့သည်။

ယခုအချိန်မှစ၍ သူသည် နတ်ဆိုးတစ်ထောင်ဂူ၏ ဧကရာဇ်တစ်ပါးပင်။

ဝူထုံတောင်၊ ပထမဆုံး သစ်သားအိမ်လေး၏ အရှေ့တွင်

ကျန်းချိုလန်သည် အိမ်တံခါးဝတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူမ၏ဘေးတွင် သွေးကဲ့သို့ နီမြန်းနေသော မြွေဥတစ်လုံး ရှိနေသည်။

သူမသည် စိတ်ရှည်စွာ စောင့်ဆိုင်းနေ၏။

ဆယ့်နှစ်ရက်နှင့် ဆယ့်နှစ်ည ကုန်ဆုံးသွားသော်လည်း သူမ၏ ပုံရိပ်မှာ မတုန်မလှုပ် မတ်တတ်ရပ်လျက်ပင်။

ကောင်းကင်ယံ၌ ပုံရိပ်အချို့ တဖြည်းဖြည်း ပေါ်လာပြီး အောက်သို့ တိတ်တဆိတ် ငုံ့ကြည့်နေကြ၏။

"စီနီယာအစ်ကို နီ... ခင်ဗျား ခေါ်လာတဲ့လူကို စကားလေး ဘာလေးကူပြောပေးဦးလေ"

ထုံရှင်းချွမ်း သည် ဘေးဘက်သို့ လှည့်ကြည့်ကာ မဲ့ပြုံး ပြုံးရင်း ပြောလိုက်၏။

ပြာလွင်သောဝတ်စုံကို ဝတ်ဆင်ထားသည့် နီကျွင်း သည် သူ၏ရွှမ်ဓားပေါ်တွင် ရပ်နေရင်း အေးစက်စွာ ပြောလိုက်သည်။

"ဒီအမျိုးသမီးက ငါ့ကို ဘယ်တော့မှအပြင်လွှတ်ပေးမှာလဲ ဆိုတာပဲ ငါသိချင်တယ်။ ငါ ရှစ်မျက်နှာစားသောက်ခန်းမမှာ သွားပြီး ထမင်းစားချင်လှပြီ"

အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းသည် သူ၏သစ်သီးခြောက်များကို ဝါးနေချိန် စီနီယာအစ်ကိုနီက လှည့်ကြည့်လိုက်သောအခါ မသိမသာအမူအရာဖြင့် သစ်သီးများကို သူ၏ သိုလှောင်အိတ်ထဲသို့ အမြန် ပြန်ထည့်လိုက်သည်။

သူသည်လည်း အကျဉ်းချခံထားရခြင်း ဖြစ်သည်။

ကျန်ရှိနေသောမုန့်များကို ဝေမျှဖို့ဆိုသည်မှာ ဝေးလာဝေးပင်။

"ဒီလို အကျင့်မျိုးနဲ့..."

နီကျွင်းက အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်၏။

"သွား... ငါ့အတွက် ထမင်းသွားယူခဲ့စမ်း"

ရုတ်တရက်ခေါ်ယူခြင်း ခံလိုက်ရသော ထန်ယွမ် သည် ကြောင်အသွားပြီးနောက် စိတ်ပျက်လက်ပျက်အမူအရာဖြင့် ပြောလိုက်၏။

"စီနီယာနီ... ကျွန်တော်လည်း အပြင်ထွက်ခွင့် ပိတ်ခံထားရတာပါဗျာ"

အစစ်အမှန်ပုဂ္ဂိုလ် ရွှမ်ဓားမှာ သွေးပြောင်းလဲခြင်း နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ပြီးနောက် သူ့ဆရာချင်းဖုန်းက သူ့ကိုဖျောင်းဖျဖို့ ပျက်ကွက်ခဲ့သဖြင့် အပြစ်ပေးခံရခြင်းမှာ မှန်ကန်သော်လည်း မိမိနှင့် ဘာဆိုင်သနည်းဟု သူ နားမလည်နိုင် ဖြစ်နေ၏။

သူသည် ဝူထုံတောင်၏ စစ်မှန်သော တပည့်တစ်ဦးပင် မဟုတ်သေးပေ။

"မင်းတို့နေရာကို မင်းတို့ ပြန်ကြစမ်း"

သစ်သားအိမ်အတွင်းမှ အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာ၏။

အားလုံး၏ မျက်နှာများ တောင့်တင်းသွားပြီး တစ်ယောက်ပြီးတစ်ယောက် လူစုခွဲသွားကြရာ နီကျွင်းတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

သူသည် အိမ်လေးကို အေးစက်စွာ စိုက်ကြည့်နေပြီး သူ၏ခြေထောက်အောက်မှ ဓားမှာလည်း လှုပ်ခတ်နေ၏။

နောက်တစ်ခဏတွင် တင့်တယ်လှပသော ပုံရိပ်တစ်ခု အိမ်ထဲမှ ထွက်လာသည်။

သူမသည် တံဆိပ်တစ်ခုကို ပေါ့ပေါ့ပါးပါး မြှောက်ပြလိုက်၏။

"ဆရာ... နီကျွင်းက ပုန်ကန်ချင်နေတယ်"

"ဟွန်း... မိန်းမတွေကတော့ကွာ"

နီကျွင်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက်ဒေါသတကြီးဖြင့် အခြားသစ်သားအိမ်တစ်ခုဆီသို့ လှည့်ထွက်သွားတော့သည်။

"ဟမ့်... ကျွန်မရဲ့ဆရာကလည်း အမျိုးသမီးပဲလေ၊ အဲဒါကိုရော ရှင် မကျေနပ်တာလား"

အစစ်အမှန်ပုဂ္ဂိုလ်ဝိညာဉ်ရှီက တံဆိပ်ကို လက်ထဲသို့ အေးအေးလူလူပြန်သိမ်းလိုက်သည်။

သူမသည် မိမိရှေ့မှ မိန်းကလေးကို ပြန်ကြည့်လိုက်သောအခါ သူမ၏အမူအရာမှာ ရုတ်တရက် အေးစက်သွား၏။

နတ်ဆိုးတစ်ထောင်ဂူအတွင်း ဖြစ်ပျက်ခဲ့သမျှကို သူမ သိရှိပြီးသား ဖြစ်သည်။

"နင်က မဟာချန်ကဖြစ်ပြီးတော့ နင့်မှာ အင်အားကြီးတဲ့ အစောင့်အရှောက်လည်း ရှိနေတာပဲ၊ ဘာလို့ ငါ့ဆီကို လာရတာလဲ"

ကျန်းချိုလန်သည် သူမ စီနီယာ၏ လက်ထဲမှ တံဆိပ်ကိုဖြည်းဖြည်းချင်း မော့ကြည့်လိုက်ရာ ၎င်းပေါ်တွင် ဝိညာဉ်အလင်းတန်းများ လှုပ်ခတ်နေသည်ကို တွေ့လိုက်ရ၏။

သူမသည် ရှင်းပြရန် စိတ်ကူးကို ချက်ချင်းပင် စွန့်လွှတ်လိုက်သည်။

အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သော်လည်း ဤမျှ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ထိုအချိန်လေးတွင်

သူမ၏လက်ဖဝါးအတွင်း၌ ရွှမ်ဓားတစ်လက် ပေါ်လာပြီး မြေကြီးထဲသို့ တိတ်တဆိတ် စိုက်ဝင်သွား၏။

ကျန်းချိုလန်သည် ဒူးတစ်ဖက်ထောက်လိုက်ပြီး တံဆိပ်ကိုဦးညွှတ်ကာ လက်သီးဆုပ်လိုက်၏။

"မျိုးဆက်သစ် ကျန်းချိုလန်က ကျင့်စဉ်ကို လာရောက် ပြန်လည်ပေးအပ်တာပါ"

"..."

အစစ်အမှန်ပုဂ္ဂိုလ်ဝိညာဉ်ရှီသည် ခဏမျှ ကြောင်အသွားသည်။

ထို့နောက်ချက်ချင်းပင် သူမ၏မျက်လုံးများထဲတွင် ဒေါသများ ပြည့်လျှံလာ၏။

"နင် ဘယ်လိုတောင်ရဲတင်းရတာလဲ"

သူမသည် လက်ကိုဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ဝိညာဉ်ဖိအားများ သူမရှေ့သို့ တိုးဝင်သွားသည်။

တစ်ချိန်တည်းမှာပင်

ထွက်ခွာသွားသော နီကျွင်းသည် မျက်စိတစ်မှိတ်အတွင်း ပြန်ရောက်လာ၏။

သူ ဝင်မစွက်ဖက်ပေ။

သူ၏ မျက်လုံးများမှာ အေးစက်နေပြီး မြေပြင်ပေါ်မှ ရွှမ်ဓားကိုသာ စိုက်ကြည့်နေသည်။

မင်ရောင်ဝတ်စုံနှင့် မိန်းကလေးမှာ ဝိညာဉ်ဖိအားကြောင့် လွင့်ထွက်သွားပြီး သူမ၏အရေပြားများပင် ကွဲအက်လာသည်ကို ကြည့်နေမိသည်။

နောက်ဆုံးတွင် အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းက သက်ပြင်းချကာ လက်ကိုဆန့်ထုတ်၍ နူးညံ့သော လေပြေတစ်ခုကို ဖန်တီးလိုက်ပြီး ကျန်းချိုလန် မပြုတ်ကျအောင် ဖမ်းထိန်းပေးလိုက်၏။

မမျှော်လင့်ဘဲ ထိုအမျိုးသမီးသည် မိမိကိုယ်ကိုယ် ထိန်းလိုက်နိုင်သည်နှင့်

သူမသည် ယခင် ကိုယ်ဟန်အတိုင်း ပြန်လည် တည်ငြိမ်သွားပြီး ဤတစ်ကြိမ်တွင်မူ သူမ၏လက်ထဲ၌ နောက်ထပ်ကျင့်စဉ်စာလိပ်တစ်ခု ပေါ်လာပြန်သည်။

"တကယ်ကို သေမင်းကို ခေါ်နေတာပဲ"

အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းသည် သူ၏ ခေါင်းနောက်ဘက်ကို ပြင်းပြင်းထန်ထန် ပွတ်လိုက်မိသည်။ ဆရာသခင်နှင့် တိုက်ရိုက် စကားပြောဆိုနိုင်ခြင်းမှာ အကြီးဆုံးစီနီယာအစ်မ တစ်ဦးတည်းသာရရှိနိုင်သော ဂုဏ်ထူးဆောင်အခွင့်အရေး ဖြစ်သည်ကို သူ သိထား၏။

ကျန်းချိုလန်သည် ကြီးမားသော တားမြစ်ချက်ကို ချိုးဖောက်လိုက်ခြင်းပင်။

"ကြမ်းတမ်းပြီး နှလုံးသားမရှိတဲ့သူ၊ ရည်မှန်းချက်တွေ အရမ်းကြီးနေတဲ့သူ... နင်ကတော့..."

အစစ်အမှန်ပုဂ္ဂိုလ်ဝိညာဉ်ရှီသည် ရှေ့သို့ နောက်ထပ် တစ်လှမ်းတိုးလိုက်၏။

သို့သော် သူမ၏စကားလုံးများမှာ ရုတ်တရက် ရပ်တန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် တံဆိပ်အတွင်းမှ အနည်းငယ်ပင်ပန်းနွမ်းနယ်နေသော အသံတစ်ခု ထွက်ပေါ်လာသောကြောင့်ပင်။

"မင်း ဘယ်ကျင့်စဉ်ကို ပြန်ပေးတာလဲ"

"ရှန်ရှောင်မူလမိုးကြိုးဓားသိုင်း ပါ"

ကျန်းချိုလန်သည် သူမ၏ပါးစပ်ထဲမှ သွေးများကို အတင်းမျိုချလိုက်ပြီး အသံကို တည်ငြိမ်အောင် ထိန်းလိုက်၏။

သူမအနေဖြင့် ဝူထုံတောင်၏ဘိုးဘေးနှင့် စကားပြောခွင့် ရရန်အတွက် အခွင့်အရေးတစ်ခု လိုအပ်နေသည်။

ဤမိုးကြိုးဓားသိုင်းမှာ တစ်ဖက်လူ၏ စိတ်ဝင်စားမှုကို ရရှိရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်သည်။

၎င်းမှာ ရှန်းယီက သူမအား ပေးခဲ့သော လက်ဆောင် မဟုတ်ပါလား။

"မင်း ဘာဆုလာဘ်ကို လိုချင်တာလဲ" တံဆိပ်အတွင်းမှ အသံက ထပ်မံ မေးမြန်းလာသည်။

"ဝူထုံတောင်ထဲကို ဝင်ခွင့်ရဖို့ပါ"

ကျန်းချိုလန်၏ သွေးစွန်းနေသော မျက်လုံးများသည် တံဆိပ်ကိုသာ စိုက်ကြည့်နေ၏။

"ရည်မှန်းချက် အရမ်းကြီးလွန်းတယ်" တံဆိပ်မှာ ခဏမျှ တိတ်ဆိတ်သွား၏။

ထိုစကားကို ကြားသောအခါ အစစ်အမှန်ပုဂ္ဂိုလ်ဝိညာဉ်ရှီကနောက်ဆုံးတွင် နှာခေါင်းရှုံ့လိုက်တော့သည်။

သတင်းကြား၍ အပြေးအလွှားရောက်လာသော အခြားတပည့်များကလည်း မျက်မှောင်ကြုတ်လိုက်ကြ၏။

လောကတွင် ဝူထုံတောင်သို့ မဝင်ချင်သောသူ မရှိသော်လည်း ဤမျှလောက်ပေါ်တင်ကြီး ဖြစ်နေခြင်းမှာ အနည်းငယ်လွန်လွန်းသည်ဟု သူတို့ ထင်ကြသည်။

သို့သော် ကျန်းချိုလန်မှာမူ လုံးဝတုန်လှုပ်ခြင်း မရှိဘဲ ဖြည်းည်းချင်း မတ်တတ်ရပ်လိုက်သည်။

"ရည်မှန်းချက် မကြီးလွန်းသေးပါဘူး"

သူမသည် ဤအရာများကို အလဟသအဖြစ်မခံပါဟု ရှန်းယီကို ကတိပေးခဲ့ဖူးသည်။

ယခု သူမအလိုရှိသည်မှာ ဤအရာများကို အသုံးပြု၍ အမြင့်ဆုံးသော အကျိုးကျေးဇူးကို ရယူရန်ပင်။

"အို... ငါ စိတ်ဝင်စားသွားပြီ။ ပြောပါဦး" တံဆိပ်သည် လေထဲတွင် ပေါ့ပေါ့ပါးပါးပျံတက်သွား၏။

"ဝူထုံတောင်ရဲ့အံ့ဖွယ်နည်းစနစ်တွေကို လေ့ကျင့်ပြီး ဒီကမ္ဘာပေါ်မှာ အထက်ရှဆုံးဓားတစ်လက် ဖြစ်လာချင်လို့ပါ" ကျန်းချိုလန်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

"ဒါတော့ မကောင်းဘူး... သူက စီနီယာအကို ကို ရည်ရွယ်ပြောနေတာပဲ" အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းက စီနီယာအစ်ကိုနီကို လှည့်ကြည့်လိုက်သည်။

နီကျွင်း ဘာမှမပြောဘဲ တံဆိပ်ကိုသာ တိတ်တဆိတ် စိုက်ကြည့်နေ၏။

သေချာပေါက်ပင် တံဆိပ်အတွင်းမှ သဲ့သဲ့မျှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

"ငါကိုယ်တိုင်လည်း ဓားကို ကိုင်စွဲထားတာပဲ"

မင်ရောင်ဝတ်စုံနှင့် မိန်းကလေး၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများကို မြင်တွေ့ရလိမ့်မည်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြသည်။

မမျှော်လင့်ဘဲ ကျန်းချိုလန်မှာမူ တည်ငြိမ်စွာ ရပ်နေဆဲဖြစ်ပြီး သူမ၏အကြည့်မှာ ခိုင်မာမြဲမြံနေ၏။

ခဏအကြာတွင် အစစ်အမှန်ပုဂ္ဂိုလ်ဝိညာဉ်ရှီ၏ မျက်လုံးများပင် အနည်းငယ်ကျဉ်းမြောင်းသွားကာ ဆရာသခင်ကို ကျော်တက်ရန်စဉ်းစားဝံ့သည့်အထိ ဤမိန်းကလေးမှာ မည်မျှပင် ရဲတင်းနေသနည်းဟု သူမ တွေးမိသွားသည်။

"ရေတွင်းထဲက ဖားသူငယ်လိုပဲ... မိုက်မဲပြီး ဆူညံလိုက်တာ" တံဆိပ်သည် အနည်းငယ်လှုပ်ခတ်သွားပြီး အစစ်အမှန်ပုဂ္ဂိုလ်ဝိညာဉ်ရှီ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။

အကြီးဆုံးစီနီယာအစ်မက ကျန်းချိုလန်ကို အေးစက်သောမျက်နှာထားဖြင့် ပြန်ကြည့်လိုက်စဉ်မှာပင်

တံဆိပ်ပေါ်မှဝိညာဉ်အလင်းတန်းမှာ တစ်ဖန် ပြန်လည် လင်းလက်လာပြန်သည်။

"ဒီရူးသွပ်နေတဲ့ မိန်းကလေးကို ငါ့ဆီ ခေါ်လာခဲ့။ အရာအားလုံးကိုဂရုမစိုက်ဘဲ ရဲရဲဝံ့ဝံ့လုပ်ဆောင်ရဲတဲ့ သူမရဲ့သတ္တိက ဘယ်ကလာတာလဲဆိုတာ ငါ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းနေပြီ"

"..."

ထိုအရာကိုကြားလိုက်ရသည့်အခါ နီကျွင်း၏ မျက်လုံးများပင် အနည်းငယ်လှုပ်ခတ်သွားရသလို အခြားသူများမှာလည်း ပြောစရာ စကားမဲ့သွားကြတော့သည်။

ကျန်းချိုလန်သည် နောက်ဆုံးတွင် သူမ၏ အကြည့်ကို နှိမ့်ချလိုက်၏။ သူမသည် ရူးသွပ်နေခြင်း မဟုတ်ပေ။

သူမသည် အမြင့်ဆုံးသောတောင်ကြီးကို မြင်တွေ့ခဲ့ဖူးရုံသာ ဖြစ်သည်။

ဤနေရာရှိ လူတိုင်းကို အရှက်ရစေနိုင်သည့် တောင်ကြီးပင်။

သူမသည် မာနကြီးနေခြင်းလည်း မဟုတ်ပေ။

ထိုသူများကိုကျော်တက်နိုင်မှသာ ထိုတောင်ကြီးနှင့် ပိုမိုနီးစပ်ခွင့် ရရှိမည် မဟုတ်ပါလား။

၎င်းမှာ ရည်မှန်းချက်ကြီးခြင်း မဟုတ်ဘဲ အခက်ခဲဆုံးသောလက်တွေ့ဘဝသာ ဖြစ်ပေသည်။

All Chapters