အခန်း (၁၁၁၁-၁၁၁၃)
Vol. 75 Ch. 1111-1113
အခန်း (၁၁၁၁) ထွက်ပြေးလွတ်မြောက်ခွင့်က တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်လာတယ်
ကောင်းကင်ယံထက်မှ ဓားအလင်းတန်းများသည် မိုးသည်းထန်စွာ ရွာသွန်းဖြိုးသကဲ့သို့ တရစပ် ကျဆင်းလာခဲ့သည်။ သို့ရာတွင် သက်ရှိခပ်သိမ်းကို ရှင်သန်စေအောင် ရွာချသော မိုးရေစက်များနှင့် မတူဘဲ ကောင်းကင်အပြည့် လွှမ်းခြုံထားသည့် ဤဓားဆန္ဒများကမူ သေခြင်းတရားကိုသာ သယ်ဆောင်လာခဲ့ပေသည်။ ချင်ထျန်တောင်ထိပ်ရှိ ရင်ပြင်ကျယ်ထက်တွင် ကံကောင်းထောက်မ၍ အသက်ရှင်ကျန်ရစ်ခဲ့ကြသော နတ်ဘုရားများသည် ထိုဒဏ်ကို ဦးစွာ ခံစားလိုက်ကြရသည်။
သူတို့ မပြေးလိုကြ၍ မဟုတ်ပဲ ဓားမိုးရေစက်တို့သည် မိုးနှင့်မြေကို ပိတ်ဆို့ထားသဖြင့် ထွက်ပြေးလွတ်မြောက်ခြင်းဟူသည်မှာ တန်ဖိုးကြီးလွန်းလှသော ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်လာခဲ့ချေသည်။
ရွှမ်း...
အားနည်းသော နတ်ဘုရားတို့မှာ ခုခံကာကွယ်ရန် စွမ်းအားပင် မထုတ်နိုင်ကြတော့ပေ။ ဓားဆန္ဒများက ၎င်းတို့၏ နတ်ဘုရားခန္ဓာကိုယ်များကို ခွဲခြမ်းလိုက်သည့်အခါ မြေကြီးတုန်ဟီးသွားစေလောက်သည့် အော်ဟစ်ငြီးတွားသံများ ထွက်ပေါ်လာခဲ့လေသည်။
သို့သော် ထိုအော်ဟစ်သံများသည် ကြာရှည်မခံလိုက်ပဲ အသက်ရှူချိန် တစ်ခဏအတွင်းမှာပင် အရာအားလုံး တိတ်ဆိတ်သွားခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် အော်ဟစ်နေကြသူများအားလုံး ဓားမိုးရေစက်များ၏ ခုတ်ပိုင်းမှုကို ခံလိုက်ရပြီး ဘာမျှမကျန်အောင် ပျောက်ကွယ်သွားကြသောကြောင့် ဖြစ်သည်။
ထိုသို့သော ကြောက်မက်ဖွယ် မြင်ကွင်းများကြောင့် အခြားသော နတ်ဘုရားများ၏ နှလုံးသားများမှာ တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။ ဒေါသကြီးသော နတ်ဘုရားအချို့မှာမူ သည်းမခံနိုင်တော့ဘဲ ခံစစ်အစီအရင်များကို ဖြန့်ကျက်လျက် ကောင်းကင်သို့ ပျံတက်သွားကြပြီး ၎င်းတို့၏ မြင့်မားသော ကျင့်ကြံမှုအဆင့်များဖြင့် ကျဆင်းလာသော ဓားမိုးများကို ပြန်လည်တိုက်ခိုက်ရန် ကြိုးစားကြလေသည်။ သို့သော် ၎င်းတို့၏ ရုန်းကန်ကြိုးစားမှုများမှာ အချည်းနှီးသာဖြစ်သည်။
ကောင်းကင်ပေါ်သို့ ပျံတက်သွားသော နတ်ဘုရားများသည် လမ်းခုလတ်၌ပင် အရှိန်တဖြည်းဖြည်း လျော့ကျသွားပြီး ၎င်းတို့ကို လွှမ်းခြုံထားသည့် ခံစစ်အလင်းရောင်များမှာလည်း တဖျပ်ဖျပ် လက်လာကာ အဆုံးတွင် ကွဲကြေပျက်စီးသွားခဲ့ရလေသည်။
ခံစစ်များ ပျက်စီးသွားသည်နှင့် တပြိုင်နက် ထိုနတ်ဘုရားများသည် မုန်တိုင်းကြားမှ သစ်ရွက်ခြောက်များကဲ့သို့ ယိမ်းယိုင်သွားကြပြီး အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ဖယောင်းရုပ်များကဲ့သို့ အရည်ပျော်ကျသွားကြသည်။
ဟုတ်ပေသည်။ ၎င်းတို့သည် တဖြည်းဖြည်းချင်း အရာထင်ကျန်ရစ်ခြင်း မရှိတော့ဘဲ ပျောက်ကွယ်သွားခြင်း ဖြစ်ပေသည်။ နောက်ဆုံး၌ ထိုနတ်ဘုရားများ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဖန်ကဲ့သို့ ကြည်လင်လာပြီး လုံးဝဥဿုံ ကွယ်ပျောက်သွားခဲ့ကြလေသည်။
အသက်ရှူချိန် အနည်းငယ်အတွင်း၌ပင် ချင်ထျန်တောင်ထိပ် ရင်ပြင်ပေါ်ရှိ နတ်ဘုရားများသည် လုံးဝနီးပါး ချေမှုန်းခံလိုက်ရပြီး အသစ်တက်ရောက်လာသော နတ်ဘုရား နှစ်ပါး၊ သုံးပါးခန့်သာ အထိအခိုက်မရှိ ကျန်ရစ်ခဲ့သည်။
ထိုနတ်ဘုရား အနည်းငယ်မှာ တစ်ကိုယ်လုံး တုန်ရီနေကြပြီး ထောင့်တစ်နေရာတွင် ရပ်လျက် မျက်လုံးများ ပြူးကျယ်ကာ ထိုအဖြစ်အပျက်အားလုံးကို ထိတ်လန့်တကြား ကြည့်နေမိကြသည်။
သတ်ဖြတ်မှုကြီး ပြီးဆုံးသွားသောအခါ ကျယ်ပြောလှသော ချင်ထျန်တောင်ထိပ်ကြီးသည် ခြောက်ခြားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး ရင်ပြင်ပေါ်တွင် ကြောင်အမ်းအမ်း ရပ်နေကြသော နတ်ဘုရားသစ်အနည်းငယ်မှလွဲ၍ ဘာမျှမရှိတော့ချေ။
အဘယ်ကြောင့် ဤသို့ဖြစ်ရသလဲဆိုတာ သူတို့ နားမလည်နိုင်ကြပေ။ သေဆုံးသွားကြသည့် နတ်ဘုရားတိုင်းသည် သူတို့ထက် အဆများစွာ သာလွန်စွမ်းအားကြီးသူများ ဖြစ်ကြသည်။ သို့သော် ဓားမိုးများသည် ထိုနတ်ဘုရားအနည်းငယ် ရပ်နေသည့် ထောင့်နေရာကို တမင်တကာ ရှောင်ကွင်းသွားပုံ ရလေသည်။
"ပြီး... ပြီးသွားပြီလား"
နတ်ဘုရားသစ်တစ်ပါးက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။ နောက်တစ်ယောက်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာထားက တည်ကြည်လေးနက်နေပြီး ခေါင်းခါလိုက်သည်။
"မပြီးသေးဘူး... အခုမှ စတာ"
သူပြောသည့်အတိုင်းပင် ကောင်းကင်ပေါ်ရှိ ဓားဆန္ဒများသည် လျော့နည်းသွားခြင်း မရှိသည့်အပြင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ပိုမိုများပြားလာပြီး လျင်မြန်စွာ ပြန့်နှံ့သွားလေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ၎င်းတို့သည် မိုးကုတ်စက်ဝိုင်းအထိ ဆက်စပ်သွားခဲ့ပြီ ဖြစ်သည်။ ယခင်က ဓားဆန္ဒများသည် ချင်ထျန်တောင်ထိပ် ပတ်ဝန်းကျင်ကိုသာ ဖုံးလွှမ်းထားခဲ့သော်လည်း ယခုအခါ၌မူ ထိုပမာဏထက် အဆပေါင်းသောင်းချီ၍ ပိုမိုကျယ်ပြန့်သော နေရာများကို လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။
နတ်ဘုရားသစ် အနည်းငယ်မှာ ပါးစပ်အဟောင်းသားဖြင့် မှင်သက်သွားကြသည်။ ခဏကြာသောအခါ တစ်ယောက်က တံတွေးကို ခက်ခက်ခဲခဲဖြင့် မျိုချလိုက်သည်။
"အဲ့လူ... အဲ့လူက ထျန်ကျောက်ဘုံ တစ်ခုလုံးကို တကယ်ပဲ အပြတ်ရှင်းပစ်တော့မလို့လား"
ကျန်လူများမှာ တိတ်ဆိတ်နေကြသည်။ ထိုစကားသည် ယုတ္တိမရှိသော စိတ်ကူးယဉ်စကားဟု ထင်ရသော်လည်း လက်ရှိအခြေအနေအရ အရာအားလုံးသည် လက်တွေ့ဖြစ်နေပေသည်။
"ငါ သဘောပေါက်ပြီ..."
နောက်ထပ် နတ်ဘုရားသစ်တစ်ပါးက တီးတိုး ရေရွတ်လိုက်သည်။
"ဘာကို သဘောပေါက်တာလဲ"
"ဒီလူက ငါတို့ကို တမင် သက်ညှာပေးလိုက်တာကွ၊ သေသွားတဲ့သူတွေက လက်ထဲမှာ အပြစ်မဲ့သူတွေရဲ့ သွေးစွန်းနေတဲ့ နတ်ဘုရားတွေ... ငါတို့က အခုမှ တက်လာတဲ့သူတွေဆိုတော့ အပြစ်ကင်းသေးတယ်၊ ဒါကြောင့် ငါတို့ အသက်ရှင်တာပဲ"
ထိုအခါ ထိုသူက ခါးသက်သက် ပြုံးလိုက်သည်။
"ကြည့်ရတာ ငါတို့ရဲ့ အားနည်းချက်ကိုပဲ ပြန်ကျေးဇူးတင်ရမလို ဖြစ်နေပြီ"
လူတိုင်း တိတ်ဆိတ်သွားကြပြန်သည်။ ယခင် ထျန်ကျောက်ဘုံ၌ ကြင်နာခြင်းဟူသော စကားလုံးသည် ချီးမွမ်းခြင်းမဟုတ်ဘဲ သရော်လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ တစ်စုံတစ်ယောက်ကို ထိုသို့သော စကားလုံးဖြင့် တင်စားလိုက်လျှင် ထိုသူသည် အလွန်အားနည်းသူဟု ဆိုလိုခြင်း ဖြစ်သည်။
သို့သော် မမျှော်လင့်ထားဘဲ ထိုအားနည်းခြင်းဆိုသည့် အရာကပင်လျှင် ယခုအခါ ဤလူများကို ကယ်တင်ပေးလိုက်ခြင်း ဖြစ်ပေသည်။
"စကားတစ်ခွန်းတည်းနဲ့ မိုးနဲ့မြေကို ဆုံးဖြတ်နိုင်စွမ်းရှိတယ်၊ ဒါမှ တကယ့် နတ်ဘုရားအစစ်ပဲ"
တစ်စုံတစ်ယောက်က ချင်ထျန်တောင်ထိပ်ကို မော့ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ ထိုသူများ ခန့်မှန်းခဲ့သည့်အတိုင်းပင် ဤအချိန်၌ ဓားဆန္ဒများသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ပြန့်နှံ့နေပြီ ဖြစ်သည်။
ထျန်ကျောက် နန်းတော်ကြီးနှင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံနယ်မြေများသည် လက်ဖက်ရည်တစ်ခွက် သောက်စာ အချိန်အတွင်းမှာပင် ကောင်းကင်အပြည့်ရှိသော ဓားအလင်းရောင်များမှာ ထျန်ကျောက်ဘုံ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့လေသည်။ ကောင်းကင်ကြီးသည် သွေးကဲ့သို့ နီရဲသွားသည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးသည် မရေမတွက်နိုင်သော လူများ၏ အာရုံကို ဖမ်းစားလိုက်သည်မှာ အမှန်ပင် ဖြစ်သည်။
"အဲဒါ ဘာကြီးလဲဟ"
လူတစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ကြောက်စရာကောင်းလိုက်တဲ့ ဓားအရှိန်အဝါပဲ"
နောက်တစ်ယောက်က လေးနက်သော မျက်နှာထားဖြင့် ပြောသည်။
"ကြည့်ရတာ ဧရိယာ တော်တော်များများကို လွှမ်းခြုံထားပုံရတယ်၊ ဘယ်သူကများ ဒီလောက် အစွမ်းထက်တဲ့ အင်အားကို ပိုင်ဆိုင်ထားတာလဲ"
တစ်စုံတစ်ယောက်က တုန်လှုပ်စွာ မေးလိုက်သည်။ သို့သော် မည်သူပင်ဖြစ်စေ ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း၏ စိတ်ထဲတွင် ဒီလူ ဘာလုပ်ချင်နေတာလဲ ဟူသော မေးခွန်းတစ်ခုသာ ရှိနေကြသည်။
အမှန်တွင်မူ ဤအရာကို လျစ်လျူရှုထားကြသော အစွမ်းထက် နတ်ဘုရားများလည်း အများအပြား ရှိနေကြသည်။
ဥပမာအားဖြင့် အေးစက်ရေခဲမြို့တော်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိနေသည့် မီးနဂါးမြို့တော်သည် ဆွေ့ဟန်နတ်ဘုရားစစ်သူကြီး ပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်သော မီးနဂါး နတ်ဘုရားစစ်သူကြီးသည် ဤမြင်ကွင်းကို မြင်သောအခါ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
"လူပါးဝလိုက်တဲ့ ကောင်တွေပဲ၊ ထျန်ကျောက်ဘုံတစ်ခုလုံးကို သူ့တစ်ယောက်တည်း အင်အားနဲ့ လွှမ်းခြုံချင်တယ်တဲ့လား၊ ရယ်စရာကောင်းလိုက်တာကွာ"
ထိုသို့ပြောပြီးသည်နှင့် မီးနဂါးစစ်သူကြီးသည် မြို့စားအိမ်တော်ရှိ ကုလားထိုင်ပေါ်သို့ နောက်မှီချလိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် မေးလိုက်သည်။
"ဒါနဲ့... သတ္တုတွင်းမှာ အခြေအနေ ဘယ်လိုရှိလဲ"
အိမ်တော်ထိန်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"သခင်ကြီး... တူးဖော်ရေးတွေ အဆင်ပြေပါတယ်၊ အရည်အသွေးမြင့် မီးနဂါးပုံဆောင်ခဲတွေကို နေ့တိုင်း တူးဖော်ရရှိနေပါတယ်၊ ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ"
"မီးနဂါးသတ္တုတွင်းထဲက ပတ်ဝန်းကျင် အနေအထားက အရမ်းကြမ်းတမ်းလွန်းတယ်၊ အရင်တုန်းက ပို့ထားတဲ့ ကျေးကျွန်အများစုက သေတဲ့လူကသေ၊ ဒဏ်ရာရတဲ့လူကရ ဖြစ်ကုန်ပြီမို့လို့ လုပ်သားအင်အား အရမ်းလိုနေပါတယ်၊ အဲဒါကြောင့် တူးဖော်ရေးလုပ်ငန်းတွေ နှောင့်နှေးနေပါတယ် ခင်ဗျာ"
ထိုစကားကို ကြားသောအခါ မီးနဂါးစစ်သူကြီးက စားပွဲကို ဒုန်းကနဲ မြည်အောင် ရိုက်ချလိုက်သည်။
"သောက်ကျိုးနည်း... မင်းက ဒီကိစ္စသေးသေးလေးတောင် မရှင်းနိုင်ဘူးလား၊ ကျေးကျွန်တွေ မရှိတော့ရင်လည်း သွားဖမ်းလေကွာ"
"ဟုတ်... ဟုတ်ကဲ့ပါ၊ ဒါပေမဲ့ ပတ်ဝန်းကျင်က ကောင်းကင်နယ်မြေတွေမှာလည်း လူတွေ ကုန်သလောက် ဖြစ်နေပြီဆိုတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."
"နတ်ဘုရားဘုံတွေမှာ လူမရှိတော့ရင်လည်း အနီးအနားက ကြယ်တာရာနယ်မြေတွေမှာ သွားဖမ်းဖို့ နည်းလမ်းရှာလေ၊ မှတ်မိလား... မကြာသေးခင်ကမှ ငါတို့ ထျန်ကျောက်ဘုံရဲ့ နတ်ဘုရား သာသနာပြုနယ်မြေအဖြစ် ပြောင်းလဲလိုက်တဲ့ ကြယ်အသစ်တစ်ခု ရှိတယ်လေ၊ အဲဒီကို အစောင့်တွေလွှတ်ပြီးတော့ အဲ့ဂြိုဟ်က လူတွေ အကုန်လုံးကို ဖမ်းချုပ်ပြီး မီးနဂါးသတ္တုတွင်းထဲ ပစ်ထည့်ခိုင်း၊ ဒါက သူတို့ ကိုးကွယ်တဲ့ နတ်ဘုရားတွေအတွက် ပေးဆပ်ရတာပဲလို့ မှတ်ခိုင်းလိုက်"
ထိုယုတ်မာသော အကြံကြောင့် အိမ်တော်ထိန်း၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသော်လည်း မလွန်ဆန်ရဲသဖြင့် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဖြေလိုက်သည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ၊ ချက်ချင်း စီစဉ်လိုက်ပါ့မယ်"
"ဟွန်း... ဘာမှသုံးမရတဲ့ အကောင်တွေ"
မီးနဂါးစစ်သူကြီးက မောက်မာစွာ ပြောလိုက်သည်။ သို့သော် အိမ်တော်ထိန်း ကြောက်ကြောက်လန့်လန့်ဖြင့် ထရပ်လိုက်စဉ်မှာပင် မီးနဂါးမြို့တော်၏ ကောင်းကင်ထက်၌ အဆုံးမဲ့သော ဓားအလင်းရောင်များ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရပြီး အထူးသဖြင့် မြို့စားအိမ်တော်၏ အထက်တည့်တည့်တွင် ကြီးမားလှသော ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရလေသည်။
"စစ်... စစ်သူကြီး၊ ဒါက..."
အိမ်တော်ထိန်းက စိုးရိမ်တကြီး ပြောလိုက်သည်။ မီးနဂါးစစ်သူကြီးက မထီမဲ့မြင် မော့ကြည့်လိုက်သည်။
"ဘယ်က မပြောပလောက်တဲ့ ကောင်ကများ ငါနဲ့ လာကစားချင်နေတာလဲ၊ သွားစမ်းကွာ"
ထိုသို့ပြောပြီးသည်နှင့် သူသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။ ရာထူးအဆင့်အတန်းအရဆိုလျှင် ဤမီးနဂါးစစ်သူကြီးသည် ရေခဲမြို့တော်မှ ဆွေ့ဟန်စစ်သူကြီး၏ အောက်တွင်သာ ရှိသည်။ သို့သော် ခွန်အားနှင့် ပတ်သက်လာလျှင်မူ ဆွေ့ဟန်သည် သူ့ကို ယှဉ်နိုင်ခြင်း မရှိပေ။
ထို့အပြင် ဤလူသည် အလွန် မောက်မာပြီး ရက်စက်ကြမ်းကြုတ်သူဖြစ်ကာ လူစားမီးနဂါး ဟုပင် နာမည်ကြီးလေသည်။
သူသည် တစ်စုံတစ်ယောက်က လျှို့ဝှက်သိုင်းကွက်ကို အသုံးပြု၍ သူ၏ မီးနဂါးမြို့တော်ကို လွှမ်းခြုံထားသည်ကို မြင်လိုက်ရသောအခါအကြီးအကျယ် ဒေါသထွက်သွားပြီး ကောင်းကင်အပြည့်ရှိသော ဓားအလင်းရောင်များကို ဖြိုခွင်းပစ်ရန်အတွက် အပေါ်သို့ တက်သွားခြင်း ဖြစ်သည်။
သူသည် လျှပ်စီးလက်ကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားပြီး ကောင်းကင်ထက်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။ ထို့နောက် မထီမဲ့မြင် ပြုံးလိုက်ကာပြောလိုက်သည်။
"သွားစမ်းကွာ…”
အခန်း (၁၁၁၂) - မင်းတို့ရဲ့ ဘုရင်ကို ငါသတ်လိုက်ပြီ
ထိာစကားသံဆုံးသည်နှင့် တပြိုင်နက် သူသည် လက်ကိုမြှောက်ကာ အစွမ်းကုန် တိုက်ခိုက်လိုက်တော့သည်။ ထိုတိုက်ခိုက်မှု၏ အရှိန်အဟုန်သည် မိုးနှင့်မြေကိုပင် တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
မီးနဂါးမြို့တော်ရှိ လူတိုင်းသည် ကောင်းကင်ကို မော့မကြည့်ဘဲ မနေနိုင် ဖြစ်ကြရသည်။ မီးနဂါးစစ်သူကြီး၏ ကျောပြင်ကို မြင်လိုက်ရသောအခါ လူအများ၏ မျက်လုံးများထဲတွင် ပြင်းထန်သော အမုန်းတရားများ လက်ခနဲ ဖြတ်ပြေးသွားကြသည်။ သို့သော် မကြာမီမှာပင် ထိုအကြည့်များ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရပြန်သည်။
ဤမီးနဂါးစစ်သူကြီးသည် ရက်စက်ကြမ်းကြုတ်မှု၌ နာမည်ကျော်ကြားသူဖြစ်ပြီး သူ့လက်ချက်ဖြင့် အပြစ်မဲ့သူ မည်မျှ သေဆုံးခဲ့ရသည်ကို မည်သူမျှ ရေတွက်၍ မကုန်နိုင်ပေ။ လူအများစုသည် လက်စားချေရန်အတွက် သူ့ကို သတ်ဖြတ်ချင်နေကြသည်။
သို့သော် မီးနဂါးစစ်သူကြီးသည် အလွန်အမင်း အစွမ်းထက်လွန်းလှသဖြင့် မည်သူမျှ မအောင်မြင်ခဲ့ဖူးချေ။ အချိန်ကြာလာသည်နှင့်အမျှ လူများသည် ထိုကိစ္စအပေါ် ထုံထိုင်းသွားကြတော့သည်။
ဒီတစ်ခါလည်း ဒီလိုပဲ နေမှာပါလေ
သူတို့ ကိုယ့်ဘာသာ တွေးလိုက်ကြပြီး လက်လျော့ကာ ခေါင်းငုံ့လိုက်ကြတော့သည်။ သို့သော် ထိုအချိန်၌ သနားစဖွယ် အော်ဟစ်ငြီးတွားသံတစ်သံသည် ကောင်းကင်ထက်မှ ပျံ့လွင့်လာခဲ့သည်။
မြို့စားအိမ်တော်ထဲမှ နေ့စဉ်နေ့တိုင်း အပြစ်မဲ့သားကောင် ရာဂဏန်းခန့်ကို အလောင်းထုတ်နေရသော မီးနဂါးမြို့တော်တွင် သနားစဖွယ် အော်ဟစ်သံများက မဆန်းကျယ်လှပေ။
သို့သော် ယခုတစ်ကြိမ် အော်သံကမူ ခြားနားနေချေသည်။ အကြောင်းမှာ အော်ဟစ်နေသူသည် အခြားသူများကို အမြဲ နှိပ်စက်ညှဉ်းပန်းလေ့ရှိသော မီးနဂါးစစ်သူကြီး ကိုယ်တိုင် ဖြစ်နေသောကြောင့်ဖြစ်သည်။
လူတိုင်း ခေါင်းမော့ကြည့်လိုက်ကြပြီး မယုံကြည်နိုင်စွာ ငေးကြည့်ကာ ကျောက်ရုပ်များကဲ့သို့ တောင့်ခဲသွားကြလေသည်။
ပုံမှန်အားဖြင့် မောက်မာဝင့်ကြွားလေ့ရှိသော မီးနဂါးစစ်သူကြီးသည် ယခုအခါ အဝေးသို့ ကြောက်လန့်တကြား ထွက်ပြေးနေရသည်။ သူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်သည် အသားများမရှိတော့ဘဲ ဖြူဖွေးသော အရိုးများ ပေါ်နေပြီး သွေးများစီးကျနေလျက် မီးနဂါးစစ်သူကြီးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
"ဒါ... ဒါ ဘာကြီးလဲကွ၊ ဒီလောက် စွမ်းအားကြီးတဲ့ ဓားဆန္ဒမျိိုးက ဒီလောကမှာ ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ"
သို့သော် မည်သူကမျှ သူ့မေးခွန်းကို မဖြေနိုင်ကြပေ။ လူအများသည် ကြောင်အမ်းအမ်းဖြင့်သာ ကြည့်နေမိကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ကောင်းကင်ပေါ်ရှိ ဓားအလင်းရောင်များသည် မီးနဂါးစစ်သူကြီးကို လွတ်မြောက်ခွင့် မပေးဘဲ မိုးမျှော်လှိုင်းလုံးကြီးများအလား သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေသောကြောင့် ဖြစ်သည်။
"အာ... ဝေးဝေးနေစမ်း၊ ငါက အထွတ်အထိပ် မီးနဂါးစစ်သူကြီးကွ၊ ဘယ်သူက ငါ့ကို သတ်ရဲလို့လဲ"
မီးနဂါးစစ်သူကြီးသည် ရူးသွပ်မတတ် ဖြစ်နေခဲ့သည်။ သူ၏ ယခင်က မောက်မာမှုနှင့် မထီမဲ့မြင်ပြုမှုများသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။ ထိုကျိန်စာသင့်သော ဓားအလင်းရောင်များနှင့် ဝေးရာသို့ ပြေးရန်သာဖြစ်သည်။
သို့သော် သူမည်မျှပင် ရှောင်တိမ်း၍ အရှိန်တင်နေပါစေ ဓားအလင်းရောင်များကို ဖြတ်ထုတ်၍ မရခဲ့ပေ။ ၎င်းတို့ကြားရှိ အကွာအဝေးသည် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
ဤအချိန်တွင် ဓားအလင်းရောင်များကို ဖြတ်ထုတ်ရန် မျှော်လင့်ချက် မရှိတော့သည်ကို မြင်လိုက်ရသော မီးနဂါးစစ်သူကြီး၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
ထို့နောက် သူသည် အောက်သို့ ထိုးဆင်းလိုက်ပြီး မီးနဂါးမြို့တော်၏ လူအစည်ကားဆုံး လမ်းမဆီသို့ ဦးတည်သွားခဲ့လေသည်။
လမ်းမပေါ်တွင် ကြောင်အမ်းနေသော လူအုပ်ကြီးဖြင့် ပြည့်နှက်နေသည်။ အကယ်၍ သူသာ လူအုပ်ကြားထဲသို့ ရောက်သွားခဲ့လျှင် ဤအောက်တန်းစားများ၏ အသက်ကို အသုံးချပြီး ဓားအလင်းရောင်များကို ခေတ္တမျှ ဟန့်တားနိုင်လိမ့်မည်။ ထိုအခိုက်အတန့်သည် သူ့အတွက် ထွက်ပြေးရန် အဖိုးတန်သော အချိန်တစ်ခု ဖြစ်လာပေလိမ့်မည်။
မီးနဂါးစစ်သူကြီး၏ တွေးခေါ်မှုသည် ပိုမိုယုတ်မာလာပြီး နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာကာ သူ၏ အရှိန်ကို ရုတ်တရက် မြှင့်တင်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လမ်းပေါ်ရှိ လူများ၏ မျက်နှာပေါ်မှ ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့နေမှုများကို သူ မြင်တွေ့နေရပြီ ဖြစ်သည်။ သို့သော် သူသည် တစ်စက္ကန့်မျှ တုံ့ဆိုင်းမနေဘဲ လူအုပ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။
အခု ဒီဓားအလင်းတွေ ငါ့နောက်ကို လိုက်နိုင်ဖို့ဆိုရင် ဒီအောက်တန်းစားတွေ အကုန်လုံးကို သတ်ရလိမ့်မယ်၊ ဝက်တွေကို သတ်ရင်တောင် အချိန်နည်းနည်း ပေးရသေးတာပဲ၊ လူဆိုရင် ပြောမနေနဲ့တော့၊ ဟားဟား... ငါ တော်တော် ဉာဏ်ကောင်းတာပဲ
မီးနဂါးစစ်သူကြီးသည် ကျေနပ်အားရနေမိသည်။ သို့သော် ထင်မှတ်မထားသည်မှာ သူ့နောက်ကျောဘက်မှ နာကျင်စွာ အော်ဟစ်သံများ ထွက်မလာခဲ့ပေ။
ဟေ... ဘာဖြစ်တာလဲဟ၊ ဒီအောက်တန်းစားတွေက သေခါနီးရင် အော်တတ်တယ် မဟုတ်လား၊ အခုကျမှ ဘာလို့ တိတ်ဆိတ်နေရတာလဲ...
မီးနဂါးစစ်သူကြီး၏ စိတ်ထဲတွင် သံသယများ ဝင်ရောက်လာပြီး ခေါင်းကို လှည့်ကြည့်လိုက်သောအခါ မျက်လုံးပြူးသွားစေမည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။
ရေလှိုင်းလုံးကြီးသဖွယ် လိုက်ပါလာသော ဓားအရှိန်အဝါများသည် လူအုပ်ကြီးထံသို့ ရောက်ရှိလာသော်လည်း ရှေ့ရှိလူအားလုံးကို ပါးနပ်စွာ ရှောင်ကွင်းသွားပြီး သူ့ဆီသို့သာ တည့်တည့် ဦးတည်လာသည်ကို တွေ့လိုက်ရသည်။ ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် ဓားအရှိန်အဝါများသည် လူအုပ်ကြီးကို တစ်စုံတစ်ရာမျှ ထိခိုက်စေခြင်း မရှိခဲ့ပေ။
"ဒါ ဘာကြီးလဲကွ၊ ဘာလို့ ဒီဓားအလင်းတွေက လူတွေကို ရှောင်နေရတာလဲ"
မီးနဂါးစစ်သူကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် ဓားအရှိန်အဝါများသည် အနီးကပ်သို့ ရောက်ရှိလာပြီဖြစ်ပြီး စပါးအုံးမြွေကြီး ပါးစပ်ဟထားသကဲ့သို့ မီးနဂါးစစ်သူကြီးကို မျိုချရန် ဟန်ပြင်လိုက်လေသည်။
မီးနဂါးစစ်သူကြီးမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တိုက်ခိုက်မှုကို ရှောင်ရှားရန် မြေပြင်ပေါ်သို့ လှိမ့်ချလိုက်ရသည်။ သို့သော် ဓားအရှိန်အဝါ၏ အမြန်နှုန်းမှာ လွန်စွာ မြန်ဆန်လွန်းလှသဖြင့် မီးနဂါးစစ်သူကြီးသည် အနည်းငယ် နောက်ကျသွားခဲ့ပြီး ခြေထောက်တစ်ဖက် တိတိပပ ပြတ်တောက်ကာ ပျောက်ကွယ်သွားခဲ့ရလေသည်။
မီးနဂါးစစ်သူကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး လိုက်လံတိုက်ခိုက်မှုမှ လွတ်မြောက်ရန် ကောင်းကင်ပေါ်သို့ အသည်းအသန် ပျံတက်သွားပြန်သည်။ သို့သော် ရုန်းကန်မှုအားလုံးသည် အချည်းနှီးသာဖြစ်သည်။
ဓားအရှိန်အဝါများသည် သူ့ကိုသတ်ရန် အလျင်လိုပုံမရဘဲ စိတ်ဝင်တစားဖြင့် ဝိုင်းရံထားပြီး သူ့တစ်ကိုယ်လုံးကို စတင် တိုက်ခိုက်လေတော့သည်။ ခဏကြာသောအခါ မီးနဂါးစစ်သူကြီး၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်သွားခဲ့ပြီ ဖြစ်သည်။
အဆုံးတွင် မီးနဂါးစစ်သူကြီး၏ မျက်လုံးထဲတွင် ပြင်းထန်ပြီး ပြတ်သားသော အရောင်တစ်ခု ပေါ်လာကာ ကောင်းကင်သို့ မော့ကြည့်ပြီး ဟိန်းဟောက်လိုက်သည်။
"မင်းတို့က ငါ့ကို အတင်းအကျပ် ဖိအားပေးနေတာပဲ"
ထိုသို့ပြောပြီးနောက် မီးနဂါးစစ်သူကြီး၏ ခန္ဓာကိုယ်သည် ရုတ်တရက် စတင်ပြောင်းလဲလာပြီး သူ၏ အရေပြားများ စုတ်ပြဲသွားကာ အောက်ရှိ ကြမ်းတမ်းသော အကြေးခွံများ ပေါ်လာခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မီးနဂါးစစ်သူကြီးသည် ကြီးမားသော ခေါင်းနှစ်လုံးပါသည့် မီးပုတ်သင်ညိုကြီးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ဤသည်မှာ သူ၏ မူလရုပ်ဖြစ်သည်။ သူ၏ မူလရုပ်ကို ထုတ်ဖော်ပြီးနောက် မီးနဂါးစစ်သူကြီးက မထီမဲ့မြင် ပြုံးလိုက်သည်။
"ဒီဓားအလင်းတွေကို ဘယ်သူလွှတ်လိုက်တာလဲတော့ မသိဘူး၊ ဒါပေမဲ့ အဲဒီလူကို ငါရှာပြီး အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်၊ ဘာလို့လဲဆိုတော့ မင်းတို့က မြင့်မြတ်တဲ့ မီးနဂါးသခင်ကြီးကို မူလရုပ်အသွင် ပေါ်လာအောင် လုပ်ရဲလို့ပဲ"
မီးနဂါးစစ်သူကြီး၏ အသံ၌ နာကြည်းမှုနှင့် အမုန်းတရားများ ပြည့်နှက်နေသည်။
သူကဲ့သို့ အဆင့်ရှိသော သတ္တဝါတစ်ကောင်အနေဖြင့် မူလရုပ်သို့ ပြောင်းလဲခြင်းသည် စွမ်းအင်အများအပြား ဆုံးရှုံးရပြီး ပြန်လည်ကောင်းမွန်ရန် ဆယ်စုနှစ်များစွာ အိပ်စက်အနားယူရမည် ဖြစ်သည်။ ထို့ကြောင့် မီးနဂါးစစ်သူကြီး၏ ဒေါသကို ပိုမိုလောင်ကျွမ်းစေခဲ့ခြင်း ဖြစ်သည်။သို့သော် ထိုအချိန်မှာပင် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"နတ်ဘုရားဆိုပြီးတော့... တကယ်တမ်းကျ ခြေလေးချောင်းနဲ့ တွားသွားကောင်ပဲ ရှိတာကိုး"
"ဘယ်သူလဲ၊ ဘယ်သူက ငါ့ကို ပြောရဲတာလဲ"
မီးနဂါးစစ်သူကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် ပင်လယ်ပြင်ကဲ့သို့ ဆူပွက်နေသော ကောင်းကင်အပြည့် ဓားအရှိန်အဝါများ၏ အထက်တွင် ပုံသဏ္ဌာန်တစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့သည်။
မှန်ပေသည်။ ထိုပုံသဏ္ဌာန်တစ်ခုလုံးသည် ဓားစွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ တစ်ခဏအတွင်းမှာပင် တောက်ပသော ဓားအလင်းရောင်များ ထုတ်လွှတ်နေသည့် လူငယ်တစ်ယောက် လေထဲတွင် ပေါ်လာခဲ့လေသည်။
"အဲတော့... မင်းက ဒီဓားစွမ်းအင်တွေကို ထုတ်ထားတဲ့ကောင်ပေါ့"
မီးနဂါးစစ်သူကြီးက ဟိန်းဟောက်လိုက်သည်။ ထိုလူငယ်သည် ရွှယ်အန်း၏ နတ်ဘုရားအာရုံဖြင့် ဖွဲ့စည်းထားသော ကိုယ်ပွားဖြစ်ပြီး သူက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်"
"မောက်မာလိုက်တာ... မင်းက နတ်ဘုရားဘုရင်ရဲ့ အပြစ်ပေးတာကို မကြောက်ဘူးလား"
"နတ်ဘုရားဘုရင် ဟုတ်လား..."
ရွှယ်အန်း၏ ဓားဆန္ဒ ကိုယ်ပွားက ခေါင်းခါလိုက်ပြီး သူ၏ ဖန်ကဲ့သို့ ကြည်လင်နေသော မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"နတ်ဘုရားဘုရင် ဆိုတာ မရှိတော့ဘူး၊ မင်းတို့ရဲ့ ဘုရင်ကို ငါသတ်လိုက်ပြီ"
မီးနဂါးစစ်သူကြီးမှာ မှင်သက်သွားပြီးနောက် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။
"မဖြစ်နိုင်တာ... နတ်ဘုရားဘုရင်က..."
"ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာ မင်းဘာသာမင်း အာရုံခံကြည့်လို့ မရဘူးလား"
ရွှယ်အန်းက မီးနဂါးစစ်သူကြီး၏ စကားကိုဖြတ်၍ လျစ်လျူရှုစွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ မီးနဂါးစစ်သူကြီးမှာ ထိတ်လန့်သွားပြီး ထျန်ကျောက် နတ်ဘုရားဘုရင်နှင့် ဆက်သွယ်ရန် သူ၏ နတ်ဘုရားအာရုံကို ချက်ချင်း အသုံးပြုလိုက်သည်။ သို့သော် သူ ဘာမျှ ရှာမတွေ့ခဲ့ပေ။
သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် စတင်တုန်လှုပ်လာပြီး သူ၏ ပုတ်သင်မျက်လုံးများတွင်လည်း အလွန်အမင်း ထိတ်လန့်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
"မင်း... မင်းက ဘယ်သူလဲ၊ ဘာလို့ ဒီလိုလုပ်တာလဲ"
ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
"ငါလား၊ ငါ့နာမည်က ရွှယ်အန်း၊ ဘာလို့ ဒီလိုလုပ်လဲ ဆိုတော့…”
အခန်း (၁၁၁၃) - သတ်ဖြတ်ရန် ကိုယ်ပွားသန်းချီ ခွဲလိုက်ခြင်း
ရွှယ်အန်းသည် ကောင်းကင်အထိ ထိုးတက်နေသော နာကြည်းချက် အခိုးအငွေ့များနှင့် နေရာအနှံ့ ပြန့်ကျဲနေသော အရိုးစုများ ရှိနေသည့် မီးနဂါးမြို့တော်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် အဝေးရှိ မီးနဂါးသတ္တုတွင်း ဧရိယာမှ ထွက်ပေါ်နေဆဲဖြစ်သော ငိုကြွေးသံသဲ့သဲ့ကို နားထောင်ပြီး အေးစက်စွာ ရေရွတ်လိုက်သည်။
"ဘာလို့လဲဆိုတော့... ဒါက မင်းတို့ ပေးဆပ်ရမယ့် ဝဋ်ကြွေးမို့လို့ပဲ"
ထိုစကားဆုံးသည်နှင့် ရွှယ်အန်း၏ ပုံရိပ်သည် ဓားအလင်းရောင်အဖြစ် တစ်ဖန် ပြိုကွဲပျောက်ကွယ်သွားပြန်သည်။ ထို့နောက် ဓားစွမ်းအင်များသည် ဆူပွက်နေသော ပင်လယ်ပြင်ကဲ့သို့ ရှေ့သို့ လှိုင်းလုံးကြီးများအလား တိုးဝင် ဝါးမျိုသွားကြလေသည်။
မီးနဂါး နတ်ဘုရားစစ်သူကြီးသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ခုခံကာကွယ်ရန်အတွက် သူ၏ နတ်ဘုရားစွမ်းအားများကို စုစည်းရန် ကြိုးစားလိုက်သည်။ သို့သော် သူ ထိတ်လန့်တကြား သတိပြုလိုက်မိသည်မှာ သူ လှုပ်ရှား၍ မရတော့ခြင်းပင်။
ယခင်က ဓားစွမ်းအင်သည် သူ့ကို ကစားနေခဲ့ခြင်းသာ ဖြစ်သည်။ ယခုတွင်မူ သူ၏ ချီစွမ်းအင်များသည် တစ်နေရာတည်းတွင် ချုပ်နှောင်ခံထားရပြီး ကြွက်သားတစ်မျှင်ကိုပင် လှုပ်ရှား၍ မရနိုင်တော့ပေ။ ဓားစွမ်းအင်များ သူ့ကို ဝါးမျိုသွားသည်ကို လက်ပိုက်ကြည့်နေရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။
အော်ဟစ်သံများနှင့် သက်ညှာပေးရန် တောင်းပန်သံများသည် ခေတ္တမျှသာ ကြာမြင့်လိုက်သည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် အရာအားလုံး တိတ်ဆိတ်သွားခဲ့လေသည်။
လေဟာနယ်ထဲတွင် မီးနဂါးစစ်သူကြီး၏ အရိပ်အယောင်မျှပင် မကျန်တော့ပေ။ ထို ရက်စက်ကြမ်းကြုတ်သော စစ်သူကြီးသည် လောကမှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရလေသည်။ မီးနဂါးမြို့တော်ရှိ လူများသည် ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသော်လည်း ကိစ္စများ မပြီးဆုံးသေးပေ။
ဓားအလင်းရောင်များသည် မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ကျဆင်းလာပြီး အပြစ်ဒုစရိုက်အားလုံးကို ဆေးကြောသန့်စင်ခြင်း စတင်လေတော့သည်။ အရာအားလုံး ပြီးဆုံးသွားသောအခါ မီးနဂါးမြို့တော်တွင် လူဦးရေ ဆယ်ပုံတစ်ပုံခန့်သာ ကျန်ရစ်တော့ပြီး မြို့စားအိမ်တော် တစ်ခုလုံးသည်မူ နောက်ဆုံးလူအထိ သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။
လူများသည် ယခုအခါ ခြောက်ခြားဖွယ် တိတ်ဆိတ်နေသော မီးနဂါးမြို့တော်ကြီးကို ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေမိကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည် အလွန်တရာ ငြိမ်သက်နေပြီး ရုတ်တရက်ဆိုသလိူ တစ်စုံတစ်ယောက်သည် တိုးတိုးလေး စတင်ငိုကြွေးလိုက်သည်။
အစပိုင်းတွင် အသံသည် အလွန်တိုးညင်းသော်လည်း တဖြည်းဖြည်းချင်းပင် အသက်ရှင်ကျန်ရစ်သူ အားလုံးသည် မထိန်းချုပ်နိုင်အောင် ငိုကြွေးလာကြလေသည်။ အဆုံးတွင်မူ မီးနဂါးမြို့တော် တစ်ခုလုံးသည် ကောင်းကင်ကို တုန်လှုပ်စေလောက်သည့် ငိုကြွေးသံများဖြင့် ပြည့်နှက်သွားခဲ့လေသည်။
သို့သော် ယခုတစ်ကြိမ် ငိုကြွေးသံများမှာမူ ဝမ်းနည်းမှုနှင့် ဝမ်းသာမှု နှစ်မျိုးစလုံး ရောပြွမ်းနေပြီး နာကြည်းချက် အရိပ်အယောင်ဟူ၍ လုံးဝမကျန်ရှိတော့ပေ။ ထိုအချိန်၌ ထျန်ကျောက်ဘုံ တစ်ခုလုံးတွင်လည်း အလားတူ မြင်ကွင်းများ ဖြစ်ပေါ်နေလေသည်။
ဓားစွမ်းအင်များသည် မိုးရေစက်များအလား ကျဆင်းလာပြီး ကြီးကျယ်ခမ်းနားသော သတ်ဖြတ်ပွဲကြီးကို ဖြည်းညှင်းစွာ ကျင်းပနေလေသည်။ ယခင်က အားနည်းသူများကို အနိုင်ကျင့်ပြီး မောက်မာဝင့်ကြွားစွာ နေထိုင်ခဲ့သူများအားလုံး ကြောက်ရွံ့ခြင်းကို သင်ယူသွားကြရသည်။
အပြစ်မဲ့သူများ၏ သွေးများဖြင့် စွန်းထင်းနေသော လက်ပိုင်ရှင်များသည် ကိုယ်ပိုင်သွေးဖြင့် ပြန်လည် ပေးဆပ်ရလေသည်။ သစ္စာဖောက်များသည် ဝိညာဉ်ရော ခန္ဓာပါ ချေမှုန်းခံရပြီး ရက်စက်ကြမ်းကြုတ်သူများသည် အရိုးစုများအဖြစ်သာ ကျန်ရစ်ခဲ့ရသည်။
ထျန်ကျောက်ဘုံ တစ်ခုလုံးသည် ပုပ်သိုးနေသော သစ်တုံးကြီး တစ်တုံးကဲ့သို့ ဖြစ်နေပြီး နတ်ဘုရားများသည် ထိုအထဲတွင် ခိုအောင်းကာ အားနည်းသူများကို အနိုင်ကျင့်ခြင်းဖြင့် ပျော်ရွှင်မှုကို ရှာဖွေနေခဲ့ကြသည်။ သို့သော် ရွှယ်အန်းသည် သူ၏ အထွတ်အထိပ် နတ်ဘုရားအစွမ်းဖြင့် ကောင်းကင်နှင့် မြေကြီး၏ အစီအစဉ်များကို ပြန်လည်ဖွဲ့စည်းရန် ရောက်ရှိလာသောအခါ ထိုပုပ်သိုးနေသော သစ်တုံးကြီးကို တောက်လောင်နေသော မီးငရဲထဲသို့ ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။
ထိုနတ်ဘုရားများသည် အဆုံးတွင် မျှော်လင့်ချက်မဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းဆိုသည်မှာ မည်သည်ကိုဆိုလိုသည်ကို နားလည်သွားကြလေသည်။
ရွှယ်အန်း၏ ပုံရိပ်သည်လည်း နေရာအနှံ့ ပျံ့နှံ့နေသော ဓားစွမ်းအင်များနှင့်အတူ နေရာတိုင်းတွင် ပေါ်လာခဲ့သည်။ သူ မြင်တွေ့ကြားသိရသော ဝမ်းနည်းဖွယ် မြင်ကွင်းများသည် ရွှယ်အန်းကို ဒေါသထွက်စေခဲ့သဖြင့် သူသည် သက်ညှာခြင်းမရှိဘဲ တိုက်ခိုက်ခဲ့လေသည်။
သို့သော် မသေခင်လေးတွင် ရွှယ်အန်းကို ကျိန်ဆဲသူများ၊ ဒေါသတကြီး အော်ဟစ်သူများလည်း ရှိနေခဲ့သည်။ အချို့ကဆိုလျှင် ကျယ်လောင်စွာ အော်ဟစ်မေးမြန်းကြသည်။
"မင်းရဲ့ မူလခန္ဓာကိုယ်က ဘယ်မှာ ပုန်းနေတာလဲ၊ ဘာလို့ ခန္ဓာကိုယ်အစစ်နဲ့ မလာရဲတာလဲကွ"
ထိုမေးခွန်းများအတွက် ရွှယ်အန်းက အေးစက်စွာ ပြုံးရုံသာ ပြုံးလိုက်ပြီး လျစ်လျူရှုစွာ တုံ့ပြန်လိုက်သည်။
"ငါက နေရာတိုင်းမှာ ရှိတယ်၊ ငါ့ရဲ့ မူရင်းခန္ဓာကိုယ်က ဘာလို့မလာတာလဲဆိုတော့ ကိုယ်ပွားသန်းချီ ခွဲလိုက်လို့လေ၊ သတ်ဖြတ်ဖို့ပေါ့"
အဆုံးတွင် ထျန်ကျောက်ဘုံ တစ်ခုလုံးကို မကောင်းဆိုးဝါးနှိမ်နင်းခြင်းဓားဖြင့် ရှင်းလင်းဆေးကြောလိုက်လေသည်။ ဓားဖြတ်သန်းသွားသော နေရာတိုင်းတွင် မရေမတွက်နိုင်သော လူများ သတ်ဖြတ်ခံလိုက်ရသည်။ ထျန်ကျောက် နတ်ဘုရားများသည် ဆယ်ပုံတစ်ပုံပင် မကျန်တော့ပေ။
အသက်ရှင်ကျန်ရစ်သူများသည်လည်း ဝမ်းနည်းဝမ်းသာ ခံစားချက်များနှင့်အတူ ဆောင်းတွင်းမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။
သူတို့ ဝမ်းနည်းဝမ်းသာ ခံစားချက်များ ရောပြွမ်းနေရခြင်းမှာ အဆုံးတွင် အသက်ရှင်ခွင့် ရလိုက်သောကြောင့် ဖြစ်သည်။ ဆောင်းတွင်းမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်သွားရခြင်းမှာ ရွှယ်အန်း ပြသခဲ့သော နတ်ဘုရားစွမ်းရည်များသည် လူတိုင်းကို ကြောက်ရွံ့ရိုသေသွားစေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ရွှယ်အန်းဟူသော အမည်နာမသည် ထျန်ကျောက်ဘုံ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး မည်သူမျှ ခေါင်းမမော့ရဲသော အရှိန်အဝါကြီး တစ်ခု ဖြစ်လာခဲ့လေသည်။
ဤဖြစ်ရပ်သည် ထျန်ကျောက်ဘုံ၏ သမိုင်းတွင် ထင်ရှားစွာ ကမ္ပည်းတင် ကျန်ရစ်ခဲ့လေသည်။ နောင်နှစ်ပေါင်း ထောင်ချီ ကြာမြင့်သောအခါ လူများသည် ဤကိစ္စကို ပြောဆိုကြလျှင် အလွန်လေးစားသောလေသံဖြင့် ဤသို့ ရည်ညွှန်းပြောဆိုလေ့ ရှိကြသည်။
ကောင်းကင်ဘုံ၏ အမျက်ဒေါသ...
ဓားအလင်းရောင်များ ပျောက်ကွယ်သွားပြီး နတ်ဘုရားအာရုံ ပြန်လည်ရောက်ရှိလာသောအခါ ထိန်းချုပ်ခန်းထဲရှိ ရွှယ်အန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် အလွန်အမင်း မောပန်းနွမ်းနယ်နေသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွာသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ထျန်းကျောက်ဘုံ တစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သောကြောင့် သဘာဝကျစွာပင် အနည်းငယ် ပင်ပန်းသွားရသည်။ အထူးသဖြင့် သူသည် စစ်မှန်အင်မော်တယ်အဆင့်သာ ရှိသေးသည်။။
အကယ်၍ ရွှယ်အန်းသည် နတ်ဘုရားဘုရင် တစ်ပါးကို ကွပ်မျက်ပြီး ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်းကို ဆောင်ကြဉ်းလာခဲ့သော်လည်း စစ်မှန်အင်မော်တယ် အဆင့်သာ ရှိသေးကြောင်း အခြားသူများ သိသွားခဲ့လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တွေးကြည့်၍ပင် မရနိုင်သော ကိစ္စဖြစ်နေသောကြောင့်ပင်။
နယ်ပယ်အဆင့်အတန်းကြီးတစ်ခုကို ကျော်ဖြတ်ပြီး အင်မော်တယ်သခင် အဆင့်ရှိ ထျန်ကျောက် နတ်ဘုရားဘုရင်ကို စစ်မှန်အင်မော်တယ် အဆင့်ဖြင့် ချေမှုန်းကာ၊ ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်းကို ဆောင်ကြဉ်းလျက် ထျန်ကျောက်ဘုံ တစ်ခုလုံးကို ရှင်းလင်းပစ်နိုင်ခြင်းဆိုသည်မှာ မည်မျှတောင် ကြောက်စရာကောင်းသည့် ခွန်အားနှင့် ပါရမီဖြစ်သနည်း။
သို့သော် ရွှယ်အန်းသည် ထျန်ကျောက် နတ်ဘုရားဘုရင်ကို ဤမျှလွယ်ကူစွာ ချေမှုန်းနိုင်ခဲ့ခြင်းမှာ သူ မတော်တဆ ရရှိခဲ့သော အဂ္ဂိရတ် သံချပ်ကာကြောင့်ဆိုသည်ကို ကောင်းစွာ သိရှိထားသည်။
အကယ်၍သာ ထိုသံချပ်ကာသည် ဒူးလေးအဖြစ် ပြောင်းလဲပြီး ထျန်ကျောက် နတ်ဘုရားဘုရင်ကို ဖြိုခွင်းနိုင်သော မြှားတစ်စင်း ပစ်လွှတ်ပေးခြင်း မရှိခဲ့လျှင် ရွှယ်အန်းအနေဖြင့် သူ့ကို ချေမှုန်းနိုင်ဦးမည် ဖြစ်သော်လည်း ပိုမို အားထုတ်ကြိုးပမ်းရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ တိုက်ပွဲကတော့ ပြီးဆုံးသွားခဲ့ချေသည်။
ထိုအချိန်တွင် အန်းယန်သည် မှော်ရတနာဆောင်ထဲမှ ထွက်လာခဲ့ပြီး ရွှယ်အန်း မောပန်းနေသည်ကို မြင်သောအခါ မနေနိုင်တော့ဘဲ သူ့အနားသို့ ကြင်နာစွာ တိုးကပ်လာပြီး ပခုံးများကို ညင်သာစွာ နှိပ်ပေးလိုက်လေသည်။
"ယောက်ျား... အဆင်ပြေရဲ့လားဟင်"
ရွှယ်အန်းက အန်းယန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ဖွဖွလေး ပွတ်သပ်လိုက်သည်။
"ကိုယ် အဆင်ပြေပါတယ်၊ မင်းယောက်ျားက ဘယ်သူမှတ်လို့လဲ၊ ဒီလောက်လေးလောက်က ကိုယ့်ကို ဒုက္ခပေးနိုင်ပါ့မလား၊ ကျစ်... ကျစ်... ယန်အာ့ လက်တွေက ပိုပိုပြီး သွယ်လျလှပလာပါလား၊ ကြည့်စမ်း... ဒီလက်သည်းလေးတွေဆို အသည်းပုံလေးတွေ ဖြစ်နေပြီ"
အန်းယန်၏ မျက်နှာလေး ရဲသွားသော်လည်း လက်ကို ပြန်မရုပ်လိုက်ပေ။ ထိုအစား သူမက ရွှယ်အန်းကို ရှက်သွေးဖြာစွာ ကြည့်လိုက်သည်။
"ဟွန်း... လူဆိုးကြီး၊ သူများက အကောင်းပြောနေတာကို သူက ပေါက်ကရတွေ လျှောက်ပြောနေပြန်ပြီ"
"ဟဲဟဲ... ယန်အာ၊ ဒါဆို မင်းယောက်ျားကို ပြောပြစမ်းပါဦး... ဘယ်အရာက အကောင်း၊ ဘယ်အရာက အဆိုးလဲဆိုတာ"
ရွှယ်အန်းက နောက်ပြောင်လိုသော အပြုံးဖြင့် မေးလိုက်သည်။
"ရိုးသားပြီး ပွင့်လင်းတာက အကောင်း၊ သူများကို အခွင့်ကောင်းယူတာက မကောင်းတာပေါ့"
အန်းယန်က မကျေနပ် ဟန်ဆောင်ကာ နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။
ရွှယ်အန်းက သဘောကျစွာ ရယ်မောလိုက်ပြီး အန်းယန်ကို ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်သည်။
"ဒီလောက်လှတဲ့ မိန်းမတစ်ယောက် ဘေးနားမှာ ရှိနေတာတောင် ကိုယ်က တကယ် ရိုးသားပြီး ပွင့်လင်းနေမယ်ဆိုရင်... ကိုယ် နေမကောင်းဘူးလားဆိုပြီး မင်းပဲ စိတ်ပူနေရမှာ"
အန်းယန်သည် ရွှယ်အန်း၏ ရင်ခွင်ထဲတွင် အနည်းငယ် ရုန်းကန်လိုက်သော်လည်း အဆုံးတွင် သူမ၏ လက်မောင်းများဖြင့် သူ့ခါးကို ဖက်တွယ်လိုက်ပြီး နားမလည်စွာ မေးလိုက်သည်။
"နေမကောင်းဘူး... ဘာရောဂါလဲ"
ရွှယ်အန်းက ကောက်ကျစ်သော အပြုံးဖြင့် အန်းယန်၏ နားနားသို့ ကပ်ကာ တစ်စုံတစ်ခုကို တီးတိုး ပြောလိုက်သည်။ အန်းယန်၏ မျက်နှာသည် လည်ပင်းအထိ ချက်ချင်း နီရဲသွားပြီး ရွှယ်အန်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
"လူဆိုးကြီး... ရှင် တစ်နေ့တစ်နေ့ ဒါတွေပဲ တွေးနေတာလား၊ အရင်တုန်းက နတ်ဘုရားအဆင့် ဖြစ်ခဲ့ဖူးတယ်ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား"
ရွှယ်အန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
"နတ်ဘုရားအဆင့် ဖြစ်တော့ရော ဘာဖြစ်လဲ၊ နတ်ဘုရားအဆင့်တွေလည်း လူ့အခွင့်အရေး လိုတာပဲလေ၊ မင်းယောက်ျားက အစွမ်းထက်တယ် ဆိုတာတော့ မင်းသိပါတယ်၊ ဒါပေမဲ့ ကိုယ်ကလည်း ယောက်ျားတစ်ယောက်ပဲလေ၊ ယောက်ျားတစ်ယောက်ရဲ့ တရားဝင် အခွင့်အရေးတွေကို လေးစားပြီး ကာကွယ်ပေးဖို့ မသင့်တော်ဘူးလား"
ထိုသို့ပြောရင်းနှင့် ရွှယ်အန်း၏ မျက်နှာတွင် ဝမ်းနည်းနေသည့် ပုံစံမျိုး ဖြစ်ပေါ်လာသည်။
အန်းယန်သည် အနည်းငယ် ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိသည်။ အထူးသဖြင့် ရွှယ်အန်း၏ နာကျင်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ အစောက သူမ၏ စကားကြောင့် ရုတ်တရက် နောင်တရသွားပြီး ရွှယ်အန်းကို အမှန်တကယ်ပဲ ဝမ်းနည်းအောင် လုပ်မိလေသလားဟု တွေးမိလိုက်သည်။
သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရွှယ်အန်း၏ နားနားသို့ ခြေဖျားထောက်ကာ ကြင်နာသော အသံဖြင့် တိုးတိုးလေး ချော့ပြောလိုက်သည်။
"ယောက်ျား... စိတ်မဆိုးပါနဲ့နော်"
" စိတ်မဆိုးနဲ့ဆိုတဲ့ စကားပဲလား၊ လက်တွေ့ ချော့တာ ဘာမှမပါဘူးလား"
ရွှယ်အန်းက တည်ကြည်လေးနက်ချင်ယောင်ဆောင်ပြီး မေးလိုက်သည်။ အန်းယန်၏ မျက်နှာသည် နီရဲသွားပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ကာ ထစ်အစွာဖြင့် ပြောလိုက်သည်။
"အဲ... အဲဒါက..."
အချိန်အတော်ကြာသည်အထိ သူမ စကားဆက်မပြောနိုင် ဖြစ်နေရှာသည်။
ရွှယ်အန်းသည် သဲအိတ်တစ်လုံးကို မလိုက်သည့်ပမာ အန်းယန်ကို ပခုံးပေါ်သို့ ရုတ်တရက် တင်လိုက်ပြီး အားရပါးရ ရယ်မောလိုက်လေသည်။ အန်းယန်က လန့်ဖျပ်ပြီး အော်လိုက်သည် ။
"ယောက်ျား... ဘာလုပ်တာလဲ၊ အခုချက်ချင်း ပြန်ချပေးနော်"
ရွှယ်အန်းက ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ နတ်ဘုရားအာရုံသည် ထိုနေရာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံ ဖုံးကွယ်သွားလေတော့သည်။